← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အပိုင်း ( 412 )

အသွင်ပြောင်းခြင်း၊ ဘိုးဘေးနဂါး !! ၂

ထို့နောက်တွင် သူသည် တစ်ခဏခန့် ဆက်လက်၍ ရှာဖွေနေခဲ့သည်၊ သို့သော် မည်သည့်အဖိုးတန် ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ပေ။

“ ထွက်သွားဖို့ အချိန်ကျပြီ၊ အဆင့်၅ကို ထိုးဖောက်ဖို့အတွက် နေရာတစ်ခု ရှာရမယ် “

နဂါးသားရဲကြီးသည် အောင်းချန်ရှန်းနှင့် တစ်ခြား နတ်သားရဲတို့၏ အလောင်းများကို ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ပစ်ထည့်လိုက်ပြီး၊ ထို့နောက်တွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားတော့သည်။

ဤနေရာတွင် ဘိုးဘေးနဂါး ဂူသင်္ချိုင်း၏ လွှမ်းမိုးမှု ရှိနေသည်ကို အတည်ပြုခဲ့ပြီးပြီ ဖြစ်သောကြောင့် ပဥ္စမအဆင့်သို့ ထိုးဖောက်ရန်အတွက် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေထဲရှိ တစ်ခြားသော နယ်မြေများဆီသို့ သွားရမည် ဖြစ်သည်။

…

နဂါးသားရဲကြီးက အဆင့်တက်ရန်အတွက် နေရာတစ်ခု ရှာဖွေနေစဥ်

မိုင်သန်းပေါင်းများစွာအကွာတွင်

ကောလဟာလတစ်ခုသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

“ မင်းတို့ ကြားပြီးကြပြီလား? တောင်နွားရိုင်းမျိုးနွယ်စုမှာ ရှားပါးလွန်းတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာခဲ့ပြီးတော့ အောင်းဖီနဲ့ ယှဥ်တိုက်နိုင်ခဲ့တယ်တဲ့ “

“ အောင်းဖီလား? လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုရဲ့ ပါရမီရှင်လား? “

“ သူပဲပေါ့ !! “

“ တောင်နွားရိုင်းမျိုးနွယ်စုက အဆင့်မြင့် နတ်သားရဲကောင်လေးက အစစ်အမှန် နတ်သားရဲမျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ယောက်ကို ယှဥ်တိုက်နိုင်ခဲ့တာလား? “

“ တောင်နွားရိုင်းမျိုးနွယ်စုက တကယ်ကြီးကို မြင့်တက်လာတာပဲ “

ထိုနေ့တွင် မျိုးနွယ်စုတစ်သောင်းလုံး အံ့ဩတုန်လှုပ်သွားကြသည်။

အစစ်အမှန် နတ်သားရဲသားရဲများက မျိုးနွယ်စုတစ်သောင်း၏ အထွတ်အထိပ်ဖြစ်သည်ဆိုသည်မှာ နားလည်၍ရပေသည်။

လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုသည် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများကြားမှာပင် အတော်အတန် အဆင့်မြင့်ပြီး၊ မျိုးနွယ်စုကြီးများကဲ့သို့ အထွတ်အထိပ် တစ်နေရာတွင် မရပ်တည်နိုင်သော်လည်း၊ ၎င်းသည် နှစ်ပေါင်းသောင်းနှင့်ချီသည်အထိ ရပ်တည်နိုင်ခဲ့သော ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားခဲ့သည်။

ဒီနေ့ခေတ်မှာ တောင်နွားရိုင်းမျိုးနွယ်စုက လက်သည်းငါးခု ရွှေနဂါးနဲ့ ယှဥ်တိုက်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာလား?

တောင်နွားရိုင်းမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေအတွင်း၌

ဆံဖြူအကြီးအကဲတစ်ဦးသည် ထိုင်ခုံတွင် ထိုင်နေလျက်ရှိသည်၊ သူသည် တောင်နွားရိုင်းမျိုးနွယ်စု၏ ယခုလက်ရှိ အကြီးအကဲတစ်ဦးဖြစ်ပြီး၊ ယခုလက်ရှိ အချိန်တွင် သူသည် လူသားပုံစံအဖြစ် ပြောင်းလဲထားကာ သတင်းများကို နားစွင့်နေခဲ့သည်။

အပြင်ဘက်ကမ္ဘာမှ နောက်ဆုံးရသတင်းများကို ကြားသိလိုက်ရသောအခါတွင် သူသည် မအောင့်ထားနိုင်တော့ဘဲ၊ အားရပါးရ ပြုံးကာ ကျယ်လောင်စွာ ရယ်မောနေတော့သည် “ ကောင်းကင်ဘုံက ငါ့ရဲ့နွားရိုင်းမျိုးနွယ်စုကို ကောင်းချီးပေးလာခဲ့ပြီပဲ “

“ အဲ့တာက ဘယ်အငယ်လေး? သူ့ကို ချက်ချင်း ရှာလိုက်၊ သူ့ကို ငါ့တပည့်အဖြစ် လက်ခံမယ် “

“ ဟုတ်ကဲ့ !! “

ထိုနေ့တွင် တောင်နွားရိုင်းမျိုးနွယ်စုတစ်ခုလုံးသည် ပျော်ရွှင်စွာ အောင်ပွဲခံနေခဲ့ကြပြီး၊ လေထုသည် စိတ်လှုပ်ရှားဖွယ်ရာများဖြင့် စည်ကားသိုက်မြိုက်‌နေခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုဘက်တွင်မူ အခြေအနေမှာ မှိုင်းပြပြဖြစ်နေခဲ့သည်။

“ အောင်းဖီ၊ အဲ့ခွေးကောင်ကတော့ ငါတို့လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုရဲ့ မျက်နှာကို အိုးမဲသုတ်သွားပြီ “

လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ လူငယ်တစ်စုသည် မည်းမှောင်နေသော အမူအရာများဖြင့် အတူတကွ စည်းရုံးနေလျက်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ဤဖြစ်ရပ်ပေါ်ထွက်လာခဲ့သောကြောင့် သူတို့သည် နောင်အနာဂတ်၌ တစ်ခြားသော အစစ်အမှန် နတ်သားရဲမျိုးနွယ်စုဝင်များ၏ အရှေ့တွင် ခေါင်းငုံ့နေရတော့မည်ဆိုသည်ကို သိနေသောကြောင့် ဖြစ်သည်။

“ဟက်၊ အကြီးအကဲက အောင်းဖီကို မျက်နှာသာပေးတတ်တယ်၊ အခုကြည့်ရသလောက်ဆိုရင်တော့ သူက မျိုးနွယ်စုကနေ အထုတ်ခံရတော့မဲ့ပုံပဲ “

လူတော်တော်များများသည် ဝမ်းသာအားရဖြစ်နေကြသည်။

ထိုအချိန်၌ ပေါက်ကွဲသံကြီးတစ်ခုသည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေအထက်ရှိ ကောင်းကင်ယံမှ ပျံ့လွင့်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ချက်ချင်းကျဆင်းလာခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ထိုလူငယ်လူရွယ်အားလုံး ချက်ချင်း ဒူးထောက်ကျသွားကာ သွေးအန်လိုက်ရသည်။

ထိုအချိန်၌ ကောင်းကင်ယံတွင် ခံ့ညားသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

၎င်းသည် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ အောင်းကျန်ထျန်းပင် ဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အောင်းကျန်ထျန်း၏ အသံသည် ဤနယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ် ပျံ့နှံ့လာခဲ့သည် “ အငယ်လေး၊ ငါမင်းကို လာတွေ့တယ်ဟေ့ !! “

လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်၊ သူတို့သည် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ဤအကြီးအကဲက မည်သည့်အတွက်ကြောင့် သူတို့လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုတွင် လူလာရှာရသလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်သွားကြသည်။

အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ပြေးတက်လာခဲ့ပြီး၊ ၎င်းသည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ အကြီးအကဲ၊ အောင်းလီအဖြစ် ပြောင်းလဲသွားခဲ့သည်။

အောင်းလီမှ အေးစက်စွာ ပြောလာခဲ့သည် “ အောင်းကျန်ထျန်း၊ ဒါက လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုရဲ့ ဘိုးဘေးနယ်မြေပဲ၊ မင်းက ငါတို့နဲ့ စစ်ပွဲစဖို့ ကြံနေတာလား? “

