← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇) - မြူခိုးဂိုဏ်း၏ အင်မော်တယ် (၈) ပါးနှင့် လုပ်ဆောင်ချက်အသစ်၏ အသုံးဝင်ပုံများ

~'ဝိညာဉ်မူလ နာရီ' တွင် ချိတ်ပိတ်နိုင်စွမ်း ရှိလေသည်။

ထို့ကြောင့် 'ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါး' ကို ပြန်လွှတ်လိုက်သောအခါ သူတို့သည် ကြမ်းပြင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြဆဲ ဖြစ်ပြီး မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို လုံးဝ မသိရှိကြရှာပေ။

ထိုအခိုက်အတန့်တွင် စနစ်၏ အသံ ထွက်ပေါ်လာသည်။

[အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် နတ်ဆိုးသားရဲ 'မြေခွေးနီ' နှင့် အဆင့်နိမ့် နတ်ဆိုးစစ်သည်တော်အဆင့် နတ်ဆိုးသားရဲများ ဖြစ်ကြသော 'ခွေးဘီလူး' ၊ 'မျိုးဗီဇပြောင်း ဖရုံသီး' ၊'ရွှေဖားပြုတ်ကြီး' နှင့် 'အိတ်ကပ်ဝက်ကလေး' တို့ကို တွေ့ရှိရပါသည်... နတ်ဆိုးသားရဲဆောင် သို့ ထည့်သွင်းလိုပါသလား...]

"ထည့်သွင်းမယ်..."

ယဲ့ဖုန်း ချက်ချင်း သဘောတူလိုက်၏။

နောက်တစ်ခဏတွင် ဆန်းကြယ်သော အငွေ့အသက်တစ်ခုသည် ယဲ့ဖုန်းထံမှ ထွက်ပေါ်လာပြီး ငါးခုကွဲသွားကာ ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါး တစ်ကောင်စီထံသို့ ဝင်ရောက်သွားလေသည်။

ထို့နောက် ယဲ့ဖုန်းသည် သူ့ခေါင်းထဲသို့ မှတ်ဉာဏ်အသစ်တစ်ခု ဝင်ရောက်လာသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်းမှာ လျှို့ဝှက်နည်းစနစ်ဖြစ်သော "စက္ကူစစ်သည်တော်" ကို ပြီးပြည့်စုံခြင်းအဆင့် အထိ နားလည်သဘောပေါက်သွားခြင်းပင် ဖြစ်သည်။

"နောက်ဆုံးတော့ ဒီလျှို့ဝှက်နည်းစနစ်ကို ရခဲ့ပြီပဲ..."

ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်လာသည်။

လျှို့ဝှက်နည်းစနစ်ဆိုသည်မှာ သိုင်းအမျိုးအစားထဲတွင် ပါဝင်သော်လည်း ၎င်း၏ စွမ်းအားကို ခန့်မှန်းရခက်ခဲပြီး အတိအကျ ခွဲခြားသတ်မှတ်၍ မရနိုင်ပေ။ ထို့ကြောင့် "လျှို့ဝှက်နည်းစနစ်" ဟုသာ ယေဘုယျ သတ်မှတ်ထားခြင်း ဖြစ်သည်။

ယဲ့ဖုန်း၏ အမြင်တွင်မူ "စက္ကူစစ်သည်တော်" သည် အနည်းဆုံး ဒုတိယအဆင့် သိုင်းကျင့်စဉ် နှင့် ညီမျှပြီး ၎င်းထက်ပင် ပိုကောင်းနိုင်သည်ဟု ယူဆမိသည်။ ၎င်းကို ရရှိလိုက်သည်မှာ ကြီးမားသော အမြတ်အစွန်းတစ်ခုပင်။

ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးသည် နတ်ဆိုးသားရဲဆောင်သို့ ဝင်ရောက်လာသည်နှင့်အမျှ ယဲ့ဖုန်းသည် ချီစုစည်းခြင်း (၈) ဆင့်မြောက် ခွန်အားကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ၎င်းသည် "လွင်ပြင်တစ်မျှ ကျယ်ပြန့်သော" စွမ်းအားလောက်ပင် မရှိသဖြင့် သိပ်တော့ ထူးခြားမှု မရှိလှပေ။

'အခု ငါ့စွမ်းအားက အစ်ကိုကြီး ခေါင်းပြား (၇) ကောင်စာလောက် ရှိနေပြီ... အင်း…ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ဆိုရင် အနည်းဆုံး အစ်ကိုကြီး ခေါင်းပြား (၁၀) ကောင်စာလောက်တော့ ရှိဖို့ လိုတယ်...'

ယဲ့ဖုန်း တွက်ချက်ရင်း မတ်တတ်ထရပ်လိုက်၏။

"ကြည့်ရတာ တပည့်တွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးရုံတင်မကဘဲ... နတ်ဆိုးသားရဲဆောင်က ဝိညာဉ်သားရဲတွေရဲ့ စွမ်းအားကိုလည်း မြှင့်တင်ပေးဖို့ လိုအပ်နေပြီ..."

နတ်ဆိုးသားရဲဆောင်သည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဝိညာဉ်သားရဲများ၏ စွမ်းအားကို ချက်ချင်း မြှင့်တင်ပေးနိုင်မည့် နည်းလမ်း မရှိသေးကြောင်း ယဲ့ဖုန်း သဘောပေါက်လိုက်၏။

ထို့ကြောင့် ယဲ့ဖုန်း စိတ်ထဲမှ မေးလိုက်၏။

"စနစ်ရေ... ဝိညာဉ်သားရဲတွေရဲ့ အဆင့်ကို ဘယ်လို မြှင့်တင်ပေးရမလဲ..."

[ဝိညာဉ်သားရဲတွေက အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေကို ဝါးမြိုတာ၊ ဒါမှမဟုတ် သက်ဆိုင်ရာ အဆင့်ရှိတဲ့ 'ဝိညာဉ်သားရဲဆေးလုံး' များကို စားသုံးခြင်းနဲ့ စွမ်းအား တိုးတက်စေနိုင်ပါတယ်။]

စနစ်က ဖြေကြားပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည်။

"ဝိညာဉ်သားရဲဆေးလုံး ဟုတ်လား... ကြည့်ရတာ တစ်ယောက်ယောက်ကို မေးကြည့်မှ ရတော့မယ်..."

ယဲ့ဖုန်း အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

မကြာမီ သူ လူတစ်ယောက်ကို သတိရသွားသည်။

ရှင်းကွမ်ရွှမ်..

'ဒီလူက ဂိုဏ်းတပည့်ဆိုတော့ ဝိညာဉ်သားရဲဆေးလုံးအကြောင်း သေချာပေါက် သိမှာပဲ... မသိရင်လည်း ကုန်သည်မဟာမိတ်အဖွဲ့က လူလည်တွေကို သွားမေးလို့ ရတာပဲ...'

ယဲ့ဖုန်း ထိုင်ချလိုက်ပြီး ရေပေါ်ဖြူ မြို့တော်၏ အင်မော်တယ် (၅) ပါးကို ပုတ်နှိုးလိုက်၏။

"ဝုတ်... ဝုတ်..."

ခွေးခေါင်း နည်းဗျူဟာမှူးက အရင်ဆုံး နိုးလာပြီး နှစ်ချက် ဟောင်လိုက်၏။

ကျန်သော နတ်ဆိုးလေးကောင်လည်း နိုးလာကြပြီး ပတ်ဝန်းကျင်ကို အံ့သြစွာ ကြည့်ရှုနေကြသည်။

"မဟာအင်မော်တယ်ကြီး... ဒါ ဘယ်နေရာလဲဟင်..."

မြေခွေးနီလေးက ခန္ဓာကိုယ်ကို ကွေးညွတ်ထားရင်း သတိထားပြီး မေးလိုက်၏။

အကြောင်းအရင်း မသိရသော်လည်း သူမသည် ယဲ့ဖုန်းနှင့် ပိုမို ရင်းနှီးလာသလို ခံစားနေရသည်။

"ဒါ မြူခိုးဂိုဏ်းလေ... ဒီနေ့ကစပြီး မင်းတို့က မြူခိုးဂိုဏ်းရဲ့ တောင်စောင့်ဝိညာဉ်သားရဲတွေ ဖြစ်သွားပြီ... လာ... တခြားသူတွေနဲ့ မိတ်ဆက်ပေးမယ်..."

