သစ္စာဖောက်ခြင်း
Vol. 22 Ch. 218
မဟာလျို့ဝှက်နယ်မြေ၌။
ဝုန်း... ဝုန်း... ဝုန်း...
သွေးရောင်လွှမ်းသော ကောင်းကင်အောက် နက်ရှိုင်းလှသော ချောက်ကမ်းပါးအတွင်း အရိုးစုများ ကြွေမွပျက်စီးသံများ ပဲ့တင်ထပ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် လျို့ဝှက်နယ်မြေ တစ်ခုလုံး တုန်ခါနေလေသည်။
ပေတစ်ထောင်မြင့်သော အရိုးစုမိစ္ဆာကြီးက တောင်နံရံများကို ဖြိုကာ အနက်ရှိုင်းဆုံး ချောက်ထဲမှ တွားသွား၍ ထွက်လာသည်။ ၎င်း၏ ကြမ်းတမ်းလှသော အရိုးများပေါ် သွေးစနှင့် အသားစများ ကပ်ညှိနေပြီး ခပ်စိပ်စိပ် နံရိုးများအကြား ကျင့်ကြံသူပေါင်းများစွာ၏ ရုပ်အကြွင်းအကျန်များ ညပ်နေသည်။
သို့သော်လည်း ၎င်း၏ အရိုးများပေါ်တွင် ထပ်နေသော ဓားဒဏ်ရာများမှာ ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ခဲ့ရကြောင်း သက်သေပင်။
“ခွေးမသား မြင့်မြတ်နယ်မြေက အကောင်တွေ။ ငါ့ဘာသာ ဒီမဟာလျို့ဝှက်နယ်မြေထဲမှာ ပုန်းနေတာတောင် မင်းတို့က ငါ့ကို အလွတ်မပေးကြသေးဘူးလား။”
ကျန်းယိပိုင်က ဘာမှ ပြန်မပြောပေ။ သူ၏လက်ထဲမှ ယင်ယန်အမြွှာဓားများမှာ ပြင်းထန်စွာ တုန်ခါနေပြီး ဓားအလင်းတန်းများမှာ ဒီရေလှိုင်းကဲ့သို့ အရိုးစုမိစ္ဆာ၏ ဘယ်ဘက်ခြေဆစ်ဆီသို့ တိုးဝင်သွား၏။
“ကျိုးသွားစမ်း...” အေးစက်သော အော်ဟစ်သံတစ်ခု ဟိန်းထွက်လာ၏။
ဖြောက်...
ဧရာမ အရိုးဖြူကြီး ကျိုးသွားကာ အရိုးစုမိစ္ဆာကြီးမှာ ယိုင်နဲ့သွားပြီး ဆူပွက်နေသော ချော်ရည်ကန် အထဲသို့ လဲကျသွားသည်။ ၎င်း၏ ဝိညာဉ်မီးလျှံ မျက်ဝန်းများမှာ တောက်လောင်လာပြီး ကောင်းကင်သို့ မော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
“ငါ မင်းတို့ကို မုန်းတယ်... ငါ မင်းတို့အားလုံးကို မုန်းတယ်။ ငါက မိစ္ဆာအင်မော်တယ်တစ်ပိုင်း ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ နေရောင်မရှိတဲ့ ဒီနယ်မြေထဲမှာ ငါက အောင့်အည်းပြီး ပုန်းအောင်းကျင့်ကြံနေတာကို။ မင်းတို့ ခွေးအိုကြီး သုံးကောင်က ငါ့ကို အမဲလိုက်ဖို့ ရောက်လာ ကြသေးတယ်။ ငါ တံခါးပိတ် ကျင့်ကြံနေတုန်း ခိုးပြီး တိုက်ခိုက်ကြသေးတယ်...”
“ကြမ္မာဝရဇိန်သန့်စင်ခြင်း...”
မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ ဆရာတော်ဖန်ယဲ့က လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ ကြေးနီရောင် အသားအရေမှာ သတ္တုရောင် တောက်ပနေပြီး လက်ထဲမှ ကွင်းကိုးကွင်း ပါရှိသော ဘုန်းကြီးလက်ကိုင်တုတ်မှာ ရွှေရောင်ဗုဒ္ဓအလင်းများဖြင့် တောက်ပနေ၏။
ရွှေရောင်ကွင်း ကိုးကွင်းမှာ သံခြေကျင်းများအဖြစ် ပြောင်းလဲသွားကာ အရိုးစုမိစ္ဆာ၏ လည်ပင်းကို ချုပ်နှောင်လိုက်သည်။ သူ၏ ဝတ်ရုံပေါ်တွင် ပန်းထိုးထားသော အနီရောင် သင်္သကရိုက် စာသားများမှာ အထည်မှ ကွာကျလာပြီး လေထဲတွင် ကိုယ်ထင်ရှားလာကာ နီရဲသော ကြာပန်းမီးလျှံ ၃၂ပွင့်အဖြစ် ပြောင်းလဲသွားပြီး အရိုးစုမိစ္ဆာ၏ ခန္ဓာကိုယ်ကို စတင်၍ လောင်မြိုက်စေရာ တမြည့်မြည့်နှင့် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
ယောင်ကျန်းရင်သည် ဝတ်ရုံလက်စကို ယဉ်ကျေးစွာ ခါလိုက်သည်။ သူ၏ ရေခဲဝိညာဉ်အပ်များမှာ စစ်မြေပြင်ကို ဝန်းရံထားသော နဂါးများကဲ့သို့ လေထဲတွင် ဝဲပျံနေလေသည်။
ပုံမှန်အားဖြင့် အေးစက်ခက်ထန်လေ့ရှိသော ယောင်ချီမြင့်မြတ်နယ်မြေ၏ နန်းဆောင်သခင်မပင် လေသံထဲတွင် ရှားရှားပါးပါး ပျော်ရွှင်ရိပ် အနည်းငယ် ပါဝင်နေ၏။
“ကျန့်ဝူ ဟင်းလင်းပြင်ဓားအသိက တကယ်ပဲ ကောလာဟလတွေအတိုင်း ထူးခြားတာပဲ။ တာအိုမိတ်ဆွေကျန်းသာ ဒီရွံရှာစရာ သတ္တဝါကို ရှေးဟောင်းသချိုင်းမြေထဲကနေ အစွမ်းကုန် မောင်းမထုတ်ပေးခဲ့ရင် သူ့ရဲ့ အသက်အန္တရာယ်ရှိတဲ့ အားနည်းချက်ကို ကျွန်မ ရှာတွေ့နိုင်မှာ မဟုတ်ဘူး...”
ကျန်းယိပိုင်က အရိုးစုမိစ္ဆာမှာ အင်အားကုန်ခန်းကာ ပိတ်မိနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
အခြေအနေက စိတ်ချရလေပြီ။
သူ၏ တင်းမာနေသော အာရုံကြောများ နောက်ဆုံးတွင် လျော့ကျသွား၏။
သို့သော် ယောင်ကျန်းရင်၏စကား မဆုံးသေးမီမှာပင် သူ၏ လက်ချောင်းထိပ်များမှ ချမ်းစိမ့်စိမ့် အလင်းတန်းတစ်ခု ရုတ်တရက် ပန်းထွက်လာ၏။
အရိုးစုမိစ္ဆာကို ချုပ်နှောင်ထားသော ရေခဲဝိညာဉ်အပ်များမှာ ရုတ်တရက် လမ်းကြောင်း ပြောင်းကာ ကျန်းယိပိုင်၏ အရေးကြီးသော အကြောကွက်များဆီသို့ မိုးသက်မုန်တိုင်းကဲ့သို့ ကျဆင်းလာတော့သည်။
ရွှီ... ရွှီ... ရွှီ...
