← Chapters

ထပ်ပြောကြည့်စမ်း

Vol. 22 Ch. 214

ထပ်ပြောကြည့်စမ်း

Vol. 22 Ch. 214

“လောကမှာ အချစ်ဆိုတာ ဘာလဲ။ အဲဒါက လူတွေကို... လူတွေကို... အင်း... လူတွေကို မဟာမိုးကြိုးနဲ့ ပွတ်သပ်စေတယ်...”

လင်းရှီးတောင်ကြား ကျင့်ကြံဆောင်မှ ပြန်လာသည့် ချန်ဟွိုက်အန်က ခေါင်းကို ဟိုရမ်းဒီရမ်း လုပ်ရင်း စိတ်ပျက်လက်ပျက် သက်ပြင်းချနေမိသည်။

လင်းရှီးတောင်ကြား ဂိုဏ်းချုပ်က ဘယ်လောက်တောင် သဘောကောင်းတဲ့ အမျိုးသမီးလဲ။ နုနယ်လှပပြီး နူးညံ့တဲ့ စရိုက်လည်း ရှိသလို မိန်းမပျိုလေးတစ်ယောက်ရဲ့ ချစ်စရာကောင်းမှုနဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုတွေ ပေါင်းစပ်နေတာပဲ။

ပြီးတော့ သူ့မှာ အလှမယ်စာရင်းမှာ ထိပ်တန်းကပါတဲ့ သမီးချောလေးလည်း ရှိသေးတယ်။

ဒါကို ကျောက်ကျန့်လုံဆိုတဲ့ လူယုတ်မာက ဒါတွေအားလုံး ပစ်ပယ်ပြီး ယောင်ချီ မြင့်မြတ်နယ်မြေမှာ သွားပြီး ပျော်ပါးနေခဲ့တာလား။

ကဲ... အခုတော့ ကြည့်စမ်း။ သူကိုယ်တိုင် ပျော်ပါးရင်း သေသွားရပြီ။

ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ...

ချန်ဟွိုက်အန်က ရွံရှာစွာ တံတွေးထွေးလိုက်ပြီး မြင့်မြတ်နဂါးနန်းဆောင်ရှိ သူ၏ ပလ္လင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်၏။

ကျောက်ကျန့်လုံ မည်သို့ ဇာတ်သိမ်းသွားကြောင်းကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

မြင့်မြတ်နယ်မြေများ၏ ပတ်ဝန်းကျင်က မည်သည့်ဂိုဏ်းထက်မဆို ပို၍ ပြိုင်ဆိုင်မှု ပြင်းထန်မည်မှာ သေချာပေသည်။ ကျောက်ကျန့်လုံက ပါရမီထူးချွန်ရာ သူ စဝင်ကာစတွင် ရတနာတစ်ခုလို ဆက်ဆံခံခဲ့ရပေလိမ့်မည်။ သို့သော် ယောင်ချီကို ပို၍ ပါရမီပါသော ကျင့်ကြံသူများ ရောက်လာသောအခါ သူ၏ တန်ဖိုးက ထိုးကျသွားလိမ့်မည်။ ယောင်ချီမှ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်၏ စွန့်ပစ်ခြင်းကို ခံရပြီး လင်းရှီးတောင်ကြားကို ပြန်ရန် အတွက်လည်း ရှက်လွန်း၍ လေလွင့်နေရင်း မိစ္ဆာဂိုဏ်းမှ အဘွားကြီးလက်ထဲ ရောက်သွားခြင်း ဖြစ်နိုင်လောက်သည်။

တကယ့်ကို သေသပ်တဲ့ သုံးသပ်ချက်ပဲ...