ယဲ့ဖုန်း တံခါးဖွင့်ပြီး ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။

ညကောင်းကင်ယံအောက်တွင် လရောင်သည် ရေကဲ့သို့ ကြည်လင်အေးမြနေသည်။

ရေပေါ်ဖြူမြို့တော်၏ အင်မော်တယ် (၅) ပါးသည် ယဲ့ဖုန်းနောက်မှ တန်းစီလိုက်ပါလာကြသည်။

မကြာမီ ခြံဝင်းထဲမှ မွှေးပျံ့သော ရနံ့ကြောင့် သူတို့၏ အာရုံများ ဖမ်းစားခံလိုက်ရပြီး ရေကန်ထဲရှိ 'သန့်စင်ခြင်း ကြာစိမ်း' ကို မျက်တောင်မခတ် တစိုက်မတ်မတ် ကြည့်ရှုနေကြကာ ကန်ဘောင်နားသို့ အလျင်အမြန် စုဝေးရောက်ရှိ

သွားကြသည်။

"မဟာအင်မော်တယ်ကြီး... ရေ သောက်လို့ ရမလားဟင်..." မြေခွေးနီလေးက မေးလိုက်၏။

"ကြိုက်သလောက် သောက်ကြ..."

ရေပဲဥစ္စာ... ယဲ့ဖုန်း ဘယ်လိုလုပ် ငြင်းရက်မှာလဲ။

နတ်ဆိုးလေး (၅) ကောင်၏ မျက်လုံးများ အရောင်တောက်သွားကြပြီး ကိုယ်ပိုင် စွမ်းရည်အသီးသီးကို အသုံးပြုကာ ရေကို သောက်သုံးကြလေသည်။

တစ်ကောင်နှင့်တစ်ကောင် မတူညီကြပေ။ တချို့က လက်သည်းဖြင့် ခပ်သောက်သည်၊ တချို့က သစ်ရွက်ဖြင့် ခပ်ပြီး ခေါင်းပေါ် လောင်းချသည်၊ တချို့က ရေထဲ ခေါင်းစိုက်ပြီး အငမ်းမရ သောက်ကြသည်။

"ဝါး... ဝူး..."

ထိုအချိန်တွင် အစ်ကိုကြီး ခေါင်းပြားသည် အင်မော်တယ် (၅) ပါး၏ အနံ့ကို ရလိုက်သဖြင့် မတ်တတ်ထရပ်ကာ ပြေးလာသည်။ မြေခွေးဖြူလေး နှင့် သံလက်သည်း နဂါးလင်းယုန်တို့လည်း နောက်မှ လိုက်ပါလာကြသည်။

"သူတို့က..."

ယဲ့ဖုန်းက အင်မော်တယ် (၅) ပါးကို မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း သူတို့၏ နာမည်များကို မသိကြောင်း သတိရသွားသဖြင့် စကားပြောင်းလိုက်ရသည်။

"သူတို့က ကိုယ့်လူတွေပဲ..."

ထိုစကားကို ကြားလိုက်ရသဖြင့် အစ်ကိုကြီး ခေါင်းပြားသည် တိုက်ခိုက်ခွင့် ထပ်မံလွတ်သွားပြန်ပြီဖြစ်ကြောင်း သိလိုက်ရပြီး မျက်ဝန်းထဲတွင် လက်မှိုင်ချမှုများ ပေါ်လာသည်။ ထို့အပြင် နတ်ဆိုးသားရဲဆောင်တွင် အတူနေထိုင်သူများ ဖြစ်ကြသဖြင့် သူတို့ကြားတွင် အဆက်အသွယ်တစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။

ထို့ကြောင့် အစ်ကိုကြီး ခေါင်းပြား ဘာမှ မတတ်နိုင်တော့ဘဲ သန့်စင်ခြင်း ကြာစိမ်းကိုသာ ကြည့်ပြီး ရေကန်ဘေးတွင် စိတ်လှုပ်ရှားစွာ ပတ်ပြေးနေတော့၏။

“ဒေါက်”

"ဒါ ငါတို့ မြူခိုးဂိုဏ်းရဲ့ ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ရတနာ 'သန့်စင်ခြင်း ကြာစိမ်း' ပဲ... မင်း သေချာ စောင့်ရှောက်ရမယ်နော်... ပျောက်သွားလို့ မဖြစ်ဘူး..."

ယဲ့ဖုန်းက အစ်ကိုကြီး ခေါင်းပြား၏ ခေါင်းကို ခေါက်ပြီး သတိပေးလိုက်၏။

"ဝါး..."

အစ်ကိုကြီး ခေါင်းပြားက မတ်တတ်ထရပ်ပြီး လက်သည်းများကို မြှောက်ပြလိုက်၏။ 'ငါသာ ရှိနေရင် လူမပြောနဲ့ ယင်ကောင် ခြင်ကောင်တောင် အနားကပ်ဖို့ စဉ်းစားလို့ မရစေရဘူး' ဟု ပြောနေသကဲ့သို့ပင်။

ထို့နောက် အစ်ကိုကြီး ခေါင်းပြားသည် တံခါးစောင့်အလုပ်ကို စွန့်လွှတ်လိုက်ပြီး ရေကန်ဘေးတွင် လှဲချကာ သန့်စင်ခြင်း ကြာစိမ်းကို မျက်ခြေမပြတ် စောင့်ကြည့်နေလေတော့၏။

ရိုးသားပြီး ကြိုးစားသော အစ်ကိုကြီး ခေါင်းပြားကို ကြည့်ရင်း ယဲ့ဖုန်း ကျေနပ်စွာ ပြုံးလိုက်မိသည်။

တပည့်များက 'ကိုယ်ခန္ဓာသန့်စင်ဆေးလုံး' ကို ချေဖျက်နေကြဆဲဖြစ်သဖြင့် ယဲ့ဖုန်း သွားမနှောင့်ယှက်တော့ဘဲ နတ်ဆိုးသားရဲဆောင်မှ ဝိညာဉ်သားရဲ (၈) ကောင်ကိုသာ ကြည့်ရှုနေလိုက်၏။

အစ်ကိုကြီး ခေါင်းပြား၊ သံလက်သည်း နဂါးလင်းယုန်နှင့် မြေခွေးဖြူလေးတို့တွင် နာမည်ကိုယ်စီ ရှိကြသော်လည်း အင်မော်တယ် (၅) ပါးတွင်မူ မရှိသေးပေ။

ထို့ကြောင့် ယဲ့ဖုန်းက အင်မော်တယ် (၅) ပါးကို ကြည့်ပြီး မေးလိုက်၏။

"မင်းတို့မှာ နာမည်ရှိလား... မရှိရင် ငါ ပေးမယ်..."

"မဟာအင်မော်တယ်ကြီး...ကျွန်မတို့ ရေပေါ်ဖြူမြို့တော် အင်မော်တယ် (၅) ပါးမှာ နာမည်တွေ ရှိပြီးသားပါ... ကျွန်မ နာမည်က မြေခွေးတာ့ဟုန် ... ကျန်တဲ့ (၄) ကောင်ကတော့ ခွေးအားဟာ ၊ဝက်စန်းဖန် ၊ ဖားစစ်ချူ၊ နဲ့ ဖရုံသီးဝူကွား တို့ပါ..."

မြေခွေးနီလေးက သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီးနောက် ကျန်သော နတ်ဆိုးလေးကောင်ကို တစ်ကောင်ချင်းစီ လိုက်ပြကာ လေးလေးနက်နက် ပြောလိုက်၏။

"ဒီနာမည်တွေက..."

ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်မိသည်။

နာမည်တွေက နည်းနည်း ထူးဆန်းနေပေမယ့် သုံးလို့ရတာပဲလေ...

