အခင်းအကျင်းကို ဖြိုခွဲခြင်း
Vol. 22 Ch. 220
ကျန့်ဝူမြင့်မြတ်နယ်မြေ၏ အရှင်သခင် ကျန်းယိပိုင် ပျောက်ဆုံးသွားသည့်သတင်းမှာ မဟာလျို့ဝှက်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားချိန်တွင် အရန်လျို့ဝှက်နယ်မြေအတွင်းရှိ ရှေးဟောင်းဂိုဏ်းမှ အပျက်အစီးများ၌ ဖြစ်ပွားနေသော တိုက်ပွဲမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျင့်ကြံသူများ၏ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် အခင်းအကျင်း၏ အားပျော့စေသော အာနိသင်များကို အလူးအလဲ ခံစားနေရသည့် ကြားမှ ရှေ့တန်းစစ်မျက်နှာကို ကြေးတံခါးကြီးသို့ အရောက် တွန်းပို့နိုင်ခဲ့ကြသည်။ ယခုအချိန်တွင် အဝင်ဝကို စောင့်ကြပ်နေသည့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အကြွင်းအကျန် အရေအတွက်မှာ အနည်းငယ်သာ ကျန်တော့လေသည်။
၎င်းမှာ အစပိုင်းတွင် စုန့်ချီယွဲ့၏ ရှေ့တန်းမှ ဦးဆောင်မှုနှင့် နောက်ပိုင်း အခင်းအကျင်း အပြင်ဘက်မှ ဝင်ရောက်လာသော ချင်းလော်ဖုန်းကြောင့် ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ် ကောင်းသော ဟင်းလင်းပြင်ဓားအသိက ဂိုဏ်းတပည့်များ အပေါ်သို့ ကျရောက်နေသော ဖိအားများကို သိသိသာသာ လျော့ပါးသွားစေခဲ့သည်။
“အဟက်... မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အကြွင်းအကျန်လေးတွေပါပဲ။ ဘာမှ ထူးခြားတာ မဟုတ်ပါဘူး...” ကြေးတံခါးကြီးရှေ့တွင် ရပ်နေရင်း ဂိုဏ်းတပည့်အချို့က ကျန်ရှိနေသော မိစ္ဆာရိပ် ၆ခုကို ကဲ့ရဲ့လိုက်ကြသည်။ “အထဲမှာ နည်းနည်းပဲ ကျန်တော့တာ။ ငါတို့ရဲ့ လူအင်အားနဲ့ ဆိုရင် သူတို့ကို အလွယ်တကူ နင်းခြေပစ်လို့ရတယ်...”
“တာအိုမိတ်ဆွေလီ ပြောတာ မှန်တယ်။ ဒီထက် နည်းနည်း ပိုပြီးတော့ အစွမ်းထက်တဲ့ မိစ္ဆာအကြွင်းအကျန်တွေတောင် ရွှေရောင်အနှစ်သာရအဆင့် အထွတ်အထိပ်မှာပဲ ရှိတတာ။ နတ်မိမယ်စုန့်နဲ့ တာအိုမိတ်ဆွေချင်းတို့ပါ ရှိနေမှတော့ သူတို့ကို နှိမ်နင်းဖို့က ဘာမှ မခက်ဘူး။”
အားလုံး ကြွားလုံးထုတ်နေစဉ် စုန့်ချီယွဲ့နှင့် ချင်းလော်ဖုန်းတို့၏ မျက်နှာများ ညိုမှောင်၍ သွားကြသည်။
ချင်းလော်ဖုန်းက အထက်တွင် လိပ်တက်နေသော သွေးရောင်တိမ်တိုက်များကို မော့ကြည့်ပြီး လက်ထဲမှ ဓားအိမ်ကို တင်းတင်းဆုပ်လိုက်ရာ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာ၏။
