← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀) - ဝိညာဉ်သတ္တုတွင်း အသစ်အား လုယူကြခြင်းနှင့် မြေကမ္ဘာရူးသွပ်ပုတ်သင်နတ်ဆိုး

~ယခင် အခိုက်အတန့်က ယဲ့ဖုန်းသည် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို စကားပြောဆိုကာ အာရုံလွှဲထားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ တကယ့် ရည်ရွယ်ချက်မှာမူ တစ်ဖက်လူ၏ အာရုံကို ဖျက်၍ မိမိဘက်မှ အားစုစည်းရန်ပင် ဖြစ်ချေ၏။ အကြောင်းမူကား သူသည် 'စနစ်တကျ အကွက်ချ' တတ်သူ တစ်ဦး ဖြစ်ပေသည်။

ဤတိုက်ခိုက်မှုသည် အစွမ်းကုန် မဟုတ်သော်ငြား အနည်းဆုံး သူ၏ ခွန်အား (၇၀) ရာခိုင်နှုန်းခန့်တော့ ပါဝင်လေသည်။ သို့ပါသော်လည်း ထိုမျှလောက် အားဖြင့်တောင် အနက်ရောင် ဒိုင်းကာကို ချိုင့်ဝင်သွားရုံလောက်သာ ပြုလုပ်နိုင်ခဲ့သည်။

"အဟွတ် အဟွတ် အဟွတ်"

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ရာ ပါးစပ်ထောင့်မှ 'သွေးများ ဝေါ့ခနဲ အန်ချ' လာလေသည်။ ထိုခဏ၌ "ဂျွတ်" ကနဲ အသံနှင့်အတူ သူ၏ လက်ထဲမှ ဒိုင်းကာလည်း နောက်ဆုံးတွင် ကွဲကြေသွားတော့၏။

..တစ်ချက်တည်းနဲ့ အဆင့်နိမ့် ဝိညာဉ်လက်နက်ကို ကြေမွသွားအောင် လုပ်နိုင်တဲ့ စွမ်းအား ..ပြေးမှ ဖြစ်မယ်..

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်၏ 'မျက်နှာ ကွက်ခနဲ ပျက်' သွားတော့၏။

ကွဲကြေသွားသော ဒိုင်းကာ အစအနများကြားမှနေ၍ ယဲ့ဖုန်း၏ လက်သီးသည် အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူသည် ကြောက်လန့်တကြား ရှောင်တိမ်းလိုက်ရ၏။ သူသည် ကပျာကယာ ရှောင်လိုက်သော်လည်း ရင်ထဲတွင် တုန်လှုပ်နေမိသည်။

"ဝီ"

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်၏ ကြီးမားသော ဝက်ခြေထောက်ကြီးများသည် အားကုန် ထုတ်သုံးလိုက်ပြီး ယခင်ကထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြေးထွက်သွားလေသည်။ သူ ဖြတ်သန်းသွားသော နေရာတွင် ဝေဝါးသော အရိပ်များပင် ကျန်ရစ်ခဲ့သည်။

"မြန်လိုက်တာ"

ယဲ့ဖုန်း၏ 'လက်သီး တအားထိုးသွင်း' ချက် လွဲချော်သွားသည်။ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် 'တောအုပ်အတွင်း မည်းမည်းသဏ္ဍာန် ရိပ်ခနဲ ပြေးထွက်' သွားပြီး 'ရုတ်ချည်း ပျောက်ကွယ်' သွားသည်ကို သူ ငေးကြည့်နေမိလေ၏။

အခြားတပည့်များလည်း အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

"ဒီ ရုပ်သေးဝက်ခြေထောက်တွေက တိုက်ခိုက်ဖို့ မဟုတ်ဘဲ ထွက်ပြေးဖို့ လုပ်ထားတာကိုး"

လီကျောက်ကျောက်က အသံတိုးတိုးဖြင့် မှတ်ချက်ပြုလိုက်၏။

ယဲ့ဖုန်းသည်လည်း ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်၏ ဝက်ခြေထောက်များက ဤမျှ စွမ်းဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤအရှိန်သည် 'လေဝိညာဉ် ခြေလှမ်း' အပြည့်အဝ တတ်မြောက်ထားသည်ထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။