ဒါကြောင့် ယဲ့ဖုန်း ဘာမှ ထပ်မပြောတော့ပေ။

ထိုညတွင် လမင်းကြီး တောက်ပနေပြီး ကြယ်ရောင်များ ပါးလျနေသည်။

ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ခန်းမဆောင်၏ ခေါင်မိုးပေါ်တွင် ထိုင်လျက် တပည့်များကို စောင့်ရှောက်ပေးနေသည်။ အင်မော်တယ် (၅) ပါးကမူ အခြား ဝိညာဉ်သားရဲ (၃) ကောင်နှင့် ရောနှောသွားကြပြီး ကိုယ့်ကိုယ်ကိုယ် "မြူခိုး အင်မော်တယ် (၈) ပါး" ဟု အမည်ပေးလိုက်ကြလေသည်။

အစ်ကိုကြီး ခေါင်းပြားက သဘာဝကျကျပင် ခေါင်းဆောင်နေရာကို ရယူလိုက်၏။

သံလက်သည်း နဂါးလင်းယုန်က ဒုတိယနေရာ၊ မြေခွေးဖြူလေးက တတိယနေရာ၊ ပြီးမှ အင်မော်တယ် (၅) ပါး၏ အဆင့်အတန်းအတိုင်း အစဉ်လိုက် ဖြစ်သွားကြသည်။

ယဲ့ဖုန်းကတော့ ဒါတွေကို သိပ်ဂရုမစိုက်ပါ။

သူ မသိလိုက်သည်က... ဂိုဏ်းချုပ်ခန်းမဆောင်နှင့် မီတာအနည်းငယ်အကွာက ချောက်ကမ်းပါးပေါ်မှာ လက်မအရွယ်အစား ရှိသော ခြကောင်ဖြူလေးတစ်ကောင် ဝပ်နေသည် ဆိုသည့် အချက်ပင်။

"မြူခိုးဂိုဏ်းမှာ သဘာဝအတိုင်း မွေးဖွားလာတဲ့ ဝိညာဉ်သားရဲ (၅) ကောင်တောင် ရှိနေပါလား... သူတို့ရဲ့ သွေးကို သွေးယဇ်ပူဇော်ပွဲမှာ သုံးပြီး 'သွေးဝိညာဉ်ဆေးလုံး' ဖော်စပ်လို့ ရတယ်... နေဦး... ဗိုလ်ချုပ်လေး ဆီ ဒီသတင်းကို ချက်ချင်း သွားပို့မှ ဖြစ်မယ်..."

အသွင်ပြောင်း သားရဲ သည် တောင်ကုန်းပေါ်မှ ဘောလုံးတစ်လုံး လိမ့်ဆင်းလာသကဲ့သို့ ခုန်ထွက်လာပြီးနောက် ယုန်ဖြူလေး တစ်ကောင်အဖြစ် ပြောင်းလဲကာ 'ဖူယွင် သစ်တောအုပ်' ၏ အတွင်းပိုင်းသို့ ခုန်ဆွခုန်ဆွဖြင့် ထွက်ခွာသွားလေတော့၏။

ဂိုဏ်းချုပ်ခန်းမဆောင် ခေါင်မိုးပေါ်တွင်ကား..၊

ယဲ့ဖုန်းသည် ပျင်းရိနေသဖြင့် နတ်ဆိုးသားရဲဆောင်၏ လုပ်ဆောင်ချက်အသစ်ကို အသုံးပြုပြီး မြင်ကွင်းထဲရှိ အပင်များနှင့် သတ္တဝါများကို ပိုက်စိပ်တိုက်စစ်ဆေးကြည့်လိုက်၏။

'မြူခိုး အင်မော်တယ် (၈) ပါး' နှင့် 'သန့်စင်ခြင်း ကြာစိမ်း' မှလွဲ၍ အခြားဒေတာ မည်သည်မျှ မဖတ်ရှုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ဆိုလိုသည်မှာ မြူခိုးတောင်ထိပ်တွင် ဝိညာဉ်သားရဲ (၉) ကောင်သာ ရှိနေခြင်း ဖြစ်သည်။

ရုတ်တရက် ယဲ့ဖုန်းသည် တောင်ခြေရှိ မြစ်ကို လှမ်းကြည့်လိုက်ရာ မြစ်ကြမ်းပြင်တွင် အလင်းစက်အချို့ကို သတိထားမိလိုက်ပြီး အပြာရောင် စာတန်းများ သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။

[သံမဏိသွား ငါးနတ်ဆိုး : အဆင့်နိမ့် နတ်ဆိုးစစ်သည်တော်အဆင့်]

[အစက်အပြောက် ဓားသွားငါး : အဆင့်နိမ့် နတ်ဆိုးစစ်သည်တော်အဆင့်]

"ဟေ... ငါ အပေါက်အလမ်း တစ်ခု တွေ့သွားပြီ ထင်တယ်..."

ယဲ့ဖုန်း အကြည့်လွှဲလိုက်ရာ 'ဖူယွင် သစ်တောအုပ်' အတွင်း၌ မရေမတွက်နိုင်သော အလင်းစက်များ ပေါ်ထွက်နေပြီး သတင်းအချက်အလက်များ ဒလဟော ဝင်ရောက်လာသည်ကို တွေ့ရှိလိုက်ရသည်။

"နတ်ဆိုးသားရဲဆောင် ဒုတိယအဆင့်ရဲ့ လုပ်ဆောင်ချက်ကို ဒီလိုလည်း သုံးလို့ရတာကိုး... ဒါ နတ်ဆိုးသားရဲ ရှာဖွေတဲ့နေရာမှာ တကယ့် လက်နက်ကောင်းပဲ..."

ယဲ့ဖုန်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။

ဒီလုပ်ဆောင်ချက်သာ ရှိရင် နတ်ဆိုးသတ်ဖြတ်ရေး စစ်ဆင်ရေးက အများကြီး ပိုလွယ်ကူသွားတော့မည်။

ဒါ့အပြင် သာမန်မျက်စိနှင့် မမြင်နိုင်သော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ဆေးဖက်ဝင်အပင်များအား ရှာဖွေရာမှာလည်း အသုံးပြုနိုင်ပြီး ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်မည့် အစွမ်းထက် အထောက်အကူပြု နည်းလမ်းတစ်ခု ဖြစ်လာတော့မည်။

အခန်း (၆၈) - ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့နှင့် နန်လုတောင်တန်းသို့ ခရီးထွက်ခြင်း

~ညကောင်းကင်ယံအောက်တွင်...

ယဲ့ဖုန်းသည် နတ်ဆိုးသားရဲဆောင်၏ လုပ်ဆောင်ချက်အသစ်ကို အသုံးပြု၍ မြူခိုးတောင်ထိပ် ပတ်ဝန်းကျင်ကို ထပ်ခါတလဲလဲ ပိုက်စိပ်တိုက်စစ်ဆေးကြည့်လိုက်ရာ (၁၀) မိုင် ပတ်လည်အတွင်း၌ နတ်ဆိုးသားရဲ အနည်းဆုံး (၁၀၀) ခန့်ကို တွေ့ရှိလိုက်ရသည်။

အများစုမှာ အဆင့်နိမ့် နတ်ဆိုးစစ်သည်တော်

အဆင့်များ ဖြစ်ကြသည်။

သို့သော် ၎င်းတို့သည် လူကို ဒုက္ခပေးမည့် အကောင်များ ဟုတ်မဟုတ် မခွဲခြားနိုင်သဖြင့် ယဲ့ဖုန်းသည် လှုပ်ရှားခြင်း မပြုဘဲ ငြိမ်နေလိုက်၏။ ထို့အပြင် သူသည် တပည့်များကို စောင့်ရှောက်ရန် လိုအပ်သဖြင့် သူတို့ကို ထားခဲ့ပြီး တစ်ကိုယ်တည်း ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။

—----

မှောင်မိုက်အုံ့မှိုင်းနေသော 'ဖူယွင် သစ်တောအုပ်' အတွင်း၌...

အသွင်ပြောင်း သားရဲသည် ယုန်ဖြူလေးအဖြစ် ပြောင်းလဲကာ မြေအောက်လိုဏ်ဂူ တစ်ခုထဲသို့ ခုန်ဆွခုန်ဆွ ဝင်ရောက်သွားပြီး ထိုနေရာ၌ ကျင့်ကြံနေသော ဗိုလ်ချုပ်လေးကို တွေ့ရှိလိုက်၏။ ထို့နောက် သူ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးကို သတင်းပို့လိုက်လေသည်။

"ဘာပြောလိုက်တယ်... မြူခိုးတောင်ထိပ်မှာ သဘာဝအတိုင်း မွေးဖွားလာတဲ့ ဝိညာဉ်သားရဲ (၅) ကောင် ရှိနေတယ် ဟုတ်လား... ငါ သဘောပေါက်ပြီ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟေးရွှမ်ဂိတ်ရဲ့ သွေးယဇ်ပူဇော်ပွဲကို ဖျက်ဆီးပစ်လိုက်တဲ့သူက မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ပဲ ဖြစ်ရမယ်... အဲဒီ ဝိညာဉ်သားရဲ (၅) ကောင်ကို သူ ကယ်တင်သွားတာ နေမှာပါ..."

