← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄) - မျှော်လင့်မထားသော ရလဒ်များ

~ရောင်စုံငါးသွယ်မြို့တော်၏ အလယ်ဗဟို၌...

ယဲ့ဖုန်းသည် သူ၏ နေရာတွင်ပင် မတ်မတ်ရပ်နေလေသည်။ သူ ထွက်မပြေးသလို၊ လှုပ်ရှားခြင်းလည်း မပြုပေ။

နီရှန်နန်းတော်သခင်မသည် သစ္စာဖောက် အနီရောင်ဝတ် မိန်းမပျိုကို ဖမ်းဆီးရန်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်သော 'ဓာတ်ငါးပါးဝိညာဉ်ပုလဲ' ကို ပြန်လည် ရယူရန်အတွက် ကြီးကျယ်ခမ်းနားစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူကတော့ ပြင်ပလူ သက်သက်သာ ဖြစ်ပေ၏။

ထို့ကြောင့် ယဲ့ဖုန်းသည် ငြိမ်သက်စွာ ရပ်နေပြီး နီရှန်နန်းတော်၏ ပြည်တွင်းစစ်ကို တည်ငြိမ်စွာ စောင့်ကြည့်နေလိုက်၏။

ထွက်ခွာသွားရန်မှာလည်း လောလောဆယ် မဖြစ်နိုင်သေးပေ။

သူသည် နီရှန်နန်းတော်၏ ဝင်္ကပါကြီး အတွင်း၌ ရောက်ရှိနေသည် မဟုတ်ပါလော။ ထွက်ပြေးရန်အတွက် ဆိုလျှင် ဝင်္ကပါကို ဖျက်ဆီးရပေမည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ပါက နီရှန်နန်းတော်နှင့် ရန်သူ ဖြစ်သွားနိုင်ချေ ရှိသည်။

"ဝေါ..."

ထိုအခိုက်အတန့်၌ ဝင်္ကပါကြီးထဲမှ ပြင်းထန်သော ဖိနှိပ်အား တစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင် ဧရာမ လက်ဖဝါးကြီး တစ်ခုအဖြစ် စုစည်းကာ အနီရောင်ဝတ် မိန်းမပျိုဆီသို့ ဦးတည်သွားလေသည်။

"နန်းတော်သခင်မ... ရှင်က ဓာတ်ငါးပါးဝိညာဉ်ပုလဲရဲ့ စွမ်းအားအစစ်အမှန်ကိုတောင် ထုတ်မသုံးနိုင်ဘဲနဲ့... ကျွန်မ သုံးတာကို ဘာဖြစ်လို့ တားဆီးချင်နေရတာလဲ..."

အနီရောင်ဝတ် မိန်းမပျိုက ကျယ်လောင်စွာ ဟားတိုက်ရယ်မော လိုက်၏။ သူမ၏ လက်များက လက်ဟန်အမူအရာတစ်ခု ပြုလုပ်လိုက်သည်နှင့် ဓာတ်ငါးပါးဝိညာဉ်ပုလဲက တောက်ပသော အလင်းရောင်များ ထုတ်လွှတ်ပြီး သူမပတ်လည်တွင် (၃) မီတာ အချင်းရှိသော အနီရောင် အလွှာ တစ်ခုကို ဖန်တီးပေးလိုက်၏။

ဝင်္ကပါ၏ ဖိနှိပ်အား မည်မျှပင် ကြီးမားပါစေ၊ အနီရောင်ဝတ် မိန်းမပျိုကတော့ တောင်ကြီးတစ်လုံးပမာ မတုန်မလှုပ် ရပ်နေဆဲပင်။

သူမ ရုတ်တရက် ခေါင်းမော့လိုက်သောအခါ ခါးလောက်ထိရှည်သော ဆံပင်များက နောက်ကျောဘက်သို့ လွင့်စဉ်သွားပြီး လှပသော်လည်း ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာလေး ပေါ်ထွက်လာသည်။

မိတ်ကပ် လုံးဝ မလိမ်းထားသော်လည်း သဘာဝအတိုင်း လှပနေသော မိန်းကလေးတစ်ဦးပင် ဖြစ်လေသည်။

"ဒီလောက်လှတဲ့ ကောင်မလေးက သစ္စာဖောက် ဖြစ်နေရတယ်လို့..."

ယဲ့ဖုန်းသည် အနီရောင်ဝတ် မိန်းမပျိုကို ကြည့်ပြီး နှမြောသလို ရေရွတ်လိုက်၏။

"ဓာတ်ငါးပါးဝိညာဉ်ပုလဲဆိုတာ ငါတို့ နီရှန်နန်းတော်ရဲ့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာပဲ... မင်းလို သာမန်တပည့်တစ်ယောက်က ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား..."

နီရှန်နန်းတော်သခင်မက ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်၏။ သူမ၏ မကျေနပ်သော အကြည့်များက ဝင်္ကပါကို ထိန်းချုပ်နေသည့် တပည့်များဆီသို့ ရောက်ရှိသွားသည်။

"ထမင်း မစားထားကြဘူးလား... အားစိုက်ကြစမ်း..."

"ဟုတ်ကဲ့ပါ..."

နီရှန်နန်းတော် တပည့်များသည် လက်ဟန်အမူအရာ ပြောင်းလဲလိုက်ပြီး လက်တစ်ဖက်ဖြင့် အပိုင်းအစတစ်ခုစီကို ထုတ်ယူကာ လေထဲသို့ ပစ်တင်လိုက်ကြသည်။ ထိုအပိုင်းအစများ စုပေါင်းပြီး အဖြူရောင် ကျောက်စိမ်းခွေတစ်ခု ဖြစ်သွားလေသည်။ ချက်ချင်းပင် အလင်းဓားသွားပေါင်းများစွာ ထွက်ပေါ်လာပြီး ဓာတ်ငါးပါးဝိညာဉ်ပုလဲ၏ ဒိုင်းကာကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်တော့၏။

အနီရောင်ဝတ် မိန်းမပျိုသည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ သူမ၏ လက်များတွင် သွေးကြောများ ထောင်ထလာပြီး ဝတ်ရုံများ စုတ်ပြဲကုန်ကြသည်။

ထိုအချိန်တွင်ပင် "ဂျွတ်" ကနဲ အသံ ထွက်ပေါ်လာသည်။

ဓာတ်ငါးပါးဝိညာဉ်ပုလဲ၏ ဒိုင်းကာ နောက်ဆုံးတော့ ကွဲကြေသွားလေသည်။ အနီရောင်ဝတ် မိန်းမပျိုသည် သွေးအန်ပြီး နောက်သို့ လွင့်စဉ်သွားရာ ယဲ့ဖုန်း၏ ရှေ့တည့်တည့်၌ လာကျလေသည်။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြသည်။

အနီရောင်ဝတ် မိန်းမပျို၏ မျက်ဝန်းထဲ၌ နာကျည်းမှု၊ အံ့သြမှု၊ အလစ်အငိုက်မိမှုနှင့် လှောင်ပြောင်မှု စသော ခံစားချက်ပေါင်းစုံကို တရစပ် တွေ့မြင်လိုက်ရသဖြင့် ယဲ့ဖုန်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သတိထားမိလိုက်၏။

"သေစမ်း... ဒီမိန်းမ ငါ့ကို ရေထဲ ဆွဲချတော့မယ် ထင်တယ်..."

ယဲ့ဖုန်း ကပျာကယာ နောက်ဆုတ်လိုက်၏။

"ငါ ဓာတ်ငါးပါးဝိညာဉ်ပုလဲကို မပိုင်ဆိုင်နိုင်ရင်တောင်... နီရှန်နန်းတော်... ရှင်တို့လည်း ရမယ်လို့ မအိပ်မက်လိုက်နဲ့..."

အနီရောင်ဝတ် မိန်းမပျိုက အော်ဟစ်လိုက်ပြီး သူမ၏ နဖူးကို လက်ညှိုးဖြင့် ထိုးကာ ခရမ်းရောင် သွေးစက်တစ်စက်ကို ထုတ်ယူလိုက်၏။ ထို့နောက် ဓာတ်ငါးပါးဝိညာဉ်ပုလဲ၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော သင်္ကေတတစ်ခုကို အမြန်ရေးဆွဲလိုက်ပြီး ယဲ့ဖုန်းဆီသို့ ပစ်ပေးလိုက်တော့၏။

"ဝိညာဉ်လွှဲပြောင်းခြင်း ကျိန်စာ .."

