← Chapters

နားလည်တယ်ဆို ခေါင်းညိတ်ပြ

Vol. 22 Ch. 215

နားလည်တယ်ဆို ခေါင်းညိတ်ပြ

Vol. 22 Ch. 215

ချန်ဟွိုက်အန် ယန်ဝိညာဉ်ကြေးမုံကို ထုတ်လိုက်ချိန် အပြင်လောကသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ကြေးမုံကို အသုံးပြုရန် လိုအပ်သော ကြားခံပစ္စည်းများဖြစ်သည့် လက်ဖက်ခြောက်ထုပ်နှင့် ခေါင်းအုံးစွပ်တို့မှာ ထိုနေရာတွင်သာရှိသည် မဟုတ်ပါလား။

ယန်ဝိညာဉ်ကြေးမုံကို ခေါင်းအုံးစွပ်ပေါ်တွင် တင်လိုက်ချိန် မှန်မျက်နှာပြင်မှာ ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီး လီချင်းရန်၏ ဝေဝေဝါးဝါး ပုံရိပ်လေး ပေါ်လာ၏။ တစ်စုံတစ်ယောက်က သူ၏ လက်ကို ဆွဲထားပြီး လက်ကောက်ဝတ်မှ လက်ကောက်ကို ကြည့်ရုံဖြင့် ၎င်းမှာ ယွဲ့ချန်ချီ ဖြစ်ကြောင်း အသေအချာ သိနိုင်သည်။

၎င်းအပြင် ကျန်ရှိသည့် အစိတ်အပိုင်းများမှာမူ မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲပင်။

“ယွဲ့ချန်ချီဆိုတဲ့ ကောင်မလေးက မဆိုးဘူးပဲ။”

ချန်ဟွိုက်အန် တော်တော်လေး ကျေနပ်သွား၏။

သူက လီချင်းရန်ကို ကာကွယ်ရန် ယွဲ့ချန်ချီအား တိုက်ရိုက် အမိန့်ပေးခဲ့ဖူးခြင်း မရှိပေ။

၎င်းမှာ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ထိုအချက် တစ်ခုတည်းနှင့်တင် ဓားကျောင်းတော်အပေါ် ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှုမှာ ထိုက်တန်သွားပြီဟု ဆိုနိုင်သည်။ လီချင်းရန်၏ အခြေအနေကို အကြမ်းဖျင်း သိနေရသရွေ့ သူ ကျေနပ်သည်။ ကောင်းကင်နက္ခတ် ပညာပင်လျှင် လျို့ဝှက်နယ်မြေအတွင်းမှ အခြေအနေများကို အပြည့်အဝ မဖော်ပြနိုင်သဖြင့် ထိုမှန်မှာလည်း အစွမ်းကုန် လုပ်ဆောင်ပေးနေခြင်းပင်။

လောလောဆယ်တွင် လီချင်းရန် အခြေအနေ ကောင်းမွန်ပုံရသည်။

ချန်ဟွိုက်အန်က ရင်စည်းဖြင့် လုပ်ထားသော လက်ဖက်ခြောက်ထုပ်ကို မှန်တွင် ချိတ်ဆွဲ လိုက်ပြီးနောက် ကိုယ်ပိုင်အခန်းထဲမှ ထွက်လာခဲ့သည်။

အသက်ရှင်နှုန်း ဟူသည်မှာ အတက်အကျ ရှိနိုင်သဖြင့် လောလောဆယ် တက်နေသော်လည်း ရုတ်တရက် ထိုးကျသွားနိုင်သည့် အခြေအနေကို သူ ထည့်သွင်းစဉ်းစားရပေမည်။ ထို့ကြောင့် သူ မည်သည့်အရာလုပ်လုပ် ယန်ဝိညာဉ်ကြေးမုံကိုတော့ အမြဲတမ်း တစ်ပါတည်း ယူဆောင်သွားမည် ဖြစ်သည်။