ဗိုလ်ချုပ်လေးသည် အချက်အလက်များကို ဆက်စပ်ကြည့်ပြီး အမှန်တရားကို ခန့်မှန်းမိလိုက်၏။

"သခင်ကြီး ဗိုလ်ချုပ်လေး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ... မြူခိုးတောင်ထိပ်ကို အလုံးအရင်းနဲ့ တိုက်ခိုက်ကြမလား..." အသွင်ပြောင်း သားရဲက မေးမြန်းလိုက်၏။

"အရူးလားဟ... မြူခိုးဂိုဏ်းက ရေပေါ်ဖြူမြို့တော်နဲ့ (၁၀) မိုင်ကျော်လောက်ပဲ ဝေးတာ... မြို့တော်ထဲက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေ ရုတ်တရက် ရောက်လာရင် ဘယ်လိုလုပ်မလဲ..."

ဗိုလ်ချုပ်လေးက မဲ့ပြုံး ပြုံး လိုက်ပြီး ဆက်ပြောသည်။

"ဒါပေမဲ့ 'သွေးဓား' က ငါ့ဆီ သတင်းပို့လာတယ်... ရေပေါ်ဖြူမြို့တော်မှာ နတ်ဆိုးသတ်ပွဲတော် စတင်နေပြီတဲ့... မြူခိုးဂိုဏ်း ဂိုဏ်းချုပ်က မြို့တော်နဲ့ ဝေးတဲ့နေရာကို ခရီးထွက်လာတဲ့ အချိန်ကျမှ ငါတို့ လှုပ်ရှားကြတာပေါ့..."

"ဟုတ်ကဲ့ပါ သခင်ကြီး..."

အသွင်ပြောင်း သားရဲ ခေါင်းညိတ်လိုက်၏။

"ဟဲဟဲဟဲ... နောက်ထပ် 'သွေးဝိညာဉ်ဆေးလုံး' နည်းနည်းလောက် ရလိုက်ရင်... ငါ့ရဲ့ အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပြီး စစ်မှန်တဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီး အဖြစ် တက်လှမ်းနိုင်တော့မယ်..."

လိုဏ်ဂူအတွင်း၌ ဗိုလ်ချုပ်လေး၏ အေးစက်သော အသံကြီး ပဲ့တင်ထပ်နေလေတော့၏။

—-------

နောက်တစ်နေ့ နံနက်ခင်းတွင်...၊

ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ခန်းမဆောင်၏ ခေါင်မိုးပေါ်တွင် ပက်လက်လှန် လှဲလျောင်းနေသည်။

လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပစ်တင်ထားပြီး ပါးစပ်ထဲတွင် မြက်တစ်ပင် ကိုက်ထားလျက် အဝေးရှိ လွှသွားပုံစံ တောင်တန်းများနောက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသော နေမင်းကြီးကို ငေးမော

ကြည့်ရှုနေလေသည်။

လေညှင်းနုနုလေး တိုက်ခိုက်နေသဖြင့် တစ်ကိုယ်လုံး လန်းဆန်းနေသကဲ့သို့ ခံစားနေရသည်။

[တီ... တပည့်များ၏ အခြေခံအုတ်မြစ် ခိုင်မာမှု လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ... ဆုလက်ဆောင်အဖြစ် အဆင့်နိမ့် 'ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့' တစ်ခု ရရှိပါသည်... ဂိုဏ်းချုပ်အနေဖြင့် အောင်မြင်မှု အသစ်များ ရရှိရန် ဆက်လက် ကြိုးစားပါ...]

စနစ်၏ အသိပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ယဲ့ဖုန်း မျက်တောင်ခတ်လိုက်ပြီး မတ်မတ် ထထိုင်လိုက်၏။ စိတ်ကူးလိုက်ရုံဖြင့် အကျယ် (၂) လက်မ၊ အရှည် (၅) လက်မခန့်ရှိသော မြေကြီးရောင် အဆောင်လက်ဖွဲ့ စက္ကူတစ်ရွက် သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။ ထိုစက္ကူပေါ်တွင် အနီရင့်ရောင် သင်္ကေတများနှင့် ဝင်္ကပါပုံစံငယ်များ ရေးဆွဲထားလေသည်။

[အမည်: ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့]

[အဆင့်: အဆင့်နိမ့်]

[အာနိသင်: ရှုပ်ထွေးသော ဝင်္ကပါသင်္ကေတများ ရေးထိုးထားပြီး တစ်ကြိမ်သုံး ပစ္စည်းဖြစ်သည်။ အသက်သွင်းလိုက်ပါက တစ်နာရီကြာအောင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက် မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံကာကွယ်နိုင်သော အကာအကွယ်ဒိုင်းငယ်တစ်ခု ဖန်တီးပေးနိုင်သည်...]

အစပိုင်းတွင် အဆောင်လက်ဖွဲ့ကို သိပ်အထင်မကြီးသော်လည်း "ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက် မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံကာကွယ်နိုင်သည်" ဟူသော စာသားကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း မျက်လုံးပြူးသွားလေသည်။

"ဒါ ပစ္စည်းကောင်းပဲ..."

ယဲ့ဖုန်းသည် ဝမ်းသာအားရဖြင့် အဆောင်လက်ဖွဲ့ကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်၏။ ထိုအချိန်တွင် တပည့်များသည် ခန်းမဆောင်ထဲမှ ထွက်လာကြပြီး သူတို့၏ အခြေခံအုတ်မြစ်များ ခိုင်မာသွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

"မင်္ဂလာနံနက်ခင်းပါ ဂိုဏ်းချုပ်..."

တပည့်များက ပြိုင်တူ အော်ဟစ် နှုတ်ဆက်ကြသည်။

"ကောင်းပြီ..."

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

"ကဲ... အခု မင်းတို့ကို အင်မော်တယ် (၅) ပါး' နဲ့ ငါတို့ မြူခိုးဂိုဏ်းရဲ့ ရတနာပစ္စည်းကို မိတ်ဆက်ပေးမယ်..."

တပည့်များက နားမလည်နိုင်သော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

ယဲ့ဖုန်းသည် သူတို့ကို နောက်ဖေးဝင်းထဲသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ရေကန်ထဲရှိ 'သန့်စင်ခြင်း ကြာစိမ်း' နှင့် ၎င်းကို ဝိုင်းရံထားသော အင်မော်တယ် (၅) ပါး၊ အစ်ကိုကြီး ခေါင်းပြားနှင့် အခြား တောင်စောင့်ဝိညာဉ်သားရဲများကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ကြရသည်။

"ဝါး... ဝက်ကလေးတစ်ကောင်ပါလား... ပေါင်းစားမလား၊ ချက်စားမလား..."

"အမယ်လေး... ဖားပြုတ်ကြီး... ကြောက်စရာကြီး..."

"ဒီခွေးလေးက ချစ်စရာလေးပဲ... ဟင်းချက်ရင် နာနတ်ပွင့် ထည့်မလား၊ ကြံရည် ထည့်မလား၊ ဒါမှမဟုတ် မမှည့်သေးတဲ့ သရက်သီး ထည့်မလား..."

တပည့်များသည် အင်မော်တယ် (၅) ပါးကို ဝိုင်းကြည့်ပြီး သွားရည်ကျမတတ် ပြောဆိုနေကြသဖြင့် နတ်ဆိုးလေးများခမျာ ကြောက်လန့်တကြား တုန်ရီနေကြရှာသည်။

"အစ်ကိုတို့ အစ်မတို့... ကျေးဇူးပြုပြီး မသတ်ကြပါနဲ့ဗျာ..."

အင်မော်တယ် (၅) ပါးက ဒူးထောက်ပြီး အသနားခံလိုက်ကြသည်။

စကားပြောတတ်သော နတ်ဆိုးလေးများကို မြင်လိုက်ရသဖြင့် တပည့်များ လန့်ဖျပ်သွားကြပြီး (၃) လှမ်းခန့် နောက်ဆုတ်သွားကြသည်။ မိုယင် တစ်ယောက်သာ နေရာမှ မရွေ့ဘဲ ကျန်ရစ်ခဲ့သည်။

"အဆင့်နိမ့် နတ်ဆိုးစစ်သည်တော်တွေက စကားပြောတတ်တယ်ဆိုတော့... ဒါတွေက ဝိညာဉ်သွေး ပါတဲ့ သဘာဝ ဝိညာဉ်သားရဲတွေပဲ... တန်ဖိုးအရဆိုရင် သာမန် နတ်ဆိုးသားရဲတွေထက် အဆပေါင်းများစွာ ပိုတန်တယ်..."