နီရှန်နန်းတော်သခင်မ၏ မျက်နှာ အရောင်ပြောင်းသွားသည်။ သူမ လက်ညှိုးတစ်ချောင်း ထောင်လိုက်ပြီး အစစ်အမှန်ယွမ်ကို အလင်းတန်း တစ်ခုအဖြစ် စုစည်းကာ ပစ်လွှတ်လိုက်ရာ အနီရောင်ဝတ် မိန်းမပျို၏ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားရရှာသည်။

သို့သော် ဓာတ်ငါးပါးဝိညာဉ်ပုလဲမှာမူ ယဲ့ဖုန်း၏ နဖူးကို ထိမှန်ပြီးဖြစ်ကာ သူ့လက်ထဲသို့ လျှောကျလာခဲ့ပြီ ဖြစ်သည်။

"ငါ ခုနက ဘာလို့ ငေးနေမိတာပါလိမ့်..."

ယဲ့ဖုန်းသည် သူ့လက်ထဲရောက်နေသော အက်ကွဲရာများနှင့် ဓာတ်ငါးပါးဝိညာဉ်ပုလဲကို ကြည့်ပြီး တွေးတောလိုက်မိသည်။ ပုလဲက သူ့နဖူးကို လာထိစဉ်က ခဏတာ စိတ်လွတ်သွားသဖြင့် မရှောင်လိုက်နိုင်ခြင်း ဖြစ်ပေမည်။

ယခုအခါတွင် ယဲ့ဖုန်းသည် ဓာတ်ငါးပါးဝိညာဉ်ပုလဲနှင့် ထူးခြားသော ဆက်နွယ်မှုတစ်ခု ဖြစ်တည်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူသည် ၎င်း၏ ပိုင်ရှင် ဖြစ်သွားသလိုပင်။

"ဟင်း..."

နီရှန်နန်းတော်သခင်မသည် အသက်မဲ့နေပြီဖြစ်သော အနီရောင်ဝတ် မိန်းမပျိုကို ကြည့်လိုက်၊ ယဲ့ဖုန်းလက်ထဲမှ ဓာတ်ငါးပါးဝိညာဉ်ပုလဲကို ကြည့်လိုက်နှင့် ဒေါသထွက်နေသည်။

"ခုနက ဘာဖြစ်သွားတာလဲ..."

ယဲ့ဖုန်းက မေးလိုက်ပြီး ဓာတ်ငါးပါးဝိညာဉ်ပုလဲကို နီရှန်နန်းတော်သခင်မဆီသို့ ကမ်းပေးလိုက်၏။

နီရှန်နန်းတော်သခင်မ၏ မျက်နှာထားက မဲမှောင်နေသည်။ သူမက ပုလဲကို လက်မခံဘဲ ပြောလိုက်၏။

"ဒီသစ္စာဖောက်က 'ဝိညာဉ်လွှဲပြောင်းခြင်း ကျိန်စာ' ကို သုံးပြီး ဓာတ်ငါးပါးဝိညာဉ်ပုလဲရဲ့ ပိုင်ဆိုင်ခွင့်ကို ရှင့်ဆီ လွှဲပြောင်းပေးလိုက်ပြီ... ရှင် မသေသရွေ့ ဘယ်သူမှ ဒီပုလဲကို ယူလို့မရတော့ဘူး..."

"ဟာ..."

ယဲ့ဖုန်း လန့်ဖျပ်သွားသည်။ နီရှန်နန်းတော်သခင်မက "ပစ္စည်းလိုချင်လို့ လူသတ်မလား" ဆိုပြီး စိုးရိမ်စိတ်ဖြင့် ပုလဲကို လွှင့်ပစ်လုနီးပါး ဖြစ်သွားသည်။

"ဂိုဏ်းချုပ်ဦးလေး... အဆင်ပြေရဲ့လား..."

ထိုအချိန်တွင်ပင် လီကျောက်ကျောက်၏ အော်ဟစ်သံ အဝေးမှ ကြားလိုက်ရသည်။

ယဲ့ဖုန်းနှင့် အခြားသူများ လှည့်ကြည့်လိုက်ရာ မိုယင်၊ လီကျောက်ကျောက်၊ ဟိုယွင်ကျဲနှင့် အခြားတပည့် (၁၀) ဦးစလုံး ပြန်ရောက်လာကြသည်ကို တွေ့လိုက်ရသည်။ သူတို့လက်ထဲတွင် ဝိညာဉ်ချုပ်ကြိုးဖြင့် ချည်နှောင်ထားသော နတ်ဆိုးတစ်ကောင်စီ ပါလာကြသည်။

တပည့်များ တာဝန်ပြီးဆုံး၍ ပြန်ရောက်လာကြပြီ ဖြစ်သည်။

ယဲ့ဖုန်းက ဝင်္ကပါထဲတွင် နီရှန်နန်းတော်မှ လူများ ဝိုင်းရံထားခြင်း ခံရပြီး တိုက်ခိုက်ခံရတော့မလို ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ တပည့်များ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ အထင်းသား ပေါ်လာကြသည်။

"ငါတို့ ဂိုဏ်းချုပ်ဦးလေးကို မတိုက်ခိုက်ကြနဲ့..."

ရှီလေ့က ဘာမျှမပြောဘဲ 'မှော် လိပ်ခွံဒိုင်း' ကို အသက်သွင်းပြီး ရှေ့ဆုံးမှနေ၍ ကာကွယ်လိုက်၏။

"ချလွင်..."

မိုယင်က စကားမပြောသော်လည်း သူမ၏ ဓားပျံကမူ အိမ်ထဲမှ ထွက်ခွာလာခဲ့ပြီ။

ကျန်ရှိသော တပည့်များလည်း သိုင်းများ အသီးသီး ပြင်ဆင်လိုက်ကြပြီး နီရှန်နန်းတော်နှင့် အသေအကြေ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြသည်။

နီရှန်နန်းတော် တပည့်များ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားပြီး မြူခိုးဂိုဏ်းတပည့်များကို စိုက်ကြည့်နေကြသည်။ နှစ်ဖက်စလုံး၏ အခြေအနေမှာ တင်းမာမှု အမြင့်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"ဝင်္ကပါကို မဖျက်သိမ်းကြသေးဘူးလား...နင်တို့က မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ကို တိုက်ခိုက်ချင်နေကြတာလား..."

နီရှန်နန်းတော်သခင်မက ရုတ်တရက် ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်၏။ သူမ၏ တပည့်များသာမက ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်းသားများပါ အံ့သြသွားကြရသည်။

"ဟုတ်... ဟုတ်ကဲ့ပါ နန်းတော်သခင်မ..."

နီရှန်နန်းတော်မှ အကြီးအကဲနှစ်ဦးနှင့် တပည့်မလေးများသည် နားမလည်နိုင် ဖြစ်နေကြသော်လည်း ဝင်္ကပါကို ဖျက်သိမ်းလိုက်ကြပြီး နန်းတော်သခင်မ၏ နောက်တွင် တန်းစီကာ ခေါင်းငုံ့ ရပ်နေလိုက်ကြသည်။

"နန်းတော်သခင်မက ပစ္စည်းလိုချင်လို့ ကျွန်တော့်ကို သတ်ဖို့ အစီအစဉ် မရှိဘူးလား..."

ယဲ့ဖုန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

"ဂိုဏ်းချုပ်ယဲ့က ဘာတွေပြောနေတာလဲ... ကျွန်မက ရှင့်ကို ဘယ်လိုလုပ် သတ်ရက်မှာလဲ..."

နီရှန်နန်းတော်သခင်မက ဟက်ဟက်ပက်ပက် ရယ်မော လိုက်၏။

"ခစ်ခစ်..ဓာတ်ငါးပါးဝိညာဉ်ပုလဲက နီရှန်နန်းတော်ရဲ့ ရတနာဖြစ်ပေမယ့်... တန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀၀) ပဲ ရှိတာပါ... အဲဒါလေးအတွက်နဲ့ ဂိုဏ်းချုပ်ယဲ့ကို ရန်သူမတော်နိုင်ပါဘူး..."

