ရုတ်တရက် အပြောင်းအလဲ
Vol. 22 Ch. 216
တစ်ချိန်တည်းမှာပင်၊ အရန်လျို့ဝှက်နယ်မြေအတွင်း၌...
ယွဲ့ချန်ချီနှင့် လီချင်းရန်တို့သည် ဆေးဘုရင်တောင်ကြား အပျက်အစီးများ၏ အဝင်ဝကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ကြလေသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အပျက်အစီးများ၏ တည်နေရာမှာ ရွှေ့သွားသော်လည်း ရှာဖွေရ ပိုမိုလွယ်ကူလာသည်။ သို့သော် အပျက်အစီးများ အတွင်းသို့ အမှန်တကယ် ဝင်ရောက်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့သည်။ ဆေးဘုရင် တောင်ကြား အပျက်အစီးများ၏ ချိပ်ပိတ် အခင်းအကျင်းမှာ နားလည်ရခက်ပြီး ဖြေရှင်းရန် အလွန်ခဲယဉ်းလှ၏။ အကယ်၍ အပျက်အစီးများထဲမှ ပြန်ထွက်လာသည့် ယွန်စုရှင်းနှင့်သာ မဆုံမိပါက သူတို့သည် အတွင်းသို့ မည်သို့ဝင်ရမည်ကို စဉ်းစားရင်းနှင့်ပင် နေ့တစ်ဝက်ခန့် အချိန်ဖြုန်းမိကြပေလိမ့်မည်။
“ဒါတွေက နဂါးလျှာမက်မွန်သီးနဲ့ သွေးလှိုင်းလိမ္မော်သီးတွေပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး။”
ယွန်စုရှင်းက ဆေးပင်တစ်ရာအဆိပ်ဖြေဆေးလုံးအတွက် လိုနေသော ကျန်ရှိသည့် ဆေးဖက်ဝင် ပစ္စည်းနှစ်မျိုးကို လီချင်းရန်ထံ ကမ်းပေးလိုက်၏။
“ဒီဆေးပင်နှစ်မျိုးက ရှေးခေတ်တုန်းကတော့ ထူးထူးခြားခြား မဟုတ်ဘူး။ ဒါပေမဲ့ ချင်းယွန်ဘုံရဲ့ စိတ်ဝိညာဉ် ချီစွမ်းအင်တွေ ဆုတ်ယုတ်လာတာနဲ့အမျှ အပြင်လောကရဲ့ ပတ်ဝန်းကျင်က သူတို့ ရှင်သန်ဖို့ မသင့်တော်တော့ဘူးလေ။”
လီချင်းရန်နှင့် ယွဲ့ချန်ချီတို့က အိမ်သုံးပစ္စည်းစာရင်းကို ရွတ်ပြနေသကဲ့သို့ အေးအေးဆေးဆေး ပြောနေသော ယွန်စုရှင်းကို အထင်ကြီးလေးစားစွာ ကြည့်လိုက်ကြသည်။
လောလောဆယ်တွင် သူတို့က အပျက်အစီးများအတွင်းရှိ ဆေးဘုရင်ကျောင်းဆောင်ထဲ၌ ရောက်ရှိနေကြသည်။ ထိုအဆောင်မှာ ခရုပတ်ပုံစံ မျှော်စင်သဏ္ဌာန် ရှိပြီး သစ်သားနံရံများ တစ်လျှောက် မရေမတွက်နိုင်သော အကန့်လေးများ ရှိကာ အကန့်တစ်ခုစီတွင် ဝိညာဉ်ဆေးပင် အမျိုးမျိုးကို သိုလှောင်ထားသည်။ အချို့အကန့်များမှာ ရှာဖွေပြီးသား ဖြစ်သော်လည်း တားမြစ်ချက်များဖြင့် ကာကွယ်ထားသော အကန့်များမှာမူ ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေဆဲ ဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးကိုလည်း ထိုမရေမတွက်နိုင်သော အကန့်များထဲမှ ရှာတွေ့ခဲ့ခြင်းပင်။
သူတို့အတွက်ဆိုလျှင် ထိုတာဝန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် ယွန်စုရှင်းအတွက်မူ တားမြစ်ချက်များကို ဖြိုခွဲသည့် အချိန်အပါအဝင် နာရီဝက်ပင် မပြည့်ခင်မှာပင် ရှာပေးနိုင်ခဲ့သည်။
“မိန်းကလေးယွန်၊ နင်လည်း ဆေးပင်တွေ ရှာဖို့ ဆေးဘုရင်တောင်ကြားကို လာတာလား။ အဆင်ပြေခဲ့လား။” ယွဲ့ချန်ချီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ယွန်စုရှင်း၏ မျက်နှာ အမူအရာမှာ ချက်ချင်း ညှိုးငယ်သွားပြီး လက်ထဲရှိ ကြွေဆေးပုလင်းကို တင်းတင်းဆုပ်လိုက်မိသည်။ သူ၏ ရှည်လျားသော မျက်တောင်များမှာ မျက်ဝန်းအောက်တွင် အရိပ်စအနများ ထင်ကျန်နေစေ၏။