မိုယင်သည် နောက်ဆုတ်မည့်အစား ရှေ့သို့တိုးလာပြီး အင်မော်တယ် (၅) ပါးကို လက်ညှိုးထိုးကာ ရှင်းပြလေသည်။

ယဲ့ဖုန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်။

မိုယင်က ဂိမ်းတွေထဲက 'ရွာဦးအစ လမ်းညွှန် NPC' (Beginner Village NPC) လိုပဲ အရာရာကို သိနေပါလား။

"ရေပေါ်ဖြူ မြို့တော် အင်မော်တယ် (၅) ပါးကို ငါ မြို့ထဲမှာ တွေ့ခဲ့တာ... အပြန်လမ်းကြုံလို့ မြူခိုးတောင်ထိပ်ကို ခေါ်လာခဲ့ပြီး အခုတော့ တောင်စောင့်ဝိညာဉ်သားရဲတွေအဖြစ် တာဝန်ထမ်းဆောင်နေကြပြီ... ဒီနေ့ကစပြီး ငါ 'နတ်ဆိုးသားရဲဆောင်' ကို တည်ထောင်လိုက်ပြီ... အဓိက အဖွဲ့ဝင်တွေကတော့ အစ်ကိုကြီး ခေါင်းပြား၊ လောင်ထျယ် (သံလက်သည်း နဂါးလင်းယုန်)၊ ရှောင်ပိုင် (မြေခွေးဖြူလေး)၊ မြေခွေးတာ့ဟုန်၊ ခွေးအားဟာ၊ ဝက်စန်းဖန်၊ ဖားစစ်ချူ နဲ့ ဖရုံသီးဝူကွား တို့ပဲ ဖြစ်တယ်..."

ယဲ့ဖုန်းသည် ရှိနေသော ဝိညာဉ်သားရဲ (၈) ကောင်ကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးလိုက်၏။

"ဖလူး..."

တပည့်များသည် နတ်ဆိုးသားရဲဆောင် တည်ထောင်မည့်အကြောင်း ကြားရသောအခါ စိတ်လှုပ်ရှားပြီး မျှော်လင့်နေကြသော်လည်း "မြေခွေးတာ့ဟုန်" နှင့် "ခွေးအားဟာ" ကဲ့သို့သော နာမည်များကို ကြားလိုက်ရသောအခါ အောင့်ထားနိုင်ခြင်း မရှိတော့ဘဲ နေရာမှာတင် ဟားတိုက်ရယ်မော လိုက်ကြတော့၏။

အင်မော်တယ် (၅) ပါးမှာမူ နားမလည်နိုင် ဖြစ်နေကြပြီး လူတွေ ဘာလို့ ရယ်နေကြမှန်း မသိရှာပေ။

လီကျောက်ကျောက်သည် ရေကန်ထဲရှိ သန့်စင်ခြင်း ကြာစိမ်းကို လက်ညှိုးထိုးပြပြီး အံ့သြနေသော မျက်နှာလေးဖြင့် မေးလိုက်၏။

"ဟယ်... ရေကန်ထဲမှာ ကြာစိမ်းတစ်ပွင့် ဘယ်တုန်းက ပေါက်လာတာလဲ... ဂိုဏ်းချုပ်ဦးလေး... ဒါက ဦးလေး ပြောတဲ့ ဂိုဏ်းရဲ့ ရတနာလား..."

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

"မှန်တယ်... ဒါက ဂိုဏ်းရဲ့ ရတနာ 'သန့်စင်ခြင်း ကြာစိမ်း' ပဲ... အညစ်အကြေး အများအပြားကို သန့်စင်ပေးနိုင်စွမ်း ရှိတယ်... သေချာ ဂရုစိုက်ကြည့်ရင် မင်းတို့ကိုယ်တိုင် သတိထားမိမှာပါ..."

တပည့်များသည် ကြာစိမ်းနားသို့ ဝိုင်းအုံလာကြသည်။

ရှီလေ့သည် ရေတစ်ခွက် ခပ်သောက်လိုက်ရာ ယခင်ကထက် ပိုမို ချိုမြိန်နေပြီး ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။ အကယ်၍ ဗိုက်ကွဲထွက်သွားမည်ကို မစိုးရိမ်ရလျှင် သူသည် နေ့စဉ် ဤရေကို သောက်သုံးပြီး ကျင့်ကြံချင်မိပေလိမ့်မည်။

"သန့်စင်ခြင်း ကြာစိမ်းရဲ့ ပတ်ဝန်းကျင်က လေထုက ပိုပြီး သန့်ရှင်းလတ်ဆတ်နေတယ်... ပြီးတော့ သဘာဝ ဝိညာဉ်စွမ်းအင်တွေကိုတောင် စုစည်းပေးနေသလိုပဲ..."

မိုယင်က ဝင်ပြောလိုက်၏။

သူမသည် ဝိညာဉ်မျက်လုံးကို အသုံးပြုပြီး ကြည့်ရှုလိုက်ရာ အပေါ်ဘက်ရှိ ဝိညာဉ်စွမ်းအင် ရေပွေအပြင် သန့်စင်ခြင်း ကြာစိမ်း၏ ပတ်လည်တွင်လည်း ရေပွေအသစ်တစ်ခု ဖြစ်ပေါ်လာမည့် အရိပ်အယောင်များကို တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

အကယ်၍ အောင်မြင်သွားပါက မြူခိုးတောင်ထိပ်ရှိ ဝိညာဉ်စွမ်းအင် ပြင်းအားသည် ယခင်ကထက် နှစ်ဆတိုးလာနိုင်ပြီး ကျင့်ကြံမှုအရှိန်ကို များစွာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

အခြားတပည့်များလည်း သန့်စင်ခြင်း ကြာစိမ်း၏ အကျိုးကျေးဇူးများကို ရှာဖွေတွေ့ရှိသွားကြသည်။

"ဂိုဏ်းချုပ်... ကျွန်တော် ထင်တာကတော့... သန့်စင်ခြင်း ကြာစိမ်းကို ကာကွယ်ဖို့အတွက် ဒီနေရာမှာ အမိုးအကာလေး တစ်ခုလောက် ဆောက်ထားသင့်တယ် ထင်တယ်..."

အသေးစိတ် ဂရုစိုက်တတ်သော ဟိုယွင်ကျဲက အလားအလာရှိသော အန္တရာယ်များကို ထည့်သွင်းစဉ်းစားပြီး အကြံပြုလိုက်၏။

"ဟုတ်တယ်... ဟုတ်တယ်..."

အခြားတပည့်များလည်း သဘောတူကြသည်။

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

"မင်းပြောတာ အဓိပ္ပာယ် ရှိတယ်... ခဏနေရင် ဆရာကြီးလီကို အကူအညီတောင်းပြီး ဆောက်ခိုင်းလိုက်မယ်... လောလောဆယ်တော့ အစ်ကိုကြီး ခေါင်းပြား စောင့်နေရင် လုံလောက်ပါတယ်..."

ထို့နောက် တပည့်များသည် သန့်စင်ခြင်း ကြာစိမ်း၏ ဘေးပတ်လည်တွင် ဝိုင်းထိုင်ပြီး ကျင့်ကြံကြရာ သာမန်ထက် ပိုမိုထိရောက်မှု ရှိကြောင်း တွေ့ရှိလိုက်ကြရသည်။

နံနက်စာ စားပြီးမှသာ ယဲ့ဖုန်းသည် တပည့်များကို ဦးဆောင်ကာ ရောင်စုံငါးသွယ်မြို့တော်သို့ ထွက်ခွာခဲ့ပြီး အစ်ကိုကြီး ခေါင်းပြားကို တစ်ကောင်တည်း အိမ်စောင့် ကျန်ရစ်ခဲ့စေသည်။

အစ်ကိုကြီး ခေါင်းပြားသည် နောက်ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်လျက် အဝေးသို့ ထွက်ခွာသွားသော ယဲ့ဖုန်းနှင့် အဖွဲ့ကို ငေးမောကြည့်ရှုနေပြီး တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

'ဘာလို့ သူများတွေကျတော့ အပြင်ထွက် ပျော်ပါးခွင့်ရပြီး ငါကျမှ တစ်ကောင်တည်း အိမ်စောင့် ကျန်ခဲ့ရတာလဲ...'

"ဝူး..."

အစ်ကိုကြီး ခေါင်းပြားသည် မကျေမနပ် ညည်းတွားလိုက်ပြီး ရေကန်ဘေးတွင် လှဲချလိုက်ကာ သန့်စင်ခြင်း ကြာစိမ်းကို လှမ်းကြည့်လိုက်မှ စိတ်သက်သာရာ ရသွားလေသည်။

ကောင်းကင်ယံတွင်...