အလစ်တိုက်ခိုက်မှုမှာ မြန်လွန်းလှ၏။
ကျန်းယိပိုင် အန္တရာယ်ကို သတိပြုမိလိုက်သည့် ခဏမှာပင် ဓားများကို ချက်ချင်း ပြန်ရုပ်သိမ်း လိုက်ပြီး အရေးကြီးသော နေရာများကို ကာကွယ်ရန် ကိုယ်ဟန်ကို အတင်းအကျပ် ပြောင်းလဲ လိုက်ရသည်။ သူ၏ အစစ်အမှန် အနှစ်သာရများမှာ ခန္ဓာကိုယ်အတွင်း ပြောင်းပြန် စီးဆင်း၍ သွားသဖြင့် လည်ချောင်းထဲ သတ္တုအရသာတစ်ခု တက်လာ၏။
ယင်ယန်အမြွှာဓားမှာ သူ့ရှေ့တွင် ထိုးဖောက်မရသော ဓားကွန်ရက်တစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် သူ့ကို တိုက်ခိုက်သူက တခြားသူမဟုတ်။ သူ့လိုပင် မဟာတက်လှမ်းခြင်းအဆင့် ရောက်နေသော ယောင်ကျန်းရင် ဖြစ်နေ၏။
အပ်အများစုကို ဖယ်ရှားနိုင်ခဲ့သော်လည်း အပ်၇ချောင်းမှာမူ လွတ်ထွက်သွားပြီး သူ၏ ညာဘက်ပုခုံးရှိ ထျန်းကျုံးအကြောကွက်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နောက်ကျောဘက်မှ ဆိုးယုတ်သော လေပြင်းတစ်ချက် တိုးဝင်လာ၏။
မည်သည့်အချိန်က နောက်ကို ရောက်သွားမှန်း မသိရသော ဆရာတော် ဖန်ယဲ့သည် တောက်ပနေသော အနီရောင် 卍 အမှတ်အသားကို ကျန်းယိပိုင်၏ကျောပေါ် ဖိကပ်လိုက်သည်။
ဝုန်း...
ကျန်းယိပိုင်၏ နောက်ကျောတွင် ကြက်သွေးရောင် ကြာပန်းမီးလျှံတစ်ခု ပေါက်ကွဲသွား၏။
သူ၏ လရောင်တာအိုဝတ်ရုံမှာ ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားကာ ကျွမ်းနေသော သွေးစိုနေသည့် အသားစများ ပေါ်လာခဲ့သည်။
“မင်းတို့တွေ... အဟွတ်...”
ကျန်းယိပိုင် ယိုင်နဲ့သွားပြီး ဒူးတစ်ဖက် ထောက်ကျသွားသည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး ဓားသွားနှင့် ထိတွေ့မိသောအခါ မြူခိုးများအဖြစ် လွင့်ပျံသွားလေသည်။
သူ၏ အကြည့်မှာ ချော်ရည်ကန်ဆီသို့ ရောက်သွား၏။ ထိုနေရာတွင် အရိုးစုမိစ္ဆာ၏ ပုံရိပ်မှာ လေထဲတွင် ပျောက်ကွယ်နေပြီ ဖြစ်သည်။
၎င်း၏ မျက်ဝန်းမှ အပြာရောင် ဝိညာဉ်မီးလျှံများမှာ မြွေငယ်နှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ယောင်ကျန်းရင်၏ ဝတ်ရုံလက်စ အထဲသို့ နာခံစွာ ဝင်ရောက်သွားကြ၏။
ဆရာတော် ဖန်ယဲ့၏ နူးညံ့သိမ်မွေ့သော မျက်နှာထားမှာ ယခုအခါ လှောင်ပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကဲ့ရဲ့လိုက်သည်။
“ကျန်းယိပိုင်... ငါနဲ့ ယောင်ကျန်းရင် မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်လေးကို သဘောကျရဲ့လား။”