ချန်ဟွိုက်အန် မိမိကိုယ်ကိုယ် အမှတ်၁၀၀ ပေးလိုက်၏။

၁၀မှတ်ထဲကနေပေါ့။

“ကောင်းကင်ဘုံနက္ခတ်လေးရေ၊ ငါ့ရဲ့ ချင်းရန်လေး ဘေးကင်းမကင်းကို အပြင်လောကကနေ အမြဲတမ်း စောင့်ကြည့်လို့ရမယ့် နည်းလမ်းများ ရှိမလား။”

ယခုဆိုလျှင် အချိန်က တစ်ဝက်ခန့် ကုန်သွားလေပြီ။

ချန်ဟွိုက်အန် ဗိုက်ဆာနေပြီဖြစ်ရာ အပြင်လောကတွင် ထမင်းစားရန် ဂိမ်းမှ ထွက်ချင်နေ၏။

ထိုအချိန်တွင် သူက မိစ္ဆာနှိမ်နင်းသူဗျူရိုမှ လှုပ်ရှားမှုများကိုလည်း တစ်ခါတည်း စစ်ဆေး၍ ရနိုင်လေသည်။

သို့‌သော် လီချင်းရန်က လျို့ဝှက်နယ်မြေထဲ ရှိနေသေးရာ ယခု ဂိမ်းထဲမှ ထွက်ရမည်ကို သူ စိတ်မအေးဖြစ်နေ၏။

[ တွက်ချက်နေသည်... တွက်ချက်မှု ပြီးစီးပါပြီ။ ယနေ့အတွက် သင်၏ ပဉ္စမမြောက် တွက်ချက်မှု ဖြစ်ပါသည်။ ယွမ်တစ်သိန်း နုတ်ယူပြီးပါပြီ ]

[ ရွေးချယ်စရာ (၁) - ကံတရားငါးကြင်းကန် မဲနှိုက်ခြင်းအသစ်မှ တစ်ဆင့် အန္တိမရွှေဆု ဖြစ်သော အသက်ဝိညာဉ်မီးအိမ်ကို ရယူနိုင်ရန် ကြိုးစားပါ။ ထိုမီးအိမ်၏ အရောင်သည် သင်၏ ပုံရိပ်ယောင် ကောင်မလေး လီချင်းရန်၏ အခြေအနေကို ဖော်ပြပေးမည်။ အစိမ်းရောင်မှာ ဘေးကင်းခြင်း၊ အဝါရောင်မှာ ဒဏ်ရာရခြင်း၊ အနီရောင်မှာ ဒဏ်ရာအပြင်းအထန်ရခြင်း၊ အမည်းရောင်မှာ သေလုနီးပါးဖြစ်ခြင်း ဖြစ်ပြီး မီးအိမ်ကွဲအက်သွားပါက သေဆုံးသွားခြင်း ဖြစ်သည် ]

[ ရွေးချယ်စရာ (၂) - ရှောက်ယန်ဂိုဏ်း၏ ဂိုဏ်းချုပ်တွင် ယန်ဝိညာဉ်ကြေးမုံဟူ၍ ခေါ်သော မှော်ရတနာတစ်ခု ရှိသည်။ လီချင်းရန်၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုကို အသုံးပြု၍ ၎င်းမှတစ်ဆင့် သူ၏ အခြေခံ အခြေအနေကို ကြည့်ရှုနိုင်သည် ]

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်ပြီး ကြေးခွံနက်ဓား၏ ဓားရိုးကို လက်ဖြင့် အမှတ်မထင် ပွတ်သပ်နေမိသည်။

ဓားကျောင်းတော်တွင် ဝိညာဉ်မီးအိမ်များ ရှိသော်လည်း ၎င်းတို့က ရှေးကျလှ၏။ လင်းနေလျှင် အသက်ရှင်ပြီး ငြိမ်းသွားလျှင် သေသွားခြင်းပင်။ ထိုမျှသာ။ ကံတရားငါးကြင်း၏ ပစ္စည်းလို အသေးစိတ် အခြေအနေတွေကို မပြနိုင်ပေ။

ဒုတိယအကြိမ် ကံတရားငါးကြင်းကန် မဲနှိုက်ခြင်းမှာ လီချင်းရန်၏ ကျင့်ကြံမှု မြင့်တက်၍ လာသည်နှင့်အမျှ ဈေးနှုန်းလည်း တက်သွားခဲ့သည်။