“ စစ်ပွဲလား? “

အောင်းကျန်ထျန်းမှ နှာမှုတ်လိုက်သည်၊ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် သူတစ်ဦးတည်း၏ ခွန်အားဖြင့် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု တစ်ခုလုံးကို ချေမှုန်းနိုင်ပေသည်။

သို့သော် ယခုလက်ရှိ အချိန်၌ သူ့ထံတွင် ထိုမျှ ရူးသွပ်လွန်းသော အတွေးစိတ်ကူးမျိုး မရှိသေးပေ။

“ မင်းတို့မျိုးနွယ်စုက အောင်းဖီဘယ်မှာလဲ? “ အောင်းကျန်ထျန်းမှ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့သည် “ သူ့ကို ထွက်လာခိုင်းပြီးတော့ ငါနဲ့ ခရီးသွားဖို့ အဖော်ပြုခိုင်းလိုက် “

အောင်းလီ မျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းက အောင်းဖီကို ဘာကိစ္စလိုချင်နေရတာလဲ? “

“ သူက ငါ့တပည့် အောင်းချန်ရှန်းကို သတ်ခဲ့တယ် “

“ မင်းဘာပြောလိုက်တယ်?? “

အောင်းလီ၏ မျက်လုံးများ ပြူးကျယ်သွားကာ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ အောင်းကျန်ထျန်း၊ တိုက်ခိုက်ချင်တယ်ဆိုရင်တောင်မှ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တစ်ခုကို မင်း ရှာထားသင့်တယ်၊ အောင်းဖီရဲ့ စွမ်းအားကို ငါအသိဆုံးပဲ၊ သူက အောင်းချန်ရှန်းကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ? သတ်ဖို့ဆိုတာက အဝေးကြီးပဲ “

ရှက်ဖွယ်ကောင်းသည့် ကောလဟာလတစ်ခုပင် ပျံ့နှံ့နေလျက်ရှိသည်။

အောင်းဖီက တောင်နွားရိုင်းကိုတောင် အနိုင်မယူနိုင်တာ၊ အောင်းချန်ရှန်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ?

ငါ့ကို လာပြောင်နေတာလားဟ??

အောင်းကျန်ထျန်းမှ အေးအေးလူလူ ပြောလာခဲ့သည် “ အောင်းဖီက ငါတပည့်ကို ဘယ်လိုမှမယှဥ်နိုင်ဘူး၊ ဒါပင်မဲ့ သူက ငါ့တပည့်က ဒဏ်ရာအပြင်းအထန် ရနေတာကို အခွင့်ကောင်းယူသွားတယ် “

အောင်းဖီ၏ အမူအရာသည် မည်သို့မျှ မပြောင်းလဲသွားပေ “ အောင်းဖီက ငါတို့ဆီကို ပြန်မရောက်လာသေးဘူး “

“ ဒါဆိုရင်လည်း ငါစောင့်နေမယ် !! “ အောင်းထျန်ကျန်းမှ‌ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ငါကိုယ်တိုင်စောင့်နေမယ်၊ သူက တစ်သက်လုံး ပြန်မလာဘူးဆိုတာကို ငါမယုံဘူး “

အောင်းလီသည် သူ့ကို ငေးကြည့်ကာ မည်သည့်စကားမှ ထပ်မပြောလိုက်ပေ၊ သူသည် ဤတစ်ဦးကို မစော်ကားဝံ့ချေ။

အထူးသဖြင့် တစ်ဖက်လူက ဒေါသတကြီးဖြစ်နေခဲ့သည့် အချိန်မျိုးတွင် ဖြစ်သည်။

ထို့ကြောင့် အောင်းလီသည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ဝင်ပေါက်ဝတွင် အောင်းကျန်ထျန်းကို အဖော်ပြုပေးနေခဲ့သည်။

အောင်းဖီက ဤတစ်သက် ပြန်မလာနိုင်တော့ဘူးဆိုသည်ကို မည်သူမှ မသိကြပေ ………

…

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေလျက်ရှိသည်။

ထိုစဥ် နဂါးသားရဲကြီးသည် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေထဲတွင် သူအဆင့်တက်နိုင်မည့် နေရာတစ်ခုကို ရှာတွေ့သွားခဲ့သည်။

ချိုင့်ဝှမ်းတစ်ခုအတွင်း၌

နဂါးသားရဲကြီးသည် မြေပြင်ပေါ်တွင် ထိုင်နေလျက်ရှိသည်။

“အဆင့်မတက်ခင် အချိန်မှာ ငါက ဘိုးဘေးနဂါး သွေးအဆီအနှစ်ကို သောက်နိုင်မလားဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

သူသည် နဂါးအကြေးခွံများနှင့် ဖုံးလွှမ်းနေသည့် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်း၏အတွင်းပိုင်းတွင် ဘိုးဘေးနဂါး သွေးမျိုးဆက်ကို သယ်ဆောင်ထားသည့် ဘိုးဘေးနဂါး သွေးအဆီအနှစ် ရှိနေခဲ့သည်။

ထိုကဲ့သို့ သွေးမျိုးဆက် ပါဝင်သည့် သွေးအဆီနှစ်ကို သောက်သုံးလိုက်ချိန်တိုင်းတွင် အန္တရာယ်များ ဖြစ်ပေါ်လာလေ့ရှိသည်။

ထို့အပြင် သွေးမျိုးဆက် ကွာဟချက်က ကြီးမားလေလေ အသွင်ပြောင်းနိုင်ခြေက ပိုမြင့်လေလေ ဖြစ်သည်။

လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုသည် ဘိုးဘေးနဂါးနှင့် အနီးစပ်ဆုံး ဖြစ်ပြီး၊ ၎င်းကို သောက်သုံးမည်ဆိုလျှင်တောင်မှ မည်သည့်ပြဿနာ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။

အထွတ်အထိပ် နဂါးသားရဲကြီးထံတွင် နဂါးသွေးမျိုးဆက်ရှိသော်လည်း၊ ၎င်းသည် ဘိုးဘေးနဂါး သွေးမျိုးဆက်နှင့် များစွာအလှမ်းဝေးနေစဲဖြစ်သည်၊ ထို့ကြောင့် သူသည် သူက အောင်မြင်စွာ အသွင်ပြောင်းနိုင်မည်လားဆိုသည်ကို မရေရာ မသေချာဖြစ်နေခဲ့သည်။

“ တစ်စက်လောက် အရင်သောက်ကြည့်တာပေါ့ကွာ “

အတွေးတစ်ခုနှင့်အတူ သွေးတစ်စက်သည် ကျောက်စိမ်းပုလင်းထံမှ လွင့်မျောလာခဲ့သည်။

“ ဂလု ~~~ “

သွေးတစ်စက်သည် သူ၏ လည်ချောင်းမှ တစ်ဆင့် အစာပြွန်အတွင်းသို့ ရောက်ရှိလာခဲ့ကာ အစာအိမ်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

“ ဘုမ်းးး !!! “

နျူကလီးယား ပေါက်ကွဲမှုကဲ့သို့ အားကောင်းပြင်းထန်လှသော စွမ်းအင်များသည် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ကို ဖျက်စီးလာတော့သည်။

“ နာတယ် ……. တော်တော်ကြီး နာတယ်ဟ “

နဂါးသားရဲကြီးသည် သူ၏ခန္ဓာကိုယ်တွင် ရှိနေသည့် ကြွက်သားတိုင်းက အတင်းအကြပ် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ဖြစ်နေသည့် နာကျင်မှုကို လျင်မြန်စွာ ခံစားလိုက်ရကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

သွေးတစ်စက်မျှသာဖြစ်သော်လည်း အထဲတွင် ပါဝင်နေသည့် စွမ်းအားမှ လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

တစ်ခဏလေးအတွင်းမှာပင် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် သွေးများသည် မီးပြင်းဖိုထဲတွင် ထည့်၍ အကင်ခံနေရသကဲ့သို့ ပြင်းထန်စွာ ဆူပွက်လာခဲ့သည်။

ဆယ်မိနစ်(သို့) ထို့ထပ်ကြာခဲ့ပြီးသည့်နောက်တွင်

ပြင်းထန်သော လှုပ်ရှားမှုများသည် ဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ်သွားသည်။

နဂါးသားရဲကြီးမှ သူ၏အရေပြားကို ကြည့်လိုက်ရာ၊ ၎င်းက ချက်ပြုတ်ခံလိုက်ရသည့် ပုစွန်ကဲ့သို့ အငွေ့တလူလူထွက်ကာ နီရဲနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးက …… “ သူသည် ရေရွတ်ပြောဆိုနေရင်းဖြင့် စိုးရိမ်ပူပန်သွားခဲ့သည်။

သွေးတစ်စက်ကတင် ဒီလိုတုံ့ပြန်မှုမျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်ပေါ့???