လေထုမှာ လေးလံသွားခဲ့သည်။ ယွဲ့ချန်ချီက မမေးသင့်သည်ကို မေးမိလိုက်ဖြစ်ကြောင်းကို သိလိုက်သဖြင့် အိုးတိုးအန်းတန်း ဖြစ်သွားကာ ခြောက်ကပ်ကပ်ရယ်သံဖြင့် လက်ခါပြလိုက်သည်။ “ပြောရခက်မယ်ဆိုရင် မမေးတော့ပါဘူး။ စကားစပ်မိလို့ မေးလိုက်တာပါ။”
“ကျွန်မအမေမှာ ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေ ရှိနေလို့ပါ။ သူကို ကုသပေးဖို့ ဆေးလာရှာတာ။ ဒါပေမဲ့ သူရဲ့ အခြေအနေက အခြေခံအုတ်မြစ်ကိုပါ တိုက်စားပြီး သက်တမ်းကို အကြီးအကျယ် ထိခိုက်နေပြီ။” ယွန်စုရှင်းက ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။ သူ၏ အသံမှာ ကြွေလာသော သစ်ရွက်တစ်ရွက်လို နူးညံ့နေ၏။ “ဆေးဘုရင်တောင်ကြားက ခမ်းနားနိုင်ပေမဲ့ ကမ္ဘာဦးဖြည့်တင်းဆေးလုံးလို နတ်ဘုရားဆေးလုံးရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။”
ကမ္ဘာဦးဖြည့်တင်းဆေးလုံး။
လီချင်းရန် ခဏမျှ ကြောင်သွား၏။
အဲဒါ ငါ့ရဲ့ ဒန်တျန်ကို ကုသဖို့ ဆရာသုံးခဲ့တဲ့ ဆေးလုံးပဲ။
ထိုဆေးလုံးက အလွန်ပင် တန်ဖိုးရှိမှန်း သူသိထားပြီး ဖြစ်သော်လည်း အခုမှပင် ထင်ထားသည်ထက် ပို၍ပင် ရှားပါးနေကြောင်း သဘောပေါက်လိုက်သည်။
ပူဆွေးမှုများဖြင့် ဖိစီးနေသော ယွန်စုရှင်းကို ရှုပ်ထွေးသော မျက်နှာထားဖြင့် သူ ကြည့်လိုက်သည်။
တခြားသူများ အသက်နှင့်လဲပြီး ရှာနေရတဲ့အရာ၊ အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီးလျှင်ပင် မရနိုင်သေးသော အရာက သူ့အတွက်တော့ ကောင်းကင်ဘုံမှ ပေးသော လက်ဆောင်တစ်ခုလို ရိုးရိုးလေး ရခဲ့ခြင်းပင်။
သူ၏ ဆရာသာ မရှိခဲ့လျှင် သူလည်း အခုချိန် ယွန်စုရှင်းလိုပဲ မျှော်လင့်ချက်မဲ့နေမည် မဟုတ်လား။
“ဆေးဘုရင် တောင်ကြားမှာတော့ ကမ္ဘာဦးဖြည့်တင်းဆေးလုံး ကျန်တော့မှာ မဟုတ်ဘူး။” ယွဲ့ချန်ချီက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ “လွန်ခဲ့တဲ့ ငါးနှစ်က အရန် လျို့ဝှက်နယ်မြေရဲ့ ဆေးဘုရင်တောင်ကြား အပျက်အစီးတွေ ပထမဆုံး ပေါ်လာတုန်းက ကမ္ဘာဦးဖြည့်တင်းဆေးလုံး ၁၂လုံး တွေ့ခဲ့တယ်။ အဲဒီထဲက ၉ လုံးကို မြင့်မြတ်နယ်မြေ တပည့်တွေ ယူသွားကြတာ။ အဲဒီ ၁၂လုံးကပဲ ဆေးဘုရင်တောင်ကြားရဲ့ လက်ကျန် အကုန်လုံး ဖြစ်မှာ။ ဒါပေမဲ့ ရှေးခေတ်တုန်းက ကြီးကျယ်တဲ့ ဂိုဏ်းတွေ အများကြီး ရှိခဲ့တာပဲ။ ဆေးဘုရင်တောင်ကြားမှာ မကျန်တော့ရင်တောင် တခြားဂိုဏ်းကြီး တစ်ခုခုမှာ ရှိနေနိုင်သေးတယ်။”