ယခင်က တစ်ခါနှိုက်လျှင် ယွမ်၁၀၀သာ ပေးရသော်လည်း အခုတော့ တစ်ခါနှိုက်လျှင် ၉၉၉ယွမ် ဖြစ်နေလေပြီ။

သူ၏ လက်ရှိ ကံတရားဆုံးရှုံးမှု အဆင့်နှင့်ဆိုလျှင် အန္တိမဆု ရရှိရန် အနည်းဆုံး အကြိမ် တစ်ထောင်ခန့် နှိုက်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ယွမ်၁၀သိန်းတိတိ ကုန်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဂိမ်းစနစ်၏ ဖော်ပြချက်အရ ယန်ဝိညာဉ်ကြေးမုံက ပိုပြီး ထိရောက်ပုံရ၏။

သို့သော် ၎င်းကို ရရန်အတွက် ရှောက်ယန်ဂိုဏ်းချုပ်နှင့် ထိပ်တိုက်တွေ့ရပေမည်။

“ကံဆိုးတဲ့ ငမွဲကောင် လုပ်မလား၊ ဓားပြပဲ တိုက်မလား။ ဒါက မေးစရာရှိတယ်။”

ချန်ဟွိုက်အန် ခဏလောက် စဉ်းစားလိုက်၏။

ရှောက်ယန်ဂိုဏ်းချုပ် ကျန်းထင်ဟိုင် စိတ်ဆိုးသွားတော့ရော ဘာဖြစ်လဲ။ သူ့ရဲ့ စိတ်ကွက်မှုက ယွမ်၁၀သိန်း တန်လို့လား။

ယွမ်၁၀သိန်းရှိရင် အခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်း ကျင့်ကြံမှုနဲ့ ကြာစိမ်းဓားသိုင်းကျမ်း ပထမဆယ်ကွက်ကို လေ့ကျင့်လို့ရတယ်။

အဲဒီအဆင့်ရောက်ရင် ရှောက်ယန်ဂိုဏ်းချုပ်လို လူမျိုး ဘယ်နှယောက်ကိုတောင် ပိုင်းသတ်လို့ ရမလဲ။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် ချန်ဟွိုက်အန်က ရှောက်ယန်ဂိုဏ်း ခေတ္တတည်းခိုနေတဲ့ တောင်ဆီ ပျံသန်းသွားတော့သည်။

…

“ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ။”

တောင်ထိပ်ပေါ်တွင် ကျန်းထင်ဟိုင်က ရှေ့မှ ပုဂ္ဂိုလ်ကို သတိကြီးစွာဖြင့် စူးစိုက်ကြည့်နေ၏။ ဝတ်ရုံနက် ဝတ်ထားသော ထိုသူက ပြုံးပြုံးလေး ရှိနေသော်လည်း သူ ထုတ်လွှတ်လိုက်သော ပြင်းထန်လှသည့် စိတ်ဝိညာဉ်ချီစွမ်းအင် ဖိအားကြောင့် ရှောက်ယန်ဂိုဏ်း တပည့်အားလုံး မြေပြင်ပေါ်မှာ ဝပ်တွားနေရသည်။

“တာအိုမိတ်ဆွေကျန်း။ ခင်ဗျားမှာ ယန်ဝိညာဉ်ကြေးမုံဆိုတဲ့ မှော်ရတနာ ရှိတယ်လို့ ကြားတယ်။ ဟုတ်လားမသိလား။”

“ရှိတယ်..” ကျန်းထင်ဟိုင်က ဝန်ခံလိုက်သည်။ ထိုဓားကျောင်းတော် ဘိုးဘေးက မည်သည်ကို ကြံစည်နေကြောင်း သူ မဝေခွဲနိုင်ပေ။

ချန်ဟွိုက်အန်၏အပြုံးက ပိုပြီး ရင်းနှီးဖော်ရွေလာကာ သူ၏ ညီညာဖြူစင်သော သွားများကိုပင် မြင်နေရသည်။ “အဲဒီမှန်နဲ့ ငါနဲ့ ရေစက်ရှိတယ်လို့ ခံစားနေရလို့။”