၎င်းက ယူဆောင်ပေးလာခဲ့သည့် အပြောင်းအလဲများသည် အလွန်တရာ ကြီးမားနေခဲ့သည်။

နဂါးသားရဲကြီးမှ ၎င်းတို့ကို စစ်ဆေးကြည့်ရှုလိုက်ရာ၊ သူ့ကိုယ်ထဲတွင် ရှိနေသည့် စွမ်းအားက သိသိသာသာ အားကောင်းလာသည်ကို နားလည်သွားခဲ့သည်။

“ ဟိုက် !!! “

နဂါးသားရဲကြီးသည် သူ၏လက်သီးကို ရုတ်တရက် ဆုပ်ခဲကာ အရှေ့သို့ ထိုးချလိုက်သည်၊ အားကောင်းသော စွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲမှ ပွင့်ထွက်လာခဲ့သည်။

“ ဝုန်းးးးး !!! “

အားကောင်းသော ထိုးချက်သည် လေထုထဲတွင် ပေါက်ကွဲသံများ ဖြစ်ပေါ်သွားစေခဲ့ကာ၊ မီတာ ၁၀၀၀အကွာရှိ တောင်ထိပ်ကို ထိမှန်သွားခဲ့သည်။ ကျယ်လောင်သော အသံတစ်သံနှင့်အတူ တောင်ထိပ်သည် အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲသွားခဲ့သည်။

“ ဒီလို စွမ်းအားမျိုးက ………. ဒါက အရင်တုန်းကထပ် အနည်းဆုံးအနေနဲ့ ၃၀%လောက်တော့ ပိုအားကောင်းလာတာပဲ “

နဂါးသားရဲကြီးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ အကုန်လုံး သောက်လိုက်ရင် ဘာတွေ ဖြစ်လာမှာလဲ??

“ စလိုက်ကြတာပေါ့ကွာ “

နဂါးသားရဲကြီးသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ ဘိုးဘေးနဂါး သွေးအဆီအနှစ် အကုန်လုံးကို ချက်ချင်းသောက်သုံးလိုက်သည်။

“ ဂလု ဂလု ဂလု ~~~ “

အုမ်းးးးး !!!!!

၎င်းသည် ရာနှင့်ချီသော နျူကလီးယား ဗုံးများက တစ်ပြိုင်နက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်နေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းလုံးတစ်ခု လွှမ်းခြုံလာခဲ့ပြီး၊ မြေပြင်ကို ချက်ချင်းကွဲအက်သွားစေခဲ့သည်၊ အက်ကွဲကြောင်းများသည် နဂါးသားရဲကြီး ထိုင်နေသည့် နေရာမှတစ်ဆင့် မီတာထောင်ပေါင်းများစွာအထိ ပျံ့နှံ့ရောက်ရှိသွားသည်။

“ ဒီလို ကြီးစိုးလွန်းတဲ့ စွမ်းအင်က ……. “

ထိုအချိန်၌ နဂါးသားရဲကြီးပင် ၎င်းကို တောင့်ခံနိုင်ရန် ရုန်းကန်နေခဲ့ရသည်။

ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ စွမ်းအင်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကြွက်သားတိုင်းကို ချက်ချင်း ဆုတ်ဖြဲနေလျက်ရှိသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်၊ အင်မော်တယ်စွမ်းရည်၏ လည်ပတ်မှုအောက်တွင် ပြိုကွဲသွားသည့် ကြွက်သားများသည် လျင်မြန်စွာ ပြန်လည်တည်ဆောက်ခံနေခဲ့ရသည်။

ပထမဦးဆုံးအနေဖြင့် ကြွက်သားများဖြစ်ပြီး၊ ထို့နောက်တွင် အရိုးများ၊ ထို့နောက်တွင် ကိုယ်တွင်းအဂ်ါများ ………

ပြောင်းလဲမှုသည် အတော်ပင် ကြမ်းတမ်းလွန်းနေခဲ့သည်။

သူ၏သွေးကြောမှတ်များပင် ကျန်မနေခဲ့ဘဲ၊ သွေးကြောမှတ် တစ်ခုချင်းစီတိုင်းသည် လုံးဝသန့်စင်သွားခဲ့သည်။

ထို့နောက်တွင် အားကောင်းသော အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပေါက်ထွက်လာခဲ့သည်။

သူ၏အရှိန်အဝါမှာ မြင့်တက်လာခဲ့သည်။

ထိုဖြစ်ရပ်သည် အတော်ပင် အံ့ဩဖွယ်ကောင်းလွန်းနေခဲ့သည်။

နဂါးသားရဲကြီး၏ နယ်ပယ်မှာ တိုးတက်မသွားခဲ့ပေ၊ သို့သော် သူထုတ်လွှင့်ထားသည့် အရှိန်အဝါကမူ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ထိုဖိအားနှင့် ရင်ဆိုင်ရသောအခါတွင် အလယ်အလတ် အဆင့်နိမ့် အစစ်အမှန် နတ်သားရဲမျိုးနွယ်ဝင်တိုင်းက ဒူးထောက်ကျသွားမည် ဖြစ်သည်။

၎င်းသည် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သည်။

အသွင်ပြောင်းမှု ပြီးဆုံးတော့မည့် အချိန်တွင် အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 413 )

ဘိုးဘေးနဂါး အရိပ်တစ်သောင်း၊ နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားတစ်သောင်း နည်းစနစ်

အလင်းတန်းသည် နဂါးသားရဲကြီး၏ အရှေ့တွင်ပေါ်လာခဲ့ပြီး၊ တစ်ကမ္ဘာလုံးက အမှောင်ထုထဲသို့ ကျရောက်သွားသကဲ့သို့ ဖြစ်သွားပုံရသည်။

သူ၏မျက်လုံးများ ဖွင့်ကြည့်လိုက်သည့် အချိန်တွင် သူက ဟင်းလင်းပြင်တစ်ခု အတွင်းသို့ ရောက်ရှိနေသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့ခဲ့ရသည်။

” ဒါက ……. အမွေဆက်ခံမှု ဟင်းလင်းပြင်လား? “ နဂါးသားရဲကြီးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

ယခင်က အောင်းချန်သည် ဤသွေးအဆီအနှစ်ကို သောက်သုံးလိုက်မည်ဆိုပါက အမွေအနှစ်ကို ရရှိလိမ့်မည်ဟု ပြောခဲ့ဖူးသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ဧရာမ မိုးပြာရောင် နဂါးကြီးတစ်ကောင်သည် ဟင်းလင်းပြင်ထဲတွင် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာဲ့သည်။ ၎င်းသည် အောင်းချန်မှတစ်ပါး တစ်ခြားသူမဟုတ်ပေ။

“ ဂုဏ်ယူပါတယ်၊ မင်းက ကြေးခန်းမရဲ့ စမ်းသပ်မှု ၃၆ခုကို ကျော်ြဖတ်ခဲ့ပြီးတော့ ငါ့ရဲ့ ဆက်ခံသူဖြစ်လာခဲ့ပြီ “

နဂါးသားရဲကြီးသည် အံ့ဩမှင်သက်သွားခဲ့သည်၊ သူသည် ဘိုးဘေးနဂါး သွေးအဆီအနှစ် ပါဝင်သည့် ဤကျောက်စိမ်းပုလင်းကို ရရှိရန်အတွက် စမ်းသပ်မှု ၃၆ခုကို ကျော်ဖြတ်ရန် လိုအပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အောင်းချန်မှ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ငါက ချန်ရွှမ်လက်အောက်က ပထမဦးဆုံး ဘိုးဘေးနဂါး စစ်သူကြီး အောင်းချန်ပါ။ ငါက ငါ့ရဲ့ ဧကရာဇ်နဲ့ အတူတူ တိုက်ပွဲဝင်ခဲ့ပြီးတော့ သေခြင်းရှင်ခြင်းတွေကို ရင်ဆိုင်ခဲ့တယ်၊ ဒီအမွေအနှစ်ကို ထားထားခဲ့တာက နောင်လာနောင်သားတွေက ငါ့ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းပေးနိုင်ဖို့ပဲ “