“ကျွန်မ စုန့်ချီယွဲ့ဆီမှာ ကံစမ်းကြည့်ဖို့ စီစဉ်ထားတယ်။” ယွန်စုရှင်းက စိတ်ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ချက် လက်သွား၏။ “ရှင်တို့ ကြားပြီးပြီလား။ စုန့်ချီယွဲ့က ရှေးဟောင်းဂိုဏ်း အပျက်အစီး တစ်ခုကို ရှာတွေ့ထားတယ်။ အဲဒီဂိုဏ်းရဲ့ အပျက်အစီးတွေက အသစ်ပေါ်လာတာ။ ဘယ်သူမှ မစူးစမ်းရသေးဘူး။ အဲဒီထဲမှာ ကမ္ဘာဦးဖြည့်တင်းဆေးလုံး ရှိ မရှိ မသိရပေမဲ့ အဲဒီမှာရှိတဲ့ မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပေးဖို့ ကူညီတဲ့ ဘယ်သူမဆို တောင်းဆိုခွင့်တစ်ခု ရှိတယ်။ ကျွန်မ ကတော့ ကမ္ဘာဦးဖြည့်တင်းဆေးလုံးကို တောင်းဖို့ စဉ်းစားထားတယ်။ သူဆီမှာ တစ်လုံးလောက် ရှိနေနိုင်တာပဲ။”
ယွဲ့ချန်ချီက ၎င်းမှာ ဖြစ်နိုင်ခြေ နည်းလွန်းသည်ဟု ထင်သည်။
မြင့်မြတ်နယ်မြေက ဆေးလုံး ၁၂လုံးထဲမှ ၉လုံးကို ယူသွားခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ၅နှစ်အတွင်း သူတို့၏ တပည့်တွေအတွက် သုံးလိုက်လောက်ပြီ ဖြစ်သည်။ သို့သော် သူက အားပေးစကား ပြောလိုက်ဆဲပင်။ “မြင့်မြတ်နယ်မြေရဲ့ တပည့်တွေက ပါရမီရှင်တွေပဲ။ မကြာသေးခင် နှစ်တွေ အတွင်းမှာ သူတို့ရဲ့ ဒန်တျန် ထိခိုက်ပျက်စီးတယ်ဆိုတဲ့ သတင်းလည်း မကြားရတော့ သူတို့ဆီမှာ လက်ကျန် ရှိနေဦးမှာပါ။ ငါတို့လည်း အဲဒီဘက်ကို သွားမှာပဲ။ အတူတူ သွားကြမလား။”
ယွန်စုရှင်းက လီချင်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး ဝေခွဲမရ ဖြစ်နေကာ သူ၏ ဖြူစင်သော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွား၏။
သူ ယခင်က လီချင်းရန်နှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသဖြင့် အခု ဆေးဖက်ဝင်ပစ္စည်းများ ရှာဖွေရာတွင် ကူညီပေးခဲ့သော်လည်း လီချင်းရန် သူ့အပေါ် မည်သို့ သဘောထားကြောင်းကို သူ ဂရုစိုက်နေမိဆဲ ဖြစ်သည်။
ဓားကျောင်းတော် တပည့်များနှင့် အတူသွားရခြင်းက အကောင်းဆုံးပင်။
အထူးသဖြင့် ယွဲ့ချန်ချီက ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်အဆင့်ကို ရောက်နေပြီ ဖြစ်ရာ မြင့်မြတ်နယ်မြေက ထိပ်တန်းတပည့်များ ထက်စာလျှင် အနည်းငယ်သာ အားနည်း၏။
လီချင်းရန်ပင် အခြေခံအုတ်မြစ်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီဖြစ်ရာ ၎င်းမှာ မယုံနိုင်စရာ မြန်ဆန်သော တိုးတက်မှုပင်။
ထိုနှစ်ယောက်နှင့် အတူသွားခြင်းက သူ၏ ဘေးကင်းမှုကို သိသိသာသာ တိုးတက်စေလိမ့်မည်။
လီချင်းရန်က ယွန်စုရှင်း၏ မျက်နှာပေါ်မှ ဝေခွဲမရမှုနှင့် အားနာနေမှုများကို သတိထား မိလိုက်သည်။ သူက ရှေ့သို့တိုးကာ ယွန်စုရှင်း၏ အေးစက်နေသော လက်ကလေးများကို ဆုပ်ကိုင်လိုက်ပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။ “နင်က ငါတို့ကို ဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးရှာဖို့ ကူညီပေးခဲ့တာပဲ။ အခု ငါတို့ နင့်ကို ကမ္ဘာဦးဖြည့်တင်းဆေးလုံး ရှာဖို့ ကူညီပေးမယ်။ တကယ်လို့ မအောင်မြင်ရင်တောင် တခြားအစားထိုးဆေးလုံးတွေ ရှာကြတာပေါ့။ နင့်အမေရဲ့ သက်တမ်းကို တိုးစေမယ့် နည်းလမ်းတစ်ခုခုတော့ ရှိမှာ သေချာပါတယ်...”
