← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁) - တပည့်တို့၏ အခြေခံအုတ်မြစ်သည် အလွန်အရေးကြီးသည်

~"ဒီမိန်းမ... ဂိုဏ်းချုပ်ယဲ့ကို သဘောကျသွားတာလား... သူ့ရဲ့ (၃၉) ယောက်မြောက် 'နှစ်ကိုယ်တူ ကျင့်ကြံဖော်' အဖြစ် သတ်မှတ်လိုက်တာများလား..."

ငှက်မွေးတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ လူငယ်ပုံစံ ပေါက်နေသော အဘိုးအိုက မျက်လုံးများကို မှေးစင်းလျက် ပြောလိုက်၏။

"သူ.. မိုက်မဲတဲ့ အလုပ်တွေ မလုပ်ရဲပါဘူး..."

ဒုတိယ မြို့စားမင်းက ပြောပြီးသည်နှင့် လက်ကာပြလိုက်ကာ အားလုံးကို ပြန်ခွင့်ပြုလိုက်ပြီး နောက်ခန်းမဆောင်သို့ ဝင်ရောက်သွားလေသည်။

"ငါ သွားတော့မယ်..."

မြို့စားမင်းအိမ်တော် အစည်းအဝေးခန်းမမှ ထွက်ခွာလာသော ဓားသိုင်းအရှင် ဂိုဏ်းချုပ်သည် (၂) မီတာကျော် ရှည်သော ဓားကြီးကို ကျောပေါ်တွင် လွယ်ထားရင်း ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ငလျင်လှုပ်သွားသကဲ့သို့ ခံစားရစေသည်။

ငှက်မွေးတောင်ဂိုဏ်းချုပ်ကလည်း လျိုယွင်ဂိုဏ်းမှ အကြီးအကဲ လုရှန်ယွဲ့ကို ပြုံးရွှင်စွာ လက်နှစ်ဖက် ဆုပ်၍ နှုတ်ဆက်ပြီး ခန်းမထဲမှ ထွက်ခွာသွားလေသည်။

မြို့စားမင်းအိမ်တော် အပြင်ဘက်တွင်...

ယဲ့ဖုန်းလည်း ရှင်းကွမ်ရွှမ်၏ ပျံသန်းခြင်းလှေပေါ်သို့ ခုန်တက်ပြီး ထွက်ခွာရန် ပြင်လိုက်၏။ ထိုအချိန်တွင် မွှေးပျံ့သော ရနံ့ တစ်ခုက နောက်ကျောဘက်မှ လွင့်ပျံလာပြီး ကြက်သီးမွေးညှင်းထဖွယ် ခံစားချက်ကို ပေးစွမ်းလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ညစာစားချိန်တောင် မရောက်သေးပါဘူး... ဒီလောက် မြန်မြန်ကြီး ပြန်ချင်နေပြီလား..."

နီရှန်နန်းတော်သခင်မသည် ပျံသန်းခြင်းလှေပေါ်သို့ ရောက်ရှိလာပြီး သူမ၏ နက်ရှိုင်းသော မျက်ဝန်းများဖြင့် ယဲ့ဖုန်းကို စိုက်ကြည့်နေသည်။

"နီရှန်နန်းတော်သခင်မ... ဘာများ လိုချင်လို့ပါလဲ..."

ယဲ့ဖုန်း စိတ်မသက်မသာ ဖြစ်သွားသည်။ ဤမိန်းမပျိုသည် တွေ့လိုက်သည်နှင့် အလွန်အမင်း ရင်းနှီးပြလွန်းသဖြင့် ရိုးသားသော ရည်ရွယ်ချက် ရှိမည်ဟု သူ လုံးဝ မယုံကြည်ပေ။

ရှင်းကွမ်ရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ပြောလိုက်၏။

"နီရှန်နန်းတော်သခင်မ... ဂိုဏ်းချုပ်ယဲ့က ကျွန်တော်တို့ တတိယအကြီးအကဲရဲ့ အသက်သခင် ကျေးဇူးရှင်ပါ... ကျေးဇူးပြုပြီး ပြဿနာ မရှာပါနဲ့..."

နီရှန်နန်းတော်သခင်မကဲ့သို့ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးရှေ့တွင် သူသည် ဘာမှ မဟုတ်ကြောင်း သိသော်လည်း ရှင်းကွမ်ရွှမ်သည် ယဲ့ဖုန်းဘက်မှ ရပ်တည်ပေးခဲ့သည်။

"ရှင်တို့နှစ်ယောက် အထင်လွဲနေကြပြီ ထင်တယ်... ကျွန်မက ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ..."

ပြောပြောဆိုဆိုပင် နီရှန်နန်းတော်သခင်မသည် "နီရှန်" ဟု ကမ္ပည်းထိုးထားသော ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ယဲ့ဖုန်း၏ ရင်ဘတ်အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်ပြီး ဆက်ပြောသည်။

"ဂိုဏ်းချုပ်ယဲ့က သိုင်းစွမ်းရည်မှာ ဆရာတစ်ဆူလို့ ကျွန်မ ကြားထားပါတယ်... အားတဲ့အချိန်ကျရင် မြို့အနောက်ဘက်က နီရှန်နန်းတော်ကို လာပြီး ကျွန်မရဲ့ အသုံးမကျတဲ့ တပည့်တွေကို လာသင်ပေးပါဦး... ပြီးတော့... နီရှန်နန်းတော်မှာ တပည့် (၃၀၀) ကျော် ရှိတယ်... အားလုံးက မိန်းကလေး ချောချောလေးတွေချည်းပဲနော်..."

ယဲ့ဖုန်းကို ညှို့ဓာတ်ပြင်းသော အပြုံးဖြင့် ပြုံးပြပြီးနောက် နီရှန်နန်းတော် သခင်မသည် လှပသော ငှက်ငယ်လေး

တစ်ကောင်အလား ပျံသန်းထွက်ခွာသွားလေတော့၏။

…တပည့်တွေကို သင်ပေးရမယ် ဟုတ်လား... အပိုတွေ... ငါ ယုံမယ်များ မှတ်နေလား...

ယဲ့ဖုန်း စိတ်ထဲတွင် မဲ့ပြုံး ပြုံး လိုက်ပြီး ကျောက်စိမ်းတံဆိပ်ပြားကို ကောက်ယူကာ လွှင့်ပစ်ရန် ကြံရွယ်လိုက်သော်လည်း ခဏမျှ စဉ်းစားပြီးနောက် စနစ်သိုလှောင်ခန်းထဲသို့ သိမ်းဆည်းလိုက်လေသည်။

"ဝီ..."

ပျံသန်းခြင်းလှေသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ယဲ့ဖုန်းကို မြူခိုးဂိုဏ်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်၏။

ညဉ့်နက်သန်းခေါင်ယံတွင်...

ယဲ့ဖုန်းသည် တပည့်အားလုံးကို စုဝေးစေပြီး ပြောလိုက်၏။

"မနက်ဖြန်က စပြီး ငါတို့ တစ်လကြာ 'နတ်ဆိုးသတ်ပွဲတော်' ကို ဆင်နွှဲကြမယ်... တခြားနယ်မြေတွေဆီ သွားပြီး သောင်းကျန်းနေတဲ့ နတ်ဆိုးတွေကို နှိမ်နင်းကြမယ်..."

လုံထျန်းရှင်း ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

"အရမ်းကောင်းတာပဲ... နောက်ဆုံးတော့ ဂိုဏ်းထဲမှာပဲ အောင်းနေရတဲ့ ဘဝကနေ လွတ်မြောက်ပြီပေါ့ဗျ..."

ထိုအခါ၊ ကျားယွိလန်က လုံထျန်းရှင်းကို မျက်စောင်း တစ်ချက် ပစ်သွင်းလိုက်ပြီး သတိပေးလိုက်၏။

"နတ်ဆိုးသတ်ပွဲတော်ဆိုတာ အရမ်း အန္တရာယ်များတယ်ဟဲ့... လင်းရွာနားက တောအုပ်ထဲမှာ နတ်ဆိုးတွေ အများကြီး ဝိုင်းထားခံရတုန်းကလိုမျိုး ကြုံလာနိုင်တယ်..."

"ဒါပေမဲ့ ကျွန်တော်တို့မှာ ဂိုဏ်းချုပ် ရှိတာပဲ..." လုံထျန်းရှင်းက ပြန်ပြောသည်။

ယဲ့ဖုန်းက လုံထျန်းရှင်း၏ နဖူးကို ခေါက်လိုက်ပြီး ပြောလိုက်၏။

"ကိစ္စတိုင်းမှာ ငါ့ကိုပဲ အားကိုးနေလို့ မရဘူး... အဲဒီလိုဆိုရင် မင်းတို့က မှီခိုတတ်တဲ့ အကျင့်ပါသွားလိမ့်မယ်... ဒီနတ်ဆိုးသတ်ပွဲတော်မှာ ငါ ကိုယ်တိုင် ဦးဆောင်သွားမှာ ဖြစ်ပေမယ့် မင်းတို့ကိုပဲ အရင် လွှတ်ပြီး အတွေ့အကြုံ ယူခိုင်းမှာကွ..."