"ဝိညာဉ်ကျောက်တုံး (၂၀၀၀) တောင်မှလား..."

ယဲ့ဖုန်း၏ လက်များ တုန်ခါသွားသည်။ ဤပစ္စည်းသည် တကယ့်ကို အာလူးပူပင်။

"ဒါပေမဲ့... ဒါက ကျွန်မတို့ နီရှန်နန်းတော်ရဲ့ ရတနာ ဖြစ်နေသေးတယ်လေ... ဂိုဏ်းချုပ်ယဲ့ ဒီအတိုင်း ယူသွားမယ်ဆိုရင်... ကျွန်မ ဘိုးဘေးတွေကို မျက်နှာပြရခက်လိမ့်မယ်..."

နီရှန်နန်းတော်သခင်မက ရုတ်တရက် လေသံပြောင်းပြီး ပြောလိုက်၏။

"မြူခိုးဂိုဏ်းက အရမ်းဆင်းရဲတာ... ဝိညာဉ်ကျောက်တုံး (၂၀၀၀) မတတ်နိုင်ပါဘူးဗျာ..."

ယဲ့ဖုန်း ကပျာကယာ ခေါင်းခါလိုက်၏။

နီရှန်နန်းတော်သခင်မက ပြုံးလိုက်ပြီး ပြောသည်။

"ကျွန်မက အဲဒီ ဝိညာဉ်ကျောက်တုံးတွေကို မလိုချင်ပါဘူး... ဂိုဏ်းချုပ်ယဲ့သာ ကျွန်မတို့ နီရှန်နန်းတော်ရဲ့ 'ဂုဏ်ထူးဆောင် အကြီးအကဲ' အဖြစ် လက်ခံပြီး တပည့်တွေကို လမ်းညွှန်ပေးမယ်ဆိုရင်... ဒီကြွေးမြီကို လျော်ပေးလို့ ရပါတယ်..."

ဒီစကားကို ကြားလိုက်ရတော့ နေရာ တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

အထူးသဖြင့် နီရှန်နန်းတော်မှ အကြီးအကဲများနှင့် တပည့်များက ယဲ့ဖုန်းကို နားမလည်နိုင်သော အကြည့်များဖြင့် မော့ကြည့်နေကြသည်။

သာမန်လူတစ်ယောက်က သိုင်းသင်ပေးလို့ ရလို့လား...

သို့သော် ဒါသည် နန်းတော်သခင်မ၏ ဆုံးဖြတ်ချက်မို့လို့ မည်သူမျှ မကန့်ကွက်ရဲကြပေ။ အသက်ပင် ပြင်းပြင်း မရှူရဲကြပေ။

"ကျွန်တော် ထင်တာတော့... ဓာတ်ငါးပါးဝိညာဉ်ပုလဲကို ဝိညာဉ်ကျောက်တုံး (၂၀၀၀) နဲ့ ဝယ်လိုက်တာက ပိုကောင်းမယ် ထင်တယ်..."

ယဲ့ဖုန်း ပြဿနာ ထပ်မတက်ချင်တော့ပေ။

နီရှန်နန်းတော်သခင်မက မျက်နှာပေါ်မှ အပြုံးကို ရုပ်သိမ်းလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ချက်ချင်း ငြင်းစရာ မလိုပါဘူး... ဂုဏ်ထူးဆောင် အကြီးအကဲ ဆိုတာက ရာထူး အမည်ခံ သက်သက်ပါပဲ... ရှင့်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်မှာ မဟုတ်ပါဘူး... သေချာ စဉ်းစားပေးပါဦး... ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန်ကျရင် နီရှန်နန်းတော်ကို လာပြီး ကျွန်မကို ရှာလိုက်ပါ..."

ပြောပြီးသည်နှင့် နီရှန်နန်းတော်သခင်မက လက်ရှည်ဝတ်ရုံကို ဝှေ့ယမ်းလိုက်ရာ အနီရောင် ပိုးသားကြိုးရှည်ကြီး တစ်ခု ထွက်ပေါ်လာသည်။

ပိုးသားကြိုးရှည်ကြီးက အကျယ် (၃) မီတာ၊ အရှည် (၁၅) မီတာခန့် ရှိပြီး နီရှန်နန်းတော်မှ လူများကို တင်ဆောင်ကာ လှပစွာ ပျံသန်းထွက်ခွာသွားလေတော့၏။

"ဒီအတိုင်းပဲ ပြီးသွားတာလား..."

လိပ်ခွံဒိုင်းကို ကိုင်ထားသော ရှီလေ့သည် ပါးစပ်အဟောင်းသားနှင့် အဝေးသို့ ပျံသန်းသွားသော နီရှန်နန်းတော်အဖွဲ့ကို ကြည့်ပြီး ကျန်ရစ်ခဲ့သည်။

အခြားတပည့်များလည်း အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်ထားကြသော်လည်း... တကယ်တမ်းကျတော့ ဘာတိုက်ပွဲမျှ ဖြစ်မလာခဲ့ပေ။

အခန်း (၆၅) - ဂုဏ်သတင်းအမှတ် တစ်ထောင်ကျော်သွားခြင်းနှင့် လက်ဆောင်အထုပ်အသေး

~"ငါလည်း အဲဒါကို ထူးဆန်းတယ်လို့ ထင်မိသား..."

ယဲ့ဖုန်းသည် တီးတိုး ရေရွတ်လိုက်၏။

ပုံမှန်အားဖြင့်ဆိုလျှင် အခြားဂိုဏ်းတစ်ခုခုသာ ဖြစ်ပါက မိမိဂိုဏ်း၏ ရတနာသည် သူတစ်ပါးလက်ထဲသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်နှင့် စကားအများကြီး ဆိုမနေဘဲ ချက်ချင်းပင် တိုက်ခိုက်လုယူကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သို့ပါသော်လည်း နီရှန်နန်းတော်သခင်မကမူ အချိန်ဖြုန်းကာ စကားများသာ ဆိုနေခဲ့လေသည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ဂိုဏ်းမှာများ နီရှန်နန်းတော်ကို ကြောက်ရွံ့စေလောက်တဲ့ နောက်ခံအင်အား တစ်ခုခု ရှိနေလို့များလားခင်ဗျ..."

အသက်အငယ်ဆုံးဖြစ်သော အိုးယန်ဖုန်းက စိတ်ဝင်တစား မေးမြန်းလာသည်။

ထိုစကားကို ကြားလိုက်ရသဖြင့် အားလုံး၏ အကြည့်များက အိုးယန်ဖုန်းထံသို့ ရောက်ရှိသွားကြသည်။

အိုးယန်ဖုန်းက ကပျာကယာ ရှင်းပြရှာသည်။

"ကျွန်တော့်အဖေ ပြောဖူးတယ်ဗျ... အဖွဲ့အစည်းတစ်ခုကို လူတွေက လေးစားကြတာ... အဲဒီအဖွဲ့အစည်းက တကယ် အစွမ်းထက်လို့ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် နောက်ခံအင်အား တောင့်တင်းလို့ ဖြစ်ရင်ဖြစ်... နှစ်ခုထဲက တစ်ခုခုကြောင့်ပါတဲ့..."

သူနှင့် အိုးယန်ယွီသည် ကုန်သည်မိသားစုမှ ဆင်းသက်လာသူများ ဖြစ်ကြသဖြင့် ငယ်စဉ်ကတည်းက ဤကဲ့သို့သော လောက ရေးရာများကို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ချေသည်။

ယဲ့ဖုန်းသည် သူ၏ လက်ဖဝါးပေါ်ရှိ ဓာတ်ငါးပါးဝိညာဉ်ပုလဲကို ငေးစိုက်ကြည့်ရှုရင်း ဖွင့်ဟဝန်ခံလိုက်၏။

"ဖြစ်နိုင်တာကတော့... နီရှန်နန်းတော်သခင်မက မြို့စားမင်းအိမ်တော်နဲ့ လျိုယွင်ဂိုဏ်းကို ကြောက်ရွံ့အားနာနေတာ ဖြစ်လောက်တယ်... ငါ့ရဲ့ သိုင်းသင်ကြားနိုင်စွမ်းကို တန်ဖိုးထားတာလည်း ပါရင်ပါမှာပေါ့... ဒါပေမဲ့ အဲဒါက ဒုတိယ အကြောင်းရင်းလောက်ပဲ ဖြစ်မယ်... ဘာပဲဖြစ်ဖြစ် အခုတော့ ဓာတ်ငါးပါးဝိညာဉ်ပုလဲက ငါ့လက်ထဲ ရောက်နေပြီဆိုတော့... နောက်ကျရင် နီရှန်နန်းတော်ကို သွားလည်ရဦးမယ်..."