“ ငါ့ရဲ့ဆရာ၊ ဧကရာဇ် ချန်ရွှမ်က တစ်ခါတုန်းက ကောင်းကင်ဘုံ နည်းစနစ်တွေကို သုံးခဲ့ပြီးတော့ ဒီစကြာဝဠာကြီးရဲ့ ပြောင်းလဲမှုတွေကို ကြည့်ရှုခဲ့တယ်၊ သူက ကောင်းကင်ဘုံ ဝါးမြိုခံလိုက်ရပြီးတော့ ကမ္ဘာမြေဇောက်ထိုးဖြစ်တဲ့အထိ ဖြစ်သွားရစေမဲ့ ကြီးမားတဲ့ ကပ်ဘေးတစ်ခုဖြစ်လာမှာကို မြင်တွေ့ခဲ့တယ်။ အဲ့တာက ကမ္ဘာပျက်ကပ်နိမတ်ပဲ “

“ ငါတို့ ဧကရာဇ်က ဒီကပ်ဘေးဖြစ်လာမှာကို တွေးပူနေခဲ့တယ်၊ အဲ့တာကြောင့် ကပ်ဘေးနဲ့ ရင်ဆိုင်ဖို့အတွက် မျိုးနွယ်စုတစ်သောင်းကို သူဦးဆောင်ခဲ့တယ်။ ဒီခရီးက ပြန်လမ်းမရှိဘူးဆိုတာကို ငါသိခဲ့တယ်၊ ဒါပင်မဲ့ ငါ့ခန္ဓာကိုယ်ကိုသုံးပြီးတော့ ဒီကပ်ဘေးကို ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်၊ အဲ့တာက မျိုးနွယ်စုအားလုံးအတွက် ကံကောင်းခြင်း ဖြစ်သွားလိမ့်မယ် “

“ တကယ်လို့ ငါတို့ ရှုံးသွားမယ်ဆိုရင် နောက်မျိုးဆက်က လူတွေက ဒီတာဝန်ဝတ္တရားကို သယ်ပိုးပြီးတော့ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဆက်တိုက်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် “

“ ကြေးခန်းမထဲမှာ ငါ့ဧကရာဇ်နောက်ကို လိုက်သွားရင်းနဲ့ ကပ်ဘေးတိုင်းပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ ကျောက်စာတစ်ချပ်ကို ငါဝှက်ထားခဲ့တယ်၊ နောင်လာနောင်သားတွေက အဲ့တာကနေတစ်ဆင့် ကပ်ဘေးတိုင်းပြည်အကြောင်းကို သိသွားလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ကြီးမားတဲ့ ကပ်ဘေးတစ်ခုလား?

အဲ့တာက အောင်းချန်ရှန်းတို့တစ်သိုက် တွေ့ခဲ့ရတဲ့ မြင်ကွင်းနဲ့ ဆက်စပ်နေတာများလား?

ကြေးခန်းမအတွင်းတွင် ကျောက်စာတစ်ချပ် ဝှက်ထားသည်ဟုဆိုသေးသည်၊ အောင်းချန်ရှန်း၊ ခွန်ပန်နှင့် တစ်ခြားလူများသည် ထိုကျောက်စာချပ်ထဲမှ မြင်ကွင်းများကို မြင်တွေ့သွားခဲ့ခြင်း ဖြစ်နိုင်လေသည်။

“ ဆိုတော့ ဘိုးဘေးနဂါး ဂူသင်္ချိုင်းထဲမှာက ဘိုးဘေးနဂါးတွေရဲ့ အလောင်းတွေမရှိဘူးပေါ့ “ နဂါးသားရဲကြီးမှာ တွေးတောစဥ်းစားနေတော့သည်။

ဘိုးဘေးနဂါး အောင်းချန်မှာလည်း ကပ်ဘေးတိုင်းပြည်တွင် သေဆုံးသွားမည်မှာ သေချာလှပေသည်။

“ ကျောက်စာချပ်ထဲမှာ ဘာမြင်ကွင်းတွေ ရှိနေတာလဲ? “

ဘယ်လိုမြင်ကွင်းမျိုးတွေ ရှိနေလို့ လူတွေကို ရူးသွပ်သွားစေခဲ့တာလဲ?

ထိုအချိန်၌ နဂါးသားရဲကြီးသည် အနည်းငယ် သိချင်သွားခဲ့သည်။

သိလိုစိတ်သာ သိလိုစိတ်သပ်သပ်သာ ဖြစ်သည်၊ သူသည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းဆီသို့ ပြန်သွားမည် မဟုတ်ပေ။

ထိုအချိန်တွင် အောင်းချန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ အောင်မြင်သူ၊ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံပါ !!! “

မိုးပြာနဂါးကြီးမှ လက်ဝေ့ယမ်းလာခဲ့ရာ၊ မိုးပြာရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ နဂါးသားရဲကြီး၏ မျက်ခုံးကြားသို့ တိုးဝင်လာခဲ့သည်။

“ ဇွီ !!! “

ချက်ချင်းဆိုသလိုပင် သတင်းအချက်အလက်ပေါင်းများစွာ ကူးပြောင်းရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် နဂါးသားရဲကြီးသည် သူ၏အသိစိတ်က ပေါက်ကွဲလုမတတ်ဖြစ်နေသည်ဟု ခံစားနေခဲ့ရသည်။

အမွေအနှစ်ပါရှိသော အချက်အလက်များသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ချက်ချင်းဆိုသလိုပင် အဆိုပါ အမွေဆက်ခံမှုသည် သူ၏မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့သည်။

“ ဘိုးဘေးနဂါး အရိပ်တစ်သောင်း၊ နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားတစ်သောင်း နည်းစနစ်လား? “

ရှုကျိုး၏ ပထမဦးဆုံး အတွေးမှာ အဆိုပါ အမည်က အတော်လေးရှည်လျားသည်ဆိုသည်ပင် ဖြစ်သည်။

ထို့နောက် သူသည် လျင်မြန်စွာ သဘောပေါက်သွားခဲ့သည် “ ဒီအမွေဆက်ခံမှုက ကိုယ်ပွားနည်းစနစ်လား? မဟုတ်ဘူး …….. ကိုယ်ပွားတစ်သောင်း နည်းစနစ်ပဲ “

ဤနည်းစနစ်သည် မိုးပြာနဂါးကြီး အောင်းချန်မှ တီထွင်ဖန်တီးထားသည့် နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်းမှာ ရှေးဦးဖရိုဖရဲအဆင့်တွင် သူပြုလုပ်ခဲ့သည့် မူလတာအို နည်းလမ်းတစ်ခုဖြစ်ကာ သူ၏ ထင်ရှားကျော်ကြားသည့် နည်းစနစ်တစ်ခု ဖြစ်သည်။

အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ဘိုးဘေးနဂါး၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို သယ်ဆောင်ထားသည့် သောင်းနှင့်ချီသော ကိုယ်ပွားများအဖြစ် ချက်ချင်းခွဲထွက်သွားနိုင်ပေသည်။

အဆိုပါ ကိုယ်ပွားများသည် နယ်မြေဒေသ အမျိုးမျိုးသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး၊ ဘက်ပေါင်းစုံတွင် ပုန်းအောင်း၍ ရန်သူ့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်ပေသည်။

ထိုကဲ့သို့သော စွမ်းရည်မျိုးအောက်တွင် ရှေးဦးဖရိုဖရဲအဆင့် ပညာရှင်ကပင် ကျဆုံးသွားရလိမ့်မည် ဖြစ်သည်။

“ သောင်းနဲ့ချီတဲ့ ကိုယ်ပွားတွေ …….. “

နဂါးသားရဲကြီးမှာလည်း အနည်းငယ် မှင်သက်သွားခဲ့သည်၊ အကယ်၍ ကိုယ်ပွားများထံတွင် စွမ်းအားတစ်စိတ်တစ်ပိုင်းမျှသာ ရှိနေမည်ဆိုလျှင်တောင်မှ ၎င်းတို့အားလုံး၏ ပေါင်းစပ်စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းနေဦးမည်သာ ဖြစ်သည်။