အကျဉ်းခန်း နံပါတ်(၀) တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။

ပါ့ကျီ၊ ရှောင်ချင်း၊ စတော်ဘယ်ရီဝက်ဝံရုပ်နှင့် ပုစွန်ထုပ်ဘုရင်တို့မှာ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွ ပတ်လည်တွင် စုရုံးကာ အလေးအနက် တရားထိုင်နေကြပုံရသည်။ သူ ထွက်လာသည်ကိုပင် တစ်ယောက်မှ သတိမထားမိကြပေ။

ယခုအချိန်မှာ ညဘက် ရောက်နေပြီ ဖြစ်သည်။

ကျောက်ရင်းကို မည်သည့်အကြောင်းနှင့်မျှ မနှောင့်ယှက်ရန် သူ အမိန့်ပေးထားခဲ့သည်ကို ချန်ဟွိုက်အန် သတိရလိုက်သဖြင့် သူကိုယ်တိုင်ပင် အများပိုင် ဖုန်းတစ်လုံးမှ တစ်ဆင့် ဆက်သွယ်လိုက်သည်။

“အုပ်ချုပ်ရေးမှူးချန်... နောက်ဆုံးတော့ အခန်းပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပေါ့...”

ဖုန်း၏ အခြားတစ်ဖက်မှ ကျောက်ရင်း၏ အသံမှာ စိုးရိမ်တကြီးဖြင့် တုန်ရီနေ၏။

“အုပ်ချုပ်ရေးမှူးချန်၊ အကြီးအကျယ် ပြဿနာတက်နေပြီ... မိစ္ဆာနှိမ်နင်းသူဗျူရိုကို အစွမ်းထက် မိစ္ဆာအဖွဲ့အစည်းတစ်ခုက တိုက်ခိုက်လိုက်ပြီ။ နိုးထသူတွေ အများကြီး တစ်ညတည်းနဲ့ အသတ်ခံ လိုက်ရတယ်။ ဌာနချုပ် ပတ်ဝန်းကျင်ကို အခု ပိတ်ဆို့ထားပြီး ဘေးပတ်ဝန်းကျင် ပြည်နယ်တွေက မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ဌာနခွဲတွေကို စစ်ကူခေါ်ထားရတယ်...”

“ဟုတ်လား။ ပြီးတော့ရော။”

“ပြီးတော့ရော ဟုတ်လား... အဲဒီတော့ ကျွန်မတို့ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက စစ်ကူ မလွှတ်သင့်ဘူးလား။ ဒါက အရေးကြီးပါတယ်။ အဲဒီမိစ္ဆာက အရမ်းကို အစွမ်းထက်တာ...”

“ဌာနချုပ်က လူတွေ အသတ်ခံရတာနဲ့ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။” ချန်ဟွိုက်အန်က ပေါ့ပေါ့ပါးပါးပင် နှာခေါင်းနှိုက်ပြီး နှပ်ချေးကို သတ္တုနံရံပေါ်သို့ ပစ်တင်လိုက်၏။

“အဲဒါက...” ကျောက်ရင်း ခဏမျှ ဆွံ့အသွားသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဝေခွဲမရသော လေသံဖြင့် ပြောလိုက်သည်။

“ဟို... တကယ်လို့ အနာဂတ်မှာ ကျွန်မတို့ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျိုရိုက စစ်ကူလိုအပ်လာရင် ဘယ်သူမှ လာမကူညီမှာ စိုးလို့ပါ။ ပြီးတော့ အဲဒီမိစ္ဆာက ဌာနချုပ်ကို ရှင်းပြီးရင် တခြားပြည်နယ် ဌာနခွဲတွေကိုပါ ပစ်မှတ်ထားလာလိမ့်မယ်လို့ တချို့က ခန့်မှန်းနေကြတယ်။ ပြည်နယ် အတော် များများကတော့ စစ်ကူတွေ လွှတ်ကုန်ကြပြီ။”

“ဘယ်သူက အဲဒီလို ခန့်မှန်းတာလဲ။ အထက်တန်းလွှာ မိသားစုတွေလား။”

“ရှင် ဘယ်လိုသိတာလဲ။”

ချန်ဟွိုက်အန် နှာခေါင်းရှုံ့လိုက်၏။

ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ အရိုးကြွေထည်မိန်းကလေးကို ငါပေးထားတဲ့ အမိန့်က အထက်တန်းလွှာ မိသားစုတွေကိုပဲ ပစ်မှတ်ထားဖို့လေ။ အထူးသဖြင့် စစ်သည်အဆင့်နဲ့ ဗိုလ်ချုပ်အဆင့်ရှိတဲ့ သူတွေကိုပေါ့။

