အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အပိုင်း ( 409 )
ချက်ချင်းသတ်ဖြတ်ခြင်း
အောင်းချန်ရှန်း၏ အရှိန်အဝါသည် လျင်မြန်စွာ အားပျော့သွားခဲ့သည်။
သူကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သောကြောင့် အမှောင်ထဲတွင် ပုန်းအောင်းနေကြသည့် နတ်သားရဲများသည် စတင်၍ မငြိမ်မသက်ဖြစ်လာကြသည်။
“ အောင်းချန်ရှန်းက ဒဏ်ရာအပြင်းအထန် ရသွားပြီ “
“ ကြေးခန်းမက ဘိုးဘေးနဂါး ဂူသင်္ချိုင်းရဲ့ အဓိကနေရာပဲ၊ ရတနာတွေ အများကြီးရှိတယ်။ အောင်းချန်ရှန်းက အဲ့ထဲမှာ ရက်အတော်ကြာနေနေခဲ့တာဆိုတော့ သူက အကျိုးအမြတ်တွေ အများကြီးရထားမှာပဲ “
“ ဒါပင်မဲ့ ကြေးခန်းမက တော်တော်ကြီးကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ ရွှေကျီးကန်းနဲ့ အောင်းချန်ရှန်းတို့တွေ အကုန်လုံးက ရူးသွားကြတယ်၊ အဲ့ဒီအကျိုးသက်ရောက်မှုက ရှိနေဦးမလားဆိုတာကို ဘယ်သူကသိမှာလဲ? “
လူအုပ်ကြီး၏ မျက်လုံးများ လှုပ်ခတ်သွားကာ၊ လူတိုင်း တွေဝေတုံ့ဆိုင်းသွားကြသည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် အရင်ဦးဆုံး ရှေ့တက်လာခဲ့သည်။
၎င်းမှာ အောင်းဖီအဖြစ် အသွင်ပြောင်းထားသည့် နဂါးသားရဲကြီးပင် ဖြစ်သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ကျင်းလွမ်နှင့် တစ်ခြားလူများ စိတ်ဓာတ်တက်ကြွသွားကြသည်၊ သူ့အား မည်သူကမှ မတားဆီးခဲ့ပေ။
သူတို့သည် အောင်းဖီထံတွင် တိုက်ခိုက်ရေးစွမ်းအား ရှိ၊ မရှိဆိုသည်ကို မြင်တွေ့ချင်နေကြသည်။
အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက်သည် ဒဏ်ရာအပြင်းအထန် ရရှိထားမည်ဆိုလျှင်တောင်မှ တစ်ခြားသော နတ်သားရဲများကို အလွယ်တကူ ချေမှုန်းနေနိုင်ဦးမည် ဖြစ်သည်။
ယခုတွင် ၎င်းကို တစ်စုံတစ်ဦးမှ စမ်းသပ်ရန် ဆန္ဒရှိနေသောကြောင့် သူတို့သည် ပျော်ပျော်ရွှင်ရွှင် စောင့်ကြည့်နေကြမည် ဖြစ်သည်။
တစ်ချိန်ထဲမှာပင် နဂါးသားရဲကြီးသည် မြေပြင်ပေါ်ရှိ အောင်းချန်ရှန်းထံသို့ လျှောက်လှမ်းနေလျက်ရှိသည်။
သူသည် သူ့အရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
အောင်းချန်ရှန်းသည် ထိုနေရာတွင် မျက်လုံးများ ပိတ်၍ လှဲလျောင်းနေကာ၊ သူ၏အငွေ့အသက်မှာလည်း လုံးဝပျောက်ကွယ်နေခဲ့ပြီး အသက်မရှိတော့သည့်အတိုင်း ဖြစ်နေခဲ့သည်။
နဂါးသားရဲကြီးသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် စတင်၍ ရှာဖွေနေတော့သည်။
“ ဟမ်? ဒါက ဘာကြီးလဲ? “
မကြာခင်မှာပင် သူသည် အောင်းချန်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အစိမ်းရောင် ကျောက်စိမ်းဆေးပုလင်းတစ်လုံးကို ရှာတွေ့သွားခဲ့သည်။
“ ဖောက် !!! “
ပုလင်းအဖုံးကို ဆွဲထုတ်လိုက်ရာ၊ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ချက်ချင်း ထောင်တက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု ဖုံးလွှမ်းလာခဲ့သည်၊ ကြမ်းတမ်းသော်လည်း အသက်စွမ်းအင်များဖြင့် ပြည့်လျှံနေခဲ့သည်။
လှိုင်းလုံး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ မြက်ပင်နှင့် သစ်ပင်များသည် အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရှင်သန်ကြီးထွားလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ၁၀၀၀အချင်းရှိသည့် ဧရိယာတစ်ဝိုက်တွင် ပန်းပေါင်းစုံ ပွင့်လန်းလာခဲ့ပြီး၊ ပန်းဥယျာဥ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မွှေးရနံ့တစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
နဂါးသားရဲကြီး၏ စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားတော့သည် “ သစ်သား အသက်ဓာတ်လား? “
အငွေ့အသက် အနည်းငယ်မျှ စိမ့်ထွက်လာခြင်းကပင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိနေခဲ့သည်။
ဆေးပုလင်းထဲမှ အရာများ ပေါ်ထွက်လာမည်ဆိုပါက မည်ကဲ့သို့ ဖြစ်သွားလိမ့်မည်နည်း???