ယွန်စုရှင်း၏ လက်ချောင်းလေးများမှာ လီချင်းရန်၏ လက်ဝါးထဲ အနည်းငယ် တုန်ရီသွား၏။
“ကျေးဇူးတင်ပါတယ်”ဆိုသည့် စကားလုံးမှာ သူ၏ လျှာဖျားသို့ ရောက်လာသော်လည်း သူ ပြောထွက်လိုက်ချိန်တွင်မူ တုန်ရီနေသော ရှိုက်သံ တိုးတိုးလေး တစ်ချက်သာ ထွက်လာခဲ့သည်။
ရှေးဟောင်းဂိုဏ်း အပျက်အစီးများအတွင်း၌...
ကျင့်ကြံသူတစ်စုက ကျန်ရှိနေသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများနှင့် တိုက်ပွဲဖြစ်ပွားနေကြ၏။
စုန့်ချီယွဲ့သည် နောက်တန်းတွင် အသာလေး ရပ်မနေပေ။ သူသည် ယောင်ချီတပည့်များကို ဦးဆောင်ကာ အရှေ့ဆုံးတန်းမှ တိုက်ခိုက်နေသည်။
သူ၏ ပန်းနွယ်ပင်များက စိတ်ရူးပေါက်နေသော နဂါးတစ်ကောင်ကဲ့သို့ စစ်မြေပြင်ကို မွှေနှောက်နေသည်။ သူက လှုပ်ရှားနေသော နွယ်ပင်များ၏ အလယ်တွင် ရပ်နေပြီး သူ၏ အဖြူရောင် ဂါဝန်လေးမှာ လွင့်ပျံနေကာ ဝိညာဉ်ခေါင်းလောင်းသံလည်း စူးရှစွာ မြည်ဟိန်းနေ၏။ ကြက်သွေးရောင် မြူခိုးများကြားတွင် သူက နှင်းထဲ၌ ပွင့်နေသော ဆောင်းဦးမက်မွန်ပန်းလေး တစ်ပွင့်နှင့် တူနေသည်။ သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် သစ်သားချပ်များ ကဲ့သို့ ထူထဲသော နွယ်ပင်တန်းများမှာ စစ်မြေပြင်ကို လွှဲရိုက်လိုက်ရာ ၁၀မီတာ အတွင်းရှိ အရာအားလုံးမှာ အစိပ်စိပ်အမွှာမွှာ ဖြစ်ကုန်ကြ၏။
သူက အစွမ်းထက်သည့် မိစ္ဆာအကြွင်းအကျန် အနည်းငယ်ကိုသာ သတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သာမန်မိစ္ဆာအကြွင်းအကျန်များကိုမူ သူ တစ်ယောက်တည်းကပင် အခြားကျင့်ကြံသူ အားလုံး ပေါင်းသတ်ခြင်းထက် ပို၍ သတ်ဖြတ်နိုင်ခဲ့သည်။
သူ၏ ပန်းနွယ်ပင်များမှာ တိုက်ခိုက်နိုင်သည့် အကွာအဝေး အလွန်ကျယ်ပြန့်၏။ ပုံမှန်အားဖြင့် ၎င်းတို့က သူ၏ လက်ချောင်းထိပ်တွင် နုနယ်သော အညှောင့်များကဲ့သို့ နာခံတတ်သော်လည်း ယခုတော့ ရက်စက်လှသော ဓားမြှောင်များအဖြစ် ပြောင်းလဲသွားကာ အနီးအနားသို့ ချဉ်းကပ် လာသမျှ မိစ္ဆာအလောင်းမှန်သမျှကို ချေမှုန်းပစ်နေသည့် ကြိတ်စက်ကြီး တစ်ခုနှင့် တူနေသည်။ ထိုအချက်က အခြားဂိုဏ်းတပည့်များအတွက် ဖိအားကို သိသိသာသာ လျော့နည်းစေသည်။ သူတို့ တစ်ယောက်စီက ရန်သူတစ်ဦးချင်းစီကိုသာ အာရုံစိုက် တိုက်ခိုက်ရန် လိုအပ်တော့သည်။
ဂိုဏ်းအပျက်အစီးများ အတွင်းရှိ မိစ္ဆာအကြွင်းအကျန်များမှာ အခြေခံအုတ်မြစ်အဆင့်မှ ရွှေရောင်အနှစ်သာရအဆင့်အထိ အစွမ်း ရှိကြသည်။