သူ၏ လက်ချောင်းထိပ်ရှိ ကြက်သွေးရောင် ကြာပန်းမီးလျှံမှာ ကျန်းယိပိုင်၏ နောက်ဆုံး ကျန်ရှိနေသော ရွှေရောင်အကာအကွယ် အလင်းတန်းကို လောင်ကျွမ်းပစ်လိုက်၏။
“မင်းက အဲဒီတုန်းက ငါတို့ရဲ့ အစီအစဉ်ကို ကန့်ကွက်ခဲ့တယ်။ ကောင်းကင်ဘုံနိယာမတွေ စကြဝဠာဟန်ချက်တွေအကြောင်း လျှောက်ပြောနေခဲ့တာ။ ကျန်းယိပိုင်... ကောင်းကင်ကြီးက ပြိုကျနေပြီကွ။ မင်းက ဟန်ချက်အကြောင်း တကယ်ပဲ ဂရုစိုက်နေတုန်းလား။ ငါတို့ လမ်းစဉ်ချင်း မတူဘူး။ အဲဒီတော့ နောက်လာမယ့် ကိစ္စတွေအတွက် မင်းကို ဒီအတိုင်း လွှတ်ပေးလို့ မရဘူး။”
ယောင်ကျန်းရင်က ရေခဲသလင်းကျောက် စင်မြင့်တစ်ခုပေါ်သို့ သာသာယာယာ ဆင်းသက် လိုက်သည်။ သူ၏ ကျောက်စိမ်း ဆံထိုးမှာ သုံးပေရှည်သော အပြာရောင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
ဓားသွား၏ အလင်းပြန်မှုတွင် သူ့မျက်ဝန်းမှ အေးစက်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။
“မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ သွေး၊ အသားနဲ့ ဝိညာဉ်၊ ပြီးတော့ ကျန့်ဝူဓားလိုမျိုး နတ်ဘုရားလက်နက်နဲ့ ပေါင်းစပ်လိုက်ရင်တော့ မသေမျိုးတံခါးကို ခေါက်ဖို့ လုံလောက်သွားပြီပေါ့။”
သူ၏ ဝတ်ရုံလက်စထဲမှ ကြေးဝါဝိညာဉ်မီးအိမ်နှစ်လုံးကို ထုတ်ယူလိုက်၏။
တစ်လုံးထဲတွင် အရိုးစုမိစ္ဆာ၏ ဝိညာဉ်မီးလျှံ ရှိနေသည်။
အခြားတစ်လုံးမှာမူ အလွတ်ဖြစ်သည်။ ကျန်းယိပိုင်အတွက် ပြင်ဆင်ထားခြင်းမှာ အသိအသာပင်။
“ဒါက မင်းတို့ရဲ့ အစီအစဉ်ပေါ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရိုးစုမိစ္ဆာရဲ့ တည်နေရာက ဘာလို့ ရုတ်တရက် ပေါ်ထွက်လာတာလဲ။ ပြီးတော့ သူကပါ တိုက်တိုက်ဆိုင်ဆိုင် အခန်းပိတ် ကျင့်ကြံ နေတာလဲဆိုတာ မဆန်းတော့ဘူးပဲ။”
ကျန်းယိပိုင်က ခါးသီးစွာ ရယ်မောလိုက်၏။
၎င်းမှာ ကံကောင်းမှုတစ်ခု၊ မိစ္ဆာကိုသတ်ပြီး ကျန့်ဝူ ဟင်းလင်းပြင်ဓားအသိကို ပိုမို၍ နားလည်ရန်အတွက် ကုသိုလ်ရမည့် အခွင့်အရေးဟု သူ ထင်ခဲ့မိသည်။
အကျိုးအမြတ်အားလုံးကို သူတစ်ယောက်တည်း ယူရန် စီစဉ်ထားခဲ့သည်။
သို့သော် ဆရာ်တော် ဖန်ယဲ့နှင့် ယောင်ကျန်းရင်တို့က အတင်း လိုက်ပါလာခဲ့ကြသည်။
သူက သဘောထားကြီးခဲ့၏။ မျှဝေရန် သဘောတူခဲ့သည်။
၎င်းတို့အားလုံးမှာ ထောင်ချောက်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မိခဲ့။
သို့သော်...