အသွင်ပြောင်း သားရဲသည် တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲထားပြီး သန့်စင်ခြင်း ကြာစိမ်း ရှိနေကြောင်းကို သတိပြုမိလိုက်သလို ယဲ့ဖုန်းက အင်မော်တယ် (၅) ပါးကို ခေါ်ဆောင်သွားသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် မိုင် (၁၀၀) အကွာရှိ ဗိုလ်ချုပ်လေးထံသို့ သတင်းပို့လိုက်လေသည်။

ယဲ့ဖုန်းနှင့် တပည့်များ ရောင်စုံငါးသွယ်မြို့တော်သို့ ရောက်ရှိချိန်တွင် မွန်းတည့်နေပြီဖြစ်ကာ လမ်းမများပေါ်၌ လူများဖြင့် စည်ကားနေပြီ ဖြစ်သည်။

"ဟေး... မြူခိုးဂိုဏ်းက အင်မော်တယ်တွေ ရောက်လာကြပြီ..."

"မင်္ဂလာပါ အင်မော်တယ်တို့..."

မြို့သူမြို့သားများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည်။

ယဲ့ဖုန်းနှင့် တပည့်များသည် ပြန်လည်လက်ပြ နှုတ်ဆက်လိုက်ပြီးနောက် ဒေသခံတစ်ဦးအား မေးမြန်းကာ နန်လုတောင်တန်းရှိ ဝိညာဉ်သတ္တုတွင်း အသစ်၏ ခန့်မှန်းခြေ တည်နေရာကို စုံစမ်းလိုက်ပြီး ထိုနေရာသို့ ပျံသန်းထွက်ခွာသွားကြလေသည်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် သူ၏ ဂိုဏ်းဂုဏ်သတင်းတန်ဖိုးကို စစ်ဆေးကြည့်ရာ (၁၅၀၀) ကျော်လွန်နေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ မနေ့က တိုက်ကျွေးခဲ့သော ဟင်းချို၏ အရှိန်အဟုန်သည် မသေးလှပေ။

ထောင်ပေါင်းများစွာသော လူအုပ်ကြီးထဲတွင် မြူခိုးဂိုဏ်းကို "ထိတွေ့ခံစား" မိပြီး စစ်မှန်စွာ အသိအမှတ်ပြုသူ ရာဂဏန်းအနည်းငယ်တော့ ရှိစမြဲပင်။

ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ဂုဏ်သတင်းအမှတ်များသည် ဖြည်းဖြည်းချင်း ဆက်လက် တိုးတက်နေဦးမည်ဖြစ်ရာ ယဲ့ဖုန်း စိတ်ပျော်ရွှင်နေမိသည်။

'ရောင်စုံငါးသွယ်မြို့တော်က လူဦးရေ တစ်သိန်းကျော် ရှိတာဆိုတော့... တိုးတက်ဖို့ အလားအလာ ကောင်းတွေ အများကြီး ရှိသေးတာပဲ...'

ယဲ့ဖုန်း စိတ်ထဲတွင် တွေးတောရင်း တပည့်များနှင့်အတူ နန်လုတောင်တန်းထဲသို့ ဝင်ရောက်သွားလေသည်။

သူ မသိလိုက်သည်မှာ... လျှို့ဝှက်သော ထောင့်တစ်နေရာမှနေ၍ အေးစက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည် ဆိုတာပါပဲ။

အခန်း (၆၉) - အကြံအစည်များ ပျက်ပြားသွားသော ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်

~"ယဲ့ဖုန်း... မင်း ငါ့အလှည့်ကို စောင့်နေလိုက်..."

သစ်တောအုပ် ထူထပ်သော နေရာတစ်ခုတွင် ပုန်းခိုနေသူသည် အံကြိတ်၍ ရေရွတ်လိုက်၏။

ထို့နောက် သူ၏ ကြီးမားသန်မာသော ခြေထောက်များကို ငုံ့ကြည့်လိုက်ပြီး ပုံမှန်မဟုတ်သော ရူးသွပ်သော အပြုံး တစ်ခု ပြုံးလိုက်လေသည်။

နန်လုတောင်တန်းသည် အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ သွယ်တန်းနေပြီး အကျယ်အဝန်းအားဖြင့် မိုင်ပေါင်းများစွာ ကျယ်ဝန်းကာ အရှည်အားဖြင့် မိုင်ရာချီ ရှည်လျားလေသည်။ တောင်တန်းတစ်ခုလုံးသည် ဆန်းကြယ်သော မြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် ပျံသန်းရန် ခက်ခဲလှပေသည်။

ရွေးချယ်စရာ မရှိတော့သဖြင့် အဖွဲ့သည် အရှိန်လျှော့ကာ မြေပြင်မှ သွားလာရန် ဆုံးဖြတ်လိုက်ကြသည်။

"ဂိုဏ်းချုပ်ဦးလေး... နားထောင်ကြည့်ပါဦး... ရှေ့ကနေ ရေစီးသံ ကြားနေရတယ်... ရောင်စုံငါးသွယ်မြို့တော်က လူတွေ ပြောတာတော့ ဝိညာဉ်သတ္တုတွင်းက ရေတံခွန်တစ်ခုရဲ့ အနီးအနား မိုင်အနည်းငယ်အတွင်းမှာ ရှိတယ်တဲ့..."ဟု ရှီလေ့က ရှေ့သို့ လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ နန်လုတောင်တန်းတစ်ခုလုံးသည် မြူခိုးများဖြင့် ပြည့်နှက်နေကြောင်း တွေ့ရှိလိုက်ရသည်။ မြင်ကွင်းသည် (၃၀) မီတာအကွာအဝေးကိုပင် သေချာ မမြင်ရသဖြင့် နတ်ဆိုးသားရဲဆောင် ဒုတိယအဆင့်၏ 'ထောက်လှမ်းခြင်း လုပ်ဆောင်ချက်သည်လည်း အသုံးမဝင်သလောက် ဖြစ်နေလေသည်။

လုံခြုံရေးအတွက် ယဲ့ဖုန်းက ဆုံးဖြတ်လိုက်၏။

"ငါတို့ လမ်းလျှောက်သွားကြမယ်..."

"မဟာအင်မော်တယ်ကြီး... ကျွန်မတို့ ရှေ့ကနေ သွားပြီး ကင်းထောက်ပေးလို့ ရပါတယ်..."

ထိုအချိန်တွင် 'မြေခွေးတာ့ဟုန်'သည် ခုန်ထွက်လာပြီး ယဲ့ဖုန်းကို စိတ်လှုပ်ရှားစွာ လက်ပြလိုက်လေသည်။

"ဘယ်လို ကင်းထောက်နည်းလမ်းလဲ..." ယဲ့ဖုန်း အံ့သြသွားသည်။

ထိုအခိုက်အတန့်၌၊ မြေခွေးတာ့ဟုန်သည် လူသားတစ်ဦးကဲ့သို့ မတ်တတ်ရပ်လိုက်ပြီး လက်သည်းလေးများဖြင့် လက်ဟန်များ ဆက်တိုက် ဖော်ထုတ်လိုက်၏။ ထို့နောက် ကောင်းကင်သို့ လက်ညှိုးထိုးလိုက်ရာ လက်သည်းဖျားမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး လေထဲတွင် စက္ကူတစ်ရွက်အဖြစ် ပုံဖော်လိုက်၏။ ထိုစက္ကူထဲမှ တစ်ပေခန့်မြင့်သော စစ်သည်တော် တစ်ဦး ထွက်ပေါ်လာလေသည်။

"ကင်းလှည့်သွားချေ..."

မြေခွေးတာ့ဟုန်က အမိန့်ပေးလိုက်၏။

သူမ အမိန့်အား ကြားသောအခါ၊ စက္ကူစစ်သည်တော်သည် မျက်တောင်ခတ်လိုက်ပြီး ပုဆိန်ငယ် နှစ်လက်ကို ဝှေ့ယမ်းကာ ခြေလှမ်းတိုလေးများဖြင့် မြူခိုးများထဲသို့ ဝင်ရောက်သွားလေသည်။

"မဟာအင်မော်တယ်ကြီး... ကြည့်ပါဦး... စက္ကူစစ်သည်တော် မြင်ရတဲ့ မြင်ကွင်းကို ကျွန်မတို့လည်း မြင်ရတယ်..."