၎င်းသည် တကယ့်ရတနာတစ်ခုဖြစ်သည်။
နဂါးသားရဲကြီးသည် ပုလင်းကို လျင်မြန်စွာပိတ်လိုက်သည်၊ သူသည် ဤပုလင်းက သူ့အတွက် များစွာအသုံးဝင်နေမည် မဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်၊ သို့သော် ၎င်းမှာ မူလကိုယ်အတွက် အလွန်တရာ အသုံးတည့်နေမည် ဖြစ်သည်။
သူ၏မူလကိုယ်သည် နတ်စွမ်းရည်များ ဖွဲ့စည်းနေစဲဖြစ်သည်။
နဂါးသားရဲကြီးသည် အဆိုပါ ပုလင်းလေးကို သိမ်းဆည်းလိုက်ကာ ဆက်လက်၍ ရှာဖွေနေတော့သည်။
“ ဝှစ် ဝှစ် !!! “
ထိုအချိန်၌ ပုံရိပ်အများအပြားသည် အရှေ့သို့ ပြေးတက်လာကြသည်။
အားလုံးသည် အောင်းချန်ရှန်းက သူတို့အား အန္တရာယ် မပေးနိုင်တော့ဘူးဆိုသည်ကို နားလည်သွားကြပြီ ဖြစ်သည်။
သူတို့သည် အကျိုးအမြတ်အကုန်လုံးကို နဂါးသားရဲကြီးက ရရှိသွားမည်ကို မလိုချင်ကြပေ၊ ထို့ကြောင့် အလောတကြီး ရှေ့ထွက်လာခဲ့ကြသည်။
ထိုအချိန်မှာပင် တိုးညှင်းသော အော်ငေါက်သံတစ်ခု ပေါ်ထွက်လာခဲ့သည် “ ထွက်သွားစမ်း !!! “
နဂါးသားရဲကြီးမှ လူတိုင်းကို သတိပေးနေသကဲ့သို့ နဂါးဘုန်းတန်ခိုးကို ထုတ်လွှတ်လာခဲ့သည်၊ အကယ်၍ သူတို့ကသာ ဆက်၍ ချဥ်းကပ်လာနေဦးမည်ဆိုပါက သူသည် သူတို့ကို အညှာအတာမရှိ သတ်ဖြတ်ပစ်မည် ဖြစ်သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် လူတိုင်း အနည်းငယ် တွေဝေတုံ့ဆိုင်းသွားကြသည်။
သို့ရာတွင် ရှင်သန်ကျန်ရစ်ခဲ့ကြသူများမှာ အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲမျိုးနွယ်စု၏ အဖွဲ့ဝင်များဖြစ်ကြသော ကျောင်းချီနှင့် လူစီတို့ကဲ့သို့သော နတ်သားရဲများသာဖြစ်သည်။
သူတို့သည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုကို မကြောက်ကြပေ။
ထိုအချိန်တွင် ကျောင်းချီမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ အောင်းဖီ၊ အကျိုးအမြတ်တွေ အကုန်လုံးကို မင်းတစ်ယောက်တည်း ယူသွားလို့ လက်သည်းရှစ်ခု နဂါးမျိုးနွယ်စုက မင်းကို ပြဿနာလာရှာမှာကို မကြောက်ဘူးလား? “
လူစီမှာလည်း ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည် “ အဲ့တာတွေ အကုန်လုံးကို အပိုင်သိမ်းဖို့ ကြိုးစားမနေနဲ့၊ ငါတို့ ထွက်သွားတာနဲ့ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက မင်းကို ပစ်မှတ်ထားလာလိမ့်မယ် “
ကျင်းလွမ်မှ ကြင်နာစွာ အကြံပေးလာခဲ့သည် “ အောင်းဖီ၊ ဒါကို နင်တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူး နောက်ဆုတ်လိုက် “
သူမသည် အောင်းဖီနှင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ပြိုင်ဆိုင်နေခဲ့ပြီး၊ ပြိုင်ဘက်များဖြစ်သော်လည်း ခင်မင်ရင်းနှီးမှုများရှိနေခဲ့သည်၊ ထို့ကြောင့် ကြင်နာစွာ သတိပေးလာခဲ့သည်။
သို့သော် နဂါးသားရဲကြီးကမူ သနားညှာတာခြင်း မရှိဘဲ အေးအေးလူလူ စကားပြောလာခဲ့သည် “ နောက်ဆုတ်သင့်တာက နင်ပဲ “
ဤတစ်ကြိမ်တွင် ကျောင်းချီနှင့် တစ်ခြားလူတို့၏ အမူအရာများ အနည်းငယ် မည်းမှောင်သွားခဲ့သည်။
ကျင်းလွမ်၏ အမူအရာမှာလည်း အနည်းငယ် ထူးဆန်းသွားခဲ့သည်၊ သူမသည် အောင်းဖီ၏ စရိုက်က အမြဲလိုလို ကြီးစိုးမောက်မာတတ်သည်ဆိုသည်ကို သိနေခဲ့သည်၊ သို့သော် ယခုလက်ရှိ အချိန်တွင် လူထုကို စော်ကားခြင်းမှာ သူလုပ်လေ့လုပ်ထမရှိသည့် လုပ်ရပ်တစ်ခုဖြစ်သည်။
သူမသည် ယခုလက်ရှိ အောင်းဖီက ယခင်က အောင်းဖီ မဟုတ်တော့ဘူးဆိုသည်ကို မသိချေ။
ထိုအချိန်တွင် အောင်းဖီသည် လူအုပ်ကြီးကို ကြည့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ တကယ်လို့ နင်မသေချင်ဘူးဆိုရင်၊ အိမ်ကို ပြန်လိုက်တော့ “
ထိုစကားကို ကြားလိုက်ရသောအခါ၌ ကျောင်းချီနှင့် တစ်ခြားလူများ၏ မျက်နှာများပေါ်တွင် ကြောင်အအဖြစ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အောင်းဖီက ရတနာတစ်ခုကြောင့် ဉာဏ်တိမ်သွားပြီလားဟ?
ယခုလက်ရှိအချိန်၌ အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲသည် အနည်းဆုံးအနေဖြင့် ငါးကောင်တိတိ ရှိနေခဲ့သည်။
“ အောင်းဖီ “ ကျောင်းချီသည် မျက်မှောင်ကျုံ့သွားကာ စကားပြောလာခဲ့သည် “ မင်းက ငါတို့တွေကို တစ်ယောက်တည်း တိုက်နိုင်လိမ့်မယ်လို့ ထင်နေတာလား? “
သူ့ဘေးနားရှိ လူစီသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဒါမှမဟုတ်ရင် အရင်က တောင်နွားရိုင်းကို မရိုက်နိုင်ခဲ့လို့ ငါတို့အပေါ်မှာ ဒေါသဖြေချင်နေတာလား? “
“ ဟားဟားဟားဟား !! “
အဆိုပါမှတ်ချက်သည် လူအုပ်ကြီးကို ချက်ချင်း ရယ်မောသွားစေခဲ့သည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် အောင်းဖီနှင့် တောင်နွားရိုင်းတို့၏ တိုက်ပွဲကို ဤနေရာရှိ လူအများစုက မြင်တွေ့ခဲ့ကြသည်။
သို့သော် တိုက်ပွဲ၏ အဆုံးသတ်ရလဒ်ကိုမူ မည်သူကမှ မမြင်တွေ့ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် မြင်တွေ့ခဲ့သည့် လူတိုင်းကို နဂါးသားရဲကြီးက သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။
အောင်းဖီ၏ တိုက်ပွဲသည် အစစ်အမှန် နတ်သားရဲများကို အရှက်ရသွားစေခဲ့သည်။
ဂုဏ်ယူလေးစားဖွယ်ကောင်းသော အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲကောင်သည် အဆင့်မြင့် နတ်သားရဲကို ယှဥ်တိုက်ရုံသာ တိုက်နိုင်ခဲ့သည်။
၎င်းမှာ အစစ်အမှန် နတ်သားရဲများကို အရှက်ခွဲလိုက်ခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် အောင်းဖီသည် ထိုစကားများကို အေးအေးလူလူ နားထောင်နေခဲ့ကာ၊ အမူအရာမှာလည်း အေးဆေးတည်ငြိမ်နေစဲပင်။
သူသည် လူစီကို ကြည့်ကာ အေးအေးဆေးဆေး စကားပြောလိုက်သည် “ လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုက မြက်စားလားဆိုတာကို သိချင်ရင် လွတ်လွတ်လပ်လပ် ကြိုးစားကြည့်လို့ရတယ် “
“ ဟမ့် “
ကျောင်းချီမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ ဘာလို့ လေကုန်ခံနေမှာလဲ?? လုပ်စရာရှိတာ လုပ်မယ် “
“ သတ် !!! “
တစ်ခြားသော အစစ်အမှန် နတ်သားရဲများသည် ကျယ်လောင်စွာ ကြုံးဝါး၍ နတ်ဆိုးစွမ်းအင်များကို ပေါက်ကွဲစေလိုက်ကာ နဂါးသားရဲကြီးဆီသို့ ပြေးတက်လာကြသည်။
အများစုသည် အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲများဖြစ်ပြီး၊ အနည်းစုကမူ အလယ်အလတ်အဆင့် အစစ်အမှန် နတ်သားရဲများဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့သည် အဆိုပါ ဂူသင်္ချိုင်းကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ကြမည် မဟုတ်ပေ။
သူတို့၏ အရှိန်အဝါများ ထုတ်လွှတ်လာခဲ့သည်နှင့်တစ်ပြိုင်နက် ကမ္ဘာမြေကိုပင် လှုပ်ခါသွားစေနိုင်သည့် ဖိအားတစ်ခု ပေါ်ထွက်လာခဲ့သည်။
အကယ်၍ အခြားသော သားရဲမျိုးနွယ်စုများကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူတို့သည် ဤဖိအား၏ ဖိနှိပ်မှုကို ခံလိုက်ရကာ၊ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး၊ မတ်တပ်မရပ်နိုင် ဖြစ်သွားကြမည် ဖြစ်သည်။
…………………………………………………………………………………………………………………………………………..