“အမ်...” ကျန်းထင်ဟိုင် ခဏမျှ ကြောင်သွားပြီး မည်သည်ကို ဆိုလိုမှန်း နားမလည်နိုင် ဖြစ်သွား၏။

“ငါ နက္ခတ်တွက်ချက်ကြည့်တော့ ဒီပစ္စည်းကို ငါရဖို့ ရေစက်ပါလာတယ်လို့ တွေ့ရတယ်။ ဒါကြောင့် ဒီကံကြမ္မာကို လာပြီး ပြည့်စုံအောင် လုပ်တာပါ။”

ကျန်းထင်ဟိုင်က ချန်ဟွိုက်အန်ကို ငေးကြောင်၍ ကြည့်နေမိသည်။

ဘာတွေ လာလျှောက်ပြောနေတာလဲ။ ဒီဓားကျောင်းတော် ဘိုးဘေးက ကတုံးလည်း မဟုတ်၊ နဖူးမှာလည်း ဗုဒ္ဓဘာသာ အမှတ်အသားလည်း မရှိ၊ နတ်ဘုရားအလင်းလည်း ထွက်မနေဘူး။

ဒါကို ဘာလို့ ဟိုနားငြီးစရာကောင်းတဲ့ ဇန်ဂိုဏ်းက ဘုန်းကြီးတွေလို ဖန်ကျင်းဂိုဏ်းက ရူးကြောင်ကြောင် လူတွေလို လာပြောနေတာလဲ။

“ကျုပ်ရဲ့ ယန်ဝိညာဉ်ကြေးမုံကို လိုချင်တာလား။ စိတ်တောင် မကူးနဲ့။ မပေးနိုင်ဘူး...” ကျန်းထင်ဟိုင် နှာခေါင်းရှုံ့ရင်း တိုက်ရိုက် ငြင်းဆိုလိုက်သည်။

သူသည် ယခင်ကိစ္စကို အငြိုးရှိနေဆဲပင်။

ဓားကျောင်းတော် ဘိုးဘေးက သူတို့၏ ကျင့်ကြံဆောင်ကို ဓားတစ်ချက်တည်းနှင့် ဖျက်ဆီးခဲ့ပြီး မည်သည့်လေးစားမှုမှ မပြခဲ့ပေ။

အခုမှ ငါ့ရဲ့ ယန်ဝိညာဉ်ကြေးမုံကို လာယူချင်နေတယ်လား။ ဒါကို ပေးလိုက်ရင် လျို့ဝှက်နယ်မြေထဲက ငါ့သားကို ဘယ်လို စောင့်ကြည့်တော့မှာလဲ။

ချန်ဟွိုက်အန် ဘာမှ ပြန်မပြောပေ။ သူက ကျင့်ကြံမှုကို ပေါင်းစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်း အထိ မြှင့်တင်လိုက်ရုံသာ ရှိသည်။

ဝုန်း...

တောင်မျက်နှာပြင် အက်ကွဲသွားပြီး အပျက်အစီးများမှာ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်ကုန်၏။ ရှောက်ယန်ဂိုဏ်း ရှိနေသည့် တောင်ထိပ်တစ်ခုလုံးမှာ ပဟေဠိရုပ်ဆက်တစ်ခု ပြိုကျသွားသလို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

“ထပ်ပြောကြည့်စမ်း။”

ကျန်းထင်ဟိုင် မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး မျက်နှာမှာ သေလူလို ဖြူဖျော့သွား၏။ ချွေးအေးများက ဝတ်ရုံကို ရွှဲစိုသွားစေလေသည်။

မမြင်ရသော စွမ်းအားတစ်ခုက သူ၏ ကျောရိုးကို ဖိနှိပ်ထားရာ အရိုးများ အက်ကွဲသံကိုပင် ကြားနေရလေသည်။ သူက မြေပြင်မှ သုံးလက်မခန့် အပေါ်သို့ မြောက်တက်သွားပြီး ခြေထောက်များက တုန်ရီလျက် လွင့်မျောနေ၏။