၎င်းမှာ နတ်စွမ်းရည်မဟုတ်ဘဲ တာအိုနည်းလမ်းတစ်ခုသာ ဖြစ်သည်ဆိုသည်ကို နားလည်ကြရမည် ဖြစ်သည်။

တာအိုနည်းလမ်းဟု ခေါ်ဆိုသောအရာများသည် လူသားတို့ ကျင့်ကြံနေသည့် ကျင့်ကြံရေး နည်းစနစ်များကဲ့သို့ မူလအစပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။

သို့သော် တာအိုနည်းလမ်းမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ မူလအစထပ် ကျော်လွန်ပြီး၊ ဓာတ်ကြီးငါးပါး၊ ယင် ယန်၊ လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးစသည်တို့သည် ဂုဏ်သတ္တိ အမျိုးမျိုးဖြင့် တစ်သီးတစ်သန့် မတည်ရှိတော့ဘဲ၊ အရာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားသော အရာတစ်ခုဖြစ်သည်။

ကိုယ်ပွားတစ်သောင်း နည်းစနစ်သည် ထိုကဲ့သို့သော နည်းစနစ်တစ်ခုဖြစ်သည်။

“ ရှေးဦးဖရိုဖရဲအဆင့်လား? “

ထိုအချိန်၌ နဂါးသားရဲကြီးသည် အသုံးအနှုန်းတစ်ခုကို သတိပြုမိသွားသည်၊ သူသည် ထိုကဲ့သို့သော အမည်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

ဤအမွေဆက်ခံမှုတွင် အသေးစိတ်အချက်အလက်များ ပါဝင်နေသောကြောင့် သူပြန်၍ တွေးတောစဥ်းစားနေတော့သည်။

“ ရှေးဦးဖရိုဖရဲအဆင့်၊ အဆင့်၉အထက်က ပညာရှင်တွေလား? “

မကြာခင်မှာပင် နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

သူသည် နဝမအဆင့်နောက်ပိုင်းရှိ နယ်ပယ်တစ်ခု၏အမည်ကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားသိခဲ့ရပြီ ဖြစ်သည်။ ယခုလက်ရှိ အချိန်၌ ကြယ်ပြာဂြိုဟ်ပေါ်ရှိ အဆင့်အမြင့်ဆုံး ပညာရှင်များမှာ နဝမအဆင့် အထွတ်အထိပ် ပညာရှင်များသာဖြစ်ပြီး၊ ၎င်း၏အထက်မှ လမ်းကြောင်းကိုမူ မည်သူမှ ရှာမတွေ့သေးပေ။

သို့သော် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ဘိုးဘေး မိုးပြာနဂါး အောင်းချန်သည် နဝမအဆင့်အထက်မှ ပညာရှင်များကို သတ်ဖြတ်နိုင်သည့် တာအိုနည်းစနစ်တစ်ခုကို တီထွင်ထားခဲ့ပြီးသားဖြစ်သည်။

“ အောင်းချန်ကိုယ်တိုင်ကိုက ရှေးဦးဖရိုဖရဲအဆင့် ပညာရှင် ဖြစ်နေနိုင်တယ် “

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ကြောက်စရာကောင်းသော အချက်တစ်ချက်ကို သတိပြုမိသွားခဲ့သည် “ အောင်းချန်က ဒီလောက်တောင် အစွမ်းထက်နေပြီးတော့၊ အဲ့တာကို ပြန်လမ်းမရှိတဲ့ ခရီးစဥ်တစ်ခုအဖြစ် သတ်မှတ်ခဲ့တယ်ပေါ့? သူတို့ရဲ့ ရန်သူတွေက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလိုက်မလဲ??? “

အမွေဆက်ခံမှု၏ သတင်းအချက်အလက်များအရ အောင်းချန်၏ အထက်တွင် ချန်းရွှမ်ဟူသော ဂုဏ်ပုဒ်ဖြင့် ဧကရာဇ်တစ်ဦး ရှိနေခဲ့သည်။

၎င်းက မျိုးနွယ်စုတစ်သောင်းကို အုပ်စိုးသော ဧကရာဇ်တစ်ပါးဖြစ်သည်ဟု ဆိုထားသည်။

၎င်းက လူသားဧကရာဇ် ဟုတ်၊ မဟုတ်ဆိုသည်ကမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

သို့ရာတွင် ယခုလက်ရှိ အခြေအနေများအရ မျိုးနွယ်စုတစ်သောင်းမှာ စစ်ပွဲကို အဆက်မပြတ် ဆင်နွှဲနေလျက်ရှိသည်၊ ထို့ကြောင့် ၎င်းမှာ သူတို့ကို အုပ်ချုပ်နေသည့် ဧကရာဇ်တစ်ပါးမရှိဘူးဟု ဖော်ပြနေခြင်းပင် ဖြစ်သည်။

မျိုးနွယ်စုတစ်သောင်းကို ဦးဆောင်၍ ကပ်ဘေးတိုင်းပြည်နှင့် ဆင်နွှဲခဲ့သော စစ်ပွဲတွင် ဧကရာဇ် ချန်းရွှမ်ကျဆုံးသွားခဲ့သည်မှာ သေချာလုနီးပါးပင် ဖြစ်သည်။

ဘိုးဘေးနဂါးမျိုးနွယ်စု ပျောက်ကွယ်သွားခြင်းမှာ ထိုကိစ္စနှင့် ဆက်စပ်နေနိုင်လေသည်။

ထိုအချိန်တွင် အောင်းချန်မှ လက်ဝေ့ယမ်းလာခဲ့ရာ၊ နောက်ထပ် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဒါက ငါတို့မျိုးနွယ်စုက လေ့ကျင့်ကြတဲ့ နတ်စွမ်းရည်ပဲ၊ မူလနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်လို့ခေါ်တယ်။ ဒီဟာကိုလည်း မင်းဆီကို လက်ဆင့်ကမ်းလိုက်မယ် “

အောင်းချန်မှ လက်တစ်ချောင်းကို ဆန့်တန်းလာခဲ့ရာ၊ တောက်ပသော အလင်းတန်းတစ်ခုသည် နဂါးသားရဲကြီး၏ မျက်ခုံးများကြားသို့ တိုးဝင်လာခဲ့သည်။

“ မူလနဂါး ကောင်းကင်ဖြိုခွင်းစည်းတံဆိပ် …….. ဘိုးဘေးနဂါးသွေးမျိုးဆက်ကို သုံးပြီးတော့ နဂါးပုံစံစည်းတံဆိပ်တစ်ခု ဖွဲ့စည်းရမယ်၊ အဲ့စည်းတံဆိပ်ဆီမှာ ဘိုးဘေးနဂါးရဲ့ ဘုန်းတန်ခိုး ပါဝင်နေပြီးတော့ အရာအားလုံးကို ဖိနှိပ်နိုင်တယ် “

………………………………………………………………………………………………………………………………………….