သူ၏ သွေးစွန်းနေသော လက်ချောင်းများမှာ ရုတ်တရက် ရင်ဘတ်ထဲသို့ ထိုးစိုက်ဝင်သွား၏။
ဖြောက်ခနဲ အသံနှင့်အတူ တစ်ခုခု ကျိုးပျက်သွားခဲ့သည်။
သူ၏ လက်ချောင်းများကြားမှ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများ ပန်းထွက်၍ လာခဲ့သည်။
ဧရာမ ထိုက်ကျိပုံရိပ်ကြီးတစ်ခုက လျို့ဝှက်နယ်မြေ၏ ကောင်းကင်ယံထက်တွင် ဖြန့်ကျက်၍ သွားခဲ့သည်။
“ငါက ယင်ယန် ဟင်းလင်းပြင်ဓားအသိကို အနှစ် ၃၆၀၀လုံးလုံး နားလည်အောင် လုပ်ခဲ့တာ... ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်ကိုယ်တိုင်ကို ဓားအဖြစ် တစ်ခါမှ မသုံးခဲ့ဖူးသလို ယင်ယန်တာအိုရဲ့ နယ်နိမိတ်အထိ ရောက်တဲ့ တိုက်ခိုက်မှုမျိုးကိုလည်း တစ်ခါမှ မထုတ်ဖော်ခဲ့ဖူးဘူး...”
သူ၏ စွမ်းအင်ဖိအားကြောင့် မြေပြင်မှာ ပြိုကျသွားပြီး အနက်ရှိုင်းဆုံး ချောက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ကျန်းယိပိုင်၏ ခန္ဓာကိုယ်မှာ ထိုချောက်ထဲသို့ ကျဆင်းသွားပြီး သူ၏ စုတ်ပြတ်နေသော ဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေလေသည်။
ထို့နောက် သူ၏ တင်းတင်းပိတ်ထားသော မျက်ဝန်းများ ပွင့်လာ၏။
မျက်လုံးတစ်ဖက်မှာ ယင်၊ အခြားတစ်ဖက်တွင် ယန်။
ထိုမျက်ဝန်းများအတွင်းတွင် တာအိုများ စီးဆင်းနေ၏။
“ဒီနေ့... ကျန့်ဝူဂိုဏ်းရဲ့ ကျန်းယိပိုင်က ဒီကျိုးပဲ့နေတဲ့ ခန္ဓာကိုယ်ကို သုံးပြီး... မင်းတို့ နှစ်ယောက်လုံးကို ငရဲပို့ပေးမယ်...”
ဖြောက်...
သွေးရောင်လွှမ်းသော ကောင်းကင်ကြီး အက်ကွဲသွား၏။
ချောက်ကမ်းပါး အထက်တွင် လွင့်မျောနေသော ကျန်းယိပိုင်၏ သွေးစိုနေသော ဝတ်ရုံဖြူမှာ မမြင်ရသော လေပြင်းကြောင့် တဖျပ်ဖျပ် လွင့်နေသည်။
အစစ်အမှန်ဓားများမှာ သူ၏ မျက်ခုံးအထက် သုံးလက်မခန့်တွင် လွင့်မျောနေပြီး ဓားသွားများ အပေါ်တွင် လည်ပတ်နေသော ယင်ယန်စွမ်းအင်များ ထင်ဟပ်နေ၏။
“အနှစ် ၃၀၀၀လောက် တွေးတောခဲ့တာ။ ဒီနေ့ကျမှပဲ ငါက ဟင်းလင်းပြင်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်တော့တယ်။”
သူက နှုတ်ခမ်းထောင့်မှ ရွှေရောင်သွေးများကို သုတ်ရင်း ရယ်မောလိုက်သည်။
သူက လက်ချောင်းထိပ်များက ဓားသွားကို ပွတ်သပ်လိုက်သောအခါ၊ သူ၏ ညာဘက် လက်မောင်းတစ်ခုလုံး မီးတောက်လာသည်။ အဖြူနှင့် အမည်း မီးလျှံများမှာ ရောယှက်နေ၏။
ဆရာတော် ဖန်ယဲ့၏ ရင်ဘတ်မှာ ထိတ်လန့်မှုကြောင့် တုန်တက်သွားသည်။
သူ၏ ကွင်းကိုးကွင်းပါ လက်ကိုင်တုတ်မှာ မမြှောက်နိုင်ခင်မှာပင် အရည်ပျော်ကျသွား၏။
“ဆုတ်တော့... ဒါက...”
