အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
အပိုင်း ( 415 )
အဆင့်ထိုးဖောက်မှု !! ပဥ္စမအဆင့် သားရဲကြီး !!
ကောင်းကင်ထက်ရှိ တိမ်မည်းကြီးများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်တစ်ထောင် ကျယ်ဝန်းသည့် ဧရိယာတစ်ခုကို ဖုံးလွှမ်းသွားခဲ့သည်။
၎င်းနှင့်အတူ ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုက အဖော်ပြုလိုက်ပါလာခဲ့သည်၊ ခရမ်းရင့်ရောင် အလင်းတန်းတစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးစွမ်းအားဖြင့် ကောင်းကင်ဘုံကို ဆုတ်ဖြဲသွားပြီး၊ အသစ်ဖွဲ့စည်းထားသည့် ကိုယ်ပွားထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
အဆိုပါ မိုးကြိုးမဆင်းသက်လာခင်အချိန်တွင် သေမင်း၏တိတ်ဆိတ်မှုကဲ့သို့သော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။
နဂါးသားရဲကြီးသည် အော်ဟစ်ဟိန်းဟောက်၍ လက်သီးတစ်လုံးကို ကောင်းကင်ထက်သို့ ပစ်သွင်းလိုက်သည်။
“ ဘုမ်းးးး !!! “
ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ မိုးကြိုးများသည် နဂါးသားရဲကြီးကို ထိမှန်သွားခဲ့သည်၊ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ကာ သူ၏ပုံရိပ်တစ်ခုလုံးကို ခရမ်းရောင် အလင်းတန်းဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ပြင်းထန်သော အားသက်ရောက်မှုကြောင့် ပတ်ပတ်လည်ရှိ မြေပြင်မှာလည်း အက်ကြောင်းများ ထသွားကာ အဆက်မပြတ် တုန်ခါသွားခဲ့သည်။
ပဥ္စမအဆင့် နတ်သားရဲက ဤနေရာတွင် ရှိနေမည်ဆိုလျှင်တောင်မှ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် နဂါးသားရဲကြီးသည် ဘိုးဘေးနဂါး၏ အသွင်ပြောင်းမှုကို ခံယူခဲ့ရပြီး၊ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
ကောင်းကင်ဘုံ အတိဒုက္ခအောက်တွင် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကြက်သွေးရောင် နဂါးအကြေးခွံများသည် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး မိုးကြိုးကို ခုခံရန်အတွက် ရွှေရောင်အလင်းတန်းဖြင့် တောက်ပလာခဲ့သည်။
အလင်းတန်းသည် အဆက်မပြတ် မှိတ်တုပ်မှိတ်တုပ် ဖြစ်နေခဲ့ကာ၊ ငြိမ်းသက်သွားတော့မယောင် ဖြစ်နေခဲ့သည်။
“ ချွမ် ချွမ် ချွမ် !!! “
ထိုအချိန်၌ အရာအားလုံးကို ဖျက်စီးနိုင်သည့် အရှိန်အဝါမျိုး သယ်ဆောင်ထားသော အနက်ရောင် ချိန်းကြိုးများသည် တိမ်ထုထဲမှ ပေါ်ထွက်လာခဲ့ပြီး၊ နဂါးသားရဲကြီး၏နောက်ဘက်တွင် ရှိနေသည့် ကိုယ်ပွားကို ဖမ်းဆုပ်လာခဲ့သည်။
“ ဟမ့် “
နဂါးသားရဲကြီးမှ အေးစက်စွာ နှာခေါင်းရှုံ့၍ သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် ဒိုင်းများ ဖွဲ့စည်းလာခဲ့သည်။
ခွမ်း ခလမ်း ခွမ်း !!! အနက်ရောင် ချိန်းကြိုးသည် ဟင်းလင်းပြင် ဒိုင်းများအပေါ်သို့ ကျရောက်လာခဲ့ပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။
“ ငါ့အတွက် ပြိုကွဲလိုက်စမ်း !! “
နဂါးသားရဲကြီးမှ လက်ဖြင့် ဖမ်းဆုပ်လာခဲ့ရာ၊ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပြီး၊ အဆိုပါ အနက်ရောင် ချိန်းကြိုးကို ခုတ်ပိုင်းလိုက်သည်။
ဘမ်းဟူသော အသံနှင့်အတူ ချိန်းကြိုးများသည် ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။
တစ်ခဏခန့် အကြာတွင်
အဆုံး၌ အတိဒုက္ခပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ထက်ရှိ အတိဒုက္ခမိုးတိမ်များမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
နဂါးသားရဲကြီးသည် နေရာမှာပင် မတ်တပ်ရပ်နေကာ၊ ကောင်းကင်ထက်တွင် ပျောက်ကွယ်သွားသည့် အတိဒုက္ခမိုးတိမ်များ ကို ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ဘာတွေဖြစ်နေတာလဲ? ဘာလို့ ကောင်းကင်ဘုံ အတိဒုက္ခက ရုတ်တရက် ပေါ်လာရတာလဲ? ပြီးတော့ အဲ့ဒီချိန်းကြိုးတွေက ……. “
နဂါးသားရဲကြီးသည် သူ၏ကိုယ်ပွားကို ကြည့်လိုက်သည် “ ဒီဟာကြောင့်များလား? “
ကိုယ်ပွားတစ်သောင်း နည်းစနစ်သည် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မဖော်ပြထားခဲ့ပေ။
“ ဒါပင်မဲ့ …….. အတိဒုက္ခပြီးတဲ့နောက်မှာ၊ ဒီကိုယ်ပွားက ပိုပြီးတော့ သန်မာလာတဲ့ပုံပဲ?? “
ယခုလေးတင် သူ၏ကိုယ်ပွားသည် အတိဒုက္ခ၏ တစ်စိတ်တစ်ပိုင်းကို စုပ်ယူခဲ့ပြီး၊ ၎င်း၏ အရှိန်အဝါမှာလည်း သိသိသာသာ အားကောင်းလာခဲ့သည်။
“ သွား !!! “
နဂါးသားရဲကြီးသည် အတွေးဖြင့် မြေပြင်ကို ထိုးလိုက်ရန် ကိုယ်ပွားကို အမိန့်ပေးလိုက်သည်။
ဘုမ်းဟူသော အသံနှင့်အတူ မြေပြင်သည် မီတာ ရာနှင့်ချီသော ချိုင့်ကြီးတစ်ခုအဖြစ် ကွဲအက်သွားခဲ့သည်။