အပိုင်း ( 414 )

ဘိုးဘေးနဂါး အရိပ်တစ်သောင်း၊ နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားတစ်သောင်း နည်းစနစ် ၂

အမွေအနှစ်ကို စုပ်ယူပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် နဂါးသားရဲကြီးသည် ချက်ချင်း အံ့ဩသွားခဲ့သည်။

ဤမူလနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်သည် လူသားဧကရာဇ် စည်းတံဆိပ်နှင့် အနည်းငယ် တူညီနေပုံရသည်။

အသွင်အပြင်သာလျှင် မဟုတ်ဘဲ အသက်သွင်းရာတွင် ရွတ်ဆိုရသည့် ဂါထာများမှာလည်း အတော်လေး ဆင်တူယိုးမှားဖြစ်နေခဲ့သည်။

“ ဒီဟာက လူသား ဧကရာဇ် စည်းတံဆိပ်ကို အခြေခံပြီးတော့ လုပ်ထားတာလား? ဒါမှမဟုတ် အဲ့တာရဲ့ ပြောင်းပြန်နည်းစနစ်တစ်ခုလား? “

နဂါးသားရဲကြီးသည် စိတ်ထဲတွင် ထင်ကြေးပေးမှန်းဆနေခဲ့သည်။

၎င်းကို ကြည့်ခြင်းအားဖြင့် ဘိုးဘေးနဂါးမျိုးနွယ်စုနှင့် လူသားဧကရာဇ်တို့ကြားတွင် ပတ်သက်မှုတစ်ချို့ ရှိနေမည်မှာ သေချာလုနီးပါးပင် ဖြစ်သည်။

“ ဟစ် !!! “

အမွေဆက်ခံမှုကို လွှဲပြောင်းပေးအပ်ခဲ့ပြီးသည့်နောက်တွင် အောင်းချန်သည် နောက်ဆုံးသော တာဝန်ကို ဖြည့်စည်းနိုင်ခဲ့သည့်အတိုင်း တဖြည်းဖြည်း မှုန်ဝါးသွားကာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤဟင်းလင်းပြင် နေရာလွတ်မှာလည်း စတင်၍ ပြိုကွဲလာခဲ့သည်။

တစ်ခဏခန့် အကြာတွင်

နဂါးသားရဲကြီးသည် လက်တွေ့ဘဝသို့ တဖန်ပြန်၍ ရောက်ရှိလာခဲ့သည်။

အသိစိတ် ပြန်ရလာသည်နှင့်တစ်ပြိုင်နက် သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အံ့ဩဖွယ်ကောင်းသည့် စွမ်းအားများကို ချက်ချင်းခံစားမိသွားခဲ့သည်။

“ ဒါက …… အသွင်ပြောင်းတာ ပြီးသွားတာပြီလား? “

ယခုလေးတင် သူသည် ဘိုးဘေးနဂါး သွေးအဆီအနှစ်ကို စုပ်ယူခဲ့ပြီး၊ အသွင်ပြောင်းမှု မပြီးဆုံးခင် အချိန်မှာပင် သူ၏ အသိစိတ်သည် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ဆွဲခေါ်ခံခဲ့ရသည်။

ထိုကာလအတွင်း၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများမှာ လုံးဝ ပြီးဆုံးသွားခဲ့သည်။

ယခု၌ သူသည် အထွတ်အထိပ် နဂါးသားရဲကြီး၏ ပုံစံအဖြစ်သို့ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း၊ ခွန်အားကမူ ယခင်ကနှင့် လုံးဝကွဲပြားခြားနားနေခဲ့သည်။

ပို၍ အရေးကြီးသောအရာမှာ သူ၏သွေးမျိုးဆက်က လုံးဝသန့်စင်သွားခြင်းပင် ဖြစ်သည်။

သူထုတ်လွှင့်ထားသည့် အရှိန်အဝါသည် အစစ်အမှန် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါမျိုးဖြစ်နေခဲ့သည်။ ၎င်းက ဘိုးဘေးနဂါးကို မယှဥ်နိုင်သော်လည်း၊ အနိမ့်ဆုံးအနေဖြင့် အလယ်အလတ်အဆင့် နတ်သားရဲများကိုမူ ကောင်းစွာယှဥ်နေနိုင်လေသည်။

ဤအချိန်၌ ၎င်း၏ အရေပြားအပေါ်တွင် ဖျော့တော့သော အကြေးခွံအလွှာတစ်ခု ရှိနေခဲ့ပြီး၊ နေရောင်အောက်၌ ၎င်းသည် ရွှေနှင့်အနီရောင်တို့ ရောပြွန်းထားသကဲ့သို့ ဖြစ်နေသည့် ရောင်ခြည်တစ်ခုဖြင့် လင်းလက်တောက်ပနေခဲ့သည်။

အဆိုပါ နဂါးအကြေးခွံများက ဖျော့တော့ကာ ပါးလွှာနေသော်လည်း နျူကလီးယားဗုံးကပင် ၎င်းတို့ကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

“ ဗွီ ဗွီ !!! “

နဂါးသားရဲကြီးမှ လက်သီးဆုပ်လိုက်ရာ ပါးလွှာသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ အက်ကွဲကြောင်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများကို ပိုင်းဖြတ်လာခဲ့သည်။

“ ကျွီ ကျွီ !! “

ပုံမှန်အားဖြင့် တားဆီး၍မရသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းသည် ပထမဦးဆုံးအကြိမ်အဖြစ် ပင်လယ်ထဲသို့ ပြုတ်ကျသွားသည့် ကျောက်တုံးတစ်ခုကဲ့သို့ မည်သည့်အရာကိုမှ မပြုလုပ်နိုင်ခဲ့ပေ။

“ ကျွီ ကျွီ ကျွီ ကျွီ ~~~ “

ခုတ်ပိုင်းသံများသည် ပိုပို၍ကျယ်လောင်လာခဲ့ပြီး၊ အကြေးခွံများထံမှ မီးပွားများ လွင့်စင်လာတော့သည်။

နဂါးသားရဲကြီးသည် ကိုယ့်ကိုကိုယ် ထိခိုက်ဒဏ်ရာ ရသွားစေရန် မရည်ရွယ်ထားသောကြောင့် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။

ထို့နောက်တွင် အကြေးခွံများကို ကြည့်ရှုစစ်ဆေးလိုက်ရာ ၎င်းတို့အပေါ်တွင် ဖျော့တော့သော အဖြူရောင် အမှတ်အသားတစ်ခု တည်ရှိနေသည်ကိုသာ မြင်တွေ့ခဲ့ရသည်။

ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုတည်းဖြင့် သူ့ကို ဒဏ်ရာရအောင် ပြုလုပ်ရန် မလုံလောက်ဘူးဆိုသည်မှာသိသာလွန်းလှသည်၊ သို့သော် ပိုများသော ဟင်းလင်းပြင် အက်ကွဲကြောင်းများဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက သူသည် ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ ငါ့ရဲ့ ခုခံကာကွယ်နိုင်စွမ်းက အရင်ကထပ် ဆယ်ဆပိုအားကောင်းလာတာပဲ “

နဂါးသားရဲကြီးသည် အသာအယာ ပြုံးနေတော့သည်၊ ဤကဲ့သို့သော ခုခံကာကွယ်နိုင်စွမ်းသည် ပဥ္စမအဆင့် နတ်သားရဲကောင်၏ အင်အားအပြည့် တိုက်ခိုက်မှုကိုပင် ခုခံနိုင်မည် ဖြစ်သည်။

သို့သော် အစစ်အမှန် နတ်သားရဲများကိုတော့ ချန်လှပ်ထားရမည် ဖြစ်သည်။

သို့သော် ၎င်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသာ ဖြစ်သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ဤတစ်ကြိမ် ပြောင်းလဲမှုသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သိသိသာသာ တိုးတက်သွားစေခဲ့ပြီး၊ ၎င်း၏ သွေးမျိုးဆက်မှာပင် ဘိုးဘေးနဂါး၏ စရိုက်လက္ခဏာများ ပါဝင်နေခဲ့သည်။

ယခုလက်ရှိ အချိန်၌ အစစ်အမှန် နတ်သားရဲများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ သူကြောက်ရွံ့နေတော့မည် မဟုတ်ပေ။

နဂါးသားရဲကြီးသည် ၎င်း၏ လက်သည်းကို ဆန့်ထုတ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။

ချီ-သွေးစွမ်းအား၏ ကြီးမားသော စွမ်းအားသည် ၎င်း၏ ခန္ဓာကိုယ်မှတစ်ဆင့် ၎င်း၏ လက်သည်းဆီသို့ ရောက်ရှိသွားကာ၊ ထို့နောက်တွင် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

ငလျင်လှုပ်ခတ်သံကဲ့သို့ ဘုမ်းဟူသော အသံနှင့်အတူ မီတာ သောင်းနှင့်ချီသော ဧရိယာတစ်ဝိုက်ကိုပါ အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ထိုဧရိယာအတွင်းရှိ မြေထုပေါ်တွင် အမျိုးမျိုးသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

“ ဘယ်လောက်တောင် စွမ်းလိုက်လဲ !! “

နဂါးသားရဲကြီးသည် စိတ်လှုပ်ရှားမှုနှင့်အတူ လက်သီးဆုပ်နေတော့သည်။

ယခု၌ ၎င်း၏ ပုံမှန်အခြေအနေတွင်သာ ရှိနေသေးစဲဖြစ်သည်၊ သို့သော် ၎င်းသည် ယခင်က ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်၏ ပထမအကြိမ် ပြောင်းလဲမှုကို အသက်သွင်းထားသည့် အချိန်ကထပ် ပိုမိုအားကောင်းနေခဲ့သည်။