စကားမဆုံးခင်မှာပင် ယောင်ကျန်းရင်၏ ရေခဲဝိညာဉ်အပ်များမှာ ဘာမှမရှိတော့ဘဲ ပျောက်ကွယ် သွားသည်။
သူတို့အောက်တွင် ပေတစ်သောင်းကျယ်သော ဧရာမ ထိုက်ကျိပုံရိပ်ကြီး ဖြန့်ကျက်လာပြီး ယခုအခါတွင် ယင်ယန်အရောင် ပြောင်းသွားသော ကောင်းကင်နှင့် ထပ်တူကျနေ၏။
ကျန်းယိပိုင် ကိုယ်တိုင်က ဓားတစ်လက် ဖြစ်သွားလေပြီ။
လျို့ဝှက်နယ်မြေတစ်ခုလုံးမှာ သူ၏ ပတ်ဝန်းကျင်တွင် လိမ်ရှုံ့ကာ ပြိုလဲလာတော့သည်။
ယင်ယန်ဟင်းလင်းပြင် ဓားအသိ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်မှာ အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားပြီး ကမ္ဘာမြေ၏ တည်ဆောက်ပုံမှာလည်း ထိုစွမ်းအားအောက်တွင် လိမ်ဖည်၍ သွားခဲ့သည်။
“ယင်ယန်ဟင်းလင်းပြင်... လှည့်စားမှုအားလုံးကို ဖျက်ဆီးပြီး အမှန်တရားကို ဖော်ထုတ်စမ်း...”
ထိုနောက်ဆုံး တိုးတိုးလေး ပြောလိုက်သံနှင့်အတူ အစစ်အမှန်ဓားမှာ ဘာမှမရှိတော့ဘဲ ပျောက်ကွယ်သွား၏။
ဓားအလင်းမရှိ။ အသံလည်း မရှိပေ။
တာအိုကိုယ်တိုင်သာ ကောင်းကင်ဘုံတစ်ခွင် ပဲ့တင်ထပ်နေ၏။
ထို့နောက်... ကမ္ဘာလောကကြီး ဖျက်ဆီးခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ချင်းယွန်ဘုံ၌....
အမည်မသိ နက်ရှိုင်းသော ရေကန်တစ်ခုတွင် ရေများ ရုတ်တရက် ဆူပွက်လာသည်။
ယင်ယန်စွမ်းအင်များ ရစ်ပတ်နေသော ကြည်လင်သည့် ဓားအရိပ်တစ်ခု ပေါ်ထွက်လာ၏။
ဓားဦးဖျားတွင်မူ...
မှိန်ဖျဖျ တဖျပ်ဖျပ် တောက်နေသော ဝိညာဉ်မီးလျှံလေးတစ်ခု ကခုန်နေသည်။
“ကျန့်ဝူဧကရာဇ်က ဒီလောက်အလွယ်လေးနဲ့ ဘယ်လိုလုပ် သေနိုင်မှာလဲ။”
...