“ မဆိုးပါဘူး၊ အဲ့တာက ငါ့ခွန်အားရဲ့ ၅၀%ကိုတောင် ပိုင်ဆိုင်ထားပြီပဲ “
နဂါးသားရဲကြီးသည် တိတ်တဆိတ် ခေါင်းငြိမ့်နေတော့သည်၊ ၎င်းမှာ သူ၏ပထမဦးဆုံး ကိုယ်ပွားသာလျှင် ဖြစ်သည်၊ သူမှ အခုတစ်ရာ(သို့) အခုတစ်ထောင်ကို ဖန်တီးလိုက်သည်နှင့်တစ်ပြိုင်နက် စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။
အရေးအကြီးဆုံးမှာက ကိုယ်ပွားက သူ၏အသက်ဝိညာဥ်နှင့် ချိတ်ဆက်နေခြင်းဖြစ်ပြီး၊ သူတိုးတက်လာသည်နှင့်အမျှ ကိုယ်ပွား၏စွမ်းအားမှာလည်း လိုက်ပါ၍ တိုးတက်လာမည်ဖြစ်သည်။
“ ဆက်ပြီးတော့ လေ့ကျင့်ကြတာပေါ့ကွာ “
နဂါးသားရဲကြီးသည် သူ၏စိတ်ကို တည်ငြိမ်သွားစေလိုက်ကာ ဒုတိယမြောက်ကိုယ်ပွားကို ဆက်လက် ဖန်တီးနေတော့သည်။
နောက်တစ်နေ့ သူက ပဥ္စမအဆင့်သို့ ရောက်ရှိသွားသည့်အချိန်တွင် ဖွဲ့စည်းမှု အမြန်နှုန်းသည် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။
…
နဂါးသားရဲကြီးက ကိုယ်ပွားကို ဖန်တီးနေသည့် အချိန်
မိုင်သန်းပေါင်းများစွာအကွာ
ဟင်းလင်းပြင်အတွင်း၌ ထာဝရတည်ရှိနေပုံရသည့် အနက်ရောင် မြို့တော်တစ်ခု ရှိနေခဲ့သည်၊ သို့သော် ဤနေရာသည် ဤလောကတွင် မည်သို့မျှ မတည်ရှိနေသကဲ့သို့ ဖြစ်နေခဲ့သည်။
( ပုံရိပ်ယောင်လိုမျိုး ဖြစ်နေတာပါ )
မြို့တော်၏ အနက်ရှိုင်းဆုံး နေရာတွင် ကြောက်မက်ဖွယ်ကောင်းသည့် မျက်လုံးကြီးတစ်စုံမှာ ရုတ်တရက် ပွင့်ဟလာခဲ့ပြီး၊ ကြက်သွေးရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ထို့နောက်တွင် ကျယ်လောင်သောအသံတစ်သံ ပဲ့တင်ထပ်ပေါ်ထွက်လာခဲ့သည်။
“ ငါ့ဆရာ လုပ်ခဲ့တဲ့ တားမြစ်ချက်က အသက်ဝင်လာခဲ့ပြီ “
ကျယ်လောသောင် အသံသည် ထပ်မံ၍ ပေါ်ထွက်လာပြန်သည် “ အဲ့တာက ကိုယ်ပွားတစ်သောင်းရဲ့ အကြွင်းအကျန်ပဲ ဖြစ်ရမယ်၊ သွား၊ သူ့ကိုသွားဖမ်းလိုက် !!! “
“ ဟုတ်ကဲ့ “
အသံတိတ်သွားသည်နှင့်တစ်ပြိုင်နက် ခြောက်ခြားဖွယ်ကောင်းသော ပုံရိပ်များ ပေါ်ထွက်လာခဲ့ပြီး၊ အရပ်မျက်နှာတစ်ဖက်သို့ ဦးတည်ပျံသန်းသွားတော့သည်။
အနက်ရောင် မြို့တော်အတွင်းရှိ အဆိုပါ အသံသည် တိုးညှင်းစွာ ရေရွတ်ပြောဆိုနေခဲ့သည် “ နောက်နှစ်နှစ်ဆိုရင် ငါ့ဆရာက နိုးလာတော့မှာ၊ ငါက ဒီမှာနေပြီးတော့ ဆရာ့ကို ကြိုဆိုရမယ်၊ အဲ့ဒီနောက်မှာတော့ မျိုးနွယ်စုတစ်သောင်းလုံးက ငါ့ဆရာရဲ့ ခြေထောက်အောက်ကို ရောက်လာရမယ် “
…
မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ
လက်သည်းငါးခု ရွှေနဂါးပိုင်နက်အတွင်း၌
လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ဘိုးဘေး အောင်းကျန်ထျန်းသည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ဘိုးဘေး အောင်းလီနှင့်အတူ ရှိနေခဲ့သည်။
ထိုအချိန်၌ အောင်းကျန်ထျန်း၏ မျက်နှာပေါ်တွင် စိတ်မရှည်ဖြစ်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့ပြီ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူစောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သော်လည်း အောင်းဖီမရောက်လာသေးသည့်အတွက် တစ်ဖက်လူက သူ့အား တိတ်တဆိတ် သတင်းပေးထားသည်ဟု သူသံသယဝင်နေသောကြောင့် ဖြစ်သည်။
“ ဟမ့်၊ တကယ်လို့ အောင်းဖီက မပေါ်လာသေးဘူးဆိုရင်တော့ ……. “ အောင်းကျန်ထျန်းမှ အေးစက်စွာ ပြောလာခဲ့သည် “ မင်းတို့ လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုတစ်ခုလုံးကို ငါ့တပည့်နဲ့အတူ မြေမြှုပ်ပေးမယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အောင်းလီသည် မနေနိုင်တော့ဘဲ ကျောချမ်းသွားခဲ့သည်။
ထိုအချိန်၌ အောင်းကျန်ထျန်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး၊ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်သည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
အောင်းလီ၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားပြီး၊ တစ်ဖက်လူက သူ၏မျိုးနွယ်စုကို အပြတ်ရှင်းတော့မည်ဟု ထင်သွားခဲ့သည်။
သို့ရာတွင် သေချာကြည့်ရှုလိုက်ပြီးသည့်နောက်တွင် အောင်းကျန်ထျန်းက အဝေးတစ်နေရာသို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ပျံသန်းသွားသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့ခဲ့ရသည်။
“ ထူးဆန်းတယ်၊ အဲ့အဘိုးကြီးက ဘယ်ကို သွားနေတာပါလိမ့်?? “
အောင်းလီသည် ထိုမြင်ကွင်းကို ကြည့်ကာ မနေနိုင်တော့ဘဲ ရေရွတ်ပြောဆိုနေခဲ့သည်။
တစ်ဖက်လူ၏ အမူအရာကို အကဲခတ်ကြည့်ရခြင်းဖြင့် တစ်ခုခု ဖြစ်ပွားနေသည်မှာ သေချာလှသည်။
ဒါပင်မဲ့ ဘယ်လိုကိစ္စမျိုးမို့လို့ သူ့တပည့်ထပ်တောင် ပိုပြီးတော့ အရေးကြီးနေရတာလဲ?