"ဂိုဏ်းချုပ် ..ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ" မိုယင်က မေးလိုက်၏။

ယဲ့ဖုန်းက မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ရုပ်သေးဝံပုလွေ အပိုင်းအစများကို ကြည့်လိုက်၏။

"အသုံးဝင်မယ့် ပစ္စည်းတွေကို ကောက်သိမ်းလိုက်ကြ"

"ဟုတ်ကဲ့ပါ ဆရာ"

တပည့်များ စတင် ကောက်သိမ်းကြလေသည်။

ပစ္စည်းများကို စနစ်သိုလှောင်ခန်းထဲ ထည့်ပြီးသည်နှင့် ယဲ့ဖုန်းသည် တပည့်များကို ဦးဆောင်ပြီး ဝိညာဉ်သတ္တုတွင်းရှိရာဆီသို့ သတိထားကာ 'ခြေလှမ်းကျဲကျဲ ထွက်ခွာ' သွားကြသည်။

မြူခိုးများ ဖုံးလွှမ်းနေသော သစ်တောအုပ်ထဲတွင် -

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ပြေးလာရသဖြင့် မိုင်ရာချီ ပြေးလာသော ခွေးတစ်ကောင်ပမာ လျှာထွက်ပြီး မောဟိုက်နေရသည်။

ဓားသိုင်းအရှင်ဂိုဏ်း၏ မဟာအကြီးအကဲသည် သူ၏ စီးတော်သားရဲ ကျားကြီးဘေးတွင် ဓားရှည်ကို ကိုင်လျက် ရပ်နေသည်။ သူက ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို ရှုတည်တည်ကြည့်ပြီး မေးလိုက်၏။

"ရုပ်သေးဝံပုလွေ တပ်ဖွဲ့ ဘယ်ရောက်သွားပြီလဲ"

ဒီစကားကြားတော့ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် မျက်နှာပုက်သိုးသွားသည်။

ဝိညာဉ်သတ္တုတွင်းကို တိုက်ခိုက်ရန် သီးသန့်ဝယ်ထားပြီး သူ့လက်ထဲ ခေတ္တအပ်နှံထားသော ထိုတပ်ဖွဲ့ကို သူက ယဲ့ဖုန်းကို 'လက်စားချေ' ရန် ကိုယ်ကျိုးအတွက် သုံးစွဲလိုက်မိခြင်း ဖြစ်သည်။ မြူခိုးဂိုဏ်း တစ်ဂိုဏ်းလုံးကို ဝါးမြိုပြီး အောင်ပွဲခံမည်ဟု 'လောဘသားကောင်' ပီပီ စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကံဆိုးချင်တော့ သူ ကျရှုံးသွားခဲ့လေပြီတကား။

ဒီကိစ္စကိုသာ ဗိုလ်ချုပ်လေး သိသွားလျှင် သူ့ကို သေချာပေါက် အရေခွံနွှာပစ်ပေလိမ့်မည်။

"ကျုပ်ကို မြူခိုးဂိုဏ်းက ခြုံခိုတိုက်ခိုက်လိုက်တာပါဗျ"

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က လေးနက်သော မျက်နှာထားဖြင့် 'ပါးရည်နပ်ရည်ရှိ' စွာ လိမ်ညာရန် စတင်လိုက်၏။

"ခင်ဗျား မသိပါဘူး. တိုက်ပွဲက အရမ်း ပြင်းထန်တာ ကျုပ်ရဲ့ ဟေးရွှမ်ဒိုင်းကာတောင် ကွဲကြေသွားတယ်.. အသေအလဲ မပြေးခဲ့ရင် ကျုပ်ကိုတောင် မြင်ရတော့မှာ မဟုတ်ဘူး"

သူ့စကားအား ကြားရတော့၊ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက မျက်ခုံးဖြူများကို တွန့်ချိုးလိုက်၏။ ဒီကိစ္စက ရိုးရှင်းမနေဟု သူ ခံစားလိုက်ရသည်။