တပည့်များလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြလေသည်။

ကောင်းကင်ယံထက်၌...

နီရှန်နန်းတော်အဖွဲ့သားများသည် အနီရောင် ပိုးသားကြိုးရှည်ကြီးပေါ်တွင် ရပ်လျက် ရေပေါ်ဖြူမြို့တော်ဆီသို့ ဦးတည်ပျံသန်းနေကြသည်။ သူတို့၏ အရှိန်အဟုန်မှာ သာမန် အဆင့်နိမ့် ပျံသန်းရေး ဝိညာဉ်လက်နက်များထက် နှစ်ဆခန့် ပိုမိုမြန်ဆန်လှပေသည်။

ချီစုစည်းခြင်း (၉) ဆင့်မြောက် အကြီးအကဲတစ်ဦးက သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးမြန်းလာသည်။

"နန်းတော်သခင်မ... အဲဒါက ကျွန်မတို့ နန်းတော်ရဲ့ ရတနာလေ... ဘာလို့ ပြန်မယူခဲ့တာလဲဟင်... မြူခိုးဂိုဏ်းဆိုတာ အဆင့်နိမ့်ဂိုဏ်းလေးပဲ မဟုတ်လား..."

"မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းက လျိုယွင်ဂိုဏ်းက အကြီးအကဲ လုရှန်ယွဲ့ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်နေတယ်... ပြီးတော့ ဒုတိယမြို့စားမင်းရဲ့ ဦးစားပေးခံရသူလည်း ဖြစ်နေသေးတယ်...ရှင်က သူ့ကို ရန်စရဲလို့လား..."

နီရှန်နန်းတော်သခင်မက ထိုအကြီးအကဲအား မကြည်မလင်.. မျက်စောင်းထိုး လိုက်လေသည်။ သူမ၏ အသံမှာ တည်ငြိမ်နေသော်လည်း ကြားရသူတို့၏ ရင်ထဲ၌ ကြက်သီးမွေးညှင်း ထသွားစေသည်။

"လျိုယွင်ဂိုဏ်း အကြီးအကဲ လုရှန်ယွဲ့က ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဒုတိယအဆင့်ကို ရောက်နေပြီလို့ သတင်းကြားတယ်... သူ့လို လူမျိုးကို ကျင့်ကြံခြင်းအဆင့် လုံးဝ မရှိတဲ့ သာမန်လူ တစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ကယ်နိုင်မှာလဲ..."

နီရှန်နန်းတော်မှ အကြီးအကဲများနှင့် တပည့်များ အားလုံးတွင် ဤသံသယမေးခွန်း ရှိနေကြသည်။

"ယဲ့ဖုန်းက သာမန်လူ မဖြစ်နိုင်ဘူး... ကျွန်မ ထင်တာတော့ သူက အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူ

ဖြစ်ရမယ်... ရောင်စုံငါးသွယ် မြို့တော်မှာတုန်းက ကျွန်မကို လက်သီး တစ်ချက်တည်းနဲ့ နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်... တကယ်လို့ တိုက်ပွဲ ဖြစ်ခဲ့ရင်... ရှင်တို့တွေ ဝင်္ကပါတောင် မခင်းရသေးခင် အကုန်လုံး အရေးနိမ့်သွားနိုင်တယ်..."

နီရှန်နန်းတော်သခင်မက လေးလေးနက်နက် ရှင်းပြလိုက်၏။

"ဒါပေမဲ့ သူက လူတစ်သန်းမှာ တစ်ယောက်လောက်ပဲ ရှိတတ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်နေရင်တောင်... တပည့်တွေကို သိုင်းစွမ်းရည်တွေ ဘယ်လို သင်ပေးနိုင်မှာလဲ..."

ဟု အကြီးအကဲ နောက်တစ်ဦးက စောဒကတက်လာသည်။

"ရှင်တို့သာ ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ထဲက လူတစ်ယောက်ယောက်ကို သိရင်... မေးကြည့်လိုက်ရုံနဲ့ အဖြေရမယ့်ဟာကို... အရာရာတိုင်း ကျွန်မကိုပဲ လိုက်မေးနေတော့တာပဲ..."

နီရှန်နန်းတော်သခင်မက နှာခေါင်းရှုံ့လျက် ငေါက်ငမ်းလိုက်၏။

နီရှန်နန်းတော်၏ ဂုဏ်သရေရှိ အကြီးအကဲများ ဖြစ်ပါလျက်နှင့် ဤမျှ အချက်အလက်လေးတောင် မသိရှိကြသည်ကို သူမ သဘောမကျပေ။

"ကျွန်မ အမှားပါ နန်းတော်သခင်မ..."

အကြီးအကဲက ကပျာကယာ ခေါင်းငုံ့ပြီး တောင်းပန်လိုက်ရရှာသည်။

—--------

ရောင်စုံငါးသွယ်မြို့တော် အလယ်ဗဟို၌...

ယဲ့ဖုန်းက ဓာတ်ငါးပါးဝိညာဉ်ပုလဲကို ကိုင်ကြည့်လိုက်သောအခါ... သူသည် ပိုင်ရှင် ဖြစ်နေသော်ငြား ဝိညာဉ်စွမ်းအင် မရှိသည့်အတွက် အစွမ်းထုတ်မသုံးနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

"ဝိညာဉ်ကျောက်တုံး (၂၀၀၀) တန် ပစ္စည်းကြီးက အလကား ဖြစ်နေပါရောလား..."

ယဲ့ဖုန်း စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး တပည့်များကို လှည့်ကြည့်လိုက်လေသည်။ သူတို့သည် အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် (ချီစုစည်းခြင်း ၆ ဆင့်မြောက်နှင့် ညီမျှသော) နတ်ဆိုးကောင်ကြီး (၃) ကောင်ကို သယ်ဆောင်လာကြသည်ကို တွေ့လိုက်ရ၏။

"မင်းတို့ တာဝန်ကျေကြပါတယ်... ကဲ... အနီးနားက ရောင်စုံငါးသွယ်ရင်ပြင် ဆီ သွားကြစို့..."

ယဲ့ဖုန်းက ပုလဲကို သိမ်းဆည်းလိုက်ပြီး တိုက်တွန်းလိုက်၏။

"ဂိုဏ်းချုပ်... ဒီမိန်းမကိုရော ဘယ်လိုလုပ်မလဲ..."

ကျားယွိလန်က အပျက်အစီးပုံပေါ်တွင် လဲလျောင်းနေသော အနီရောင်ဝတ် မိန်းမပျိုကို လက်ညှိုးထိုးပြသည်။

နီရှန်နန်းတော်သခင်မက သူမကို သတ်ဖြတ်ပြီးသည်နှင့် ဤအတိုင်း ပစ်ထားခဲ့ခြင်း ဖြစ်သည်။

"မြှုပ်နှံပေးလိုက်ပါ..."

မိုယင်က လက်ညှိုးတစ်ချက် တောက်လိုက်ရာ ဓားပျံသည် လေကိုခွင်းလျက် ပျံထွက်သွားပြီး အပျက်အစီးပုံ အလယ်၌ (၂) မီတာခန့်နက်သော တွင်းတစ်တွင်း တူးလိုက်၏။ ထို့နောက် အနီရောင်ဝတ် မိန်းမပျိုကို ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးလိုက်ကြလေသည်။

ကိစ္စပြီးသည်နှင့် ယဲ့ဖုန်းက တပည့်များကို ဦးဆောင်ကာ မီတာရာချီဝေးသော ရောင်စုံငါးသွယ်ရင်ပြင်ဆီသို့ ထွက်ခွာလာခဲ့ကြသည်။ ရောက်ရှိသည်နှင့် နတ်ဆိုးကောင်ကြီး (၃) ကောင်ကို မြေကြီးပေါ် ချပြလိုက်လေ၏။

(၁၀) မီတာခန့်ရှည်လျားသော "မြစိမ်းရောင် မြွေနတ်ဆိုး"..