အပိုင်း ( 410 )
ချက်ချင်းသတ်ဖြတ်ခြင်း ၂
အကယ်၍ အောင်းဖီကသာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရမည်ဆိုပါက၊ သူသည် နေရာမှာတင် ချက်ချင်း သေဆုံးသွားရလိမ့်မည် ဖြစ်သည်။
မလှမ်းမကမ်းရှိ ကျင်းလွမ်သည် ဤမြင်ကွင်းကို ငေးကြည့်နေရင်းဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ သို့သော် သူမသည် အလောတကြီး မလှုပ်ရှားလာခဲ့ပေ။
သူမအမြင်တွင် အောင်းဖီသည် သေချာပေါက် ကျဆုံးသွားလိမ့်မည် ဖြစ်သည်။
“ ဘုမ်းးး !!! “
ထိုအချိန်၌ အားကောင်းသော အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပွင့်ထွက်လာခဲ့သည်။
၎င်းမှာ နျူကလီယားဗုံး ပေါက်ကွဲခြင်းကဲ့သို့ အလွန်ကြောက်စရာကောင်းနေခဲ့သည်။
နဂါးသားရဲကြီးသည် စတုတ္ထအဆင့် အဆင့်၁၀သို့ လွန်ခဲ့သော ရက်များတည်းက ရောက်ရှိနေပြီးသားဖြစ်ပြီး၊ ပဥ္စမအဆင့်နှင့် ခြေတစ်လှမ်းမျှသာ ဝေးတော့သည်။
ဤအခိုက်အတန့်တွင် သူ၏ အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်ရာ အရှေ့သို့ ပြေးတက်လာသည့် နတ်သားရဲများသည် နေရာမှာပင် ချက်ချင်း လွင့်ထွက်သွားကြသည်။
“ ဖူးးးး !! “
အားနည်းသော တစ်ချို့ အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲများသည် နေရာမှာတင် သွေးချောင်းဆိုးကာ ဒူးထောက်ကျသွားခဲ့သည်။
“ အဆင့်၄ အထွတ်အထိပ်လား? “
“ ဘယ်လို …. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? “
ကျောင်းချီ၊ လူစီနှင့် တစ်ခြားလူများသည် အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ကျင်းလွမ်မှာလည်း အံ့ဩမှင်သက်သွားခဲ့သည်၊ သူမတို့သည် ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ သူမတို့ အကုန်လုံးသည် အစောပိုင်း စတုတ္ထအဆင့်ဖြင့် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေထဲသို့ ဝင်လာကြခြင်းဖြစ်သည်။
ထိုထဲတွင် အောင်းချန်ရှန်း၊ ခွန်ပန်နှင့် တစ်ခြားသော အစစ်အမှန် နတ်သားရဲများလည်း ပါဝင်ပေသည်။
အောင်းဖီမှာလည်း ထို့အတိုင်းသာ ဖြစ်သည်။
တစ်ပတ်လောက်ပဲရှိသေးတယ်မလား??
သူ့ရဲ့ အရှိန်အဝါအရဆိုရင် ပဥ္စမအဆင့်နဲ့တောင် ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ် !!!
“ သူက ဘိုးဘေးနဂါး ဂူသင်္ချိုင်းကနေ ရတနာတစ်ခုခု ရခဲ့တာများလား? “
ကျင်းလွမ်သည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းထဲတွင် တစ်လုံးမျှ သောက်သုံးရုံဖြင့် ပဥ္စမအဆင့်သို့ ရောက်ရှိသွားစေနိုင်သည့် ရတနာဆေးလုံးများ ရှိသည်ဟု ကြားထားခဲ့ဖူးသည်။
အောင်းဖီ၏ အခြေအနေသည် အဆိုပါဖြစ်ရပ်နှင့် လုံးဝကိုက်ညီနေခဲ့သည်။
“ သတ် !!! “
နဂါးသားရဲကြီးမှ ဟိန်းဟောက်လာခဲ့ရာ၊ စတုတ္ထအဆင့် အထွတ်အထိပ်၏ နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ကာ အနက်ရောင် လက်ကြီးတစ်ဖက်အဖြစ် ပြောင်းသွားပြီး၊ ကျောင်းချီကို ရိုက်ချလာတော့သည်။
“ စဥ်းတောင် မစဥ်းစားလိုက်နဲ့ “
ကျောင်းချီမှ ဟိန်းဟောက်လာခဲ့သည်၊ သူ၏ အရှိန်အဝါ ပွင့်ထွက်လာခဲ့ပြီး၊ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးနီရောင်တောက်လာခဲ့ပြီး၊ အရှေ့သို့ လက်သီးထိုးချက်တစ်ခု ပစ်သွင်းလာခဲ့သည်။
ဝုန်းးးးး !!!