မြေခွေးတာ့ဟုန်သည် လေထဲသို့ လေမှုတ်ထုတ်လိုက်ရာ စားပွဲခုံအရွယ်အစားရှိသော အလင်းပြကွက် တစ်ခု ပေါ်လာပြီး စက္ကူစစ်သည်တော်၏ မြင်ကွင်းကို ပြသနေလေသည်။

"စက္ကူစစ်သည်တော်မှာ ဒီလို လုပ်ဆောင်ချက်လည်း ပါတာလား..."

ယဲ့ဖုန်းသည် မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး နေကြာစေ့များ အခွံခွာစားရင်း အလင်း ပြကွက်ကို ကြည့်ရှုလိုက်၏။

သူသည် ရေပေါ်ဖြူမြို့တော် အင်မော်တယ် (၅) ပါးကို နတ်ဆိုးသားရဲဆောင်သို့ ထည့်သွင်းပြီးကတည်းက ဤသိုင်းကို ပြီးပြည့်စုံခြင်း အဆင့် အထိ တတ်မြောက်ထားပြီး ဖြစ်သည်။ သို့သော် မြင်ကွင်းကိုပါ ရယူနိုင်သည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။

"ဒါက 'စက္ကူစစ်သည်တော်' ရဲ့ လုပ်ဆောင်ချက် မဟုတ်ပါဘူး... ဒါ ကျွန်မရဲ့ ကိုယ်ပိုင် ပါရမီပါ... ကျွန်မရဲ့ စိတ်အာရုံ တစ်စကို အရာဝတ္ထု တစ်ခုထဲ ထည့်သွင်းပြီး ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်ပါတယ်... ဒါပေမဲ့ ထိန်းချုပ်နိုင်တဲ့ အကွာအဝေးက (၃၀၀) ကျော်လောက်ပဲ ရပါတယ်..."

မြေခွေးတာ့ဟုန်က ပါးစပ်ကို လက်ဖြင့် အုပ်ကာ တခွီခွီ ရယ်မောရင်း ပြောပြလိုက်၏။

သူမသည် လက်ဟန်အမူအရာကို ရပ်တန့်လိုက်သဖြင့် သိုင်းပျက်ပြယ်သွားပြီး စက္ကူစစ်သည်တော်သည် နေရာတွင် ရပ်တန့်သွားလေသည်။ မြေခွေးတာ့ဟုန် ရှက်သွားပြီး ကပျာကယာ လက်ဟန် ပြန်လည် ရေးဆွဲကာ စက္ကူစစ်သည်တော်ကို ဆက်လက် ထိန်းချုပ်လိုက်ရသည်။

"ဒီသိုင်းက မဆိုးဘူးပဲ... သမီးတို့လည်း သင်လို့ ရမလား..."

မြေခွေးတာ့ဟုန်၏ ဘေးတွင် ထိုင်နေသော အိုးယန်ယွီက မေးလိုက်၏။

"သူတို့က ဒီလျှို့ဝှက်နည်းစနစ်ကို အဆင့်ငယ် အောင်မြင်မှုလောက်ပဲ တတ်မြောက်ထားတာ... မင်းတို့ကို သင်ပေးလို့ မရဘူး... သင်ချင်ရင် နောက်ကျမှ ငါ သင်ပေးမယ်..."

ယဲ့ဖုန်းက ဝင်ပြောလိုက်၏။

"ဝါး..."

ထိုအချိန်တွင် လီကျောက်ကျောက်၏ ပခုံးပေါ်တွင် ဝပ်နေသော 'မြေခွေးဖြူလေး'က မတ်တတ်ထရပ်လိုက်ပြီး အဝေးတစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။

"ရှောင်ပိုင် သတိပေးနေပြီ... အန္တရာယ် နီးကပ်လာပြီ..." လီကျောက်ကျောက်က အလျင်အမြန် သတိပေးလိုက်၏။

ထိုအခြေအနေကို မြင်လိုက်ရသည်နှင့် မိုယင်သည် "မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း"အား ချက်ချင်း အသက်သွင်းကာ ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်၏။ ခဏအကြာတွင် သူမ၏ မျက်လုံးများ စူးရှသွားပြီး သတိပေးလိုက်တော့သည်။

"အနီးနားမှာ အစွမ်းထက်တဲ့ ရန်သူတွေ ရှိနေတယ်... အားလုံး သတိထားကြပါ..."

ယဲ့ဖုန်းသည် နေကြာစေ့များကို သိမ်းဆည်းလိုက်ပြီး မတ်တတ်ထရပ်လိုက်၏။

သူ၏ လက်ဖဝါးပေါ်တွင် 'ဝိညာဉ်မူလ နာရီ' ပေါ်ထွက်လာပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်သည်။

"ခွပ်"

အဝေးတစ်နေရာမှ အသံတစ်သံ ကြားလိုက်ရသည်။

မြေခွေးတာ့ဟုန် ဖန်တီးထားသော အလင်းပြကွက်ထဲတွင် ကြီးမားသော အနက်ရောင် ဝက်ခြေထောက်ကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး စက္ကူစစ်သည်တော်ကို နင်းခြေဖျက်ဆီးပစ်လိုက်သည်ကို အထင်သား မြင်တွေ့လိုက်ရသည်။

"မဟာအင်မော်တယ်ကြီး... ရန်သူက အရမ်း အစွမ်းထက်တယ်..."

အလင်းပြကွက် ကွဲကြေသွားပြီး မြေခွေးတာ့ဟုန်သည် ကြောက်လန့်တကြားဖြင့် ယဲ့ဖုန်းကို သတင်းပို့လိုက်၏။

"သိပြီ..."

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။ "ကာကွယ်ရေး ပြင်ဆင်ကြ..."

မြူခိုးဂိုဏ်းတပည့်များသည် စက်ဝိုင်းပုံစံ နေရာယူလိုက်ပြီး ပတ်လည်ကို အပြည့်အဝ ကာကွယ်လိုက်ကြသည်။

"ဟဲဟဲဟဲ..."

မာနထောင်လွှားပြီး ရင်းနှီးနေသော အက်ကွဲကွဲ အသံ တစ်ခု အဝေးမှ ထွက်ပေါ်လာသည်။ ထို့နောက် သားရဲတစ်ကောင် မြေကြီးကို နင်းလျှောက်လာသကဲ့သို့ လေးလံသော ခြေသံများ ထွက်ပေါ်လာပြီး (၂) မီတာခန့် မြင့်မားသော လူရိပ်တစ်ခုသည် မြူခိုးများကို ခွဲထွက်ကာ သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။

ထိုသူသည် မျက်နှာကို ဖုံးအုပ်ထားသော အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဘယ်လက်တွင် လေးထောင့်ပုံစံ အနက်ရောင် ဒိုင်းကာတစ်ခုနှင့် ညာလက်တွင် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ ကိုယ်မှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေလေသည်။

သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ပေါင်းပင်များသည် ကြောက်ရွံ့သကဲ့သို့ ခေါင်းငုံ့ကျသွားကြ၏။

"ယဲ့ဖုန်း... ဒီနေ့က မင်းသေရမယ့် နေ့ပဲ..."

ရောက်လာသူက အေးစက်အက်ကွဲသော အသံဖြင့် ခြိမ်းခြောက်လိုက်၏။

ယဲ့ဖုန်း မျက်တောင်ခတ်လိုက်၏။

"ငါ မင်းကို သိလို့လား..."

"ရက်နည်းနည်းပဲ ရှိသေးတယ်... မင်းက ငါ့ကို မမှတ်မိတော့ဘူးလား..."

ရောက်လာသူသည် ဝတ်ရုံကို ဆွဲခွာလိုက်ရာ သူ၏ မျက်နှာအစစ်အမှန် ပေါ်ထွက်လာသည်။

တကယ့် သတ္တဝါဆန်းကြီးပါလား!

မျက်နှာမှလွဲ၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ အထူးခြားဆုံးမှာမူ သူ၏ ခြေထောက်များပင် ဖြစ်သည်။ (၁) မီတာခန့် ရှည်လျားသော ဝက်ခြေထောက်ကြီးများ ဖြစ်သော်လည်း အေးစက်သော သတ္တုရောင် တောက်နေသဖြင့် ခြေတုများ ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

"ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်လား..."