…
ထိုအချိန်၌ အောင်းကျန်ထျန်းသည် လေထုထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေလျက်ရှိသည်။
သူခြေတစ်လှမ်းလှမ်းလိုက်သည့် အချိန်တွင် အောက်ဘက်ရှိ မြေပြင်သည် ချက်ချင်း ကျုံ့ဝင်သွားပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် မိုင်သောင်းနှင့်ချီ၍ ဝေးကွာသော နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
တစ်ခဏအတွင်းမှာပင် အောင်းကျန်ထျန်းသည် အမှောင်မြို့တော် ရှိရာအရပ်သို့ ရောက်ရှိလာခဲ့သည်။
အောင်းကျန်ထျန်းက ဤနေရာသို့ ရောက်လာသည့်အချိန်တွင် တစ်ခြားသော ပုံရိပ်များကလည်း ဤနေရာသို့ ရောက်ရှိလာကြသည်၊ ၎င်းတို့မှာ တစ်ခြားသော အစစ်အမှန် နတ်သားရဲ မျိုးနွယ်စုများ၏ ဘိုးဘေးများ ဖြစ်သည်။
“ မင်းတို့ကလည်း အဲ့တာကို ခံစားမိတယ်လား? “
အောင်းကျန်ထျန်းသည် တစ်ခြားလူများကို ကြည့်ကာ မေးမြန်းလိုက်သည်။
ထောင်းထျဲ့ဘိုးဘေးသည် ခေါင်းငြိမ့်ပြ၍ စကားပြောလာခဲ့သည် “ ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုပဲ၊ အမှောင်ထုနယ်မြေက အဲ့ဒီကြွက်ကလေးတွေ ထပ်ရောက်လာပြန်ပြီနဲ့တူတယ် “
အမှောင်မြို့တော်သည် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေပြီး အမြန်မြန်ဆန်သော အမြန်နှုန်းဖြင့် ဟင်းလင်းပြင်ထဲတွင် ပြေးလွှားနေလျက်ရှိသည်။
( အခုကစပြီးတော့ စွမ်းရည်နဲ့ ဆိုင်တာတွေဆိုရင် ဟင်းလင်းပြင်စွမ်းရည်လို့ သုံးပါမယ်၊ ဥပမာ ဟင်းလင်းပြင် ဖြတ်တောက်ခြင်း၊ ဟင်းလင်းပြင် ဒိုင်းကာ စသည်ဖြင့်ပေါ့၊ တစ်ခြားနေရာတွေမှာတော့ လေဟာနယ်လို့သုံးပါမယ်၊ အခေါ်အဝေါ်လေးပဲ ပြောင်းတာပါ၊ ဖတ်ရတာရှုပ်သွားမှာစိုးလို့ ရှင်းပြတာပါ )
……………………………………………………………………………………………………………………………………..
အပိုင်း ( 416 )
အဆင့်ထိုးဖောက်မှု !! ပဥ္စမအဆင့် သားရဲကြီး !! ၂
သူတို့၏ အမြန်နှုန်းဖြင့်ပင် ထိုအရာကို အမှီမလိုက်နိုင်ခဲ့ပေ။
“ ငါတို့က ဆက်လိုက်သင့်လား? “ ခွန်ပန်ဘိုးဘေးမှ တလေးတနက် ပြောလာခဲ့သည် “ တကယ်လို့ ငါတို့က မြို့ကို ရှာတွေ့တယ်ဆိုရင်တောင်မှ၊ လှုပ်ရှားလို့ရမှာ မဟုတ်ဘူး၊ အဲ့လူတွေကို သတိပေးသလို ဖြစ်သွားစေခဲ့ရင် ………… “
တစ်ခြားလူများကမူ တိတ်ဆိတ်နေစဲသာဖြစ်သည်။
အစစ်အမှန် နတ်သားရဲများသည် အမှောင်နယ်မြေကို မတိုက်ခိုက်နိုင်ကြပေ။
အကယ်၍ သူတို့ကသာ လုပ်ခဲ့မည်ဆိုပါက၊ သူတို့သည် အမှောင်နယ်မြေ၏ ကြောက်စရာကောင်းသော တည်ရှိမှုများကို နှိုးမိသွားစေနိုင်သည်။
အဆိုပါ သတ္တဝါများသည် အိပ်မောကျသည့် အခြေအနေတွင်သာ ရှိနေသေးစဲဖြစ်သည်၊ သို့သော် သူတို့၏ တိုက်ခိုက်မှုသည် ၎င်းတို့၏ နိုးထမှုကို အရှိန်မြင့်သွားစေနိုင်သည်။
အကြောင်းအရင်းကား ၎င်းသည် ရှေးခေတ်တိုက်ပွဲနှင့် သက်ဆိုင်နေခဲ့သည်။
အထွတ်အထိပ် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများနှင့် တစ်ခြားသော နတ်သားရဲများအကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားနေရသည့် အကြောင်းအရင်းမှာ သူတို့၏ သွေးမျိုးဆက်များမှလွဲ၍ အဆိုပါ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲများက ရှေးဟောင်းအထွတ်အထိပ် ပညာရှင်ကြီးများ၏ သွေးမျိုးဆက်များကို ထိန်းသိမ်းထားနိုင်သောကြောင့် ဖြစ်သည်။
ရှေးခေတ်အခါက နဝမအဆင့်အထက်မှ အစွမ်းထက် ပညာရှင်များစွာ ရှိခဲ့သည်ဟု ဆိုကြသည်။
အဆိုပါ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲများသည် ထိုကဲ့သို့သော သွေးမျိုးဆက်ကို သယ်ဆောင်ထားသည်။
အဆိုပါ သွေးမျိုးဆက်များသည် အလွန်အစွမ်းထက်ကြသော်လည်း၊ အမှောင်နယ်မြေထဲသို့ ရောက်လာမည်ဆိုလျှင်တောင်မှ ၎င်းသည် မီးပြတိုက်ကဲ့သို့ ဖြစ်နေကာ အမှောင်နယ်မြေအတွင်းရှိ အစွမ်းထက် တည်ရှိမှုများကို ချက်ချင်း နိုးနိုးကြားကြားဖြစ်သွားစေမည် ဖြစ်သည်။
ထို့ကြောင့်ပင် အထွတ်အထိပ် အစစ်အမှန် နတ်သားရဲများက ကွမ်ဟန်တိုက်ပွဲနယ်မြေသို့ မသွားရခြင်းဖြစ်သည်။
အကယ်၍ သူတို့သာ လိုချင်မည်ဆိုပါက ယာယီအောင်ပွဲတစ်ခုကို ရရှိနိုင်ပေသည်။
သို့သော် နောက်ဆက်တွဲအနေဖြင့် ပို၍အစွမ်းထက်သော တည်ရှိမှုများကို ဆွဲဆောင်မိသွားနိုင်သည်။
အားလုံးသည် တိတ်တဆိတ်သာ ရှိနေကြသည်။
ချီလင်ဘိုးဘေးမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ငါတို့က ဒီတစ်သက် မလှုပ်ရှားကြတော့ဘူးလား? လူသားမျိုးနွယ်စုက ငါတို့က အတော်လေး မောက်မာတယ်လို့ ထင်နေကြပြီးတော့ မကျေမနပ်ဖြစ်နေကြပြီ “
“ လူသားမျိုးနွယ်စုရဲ့ အထင်အမြင်က ငါတို့နဲ့ ဘာဆိုင်လို့လဲ? “
အောင်းကျန်ထျန်းမှ မထီမဲ့မြင်ပြုနေဟန်ဖြင့် ပြောလာခဲ့သည် “ လူသားမျိုးနွယ်စုရဲ့ ဒီမျိုးဆက်တွေက နယ်ပယ်တူမှာ ငါတို့ကို အနိုင်မယူနိုင်ဘူး၊ အမှောင်နယ်မြေကို ခုခံဖို့တာက စကားထဲတောင် ထည့်ပြောနေစရာ မလိုဘူး။ တကယ်လို့ ငါတို့ကသာ လူသားမျိုးနွယ်စုကို အားကိုးနေခဲ့ရမယ်ဆိုရင် ငါတို့က ဟိုးအရင်ခေတ်ကတည်းက ပျောက်ကွယ်သွားလောက်ပြီ “