အခုခေတ်မှာ ဗိုလ်ချုပ် အဆင့် ကျင့်ကြံသူတွေက အထက်တန်းလွှာ မိသားစုတွေထဲမှာ ပေါများလာပြီ။

ပိုအရေးကြီးတာက အရိုးကြွေထည်မိန်းကလေးကို မိစ္ဆာနှိမ်နင်းသူဗျူရိုကနေ ထွက်သွားဖို့ ငါ အမိန့်မပေးရသေးဘူး။

အဲဒါကြောင့် စစ်ကူအဖြစ် လာသမျှ နိုးထသူတွေထဲက အထက်တန်းလွှာ မိသားစု တံဆိပ်တပ်ထားပြီး သတ်မှတ်ထားတဲ့ အဆင့်ရှိသူ မှန်သမျှက တွေ့တာနဲ့ အသတ်ခံရမှာပဲ။

အခုတော့ သူတို့တွေ ပျာယာခတ်နေကြပြီ။

အပြစ်မဲ့တဲ့လူတွေ ကြားထဲမှာ ပါသွားနိုင်သလား ဆိုတာကတော့...

အင်း... အာမမခံနိုင်ဘူး။

ဒါပေမဲ့ ငါ့ရဲ့ ကံတရားဆုံးရှုံးမှုအခြေအနေ ဘာမှ မပြောင်းလဲသေးတာကို ကြည့်ရရင် ဒီအထက်တန်းလွှာမိသားစုဝင်တွေကို သတ်တာက အကုသိုလ်ကံလို့ မသတ်မှတ်တဲ့ပုံပဲ။

“အုပ်ချုပ်ရေးမှူး၊ ဒါဆို ကျွန်မတို့ စစ်ကူလွှတ်မှာလား။”

“လွှတ်တာပေါ့။”

ချန်ဟွိုက်အန်က ပြတင်းပေါက်တွင် ထိုင်နေသော စတော်ဘယ်ရီဝက်ဝံရုပ်နှင့် ပုစွန်ထုပ်ဘုရင် တို့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်ကတော့ အခန်းပိတ်ကျင့်ကြံတာ ဆက်လုပ်ဦးမှာဆိုတော့ ကိုယ်တိုင်သွားလို့ မရဘူး။ ဒါပေမဲ့ KSC-01 နဲ့ KSC-02ကိုတော့ စစ်ဆင်ရေးမှာ အပြည့်အဝ ပူးပေါင်းခိုင်းလိုက်မယ်။”

“ပြီးတော့ မိစ္ဆာနှိမ်နင်းသူတွေ အများကြီး မလွှတ်ဖို့ အကြံပေးချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်‌တော်တို့ C ပြည်နယ် ဌာနခွဲက တိကျန်း ဖြစ်စဉ်တုန်းက အထိနာထားတာဆိုတော့ လူနည်းနည်းပဲ ပါဝင်တာက ကိစ္စမရှိပါဘူး။”

ချန်ဟွိုက်အန်ကိုယ်တိုင် မဦးဆောင်ကြောင်းကို ကြားသောအခါတွင် ကျောက်ရင်း အနည်းငယ် စိတ်ပျက်သွားသည်။

ဌာနချုပ်ကို ကယ်တင်နိုင်ခြင်းက သူ၏ရာထူးတက်ရန်အတွက် အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပေလား။

သူက အထက်တန်းလွှာမိသားစုကို မုန်းသော်လည်း လက်အောက်ငယ်သားတစ်ယောက် အနေဖြင့် သူ၏ အထက်လူကြီးကို ရာထူးတက်စေချင်သည်။

သို့သော် KSC-01 နှင့် KSC-02 တို့ရဲ့ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို သတိရလိုက်သောအခါ သူတို့ကို လွှတ်လိုက်သည်ကပင် အတော်လေး အလေးထားရာ ရောက်နေပြီ ဖြစ်ကြောင်း သူ တွေးလိုက်၏။