သူ မလှုပ်ရဲပေ။

သူက မနည်းပြုံးရင်း ပြောလိုက်သည်။ “စီ... စီနီယာ... ကျွန်... ကျွန်တော်လည်း စီနီယာနဲ့ ယန်ဝိညာဉ်ကြေးမုံကြားမှာ နက်ရှိုင်းတဲ့ ကံကြမ္မာရေစက်ကို ခံစားမိပါတယ်...”

“အင်း...” ချန်ဟွိုက်အန် ခေါင်းညိတ်ပြီး ဖိအားများကို ပြန်ရုပ်သိမ်းလိုက်သည်။ “ပြောတာ ကောင်းတယ်။ ဆက်ပြောပါဦး။”

ကျန်းထင်ဟိုင်၏ ခြေထောက်များ မြေပြင်ပေါ် ပြန်ကျလာခဲ့၏။ သူ၏ ခြေထောက်များမှာ ဂျယ်လီလို ပျော့ခွေနေသော်လည်း အချိန်မဖြုန်းဘဲ ယန်ဝိညာဉ်ကြေးမုံကို ထုတ်ယူလိုက်ကာ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ဆက်သလိုက်သည်။

“စီနီယာရဲ့ ကံကြမ္မာကို ဖြည့်ဆည်းပေးဖို့ ကူညီရတာ ဒီဂျူနီယာလေးရဲ့ တာဝန်ပါ။ ကျေးဇူးပြုပြီး စီနီယာ... တွန့်ဆုတ်မနေဘဲနဲ့ လက်ခံပေးပါ။”

ချန်ဟွိုက်အန်က ယန်ဝိညာဉ်ကြေးမုံကို ယူလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ဒီနေ့ မင်းကို တစ်ယောက်ယောက်က ခြိမ်းခြောက်တာမျိုး ရှိခဲ့လား။”

“မ... မရှိပါဘူး။” ကျန်းထင်ဟိုင် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။ “လုံးဝ မရှိပါဘူး။ ဒီနေ့ ကျွန်တော် လုပ်ခဲ့သမျှ အားလုံးက ကိုယ့်ဆန္ဒအတိုင်း လုပ်ခဲ့တာပါ...”

“ကောင်းပြီလေ။” ချန်ဟွိုက်အန်က ယန်ဝိညာဉ်ကြေးမုံကို ပစ္စည်းစာရင်းထဲ ထည့်လိုက်သည်။ ထို့နောက် ကျန်းထင်ဟိုင်၏ ပုခုံးကို သုံးကြိမ် ပုတ်လိုက်ပြီး ထပ်ပြောလိုက်၏။ “အနာဂတ်မှာ မင်းတို့ ရှောက်ယန်ဂိုဏ်း ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံလာရင် ငါ့နာမည်ကိုသာ ပြောလိုက်။ ငါ့အစွမ်းနဲ့ ကူညီပေးနိုင်တဲ့ အရာဆိုရင် တစ်ခါတော့ ဝိုင်းဝန်းဖြေရှင်းပေးမယ်။”

သူ့အတွက်တော့ ၎င်းမှာ အနှစ်သာရမရှိသော ကတိတစ်ခုသက်သက်၊ အပိုလုပ်ရပ် တစ်ခုသာ ဖြစ်သည်။

သို့သော် ကျန်းထင်ဟိုင်အတွက်တော့ ၎င်းမှာ အံ့သြဖွယ်ရာ တစ်ခုပင်။

ပေါင်းစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်း ကျင့်ကြံသူတစ်ယောက်ဆီက ကျေးဇူး...