"ကျွန်တော့်ရဲ့ ခံစစ်က ကောင်းတယ်... ကျွန်တော့်ကို ရှေ့ဆုံးကနေ သွားခွင့်ပြုပါ..."

ရှီလေ့သည် သူ၏ မှော်'လျှို့ဝှက်ဆန်းကြယ်လိပ်ခွံဒိုင်း'ကို ကိုင်မြှောက်လျက် လေးလေးနက်နက် ပြောလိုက်၏။

"ရှဟဲ နဲ့ ချိုကျူ ကတော့ လောလောဆယ် 'ဝိညာဉ်ချုပ်ကြိုး' ပဲ သုံးတတ်သေးတယ်... ဒါကြောင့် နတ်ဆိုးတွေရဲ့ ခြေလက်တွေကို ချည်နှောင်ပေးပြီး ကူညီပေးနိုင်ပါတယ်..."

ရှဟဲက ပြောလိုက်၏။

ထိုအခါ၊ အိုးယန်ယွီနှင့် အိုးယန်ဖုန်းတို့က ညည်းတွားလာ၏။

"ဂိုဏ်းချုပ်... သားတို့က သိုင်းတွေ စမလေ့ကျင့်ရသေးဘူး..."

"မပူပါနဲ့..."

ယဲ့ဖုန်းသည် မြို့စားမင်းအိမ်တော် သိုင်းကျမ်းသိုင်းကျမ်းဆောင်မှ ငှားရမ်းလာသော ပထမအဆင့် သိုင်း (၃) အုပ်ကို ထုတ်ယူလိုက်၏။ ၎င်းတို့မှာ "ဆန်းကြယ်သော အခွံမာဒိုင်းကာ"၊၊"မြေလျှိုးခြင်း"နှင့် "စွမ်းအင်ကျည်ဆန်" တို့ ဖြစ်ကြသည်။

"ရှီလေ့... မင်း 'ဆန်းကြယ်သော အခွံမာဒိုင်းကာ' ကို စကျင့်တော့... ဒီသိုင်းက မင်းရဲ့ လိပ်ခွံဒိုင်းနဲ့ တွဲဖက်လိုက်ရင် ခံစစ်ကို အမြင့်ဆုံး ရောက်စေလိမ့်မယ်... 'မြေလျှိုးခြင်း' ကတော့ ထွက်ပြေး နည်းစနစ် အမျိုးအစားထဲ ပါတယ်။ လူတိုင်း သင်ထားဖို့ လိုတယ်..."

"ငါတို့ မြူခိုးဂိုဏ်းရဲ့ မူဝါဒက ရိုးရှင်းတယ်... တိုက်နိုင်ရင် တိုက်မယ်... မတိုက်နိုင်ရင် ချက်ချင်း ထွက်ပြေးမယ်..."

"ပြီးတော့... နောက်ဆုံးသိုင်း 'စွမ်းအင်ကျည်ဆန်' က အဝေးပစ် တိုက်ခိုက်ရေး သိုင်းပဲ... သင်နိုင်တဲ့ လူတိုင်း သင်ထားကြ..."

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ယနေ့ ဝယ်လာသော အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး ပုလင်းနှစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။

"သိုင်း မလေ့ကျင့်ခင်... လူတိုင်း အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး နှစ်လုံးစီ သောက်ပြီး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်လိုက်ကြ..."

မိုယင် ခေါင်းမော့လာပြီး ယဲ့ဖုန်းကို ကြည့်လိုက်၏။

"ဂိုဏ်းချုပ်... ဒီဆေးလုံးတွေမှာ အညစ်အကြေးတွေ ပါတယ်... အချိန်တိုအတွင်း အများကြီး စုပ်ယူဖို့ မသင့်တော်ပါဘူး... မဟုတ်ရင် အညစ်အကြေးတွေကို အကုန် မထုတ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်..."

"မပူပါနဲ့... အဲဒီအချိန်ကျရင် 'ကိုယ်ခန္ဓာ သန့်စင်ဆေးလုံး' ကို သုံးပြီး မင်းတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးမယ်... တစ်ယောက်ကို တစ်လုံးစီ ရမယ်... အာနိသင်က သေချာပေါက် ကောင်းမှာပါ..."

ယဲ့ဖုန်းက လက်ကာပြပြီး ပြောလိုက်၏။

စနစ်သိုလှောင်ခန်းထဲမှာ ဝိညာဉ်ကျောက်တုံး (၁၀၀၀) မှ (၂၀၀၀) လောက် တန်သည့် ဝိညာဉ်လက်နက်တွေ ရှိနေသေးသည်။ ဒါတွေ အကုန် ရောင်းလိုက်လျှင် ကိုယ်ခန္ဓာ သန့်စင်ဆေးလုံး ဝယ်ဖို့ လုံလောက်ပါမည်။

ယဲ့ဖုန်း၏ စကားကြောင့် မိုယင် အံ့သြသွားသည်။

တစ်ယောက်ကို ကိုယ်ခန္ဓာသန့်စင်ဆေးလုံး တစ်လုံးစီ ရမည်လား...။

ဒါက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀) လောက် ကျသင့်မှာပဲ...

ဒါပေမဲ့ ယဲ့ဖုန်းဆီမှာ ရှဲ့ကွမ်းစခန်းက ဓားပြခေါင်းဆောင် (၅) ယောက်ဆီက ရထားသော ဝိညာဉ်လက်နက်တွေ ရှိနေတာကို သတိရသွားတော့ သူ ဝိညာဉ်ကျောက်တုံး မရှားပါဘူးလေဟု တွေးမိပြီး သူမ ဘာမှ ဆက်မပြောတော့ပါ။

နောက်ပိုင်းအချိန်တွေမှာ တပည့်တွေက ဆေးလုံးတွေကို စတင်ချေဖျက်ကြပြီး ကျင့်ကြံခြင်းအဆင့်တွေ လျင်မြန်စွာ တိုးတက်လာကြသည်။ သို့တိုင်၊ ခန္ဓာကိုယ်ထဲမှာ အညစ်အကြေး အနည်းငယ်လည်း စုပုံလာခဲ့သည်။ အညစ်အကြေးတွေကို ဖယ်ရှားပြီး အခြေခံအုတ်မြစ် ခိုင်မာစေဖို့အတွက် ကိုယ်ခန္ဓာ သန့်စင်ဆေးလုံး သောက်သုံးဖို့ လိုအပ်နေလေသည်။

တစ်နာရီအကြာတွင်...၊

တပည့်များ ကျင့်ကြံခြင်း ပြီးဆုံးသွားကြသည်။

ယဲ့ဖုန်း စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ တပည့်များ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်များကို မြင်လိုက်ရသဖြင့် အံ့သြသွားမိသည်။

[ဂိုဏ်းတပည့် ၁၀/၁၀: ရှီလေ့ (ချီစုစည်းခြင်း ၆ ဆင့်မြောက်)၊

ဟိုယွင်ကျဲ (ချီစုစည်းခြင်း ၇ ဆင့်မြောက် - အထွတ်အထိပ်)၊

လီကျောက်ကျောက် (ချီစုစည်းခြင်း ၆ ဆင့်မြောက်)၊

မိုယင် (ချီစုစည်းခြင်း ၈ ဆင့်မြောက် - အထွတ်အထိပ်)၊

လုံထျန်းရှင်း (ချီစုစည်းခြင်း ၅ ဆင့်မြောက် - အထွတ်အထိပ်)၊

ကျားယွိလန် (ချီစုစည်းခြင်း ၈ ဆင့်မြောက်)၊

ရှဟဲ (ချီစုစည်းခြင်း ၅ ဆင့်မြောက်)၊

ချိုကျူ (ချီစုစည်းခြင်း ၅ ဆင့်မြောက်)၊

အိုးယန်ဖုန်း (ချီစုစည်းခြင်း ၄ ဆင့်မြောက် - အထွတ်အထိပ်)၊

အိုးယန်ယွီ (ချီစုစည်းခြင်း ၄ ဆင့်မြောက် - အထွတ်အထိပ်)]

"အဆင့်နိမ့် ချီကျင့်ကြံဆေးလုံးရဲ့ အာနိသင်က ဒီလောက်တောင် ညံ့သလား..."