ဆူးများဖြင့် ပြည့်နှက်နေသော ဝက်နတ်ဆိုး...

ထက်ရှသော ခြေသည်းများပါသည့် ထူးဆန်းသော ငါးနတ်ဆိုး...

ထောင်ပေါင်းများစွာသော လူအုပ်ကြီးက ဝိုင်းအုံကြည့်ရှုနေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် အံ့သြမှုများနှင့် ဒေါသများ တပြိုင်နက် ယှက်သန်းနေကြသည်။

"ရောင်စုံငါးသွယ်မြို့တော်သူ မြို့တော်သားတို့... မပူကြပါနဲ့တော့... မြို့အရှေ့၊ တောင်၊ မြောက် အရပ်တွေမှာ သောင်းကျန်းနေတဲ့ နတ်ဆိုး (၃) ကောင်စလုံးကို ကျွန်တော်တို့ မြူခိုးဂိုဏ်းတပည့်တွေ ရှင်းလင်းလိုက်ပါပြီ... အခုဆိုရင် စိတ်ချလက်ချ သွားလာနိုင်ပါပြီခင်ဗျာ..."

ယဲ့ဖုန်းက အချိန်ကိုက် ကြေညာလိုက်၏။

"တကယ့် အင်မော်တယ်တွေပါပဲဗျာ... ရေတွင်းပျက်ထဲက နတ်ဆိုးကြီးအပြင်... အခု မြို့ပြင်က နတ်ဆိုးတွေကိုပါ နှိမ်နင်းပေးလိုက်ပြီ... ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ ကယ်တင်ရှင်တွေပါပဲ..."

အဘိုးအို တစ်ဦးသည် ကျေးဇူးတင်လွန်းလှသဖြင့် မျက်ရည်များပင် ဝဲနေရှာသည်။

"ကျေးဇူးတင်ပါတယ်၊ မြူခိုးဂိုဏ်းက အင်မော်တယ်တို့..."

"ကျွန်တော်တို့ရဲ့ ဝက်ပေါင်ခြောက်ကို လက်ဆောင်အဖြစ် လက်ခံပေးပါခင်ဗျာ..."

"အင်မော်တယ်တို့... ကျွန်တော့်သားလေးက ကျင့်ကြံဖို့ ပါရမီပါတယ်ဗျ... သူ့ကို ခေါ်သွားပေးပါလား..."

မြို့သူမြို့သားများသည် တစ်ယောက်တစ်ပေါက် ကျေးဇူးတင်စကား ဆိုနေကြသည်။

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၂]

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၃]

ဂုဏ်သတင်းအမှတ်များ တက်လာသည်ကို ယဲ့ဖုန်း သတိထားမိလိုက်၏။ မကြာမီတွင်ပင် (၇၀၀) မှ (၈၀၀) အထိ ရောက်ရှိသွားလေသည်။

သို့သော် ယဲ့ဖုန်း သိပ်တော့ စိတ်လှုပ်ရှားမနေခဲ့ပေ။

'လူတွေ ထောင်ချီ ရှိနေတာတောင်... မြူခိုးဂိုဏ်းကို တကယ် အသိအမှတ်ပြုတာ လူ (၁၀၀) ကျော်လောက်ပဲ ရှိသေးတယ်... ဆိုလိုတာက နတ်ဆိုးသတ်ရုံနဲ့ မလုံလောက်သေးဘူး... ငါ မီးထပ်မွှေးပေးမှ ရမယ်...'

ယဲ့ဖုန်း စိတ်ထဲမှနေ၍ စနစ်တကျ အကွက်ချ တွေးတောလိုက်၏။

သူက နတ်ဆိုးကောင် (၃) ကောင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"ဒီနတ်ဆိုး (၃) ကောင်ရဲ့ အသားက တော်တော်ကောင်းတယ်ဗျ... ခဏနေရင် ခင်ဗျားတို့ ဟင်းချိုလုပ်သောက်ဖို့ နည်းနည်း ချန်ထားပေးမယ်..."

"ကျေးဇူးတင်ပါတယ် အင်မော်တယ်..."

ချက်ချင်းပင် ဂုဏ်သတင်းအမှတ် ဒါဇင်ခန့် တက်လာသည်။

ဒီလူတွေကတော့ တကယ့် 'အစားသရဲ' တွေပဲ ဖြစ်ရမည်ဟု ယဲ့ဖုန်း သက်ပြင်းချလိုက်မိသည်။

"လူကြီးမင်းတို့... မပူကြပါနဲ့... ရောင်စုံငါးသွယ်မြို့တော်မှာ နောက်ထပ် နတ်ဆိုးတွေ ရှိနေသေးရင်လည်း... ကျွန်တော်တို့ မြူခိုးဂိုဏ်းက တွန့်ဆုတ်မနေဘဲ ရှေ့ထွက်ပြီး တိုက်ခိုက်ပေးသွားပါမယ်..."

ယဲ့ဖုန်းက စင်မြင့်ပေါ်မှ နေ၍ ထပ်လောင်း၍ ကတိပေးလိုက်ပြန်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂုဏ်သတင်းအမှတ်များ ထပ်မံတက်လာပြန်သည်။

ယခုဆိုလျှင် (၉၀၀) ကျော်နေပြီ ဖြစ်သည်။

'တစ်ထောင်ကျော်တော့မယ်... ငါ နည်းနည်းလောက် ထပ်ပြီး အားစိုက်လိုက်ရင် ရပြီ...'

ယဲ့ဖုန်းက ရောင်စုံငါးသွယ်မြို့တော်တွင် ဂုဏ်သတင်းအမှတ်များ (အဲ... မဟုတ်ပါဘူး... လူတွေရဲ့ လေးစားမှုများ) ထပ်မံ ရယူနိုင်သေးသည်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် ယဲ့ဖုန်းက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ကြေညာလိုက်၏။

"အားလုံးပဲ... ဒီနတ်ဆိုးတွေရဲ့ အရေခွံတွေက အရမ်းမာကျောတော့ ခင်ဗျားတို့ ကိုယ်တိုင် လုပ်ဖို့ မလွယ်ပါဘူး... ဒါကြောင့် ကျွန်တော်တို့ မြူခိုးဂိုဏ်းကပဲ တာဝန်ယူပြီး လုပ်ပေးပါမယ်... ပြီးတော့ ဒီနေရာမှာတင် ဟင်းချိုချက်ပြီး အားလုံးကို တိုက်ကျွေးပါမယ်ခင်ဗျာ..."

"ကျေးဇူးအများကြီး တင်ပါတယ်ဗျာ..."

"မြူခိုးဂိုဏ်းက အင်မော်တယ်တွေက တကယ်ပဲ ကောင်းကင်ဘုံက ဆင်းသက်လာသူတွေပါပဲ... ယောကျာ်းလေးတွေက ခန့်ညား၊ မိန်းကလေးတွေက လှပပြီး... သာမန်ပြည်သူတွေကိုလည်း အမြဲ ဂရုစိုက်ကြတယ်... တကယ့်ကို မင်္ဂလာပါပဲဗျာ..."

ထောင်ပေါင်းများစွာသော လူအုပ်ကြီး စိတ်လှုပ်ရှားသွားကြပြီး မကြာမီတွင်ပင် အနည်းဆုံး လူ (၁၀၀၀) ခန့် တန်းစီပြီး ဟင်းချိုသောက်ရန် စောင့်ဆိုင်းနေကြလေတော့၏။

"ဂိုဏ်းချုပ်... တကယ်ကြီး လုပ်မလို့လား..."

လီကျောက်ကျောက်က အသံတိုးတိုးဖြင့် မေးလိုက်၏။

"ငါတို့ သုံးလို့ရမယ့် ပစ္စည်းတွေကို ချန်ထား... မြို့စားမင်းအိမ်တော်မှာ လဲလှယ်လို့ ရအောင်လို့... ကျန်တာတွေကို ဟင်းချိုချက်လိုက်..."

ယဲ့ဖုန်းက ကောင်းကင်ကို မော့ကြည့်လိုက်ရာ မွန်းလွဲပိုင်း ရောက်နေပြီ ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် အချိန်က ကွက်တိပဲ... ဒီမှာပဲ ညစာစားပြီးမှ ပြန်ကြတာပေါ့..."