ကြယ်ပြာဂြိုဟ်နှင့် အမှောင်နယ်မြေတို့၏ တိုက်ပွဲသည် မည်သို့မျှ မရပ်တန့်သွားခဲ့ပေ။
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်ကတည်းက အမှောင်နယ်မြေသည် လေဟာနယ်မှတစ်ဆင့် ကြယ်ပြာဂြိုဟ်သို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။
သူတို့၏ သားရဲမျိုးနွယ်စုသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရပ်တည်ကာ ခုခံတိုက်ခိုက်ခဲ့ပြီး၊ များပြားလွန်းလှသော ထိခိုက်ဆုံးရှုံးမှုများကို ခံစားနေခဲ့ရသည်။
ထိုအချိန်က လူသားမျိုးနွယ်စုများထံတွင် ကျင့်ကြံသူများပင် မပေါ်ထွက်လာသေးချေ။
“ ရှေးခေတ်တုန်းကတော့ ငါတို့ကို ကာကွယ်ပေးခဲ့တဲ့ အစွမ်းထက် လူသားပညာရှင်တွေ တကယ်ရှိခဲ့ပါတယ် “ အောင်းကျန်ထျန်းမှ အေးလူလူ ပြောလာခဲ့သည် “ အခုတော့ ငါတို့က ဒီကမ္ဘာကြီးကို နှစ်တစ်သန်းအထိ ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီးပြီ၊ အဲ့ဒီကျေးဇူးတွေကို ပြန်ဆပ်ဖို့အတွက် လုံလောက်တာထပ်တောင် ပိုနေပြီ “
“ ငါတို့က လူသားမျိုးနွယ်စုနဲ့ ဘာမှမဆိုင်တော့ဘူး “
တစ်ခြားလူများမှာလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလာကြသည်။
ထောင်းထျဲ့မှ စကားဝင်ပြောလာခဲ့သည် “ အဲ့မြို့အကြောင်းကို ပြောကြရအောင်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အဲ့မြို့ပေါ်လာတာက တော်တော်လေးကို စိပ်လာတယ်။ အမှောင်နယ်မြေရဲ့ အဲ့ကြွက်တွေက တစ်ခုခု ကြံစည်နေတယ်လို့ ငါထင်တယ် “
ချီလင်ဘိုးဘေးမှာလည်း ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါလည်း ကောင်းကင်ဘုံ ယန္တရားကို တွက်ချက်ခဲ့ပြီးပြီ၊ အနာဂတ်က မှောင်မိုက်နေတယ်လို့ အမြဲလိုလို ခံစားနေခဲ့ရတယ်၊ မကြာခင်မှာ ကိစ္စကြီးတစ်ခုခု ဖြစ်လာနိုင်တယ် “
၎င်းကို ပြောနေရင်းဖြင့် သူ၏မျက်နှာပေါ်တွင် စိတ်မသက်မသာဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ အမှောင်နယ်မြေရဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုက နိုးထလာတော့မှာများလား? တကယ်လို့ အဲ့လိုသာဖြစ်နေမယ်ဆိုရင် ငါတို့က ဘာလုပ်သင့်လဲ? “
ထောင်းထျဲ့ဘိုးဘေးမှ ရုတ်တရက် ထပ်ပြောလာခဲ့သည် “ ငါ့တပည့်က ဘိုးဘေးနဂါး ဂူသင်္ချိုင်းကို တစ်ခါရောက်ခဲ့ဖူးပြီးတော့ အဲ့ဒီမှာ အနာဂတ်မြင်ကွင်းကို တွေ့ခဲ့ရတယ်လို့ ပြောခဲ့ဖူးတယ် “
“ အို့? သူက ဘာတွေ မြင်ခဲ့ရတာလဲ? “
တစ်ခြားလူများသည် စိတ်ဝင်တစားဖြစ်သွားကြသည်။
ထောင်းထျဲ့ဘိုးဘေးသည် မျက်မှောင်ကြုတ်ကာ ဆက်ပြောလာခဲ့သည် “ နှစ်နှစ်ကြာရင် ကပ်ဘေးရောက်လာလိမ့်မယ်တဲ့ “
အားလုံး၏ ရင်ခုန်သံများ ရပ်တန့်သွားတော့သည်။
“ နှစ်နှစ်လား? ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ? “ ချီလင်ဘိုးဘေးမှ တအံ့တဩဖြင့် ပြောလာခဲ့သည်။
ခွန်ပန်မှာလည်း စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ အမှောင်နယ်မြေရဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုက နိုးလာမယ်ဆိုရင်တောင်မှ၊ နယ်မြေဖြတ်ကျော်ရတာက သူတို့ရဲ့ စွမ်းအားကို အားနည်းသွားစေမှာပဲ …….. ငါတို့က ပေါင်းစပ်ဒြပ်စင်နယ်ပယ်ကို ချိုးဖျက်နိုင်တာနဲ့ ကိုယ့်ကိုကိုယ် အေးအေးဆေးဆေး ကာကွယ်နိုင်ပြီ “
“ အဆင့်မတက်နိုင်မှာကိုပဲ ငါကြောက်မိတယ် “ ထောင်းထျဲ့မှ ခေါင်းခါပြကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီးတဲ့နောက်မှာ ဘာတိုးတက်မှုမှ မရှိတော့တာ နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ကို ကြာနေပြီ “
ချီလင်ဘိုးဘေးမှာလည်း သက်ပြင်းချနေလျက်ရှိသည် “ ပေါင်းစပ်ဒြပ်စင်နယ်ပယ်၊ အပြောကတော့ လွယ်တယ်၊ ဒါပင်မဲ့ အဲ့တာက ကျော်ဖြတ်လို့မရတဲ့ အတားအဆီးတစ်ခုလိုမျိုးဖြစ်နေတယ် “
လူတိုင်း စိတ်ဓာတ်ကျသွားကြသည်။
ပေါင်းစပ်ဒြပ်စင်နယ်ပယ်သည် တကယ့်စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ရှေးခေတ်အချိန်ကတည်းက တာအိုလမ်းစဥ် ဖြတ်တောက်ခံခဲ့ရသည်။
ဤကမ္ဘာကြီးထဲတွင် ပေါင်းစပ်ဒြပ်စပ်နယ်ပယ်သို့ အဆင့်ထိုးဖောက်ရန်မှာ အလွန်တရာ ခက်ခဲလွန်းလှသည်။
အထူးသဖြင့် ယခုကဲ့သို့ နှစ်နှစ်သာ အချိန်ရတော့သည့် အချိန်မျိုးတွင် ဖြစ်ပြီး၊ မျှော်လင့်ချက် မရှိသလောက်နီးပါးဖြစ်နေခဲ့သည်။
ဘေးဘက်ရှိ အောင်းကျန်ထျန်းမှ ရုတ်တရက် စကားစပြောလာခဲ့သည် “ ငါက အဆင့်ထိုးဖောက်နိုင်မဲ့ အခွင့်အလမ်းတစ်ခုကို ခံစားမိထားတယ် “
“ အောင်းကျန်ထျန်း၊ မင်းတကယ်ပြောနေတာလား? “
တစ်ခြားလူများသည် မျက်လုံးများ တောက်ပသွားခဲ့သည်။