ယဲ့ဖုန်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်၏။

ဒီတိုးတက်မှုက သူ့ကို "ဟန်ချက်ညီ ခြောက်သွယ် စွမ်းအား" ရရှိစေခဲ့သော်လည်း ယဲ့ဖုန်း မျှော်လင့်ထားတာထက် အများကြီး နိမ့်ကျနေပါသေး၏။

[တီ... ဂိုဏ်းတပည့်များ၏ အခြေခံအုတ်မြစ် မခိုင်မာကြောင်း တွေ့ရှိရပါသည်... ဂိုဏ်းချုပ်အနေဖြင့် တပည့်များအတွက် အညစ်အကြေးများကို သန့်စင်ပေးပြီး ကျင့်ကြံခြင်း အခြေခံအုတ်မြစ် ခိုင်မာ စေဖို့ ဆောင်ရွက်ပေးပါ...]

စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

…ကြည့်ရတာ ချီကျင့်ကြံဆေးလုံးတွေကို ဇွတ် သောက်ခိုင်းလို့ မရတော့ဘူးပဲ... နောက်ရက်အနည်းငယ်နေရင် (၇) ရက် ချိန်းဆိုမှု ပြည့်တော့မယ်... အဲဒီကျရင် ဝူရွှမ်ဆောင် ကို ထပ်သွားပြီး သစ်ပင်နတ်ဆိုးရဲ့ ဝိညာဉ်ကို လဲလှယ်မယ်... ဝိညာဉ်လက်နက်တွေကို ရောင်းပြီး ကိုယ်ခန္ဓာသန့်စင်ဆေးလုံးတွေ ဝယ်ရမယ်...

ဂိုဏ်းတပည့်များ၏ လုံခြုံရေးသည် အဓိက အခြေခံအုတ်မြစ် ဖြစ်သည်။

ဒီည ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ပြီး ယဲ့ဖုန်း သူ့အမှားကို သိလိုက်ရသလို ကိုယ်ခန္ဓာ သန့်စင် ဆေးလုံး၏ အရေးပါမှုကိုလည်း နားလည်သွားခဲ့ရ၏။

"ဂိုဏ်းချုပ်... ကျွန်မရဲ့ အခြေခံအုတ်မြစ် နည်းနည်း ယိုင်နဲ့နေသလို ခံစားရတယ်... ချီကျင့်ကြံဆေးလုံးတွေ ထပ်သောက်လို့ မရတော့ဘူး... မဟုတ်ရင် အညစ်အကြေးတွေ စုပုံလာပြီး နောက်တစ်ဆင့်တက်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်..."

ထိုသို့၊ ကျားယွိလန်က ဖွင့်ဟဝန်ခံလိုက်၏။

"ကျွန်တော်လည်း ခံစားမိတယ်..." ဟိုယွင်ကျဲက ဖြည့်စွက်ပြောလာသည်။

ယဲ့ဖုန်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသွားပြီး ပြောလိုက်၏။

"ငါ လောသွားတယ်... ခဏနေရင် ငါ မင်းတို့အတွက် ကိုယ်ခန္ဓာသန့်စင်ဆေးလုံးတွေ ရှာပေးမယ်... မင်းတို့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး အခြေခံအုတ်မြစ် မပျက်စီးအောင် လုပ်ပေးပါမယ်..."

ကံကောင်းတာက ဒါဟာ ပြဿနာအသေးလေး ဖြစ်နေ‌သည်... ။

ချီကျင့်ကြံဆေးလုံး သောက်တာ ခဏရပ်ထားလိုက်လျှင် အခြေခံအုတ်မြစ် ပိုမပျက်စီးတော့ပါ။

နောက်ရက်နည်းနည်းနေလျှင် ကိုယ်ခန္ဓာသန့်စင်ဆေးလုံး ဝယ်ပြီး တပည့်တွေကို တိုက်လိုက်လျှင် သူတို့၏ အခြေခံအုတ်မြစ်တွေ ပြန်ပြီး ခိုင်မာသွားမည်ပင်။

"ကြည့်ရတာ နောက်ဆိုရင် ငါ့လက်ထဲမှာ ကိုယ်ခန္ဓာသန့်စင်ဆေးလုံး အမြဲ ဆောင်ထားမှ ဖြစ်တော့မယ်..."

ယဲ့ဖုန်း ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်၏။

"ကဲ... အားလုံးပဲ... သိုင်းတွေကို စတင် လေ့ကျင့်ကြတော့..."

ယဲ့ဖုန်းသည် "ဆန်းကြယ်သော အခွံမာဒိုင်းကာ"၊ "မြေလျှိုးခြင်း" နှင့် "စွမ်းအင်ကျည်ဆန်" သိုင်း (၃) ခု၏ ရှေးဟောင်းသိုင်းကျမ်းသိုင်းကျမ်းအုပ်များကို ဖြန့်ခင်းလိုက်၏။

အချိန်မကုန်စေရန်အတွက် ယဲ့ဖုန်းသည် သွားကို တင်းတင်းစေ့လျက် ပိုက်ဆံသုံးရန် ဆုံးဖြတ်လိုက်၏။

[တီ... ဂုဏ်သတင်းအမှတ် (၁၅၀) သုံးစွဲလိုက်ပါပြီ... ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... သင်သည် "ဆန်းကြယ်သော အခွံမာဒိုင်းကာ"၊ "မြေလျှိုးခြင်း" နှင့် "စွမ်းအင်ကျည်ဆန်" သိုင်းများကို ပြီးပြည့်စုံခြင်းအဆင့် အထိ နားလည်သဘောပေါက်သွားပါပြီ... လက်ကျန် ဂုဏ်သတင်းအမှတ် (၃၅၇) ကျန်ရှိပါသည်...]

စနစ်က ကြေညာလိုက်၏။

ထို့နောက် ယဲ့ဖုန်းသည် ကြီးမားသော မှတ်ဉာဏ်အစုအဝေးများ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်သွားကာ ဤသိုင်း (၃) ခုစလုံးကို ချက်ချင်း တတ်မြောက်သွားလေတော့၏။

အခန်း (၆၂) - ရောင်စုံငါးသွယ်မြို့တော်နှင့် ကျောက်ငါးခူနတ်ဆိုး

~"ဂိုဏ်းချုပ်ဦးလေး... ဒီသိုင်း (၃) ခုစလုံးက သမီးတို့နဲ့ စိမ်းနေတယ်... တစ်ခုချင်းစီကို အစပျိုးအဆင့် ရောက်အောင် အရင်လေ့ကျင့်ရမလား... ပြီးမှ ဂိုဏ်းချုပ်ဦးလေးက ကိုယ်တိုင် သင်ကြားပေးမှာလားဟင်..."

လီကျောက်ကျောက်က မေးလိုက်၏။

"ဒီတစ်ခါတော့ အချိန်မရတော့ဘူး... ဒါကြောင့် အဲဒီအဆင့်ကို ကျော်လိုက်တော့..."

ယဲ့ဖုန်းက လက်ကာပြလိုက်ပြီး ပြောသည်။

"နတ်ဆိုးသတ်ပွဲတော်က တရားဝင် စတင်နေပြီ... ငါတို့ အချိန်ကို ခြိုးခြံချွေတာရမယ်..."

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးလေတော့၏။

နောက်ပိုင်းအချိန်များတွင် တပည့်အများစုသည် "ဆန်းကြယ်သော အခွံမာဒိုင်းကာ"၊ "မြေလျှိုးခြင်း" နှင့် "စွမ်းအင်ကျည်ဆန်" သိုင်း (၃) ခုကို အပြင်းအထန် လေ့ကျင့်ကြလေသည်။

ကျင့်ကြံနေစဉ် အနားယူချိန်များကို အခွင့်ကောင်းယူ၍ ယဲ့ဖုန်းသည် ကျားယွိလန်ကိုလည်း လမ်းညွှန်ပေးခဲ့သည်။ သူမ၏ "ပန်းပွင့်ကြွေ မိုးစက်များ" သိုင်းကွက်ကို အဆင့်ကြီး အောင်မြင်မှု အထွတ်အထိပ် မှ ပြီးပြည့်စုံခြင်းအဆင့် သို့ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့သည်။

ထို့နောက် ရှဟဲနှင့် ချိုကျူတို့ကို ဆက်လက်သင်ကြားပေးရာ သူတို့နှစ်ဦးသည်လည်း ပထမအဆင့် သိုင်းဖြစ်သော "ဝိညာဉ်ချုပ်ကြိုး"ကို အဆင့်ငယ် အောင်မြင်မှု အထိ တတ်မြောက်သွားကြသည်။

ကျန်ရှိနေသော တပည့်များသည် မဖြစ်မနေ လေ့ကျင့်ရမည့် "မြေလျှိုးခြင်း" နှင့် "စွမ်းအင်ကျည်ဆန်" အပြင် မိမိတို့ စိတ်ကြိုက် အထောက်အကူပြု သိုင်း တစ်ခု၊ နှစ်ခုကိုလည်း ရွေးချယ် လေ့ကျင့်ကြလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ညတာ ကုန်ဆုံးသွားခဲ့တော့၏။

မြူခိုးဂိုဏ်း၏ တပည့်များသည် အနည်းဆုံး "မြေလျှိုးခြင်း" နှင့် "စွမ်းအင်ကျည်ဆန်" သိုင်းများကို အဆင့်ငယ် အောင်မြင်မှုအထိ တတ်မြောက်ထားကြပြီဖြစ်ရာ သူတို့၏ စွမ်းအားများမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

နောက်တစ်နေ့ နံနက်ခင်းတွင်...