ချိပ်ပိတ် အခင်းအကျင်းအတွင်း၌ မရေမတွက်နိုင်သော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အကြွင်းအကျန်များမှာ လက်မချင်းစီ အက်ကွဲပျက်စီးလာသည်။ အရိုးများကြားမှ မိစ္ဆာမီးလျှံများ ထွက်ပေါ်လာပြီး မြေပြင်သို့ မကျရောက်မီမှာပင် ပြာအဖြစ် ပြောင်းလဲသွားကြသည်။
ထိုသန့်စင်သော မိစ္ဆာစွမ်းအင်အားလုံးက ကြေးတံခါးနောက်ကွယ်ရှိ မိစ္ဆာရိပ် ၆ခုဆီသို့ မြစ်ရေများ ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ အပြင်းအထန် စီးဝင်သွားကြသည်။ သူတို့၏ လိမ်ဖည်နေသော ပုံရိပ်များမှာ အားလုံး၏ မျက်စိရှေ့တွင်ပင် လျင်မြန်စွာ အသွင်ပေါ်လာပြီး ရှေးဟောင်း သွေးရောင် မိစ္ဆာပုံရိပ်များမှာ လှုပ်ခတ်ပေါ်ထွက်လာကာ ရှေးဟောင်းသားရဲကြီး တစ်ကောင် လှောင်အိမ်ထဲမှ ရုန်းထွက်တော့မည့် အတိုင်းပင်။
“စုန့်ချီယွဲ့၊ ဟွေ့ခုန်းရဲ့ ဒဏ်ရာတွေ သက်သာဖို့ ဘယ်လောက်လောက် ထပ်စောင့်ရဦးမလဲ။” ချင်းလော်ဖုန်းက တုန်ခါနေသော ဓားသေတ္တာကို ဖိနှိပ်ထားရင်း စိုးရိမ်တကြီး မေးလိုက်သည်။
“ချင်းလော်ဖုန်း၊ ငါ့ကို မေးနေလို့ရော ဘာထူးမှာလဲ။” စုန့်ချီယွဲ့က နှာခေါင်းရှုံ့လိုက်သည်။ “ဟွေ့ခုန်းကို ဒဏ်ရာရအောင် လုပ်တာ ငါမှ မဟုတ်တာ။ သူ့ဒဏ်ရာက ပြင်းတယ်။ ငါ့တပည့်တွေ ကိုလည်း သူ့ကို ကုသပေးဖို့ အမိန့်ပေးထားပြီးပြီ။ နင်က နှေးတယ်လို့ ထင်ရင် ဒီလိုလုပ်။ နင် ကြေးတံခါးထဲက မိစ္ဆာတွေကို သွားရင်ဆိုင်။ ငါက ဟွေ့ခုန်းကို သွားကုပေးမယ်။ ဘယ်လိုလဲ။”
ချင်းလော်ဖုန်းက ကြေးတိုင်ကြီး၏ အောက်ခြေကို လှမ်းကြည့်လိုက်၏။
ယောင်ချီဂိုဏ်းမှ တပည့်သုံးဦးက ဆရာတော် ဟွေ့ခုန်းကို ဝိုင်းပတ်ကာ တင်ပျဉ်ခွေထိုင်နေကြပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖယ်ရှားရန် စွမ်းအင်များ ပေးပို့နေကြလေသည်။
“မင်း ကုမယ်ဆိုရင် ဘယ်လောက်ကြာမလဲ။” ချင်းလော်ဖုန်းက မေးလိုက်သည်။
“အမွှေးတိုင် တစ်တိုင်စာပေါ့။” စုန့်ချီယွဲ့က အေးစက်စွာ ပြန်ဖြေသည်။
“ကောင်းပြီ...” ချင်းလော်ဖုန်းက ဓားသေတ္တာကို ရိုက်လိုက်၏။
ချက်ခနဲ အသံနှင့်အတူ ယင်ယန်အမြွှာဓားများမှာ ဓားအိမ်မှ ထွက်လာပြီး သူ၏လက်ထဲသို့ ကျရောက်လာခဲ့သည်။
“အမွှေးတိုင် တစ်တိုင်စာပဲနော်...” သူ၏ အသံမှာ သတ္တုချင်း ထိခိုက်သံကဲ့သို့ ဟိန်းထွက်၍ သွားခဲ့သည်။ စကား မဆုံးသေးမီမှာပင် သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ ပေ၁၀၀ခန့် အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။