အကယ်၍ ၎င်းကိုသာ အသုံးပြုလိုက်မည်ဆိုပါက၊ သူ၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်နေရာအထိ တိုးတက်သွားမည် ဖြစ်သည်။

…

“ ဘိုးဘေးနဂါး အရိပ်တစ်သောင်း၊ နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားတစ်သောင်းလေးကို စမ်းကြည့်လိုက်တာပေါ့ကွာ “ ဟုနဂါးသားရဲကြီးမှ ဆုံးဖြတ်ချက်ချလိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အဆိုပါနည်းစနစ်ကို စတင်၍ လေ့လာစူးစမ်းနေတော့သည်။

မှတ်ဉာဏ် အမွေဆက်ခံမှုဖြစ်သောကြောင့် အခက်အခဲများစွာ ရှိနေမည်မဟုတ်ဘဲ အကြိမ်အနည်းငယ်မျှ လေ့ကျင့်ရုံဖြင့် ကောင်းစွာနားလည်တတ်ကျွမ်းသွားမည် ဖြစ်သည်။

တစ်ခဏခန့် အကြာတွင်

“ ငါသိပြီ၊ ဒီနည်းစနစ်က တော်တော်ကြီးကို လျှို့ဝှက်ဆန်းကြယ်တာပဲဟ “

နဂါးသားရဲကြီး၏ မျက်လုံးများသည် တလက်လက် တောက်ပလာခဲ့သည်။

သူသည် ကိုယ်ပွားတစ်သောင်း နည်းစနစ်၏ လုပ်ဆောင်မှုတစ်ခုလုံးကို ကောင်းစွာနားလည်သွားခဲ့ပြီ ဖြစ်သည်။

ဤနည်းစနစ်သည် လူတစ်ဦး၏ ဝိညာဥ်ပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်များကို ဆင့်ခေါ်ကာ ဓာတ်ကြီးငါးပါးနှင့် ယင်ယန်တို့ကို ပေါင်းစပ်၍ ကိုယ်ပွားများ ဖန်တီးခြင်းဖြစ်သည်။

တစ်နည်းဆိုရသော် ကိုယ်ပွားမှာ သင်ကိုယ်တိုင်ဖြစ်ပြီး၊ သင်ကလည်း ကိုယ်ပွားပင် ဖြစ်သည်။

၎င်းမှာ ကိုယ်ပွားတစ်ခု ဖျက်ဆီးခံလိုက်ရသည်နှင့်တစ်ပြိုင်နက် မူလကိုယ်ထံတွင်လည်း တန်ပြန်သက်ရောက်မှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

အောင်းချန်၏ ကြောက်မက်ဖွယ် အကောင်းဆုံး အတွေးတစ်ခုသည် ဤနည်းစနစ်အား အသက်ဝိညာဥ်ကို အားဖြည့်ပေးသည့် ကျင့်ကြံရေး နည်းစနစ်တစ်ခုနှင့် ပေါင်းစည်းခြင်းပင် ဖြစ်သည်။

တစ်နည်းဆိုရသော် ကိုယ်ပွား၏ ကျင့်ကြံရေး နည်းစနစ်နှင့်ဆိုပါက ၎င်း၏ အသက်စွမ်းအားက ပို၍ခိုင်မာအားကောင်းလာမည် ဖြစ်သည်။

ထို့ကြောင့် နောင်အနာဂတ်တွင် ကိုယ်ပွားအချို့ကို လက်လွှတ်ဆုံးရှုံးရမည်ဆိုပါက သိသာထင်ရှားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

“ စပြီးတော့ ကျင့်ကြံကြတာပေါ့ကွာ “

နဂါးသားရဲကြီးသည် ၎င်း၏ မျက်လုံးများကို မှိတ်လိုက်သည်။

“ ကိုယ်ပွားတစ်သောင်း နည်းစနစ်ရဲ့ ပထမဦးဆုံးအဆင့်က အသက်ဝိညာဥ်ကို ရှာရတာပဲ “

အသက်ဝိညာဥ်ဟု ခေါ်ဆိုသောအရာသည် ရှုကျိုးနှင့် အလွန်ပင် တရင်းတနှီးရှိသော အရာတစ်ခုဖြစ်သည်။

သူ၏ အသက်ဓာတ်ဝါးမြိုခြင်းသည် အသက်ဝိညာဥ်နှင့် ဆက်စပ်နေပေသည်။

ယခင်က သူသည် တစ်ခြားလူများ၏ အသက်ဝိညာဥ်များကို ဝါးမြိုခဲ့ဖူးသည်၊ သို့သော် သူ၏ကိုယ်ပိုင် အသက်ဝိညာဥ်ကိုမူ တစ်ကြိမ်တစ်ခါမှ မထိတွေ့ခဲ့ရပေ။

ထိုအချိန်၌ သူသည် ကိုယ်ပွားတစ်သောင်း နည်းစနစ်၏ လမ်းညွှန်ချက်များအတိုင်း ပြုလုပ်ကာ သူ၏ အသက်ဝိညာဥ်ကို ရှာဖွေနေတော့သည်။

နဂါးသားရဲကြီး၏ နှလုံးထံတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ကာ အပေါ်ဘက်သို့ ရွေ့လျားလာခဲ့သည်။

အစာပြွန်၊ လေပြွန်နှင့် နှာခေါင်းပေါက်တို့မှတစ်ဆင့် ……….

အဆိုပါ အလင်းတန်းသည် မျက်ခုံးများကြားတွင် ရပ်တန့်သွားခဲ့သည်။

“ ရှာတွေ့ပြီ “

နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့တစ်ခု ဖြစ်တည်လာခဲ့သည် “ ဆိုတော့ အသက်ဝိညာဥ်က ဦးနှောက်ထဲမှာပဲ ရှိနေတာပေါ့ “

သူသည် သူ၏အသိစိတ်ထဲတွင် လှိုင်းအတက်အကျများ ရှိနေသည့် ကြီးမားသော ပင်လယ်ပြင်တစ်ခုကို မြင်တွေ့သွားခဲ့သည်။

အဆိုပါ ပင်လယ်သည် သူ၏ဦးနှောက်ပင် ဖြစ်သည်။

အဆိုပါ ပင်လယ်ပြင်၏ အထက်တွင် မျောလွင့်နေသည့် မီးခိုငွေ့ မြူထုတစ်ခု ရှိနေခဲ့သည်။

အဆိုပါ မြူထုသည် သူ၏အသက်ဝိညာဥ်ဖြစ်ပြီး၊ သူ၏အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

“ ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ? ငါ့ရဲ့ အသက်စွမ်းအားက ဒီလောက်တောင် အစွမ်းထက်တာလား? “

နဂါးသားရဲကြီးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ကိုယ်ပွားတစ်သောင်း နည်းစနစ်၏ ဖော်ပြချက်များအရ သာမန်အခြေအနေများ၏ နည်းစနစ်များအောက်တွင် စတုတ္ထအဆင့် နတ်သားရဲတစ်ကောင်၏ အသက်ဝိညာဥ်သည် အလျားနှင့် အနံ ဆယ်ပေဝန်းကျင်မျှသာ ရှိနေမည်ဖြစ်သည်။

ပဥ္စမအဆင့် နတ်သားရဲ၏ အသက်ဝိညာဥ်သည် အလျားနှင့် အနံဆယ်ပေအထိ ရှိနေမည်ဖြစ်သည်။

အဆင့်ခြောက် နတ်သားရဲ၏ အသက်ဝိညာဥ်ကမူ အလျားနှင့်အနံ ပေ၁၀၀အထိ ရှိနေမည် ဖြစ်သည်။

သို့ရာတွင် သူကမူ စတုတ္ထအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးပြီး၊ သူ၏ အသက်ဝိညာဥ်မှာ အလျားနှင့်အနံ ရာပေါင်းများစွာအထိ ကြီးထွားနေလျက်ရှိသည်။

၎င်းမှာ သူ၏အသက်စွမ်းအားက တစ်ချို့သော ဆဌမအဆင့်နတ်သားရဲများထပ်ပင် ပို၍ အားကောင်းနေသည်ဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။