တပည့်များ ချက်ချင်း အလုပ်ရှုပ်သွားကြသည်။

ရှီလေ့နှင့် ဟိုယွင်ကျဲက သံဒယ်အိုးကြီး တည်ပြီး 'မီးတိမ်တိုက်လက်ဝါးသိုင်း' ဖြင့် ရေနွေးကြိုကြသည်။

မိုယင်က အသားလှီးဖြတ်သည့် တာဝန်ယူသည်။

လီကျောက်ကျောက်၊ ရှဟဲနှင့် ချိုကျူတို့က အသားများကို အမျိုးအစား ခွဲခြားကြသည်။

လုံထျန်းရှင်းက 'ဝိညာဉ်မျက်လုံးပြာ' ကို အသုံးပြုပြီး အသုံးဝင်မည့် ပစ္စည်းများ လွတ်ကျန်မနေစေရန် စစ်ဆေးပေးသည်။ ကျန်သည့်လူများလည်း လုပ်နိုင်သည်ကို ဝင်ကူလုပ်ကြသည်။

နာရီဝက်အကြာတွင်...

ဟင်းချိုအိုးကြီး တစ်အိုး အဆင်သင့် ဖြစ်သွားတော့၏။

မြစိမ်းရောင် မြွေနတ်ဆိုး၊ ဝက်နတ်ဆိုးနှင့် ရေနတ်ဆိုးတို့၏ အသားများ ပေါင်းစပ်ထားသော ဟင်းရည်သည် မွှေးပျံ့နေပြီး မီတာရာချီ အဝေးမှပင် ရနံ့ကို ရနေလေသည်။

ရောင်စုံငါးသွယ်မြို့တော်သားများသည် ကိုယ်ပိုင် ပန်းကန်ခွက်ယောက်များ ယူလာကြပြီး တစ်ယောက် တစ်ပန်းကန်စီ သောက်သုံးကြသည်။ သောက်ပြီးသည်နှင့် အားအင်များ ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရပြီး အားဆေးကောင်းကောင်း သောက်လိုက်ရသလိုပင် ဖြစ်နေကြသည်။

အချိန်တိုအတွင်းမှာပင် (၉၆၅) ၌ ရပ်တန့်နေသော ဂိုဏ်းဂုဏ်သတင်းတန်ဖိုးသည် (၁၁၂၃) အထိ ဒုံးပျံစီးသကဲ့သို့ တက်သွားပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ ဂုဏ်သတင်းအမှတ်နှင့် သက်ဆိုင်သော ဘေးထွက်တာဝန် လည်း ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

[တီ... ဂိုဏ်းဂုဏ်သတင်းတန်ဖိုး (၁၀၀၀) ကျော်လွန်သွားသည့်အတွက် ဂုဏ်ယူပါသည်... နတ်ဆိုးသားရဲဆောင် ဒုတိယအဆင့် ပွင့်သွားပါပြီ... ဘေးထွက်တာဝန်ကို မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဆုလက်ဆောင်များကို စတင် တွက်ချက်ပေးနေပါပြီ...]

စနစ်၏ အသိပေးသံ အချိန်ကိုက် ထွက်ပေါ်လာသည်။

ယဲ့ဖုန်း၏ မျက်လုံးများ ဝင်းပသွားလေသည်။ သူသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်တွင် ထိုင်ရင်း မျှော်လင့်ချက်များစွာဖြင့် စောင့်ဆိုင်းနေလိုက်လေတော့သတည်း။

အခန်း (၆၆) - ဆုလက်ဆောင်များ ဖြန့်ဝေခြင်းနှင့် နတ်ဆိုးသားရဲဆောင် ဒုတိယအဆင့်

~[တီ... တွက်ချက်မှု ပြီးဆုံးပါပြီ... ဂိုဏ်းသည် ကံကောင်းခြင်း စွမ်းအားအနည်းငယ်ကို ရရှိလိုက်ပြီး... သက်ရှိအားလုံး၏ ကျင့်ကြံမှုအရှိန် (၁/၃) ပုံ တိုးတက်လာကာ အဆင့်တက်ရန် ခက်ခဲမှု (၁/၃) ပုံ လျော့ကျသွားပါသည်...]

[ဂိုဏ်းချုပ်သည် တာဝန်သတ်မှတ်ချက်ထက် ကျော်လွန်အောင်မြင်ခဲ့သည့်အတွက် လက်ဆောင်အထုပ်အသေး ဆုလာဘ်ကို နှစ်ဆ တိုးမြှင့်ပေးလိုက်ပါသည်... ယခု ဖွင့်ကြည့်လိုပါသလား...]

စနစ်၏ မေးမြန်းသံ ထွက်ပေါ်လာသည်။

"ဖွင့်လိုက်..."

ယဲ့ဖုန်းသည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အမိန့်ပေးလိုက်၏။

[လက်ဆောင်အထုပ်အသေး ပွင့်သွားပါပြီ... ကိုယ်ခန္ဓာသန့်စင်ဆေးလုံး × ၁၀၊ သန့်စင်ခြင်း ကြာစိမ်းမျိုးစေ့ × ၁၊ ဂိုဏ်းသိုလှောင်ခန်းနေရာ × ၅ ကုဗမီတာ တို့ကို ရရှိပါသည်...]

စနစ်၏ အသိပေးချက် ပြီးဆုံးသည်နှင့် ယဲ့ဖုန်းသည် မူလက (၁၀) ကုဗမီတာသာ ရှိသော စနစ်သိုလှောင်ခန်းသည် (၁၅) ကုဗမီတာအထိ ကျယ်ဝန်းသွားသည်ကို တွေ့ရှိလိုက်ရသည်။ ထို့အပြင် ဆေးပုလင်းနှစ်လုံးနှင့် စိမ်းစိုနေသော ကြာစေ့တစ်စေ့ကိုလည်း လက်ဝယ်ပိုင်ဆိုင်လိုက်ရလေသည်။

ဤအရာများကား ဘေးထွက်တာဝန်၏ ဆုလက်ဆောင်များပင် ဖြစ်ချေ၏။

"ကိုယ်ခန္ဓာသန့်စင်ဆေးလုံးတဲ့လား..."

ယဲ့ဖုန်းတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မော လိုက်မိတော့မလို ဖြစ်သွားသည်။

မူလက အလုပ်ကြမ်းလုပ်၊ ပိုက်ဆံရှာပြီးမှ ကုန်သည်မဟာမိတ်အဖွဲ့မှာ ကိုယ်ခန္ဓာသန့်စင်ဆေးလုံး (၁၀) လုံး သွားဝယ်မည်ဟု စိတ်ကူးထားခဲ့သော်လည်း ယခုအခါ တာဝန်ပြီးမြောက်သဖြင့် တိုက်ရိုက် ရရှိလိုက်တော့၏။ ထို့အပြင် စနစ်က ပေးသနားခြင်း ဖြစ်သောကြောင့် သန့်စင်မှုနှုန်းမှာ (၁၀၀) ရာခိုင်နှုန်း သေချာပေါက် ရှိမည်မှာ မလွဲဧကန်ပင်။ ပြင်ပတွင် ဝယ်ယူရရှိနိုင်သည်ထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။

"ဒီညပဲ တပည့်တွေကို ကိုယ်ခန္ဓာသန့်စင်ဆေးလုံးတွေ ဝေပေးပြီး ကျင့်ကြံခိုင်းရမယ်..."

ယဲ့ဖုန်းသည် ဒုတိယ ဆုလက်ဆောင်ကို အာရုံစိုက်လိုက်ပြန်သည်။

"သန့်စင်ခြင်း ကြာစိမ်း ... ဒါက ဘာကြီးလဲ..."

[အမည်: သန့်စင်ခြင်း ကြာစိမ်း]

[လုပ်ဆောင်ချက်: (၁၀) မီတာ ပတ်လည်အတွင်းရှိ အရာဝတ္ထုများကို သန့်စင်ပေးနိုင်သည်... ဥပမာ - ကြာစိမ်းပေါက်ရောက်ရာ ရေကန်ထဲတွင် ဆေးလုံးများကို ထည့်ထားပါက အညစ်အကြေးများကို စစ်ထုတ်ပေးနိုင်သည်...]