သူတို့က နာကျင်မှုကို မသိကြဘဲ သတ်ဖြတ်လိုသည့် ဗီဇစိတ်တစ်ခုတည်းသာ ရှိကြသည်။ ပုံမှန်ဆိုလျှင် သူတို့က ကြောက်စရာကောင်းသော ရန်သူများ ဖြစ်ကြလိမ့်မည်။ သို့သော် ဆရာတော် ဟွေ့ခုန်း ခင်းကျင်းထားသော ဗုဒ္ဓအလင်းအခင်းအကျင်းက သူတို့ကို နှိမ်နင်းထားပြီး အပျက်အစီးများအတွင်းရှိ မိစ္ဆာစွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်လာသည်နှင့်အမျှ သူတို့၏ အစွမ်းမှာ အပြည့်အဝ၏ ၆၀%ခန့်အထိသာ ရှိတော့သည်။
“ဟားဟားဟား... တကယ့်ကို အားရစရာပဲ...” ဓားဂိုဏ်းမှ တပည့်တစ်ဦးက မိစ္ဆာအကြွင်းအကျန် တစ်ဦး၏ ခေါင်းကို ပိုင်းချလိုက်ပြီး ကိုယ်ထည်ကို ဘေးသို့ ကန်ထုတ်လိုက်သည်။ တိုက်ပွဲ၏ စိတ်လှုပ်ရှားမှုကြောင့် သူ ဟားတိုက်ရယ်မောလိုက်သည်။ “အပြင်လောကမှာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေကို တွေ့ရခဲလွန်းလို့ သူတို့ကို မသတ်ရမှာ စိုးနေတာ။ အခုတော့ ဒီလျို့ဝှက် နယ်မြေထဲမှာ အဝကို သတ်ရတာပဲ...”
“ပြောတာမှန်တယ်... တကယ်ကို မှန်တယ်...” ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ဗုဒ္ဓအခင်းအကျင်းကို ထိန်းသိမ်းထားသည့် ဆရာတော် ဟွေ့ခုန်းနှင့် အရှေ့ဆုံးမှ အပြင်းအထန် တိုက်ခိုက်နေသော စုန့်ချီယွဲ့တို့ကို ကြည့်ကာ အားပေးကြသည်။ သူတို့က ချီးကျူးကြသည်မှာ “ငါတို့ ချင်းယွန်ဘုံမှာ တာအိုမိတ်ဆွေ စုန့်၊ တာအိုမိတ်ဆွေ ဟွေ့ခုန်းနဲ့ တာအိုမိတ်ဆွေ ချင်တို့လို ကျင့်ကြံသူတွေ ရှိနေသရွေ့တော့ သာမန်မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက ဘယ်လိုလုပ်ပြီး ပြဿနာ ရှာရဲမှာလဲ။ သူတို့တွေကတော့ အမှောင်ထောင့် တစ်နေရာရာမှာ ကြောက်လန့်တုန်ရီပြီး ပုန်းနေကြမှာပဲ...” ဟူ၍ငင်။
အားပေးနေသော တပည့်တစ်ဦး၏ နောက်ကွယ်တွင် ရပ်နေသည့် မိုရှုမိန်က မျက်လုံးလှန် လိုက်မိသည်။
မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဖြစ်ရန် သူ ရွေးချယ်ခဲ့ခြင်း မဟုတ်ပေမဲ့လည်း သူက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်နေဆဲပင်။ ထို့ပြင် သူ သိထားသလောက် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများက ကြောက်လန့်ပြီး ပုန်းနေကြသည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ဟာ လူ့လောက အထဲကို ဝင်ရောက်လာကြပြီး ရှင်ဘုရင်များလို နေထိုင်နေကြချိန် ဖြောင့်မှန်သော ကျင့်ကြံသူများကတော့ အရင်းအမြစ်များအတွက် အမြဲ တိုက်ခိုက်နေကြရ၏။
ယခုအချိန်က ကိုယ့်ကိုယ်ကိုယ် ဖြောင့်မှန်သည်ဟု ထင်နေသော ကျင့်ကြံသူများနှင့် ရန်ဖြစ် နေရမည့်အချိန် မဟုတ်ပေ။ သူက ငြိမ်ငြိမ်လေး နေရန် လိုအပ်သည်။