သူ၏လက်သီးသည် အနက်ရောင် လက်ကြီးဖြင့် တိုက်မိသွားကာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။
ကြောင်မက်ဖွယ်ကောင်းသည် သူ၏လက်မောင်းမှတစ်ဆင့် ဖြတ်သန်းလာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် လက်မောင်းတစ်ခု ပေါက်ကွဲထွက်သွားခဲ့သည်။
“ မဟုတ်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?? …….. “
ကျောင်းချီ၏ မျက်လုံးများသည် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့သည်။
နဂါးသားရဲကြီးသည် သူ့ကို အလွတ်မပေးဘဲ၊ လက်မည်းကြီးကို ထိန်းချုပ်ကာ ကျောင်းချီ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လာခဲ့သည်။
ဘုမ်းးးး !!!
၎င်းသည် သူ့အား တစ်ခါတည်း ချေမွသွားခဲ့သည်။
သွေးများ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။
အားလုံးသည် ထိုမြင်ကွင်းကို စောင့်ကြည့်ရင်းဖြင့် လုံးဝတိတ်ဆိတ်ငြိမ်သက်သွားကြသည်။
၎င်းတို့အားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။
အလယ်အလတ် အထက်တန်းစား မျိုးနွယ်စုတစ်ခု၏ အဖွဲ့ဝင်ဖြစ်သော ကျောင်းချီသည် လက်သည်းငါးခု ရွှေနဂါးထပ် မည်သို့မျှ အားနည်းမနေပေ၊ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက သူကပင် ပိုမိုအစွမ်းထက်နေသေးသည်။
သို့သော် သူသည် အောင်းဖီ၏ လက်တစ်ဖက်တည်းဖြင့် ချေမွခြင်းကို ခံလိုက်ရသည်။
ဆွစ်ရှ် !!!
လူစီသည် မည်သည့်စကားမှ မပြောဘဲ အဝေးသို့ လှည့်ပြေးသွားတော့သည်။ အကယ်၍ သူကသာ ထွက်မပြေးဘူးဆိုပါက အရာအားလုံး နောက်ကျသွားမည်ဖြစ်သည်။
သူသည် ထိုနဂါးကို ယှဥ်နိုင်မည် မဟုတ်ပေ၊ လူစီအယောက် ၁၀၀ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင်မှ အောင်းဖီကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
တစ်ခြားလူများမှာလည်း မျက်နှာများ ဖြူဖျော့သွားပြီး၊ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဘက်ပေါင်းစုံသို့ ထွက်ပြေးသွားကြတော့သည်။
“ ပြေးတာလား? “
နဂါးသားရဲကြီးသည် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ဆင်မြန်းကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
သူသည် သူ၏ဟင်းလင်းပြင် စွမ်းရည်ကို စမ်းသပ်ချင်နေခြင်းဖြစ်သည်။
နဂါးသားရဲကြီးသည် သူ၏နဂါးလက်ကြီးကို ဖြည်းညှင်းစွာ မြှောက်၍ အရှေ့သို့ဆန့်တန်းကာ လက်သီးဆုပ်လိုက်သည်။
“ ဝုန်းးးး !!! “
အရှေ့ဘက်ရှိ ဟင်းလင်းပြင်တွင် ဟင်းလင်းပြင် စွမ်းအင်များ လျှင်မြန်စွာ စုဝေးလာခဲ့ပြီး၊ များစွာသော ဟင်းလင်းပြင် အက်ကွဲကြောင်းများကို ဖြစ်ပေါ်သွားစေခဲ့သည်။
အဆိုပါ အသေးစား ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် စုစည်းလာခဲ့ပြီး၊ ဆီးနှင်းပွင့်များကဲ့သို့ အဆက်မပြတ် ကွဲအက်သွားခဲ့သည်။
၁၀၊ ၃၀၊ ၁၀၀၊ ၅၀၀ ……
မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်နှင့်ချီသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့သည်။
၎င်းသည် နဂါးသားရဲကြီး၏ ဟင်းလင်းပြင် ဖြတ်တောက်ခြင်းဖြစ်ပြီး၊ စတုတ္ထအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ၎င်းသည် မီတာ၁သောင်းအထိ ဖုံးလွှမ်းနိုင်ခဲ့ပြီဖြစ်သည်။
“ သွား !!! “
နဂါးသားရဲကြီးမှ လက်ညှိုးထိုးလိုက်ရာ၊ အဆိုပါ ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ပိုက်ကွန်တစ်ခုကဲ့သို့ လူစီနှင့် ထွက်ပြေးနေသည့် တစ်ခြားလူများကို ဖုံးလွှမ်းလာခဲ့သည်။
ထပ်၊ ထပ်၊ ထပ် !!!
တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လေထုထဲတွင် သွေးမြူများ ပေါက်ထွက်လာခဲ့သည်၊ လူစီနှင့် တစ်ခြားလူများ၏ အလောင်းများသည် ဟင်းလင်းပြင် အက်ကွဲကြောင်းများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားကာ၊ ကောင်းကင်ဘုံကို သွေးများဖြင့် ခြယ်သသွားခဲ့သည်။
ထိုကဲ့သို့သော ဟင်းလင်းပြင် ဖြတ်တောက်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါတွင် ဟင်းလင်းပြင် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် လူများကပင် အမြင့်ဆုံးအနေဖြင့် တစ်ခဏခန့်သာ တောင့်ခံနိုင်မည် ဖြစ်သည်။
ကောင်းကင်ယံတွင် သွေးမြူများသည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ထွက်နေခဲ့ကာ၊ ကြောက်စရာကောင်းနေသကဲ့သို့ ရပ်သပ်မှုမောဖွယ်ပါ ကောင်းနေခဲ့သည်။
၎င်းတို့အားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီးသည် အဆိုပါ ပေါက်ကွဲမှုများကို လျစ်လျူရှုထားပြီး၊ မလှမ်းမကမ်းတွင် ရှိနေသည့် ကျင်းလွမ်ကို လှည့်ကြည့်လိုက်သည်။