[စိုက်ပျိုးနည်း: ရေကန်ထဲတွင် ထည့်ပါ]

ယဲ့ဖုန်းသည် သန့်စင်ခြင်း ကြာစိမ်းအကြောင်း ရှင်းလင်းချက်များကို ဖတ်ရှုလိုက်ရာ မျက်လုံးများ တဖြည်းဖြည်း အရောင်တောက်လာလေတော့၏။

"စတုတ္ထအစ်မ... သတိထားမိလား... ကျွန်မတို့ဆီမှာ ထူးဆန်းတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်သွားသလိုပဲ... ကျင့်ကြံရတာ ပိုမြန်လာပြီး ပိုလွယ်ကူလာသလိုပဲနော်..."

ကျားယွိလန်က မိုယင်ကို လှမ်းမေးလိုက်၏။

"ဟုတ်သလိုပဲ..." မိုယင်က ခဏရပ်ပြီး မေးစေ့ကို ပွတ်သပ်ကာ ဖြေကြားသည်။

"ကျွန်တော်လည်း ခံစားမိတယ်ဗျ..." ဟု ဟိုယွင်ကျဲက ဝင်ရောက်ထောက်ခံသည်။

ထို့နောက် တပည့်အားလုံးသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်တွင် ထိုင်လျက် ကောင်းကင်ကို (၄၅) ဒီဂရီ မော့ကြည့်ကာ ငါးခူပြုံးလေး ပြုံးနေသည့် ယဲ့ဖုန်းကို မော့ကြည့်လိုက်ကြလေသည်။

"ဂိုဏ်းချုပ်ဦးလေး... ဘာဖြစ်တာလဲဆိုတာ သိလားဟင်..."

မြေခွေးဖြူလေးကို ပွေ့ဖက်ထားသော လီကျောက်ကျောက်က စိတ်ဝင်တစား မေးလိုက်၏။

"ဒီကိစ္စကို အုတ်အော်သောင်းနင်း လုပ်စရာ မလိုပါဘူး... ဒီညကျရင် ငါ ရှင်းပြပါ့မယ်..."

ယဲ့ဖုန်းက လက်ကာပြပြီး ပြောလိုက်၏။

"ဒါဆို တကယ်ပဲ ဂိုဏ်းချုပ်နဲ့ သက်ဆိုင်နေတာပေါ့..."

တပည့်များ အံ့သြသွားကြသည်။

မိုယင်သည် ဘေးနားရှိ ဟင်းချိုအိုးကြီးကို တစ်ချက်ကြည့်လိုက်၊ ယဲ့ဖုန်းကို တစ်ချက်ကြည့်လိုက်နှင့် တစ်စုံတစ်ခုကို ရိပ်မိနေပုံရသည်။

နေဝင်ရီတရော အချိန်တွင်...

ယဲ့ဖုန်းနှင့် အဖွဲ့သည် ဗိုက်ကားအောင် စားသောက်ပြီးနောက် လာလမ်းအတိုင်း မြူခိုးဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။

ယဲ့ဖုန်းသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သောအခါ တံခါးဘောင်ကို မှီလျက် ပြင်ပကမ္ဘာကြီးကို လွမ်းဆွတ်တသစွာ ငေးမောနေသော 'အစ်ကိုကြီး ခေါင်းပြား' ကို တွေ့လိုက်ရလေသည်။

'ဒီနေ့လည်း တိုက်ပွဲမရှိပြန်ဘူး...'

အစ်ကိုကြီး ခေါင်းပြား စိတ်မကောင်း ဖြစ်နေရှာသည်။

သို့သော် ယဲ့ဖုန်း ယူဆောင်လာသော နတ်ဆိုးသားရဲ အရိုးများ၏ မွှေးပျံ့သော ရနံ့ကို ရလိုက်သည်နှင့် အစ်ကိုကြီး ခေါင်းပြားသည် စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်လေသည်။

"အိမ်စောင့်ရတာ ပင်ပန်းသွားပြီ... စားလိုက်ပါဦး..."

ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြားကို ကြင်နာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်၏။

တစ်နေ့လုံး ဆာလောင်နေသော အစ်ကိုကြီး ခေါင်းပြားသည် အစာကို မြင်လိုက်ရသည်နှင့် ဝမ်းနည်းမှုများကို မေ့ပျောက်သွားပြီး ဒယ်အိုးကြီးထဲသို့ ခုန်ဝင်ကာ အငမ်းမရ စားသောက်လေတော့၏။

ကျန်သူများကမူ ဂိုဏ်းချုပ်ခန်းမဆောင်သို့ ဝင်ရောက်သွားကြသည်။

"ပထမဆုံးအနေနဲ့... ဒီနေ့ ငါတို့ အောင်မြင်မှုကြီးတစ်ခု ရခဲ့တယ်... အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် နတ်ဆိုး (၄) ကောင်ကို သတ်နိုင်ခဲ့တယ်... အားလုံး ပင်ပန်းသွားကြပြီ... ဒါကြောင့် ဒီ 'ကိုယ်ခန္ဓာသန့်စင်ဆေးလုံး' (၁၀) လုံးကို ယူပြီး ကျင့်ကြံကြ... ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ကြ..."

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ကျောက်စိမ်းပုလင်း (၂) လုံးကို ထုတ်ယူလိုက်၏။

တပည့်များ ချက်ချင်း အံ့သြမှင်သက်သွားကြသည်။

"ငါ ရေပေါ်ဖြူမြို့တော်ကို လျှောက်သွားတုန်းက ကုန်သည်မဟာမိတ်အဖွဲ့ကို ရောက်သွားပြီး ဒီဆေးလုံးတွေ ဝယ်လာခဲ့တာ..."

တပည့်များ မမေးမြန်းမီကပင် ယဲ့ဖုန်းသည် ဆင်ခြေတစ်ခု ပေးကာ ရှင်းပြလိုက်၏။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."

တပည့်များသည် ကိုယ်ခန္ဓာသန့်စင်ဆေးလုံး တစ်လုံးစီကို ယူလိုက်ကြသည်။

ယဲ့ဖုန်း ဆက်ပြောလိုက်၏။

"မင်းတို့ ကျင့်ကြံရတာ ရုတ်တရက် ပိုလွယ်ကူလာတယ်လို့ ခံစားရတဲ့ အကြောင်းရင်းကတော့... ကောင်းမှုကုသိုလ် လုပ်လို့ပဲ... ကျင့်ကြံသူတွေအနေနဲ့ ကောင်းမှုကုသိုလ် များများလုပ်ရင် ကံတရားရဲ့ ကောင်းချီးကို ခံစားရပြီး သဘာဝ ဝိညာဉ်စွမ်းအင်တွေရဲ့ အထောက်အပံ့ကို ရရှိနိုင်တယ်... အဲဒါကြောင့် ကျင့်ကြံရတာ ပိုလွယ်ကူလာတာပေါ့..."

ဒီစကားက မှန်လား မှားလား ဆိုတာ ယဲ့ဖုန်း ကိုယ်တိုင်တောင် မသိပေမယ့်... သူတို့ကို ယုံကြည်အောင် ပြောနိုင်လျှင် ပြီးတာပဲ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် သူက ဂိုဏ်းချုပ်ပဲဥစ္စာ... သူပြောတာ အကုန်အမှန်ပဲ ဖြစ်ရပေမည်။

"သြော်... ကုသိုလ်လုပ်တာက ဒီလို အကျိုးကျေးဇူးတွေလည်း ရှိတာကိုး..."

ကျားယွိလန်က မျက်တောင်ခတ်ရင်း ယုံတစ်ဝက် မယုံတစ်ဝက် ရေရွတ်လိုက်၏။

မိုယင်ကတော့ နှုတ်ဆိတ်နေသော်လည်း ယဲ့ဖုန်း ပြောတာ ဖြစ်နိုင်သည်ဟု တွေးနေပုံရသည်။

ကျန်တပည့်တွေကတော့ အချင်းချင်း တီးတိုးပြောနေကြပေမယ့် မည်သူမှ မကန့်ကွက်ကြပါချေ။

သူတို့အမြင်မှာ ယဲ့ဖုန်း ပြောသမျှ အမှန်တရားပင်။

ဂိုဏ်းချုပ်၏ စကားက ဥပဒေတည်း။

တပည့်တွေ သံသယ မရှိတာကို မြင်တော့ ယဲ့ဖုန်း စိတ်ထဲမှ ကျေနပ်စွာ ရယ်မောလိုက်ပြီး တိုက်တွန်းလိုက်၏။

"ကဲ... ဆက်ပြီး ကျင့်ကြံကြတော့... ငါ အပြင်ကနေ စောင့်ရှောက်ပေးမယ်..."