နံနက်စာ စားပြီးနောက် အားလုံးသည် မြူခိုးဂိုဏ်း၏ ရှေ့တွင် စုဝေးလိုက်ကြသည်။

ယဲ့ဖုန်းသည် လက်ကို မြှောက်လိုက်ပြီး ကြေညာလိုက်၏။

"အစ်ကိုကြီး ခေါင်းပြားက အိမ်စောင့် ကျန်ခဲ့ရမယ်... ကျန်တဲ့လူတွေ အကုန်လုံး ငါ့နောက် လိုက်ခဲ့ကြ..."

အိမ်စောင့် ကျန်ခဲ့ရမည်ဟု ကြားလိုက်ရသဖြင့် အစ်ကိုကြီး ခေါင်းပြား၏ မျက်နှာထားမှာ မပျော်မရွှင် ဖြစ်သွားရှာသည်။

"မြူခိုးဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ငါ ပြီးရင် မင်းက အသန်မာဆုံးပဲ... ဒါကြောင့် မင်းက အိမ်စောင့် ကျန်ခဲ့ရမယ်... ဒါက ကြီးလေးတဲ့ တာဝန်ပဲ... ကောင်းကောင်း လုပ်ထားနော်... နောက်ကျရင် ငါ မင်းကို တိုက်ပွဲခေါ်သွားပေးမယ်..."

ယဲ့ဖုန်းသည် မြက်ခင်းပြင်ပေါ်တွင် ရပ်လျက် ပါးနပ်သော အပြုံး ဖြင့် ချော့မော့လိုက်၏။

ရိုးအသော အစ်ကိုကြီး ခေါင်းပြားသည် ထိုစကားကို အတည်ယူလိုက်ပြီး ချက်ချင်းပင် မတ်တတ်ထရပ်ကာ ရင်ဘတ်ကို ပုတ်ပြလိုက်၏။

"ကောင်းပြီ... တိုက်ပွဲရှိရင် ငါ့ကို မမေ့နဲ့နော်" ဟု ပြောနေသကဲ့သို့ပင်။

"သွားကြစို့..."

ယဲ့ဖုန်း၏ အမိန့်ပေးသံနှင့်အတူ သူသည် 'သံလက်သည်း နဂါးလင်းယုန်'၏ ကျောပေါ်သို့ လွှားခနဲ ခုန်တက်လိုက်၏။

ရှီလေ့သည် အဆင့်နိမ့် ဝိညာဉ်လက်နက် 'မှော် လိပ်ခွံဒိုင်း' ကို အသက်သွင်းလိုက်ရာ အလျားနှင့် အနံ (၂) မီတာခန့်အထိ ကြီးထွားလာသည်။ သံလက်သည်း နဂါးလင်းယုန်သည် ဒိုင်း၏ ဘေးနှစ်ဖက်ကို ထက်ရှသော လက်သည်းများဖြင့် ချိတ်ဆွဲလိုက်ရာ အလယ်တွင် ရှီလေ့၊ ဟိုယွင်ကျဲ၊ လုံထျန်းရှင်းနှင့် အိုးယန်ဖုန်းတို့ ထိုင်လိုက်ရန် နေရာလွတ်လပ်စွာ ရရှိသွားလေသည်။

မိုယင်သည် 'လေညှင်းစီး ဓားပျံ' ကို စီးနင်းလိုက်၏။ လီကျောက်ကျောက်က မြေခွေးဖြူလေးကို ပွေ့ဖက်လျက်၊ ကျားယွိလန်၊ ရှဟဲ၊ ချိုကျူနှင့် အိုးယန်ယွီတို့သည်လည်း နောက်မှ လိုက်ပါလာကြသည်။

(၁၁) ဦးပါဝင်သော အဖွဲ့သည် တစ်စက္ကန့်လျှင် (၁၅) မီတာနှုန်းဖြင့် ပျံသန်းကာ မြူခိုးတောင်ထိပ်မှ ထွက်ခွာခဲ့ကြပြီး အရှေ့တောင်ဘက်ရှိ 'ရောင်စုံငါးသွယ်မြို့တော်' ဆီသို့ ဦးတည်ထွက်ခွာသွားကြလေတော့၏။

ရောင်စုံငါးသွယ်မြို့တော်သည် ရေပေါ်ဖြူမြို့တော်၏ အရှေ့တောင်ဘက် မိုင် (၅၀) အကွာတွင် တည်ရှိပြီး မီးရှူးတိုင်မြို့နှင့် အရွယ်အစား တူညီသည်။ မြူခိုးတောင်ထိပ်မှ မိုင် (၃၀) ကျော်သာ ကွာဝေးသဖြင့် နာရီဝက်မပြည့်မီ ရောက်ရှိနိုင်သည်။

မြေပြင်မှ တစ်ကီလိုမီတာခန့် အမြင့်တွင် ပျံသန်းနေရသဖြင့် တပည့်များသည် ကျယ်ပြန့်သော ရှုခင်းများကို ကြည့်ရှုရင်း စိတ်တက်ကြွ လန်းဆန်းနေကြသည်။

"နောက်ဆုံးတော့ ငါတို့ အပြင်ထွက်ပြီး နတ်ဆိုးသတ်ခွင့် ရပြီကွ..."

လုံထျန်းရှင်းသည် စိတ်လှုပ်ရှားစွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

"ဟေး... ဟိုမှာ ကြည့်လိုက်ပါဦး... လင်းရွာသားတွေက မြူခိုးတောင်ခြေကို ပြောင်းရွှေ့နေကြပုံပဲ..."

ကျားယွိလန်က အောက်ဘက်ကို လက်ညှိုးထိုးပြပြီး အားလုံးကို ပြောလိုက်၏။

"ဟုတ်သားပဲ..."

ယဲ့ဖုန်း ငုံ့ကြည့်လိုက်ရာ ရက်အနည်းငယ်အတွင်းမှာပင် လင်းရွာသားများသည် နေရာရွှေ့ပြောင်းလာကြပြီး မြူခိုးတောင်ခြေမှ မီတာအနည်းငယ်အကွာရှိ မြစ်ကမ်းနားတွင် အခြေချနေထိုင်နေကြပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ယဲ့ဖုန်း ထိုကိစ္စကို သိပ်အလေးမထားတော့ပေ။

အဖွဲ့သည် မူလအရှိန်အတိုင်း ဆက်လက်ပျံသန်းလာခဲ့ရာ မကြာမီ ရောင်စုံငါးသွယ်မြို့တော်၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာပြီး မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ကြသည်။

"ဂိုဏ်းချုပ်... ကျွန်မတို့ ဘာလို့ ရောင်စုံငါးသွယ်မြို့တော်ကို လာရတာလဲ..."

ကျားယွိလန် နားမလည်နိုင်စွာ မေးလိုက်၏။

ယဲ့ဖုန်းသည် သံလက်သည်း နဂါးလင်းယုန်ပေါ်မှ ဆင်းလိုက်ပြီး ရှင်းပြသည်။

"ရောင်စုံငါးသွယ်မြို့တော်က လူဦးရေ တစ်သိန်းကျော်ရှိတဲ့ မြို့ငယ်လေးပါ... သူ့ရဲ့ အနောက်တောင်ဘက်မှာ မိုင်ရာချီရှည်လျားတဲ့ 'နန်လုတောင်တန်း' ရှိပြီး၊ အရှေ့မြောက်ဘက်မှာတော့ မိုင်တစ်ရာကျော် ကျယ်ဝန်းတဲ့ 'ဖူယွင် သစ်တောအုပ်' ရှိတယ်... ဒီနေရာက သယံဇာတ ပေါကြွယ်ဝပြီး ဝိညာဉ်သတ္တုတွင်း အများအပြား တူးဖော်နေကြတဲ့ နေရာလည်း ဖြစ်တယ်... ဒါပေမဲ့ နတ်ဆိုးသားရဲတွေ ကျက်စားရာ နေရာလည်း ဖြစ်နေပြန်တယ်... ဒါကြောင့် နတ်ဆိုးသတ်ဖို့အတွက် အကောင်းဆုံး နေရာပေါ့..."

"သြော်... အဲဒါကြောင့်ကိုး..." လုံထျန်းရှင်း သဘောပေါက်သွားသည်။

"သွားကြစို့... မြို့ထဲ ဝင်ကြည့်ရအောင်..."