ယဲ့ဖုန်း ထိုမျက်နှာကို မြင်လိုက်ရမှ တစ်ဖက်လူကို မှတ်မိသွားတော့၏။

"မှန်တယ်... ငါပဲ..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် ရက်စက်ကြမ်းကြုတ်စွာ ရယ်မော လိုက်၏။

"အံ့သြသွားလား... ဗိုလ်ချုပ်လေးရဲ့ အကူအညီနဲ့ ငါက 'ရုပ်သေးခြေတံရှည်' တွေကို တပ်ဆင်လိုက်ပြီ... ပြီးတော့ 'တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးအကြေးခွံချပ်ဝတ်'ကိုလည်း ဝတ်ဆင်ထားတယ်... အခု မင်းတို့ကို ဝိုင်းထားတဲ့ ရုပ်သေးတပ်သားတွေနဲ့ ပေါင်းလိုက်ရင်... မင်းတို့ မြေမြှုပ်စရာ နေရာတောင် ရှိမှာ မဟုတ်ဘူး..."

သူ့စကားဆုံးသည်နှင့် မြူခိုးများကြားမှ ဝံပုလွေပုံစံ ရုပ်သေးရုပ် (၁၂) ရုပ်ခန့် ထွက်ပေါ်လာသည်။ တစ်ကောင်စီသည် (၂) မီတာခန့် ရှည်လျားပြီး ထက်ရှသော သွားများနှင့် အနီရောင်တောက်နေသော မျက်လုံးများ ရှိကြသည်။

"တိုက်ကြ... သူတို့ကို အမှုန့်ကြိတ်ပစ်လိုက်..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် စကားပိုမပြောတော့ဘဲ ချက်ချင်း တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။

"စွမ်းအင်ကျည်ဆန် ..."

ယဲ့ဖုန်းက ချက်ချင်း အမိန့်ပေးလိုက်၏။

စက်ဝိုင်းပုံစံ ရပ်နေကြသော မြူခိုးဂိုဏ်းတပည့်များသည် လက်တစ်ဖက်ဖြင့် လက်ဟန်အမူအရာ ပြုလုပ်လိုက်ကြသည်။ သူတို့၏ လက်ဖဝါးများတွင် လေပွေတစ်ခု စုစည်းသွားပြီးနောက် လက်သီးဆုပ် အရွယ်အစားရှိသော ဖိအားမြင့် လေအမြောက်ဆန်များကို "ဘုန်း" ကနဲ ပစ်လွှတ်လိုက်ကြသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ရုပ်သေးဝံပုလွေများသည် အနားသို့ပင် မကပ်နိုင်လိုက်ဘဲ စွမ်းအင်ကျည်ဆန်များ ထိမှန်ကာ လွင့်စဉ်သွားကြပြီး မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြသည်။ သို့သော် သူတို့သည် လျင်မြန်စွာ ပြန်ထလာပြီး ဆက်လက် တိုက်ခိုက်ရန် ပြင်ဆင်ကြပြန်သည်။

"ဓားတိုက်ခိုက်မှု သိုင်း ..."

အခွင့်ကောင်းကို အသုံးချ၍ မိုယင်သည် ဓားကို ဆွဲထုတ်လိုက်ပြီး ဖြစ်သည်။ "တောက်ပသော ဓားအလင်း" သိုင်းကို အသုံးပြုကာ သူမ၏ ဓားသိုင်းကွက်ကို ထုတ်ဖော်လိုက်ရာ အေးစက်သော ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ရှေ့ဆုံးမှ ရုပ်သေးဝံပုလွေ (၇) ကောင်သည် ခါးလယ်မှ ပြတ်တောက်သွားကြလေသည်။

"ပန်းပွင့်ကြွေ မိုးစက်များ..."

"စွမ်းအင်ကျည်ဆန်..."

"ဝိညာဉ်စက်ဝန်း ဓားပျံ ..."

"မီးတိမ်တိုက်လက်ဝါးသိုင်း..."

ကျားယွိလန်၊ ဟိုယွင်ကျဲ၊ ရှီလေ့နှင့် အခြားတပည့်များသည် သူတို့၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ထုတ်သုံးလိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် နတ်ဆိုးသားရဲများနှင့် ယှဉ်နိုင်သော ရုပ်သေးဝံပုလွေ (၁၀) ကောင်ကျော်သည် သာမန် သံတိုသံစများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲသွားကြလေတော့၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

"နေဦး... မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ဘာလို့ ဒီလောက် မြင့်မားနေရတာလဲ..."

ထိုအခါမှသာ မြူခိုးဂိုဏ်းတပည့်များသည် သူတို့၏ ကျင့်စဥ်များကို အပြည့်အဝ ထုတ်ဖော်

ပြသလိုက်ကြသည်။

ချီစုစည်းခြင်း (၈) ဆင့်မြောက် နှစ်ယောက်၊ (၇) ဆင့်မြောက် တစ်ယောက်၊ (၆) ဆင့်မြောက် နှစ်ယောက်၊ ကျန်သူများမှာ အနည်းဆုံး ချီစုစည်းခြင်း (၄) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။

သည်အချက်က ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို တုန်လှုပ်သွားစေသည်။

"အဆင့်နိမ့်ဂိုဏ်းလေး တစ်ခုမှာ ဒီလို လူအင်အားမျိုး ရှိနေတာလား..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် တအံ့တဩ အော်လိုက်မိသည်။ မူလက ရုပ်သေးဝံပုလွေများဖြင့် တိုက်ခိုက်ပြီး မြူခိုးဂိုဏ်းတပည့်များကို ဖရိုဖရဲဖြစ်စေကာ ယဲ့ဖုန်း၏ တပ်ခင်းကျင်းမှုကို ဖျက်ဆီးရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖရိုဖရဲဖြစ်သွားမှ သူက အခွင့်ကောင်းယူပြီး တိုက်ခိုက်မည်ဟု စိတ်ကူးထားခဲ့သည်။

သို့သော် လက်တွေ့တွင်မူ ယဲ့ဖုန်းသည် မျက်တောင်ပင် မခတ်လိုက်ရဘဲ သူ၏ တပည့်များက ရုပ်သေးဝံပုလွေအားလုံးကို လျင်မြန်သပ်ရပ်စွာ ရှင်းလင်းပစ်လိုက်ကြတော့၏။

ယဲ့ဖုန်းသည် ဝိညာဉ်မူလ နာရီကို ကိုင်ဆောင်လျက် ရှေ့သို့ တိုးလာသည်။ သူ၏ အကြည့်များက ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်၏ ခြေထောက်များအပေါ်တွင် ရပ်တန့်သွားသည်။

"မင်းက ဘာကိစ္စနဲ့ ဝက်ခြေထောက်ကြီးတွေကို တပ်ထားရတာလဲ..."

"ဒါတွေက ရုပ်သေးခြေထောက်တွေကွ..." ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဝက်ခြေထောက်တွေပဲ မဟုတ်ဘူးလား..." ယဲ့ဖုန်း မျက်တောင်ခတ်ရင်း မေးလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း... ဒါတွေက ဝက်ခြေထောက် မဟုတ်ဘူး... သေစမ်း... မင်းက အလစ်ဝင်တိုက်ရဲတယ်ပေါ့... ဒါ သိုင်းလောက စည်းကမ်းနဲ့ မညီဘူးကွ..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်နေစဉ် ယဲ့ဖုန်းသည် ရုတ်တရက် ဝိညာဉ်မူလ နာရီကို သူ့ထံသို့ ပစ်ပေါက်လိုက်သည်ကို တွေ့လိုက်ရသည်။ နာရီသည် လေထုကို ခွင်းလျက် ကြက်သီးထဖွယ် အသံကြီးနှင့်အတူ ပျံသန်းလာလေသည်။

"ဒေါင်..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် ဘယ်လက်မှ အနက်ရောင် ဒိုင်းကာကို မြှောက်ကာ ကာကွယ်လိုက်ရသည်။ အဆင့်နိမ့် ဝိညာဉ်လက်နက်ဖြစ်သော ဒိုင်းကာသည် အတွင်းသို့ ချိုင့်ဝင်သွားပြီး ပြင်းထန်သော ရိုက်ခတ်မှုအရှိန်ကြောင့် သူသည် (၁၀) မီတာခန့် နောက်သို့ လွင့်စဉ်သွားရလေသည်။

သူ၏ ခြေထောက်များသည် မြေကြီးပေါ်တွင် ပေဝက်ခန့် နက်သော မြောင်းကြီးနှစ်ခုကို ထွန်ယက်သွားသကဲ့သို့ ဖြစ်ပေါ်စေခဲ့သည်။

"ဟေ... မသေဘူးလား..."

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်ပြီး အံ့သြသွားမိသည်။

All Chapters