ခဏမျှ စဉ်းစားပြီးနောက် သူက အသံတိုးတိုးဖြင့် ဆဲရေးလိုက်၏။

"ကောင်းပြီလေ.. မင်းက ရုပ်သေးဝံပုလွေ တပ်ဖွဲ့ကို သုံးပြီး မြူခိုးဂိုဏ်းကို ဝိုင်းတိုက်ခဲ့တယ်ပေါ့. ကြက်ကို မရဘဲ ဆန်ပါ ကုန်သွားပြီ.. အခု ရုပ်သေးဝံပုလွေ တပ်ဖွဲ့ မရှိတော့ရင် ဝိညာဉ်သတ္တုတွင်းကို ..လုတဲ့နေရာမှာ ငါတို့ဘက်က အားနည်းသွားလိမ့်မယ်.. ဗိုလ်ချုပ်လေးက အပြစ်တင်လာရင် မင်း ပြေးမလွတ်ဘူးနော်"

ပြောရင်းနှင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက ဒေါသထွက်လွန်းသဖြင့် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို ဓားဖြင့် ခုတ်ပစ်ချင်စိတ် ပေါက်လာသည်။

"ကျုပ်.. မလုပ်ပါဘူး လျှောက်မပြောပါနဲ့"

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က အလျင်အမြန် ပြန်လည်ချေပလိုက်၏။

ထိုအခါ၊ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ၏ ပါးစပ် မဲ့သွားရသော်လည်း ဗိုလ်ချုပ်လေး၏ စီမံကိန်း အရေးကြီးသည်ကို တွေးပြီး ဒေါသကို မြိုသိပ်လိုက်၏။

"ဒီအချိန်ကစပြီး ငါ့အမိန့်အတိုင်း လုပ် နောက်တစ်ခါ ထပ်ပြီး ရုတ်ရုတ်သဲသဲ လုပ်ရဲရင် ငါ့ဓားက မင်းရဲ့ ဝက်ခေါင်းကို ခုတ်ပိုင်းပစ်လိုက်မယ်ဆိုတာ မှတ်ထား"

ပြောပြီးသည်နှင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက ဓားရှည်ကို မြှောက်လိုက်ရာ အနီးနားရှိ မြူခိုးများပင် လွင့်စဉ်သွားလောက်အောင် ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။

"ကျုပ်.. သေချာပေါက် နာခံပါ့မယ်"

အသက်ရှင်ချင်စိတ် ပြင်းပြနေသော ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် ဒူးထောက်ပြီး မြေကြီးနှင့် ခေါင်းနှင့် ထိအောင် ဦးညွှတ်ကာ 'ငိုယို တောင်းပန်' လိုက်လေသည်။

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက စိတ်မကျေနပ်သေးသော်လည်း နောက်ဆုံးတွင် ဓားကို ပြန်သိမ်းလိုက်၏။

"ကျွီ.. ကျွီ"

ထိုအချိန်တွင် ကြွက်နက်တစ်ကောင် ပြေးလာပြီး မဟာအကြီးအကဲ၏ လက်ဖဝါးပေါ် ခုန်တက်ကာ စိတ်လှုပ်ရှားစွာ အော်မြည်လိုက်၏။

"ကောင်းတယ် မြူခိုးဂိုဏ်းတင် မကဘူး ငှက်မွေးတောင်ဂိုဏ်း .. တောင်ပြိုဂိုဏ်းနဲ့ တခြားဂိုဏ်းတွေလည်း ဝိညာဉ်သတ္တုတွင်းဆီ ရောက်နေကြပြီ ..ငါတို့ရဲ့ အစီအစဉ် စလို့ရပြီ"

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက ခြောက်ခြားစရာ ရယ်သံကြီးဖြင့် ရယ်မောလိုက်၏။

မိုင်အနည်းငယ် အကွာတွင် -

ယဲ့ဖုန်းနှင့် အဖွဲ့က တောင်ကြားတစ်ခုကို ရောက်လာကြသည်။ ဒီနေရာတွင် မြူခိုးများ ပါးလွှာပြီး မီတာ (၁၀၀၀) ကျော်လောက်အထိ မြင်နေရသည်။