အောင်းကျန်ထျန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့တာက ဒီနှစ်တွေအတွင်းမှာပဲ ဖြစ်သင့်တယ်၊ အဲ့အချိန်မတိုင်ခင် အဆင့်ထိုးဖောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ …….. အဲ့လိုမှ မဟုတ်ဘူးဆိုရင် အတင်းအကြပ် အဆင့်တက်ရမှာပဲ “
အားလုံးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ပျော်ရွှင်ရမလား၊ စိတ်ပူရမလားဆိုသည်ကို ဝေခွဲမရဖြစ်သွားကြသည်။
အောင်းကျန်ထျန်းသာ အဆင့်တက်နိုင်မည်ဆိုပါက သူတို့ထံတွင် ခုခံကာကွယ်နိုင်စွမ်းရှိလာတော့မည် ဖြစ်သည်။
အကယ်၍ သူသာ အဆင့်မတက်နိုင်ဘူးဆိုပါက၊ မည်သည့်မျှော်လင့်ချက်မှ ရှိနေတော့မည် မဟုတ်တော့ပေ။
…
လေဟာနယ်အတွင်း၌
ပုံရိပ် အများအပြားသည် လျင်မြန်စွာ ပြေးလွှားနေလျက်ရှိသည်။
သူတို့ ဦးတည်ရာ အရပ်သည် နဂါးသားရဲကြီး ကျင့်ကြံနေသည့် နေရာဖြစ်သည်။
အဆိုပါ ပုံရိပ် အများစုသည် အမျိုးမျိုးသော သားရဲမျိုးနွယ်စုဝင်များဖြစ်သည်၊ သို့သော် တူညီသော အချက်တစ်ချက်ရှိနေခဲ့ပြီး၊ သူတို့၏ အရေပြားဖြစ်စေ၊ အကြေးခွံများဖြစ်စေ၊ အရာအားလုံးက အနက်ရောင်ဖြစ်နေခြင်းပင် ဖြစ်သည်။
သူတို့၏ အသွင်အပြင်များမှာ ခြောက်ခြားဖွယ်ကောင်းနေလျက်ရှိပြီး၊ အစိတ်အပိုင်းတစ်ချို့မှာ ပုံမှန်မဟုတ်သည့် ပုံသဏ္ဍာန်များရှိနေခဲ့ကာ၊ မြင်တွေ့ရရုံဖြင့်ပင် ကြက်သီးထဖွယ်ကောင်းနေခဲ့သည်။
ထိုသားရဲတစ်အုပ်၏ အရှေ့ဘက်တွင် လူသားပုံသဏ္ဍာန် သတ္တဝါတစ်ကောင် ရှိနေခဲ့သည်။
အဆိုပါ သတ္တဝါထံတွင် ဦးချိုတစ်ချောင်းသာပါရှိပြီး၊ ၎င်း၏နဖူးပေါ်တွင် အနက်ရောင်လျှပ်စီး အမှတ်အသားတစ်ခု ရှိနေခဲ့သည်။
လူသားပုံစံဖြင့်ဖြစ်နေခဲ့သော်လည်း အနက်ရောင်ဘက်မှ သားရဲကောင်များသည် ရိုသေလေးစားမှုများဖြင့် ၎င်းကို ကြည့်နေခဲ့ကြသည်။
အကယ်၍ အောင်းကျန်ထျန်းနှင့် တစ်ခြားလူများကသာ ဤလူကို မြင်တွေ့သွားမည်ဆိုပါက သူတို့သည် ဤအရာက အမှောင်နယ်မြေ တော်ဝင်မိသားစု၏ လက္ခဏာရပ်ဖြစ်သည်ကို သေချာပေါက် မှတ်မိသွားကြမည် ဖြစ်သည်။
“ အဲ့ဒီကိုယ်ပွားတစ်သောင်း အကြွင်းအကျန်ရဲ့ စွမ်းအားကို ငါသိချင်မိတယ် “ လူသားပုံစံ သတ္တဝါသည် ပေါ့ပေါ့ပါးပါး စကားပြောလာခဲ့သည်၊ သူသည် မစ်ရှင်သွားလုပ်ရခြင်းထပ် ပျော်ပွဲစားထွက်နေသည်ဟု ထင်နေပုံရသည်။
သူ့နောက်ရှိ အနက်ရောင် ကျားသားရဲမှ မြှောက်ပင့်ပြောဆိုလာခဲ့သည် “ ကျွန်တော်စုံစမ်းပြီးသွားပြီ၊ အဲ့ဒီအကြွင်းအကျန်တည်ရှိနေတဲ့ နေရာကို အဆင့်၅အထိ ဝင်ရောက်ခွင့်ပြုထားတယ်။ သခင်ယဲ့ရှောင်ရဲ့ခွန်အားနဲ့ဆိုရင် သူတို့ကို လွယ်လွယ်ကူကူ ချေမွလိုက်လို့ရပါတယ် “
လူသားပုံစံ သတ္တဝါဖြစ်သည့် ယဲ့ရှောင်မှာ ပျင်းတွဲ့တွဲ့ဖြင့် ပြောလာခဲ့သည် “ ငါက သူ့ကို သတ်မှာ မဟုတ်ဘူး၊ ကိုယ်ပွားတစ်သောင်း အမွေအနှစ်ကို ရသွားတဲ့ အဲ့ဒီအကြွင်းအကျန်တွေမှာ အရည်အချင်းရှိနေမှာပဲ၊ သူတို့က ငါ့ရဲ့ စီးတော်သားရဲဖြစ်လာဖို့သင့်တော်တယ် “
အနက်ရောင်ကျားသားရဲသည် ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည် “ သခင်ယဲ့ရှောင်ရဲ့ တော်ဝင်သွေးမျိုးဆက်နဲ့ဆိုရင် သခင့်ရဲ့ စီးတော်သားရဲဖြစ်လာရတာကိုက သူတို့အတွက် ဂုဏ်ယူစရာကောင်းနေပါပြီ “
ယဲ့ရှောင်သည် တဟားဟား ရယ်မော၍ ပြောလာခဲ့သည် “ နောက်နှစ်နှစ်ကြာရင် အဲ့မြေမှာရှိတဲ့ မျိုးနွယ်စုအကုန်လုံးက ကျွန်ဘဝရောက်သွားမှာပဲ။ အဲ့ဒီအချိန်ကျရင် သူတို့တွေက ငါ့ရဲ့ စီးတော်သားရဲ ဖြစ်ချင်လာကြလိမ့်မယ်၊ အဲ့တာက သူတို့ရဲ့ အကြီးမားအမြင့်မြတ်ဆုံး စိတ်ဆန္ဒဖြစ်လာလိမ့်မယ် “
အနက်ရောင် ကျားသားရဲ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ယဲ့ရှောင်သည် သူ့ကို ငေးကြည့်၍ စကားဆက်ပြောလာခဲ့သည် “ မင်းကလည်း နိမ့်ကျတဲ့ သွေးတွေပြည့်နေတဲ့ အဲ့ဒေသရဲ့ နယ်ခံတစ်ယောက်ပဲလေ။ အဲ့ဒီအဆင့်နိမ့်သွေးတွေကို သန့်စင်ပြီးတော့ ငါမင်းကို ပေးထားတဲ့ အမှောင်နယ်မြေ ကျင့်ကြံရေး နည်းစနစ်ကို မြန်မြန်လေ့ကျင့်ထားတာက ပိုကောင်းတယ် “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နှစ်နှစ်အတွင်းမှာ ငါမင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး “
“ ဟုတ်ကဲ့ “ အနက်ရောင်ကျားသားရဲသည် ချက်ချင်းပင် တလေးတစား ပြန်ဖြေလာခဲ့သည် “ သေချာပေါက်ကို ပြင်းပြင်းထန်ထန် ကြိုးစားပါမယ် “
သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ဤနှစ်နှစ်အတွင်းတွင် အဆိုပါ တည်ရှိမှု နိုးထလာခဲ့ပါက ဤကမ္ဘာပေါ်ရှိ မည်သူက ၎င်းကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ဘူးဆိုသည်ကို ကောင်းစွာသိနေသောကြောင့်ဖြစ်သည်။
သူသည် ဤနှစ်နှစ်အတွင်းတွင် အမှောင်သတ္တဝါတစ်ကောင်အဖြစ် သူ့ကိုယ်သူ အပြည့်အဝ ပြောင်းလဲထားရမည် ဖြစ်သည်။
…
နောက်တစ်နေ့ နံနက်ခင်း
ချိုင့်ဝှမ်းအတွင်း၌
နိုးလာခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီး ပထမဦးဆုံးပြုလုပ်သည့်အရာသည် သူ၏ ဟင်းလင်းပြင် နေရာလွတ်ထဲမှ သားရဲအလောင်းများ ထုတ်ခြင်းသာ ဖြစ်သည်။