ကြေးတံခါးအတွင်းမှ ခရမ်းရောင်သန်းသော မိစ္ဆာမီးလျှံများ ပန်းထွက်လာခဲ့သည်။ မိစ္ဆာရိပ် ၆ခုမှာ ယခုအခါ ရှေးဟောင်းမိစ္ဆာများ၏ အမှတ်အသားများ ရှိနေကြပြီ ဖြစ်သည်။
၎င်းတို့အထဲမှ နှစ်ကောင်က ချင်းလော်ဖုန်းကို စိုက်ကြည့်လိုက်ရာ သူတို့၏ မျက်ဝန်းများမှာ လည်ပတ်နေသော ကြက်သွေးရောင် ဝဲဂယက်များအဖြစ် တောက်လောင်လာ၏။
တစ်ကောင်က မိစ္ဆာဓားကို ကိုင်ဆောင်ထားသည်။
အခြားတစ်ကောင်က သွေးရောင် တံစဉ်းကြီးကို ဝှေ့ယမ်းနေသည်။
၎င်းတို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ပေ၃၀၀ပတ်လည်အတွင်းရှိ ကျောက်ပြားများမှာ ကြက်သွေးရောင် သဲပွင့်များအဖြစ် ကြွေမွသွားကြ၏။
ညစ်ညမ်းသော လေပြင်းတစ်ချက်မှာ အခြေတည်ဝိညာဉ်အဆင့်၏ ဖိအားများနှင့်အတူ စစ်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
အနီးနားရှိ ဂိုဏ်းတပည့် ၁၀၀ကျော်မှာ ချက်ချင်းပင် သွေးအန်ကာ နောက်သို့ ယိုင်နဲ့သွားကြပြီး မျက်နှာများမှာ အကြီးအကျယ် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဒါ မဖြစ်နိုင်ဘူး။
အရန်လျို့ဝှက်နယ်မြေမှာ အခြေတည်ဝိညာဉ်အဆင့်အထက် ကျင့်ကြံသူတွေ ဝင်ရောက်ခွင့်ကို တားမြစ်ထားတာလေ။ အဲဒီအဆင့်ရှိတဲ့ ဘယ်သူဆို အတင်းအကျပ် မောင်းထုတ်ခံရမှာပဲ။
ဒါကြောင့်လည်း အရန်လျို့ဝှက်နယ်မြေထဲမှာ အခြေတည်ဝိညာဉ်အဆင့်ထက် ကျော်လွန်တာ ဘာမှမရှိနိုင်ဘူးလို့ အားလုံးက ယူဆခဲ့ကြတာလေ။
ဒါပေမဲ့ အခုတော့... အခြေတည်ဝိညာဉ်အဆင့်ရှိတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အကြွင်းအကျန်တွေ ပေါ်လာပြီ...
သူတို့ မျက်စိရှေ့တွင်ပင် ထိုအကြွင်းအကျန်များမှာ ရွှေရောင်အနှစ်သာရအဆင့် အထွတ်အထိပ်မှ အခြေတည်ဝိညာဉ်အဆင့်သို့ ဖောက်ထွက်သွားကြခြင်းပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ထောင်လွှားမှုနှင့် ယုံကြည်မှုအားလုံးမှာ ဖန်ခွက်တစ်လုံး ကဲ့သို့ပင် အစိတ်စိပ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ချင်းလော်ဖုန်း အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သော်လည်း မိစ္ဆာစွမ်းအင်မှာ သူ၏ ဆံပင်နက်များကို ၃လက်မခန့် ဖြတ်တောက်သွားခဲ့သည်။ ပြတ်တောက်သွားသော ဆံစများ လေထဲတွင် လွင့်စင်သွားစဉ် သူ၏ အရှိန်မှာ ရုတ်တရက် မြင့်တက်လာ၏။
ယင်ယန်အမြွှာဓားကို ကြက်ခြေခတ်ယှက်လိုက်ကာ အလင်းနှင့်အမှောင် ရောယှက်နေသော လမ်းကြောင်းတစ်ခုကို ခုတ်ထွင်လိုက်သည်။
သူ၏ ဓားအရှိန်အဝါနှင့် မိစ္ဆာစွမ်းအင်တို့ ထိတွေ့မိသည့် ခဏမှာပင်...
ဝုန်း...