ဓားကျောင်းတော် ဘိုးဘေးက တကယ်ကို ရက်ရောတာပဲ။

သူက... အဟမ်း.. ယန်ဝိညာဉ်ကြေးမုံကို “ကံကြမ္မာအရ” ယူသွားပေမဲ့ တန်ဖိုးရှိတဲ့ ကျေးဇူး တစ်ခုကိုတော့ ချန်ထားခဲ့ပေးတယ်။

ဒီလောက် အစွမ်းထက်တဲ့သူ နောက်ခံရှိနေပြီဆိုတော့ ရှောက်ယန်ဂိုဏ်းအတွက် အသက်ကယ် လက်မှတ် ရလိုက်သလိုပဲ...

မြင့်မြတ်နယ်မြေတွေက ဝင်မပါသရွေ့တော့ တခြားဘယ်ဂိုဏ်းကမှ ငါတို့ကို လာပြီးတော့ ရန်စရဲမှာ မဟုတ်တော့ဘူး။

ငါ့သားလား။

ယန်ဝိညာဉ်ကြေးမုံက ကြည့်ရုံပဲ ကြည့်လို့ရတာ။ ဘယ်သူ့ကိုမှ ကယ်လို့မရဘူး။ စကြည့်နေလည်း ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။

တကယ်လို့ ငါ့သား သေသွားရင်လည်း... အေး... နောက်တစ်ယောက် ထပ်မွေးလို့ ရတာပဲ။

နေပါဦး...

အခု ပြန်စဉ်းစားကြည့်မှ အဲဒီဓားကျောင်းတော် ဘိုးဘေးက နာမည်ကို တစ်ခါမှ မပြောခဲ့ဘူး။

ကျန်းထင်ဟိုင်က ချန်ဟွိုက်အန် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း အကြံထုတ်နေမိသည်။

“နေပါဦး...” သူက ပေါင်ကို ဖြတ်ခနဲ ပုတ်ရင်း အမှန်တရားကို သဘောပေါက်သွား၏။

ဒီလို အဆင့်မြင့်ကျင့်ကြံသူတွေမှာ ထူးခြားတဲ့ ဘွဲ့နာမည်တွေ ရှိတတ်ကြတယ်။ ပြီးတော့ ခုနက ဓားကျောင်းတော် ဘိုးဘေးက ငါ့ပုခုံးကို သုံးကြိမ် ပုတ်သွားတယ်လေ။

ဒါဆို... သူ့ဘွဲ့နာမည်က တတိယဓားများ ဖြစ်နေမလား။

အဖြေကို သိသွားပြီဟု ထင်မှတ်ကာ ကျန်းထင်ဟိုင်က အဝေးမှ ကောင်းကင်ယံဆီသို့ ကျေးဇူး တင်လွန်းသည့် မျက်လုံးများဖြင့် လက်အုပ်ချီ ဂါရဝပြုလိုက်တော့သည်။

…

“ဒီလောကတစ်ခုလုံးမှာရှိတဲ့ လူတွေကတော့ အရူးတွေချည်းပဲ။”

ဓားပျံပေါ် ရပ်နေရင်း ချန်ဟွိုက်အန် သက်ပြင်းချကာ ခေါင်းခါလိုက်၏။

သူက သိပ်ပြီး မကြိုးစားလိုက်ရပေ။ သူ၏ နာမည်ကိုပင် မပြောခဲ့ရပေ။ ကျန်းထင်ဟိုင်ကတော့ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်အောင် ကျေးဇူးတင်နေခဲ့လေသည်။

ကျင့်ကြံသူတွေဆိုတာ ဉာဏ်ကောင်းရမှာ မဟုတ်ဘူးလား။ ဘာလို့ အကုန်လုံးက ဒီလောက်အထိ အယုံလွယ်တဲ့ ငတုံးတွေ ဖြစ်နေကြတာလဲ။ ကိုယ့်သေတွင်းကို ကိုယ်ဝယ်ပြီး ပိုက်ဆံကိုပါ ငါ့လက်ထဲ လာထည့်ပေးနေကြတာလား။

“ထားပါတော့။ ဒီယန်ဝိညာဉ်ကြေးမုံကို စမ်းကြည့်ရမယ်။”

...

All Chapters