ပြောပြီးသည်နှင့် ယဲ့ဖုန်း ဂိုဏ်းချုပ်ခန်းမဆောင်ထဲမှ ပြေးထွက်လာခဲ့လေသည်။

အခု ဂုဏ်သတင်းအမှတ် (၁၀၀၀) ကျော်သွားပြီဆိုတော့ နတ်ဆိုးသားရဲဆောင် ဒုတိယအဆင့် ပွင့်သွားပြီ ဖြစ်သည်။ ယဲ့ဖုန်းက ဝိညာဉ်မူလ နာရီ ထဲမှာ သိမ်းထားသော 'ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါး'အား တောင်စောင့်

ဝိညာဉ်သားရဲတွေအဖြစ် ခန့်အပ်ဖို့ စိတ်လောနေပြီ ဖြစ်ပါ၏။ ဒါကြောင့် နောက်ဖေးဝင်းထဲကို အမြန်သွားလိုက်၏။

နတ်ဆိုးသားရဲဆောင်ကို မဖွင့်ခင် ယဲ့ဖုန်း လုပ်စရာတစ်ခု ရှိသေးသည်။

သူက ကြာစိမ်းမျိုးစေ့ကို ထုတ်ယူပြီး ကျောက်တုံးကြီးအောက်က ရေကန်ထဲကို "ဗွမ်း" ကနဲ ပစ်ချလိုက်လေသည်။

"သန့်စင်ခြင်း ကြာစိမ်း... အသုံးဝင်ပါ့မလား မသိဘူး..."

မျိုးစေ့ ရေထဲကျသွားသည်နှင့် နူးညံ့သော အစိမ်းရောင် အလင်းတန်းလေး ထွက်ပေါ်လာပြီး အပေါ်က ရေပွေအသေးလေးထဲက သဘာဝ ဝိညာဉ်စွမ်းအင်တွေကို လျင်မြန်စွာ စုပ်ယူလိုက်၏။

မျက်စိရှေ့မှာတင် ကြီးထွားလာပြီး ရေကန်ထဲမှာ အမြစ်တွယ်ကာ လက်ဖဝါးအရွယ် ကြာရွက် (၃) ရွက် ထွက်ပေါ်လာလေသည်။

"ကြီးတာ မြန်လိုက်တာ... ဟော်မုန်းဆေး စားထားတာလား..."

ယဲ့ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ရေကန်နားမှာ ရပ်နေရင်း လေထုက ပိုပြီး သန့်စင်လာတာကို သတိထားမိလိုက်၏။ ရှူသွင်းလိုက်သည့် လေတစ်ချက်တိုင်းက အသက်ရှည်စေမယ့်အတိုင်း ခံစားရစေသည်။

ရေကန်ထဲက ရေတွေကလည်း သန့်စင်ခြင်း ကြာစိမ်း၏ အာနိသင်ကြောင့် ပိုပြီး ချိုမြိန်ကောင်းမွန်လာသည်။ ယဲ့ဖုန်း ဝိညာဉ်မျက်လုံး ဖွင့်ကြည့်လိုက်တော့ ရေထဲမှာ ဝိညာဉ်စွမ်းအင် အမှုန်အမွှားလေးတွေ ရောနှောနေတာ တွေ့လိုက်ရသည်။ 'ဝိညာဉ်စမ်းရေ' အဆင့်နီးပါး ရောက်နေတော့၏။

"စနစ်ရေ... သန့်စင်ခြင်း ကြာစိမ်းရဲ့ အာနိသင်က ဒီလောက်တောင် ပြင်းထန်တာလားဟေ..."

ယဲ့ဖုန်း စိတ်ထဲမှ အော်မေးလိုက်၏။

[သန့်စင်ခြင်း ကြာစိမ်းဟာ သဘာဝတရားရဲ့ ထိပ်တန်းရတနာ ပါ၊ အခုက အနုစား အဆင့်မှာသာ ရှိပါသေးတယ်.. အရွယ်ရောက်လာရင် ရေကန်ကို အစစ်အမှန် ဝိဉာဉ် စမ်းရေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်.. လက်ခံသူရေ...]

စနစ်က ရှင်းပြသည်။

"ငါတော့ ခန်းမမှူး ဖြစ်ပြီဟေ့..."

ယဲ့ဖုန်း အူမြူးစွာ အော်ဟစ်လိုက်၏။

သူ အခန်းထဲ ပြန်ဝင်၊ တံခါးပိတ်ပြီး နတ်ဆိုးသားရဲဆောင်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဖွင့်ကြည့်လိုက်၏။

[နတ်ဆိုးသားရဲဆောင်: အဆင့် (၂)]

[တောင်စောင့် ဝိညာဉ်သားရဲ: ၃/၈]

[နတ်ဆိုးသားရဲဆောင် အဆင့်မြှင့်တင်မှု ရှင်းလင်းချက်: ဂုဏ်သတင်းအမှတ် (၁၀၀၀၀) ကျော်လွန်ပါက နတ်ဆိုးသားရဲဆောင် တတိယအဆင့် ပွင့်မည်ဖြစ်ပြီး လုပ်ဆောင်ချက်အသစ်များ ထပ်တိုးလာမည်...]

[လုပ်ဆောင်ချက် (၁): စွမ်းအား စုဆောင်းခြင်း - နတ်ဆိုးသားရဲဆောင်ရှိ ဝိညာဉ်သားရဲများသည် ဂိုဏ်းချုပ်အား ထပ်ဆောင်း ကျင့်ကြံခြင်းအဆင့် တိုးတက်မှုကို ပေးစွမ်းနိုင်သည်...]

[လုပ်ဆောင်ချက် (၂): ထောက်လှမ်းခြင်း - နတ်ဆိုးသားရဲ အမျိုးမျိုး၏ အမည်၊ အမျိုးအစား၊ အသုံးဝင်ပုံ၊ ပါရမီ၊ အားနည်းချက် စသည်တို့ကို သိရှိနိုင်သည်...]

ဒါကို မြင်လိုက်တော့ ယဲ့ဖုန်း မျက်လုံးတွေ အရောင်လက်သွားလေသည်။

ပထမအဆင့်တုန်းက ဝိညာဉ်သားရဲ (၃) ကောင်ပဲ လက်ခံနိုင်ရာမှ အခု (၈) ကောင်အထိ တိုးလာပြီ။ ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးကို ထည့်လိုက်လျှင် ကွက်တိပင်။

အသစ်ပွင့်လာသော လုပ်ဆောင်ချက်တွေထဲမှာ နတ်ဆိုးသားရဲတွေ၏ အချက်အလက်တွေကို ထွင်းဖောက်မြင်နိုင်သော "ထိုးထွင်းသိမြင်သော မျက်လုံး" နှင့် တူသော စွမ်းရည် ပါလာတာကို အံ့သြစွာ တွေ့လိုက်ရသည်။ ကြည့်ရတာ သိပ်မစွမ်းဘူးဟု ထင်ရသော်လည်း လက်တွေ့မှာ တော်တော် အသုံးဝင်မည့် ပုံစံပင်။

အထူးသဖြင့် မကြာခင် နတ်ဆိုးသတ်ဖြတ်ရေး စစ်ဆင်ရေးတွေ လုပ်ရတော့မှာ ဆိုတော့ ဒီလုပ်ဆောင်ချက်က အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာမှာ သေချာသည်။

“အခုသာ အမည်းစက်ပြောက် မြွေနတ်ဆိုး နဲ့ တွေ့ရင်... နတ်ဆိုးသားရဲဆောင်ရဲ့ လုပ်ဆောင်ချက်ကို သုံးပြီး သူ့ရဲ့ အားနည်းချက်ကို ရှာပြီးတော့ အသေ တိုက်ပစ်လို့ ရပြီ…”

ယဲ့ဖုန်း ရေရွတ်လိုက်၏။

ထို့နောက် သူသည် ဝိညာဉ်မူလ နာရီကို ထုတ်ယူပြီး ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးကို လွှတ်ပေးလိုက်လေတော့၏။

All Chapters