“နားလည်ပါပြီ အုပ်ချုပ်ရေးမှူးချန်။ ကျွန်မ အခုပဲ KSC-01 နဲ့ KSC-02 ကို လာခေါ်လိုက်ပါ့မယ်။”

ကျောက်ရင်း ဖုန်းချလိုက်ပြီး ရှန့်ရှောင်ယွမ်ကို နောက်ဆုံး စစ်ဆင်ရေး ပြင်ဆင်မှုတွေအတွက် လူရွေးခိုင်းလိုက်သည်။

“အလုပ်ရှိတယ်ဟေ့။”

ချန်ဟွိုက်အန်က စတော်ဘယ်ရီဝက်ဝံရုပ်၏ ပုခုံးကို ပုတ်လိုက်သည်။

စတော်ဘယ်ရီဝက်ဝံ ထိတ်လန့်သွားပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်ရာ သူ၏ ခေါင်းကြီးမှာ မျက်နှာကျက်နှင့် ထိလုနီးပါး ဖြစ်သွား၏။

“ဟာ့... မင်း တော်တော်ကြီးလာတာပဲ။”

ချန်ဟွိုက်အန် လျှာသပ်ရင်း ဝက်ဝံရုပ်ကြီးကို အကဲခတ်လိုက်သည်။

ပထမဆုံး စတွေ့တုန်းကထက် စတော်ဘယ်ရီဝက်ဝံရုပ်က နှစ်ဆခန့် ကြီးလာပြီ ဖြစ်သည်။

ဝက်ဝံရုပ်ကြီးက အချိန်အတော်များများကို အိပ်စက်ရင်း ကုန်ဆုံးစေသဖြင့် ချန်ဟွိုက်အန် အခုမှပဲ သတိထားမိခြင်း ဖြစ်သည်။

အခုဆိုလျှင် သူသည် ၅မီတာ၊ ၆မီတာခန့် မြင့်မားနေပြီး လမ်းလျှောက်နေသည့် ခံတပ်ကြီး တစ်ခုနှင့် တူနေ၏။

“ဘာလို့ ဒီလောက် အမြင့်ကြီး ရပ်နေတာလဲ။ ထိုင်နေစမ်း...”

စတော်ဘယ်ရီဝက်ဝံရုပ်က အမိန့်အတိုင်း ဝုန်းခနဲ ထိုင်ချလိုက်ရာ အကျဉ်းခန်း တစ်ခုလုံး တုန်ခါသွားသည်။

ချန်ဟွိုက်အန်က ဝက်ဝံ၏ ထူထဲလှသော လည်ပင်းနှင့် ပုစွန်ထုပ်ဘုရင်၏ စနိုက်ပါပြောင်းကို ကိုင်ကာ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“နားထောင်။ မင်းတို့ရဲ့ မစ်ရှင်က မိစ္ဆာနှိမ်နင်းသူဗျူရို ဌာနချုပ်ကို သွားပြီး မင်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အရိုးကြွေထည်မိန်းကလေးကို ပြန်ခေါ်လာဖို့ပဲ။ မင်းတို့နဲ့အတူ လိုက်လာမယ့် နိုးထသူတွေက သူ့ကို ဖမ်းဆီးထိန်းသိမ်းတာကို လုပ်လိမ့်မယ်။ သူ ပူးပေါင်းဆောင်ရွက်ဖို့ ငါ စီစဉ်ထားပြီးသား။”

“မင်းတို့ရဲ့ အလုပ်က ရိုးရိုးလေး။ စစ်ဆင်ရေးကို စောင့်ကြည့်ဖို့ပဲ။ ဘယ်သူပဲ ဖြစ်ဖြစ် လာနှောင့်ယှက်ရင်... သတ်ပစ်လိုက်။”

“သူတို့ခေါင်းတွေကို ရင်ဘတ်ထဲ ရောက်သွားတဲ့အထိ ထုပစ်။ အသေအလဲ ရိုက်ပစ်လိုက်။”

ခေတ္တရပ်ပြီးနောက် သူတို့၏ပုခုံးများကို ပုတ်ပေးလိုက်သည်။

“နားလည်လား။ နားလည်ရင် ခေါင်းညိတ်ပြ။”