“တာအိုမိတ်ဆွေ။ မင်းမှာ အခက်အခဲ တစ်ခုခု ရှိရင် ငါတို့ ဓားကျောင်းတော်ရဲ့ နောက်ကွယ်မှာ ရပ်နေလို့ ရပါတယ်။”
နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာ၏။
မိုရှုမိန် မော့ကြည့်လိုက်ရာ ၎င်းမှာ ဓားကျောင်းတော်၏ တိုက်ရိုက်တပည့်များထဲမှ တစ်ဦး ဖြစ်သည့် ရှုအန် ဖြစ်နေသည်။
စိတ်ဝင်စားစရာပဲ။ ဒီဓားကျောင်းတော် တပည့်တွေက တကယ်ကို ကြင်နာတတ်တာပဲ။
သူ ငြင်းဆိုခြင်း မပြုပေ။ သူက ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်ပြီး နောက်တန်းသို့ ဆုတ်ခွာကာ မထင်မရှား နေရာတစ်ခုတွင် ထိုင်လိုက်၏။
ဂိုဏ်းအပျက်အစီးများ၏ ကြေးတံခါးကြီးအတွင်းမှ တစ်ခုခုက သူ့ကို ဆွဲဆောင်နေသကဲ့သို့ သူ ခံစားနေရသည်။
သို့သော် အချိန် မကျသေးပေ။
ကျင့်ကြံသူများက အပျက်အစီးများအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ သူတို့ ရင်ဆိုင်ရသော မိစ္ဆာအကြွင်းအကျန်များမှာလည်း ပိုမို အစွမ်းထက်လာလေသည်။
သို့သော် ဂိုဏ်း၏ တံခါးမကြီးကို မြင်နေရပြီဖြစ်သဖြင့် သူတို့က အံကြိတ်ကာ ဆက်လက် တိုက်ခိုက်နေသည်။
ထိုစဉ်...
ဝုန်း...
အပေါ်ရှိ ကွဲအက်နေသော ကောင်းကင်ယံမှနေ၍ ရုတ်တရက် အနီရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး မြူခိုးများကို ထိုးဖောက်သွား၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းကြီးမှာ ကိုရင် ဟွေ့ခုန်း၏ အခင်းအကျင်း ဗဟိုချက်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
တစ်ချိန်က ဗုဒ္ဓအလင်းများဖြင့် လွှမ်းခြုံထားသော အခင်းအကျင်းမှာ ချက်ချင်း ညစ်နွမ်း၍ သွားတော့သည်။ ပြောင်းပြန်တာအိုဥပဒေသများ ပါဝင်နေသော ထိုစွမ်းအားလှိုင်းမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် အခင်းအကျင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ဆရာတော် ဟွေ့ခုန်း၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွား၏။ သူ၏ အတွင်းအားကို ပြန်လည် ရုပ်သိမ်းရန် ကြိုးစားသော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။
ခါးသီးသော အရသာတစ်ခုက သူ၏ လည်ချောင်းသို့ တက်လာ၏။ သူ ပြင်းထန်စွာ ချောင်းဆိုးလိုက်ရာ သုံးပေခန့် ရှည်လျားသော သွေးမည်းများက ပါးစပ်မှ ပန်းထွက်၍ လာတော့သည်။
သူ့အနီးအနားရှိ ထာဝရမီးအိမ် ၈၁လုံးလုံးမှာလည်း တဖျပ်ဖျပ် တုန်ခါသွားပြီး ငြိမ်းသွားကြ၏။
...