ယဲ့ဖုန်းသည် ဂိုဏ်းချုပ်တံဆိပ်တုံးကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ထားပြီး ရှေ့မှ ဦးဆောင်သွားလေသည်။

ရောင်စုံငါးသွယ်မြို့တော်မှ လမ်းသွားလမ်းလာများသည် ဂိုဏ်းချုပ်တံဆိပ်တုံးကို မြင်လိုက်ရသောအခါ မလေးစားဘဲ မနေရဲကြတော့ပေ။

"မိုးမခရွက်ပုံစံ တံဆိပ်တုံး... အဆင့်နိမ့်ဂိုဏ်းလား..."

"မင်းကလည်း... ချီစုစည်းခြင်း (၇) ဆင့်မြောက်၊ (၈) ဆင့်မြောက် ကျင့်ကြံသူတွေ အများကြီးပါတဲ့ အဆင့်နိမ့်ဂိုဏ်းဆိုတာ ရှိလို့လားကွ... သူတို့က အလယ်အလတ်အဆင့် ဂိုဏ်းအဖြစ် အဆင့်မြှင့်ဖို့ မေ့နေကြတာ နေမှာပါ..."

သာမန်လူများအဖို့ အဆင့်မြင့်ဂိုဏ်း မဆိုထားနှင့်၊ အနိမ့်ဆုံး အဆင့်နိမ့်ဂိုဏ်းကိုပင် ရန်စရဲကြသည် မဟုတ်ပေ။

"ကြည့်စမ်းပါဦး... ယောကျာ်းလေးတွေက ကျောက်စိမ်းရုပ်လေးတွေလို ခန့်ညားပြီး၊ မိန်းကလေးတွေကလည်း အလှပဂေးလေးတွေချည်းပဲ... ပြီးတော့ ပျံသန်းတဲ့ သားရဲတွေလည်း ပါလာသေးတယ်... တကယ့် ဂိုဏ်းတပည့်တွေ ပီသပါပေတယ်..."

"မြှောက်ပင့်နေတာ ရပ်ပြီး အုတ်ခဲ မြန်မြန်သယ်စမ်းပါကွာ..."

လမ်းသွားလမ်းလာများသည် ယဲ့ဖုန်းနှင့် အဖွဲ့ကို လက်ညှိုးထိုးကာ မှတ်ချက်ပေး ပြောဆိုနေကြသည်။

"အဟွတ်... အဟွတ်... အားလုံးပဲ နားထောင်ကြပါ..."

ယဲ့ဖုန်းသည် မြို့လယ်ခေါင်သို့ လျှောက်သွားပြီး လည်ချောင်းရှင်းကာ ပြောလိုက်၏။

"ကျွန်တော်က မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပါ... ဂိုဏ်းတပည့်တွေကို ဦးဆောင်ပြီး နတ်ဆိုးလာသတ်တာပါ... ဒီနားတစ်ဝိုက်မှာ ဒုတိယမြောက် နတ်ဆိုးတွေ သောင်းကျန်းနေတဲ့နေရာ ရှိရင် ပြောပြပေးကြပါခင်ဗျာ..."

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ကြေးပြား (၁၀၀) ကို ထုတ်ယူကာ လေထဲတွင် ယမ်းပြလိုက်ရာ လူအုပ်ကြီး၏ စိတ်ဝင်စားသော အကြည့်များကို ဆွဲဆောင်နိုင်လိုက်လေသည်။

"ကျွန်တော် သိတယ်... မြို့ရဲ့ တောင်ဘက်မှာ ရှေးဟောင်း ရေတွင်းပျက်ကြီး တစ်ခု ရှိတယ်... ညတိုင်း အဲဒီထဲကနေ သနားစရာကောင်းတဲ့ အော်ဟစ်သံတွေ ကြားရတယ်... လူအများကြီး အဲဒီထဲ ဆင်းသွားကြပေမယ့် ဘယ်သူမှ ပြန်မတက်လာကြဘူး... အောက်ခြေမှာ ဘယ်လို နတ်ဆိုးမျိုး ပုန်းအောင်းနေလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး..."

"ဟုတ်တယ်... ဟုတ်တယ်... အရမ်း ကြောက်စရာကောင်းတယ်..."

သတင်းရရှိပြီးနောက် ယဲ့ဖုန်းသည် ကြေးပြား (၁၀၀) ကို ထိုလူများအား ပေးခဲ့ပြီး တပည့်များကို ဦးဆောင်ကာ မြို့တောင်ဘက်သို့ ကပျာကယာ ထွက်ခွာသွားလေသည်။

ဤနေရာသည် ဧက (၁၀) ကျော် ကျယ်ဝန်းသော စွန့်ပစ်ထားသည့် အိမ်တော်ဟောင်းတစ်ခု ဖြစ်ပြီး ယခုအခါ သစ်သီးခြံအဖြစ် ပြောင်းလဲထားသည်။

ရှေးဟောင်း ရေတွင်းပျက်ကြီးသည် သစ်သီးခြံ၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ကျားယွိလန်သည် ခြောက်သွေ့နေသော ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး ရေရွတ်လိုက်၏။

"ဒီမှာ နတ်ဆိုး ရှိလို့လား..."

လုံထျန်းရှင်းသည် သူ၏ 'ဝိညာဉ်မျက်လုံးပြာ' ကို အသက်သွင်းလိုက်ရာ ရေတွင်းထဲမှ နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့သြတကြီး ရေရွတ်လိုက်၏။

"အထဲက အငွေ့အသက်တွေက အရမ်း ပြင်းထန်တယ်... အနည်းဆုံး အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် ရှိတဲ့ နတ်ဆိုး တစ်ကောင် ပုန်းအောင်းနေတယ်လို့ ခန့်မှန်းရတယ်..."

"မင်းတို့ ဒီမှာ နေခဲ့... ငါ၊ ထျန်းရှင်း နဲ့ ယွင်ကျဲ တို့ပဲ ဆင်းသွားမယ်..."

ယဲ့ဖုန်းသည် ရေတွင်းပျက်နားသို့ တိုးသွားပြီး အောက်ခြေတွင် ရေမရှိဘဲ ခြောက်သွေ့နေသည်ကို မြင်လိုက်ရသဖြင့် ရှေ့ဆုံးမှ ခုန်ဆင်းလိုက်၏။

လုံထျန်းရှင်းနှင့် ဟိုယွင်ကျဲတို့သည် "သံမဏိဒိုင်းကာသိုင်း" ကို အမြန် ဖန်တီးလိုက်ပြီး နောက်မှ ခုန်ချလိုက်ကြသည်။

ရေတွင်းအောက်ခြေသည် ကျယ်ဝန်းလှပြီး ဘေးဘက်တွင် လူတစ်ရပ်စာခန့် မြင့်သော ခြောက်သွေ့သည့် ဥမင်လိုဏ်ခေါင်းတစ်ခု ရှိနေသည်။ ထိုနေရာမှတစ်ဆင့် အခြားနေရာများသို့ သွားရောက်နိုင်ပြီး အဝေးမှကြည့်လျှင် လိုဏ်ခေါင်းထဲ၌ အရိုးစု အများအပြားကို တွေ့မြင်နေရသည်။

"ဒီနတ်ဆိုးက လူတွေကို ဒုက္ခပေးနေတာပဲ... သူ့ကို လွတ်ပေးလို့ မဖြစ်ဘူး..."

ယဲ့ဖုန်းသည် ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားသည်။

"ဝါး..."

ထိုအချိန်တွင် လိုဏ်ခေါင်းထဲမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး မာကျောသော ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် ပါးစပ်ကြီးတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ ယဲ့ဖုန်းကို လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ကိုက်ခဲလိုက်လေသည်။

"ဂိုဏ်းချုပ်... သတိထား..."

လုံထျန်းရှင်းနှင့် ဟိုယွင်ကျဲတို့ ပြိုင်တူ လွှတ်ခနဲ အော်ဟစ် သတိပေးလိုက်ကြသည်။

"ဝုန်း..."

ယဲ့ဖုန်းသည် လက်သီးဖြင့် ထိုးနှက်လိုက်ရာ ကျောက်တုံးပါးစပ်ကြီး ကွဲကြေသွားသည်။ ထို့နောက် ကျောက်စတစ်စကို ဖမ်းဆွဲလိုက်ပြီး ခြေထောက်ဖြင့် မြေကြီးကို ကန်ထုတ်ကာ ဧရာမ သတ္တဝါကြီးတစ်ကောင်ကို ရေတွင်းထဲမှ ဆွဲထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်လေသည်။

"ဒါ ဘာကောင်ကြီးလဲ..."

ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့သည် ပြိုကျလုနီးပါး ဖြစ်နေသော ရေတွင်းပျက်ထဲမှ ခုန်တက်လာကြပြီး အခြားတပည့်များနှင့်အတူ ထိုသတ္တဝါကြီးကို ဝိုင်းကြည့်လိုက်ကြသည်။

(၅) မီတာခန့် ရှည်လျားပြီး ဧရာမ ငါးခူကြီးတစ်ကောင်နှင့် တူသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျောက်သားအကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ထူထဲလေးလံသော ပုံသဏ္ဍာန် ရှိသည်။ ယခုအခါတွင်မူ မေးရိုးကြီး ကြေမွသွားသဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေရှာသည်။

"ဒါက အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် ရှိတဲ့ 'ကျောက်ငါးခူနတ်ဆိုး' ပါ... သူ့အနားက သက်ရှိသတ္တဝါမှန်သမျှကို ဝါးမြိုပစ်နိုင်တယ်... အရမ်း ရက်စက်ကြမ်းကြုတ်တယ်... ဒါပေမဲ့ အားနည်းချက်ကတော့ လှုပ်ရှားရတာ နှေးကွေးတာပါပဲ..."

မိုယင်က ရှင်းပြသည်။

"ကြည့်စမ်း... မြူခိုးဂိုဏ်းက အင်မော်တယ်တွေ နတ်ဆိုးကို ဖမ်းမိသွားပြီ..."

"ဘုရားရေ... ငါးခူကြီးက အကြီးကြီးပဲ... တစ်အိုးတည်းနဲ့ ချက်လို့ဆံ့မှာ မဟုတ်ဘူး... အကင်စက် (၁၀၀) လောက် လိုလိမ့်မယ်..."

"ကုန်သည်ကြီးကျန်း... ခင်ဗျား နောက်ဆုံးတော့ ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီဗျာ..."

ရောင်စုံငါးသွယ်မြို့တော်မှ ပြည်သူများသည် ဆူညံသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ကြရာ ရုန်းကန်နေသော ကျောက်ငါးခူနတ်ဆိုးကြီးကို တွေ့လိုက်ရပြီး ဒေါသထွက်လာကြသည်။

"တကယ်ကြီး အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် နတ်ဆိုးပါလား... ပြီးတော့ ဒီလောက် အကောင်ကြီးတာ... ဟိုတစ်ခါ ရေတွင်းထဲ ဆင်းသွားတဲ့ ချီစုစည်းခြင်း (၃) ဆင့်မြောက် ကျင့်ကြံသူအဘိုးကြီး ပြန်မတက်လာတာ မဆန်းပါဘူးလေ..."

ဘေးပတ်ဝန်းကျင်မှ ပြည်သူများ စိတ်လှုပ်ရှားနေကြစဉ် ယဲ့ဖုန်းသည် သူ၏ ဂိုဏ်းဂုဏ်သတင်းတန်ဖိုး တိုးတက်လာနေသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရလေသည်။

အခန်း (၆၃) - နတ်ဆိုးသတ်ခြင်းနှင့် ဓာတ်ငါးပါးဝိညာ ပုလဲ

~မိမိ၏ ဂိုဏ်းဂုဏ်သတင်းတန်ဖိုးများ တရိပ်ရိပ် မြင့်တက်လာနေသည်ကို အာရုံခံမိလိုက်သဖြင့် ယဲ့ဖုန်း၏ ရင်ထဲတွင် ကြည်နူးပီတိဖြစ်မှုတို့ လှိုင်းပမာ ဖြတ်သန်းစီးဆင်းသွားလေသည်။

"နတ်ဆိုးလည်း သတ်ရ... ဂုဏ်သတင်းအမှတ်လည်း စုဆောင်းရ... တကယ့်ကို 'တစ်ချက်ခုတ် နှစ်ချက်ပြတ်' ဆိုတာ ဒါမျိုးပါလား..."

ထိုသို့ တွေးတောလိုက်ပြီးနောက် ယဲ့ဖုန်းသည် ကျောက်ငါးခူနတ်ဆိုး၏ ဦးခေါင်းကို လက်သီးဖြင့် အားကုန် ပစ်သွင်းလိုက်တော့၏။ "ခွပ်" ကနဲ အသံနှင့်အတူ အရိုးများ ကြေမွသွားပြီး နတ်ဆိုးကြီး၏ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားရချေသည်။ ထို့နောက် သူသည် တပည့်များကို လှည့်ကြည့်ကာ တိုက်တွန်းလိုက်၏။

"ပုန်းအောင်းနေတဲ့ တခြားနတ်ဆိုးသားရဲတွေ ကျန်သေးလားဆိုတာ သေချာအောင် စစ်ဆေးကြည့်ကြပါဦး..."

"ဟုတ်ကဲ့ပါ ဆရာ..."

မိုယင်နှင့် အခြားသူများသည် သစ်သီးခြံ တစ်ခုလုံးကို သည်းသည်းမည်းမည်း ခြေရာခံ ၍ စစ်ဆေးလိုက်ကြ၏။

အနီးနားရှိ ချီစုစည်းခြင်းအဆင့်နိမ့် ကျင့်ကြံသူများသည် ယဲ့ဖုန်းက ကျောက်သားအကြေးခွံများကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲလိုက်သည်ကို မြင်လိုက်ရသဖြင့် မျက်လုံးပြူးကာ အံ့သြမှင်သက်သွားကြသည်။

"မြူခိုးဂိုဏ်း ဂိုဏ်းချုပ်က သာမန်လူ တစ်ယောက် မဟုတ်ဘူးလား..."

"မဟုတ်ဘူးဗျ... သူက 'ခန္ဓာကိုယ်ကျင့်ကြံသူ' ဖြစ်ရမယ်..."

"သြော်... အဲဒါကြောင့်ကိုး..."

မကြာမီ အချိန်အတွင်း၌ပင် တပည့်များသည် သစ်သီးခြံတစ်ခုလုံးကို စစ်ဆေးပြီးစီးသွားကြကာ ဒုတိယမြောက် နတ်ဆိုး မရှိကြောင်း အတည်ပြုပေးလိုက်ကြသည်။

သတင်းကြားရသည်နှင့် ယဲ့ဖုန်းသည် ကျောက်ငါးခူနတ်ဆိုး၏ အမြီးကို ဆွဲကိုင်ကာ အနီးနားရှိ ကွင်းပြင်ကျယ်တစ်ခုဆီသို့ တရွတ်တိုက် ဆွဲယူသွားလေသည်။

မြို့သူမြို့သား အများအပြားသည် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသဖြင့် မိုယင်နှင့် အဖွဲ့အား လက်မထောင်ပြကာ ချီးကျူးဂုဏ်ပြုကြလေ၏။

အချိန်တိုအတွင်းမှာပင် ဂိုဏ်းဂုဏ်သတင်းတန်ဖိုးသည် (၅၀၇) မှ (၆၄၈) အထိ ခုန်တက်သွားသဖြင့် ယဲ့ဖုန်း အလွန် အားရသွားရသည်။

"မပူကြပါနဲ့ဗျာ... ရေတွင်းပျက်ထဲမှာ ဒုက္ခပေးနေတဲ့ နတ်ဆိုးကို ကျွန်တော်တို့ ရှင်းလင်းလိုက်ပါပြီ... အခုဆိုရင် အဲဒီသစ်သီးခြံထဲကို လွတ်လပ်စွာ ဝင်ထွက်သွားလာလို့ ရပါပြီခင်ဗျာ..."

ယဲ့ဖုန်းက လူအုပ်ကြီးကို ကြေညာလိုက်၏။

"ကျေးဇူးတင်ပါတယ်... မြူခိုးဂိုဏ်းက အင်မော်တယ်ကြီးတို့ရေ..."

မြို့သူမြို့သားများသည် တစ်ယောက်တစ်ပေါက် ကျေးဇူးတင်စကား ဆိုကြသည်။

ထို့နောက် ယဲ့ဖုန်းသည် ကျောက်ငါးခူနတ်ဆိုးကို အပြီးသတ် သုတ်သင်လိုက်ပြီး တန်ဖိုးရှိသော ပစ္စည်းများကို ရယူကာ ကျန်ရှိသော အသားတစ်ဝက်ကို ရောင်စုံငါးသွယ်မြို့တော်သားများအား ဝေငှပေးလိုက်ရာ ဂုဏ်သတင်းအမှတ် ဒါဇင်ပေါင်းများစွာ ထပ်မံရရှိခဲ့ပြီး စုစုပေါင်း အမှတ် (၇၀၀) အထိ ရောက်ရှိသွားလေသည်။

ကျန်ရှိသော အပိုင်းကိုမူ သံလက်သည်း နဂါးလင်းယုန်အတွက် အစာအဖြစ် ကျွေးလိုက်၏။

"အဘိုး... ဒီနားတစ်ဝိုက်မှာ နတ်ဆိုးသတ်ဖို့ လိုတဲ့ တခြားနေရာတွေ ရှိသေးလားခင်ဗျာ..."