ဖီးနစ်မျိုးနွယ်စု၏ ပါရမီရှင် ကျင်းလွမ်သည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် နေရာမှာပင် မိန်းမောစွာ မတ်တပ်ရပ်နေခဲ့သည်။
နဂါးသားရဲကြီးမှ သူမကို လှည့်ကြည့်လာခဲ့သည့် အချိန်မှသာလျှင် သူမသည် သတိပြန်ဝင်လာခဲ့ပြီး၊ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် စကားပြောလာခဲ့သည် “ နင်က အောင်းဖီ မဟုတ်ဘူး၊ နင်က ဘယ်သူလဲ? “
ဟင်းလင်းပြင်စွမ်းရည်ကို အသုံးပြုလိုက်သည့် အချိန်ကတည်းက သူမသည် ထိုလူက အောင်းဖီမဟုတ်ဘူးသည်ကို သေချာသွားခဲ့သည်။
သူမသည် အောင်းဖီနှင့် နှစ်ပေါင်းများစွာ ယှဥ်ပြိုင်နေခဲ့ခြင်းဖြစ်သောကြောင့် သူ၏စွမ်းရည်များကို ကောင်းစွာ သိနေခဲ့သည်။
သူမသည် အောင်းဖီထံတွင် ဟင်းလင်းပြင်စွမ်းရည် မရှိဘူးဆိုသည်ကို သိနေခဲ့သည်၊ အကယ်၍ သူက ဟင်းလင်းပြင် နည်းစနစ်တစ်ချို့ကို သင်ယူထားမည်ဆိုလျှင်တောင်မှ ဤမျှအနေအထားအထိ ကျွမ်းကျင်နေလိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလိုပင် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးမြန်းလာခဲ့သည် “ အဲ့ဒီတောင်နွားရိုင်းကရော နင်ပဲလား? “
ထိုနေ့က တောင်နွားရိုင်း ပြခဲ့သည့် စွမ်းအားသည် တောင်နွားရိုင်းမျိုးနွယ်စု၏ စံနှုန်းများထပ် ကျော်လွန်နေခဲ့သည်။
ထိုအချိန်က အနည်းငယ်မျှသာ ထူးဆန်းနေခဲ့သည်၊ သို့သော် ယခုပြန်လည် တွေးတောစဥ်းစားကြည့်လိုက်သည့် အချိန်၌ အမှန်တရားက တဖြည်းဖြည်း ပေါ်ထွက်လာသကဲ့သို့ ခံစားနေခဲ့ရသည်။
နဂါးသားရဲကြီးသည် အသာအယာ ပြုံး၍ ပြောလာခဲ့သည် “ နင်သိတာ များလွန်းနေတယ်၊ နင့်ကို အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ၏လက်ကို အသာအယာ ဝေ့ယမ်းလာခဲ့သည်။
“ ဇွီ !!! “
မီတာပေါင်းများစွာ ရှည်လျားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပြီး၊ ကျင်းယွမ်၏ ဦးခေါင်းကို ချက်ချင်း ဖြတ်တောက်သွားခဲ့သည်။
သွေးများပန်းထွက်လာတော့လေသည်။
…
တစ်ခဏခန့် အကြာတွင် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
၎င်းအား တိုက်ပွဲဟု သုံးနှုန်းပါက တရားမျှတမှု ရှိလိမ့်မည် မဟုတ်ပေ၊ ထို့အစား တစ်ဖက်သတ် သတ်ဖြတ်ပွဲဟုသာ ခေါ်ဆိုသင့်ပေသည်။
အစမှ အဆုံးအထိ နဂါးသားရဲကြီးသည် ခြေတစ်လှမ်းပင် မရွေ့ခဲ့ချေ၊ ထိုနေရာတွင်သာ အေးအေးလူလူ မတ်တပ်ရပ်နေကာ လူတိုင်းကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ အခုတော့ အဆင့်နိမ့်နဲ့ အလယ်အလတ် အထက်တန်းစားအဆင့် အစစ်အမှန် နတ်သားရဲတွေကို ရင်ဆိုင်ရမယ်ဆိုရင်၊ ငါက သူတို့ကို လုံးဝချေမှုန်းနိုင်တယ် “ နဂါးသားရဲကြီးမှာ တွေးတောစဥ်းစားနေတော့သည်။
၎င်းမှာ သူ၏တိုက်ခိုက်ရေးစွမ်းအားက အဆင့်မြင့် အစစ်အမှန် နတ်သားရဲ၏ စံနှုန်းသို့ ရောက်ရှိနေပြီဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။
အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲကမူ မတိုက်ခိုက်ဖူးသည့်အတွက် ပြောဆိုရခက်လှပေသည်။
နဂါးသားရဲကြီးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ထိုကိစ္စကို ဆက်တွေးမနေတော့ဘဲ အောင်းချန်ရှန်း၏ ခန္ဓာကိုယ်ကိုသာ ဆက်၍ ရှာဖွေနေတော့သည်။
“ ဆွစ်ရှ် !!! “
သို့သော် ထိုအချိန်တွင် အောင်းချန်ရှန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်ဟလာခဲ့သည်။
“ ဟမ်? “
နဂါးသားရဲကြီးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ မသေသေးဘူးလားဟ?
အောင်းချန်ရှန်းသည် ကိုယ်တစ်ပိုင်းပြတ်တောက်လုနီးပါးဖြစ်နေခဲ့ပြီဖြစ်ကာ သူ၏လည်ပင်းကပင် တစ်ဝက်တိတိ ပြတ်တောက်ကာ သွေးများဖြာထွက်နေသေးသည်၊ သို့သော် သူ၏ဦးခေါင်းမှာ သူ၏ခန္ဓာကိုယ်နှင့် တွယ်ဆက်နေစဲသာဖြစ်သည်။
အသက်ရှင်နေသေးတာလားဟ?
အစစ်အမှန် နတ်သားရဲတို့၏ အသက်စွမ်းအားက အလွန်တရာ အားကောင်းလွန်းလှသည်ကို ဝန်ခံရမည်ဖြစ်သည်။
အကယ်၍ နဂါးသားရဲကြီးထံတွင် အင်မော်တယ်စွမ်းရည်သာ မရှိဘူးဆိုပါက သူသည် ၎င်းကို အားကျသွားမည်ဖြစ်သည်။
“ အင်းစက်ကောင် …….. “
အောင်းချန်ရှန်းသည် နဂါးသားရဲကြီးကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလာခဲ့သည် “ မင်းက ငါ့ရဲ့ပစ္စည်းတွေကို တပ်မက်ရဲနေတယ်ပေါ့?? ဒူးထောက် ငါ့ပစ္စည်းတွေ ပြန်ပေး “
သူသည် နဂါး ဘုန်းတန်ခိုးကို ထုတ်လွှတ်လာခဲ့သည်။
ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း သူသည် လွှမ်းမိုးကြီးစိုးနေစဲပင် ဖြစ်သည်။
နဂါးသားရဲကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ဒီကောင်က သူ့ရဲ့အခြေအနေကို မသိဘူးလားဟ?