သူသည် ဤတစ်နပ်ကို စားခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ပဥ္စမအဆင့်သို့ ရောက်ရှိသွားမည်ဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။
“ စလိုက်ကြတာပေါ့ကွာ “
နဂါးသားရဲကြီးသည် အနည်းငယ် အလျင်စလို ဖြစ်နေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် စတင်၍ စားသောက်နေတော့သည်။
“ ဂျွတ် ဂျွတ် ~~~ “
နတ်သားရဲ အသွေးအသားများကို မျိုချနေခဲ့သည်၊ အသားပိုင်းတစ်ခုချင်းစီတိုင်းတွင် သန့်စင်သော စွမ်းအင်များပါဝင်နေခဲ့ကာ နဂါးသားရဲကြီး၏ ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားကြသည်။
ယခု၌ နဂါးသားရဲကြီးသည် အစားတစ်နပ်လျှင် အနည်းဆုံးအနေဖြင့် ကီလိုဂရမ် ၁သောင်းအထိ စားသောက်ရန် လိုအပ်နေပြီဖြစ်သည်။
၎င်းတို့ကို စားသုံးသည့် ကြာချိန်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
နာရီပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင်
စားသောက်မှု ပြီးဆုံးသွားခဲ့သည်။
သိသာထင်ရှားသော အပြောင်းအလဲများသည် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆဲလ်တစ်ခုချင်းစီတိုင်းသည် လျင်မြန်စွာ စွမ်းအားပြည့်လာခဲ့သည်။
အဆင့် : စတုတ္ထအဆင့် အဆင့်၁၀ ( ၉၀% )
စတုတ္ထအဆင့် အဆင့်၁၀ ( ၁၀၀% )
ပဥ္စမအဆင့် အဆင့်၁ ( ၁၀% )
…
အဆင့်တက်သွားသည့် အချိန်တွင်
ဘုမ်း ဝုန်း ဘုမ်း !!!
ကမ္ဘာမြေလှုပ်ခါသွားစေနိုင်သည့် ပေါက်ကွဲသံများသည် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ထွက်လာခဲ့သည်၊ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် သာမန်မျက်လုံးများဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် စတင်၍ မြင့်မားလာခဲ့သည်။
၁၀စင်တီမီတာ၊ ၂၀စင်တီမီတာ၊ ၃၀စင်တီမီတာ ……… ၁မီတာ
နှစ်မီတာ !
သုံးမီတာ !
မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးသားရဲကြီး၏ အရပ်အမြင့်သည် သုံးမီတာတိတိ ထပ်မံ၍ မြင့်မားလာပြန်သည်။
တစ်ချိန်တည်းမှာပင် အားကောင်းသော အရှိန်အဝါတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲမှ ပွင့်ထွက်လာခဲ့သည်။
ဤဖြစ်စဥ်ကာလအတွင်း၌ စတုတ္ထအဆင့် သားရဲကောင်များကသာ ဤနေရာတစ်ဝိုက်တွင် ရှိနေမည်ဆိုနေပါက ထိုအရှိန်အဝါ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရကာ ချက်ချင်း ဒူးထောက်ကျသွားမည် ဖြစ်သည်။
“ အဆင့်တက်သွားပြီ၊ အဆင့်၅ကို ရောက်ပြီ !!! “
နဂါးသားရဲကြီးသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ခံစားမိနေကာ မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
သူသည် စနစ်၏မျက်နှာပြင်ပေါ်တွင်ရှိနေသည့် သူ၏အဆင့်ကို ကြည့်ရှုစစ်ဆေးလိုက်သည်။
အဆင့် : ပဥ္စမအဆင့် အဆင့်၁ ( ၉၀% )
……………………………………………………………………………………………………………………………………
အပိုင်း ( 417 )
ရှေးဟောင်း မိုးပြာနဂါး အသွင်ပြောင်းခြင်း
စတုတ္ထအဆင့်မှာ ကလီစာငါးခုကို ကျင့်ကြံခြင်းဖြစ်ပြီး၊ ၎င်းတို့က ပြီးပြည့်စုံသွားသည့်အချိန်တွင် အံ့ဖွယ်ကောင်းသည့် အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရမည် ဖြစ်သည်။
ယင်နှင့်ယန်တို့၏ ညီမျှမှုအရ အရာအားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး၊ ကလီစာငါးခု နတ်သန္ဓေသားကို မွေးဖွားပေးသည်။
ပဥ္စမအဆင့်၏ ကျင့်ကြံရေးမှာ အဆုံးမဲ့ အလားအလာကို ထိန်းသိမ်း၍ အဆိုပါ ကလီစာငါးခု နတ်သန္ဓေသားကို အားဖြည့်ပေးကာ နောက်အနာဂတ် အမြင့်ပိုင်းအဆင့် လမ်းကြောင်းအတွက် ပြင်ဆင်ခြင်းဖြစ်သည်။
ထိုအချိန်၌ နဂါးသားရဲကြီး၏ ကလီစာငါးခုအတွင်းရှိ ဟင်းလင်းပြင်၏ အလယ်ဗဟိုတွင် ရွှေရောင်သန္ဓေသားတစ်ခု မျောလွင့်နေလျက်ရှိသည်။
“ အဲ့တာက ငါ့ရဲ့ ကလီစာငါးခု နတ်သန္ဓေသားလား? “
နဂါးသားရဲကြီးသည် အံ့ဩတကြီးဖြင့် မှင်သက်သွားခဲ့သည်။
သူသည် ကလီစာငါးခုမှ ကလီစာငါးခု နတ်သန္ဓေသားဆီသို့ စီးအဆက်မပြတ်ဝင်နေသည့် စွမ်းအင်စီးကြောင်းကို ခံစားသိရှိနေခဲ့သည်၊ အဆိုပါ စွမ်းအင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် သူ၏သွေးကြောမှတ်များဆီသို့ စီးဝင်သွားကာ၊ ထို့နောက်တွင် ၎င်းတို့၏ လျှို့ဝှက်စွမ်းအားများကို ကလီစာငါးခုထံသို့ ပြန်လည် ထုတ်လွှင့်ပေးသည်။
အဆုံးတွင် ၎င်းသည် ပြီးပြည့်စုံသော ကွင်းဆက်ဖြစ်စဥ်တစ်ခုအဖြစ် ဖွဲ့စည်းလာခဲ့သည်။
ဤနည်းလမ်းဖြင့် ကလီစာငါးခု နတ်သန္ဓေသားသည် ပို့ဆောင်ရေးဌာနတစ်ခု၏ တည်ရှိမှုနှင့် တူညီနေလျက်သည်၊ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို ပေါင်းစည်းကာ ၎င်းတို့အား ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောမှတ်များထံသို့ ပို့ဆောင်ပေးနိုင်လေသည်။
ကောင်းကင်သံသရာ၏ အတွင်းပိုင်း လည်ပတ်မှုပင် !!