စတော်ဘယ်ရီဝက်ဝံရုပ်က သူ၏ ဧရာမခေါင်းကြီးကို အလေးအနက် ညိတ်ပြလိုက်သည်။

ပုစွန်ထုပ်ဘုရင်ကလည်း သူ၏ သေနတ်ပြောင်းကို နှစ်ချက် ညွှတ်ပြကာ နားလည်ကြောင်း ပြလိုက်သည်။

“ကောင်းပြီလေ။”

ချန်ဟွိုက်အန်က တုန်ရီနေသော အကျဉ်းသား နှစ်ယောက်ကို လွှတ်ပေးလိုက်ပြီး သူ၏ မျက်နှာမှာ ကြင်နာတတ်သောပုံစံသို့ ချက်ချင်း ပြန်ပြောင်းသွား၏။

“လာခေါ်မယ့် အဖွဲ့ လမ်းမှာ ရောက်နေပြီ။ စည်းကမ်းအတိုင်း လုပ်ကြ။ လုပ်ဖော်ကိုင်ဖက်တွေကို လုံးဝ မထိခိုက်စေနဲ့။ မဟုတ်ရင်တော့ ငါကိုယ်တိုင် မင်းတို့ရဲ့ ခေါင်းတွေကို ရင်ဘတ်ထဲ ရောက်အောင် ထုထည့်ပစ်မယ်... အထူးသဖြင့် မင်းကိုပဲ။”

သူက ပုစွန်ထုပ်ဘုရင်ကို ပြောင်းမှကိုင်ကာ မြှောက်လိုက်သည်။

“ဟို“မိန်းမတွေပဲငါ့ကိုသုံးလို့ရမယ်”ဆိုတဲ့ အမှိုက်စကားတွေကို တော်လိုက်တော့။ အခုကစပြီး ဘယ်သူပဲ ကိုင်ကိုင် အားအပြည့်နဲ့ ပစ်ရမယ်။ မဟုတ်ရင်တော့ မင်းကို မုန့်လိပ်သလို လိပ်ပစ်မယ်...”

ပုစွန်ထုပ်ဘုရင်၏ စနိုက်ပါမှန်ဘီလူးပေါ်မှ မျက်ရည်တစ်စက် ကျလာခဲ့လေသည်။ သူ၏ ပြောင်းမှာလည်း လက်လျှော့သည့် သဘောဖြင့် နှစ်ချက် ညွှတ်သွား၏။

အပြင်ဘက်တွင် အကျဉ်းခန်းတံခါး ပွင့်လာသံ ပဲ့တင်ထပ်သွားသည်။

ချန်ဟွိုက်အန်က ပုစွန်ထုပ်ဘုရင်ကို စတော်ဘယ်ရီဝက်ဝံရုပ်၏ အမွေးပွလက်ထဲ ထည့်ပေးကာ သူတို့နှစ်ဦးလုံးကို အထွက်ဘက်သို့ တွန်းထုတ်လိုက်သည်။

“ကဲ...ကဲ... သွားကြတော့...”

ထို့နောက် သူက သီးသန့်အခန်းထဲသို့ ပြန်ဝင်သွားသည်။ ဂိမ်းထဲသို့ ပြန်ဝင်ပြီး စောင့်ကြည့်ရန် အချိန်တန်ပြီ မဟုတ်ပေလား။

အကျဉ်းခန်း တံခါးများ ပွင့်လာသည်နှင့်အမျှ ရေငွေ့များ လွင့်ပျံလာ၏။

ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့သည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လုံခြုံရေး အဖွဲ့နှင့်အတူ အသင့်စောင့်နေကြသည်။

၎င်းမှာ KSC-01 နှင့် KSC-02တို့ ဖြစ်သည်။

C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုအောက်မှ အုပ်ချုပ်ရေးမှူးချန်ကို ဖယ်လိုက်ရင် အလျို့ဝှက်ဆုံးနဲ့ အစွမ်းအထက်ဆုံး အကျဉ်းသား နှစ်ဦးပင်။

လုံခြုံရေးအရာရှိအချို့မှာ ထိတ်လန့်မှုကြောင့် တုန်ရီနေကြလေပြီ။

“စိတ်အေးအေးထားကြ...” ကျောက်ရင်းက သူတို့ကို အားပေးလိုက်၏။ “အုပ်ချုပ်ရေးမှူးချန်က သူတို့ကို ငြိမ်အောင် လုပ်ထားပြီးသား။ သူတို့က...”