“ ငါပြောတာ မကြားဘူးလား၊ အင်းစက်ကောင် “
အောင်းချန်ရှန်းသည် အေးစက်စွာ အော်ပြော၍ ဟိန်းဟောက်လာခဲ့သည်၊ နှစ်ခြမ်းကွဲလုမတတ်ဖြစ်နေသည့် သူ၏ခန္ဓာကိုယ်မှာလည်း မတ်တပ်ရပ်တော့မလို လူးလွန့်လှုပ်ရှားလာခဲ့သည်။
နဂါးသားရဲကြီးသည် မည်သည့်စကားမှ ထပ်ပြောမနေတော့ပေ၊ အရူးတစ်ယောက်နဲ့ ငြင်းခုန်နေဖို့ မလိုပါဘူး။
သူသည် အစိမ်းရောင် ပုလင်းကို သူ့ဆီသို့ ပစ်ပေး၍ ပြောလိုက်သည် “ ကိုယ့်ကိုကိုယ်သာ မဖောက်ခွဲစမ်းနဲ့ “
အဆိုပါ စကားလုံးသည် ပါးစပ်မှ အလိုအလျောက်ပြောမိသွားခြင်း ဖြစ်သည်။
မထင်မှတ်ထားစွာဖြင့် ၎င်းသည် မောင်းခလုတ်ကို ဆွဲလိုက်သကဲ့သို့ အောင်းချန်ရှန်းကို ရုတ်တရက် အေးခဲတောင့်တင်းသွားစေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏မျက်လုံးများသည် သွေးနီရောင်ကဲ့သို့ ရဲပတောင်းခတ်လာခဲ့သည်။
“ အတုတွေ၊ အရာအားလုံးက အလိမ်အညာတွေချည်းပဲ၊ အတုတွေချည်းပဲ “ အောင်းချန်ရှန်းမှာ ကမန်းကတန်း ရေရွတ်ပြောဆိုလာခဲ့သည် “ နှစ်နှစ်အတွင်းမှာ အရာအားလုံးက ကျွန်ဖြစ်သွားလိမ့်မယ် “
၎င်းကို ပြောလာခဲ့သည့် အချိန်တွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပုံရပြီး၊ သူ၏အမူအရာမှာလည်း ရူးသွပ်နေသကဲ့သို့ ဖြစ်သွားတော့သည်။
“ သတ် !!! သတ် !! သတ် !! “
အောင်းချန်ရှန်းသည် အော်ဟစ်ဟိန်းဟောက်ကာ နဂါးသားရဲကြီးကို ထိုးချလာတော့သည်။
နဂါးသားရဲကြီးသည် ဘေးတစ်ဖက်သို့ ရွေ့လျားကာ ၎င်းကို ရှောင်ရှားလိုက်သည်။
အောင်းချန်ရှန်းသည် ပို၍ ရူးသွပ်သွားပုံရပြီး၊ နောက်ထပ်လက်သီးချက်တစ်လုံးကို ထပ်မံ၍ ပစ်သွင်းလာပြန်သည်။
သူ၏ အခြေအနေကို မြင်တွေ့လိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ သက်ပြင်းချနေတော့သည် “ မင်းကို သတ်လိုက်တာက ပိုလွယ်မဲ့ပုံပဲ “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူ၏ လက်ကို ဝေ့ယမ်းလာခဲ့သည်။
“ ဖြတ် !!! “
ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ကာ၊ အောင်းချန်ရှန်း၏ ဦးခေါင်းကို ခုတ်ပိုင်းသွားတော့သည်။
သေမင်းနှုတ်ခမ်းဝသို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည့် အောင်းချန်ရှန်းမှာ ၎င်းကို မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
“ ဆွပ် !!! “
ချက်ချင်းဆိုသလိုပင် အောင်းချန်ရှန်း၏ ဦးခေါင်းသည် သူ၏ခန္ဓာကိုယ်မှ ပြတ်တောက်သွားခဲ့သည်။
ဗွီ !!!
ထိုအချိန်၌ ရွှေရောင်အလင်းတန်းတစ်ခုသည် အောင်းချန်ရှန်း၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာခဲ့ပြီး၊ အလင်းတန်း မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ၎င်းအပေါ်တွင် သက်ကြီးပိုင်း လူတစ်ဦး၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ သတ္တိကောင်းတဲ့ အငယ်လေးပဲ၊ ငါ၊ အောင်းကျန်ထျန်းရဲ့ တပည့်ကို သတ်ရဲနေတယ်ပေါ့၊ မင်းကို ငါသတ်မယ် “
သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် အသံတစ်သံသည် အလင်းတန်း မျက်မှာပြင်ထံမှ ပေါ်ထွက်လာခဲ့သည်။
နဂါးသားရဲကြီးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ သူသည် အောင်းချန်ရှန်းထံတွင် ဤကဲ့သို့သော နည်းလမ်းတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသည် အောင်းချန်ရှန်း၏ ဒုက္ခများကို ကြင်နာစွာ ဖြေရှင်းပေးခဲ့သော်လည်း လူသတ်သမားအဖြစ် အထင်လွဲခံခဲ့ရသည်။
သူ့ထံတွင် ရှင်းပြလိုစိတ် မရှိတော့ပေ။
သူသည် အေးစက်စက်အပြုံးတစ်ခုကို ထုတ်ဖော်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ လာချင်ရင်လာလိုက်လေ၊ လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုက ခင်ဗျားကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား? “
……………………………………………………………………………………………………………………………………….
အပိုင်း ( 411 )
အသွင်ပြောင်းခြင်း၊ ဘိုးဘေးနဂါး !!
“ မင်း !!! “
အလင်းတန်း မျက်နှာပြင်ပေါ်ရှိ လူအိုကြီးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊ သူသည် တစ်ဖက်လူက ထိုကဲ့သို့သော စကားမျိုးကို ပြန်ပြောလာရဲမည်ဟု မမျှော်လင့်ထားခဲ့ပေ။
မကြာခင်မှာပင် အောင်းကျန်ထျန်းသည် အူလှိုက်သည်းလှိုက် ရယ်မော၍ ပြောလာခဲ့သည် “ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် “
“ ဘယ်လောက်တောင် သတ္တိကောင်းလိုက်တဲ့ လက်သည်းငါးခု ရွှေနဂါးလေးလဲ !!! ကောင်လေး၊ ဒီအဘိုးကြီးက မင်းကို မှတ်ထားမယ် “
ဝှစ် !!