“ အဲ့တာက မူလကိုယ်ကြောင့်များလား? “ နဂါးသာရဲကြီးမှာ အတွေးနက်သွားခဲ့သည်။

မူလကိုယ်သည် အသက်ဝိညာဥ်ပမာဏ အများအပြားကို ဝါးမြိုထားခဲ့ပြီး၊ ၎င်းတို့မှာ ကိုယ်ပွားထံသို့ အကျိုးအမြတ်တစ်ချို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ အသက်ဝိညာဥ်ကို အရင်ခွဲထုတ်ကြတာပေါ့ကွာ “

“ ကိုယ်ပွားတစ်သောင်း နည်းစနစ်အရနဲ့ ဖော်ပြချက်အရဆိုရင်၊ အသက်ဝိညာဥ်ကို ခွဲထုတ်တာက အန္တရာယ်အများဆုံးအဆင့်ပဲ၊ အဲ့အဆင့်အောင်မြင်သွားတာနဲ့ ကျန်တာတွေ အကုန်လုံးက အေးအေးဆေးဆေး ဖြစ်သွားပြီ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သတိတကြီး လှုပ်ရှားနေတော့သည်။

“ ဝှစ် !!! “

သူ့စိတ်အာရုံအထက်ရှိ မြူထုသည် စတင်၍ ရွေ့လျားလာခဲ့သည်။

လျှို့ဝှက်နည်းစနစ်၏ အကျိုးသက်ရောက်မှုအောက်တွင် မြူမှုန်များသည် စတင်၍ ကွဲအက်လာခဲ့ကာ အညိုရောင် အလင်းတန်းအဖြစ် ဖွဲ့တည်လာခဲ့သည်။

ရုတ်တရက်ဆိုသလိုပင်

“ ခရက် !!! “

ကွဲထွက်သွားသည့် အသက်ဝိညာဥ်သည် ရုတ်တရက် ပြိုကွဲသွားကာ၊ တစ်စုံတစ်ခု၏ အကျိုးသက်ရောက်မှုကို ခံလိုက်ရပုံပေါ်ပြီး၊ အလင်းတန်းတစ်ခုအဖြစ် ပွင့်ထွက်လာကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နဂါးသားရဲကြီးသည် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

“ ကျရှုံးသွားတာပဲ “

နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် ကူရာကယ်ရာမဲ့နေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။ သို့သော် သူသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။

ဤကိုယ်ပွားတစ်သောင်း နည်းစနစ်၏ အခက်အခဲမှာ အလွန်မြင့်မားနေလျက်ရှိသည်။

“ တစ်ခါကျရှုံးသွားတာနဲ့၊ ကွဲထွက်သွားတဲ့ အသက်ဝိညာဥ်က ပျောက်ကွယ်သွားပြီးတော့ ငါ့ရဲ့ အသက်အဆီအနှစ်ကို သက်ရောက်မှုတစ်ချို့ ဖြစ်သွားစေမှာပဲ၊ ဒါပင်မဲ့ ငါ့ရဲ့အသက်စွမ်းအားက လုံလုံလောက်လောက် အားကောင်းနေတယ်၊ ဆိုတော့ ဒီဆုံးရှုံးမှုကို လျစ်လျူရှုထားလို့ရတယ် “

နဂါးသားရဲကြီးသည် အသာအယာပြုံးနေကာ၊ အသက်ဝိညာဥ်ကို ဆက်၍ခွဲထုတ်နေတော့သည်။

“ ခွဲ !!! “

ဒုတိယအကြိမ် ကြိုးစားမှုမှာလည်း ကျရှုံးသွားခဲ့သည်။

သူသည် စိတ်ဓာတ်မကျသွားဘဲ ဆက်၍ ကြိုးစားနေခဲ့သည်။

တတိယအကြိမ် ကြိုးစားမှုမှာလည်း ကျရှုံးသွားခဲ့သည်။

စတုတ္ထ၊ ပဥ္စမ၊ ဆဌမ ………

ဆယ့်နှစ်ကြိမ်မြောက် ကြိုးစားခဲ့ပြီးသည့်နောက်တွင် ….

“ ဗွီ !!! “

မီးခိုးဖြူရောင် အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။

“ အောင်မြင်ပြီ “

နဂါးသားရဲကြီး၏ စိတ်ထဲတွင် မီးခိုးဖြူရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

တစ်ချိန်တည်းမှာပင် မှုန်ဝါးသော ပုံရိပ်တစ်ခုသည် အဆိုပါ အလင်းတန်း၏ အတွင်းပိုင်းတွင် ပေါ်လာခဲ့သည်၊ အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက ၎င်းမှာ နဂါးသားရဲကြီးနှင့် အနည်းငယ် တူညီနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

၎င်းမှာ ရှေ့ပြေးပုံစံသာ ဖြစ်သည်။

သို့သော် ၎င်းသည် အသက်ဝိညာဥ်ကို ခွဲထုတ်ခြင်းက အောင်မြင်သွားပြီဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။

“ အခုအချိန်ကနေစပြီးတော့ အရာအားလုံးက လွယ်ကူသွားပြီ “

နဂါးသားရဲကြီးသည် ပြုံးစိစိဖြစ်သွားတော့သည်၊ အတွေးတစ်ချက်နှင့်အတူ မီးခိုးဖြူရောင် အသက်ဝိညာဥ် ပေါ်ထွက်လာခဲ့သည်။

“ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဓာတ်ကြီးငါးပါးကို ဆင့်ခေါ်မယ် “

နဂါးသားရဲကြီးမှ လက်ဝေ့ယမ်းလိုက်ရာ၊ မမြင်တွေ့ရသော စွမ်းအင်စီးကြောင်းများသည် ဘက်ပေါင်းစုံမှ ချက်ချင်းစုဝေးလာခဲ့သည်။

၎င်းသည် ဓာတ်ကြီးငါးပါးကို အမှန်တကယ် ဆင့်ခေါ်ခြင်း မဟုတ်ပေ၊ သို့သော် ကိုယ်ပွားတစ်သောင်း နည်းစနစ်၏အဆိုအရ ၎င်းသည် အသက်ဝိညာဥ်က စွမ်းအင်ကို စုပ်ယူနိုင်စေရန်အတွက် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သားအိမ်ထဲတွင် ရှိနေသည့် သန္ဓေသားလောင်းက ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိခင်ထံမှ စွမ်းအင်များကို စုပ်ယူခြင်းကဲ့သို့ ဖြစ်သည်။

ထိုကဲ့သို့ ပြုလုပ်နေရင်းဖြင့် အသက်ဝိညာဥ်သည် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။

နဂါးသားရဲကြီး၏ ပုံရိပ်မှာလည်း တဖြည်းဖြည်းထင်ရှားလာခဲ့သည်။

ပထမဦးဆုံး ကိုယ်ပွား ဖြစ်တည်လာတော့မည် ဖြစ်သည်။

“ ဇွီ !!! “

အလင်းတန်းသည် လျင်မြန်စွာ ကြီးမားလာခဲ့သည်။

တစ်မီတာ၊ နှစ်မီတာ၊ သုံးမီတာ ……..

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ဆယ်မီတာအထိ ရှည်လျားလာခဲ့သည်။

အလင်းတန်းအတွင်းရှိ ပုံရိပ်မှာလည်း လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

“ ခရက် ~~!! “

အဆုံး၌ အလင်းတန်း၏ မျက်နှာပြင်ပေါ်တွင် ဥခွံအက်ကွဲသွားသကဲ့သို့ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ၎င်းမှာ ပထမဦးဆုံး ကိုယ်ပွားကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

“ ဂျိန်းးးးးးး !!!! “

ထိုအချိန်၌ ကောင်းကင်ဘုံသည် ရုတ်တရက် မည်းမှောင်သွားကာ တိမ်သားတိမ်စိုင်တို့သည် မိုင်ထောင်ပေါင်းများစွာအကွာအထိ ဖုံးလွှမ်းလာခဲ့သည်။

လျှပ်စီးများ လင်းလက်လာခဲ့ကာ၊ ကမ္ဘာဖျက်မည့် မိုးကြိုးအတိဒုက္ခဖြစ်အံ့သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကျဆင်းလာခဲ့သည်။

………………………………………………………………………………………………………………………………………

All Chapters