၎င်းသည် ကလီစာငါးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခြင်း၊ ယင်ယန်ညီမျှမှု အစပြုဖြစ်တည်ခြင်း ဖြစ်သည်။
“ ကြည့်ရတာတော့ မူလကိုယ်ရဲ့ အရင်တုန်းက ရွေးချယ်မှုက မှန်နေခဲ့တဲ့ပုံပဲ “ နဂါးသားရဲကြီးမှာ တွေးတောစဥ်းစားနေတော့သည် “ ကလီစာငါးခုက ဓာတ်ကြီးငါးပါးနဲ့ သက်ဆိုင်တယ်၊ ဓာတ်ကြီးငါးပါး နတ်စွမ်းရည်တွေကို စုစည်းပြီးတာနဲ့၊ အဆင့်၅နယ်ပယ်ကို ရောက်သွားတဲ့ အချိန်ကျရင်၊ အဲ့တာတွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီးတော့ ယင်နဲ့ ယန်ကို မွေးဖွားပေးတယ် “
ပဥ္စမအဆင့်သို့ ရောက်လာခဲ့သောကြောင့် သူသည် ဓာတ်ကြီးငါးပါးကို ပို၍ နားလည်သိမြင်လာခဲ့ပြီး၊ မူလကိုယ်၏ လမ်းကြောင်းကို ပိုမိုယုံကြည်လာခဲ့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ဤရက်ပိုင်းအတွင်းတွင် မူလကိုယ်၏ စွမ်းအားမှာလည်း လျင်မြန်စွာ တိုးတက်လာနေလျက်ရှိသည်။
ကိုယ်ပွား၏ အဆက်မပြတ် ထောက်ပံ့ပေးမှုများကြောင့် မူလကိုယ်မှာလည်း ကြီးမားသော တိုးတက်မှုကို လက်ခံရရှိခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်မှာ ၎င်းတို့ကို တွေးတောစဥ်းစားနေရမည့် အချိန်မဟုတ်ပေ။
နဂါးသားရဲကြီးမှ သူ့ကိုယ်သူ စစ်ဆေးကြည့်ရှုနေခဲ့ရာ၊ ပဥ္စမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏ အာရုံခံနိုင်စွမ်းက ပိုမိုထက်မြက် အားကောင်းလာသည်ကို နားလည်သွားခဲ့သည်။
“ တွေးလိုက်ရုံနဲ့ ငါက မိုင်တစ်ရာအတွင်းမှာရှိတဲ့ အရာအားလုံးကို သိနေနိုင်ပြီ “
နဂါးသားရဲကြီးမှ မျက်လုံးများ မှိတ်လိုက်ရာ သူ၏စိတ်ထဲတွင် ကြီးမားသော မြေပုံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်ရှိ အရာအားလုံးသည် လက်တွေ့ဘဝကို ရောင်ပြန်ဟပ်နေခြင်းဖြစ်ပြီး၊ ပို၍ပင် တိကျမှန်ကန်နေခဲ့သည်။
( သူ့အစွမ်းလွှမ်းခြုံနိုင်သည့် ဧရိယာအတွင်းက အရာအားလုံးကို အသေးစိတ် မြင်ရတယ်ဆိုတဲ့ သဘောပါ )
ပို၍အရေးကြီးသော အရာမှာ သူ၏စိတ်အာရုံ ပျံ့နှံ့သွားသည့် အချိန်တွင် သူသည် တစ်ခြားသော သတ္တဝါများ၏ ခံစားချက်များကိုပါ ဝေဝေဝါးဝါး ခံစားသိရှိနေနိုင်ပြီဖြစ်သည်။
ဥပမာအားဖြင့် မိုင်၃၀အကွာရှိ ကြံ့သားရဲသည် ညာအချိန်တွင် မည်သည့်အရာအား စားသုံးရမလဲဆိုသည်ကို တွေးပူနေလျက်ရှိသည်။
မိုင် ၅၀အကွာရှိ ရွှေရောင်မွှေးရှည်ဆင်သားရဲမှာလည်း မကြာသေးခင်ကမှ ဖြစ်ပွားခဲ့သည့် အဆင့်ထိုးဖောက်နိုင်မှုအတွက် ဝမ်းသာပျော်ရွှင်နေလျက်ရှိသည်။
“ ဆိုတော့ ဒါက အဆင့်၅ပေါ့ “ နဂါးသားရဲကြီးသည် သူ၏မျက်လုံးကို ရုတ်တရက် ဖွင့်ဟလာခဲ့ပြီး၊ ၎င်းတို့မှာ တလက်လက် တောက်ပနေခဲ့သည်။
ပဥ္စမအဆင့်၏ အကြီးမားဆုံသော တိုးတက်ပြောင်းလဲမှုတွင် ခွန်အားသာလျှင် မဟုတ်ဘဲ၊ အလိုလိုသိစိတ်ပါ ပါဝင်နေခဲ့သည်။
( အလိုလိုသိစိတ်က အကြားမြင်သဘောပေါ့ဗျာ၊ ကိုယ့်စိတ်ထဲမှာ ဒီဟာဖြစ်မယ်လို့ ခံစားနေခဲ့ရပြီး တကယ့်လက်တွေ့ဘဝမှာလည်း အဲ့အတိုင်း ဖြစ်လာခဲ့တာမျိုးပါ )
ဓာတ်ကြီးငါးပါး ပေါင်းစည်းခြင်း၊ ကောင်းကင်ဘုံ သံသရာ၏ အတွင်းပိုင်း လည်ပတ်မှုတို့ကြောင့် မည်သည့်အဆီအနှစ်မှ ယိုစိမ့်မနေတော့ပေ။
ယခုအချိန်မှစ၍ သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားရှိ ပြီးပြည့်စုံသော တည်ရှိမှုတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်သည်၊ ထို့ကြောင့် ကောင်းကင်နှင့်မြေပြင်ကို ပေါင်းစည်းကာ၊ အာရုံငါးပါးကိုလည်း ရောစပ်နိုင်ခဲ့သည်။
ဤကမ္ဘာကြီးအပေါ်တွင် ရှိနေသည့် သူ၏အမြင်မှာလည်း ပို၍ ရှင်းလင်းကြည်လင်လာခဲ့ပြီဖြစ်သည်။
( စွမ်းအင်တို့ဘာတို့၊ သာမန်လူတွေ မမြင်ရတာကို ထွင်းဖောက်မြင်နိုင်နေတာမျိုးပါ )
“ ဟမ်? “
အပြောင်းအလဲများကို တိတ်တဆိတ် ခံစားကြည့်နေရင်းဖြင့် နဂါးသားရဲကြီးသည် သတ်ဖြတ်လိုစိတ်တစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။
အကယ်၍ ပဥ္စမအဆင့်သို့ ရောက်မနေဘူးဆိုပါက သူသည် ၎င်းကို ခံစားမိလိမ့်မည် မဟုတ်ပေ။
ယခု၌ အဆိုပါ သတ်ဖြတ်လိုစိတ်က အတန်ငယ် အားပျော့နေခဲ့သော်လည်း၊ နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် ၎င်းသည် သူ့အား မျက်စိဒေါက်ထောက်ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
“ တစ်ဖက်လူက မြန်မြန်ဆန်ဆန် ချဥ်းကပ်လာနေတယ် “
နဂါးသားရဲကြီး၏ မျက်ဝန်းများ မှေးကျဥ်းသွားပြီး၊ သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အပေါ်သို့ ရုတ်တရက် ပျံတက်သွားခဲ့သည်။
“ ဟင်းလင်းပြင် အက်ကွဲကြောင်း၊ ဖွင့် !!! “
လက်ဝါးကို ဆန့်ထုတ်ကာ အရှေ့ဘက်သို့ ညင်သာစွာ ကုတ်ဆွဲလိုက်သည်။