ကျောက်ကမ်းပါး အောက်ခြေတွင် ဘယ်ကိုပေါက်မှန်း မသိရသော လိုဏ်ဂူကြီး တစ်ခု ရှိသည်။ လိုဏ်ဂူပတ်လည်တွင်မူ ဂိုဏ်းပေါင်းစုံမှ လူ (၁၀၀) ကျော်ခန့် ဝိုင်းအုံနေကြသည်။ ထိုအထဲတွင် အဆင့်မြင့်ဂိုဏ်းဖြစ်သော ငှက်မွေးတောင်ဂိုဏ်း၊ အလယ်အလတ်အဆင့် တောင်ပြိုဂိုဏ်းနှင့် အခြားဂိုဏ်းများ ပါဝင်သည်။

"ဟေ.. မြူခိုးဂိုဏ်းလည်း ရောက်လာပါလား"

"အဆင့်နိမ့်ဂိုဏ်းလေးပဲ ..ရောက်လာတော့ရော ဘာထူးမှာမို့လို့လဲ"

"ဘယ်သူတွေပဲ လာလာ..ဝိညာဉ်သတ္တုတွင်းရဲ့ ခြင်္သေ့ဝေစုကို ငါတို့ ငှက်မွေးတောင်ဂိုဏ်းကပဲ ရရမယ်"

ဂိုဏ်းပေါင်းစုံမှ တပည့်များက ယဲ့ဖုန်းတို့အဖွဲ့ကို ကြည့်ပြီး တီးတိုး ဝေဖန်နေကြသည်။

ယဲ့ဖုန်းကမူ ဂရုမစိုက်ပေ။

'လောကကို ကိုင်လှုပ်' မည့်သူ တစ်ယောက်အနေဖြင့် ဤမျှလောက် အပြောအဆိုများကို အရေးလုပ်နေမည် မဟုတ်ချေ။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ရင်းနှီးသောသူ မတွေ့ရပေ။

ထို့ကြောင့် တပည့်များနှင့်အတူ ထိုင်ချလိုက်ပြီး အစားအစာများ ထုတ်ကာ အားအင်

ဖြည့်တင်းလိုက်ကြသည်။

အခြားဂိုဏ်းများက ဒီမြင်ကွင်းကို ကြည့်ပြီး မျက်နှာထားများ ထူးဆန်းကုန်ကြသည်။

ဒီလိုအချိန်ကြီးမှာတောင် စားနိုင်သောက်နိုင်ကြသေးတယ်ပေါ့။

"လောင်ထျယ်.. မင်း ဂိုဏ်းကို ပြန်ပြီး စောင့်နေ"

ယဲ့ဖုန်းက သံလက်သည်း နဂါးလင်းယုန်ကို ပုတ်ပြီး ပြောလိုက်၏။

နဂါးလင်းယုန်က ခေါင်းညိတ်ပြီး ကောင်းကင်ပေါ် ပျံတက်သွားလေသည်။

ဝိညာဉ်သတ္တုတွင်းက မြေအောက်မှာ ရှိသည်လေ။ သံလက်သည်း နဂါးလင်းယုန်က ပျံသန်းသည့် သားရဲဆိုတော့ ဝင်ဖို့ မသင့်တော်ပေ။ အပြင်မှာ စောင့်နေလျှင်လည်း အန္တရာယ် ရှိနိုင်သည်။ ထို့ကြောင့် ဂိုဏ်းပြန်တာ အကောင်းဆုံးပင်။

"ဟော.. လူတွေ အများကြီးပါလား"

ထိုအချိန်တွင် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက ကျားကြီးစီးပြီး ရောက်လာသည်။ သူ့နောက်တွင် ချီစုစည်းခြင်း (၅) ဆင့်မြောက် အနည်းဆုံး ရှိသော တပည့် (၁၂) ယောက်ခန့် ပါလာသဖြင့် အခြားဂိုဏ်းများကို ချက်ချင်း လွှမ်းမိုးသွားလေသည်။