ရွှေအလင်းတန်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
နဂါးသားရဲကြီးကမူ အေးဆေးတည်ငြိမ်လျက်ပင်၊ တစ်ဖက်လူသည် လက်သည်းငါးခု ရွှေနဂါးကိုသာ မှတ်မိနေမည်ဖြစ်ပြီး၊ သူ၊ အထွတ်အထိပ် နဂါးသားရဲကြီးအား မည်သို့မျှ သိနေလိမ့်မည် မဟုတ်ပေ။
အောင်းချန်ရှန်းကို သတ်ဖြတ်ခြင်းကမူ သူမလှုပ်ရှားဘူးဆိုလျှင်တောင်မှ တစ်ဖက်လူ သေဆုံးသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်၊ သူသည် အဆိုပါ ဖြစ်စဥ်ကို အရှိန်မြှင့်ပေးလိုက်ရုံသာ ဖြစ်သည်။
အစစ်အမှန် နတ်သားရဲတစ်ကောင်၏ တန်ဖိုးမှာ အလွန်ကြီးမားလွန်းလှသည်၊ ဤကဲ့သို့ ရှားပါးလွန်းလှသော အခွင့်အရေးကို သူလက်လွှတ်ခံမည် မဟုတ်ပေ။
သူသည် တစ်ဖက်လူ၏ ဆရာပါ ပေါ်ထွက်လာအောင် နှိုးဆွမိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုရဲ့ နည်းလမ်းတွေက တကယ်ကြီးကို အထင်ကြီးဖို့ကောင်းတာပဲ “ နဂါးသားရဲကြီးမှာ တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ တကယ်လို့ ငါကသာ အောင်းဖီအဖြစ် မပြောင်းလဲထားဘူးဆိုရင်၊ နောက်အနာဂတ်မှာ ပြဿနာတွေ တက်သွားနိုင်တယ် “
လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ လိုက်လံဖမ်းဆီးခြင်းမှာ အမှန်တကယ် ကြောက်စရာကောင်းနေမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် သားရဲတစ်သောင်း တုပခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ သူ၏ အသွင်အပြင်နှင့် အရှိန်အဝါတို့ကို လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုနှင့် တူညီလုနီးပါးအထိ ပြောင်းလဲနိုင်ခဲ့သည်၊ ထို့ကြောင့် တစ်ဖက်လူသည် သူ့အား လက်သည်းငါးခု ရွှေနဂါးတစ်ကောင်အဖြစ်သာ မှတ်ယူသွားမည် ဖြစ်သည်။
သို့ရာတွင် သားရဲမျိုးနွယ်စုမှ အထွတ်အထိပ် ပညာရှင်များကမူ နဂါးသားရဲကြီး၏ မူလဇစ်မြစ်ကို ခွဲခြားရန်အတွက် နည်းလမ်းများ ရှိနေလိမ့်မည် ဖြစ်သည်။
သို့သော် တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးရုံဖြင့် ထိုမျှအတိုင်းအတာအထိ ရောက်သွားလိမ့်မည် မဟုတ်ပေ။
နဂါးသားရဲကြီးသည် ခေါင်းတခါခါဖြင့် အဆိုပါ အတွေးများကို ဖျောက်ဖျက်ပစ်လိုက်သည်၊ ထို့နောက်တွင် သူသည် အောင်းချန်ရှန်း မသေခင်အချိန်က ပြောခဲ့သည့် စကားကို ပြန်၍အမှတ်ရသွားခဲ့သည်။
“ နှစ်နှစ်အတွင်းမှာ အရာအားလုံးက ကျွန်ဖြစ်သွားမှာလား? “
နဂါးသားရဲကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ နှစ်နှစ်အတွင်းမှာ ကြယ်ပြာဂြိုဟ်ပေါ်က အရာအားလုံးက ကျွန်ဘဝရောက်သွားမှာလား?
ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် အောင်းချန်ရှန်းသည် ရူးသွပ်မှုအခြေအနေထဲသို့ ပြန်လည်ကျရောက်သွားခဲ့သည်။
၎င်းတို့ကို ဆက်စပ်တွေးတောစဥ်းစားကြည့်ပါက တစ်ဖက်လူသည် ကြေးခန်းမထဲတွင် အံ့ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့ရသည့်ပုံပင်။
“ နှစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမှာလဲ? “ နဂါးသားရဲကြီးမှာ အတွေးနက်သွားရတော့သည်။
သို့ရာတွင် သူသည် ယခုတွင် ထိုကိစ္စကို တွေးတောနေခြင်းက မည်သို့မျှ အထောက်အကူမဖြစ်ဘူးဆိုသည်ကို သိနေသောကြောင့် ဦးခေါင်းကို ခါရမ်းနေတော့သည်။
ယနေ့ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်၊ သို့သော် သူ၏ ခွန်အားက လုံလုံလောက်လောက် မသန်မာအားမကောင်းသရွေ့၊ များစွာတွေးပူနေခြင်းမှာ အချည်းနှီးသာ ဖြစ်နေလိမ့်မည် ဖြစ်သည်။
နဂါးသားရဲကြီးသည် ကုန်းကုန်းကွကွဖြင့် အောင်းချန်ရှန်း၏ ခန္ဓာကိုယ်ကို ထပ်မံ၍ ရှာဖွေနေတော့သည်။
မကြာခင်မှာပင် သူသည် အောင်းချန်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကျောက်စိမ်းပုလင်းပေါင်းများစွာ ရှာတွေ့ခဲ့သည်။
“ ဖောက် !!! “
သူမှ ပုလင်းတစ်ခုကို အဖုံးဖွင့်လိုက်ရာ ချက်ချင်းဆိုသလိုပင် အားကောင်းသော လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ လှိုင်းလုံးအောက်တွင် ထူထဲသိပ်သည်းသော မြူထုတစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ၁၀၀၀အထိ ဖုံးလွှမ်းသွားခဲ့သည်။
“ ကြွယ်ဝလိုက်တဲ့ ရေအရင်းအမြစ်စွမ်းအင်ပဲ “ ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည်။
ကျောက်စိမ်းပုလင်းကို စောင်းလိုက်ရာ၊ ရေခဲပြာရောင် ဆေးလုံး ပေါ်ထွက်လာခဲ့သည်။
“ ဝရုန်းးးး !!! “
ရေခဲပြာရောင် ဆေးလုံး ပေါ်လာသည့်အချိန်တွင် ကြည်လင်သာယာနေခဲ့သည့် ကောင်းကင်ပြင်သည် ရုတ်တရက် တိမ်ထူထပ်သွားပြီး၊ ၎င်းတို့သည် မိုင်ပေါင်းများစွာအထိ ဖုံးလွှမ်းသွားခဲ့သည်။
အားကောင်းလွန်းလှသော သတ်ဖြတ်လိုစိတ် ကျဆင်းလာခဲ့သည်။
နဂါးသားရဲကြီးသည် အံ့ဩတုန်လှုပ်သွားကာ၊ အဆိုပါ ဆေးလုံးအား ဆေးပုလင်းထဲသို့ အလောတကြီး ပြန်ထည့်လိုက်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ကောင်းကင်ယံတွင် ရှိနေသည့် အဆိုပါ တိမ်ထုများသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားခဲ့သည် “ ဒီဆေးလုံးရဲ့ အရှိန်အဝါက အဆင့်၅နယ်ပယ်ကို ကျော်လွန်နေတယ်၊ အဲ့တာကြောင့် ဒီဒေသရဲ့ သတ်ဖြတ်လိုစိတ်ကို နှိုးဆွမိသွားတာလား? “
“ ဒီဆေးလုံးရဲ့ တန်ဖိုးက တကယ်ကြီးကို ထူခြားနေတာပဲ “
၎င်း၏ အရှိန်အဝါကပင် ကောင်းကင်ပြင်ကို ပြောင်းလဲသွားစေခဲ့သည်၊ ၎င်း၏တန်ဖိုးက မည်မျှမြင့်မားနေမည်နည်း?