မြေအောက်နန်းတော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကျိုးပဲ့နေသော အုတ်ခဲ အစအနများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားကုန်သည်။
ချင်းလော်ဖုန်း ကြေးတံခါးထဲသို့ ပြေးဝင်သွားသည်ကို ကြည့်ရင်း စုန့်ချီယွဲ့၏ နှုတ်ခမ်းဖျားတွင် မသိမသာ လှောင်ပြုံးတစ်ခု ပေါ်လာ၏။
သူက ဝတ်ရုံရှည်ကို ပြင်ဝတ်လိုက်ပြီးနောက် ဆရာ်တော် ဟွေ့ခုန်း၏ ဘေးတွင် ထိုင်ချလိုက်ကာ စွမ်းအင်များ ပေးပို့ရန် ပြင်ဆင်လိုက်သည်။
ဟွေ့ခုန်းက မျက်လုံးကို အနည်းငယ် ဖွင့်လိုက်၏။ သူတို့က အကြည့်ချင်း ခဏမျှ ဆုံသွားကြပြီး စကားလုံးများ မလိုဘဲ အချင်းချင်း နားလည်မှု ရယူလိုက်ကြသည်။
အချို့သော ဂိုဏ်းတပည့်များက ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
အချို့သော သတ္တိရှိသူများမှာမူ ချင်းလော်ဖုန်းကို ကူညီရန် ကျန်ရစ်ခဲ့သည်။
ထိုသူများထဲတွင် သေးငယ်သော ပုံရိပ်တစ်ခုမှာ ရေဆန်ကို တိုးဝှေ့သကဲ့သို့ လူအုပ်ကြီးကို ဖြတ်ကျော်ကာ ကြေးတံခါးဆီသို့ တည့်တည့် ပြေးဝင်နေ၏။
[ မင်း။ ရူးနေတာလား။ အခြေတည်ဝိညာဉ်အဆင့်ရှိတဲ့ မိစ္ဆာအကြွင်းအကျန် ၆ကောင်တောင် ရှိတာနော်... ]
မိုရှုမိန်၏ ခါးတွင် ချိတ်ထားသော မိစ္ဆာဓားမှာ ပြင်းထန်စွာ တုန်ခါနေ၏။
[ အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာ၆ကောင်ဆိုတာ ဆိုးနေပြီ။ မင်းက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူမို့လို့ သူတို့ မင်းကို အရင်ဆုံး မတိုက်ခိုက်ဘူးဆိုရင်တောင် ချင်းလော်ဖုန်းက အဲဒီမှာ ရှိနေသေးတယ်။ သူက မင်းကိုလည်း အဲဒီမိစ္ဆာတွေလိုပဲ ပိုင်းဖြတ်ပစ်လိမ့်မယ်...]
“ပါးစပ်ပိတ်ထား...” မိုရှုမိန်၏ မျက်လုံးများမှာ နိုးထခြင်း မရှိသေးသည့် မိစ္ဆာအကြွင်းအကျန် တစ်ကောင်ဆီ စိုက်ကြည့်နေသည်။
ထိုတစ်ကောင်မှာ ဓားနက်ကြီးတစ်လက် ကိုင်ထားပြီး ၎င်းမှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအင်များ ကြားတွင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါတစ်ခုမှာ ကောင်းကင်သို့ ဟိန်းတက်နေ၏။
ထိုဓားအရှိန်အဝါက...
သူ လေ့ကျင့်နေသည့် အတတ်နှင့် တစ်ထပ်တည်း ကျနေသည်။
ပို၍ အရေးကြီးသည်မှာ ထိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူထံတွင် ရက္ခိုက်နှလုံးသားသိုင်း ကျမ်း၏ အရှိန်အဝါကို ခံစားနေရခြင်းပင်...
ရက္ခိုက်နှလုံးသားသိုင်းကျမ်းကို ဆက်လက် ကျင့်ကြံနိုင်မှသာ မိစ္ဆာဓားကို နှိမ်နင်းနိုင်ပေမည်။
သူက ၎င်း၏ ရုပ်သေးရုပ် မဖြစ်လိုပေ။
လွတ်လပ်မှုအတွက်...
ရှင်သန်ဖို့အတွက်...
အသက်နဲ့ လဲရရင်တောင် ဘာဖြစ်လဲ။
[ ငါ့ကို ချထားခဲ့... မင်းနဲ့အတူ အသေမခံချင်ဘူး... ]
“ရှင် ကျွန်မကို ကူညီရမယ်...” မိုရှုမိန်က ဓားကို တင်းတင်းဆုပ်ကိုင်ကာ အရှိန်မြှင့်လိုက်သည်။
သူက လူအုပ်ထဲမှ ခွဲထွက်လိုက်ပြီး တိုက်ပွဲဖြစ်နေသော ချင်းလော်ဖုန်းနှင့် မိစ္ဆာနှစ်ကောင်ကို ကျော်ဖြတ်ကာ ကြေးတံခါးထဲသို့ တိုက်ရိုက် ပြေးဝင်သွား၏။
[ ကူညီရမှာလား။ ဆုတောင်းလေ...]