ယဲ့ဖုန်းက ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲကို လှမ်းကြည့်လိုက်ရာ ထိုလူက 'ရင်ကော့ ခေါင်းမော့' လျက် ဘယ်သူ့ကိုမှ ဂရုမစိုက်သလိုမျိုး ရှေ့တည့်တည့်ကိုသာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အချိန်ကျခါနီးပြီ.. ဝိညာဉ်သတ္တုတွင်းကို စောင့်ကြပ်နေတဲ့.. အဆင့်မြင့် နတ်ဆိုးစစ်သည်တော်အဆင့် 'မြေကမ္ဘာရူးသွပ် ပုတ်သင်နတ်ဆိုး' အစာရှာထွက်လာတော့မယ်.. ငါတို့ သူ့ကို ခြုံခိုတိုက်ခိုက်ကြမယ်.. ပြီးမှ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဝိညာဉ်သတ္တုတွင်းကို .. ယှဉ်ပြိုင်ကြတာပေါ့"

အစိမ်းရောင် ဝတ်ရုံဝတ်ထားပြီး သဘောကောင်းမည့်ပုံ ပေါက်သော ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲက ပြောလိုက်ခြင်းပါ။

ထိုသူက ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သည်။

သူက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ကို တက်ရောက်ဖို့ မကြိုးစားရသေးပေ။ အင်အားတွေ စုဆောင်းနေခြင်းပင်။ ရေပေါ်ဖြူမြို့တော်မှာ အဆင့်တက်ဖို့ အလားအလာ အရှိဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဟူ၍ သတင်းကြီးသည်။

အဆင့်တက်ဖို့ ကြိုးစားပြီးမှ ကျရှုံးခဲ့သည့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲနှင့် ယှဉ်လျှင် ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲ၏ စကားက ပိုပြီး ဩဇာ ရှိသည်။

"ကောင်းပြီ. ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲရဲ့.. အစီအစဉ်အတိုင်း လုပ်ကြတာပေါ့"

အခြားဂိုဏ်းများက မကန့်ကွက်ကြပေ။

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲကတော့ ..

သူ့အစီအစဉ်နှင့် သူ ရှိပြီးသားမို့လို့ မလိုအပ်ဘဲ ပြဿနာ မရှာချင်သဖြင့် ဘာမှ ဝင်မပြောဘဲ နေလိုက်၏။

အားလုံး အမြန် လူစုခွဲပြီး အနီးနားက တောအုပ်တွေထဲမှာ ပုန်းအောင်းလိုက်ကြသည်။

"ဂိုဏ်းချုပ် ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲဟင်"

ချုံပုတ်တွေကြားမှာ ပုန်းနေသော ရှဟဲက လည်ပင်း ယားလာတာနှင့် အသံတိုးတိုးလေး မေးလိုက်၏။

"မလောနဲ့ ..ဆက်စောင့်နေ. ခဏနေရင် မြေကမ္ဘာရူးသွပ်ပုတ်သင်နတ်ဆိုးကို တိုက်ခိုက်တဲ့အခါ ..ငါတို့က 'ရေလိုက်ငါးလိုက်' ပဲ လုပ်ကြမယ်"

ယဲ့ဖုန်းက လေးလေးနက်နက် မှာလိုက်၏။

"'ရေလိုက်ငါးလိုက်' ဆိုတာ ဘာလဲဟင်" အငယ်ဆုံး ဖြစ်သော အိုးယန်ယွီက ပြန်မေးလိုက်၏။

"ရေမကူးတတ်ဘူးလား..'ရေလိုက်ငါးလိုက်' ဆိုတာက အားကြိုးမာန်တက် လုပ်နေသယောင်ယောင်နဲ့ တကယ်တမ်းကျတော့ အားနည်းနည်းပဲ စိုက်ထုတ်တာကို ပြောတာကွ ..ဒါမှ နောက်ပိုင်းအတွက် အားမွေးထားလို့ ရမှာပေါ့"