အဆိုပါ လှုပ်ရှားမှုမှာ အလွန်တရာ ညင်သာနေခဲ့သည်၊ သို့သော် သူ့အရှေ့ဘက်ရှိ ဟင်းလင်းပြင်သည် ကြီးမားသော ဖိအားတစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရသကဲ့သို့ ကျယ်လောင်သော အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
“ ဟင်းလင်းပြင် !! “
ထို့နောက်တွင် မီတာ ၁၀၀၀ရှိသည့် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပဥ္စမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏ ဟင်းလင်းပြင် စွမ်းရည်မှာလည်း ထပ်မံ၍ တိုးတက်လာခဲ့ပြန်သည်။
ယခု၌ မီတာ ၁၀၀၀ရှိသည့် အက်ကွဲကြောင်းကို အလွယ်တကူ ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ် တိုးတက်မှုတစ်ခုသည် ဟင်းလင်းပြင်စွမ်းရည်ဆိုင်ရာ တိုးတက်မှုဆိုတာထပ်ပင် များစွာကျော်လွန်နေခဲ့သည်။
နဂါးသားရဲကြီးသည် သူ့အရှေ့ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းကို ကြည့်ကာ ရှေ့တက်သွားတော့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သားရဲခန္ဓာကိုယ်တစ်ခုလုံးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍ တစ်ခြားသော ပဥ္စမအဆင့် ပညာရှင်များကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ အထိတ်တလန့်ဖြစ်သွားကြမည် ဖြစ်သည်။
ပဥ္စမအဆင့် ပညာရှင်များက ဟင်းလင်းပြင် စွမ်းရည်တစ်ချို့ကို ပိုင်ဆိုင်ထားကြသော်လည်း၊ လူအများစုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကိုသာ ဖန်တီးနိုင်ကြသည်။
သို့သော် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကမူ သေကြောင်းကြံနေခြင်းသာ ဖြစ်သည်။
ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်း၌ အန္တရာယ်ရှိသော ဟင်းလင်းပြင် လှိုင်းလုံးများဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ ဟင်းလင်းပြင် စွမ်းအင်လှိုင်းလုံးတစ်ခုချင်းစီတိုင်းသည် အဆင့်မြင့် ပညာရှင်တစ်ဦး၏ အင်အားအပြည့် တိုက်ခိုက်မှုနှင့်ပင် ယှဥ်နေနိုင်လျက်ရှိသည်၊ သေးသယ်သော အမှားလေးတစ်ခုကပင် လူတစ်ဦးကို သေဆုံးသွားစေနိုင်သည်။
သတ္တမအဆင့် (သို့)ထို့အထပ်မှ ပညာရှင်များကသာလျှင် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ခြေချရဲကြသည်။
သို့သော် ယခုတွင်ကား နဂါးသားရဲကြီးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်သွားခဲ့ပြီးသည့်နောက်မှာပင် မထိမခိုက်ဖြင့် တည်ရှိနေကာ အဆိုပါ ကမ္ဘာကြီးဖြင့်ပင် လိုက်လျောညီထွေဖြစ်သွားခဲ့သည်။
“ အခုဆိုရင် ဟင်းလင်းပြင်အပေါ်မှာရှိတဲ့ ငါ့ရဲ့ထိန်းချုပ်မှုက ကျွမ်းကျင်မှုအဆင့်ကို ရောက်နေပြီ၊ ဟင်းလင်းပြင် လှိုင်းလုံးကြီးတွေထဲကို ဝင်သွားမယ်ဆိုရင်တောင်မှ ငါ့ကိုယ်ငါ ကာကွယ်နေနိုင်ပြီ “
နဂါးသားရဲကြီးသည် ယုံကြည်ချက်ရှိသော အမူအရာဖြင့် သူ့အရှေ့ရှိ လေဟာနယ်ကို ကြည့်နေခဲ့သည်။
အဆိုပါ လေဟာနယ်ထဲတွင် များပြားသော မီးခိုးရောင်စီးကြောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ၎င်းမှာ ဟင်းလင်းပြင် စွမ်းအင်လှိုင်းလုံးများပင် ဖြစ်သည်။
အဆိုပါ လှိုင်းလုံးများနှင့် ထိတွေ့မိသွားမည်ဆိုပါက ဆဌမအဆင့် ပညာရှင်ကပင် သေဆုံးသွားလိမ့်မည် ဖြစ်သည်။
အဓိကအချက်မှာ အဆိုပါ လှိုင်းလုံးများက စဥ်ဆက်မပြတ် လှုပ်ရှားပြောင်းလဲနေပြီး၊ သေးငယ်သော လွဲချော်မှုတစ်ခုကပင် ထိတွေ့ခြင်းကို ဖြစ်ပေါ်သွားစေနိုင်သောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ နဂါးသားရဲကြီးအတွက် ပြဿနာတစ်ရပ် ဟုတ်မနေခဲ့ပေ။
သူ၏ အားကောင်းလွန်းလှသော ဟင်းလင်းပြင်းစွမ်းရည်ကြောင့် သူသည် လုံခြုံဘေးကင်းသော တည်နေရာတွင် ဆင်းသက်နိုင်ခဲ့သည်။
အရေးကြီးသော အခိုက်အတန့်များတွင်သာဆိုပါက သူသည် အဆိုပါ ဟင်းလင်းပြင် လှိုင်းလုံးများက သူ့ကို ကျော်ဖြတ်သွားရန်အတွက်ပင် အနည်းငယ်မျှ ချယ်လှယ်ထိန်းချုပ်နိုင်ပေသည်။
“ တကယ်လို့ ငါကသာ ဒီစွမ်းအင်စီးကြောင်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်ဆိုရင်၊ အဆင့်မြင့် ပညာရှင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ ပြန်တိုက်နိုင်လောက်တယ် “
အဆိုပါ ဟင်းလင်းပြင် စွမ်းအင်စီးကြောင်းများကို ကြည့်နေရင်းဖြင့် နဂါးသားရဲကြီးသည် အနည်းငယ် မနာလိုအားကျဖြစ်သွားခဲ့သည်။
အဆင့်မြင့် ပညာရှင်များကပင် အဆိုပါ ဟင်းလင်းပြင် စွမ်းအင်စီးကြောင်းများနှင့် ပတ်သက်၍ အလွန်သတိတကြီးရှိကြပြီး၊ ၎င်းတို့အား ပေါ့ပေါ့တန်တန် မထိဝံ့ကြပေ။
အကယ်၍ သူကသာ ၎င်းတို့ကို ထိန်းချုပ်နိုင်မည်ဆိုပါက ၎င်းက အစွမ်းထက် သတ်ဖြတ်ခြင်း လက်နက်တစ်ခုဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ကံဆိုးစွာဖြင့် သူသွားရမည့် လမ်းမှာ ရှည်လျားနေသေးသည်။
…………………………………………………………………………………………………………………………………….