ယဲ့ဖုန်းသည် ရှေ့သွားကျိုးနေသော အဘိုးအိုတစ်ဦးကို ယဉ်ကျေးစွာ မေးမြန်းလိုက်၏။

"ရှိတာပေါ့ကွယ်... မြို့အရှေ့ဘက် (၅) မိုင်အကွာက ဝါးတောနဲ့... တောင်ဘက်မြို့တံခါးအပြင် (၃) မိုင်အကွာက ဟိုး..ကျောက်ထုတ်စခန်းမှာ ရှိတယ်..."

အဘိုးအိုက နေရာအချို့ကို ပြောပြသည်။

ထိုအခိုက်အတန့်၌ မြင်းခွာပုံ နှုတ်ခမ်းမွှေးနှင့် ဗိုက်ရွှဲရွှဲ လူကြီးတစ်ယောက်က ကြားဖြတ်၍ ဝင်ပြောလိုက်၏။

"နန်လုတောင်တန်းမှာ ဝိညာဉ်သတ္တုတွင်း အသစ် တစ်ခု ပေါ်လာတယ်လို့ ကြားတယ်ဗျ... ဒါပေမဲ့ အဲဒီမှာ နတ်ဆိုးသားရဲတွေ ပုန်းအောင်းနေတယ်တဲ့... အင်မော်တယ်တွေ အများကြီး သွားကြပေမယ့် အကုန် ပြန်မောင်းထုတ်ခံလိုက်ရတယ်..."

"ဝိညာဉ်သတ္တုတွင်း ဟုတ်လား..."

ယဲ့ဖုန်းနှင့် တပည့်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်လိုက်မိကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် အံ့သြဝမ်းသာမှုရိပ်များ ယှက်သန်းသွားကြလေသည်။

ဝိညာဉ် သတ္တုတွင်းဆိုသည်မှာ ဝိညာဉ် ကျောက်တုံးတွင်းများ၊ ပစ္စည်း သတ္တုတွင်းများ စသည်ဖြင့် ပါဝင်နိုင်သည်။

ဝိညာဉ် သတ္တုတွင်းတိုင်းသည် ရွှေအိုးကြီးများသဖွယ် တန်ဖိုးရှိလှပြီး အနည်းငယ်မျှ ရရှိလျှင်ပင် ဂိုဏ်း တစ်ခုလုံးကို ကာလကြာရှည် ထောက်ပံ့ပေးနိုင်ပေသည်။

"ဝိညာဉ်သတ္တုတွင်းက ခဏထားဦး... အရင်ဆုံး ရောင်စုံငါးသွယ်

မြို့က သောင်းကျန်းနေတဲ့ နတ်ဆိုးတွေကို အရင်ရှင်းကြမယ်... ပြီးမှ မြို့လယ်ခေါင်မှာ ပြန်ဆုံကြမယ်..."

ယဲ့ဖုန်းက အစီအစဉ်ချလိုက်ပြီး တပည့်များက အာရုံစိုက် နားထောင်နေကြသည်။

နောက်တစ်နာရီအတွင်း မြူခိုးဂိုဏ်းတပည့် (၁၀) ဦးကို အဖွဲ့ (၃) ဖွဲ့ ခွဲလိုက်၏။

မိုယင်၊ ရှီလေ့နှင့် လီကျောက်ကျောက်တို့က မြို့အရှေ့ဘက် (၅) မိုင်အကွာရှိ ဝါးတောမှ လမ်းသွားလမ်းလာများကို စားသောက်နေသော "မြစိမ်းရောင် မြွေနတ်ဆိုး" ကို သွားရောက်သတ်ဖြတ်ကြမည်။

ဟိုယွင်ကျဲ၊ လုံထျန်းရှင်း၊ အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့က တောင်ဘက်မြို့တံခါးအပြင် (၃) မိုင်အကွာရှိ ကျောက်ထုတ်စခန်းမှ သောင်းကျန်းနေသော ဝက်နတ်ဆိုးကို သွားရောက်သတ်ဖြတ်ကြမည်။

ကျားယွိလန်၊ ရှဟဲနှင့် ချိုကျူတို့က မြို့မြောက်ဘက် (၄) မိုင်အကွာရှိ မြစ်ထဲမှ ဒုက္ခပေးနေသော ရေနတ်ဆိုးကို သွားရောက်ရှင်းလင်းကြမည်။

ယဲ့ဖုန်းကမူ ရောင်စုံငါးသွယ်မြို့တော်၏ အနောက်မြောက်ဘက်ရှိ စွန့်ပစ်ထားသော အပျော်အိမ်သို့ တစ်ယောက်တည်း ထွက်ခွာသွားလေသည်။ ထိုနေရာတွင် ခဏမျှ ထိုင်နေပြီးနောက် ရုတ်တရက် နောက်ကျောဘက်မှ မွှေးပျံ့သော ရနံ့တစ်ခု ရလိုက်သဖြင့် ချက်ချင်း လှည့်ကာ လက်သီးဖြင့် အဟုန်ပြင်းစွာ ပစ်လွှင့် ထိုးနှက်လိုက်၏။

"ဝုန်း..."

မြေကြီးပေါ်မှ ပျံဝဲနေသော အနီရောင် ဂါဝန်ရှည်နှင့် မိန်းမပျိုတစ်ဦးသည် မီတာအနည်းငယ် အကွာသို့ လွင့်စဉ်သွားလေသည်။ သူမ၏ ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိသော မျက်နှာပေါ်တွင် အံ့သြမှုများ အထင်းသား ပေါ်လာလေသည်။

"ဒုတိယမြို့စားမင်းက ဂိုဏ်းချုပ်ယဲ့ကို ကျွန်မဆီ ညွှန်းပေးတာ မဆန်းပါဘူး... ရှင်က လူတစ်သန်းမှာ တစ်ယောက်လောက်သာ ရှိတတ်တဲ့ 'ခန္ဓာကိုယ်ကျင့်ကြံသူ' ကိုး..."

အနီရောင် ဂါဝန်ရှည်နှင့် မိန်းမပျိုက ညှို့ဓာတ်ပြင်းသော အပြုံးဖြင့် ဖွင့်ဟဝန်ခံလိုက်၏။

"နီရှန်နန်းတော်သခင်မ... ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ..."

ရောက်လာသူကို မှတ်မိလိုက်သည်နှင့် ယဲ့ဖုန်း အံ့သြသွားသည်။

ဤစွန့်ပစ်ထားသော အပျော်အိမ်၌ မိန်းမပျိုနတ်ဆိုးတစ်ကောင် ခြောက်လှန့်နေကြောင်း သူ ကြားသိထားသည်။ ထိုနတ်ဆိုးမသည် ဖမ်းဆီးရခက်ခဲပြီး ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူများပင် နိုင်နင်းရန် ခက်ခဲသည်ဟု ဆိုကြသည်။

ထို့ကြောင့် ယဲ့ဖုန်းက မြူခိုးဂိုဏ်း၏ "အချောဆုံး" ကိုယ်စားလှယ်အနေဖြင့် ဤနေရာတွင် လာထိုင်ပြီး သတိကြီးသော နတ်ဆိုးမကို မျှားခေါ်ရန် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။

စောစောက အနောက်ဘက်မှ မွှေးပျံ့သော ရနံ့ရလိုက်သဖြင့် အပျော်အိမ်မြွေနတ်ဆိုး ရောက်လာပြီအထင်ဖြင့် လှည့်ထိုးလိုက်ခြင်း ဖြစ်၏။

ဘယ်သူထင်မှာလဲ... ပြိုင်ဘက်က နီရှန်နန်းတော်သခင်မ ဖြစ်နေလိမ့်မည်ဟု။

နီရှန်နန်းတော်သခင်မ၏ နောက်ကျောဘက်တွင် သစ်သားတုတ်ကောက် ကိုင်ဆောင်ထားသော သားနားသည့် လူလတ်ပိုင်း မိန်းမပျို (၂) ဦးနှင့် သူတို့နောက်တွင် အနီရောင် ဂါဝန်ရှည်ဝတ်ဆင်ထားသော မိန်းမပျိုလေး ဒါဇင်ပေါင်းများစွာ ရပ်နေသည်ကို ယဲ့ဖုန်း တွေ့မြင်လိုက်ရသည်။

သူတို့တစ်ယောက်ချင်းစီသည် ဖြူဝင်းသော အသားအရေ၊ လှပသော မျက်နှာလေးများနှင့် ရှည်လျားသော ခြေတံများကို ပိုင်ဆိုင်ထားကြသည်။ နဖူးပေါ်တွင်မူ အနီရောင် ဇီးကွက်ပုံ အမှတ်အသားလေးများဖြင့် ဆွဲဆောင်မှု ရှိနေကြလေသည်။

'တကယ့် အလှပဂေးလေးတွေပါလား...'

ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။

ယခင်က နီရှန်နန်းတော်သခင်မက သူမတွင် လှပသော တပည့်မလေးများ ရာချီရှိကြောင်း ကြွားဝါစဉ်က ပိုပြောသည်ဟု ထင်မှတ်ခဲ့မိသော်လည်း... ယခုအခါတွင်မူ ယုံကြည်သွားရချေပြီ။

နီရှန်နန်းတော်သခင်မက ပြုံးလိုက်ပြီး ပြောသည်။

"ဒီမှာ နတ်ဆိုး တစ်ကောင် သောင်းကျန်းနေတယ်လို့ ကြားလို့ တပည့်တွေကို ဦးဆောင်ပြီး လာရှင်းတာပါ... ဂိုဏ်းချုပ်ယဲ့လည်း ဒီမှာ ရှိနေမယ်လို့ မထင်ထားဘူးရှင်..."

…ချီစုစည်းခြင်း (၉) ဆင့်မြောက် နတ်ဆိုးမ တစ်ကောင်အတွက်နဲ့ ဒီလောက် အကြီးကြီး ပြင်ဆင်လာစရာ လိုလို့လား...

ယဲ့ဖုန်း တွေးတောလိုက်မိသည်။ နီရှန်နန်းတော်သခင်မ၌ အခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေလိမ့်မည်ဟု သူ အာရုံခံမိလိုက်၏။

"ဝေါ..."

ရောင်စုံငါးသွယ်မြို့တော်၏ အထက်ကောင်းကင်ယံတွင် ရုတ်တရက် တိမ်မည်းများ ပေါ်ထွက်လာပြီး မွန်းတည့်နေရောင်ခြည်ကို ဖုံးကွယ်သွားလေသည်။ အပျော်အိမ်အပျက်အစီးနေရာ တစ်ဝိုက်သည်လည်း ရုတ်တရက် မှောင်မိုက်သွားပြီး ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု မွေးဖွားလာတော့မည့်နှယ် ဖြစ်ပေါ်သွားသည်။

"နေရာယူကြ..."

နီရှန်နန်းတော်သခင်မက ကောင်းကင်ကို လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်၏။

တုတ်ကောက်ကိုင်ထားသော မိန်းမပျို (၂) ဦးက ချက်ချင်း လူခွဲလိုက်ပြီး အပျော်အိမ်အပျက်အစီး၏ တောင်ဘက်နှင့် မြောက်ဘက် (၃၀) မီတာအကွာတွင် နေရာယူလိုက်ကြသည်။

အခြား တပည့်မလေးများလည်း နေရာအသီးသီးတွင် ရပ်တန့်ကာ လက်ဟန်များ ဆက်တိုက် ဖော်ထုတ်နေကြလေသည်။

ယဲ့ဖုန်း အံ့သြသွားရသည်မှာ နီရှန်နန်းတော်သခင်မမှလွဲ၍ ကျန်သူအားလုံးထံမှ တောက်ပသော အလင်းရောင်များနှင့် ရှုပ်ထွေးသော ပုံစံများ ထွက်ပေါ်လာပြီး အပျော်အိမ်အပျက်အစီးကို လွှမ်းခြုံထားသည့် မီတာ (၁၀၀) ပတ်လည် အလင်းတန်း အကာအကွယ်ကြီးတစ်ခု ဖွဲ့တည်လာခြင်းပင် ဖြစ်တော့၏။

"သစ္စာဖောက်တပည့်... ထွက်မလာသေးဘူးလား..."

နီရှန်နန်းတော်သခင်မက ရုတ်တရက် ဆူပူကြိမ်းမောင်းလိုက်၏။

သူမ၏ အသံကြောင့် လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားပြီး မြေကြီးများ စတင် အက်ကွဲလာသည်။ အက်ကွဲကြောင်းများထဲမှ အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာပြီး ဆံပင်ဖားလျားနှင့် အနီရောင်ဝတ်စုံဝတ် မိန်းမပျိုတစ်ဦးအဖြစ် ပုံပေါ်လာလေသည်။

"ဒီမိန်းမက နီရှန်နန်းတော်က တပည့်လား..."

ယဲ့ဖုန်းသည် ဝင်္ကပါအလယ်တွင် ရပ်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။

"ဟားဟားဟား..."

အနီရောင်ဝတ် မိန်းမပျိုက ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

"နန်းတော်သခင်မ... ကျွန်မက 'ဓာတ်ငါးပါးဝိညာဉ်ပုလဲ' လေး ယူလာမိရုံပါ... အဲဒါလေးအတွက်နဲ့ အကြီးအကဲ (၂) ယောက်အပြင် ဂျူနီယာညီမလေးတွေ အကုန်လုံးကိုပါ ခေါ်ပြီး ဖမ်းဖို့ လိုလို့လား..."

"ဓာတ်ငါးပါးဝိညာဉ်ပုလဲကို ပြန်ပေး... ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်..."

နီရှန်နန်းတော်သခင်မက လက်ကို ဝှေ့ယမ်းပြီး တိုက်တွန်းလိုက်၏။

"နန်းတော်သခင်မ... ကျွန်မက ဓာတ်ငါးပါးဝိညာဉ်ပုလဲကို သန့်စင်ပြီးသွားပြီ... ပြန်ပေးဖို့ မဖြစ်နိုင်တော့ဘူး... ပြီးတော့... အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု ပိုင်ဆိုင်ထားတဲ့ ကျွန်မက ရှင့်ထက် နိမ့်ကျချင်မှ နိမ့်ကျတော့မှာ..."

အနီရောင်ဝတ် မိန်းမပျိုက ပါးစပ်ဟလိုက်ပြီး လက်မအရွယ်အစား ရှိသော အနီရောင် ရတနာပုလဲ တစ်လုံးကို ထွေးထုတ်လိုက်၏။ ထိုပုလဲမှ လေးလံသော အငွေ့အသက်များ ထွက်ပေါ်လာပြီး ယဲ့ဖုန်းတောင် ဖိအားပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

"ဒါ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်လား..."

ယဲ့ဖုန်း မျက်လုံးများ အရောင်လက်သွားသည်။

ဝိညာဉ်လက်နက်များကို အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့် နှင့် ထိပ်တန်းအဆင့် ဆိုပြီး ခွဲခြားထားသည်။ အသီးသီး ချီစုစည်းခြင်းအဆင့်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် နှင့် ဝိညာဉ်ပင်လယ်အဆင့် တို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ဆိုသည်မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်ကြစမြဲ။ အဆင့်နိမ့် ဝိညာဉ်လက်နက်များထက် အဆများစွာ ပိုမိုစွမ်းအားကြီးပြီး ဆန်းကြယ်သော စွမ်းရည်များ ပါဝင်တတ်ပေသည်။

"မင်းက ဓာတ်ငါးပါးဝိညာဉ်ပုလဲကို သုံးပြီး အပြစ်မဲ့တဲ့ ဝိညာဉ်ပေါင်းများစွာကို ဝါးမြိုခဲ့တယ်ပေါ့... မင်း သေချင်နေပြီပဲ..."

နီရှန်နန်းတော်သခင်မက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူမ၏ မျက်လုံးများက ဒိုင်းခနဲ မျက်စောင်းထိုး လိုက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

"နီရှန်နန်းတော် တပည့်တို့... ငါ့အမိန့်ကို နာခံပြီး ဒီသစ္စာဖောက်ကို ဖမ်းဆီးကြ..."

"ဟုတ်ကဲ့ပါ..."

နီရှန်နန်းတော် တပည့်မလေးများက ပြိုင်တူ နာခံ လိုက်ကြသည်။ သူတို့၏ စူးရှသော အသံများသည် အဝေးကြီးထိ ပျံ့လွင့်သွားပြီး မြို့တစ်မြို့လုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။

မြို့ပြင် အရှေ့၊ မြောက်၊ တောင် အရပ်များတွင် ရှိနေသော မိုယင်၊ ဟိုယွင်ကျဲ၊ ကျားယွိလန်နှင့် အခြားတပည့်များသည် သောင်းကျန်းနေသော နတ်ဆိုးများကို သတ်ဖြတ်ပြီးစီးသွားကြပြီ ဖြစ်သည်။ မြို့လယ်ခေါင်မှ ဆူညံသံများကို ကြားလိုက်ရသောအခါ လှည့်ကြည့်လိုက်ကြသည်။

"ဒုက္ခပဲ... ဂိုဏ်းချုပ်က အဲဒီမှာ ရှိနေပုံရတယ်..."

"တခြားဂိုဏ်းက လူတွေများ ဂိုဏ်းချုပ်ကို ရန်ရှာနေကြတာလား..."

"မြန်မြန်... ငါတို့ သွားကူညီမှ ဖြစ်မယ်..."

တပည့်များ၏ ရင်ခုန်သံများ မြန်ဆန်လာပြီး ဆူညံသံ ဖြစ်ပွားရာ အရပ်ဆီသို့ သည်းကြီးမည်းကြီး ပြေးဝင်သွားကြလေတော့သတည်း။

All Chapters