ယဲ့ဖုန်းက 'ခပ်ပြုံးပြုံး' ဖြင့် ရှင်းပြလိုက်၏။

"သြော်.. သဘောပေါက်ပြီ"

တပည့်တွေ ခေါင်းညိတ်လိုက်ကြသည်။

နာရီဝက်လောက် စောင့်ပြီးသည့်နောက် -

နေမင်းကြီး အနောက်ဘက်ကို ယွန်းလာသည့် အချိန်ကျမှ လိုဏ်ဂူထဲကနေ "ဒုန်း ဒုန်း ဒုန်း" ဆိုသော လေးလံသည့် ခြေသံတွေ ကြားလိုက်ရသည်။ ဧရာမ ဆင်အုပ်ကြီး ပြေးလာသလိုမျိုး မြေကြီးတောင် လှုပ် သွားလေ၏။

"လာပြီ"

ယဲ့ဖုန်း အာရုံစိုက်လိုက်၏။

(၁၀) မီတာကျော် ရှည်လျားသည့် အနက်ရောင် ပုတ်သင်ညိုကြီးတစ်ကောင် လိုဏ်ဂူထဲက ထွက်လာ၏။ သူ့ကိုယ်ပေါ်မှာ ပန်းကန်လုံးလောက် ရှိသည့် အကြေးခွံတွေ ဖုံးအုပ်ထားပြီး အမြီးမှာ ဆူးတွေ ပါသေးသည်။ ခေါင်းပေါ်မှာတော့ အနီရင့်ရောင် ဦးချိုတစ်ခု ပေါက်နေပြီး ကြည့်ရတာ တော်တော် ခန့်ညားထည်ဝါသည်။

၎င်းက မြေကမ္ဘာ

ရူးသွပ် ပုတ်သင်နတ်ဆိုးတည်း။

အဆင့်မြင့် နတ်ဆိုးစစ်သည်တော်အဆင့် အထွတ်အထိပ် ရှိသော နတ်ဆိုးသားရဲ။

သူက လိုဏ်ဂူထဲက ထွက်လာတာနှင့် လျှာကို ထုတ်ပြီး ပတ်ဝန်းကျင်ကို သတိထား စူးစမ်းလိုက်၏။ ပြီးမှ ရှေ့ဆက်လျှောက်လာလေသည်။

"တိုက်ကြ"

ထိုအချိန်မှာပင် ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲက ညာသံပေးလိုက်၏။

ချုံပုတ်တွေကြားကနေ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာပြီး ကျောက်ကမ်းပါးကို ဝင်တိုက်လိုက်သည်။ ကျောက်တုံးကြီးများ ပြိုကျလာပြီး လိုဏ်ဂူဝကို ပိတ်ဆို့လိုက်ကာ ပုတ်သင်ညိုကြီး၏ ဆုတ်ခွာလမ်းကို ဖြတ်တောက်လိုက်တော့၏။

"တိုက်ကြဟေ့.. ပုတ်သင်ညိုကြီးကို သတ်ကြ"

ကျန်သည့် လူတွေလည်း ချုံပုတ်တွေကြားကနေ ခုန်ထွက်လာပြီး 'သည်းကြီးမည်းကြီး' တိုက်ခိုက်ကြလေတော့သတည်း။

အခန်း (၇၁) - အားလုံး ရေလိုက်ငါးလိုက် လုပ်နေကြခြင်းနှင့် မထင်မှတ်ထားသော အဖြစ်အပျက်

~တိုက်ပွဲစတင်ရန် လက်တစ်ကမ်းသာ လိုတော့၏။

"မြူခိုးဂိုဏ်းတပည့်တို့ စွမ်းအင်ကျည်ဆန် ပြင်ဆင်ကြ အားကုန် တရစပ် ပစ်ခတ်ကြဟေ့"