သူသည် ဤရေခဲပြာရောင် ဆေးလုံးထဲတွင် ရေတာအိုအငွေ့အသက်များ ပါဝင်နေသည်ကို ယခုလေးတင် အာရုံခံမိခဲ့သည်။
၎င်းသည် မူလကိုယ်၏ ရေနတ်စွမ်းရည် ဖွဲ့စည်းခြင်းကို များစွာအထောက်အကူပြုနိုင်ပေသည်။
“ ဒီဆေးလုံးတွေက ငါ့အတွက် အသုံးမဝင်ဘူး၊ ဒါပင်မဲ့ မူလကိုယ်အတွက်ကတော့ တော်တော်ကြီးကို တန်ဖိုးရှိတယ် “
နတ်ဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တိုက်ဆိုင်စွာဖြင့် မူလကိုယ်သည် ဤရက်ပိုင်းများအတွင်းတွင် နတ်စွမ်းရည်များကိုဖွဲ့စည်းနေခဲ့ပြီး၊ ဘိုးဘေးနဂါးခြင်ဆီသွေးမှာလည်း ကုန်ခမ်းလုနီးပါးဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူက ဤဆေးပုလင်းများကို မူလကိုယ်ထံသို့ ပို့လိုက်သည်နှင့်တစ်ပြိုင်နက် မူလကိုယ်၏ ခွန်အားသည် အံ့ဖွယ်ကောင်းလောက်အောင် တိုးတက်လာမည် ဖြစ်သည်။
ထို့နောက်၌ သူသည် အောင်းချန်ရှန်း၏ ခန္ဓာကိုယ်ကို ထပ်မံ၍ ရှာဖွေနေပြန်သည်။
လက်သည်းရှစ်ခု ရွှေနဂါးတစ်ကောင်ဖြစ်သည့် အောင်းချန်ရှန်း၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမားလွန်းလှပြီး၊ ရတနာများကိုသူ၏ အကြေးခွံများအောက်တွင် ဖွက်ထားနိုင်စွမ်းရှိပေသည်။
ထို့ကြောင့် ရှာဖွေရေးသည် အတော်လေး အချိန်ကုန်ခဲ့ရသည်။
ထို့နောက်တွင် နဂါးသားရဲကြီးသည် လက်နက်များနှင့် လက်ဝတ်လက်စားများ ပါဝင်သည့် ရတနာတစ်ချို့ကို ရှာတွေ့ခဲ့ပြီး၊ ၎င်းတို့သည် သူ့အတွက် အသုံးမဝင်သော အရာများဖြစ်သည်။
“ ဟမ်? ဒါက ဘာကြီးလဲ?? “
ထိုအချိန်တွင် သူသည် ယခင်က ရရှိထားသည့် အရာများနှင့် ကွဲထွက်နေသည့် ကျောက်စိမ်းပုလင်းတစ်လုံးကို ရုတ်တရက် ရှာတွေ့ခဲ့သည်။
နဂါးသားရဲကြီးမှ အဖုံးကို ဖွင့်လိုက်ရာ၊ အားကောင်းသော မွှေးရနံ့သည် ချက်ချင်းပျံ့လွင့်လာခဲ့သည်။
“ ဝေါင်းးး !!! “
တစ်ပြိုင်နက်ဆိုသလိုပင် ရှေးခေတ်အခါက ရှေးဟောင်းနဂါးတစ်ကောင်က သူ့ကို ဒေါသတကြီး ဟိန်းဟောက်နေသကဲ့သို့ ဖြစ်နေသည့် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
နဂါးသားရဲကြီး၏ စိတ်နှလုံး လှုပ်ခါသွားခဲ့သည်၊ သူသည် သူ့အရှေ့တွင် မိုးပြာရောင် နဂါးကြီးတစ်ကောင်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်၊ ၎င်း၏ ခန္ဓာကိုယ်သည် မီတာပေါင်း သောင်းနှင့်ချီ၍ ရှည်လျားကာ ကောင်းကင်ဘုံကို ပိတ်ဆို့ထားခဲ့သည်။
မိုးပြာရောင်နဂါးကြီးမှ ကျယ်လောင်သော လေသံဖြင့် စကားပြောလာခဲ့သည် “ ငါက ချန်ရွှမ်လက်အောက်က ပထမဦးဆုံး ဘိုးဘေးနဂါး စစ်သူကြီး အောင်းချန်ပါ၊ မင်းလက်ထဲမှာ ကိုင်ထားတဲ့ဟာက ငါ့မူလကိုယ်ရဲ့ နတ်စိတ်ဝိညာဥ် သွေးအဆီအနှစ်ပဲ၊ အဲ့ထဲမှာ အန္တိမဘိုးဘေးနဂါး သွေးမျိုးဆက် ပါတယ်။ အဲ့တာကို သောက်လိုက်မယ်ဆိုရင် မင်းက ချက်ချင်း အသွင်ပြောင်းသွားလိမ့်မယ် “
“ ဒါပင်မဲ့ အဆင့်၅ကို မရောက်ခင် အချိန်မှာ အဲ့တာကို သောက်ရမယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် အမွေအနှစ်ကို ရမှာမဟုတ်ဘူး “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် မိုးပြာရောင် နဂါးကြီးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
“ အဆင့်၅ကို မရောက်ခင် အချိန်မှာ ဒီဟာကို သောက်ရမယ်၊ မဟုတ်ရင် အမွေအနှစ်ရမှာ မဟုတ်ဘူး “
နဂါးသားရဲကြီး၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
ဒီနေရာမှာ ပဥ္စမအဆင့်နယ်ပယ်ကို ထိုးဖောက်ဖို့ မဖြစ်နိုင်တာက ဘိုးဘေးနဂါး ဂူသင်္ချိုင်းကြောင့်များလား??
ဒီဘိုးဘေးနဂါး သွေးအဆီအနှစ်ကို ပဥ္စမအဆင့် မရောက်ခင်အချိန်တွင် သောက်သုံးရမည်ဖြစ်ပြီး၊ ၎င်းသည် မိုးပြာရောင် နဂါးကြီးက ပဥ္စမအဆင့်အောက်မှ ဆက်ခံသူကို ရှာဖွေနေသည်ဟု မီးမောင်းထိုးပြနေခဲ့သည်။
နဂါးသားရဲကြီးသည် သူ့လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပုလင်းကို ကြည့်ကာ ၎င်း၏ တန်ဖိုးကို တွက်ချက်စဥ်းစားနေတော့သည်။
ဘိုးဘေးနဂါးသည် လက်သည်းရှစ်ခု ရွှေနဂါးထပ် များစွာသာလွန်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
အဆိုပါ သွေးအဆီအနှစ်ထဲတွင် ရှိနေသည့် အမွေအနှစ်သာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
“ အောင်းချန်ရှန်းက ဒီပစ္စည်းကို ရခဲ့ပင်မဲ့ မစစ်ဆေးရသေးခင် အချိန်မှာ တစ်ခုခု ဖြစ်သွားခဲ့တဲ့ပုံပဲ “
နဂါးသားရဲကြီးမှာ အတွေးနက်သွားရတော့သည်။