“ရှင် မကူညီရင် ရှင့်အဖေဆီ အခုပဲ ပို့ပေးလိုက်မယ်...”
မိုရှုမိန်က သူ၏ဓားဖြင့် နိုးထခြင်းမရှိသေးသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို တည့်တည့် ညွှန်ပြလိုက်သည်။
၎င်းမှာ သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးပင်။
အဲဒီအကောင် သတိမရလာခင် ဝိညာဉ်ချောက်နက်ကို ဓားအိမ်ထဲကနေ ထွက်လာအောင် လုပ်ရမယ်။
[ ငါ့မှာ အဖေမရှိဘူးဟ... ]
ဝိညာဉ်ချောက်နက်က ရုန်းကန်နေ၏။
“အဲဒါဆိုရင် ရှင့်ကို ဓားကျောင်းတော်ဆီ ပို့ပစ်မယ်...”
ရွှမ်း... ချွမ်း...
စူးရှသော အသံနှင့်အတူ ဝိညာဉ်ချောက်နက်မှာ အတင်းအကျပ် ဓားအိမ်မှ ထွက်လာခဲ့သည်။
မြေအောက်နန်းတော်အတွင်း၌ ညှဉ်းပန်းနှိပ်စက်ခံထားရသော ဝိညာဉ်ပေါင်း ထောင်သောင်းချီ၏ အော်ဟစ်ငိုကြွေးသံများ ပဲ့တင်ထပ်သွား၏။
ဓားသွားတွင် ပတ်ထားသော သံကြိုးများမှာ လက်မချင်းစီ ကြွေမွ၍ ပျက်စီးသွားပြီး ငရဲပြည်မှ ရေများကဲ့သို့ ထူထဲလှသော သွေးရောင် ဒီရေလှိုင်းတစ်ခုမှာ ဓားအိမ်မှ ပန်းထွက်လာကာ ဓားတစ်လက်လုံးကို ဖြည်းဖြည်းချင်း ဖုံးလွှမ်း၍ သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုမိစ္ဆာအရှိန်အဝါကြောင့် တိုက်ပွဲအလယ်သို့ ရောက်နေသော ချင်းလော်ဖုန်းပင် ခဏမျှ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။
သို့သော် သူ နောက်လှည့်ကြည့်ရန် အချိန်မရှိနေပေ။ မိစ္ဆာအကြွင်းအကျန်များ၏ အဆက်မပြတ် တိုက်ခိုက်မှုများက သူ့ကို အသက်ရှူချောင်ခွင့် မပေးပေ။
သူ၏ ပါရမီနှင့် ဝှက်ဖဲအားလုံးကို သုံးထားသော်လည်း အခြေတည်ဝိညာဉ်အဆင့် ပြိုင်ဘက် နှစ်ဦးကို ရင်ဆိုင်ရာတွင် မနည်း ခုခံနေရသည်။
သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဟွေ့ခုန်း နိုးလာပြီး အခင်းအကျင်းကို ဖြေရှင်းပေးရန် ဖြစ်သည်။
သို့မဟုတ် အနည်းဆုံးတော့ ၎င်းကို ဖောက်ထွက်နိုင်ရန်ပင်။
…
အခင်းအကျင်း၏ အစွန်းတွင်မူ ရှုအန်သည် တိတ်တဆိတ်ပင် ပါရမီသုံးပါးဓားအခင်းအကျင်းကို ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။
“အချိန်တန်ပြီ...”
မိစ္ဆာစွမ်းအင်များအားလုံးသည် ကြေးတံခါးအတွင်းသို့ စုပ်ယူခံနေရသဖြင့် အခင်းအကျင်းမှာ အားအနည်းဆုံး အခြေအနေသို့ ရောက်နေသည်။
၎င်းမှာ သူ၏ အခွင့်အရေးပင်။
ရှုအန်က လျှာဖျားကို ကိုက်ကာ အခင်းအကျင်းအချပ်ပြားပေါ်သို့ သွေးများ ထွေးထုတ်လိုက်၏။
“ပွင့်စမ်း...”
....