သူ၏ စကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

အကြောင်းမှာ ရေငွေ့များကြားထဲမှ ဧရာမအရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၍ပင်။

ကြက်သွေးရောင် မျက်လုံးတစ်စုံက ကြောက်မက်ဖွယ် တောက်ပနေ၏။

လူသတ်ငွေ့အရှိန်အဝါကို အထင်အရှား ခံစားနေရလေသည်။

အားလုံးက အသက်ရှူရပ်မတတ်ဖြင့် နှစ်ထပ်တိုက်လို မြင့်မားနေသည့် ထိုမိစ္ဆာဝက်ဝံရုပ်ကြီးကို ငေးကြည့်နေမိသည်။

“အရာရှိကျောက်... သူတို့က ကျွန်မတို့ကို ဘာမှမလုပ်ဘူး မဟုတ်လား။” ရှန့်ရှောင်ယွမ်က ဘေးကနံရံကို အားကိုးတကြီး ဆုပ်ကိုင်ရင်း တုန်ရီစွာ မေးလိုက်သည်။

“ငါ...ငါလည်း မသေချာတော့ဘူး...” ကျောက်ရင်းက တံတွေးတစ်ချက် မျိုချလိုက်မိသည်။

ထို့နောက်တွင်မူ...

ဝုန်း...

စတော်ဘယ်ရီဝက်ဝံရုပ် ရုတ်တရက် ဒူးထောက်ပြီး သူတို့ရှေ့တွင် ဂါရဝပြုလိုက်ကာ ပုစွန်ထုပ် ဘုရင်ကို မြေပြင်တွင် စိုက်ထားလိုက်၏။

ထို့နောက် သူ၏ အမွေးပွဗိုက်အိတ်ထဲမှ စာရွက်နှစ်ရွက်ကို ထုတ်ပေးလိုက်သည်။

“ဝန်ထမ်း ဝန်ဆောင်မှု အကဲဖြတ်လွှာ”

(၁) ဤဝန်ထမ်းသည် ပေးထားသော တာဝန်ကို ကြိုးကြိုးစားစား ပြီးမြောက်ခဲ့ပါသလား။

(၂) ဤဝန်ထမ်းသည် လုပ်ဖော်ကိုင်ဖက် တစ်စုံတစ်ဦးကို ထိခိုက်စေခဲ့ပါသလား။

(၃) ဤဝန်ထမ်းသည် ညွှန်ကြားချက်များကို လိုက်နာပါသလား။

ကျေးဇူးပြု၍ ၁၀မှတ်တွင် ရမှတ်တစ်ခု ပေးပါ။

( မှတ်ချက် - သင်ပေးသော အမှတ်က ဝန်ထမ်းအား လှဲအိပ်ခွင့်ပေးမလား၊ ဒူးထောက်ခိုင်းမလား ဆိုသည်ကို ဆုံးဖြတ်ပေးပါမည်။ ကျေးဇူးပြု၍ ဂရုတစိုက် စဉ်းစားပေးပါ...)

အကဲဖြတ်လွှာကို ကိုင်ထားရင်း ကျောက်ရင်းက KSC-01 နှင့် KSC-02 တို့ကို တစ်လှည့်စီ ကြည့်ကာ မျက်တောင်များ တလှုပ်လှုပ် ဖြစ်နေ၏။

ရှန့်ရှောင်ယွမ်မှာမူ အကျဉ်းခန်း နံပါတ်(၀)ထဲမှ အမှောင်ထုကြီးကို ကြည့်ရင်း တုန်တုန်ရီရီဖြင့် လက်မထောင်ပြလိုက်တော့သည်။

“အုပ်ချုပ်ရေးမှူးချန်ကတော့... တကယ့်ကို... တကယ့်ကို လန်းတာပဲ...”

….

All Chapters