ယဲ့ဖုန်းသည် အလွန်အမင်း လေးနက်နေသည့်ဟန်ဖြင့် နှိုးဆော် လိုက်လေသည်။

တပည့်များကမူ ၎င်းသည် "ရေလိုက်ငါးလိုက်" အချက်ပြမှုမှန်း သိရှိလိုက်ကြသဖြင့် စွမ်းအင်ကျည်ဆန်များကို ပစ်လွှတ်လိုက်ကြရာ 'လေ မြည်ဟိန်းသံ' များ ပေါ်ထွက်လာပြီး တဘုန်းဘုန်း ပေါက်ကွဲသွားကြသည်။ သို့သော် မြေကမ္ဘာရူးသွပ်ပုတ်သင်နတ်ဆိုးကို ထိမှန်သောအခါ အကြေးခွံ တစ်ချပ်မျှပင် ကွာကျမသွားခဲ့ပေ။

"မျက်လုံးကို ပစ်. ကျောကုန်းကို မပစ်နဲ့"

"နောက်တန်းက လူတွေ သတိထားကြ"

"ဟေ့ ကြည့်စမ်း.. သူ့ဖင်ကို လှန်ပြလိုက်ပြီ.. တိုက်ခိုက်ကြ"

ယဲ့ဖုန်း၏ မျက်နှာသည် အော်ဟစ်လွန်းသဖြင့် နီရဲနေပြီး၊ ကျောက်တုံးကြီး တစ်တုံးကို မ၍ ပုတ်သင်ညိုကြီးဆီသို့ ပစ်ပေါက်လိုက်ခြင်းဖြင့် သူ အမှန်တကယ် 'သည်းကြီးမည်းကြီး' ကြိုးစားနေကြောင်း ပြသလိုက်လေသည်။

အခြားဂိုဏ်းမှ လူများသည် မြူခိုးဂိုဏ်း၏ ကောင်းကင်ကို တုန်ဟည်းစေသော အော်ဟစ်သံများနှင့် လေးနက်သော အမူအရာများကို မြင်လိုက်ရသောအခါ 'ငါတို့က အားမွေးမထားဘဲ မိုက်မဲလိုက်တာ' ဟု တွေးမိသွားကြသည်။

မှန်ပေသည်။

ဂိုဏ်းအားလုံးသည်လည်း "ရေလိုက်ငါးလိုက်" သာ လုပ်နေကြခြင်း ဖြစ်သည်။

သူတို့အားလုံးသည် 'ပါးရည်နပ်ရည်ရှိ' ကြပြီး အားမွေးထားရန် လိုအပ်ကြောင်း နားလည်ထားကြသည်။

သို့သော် အခြားဂိုဏ်းမှ တပည့်များ မသိလိုက်သည့်အချက်မှာ မြူခိုးဂိုဏ်းသည် "ရေလိုက်ငါးလိုက်" လုပ်ရာတွင် ကွင်းလုံးကျွတ် ချန်ပီယံ ဖြစ်နေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ စွမ်းအားထုတ်လုပ်မှုသည် အော်ဟစ်ခြင်းအပေါ်တွင်သာ မှီခိုနေသောကြောင့် ဖြစ်ပေသည်။

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ယဲ့ဖုန်း မျက်နှာနီရဲသည်အထိ အော်ဟစ်နေပုံနှင့် မြူခိုးဂိုဏ်းတပည့်များ အားကုန်ထုတ်နေပုံကို ကြည့်ပြီး မထီမဲ့မြင် တွေးလိုက်မိသည်။

'တကယ့် လူအုပ်စုပဲ.. မင်းတို့ အားကုန်သွားပြီး.. လိုဏ်ဂူထဲ ရောက်မှ ဖြည်းဖြည်းချင်း နှိပ်စက်ပြမယ်'

"ဝုန်း"

နောက်ဆုံးတွင်၊ မြေကမ္ဘာရူးသွပ်

ပုတ်သင်နတ်ဆိုးကြီး

သည် ကျင့်ကြံသူ ရာပေါင်းများစွာ၏ "အားစိုက်မှုအနည်းဆုံး" ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် 'ခန္ဓာကိုယ် ပျော့ခွေလဲကျ' သွားပြီး အသက်ဝိညာဉ် တဖြည်းဖြည်း ချုပ်ငြိမ်းသွားလေတော့၏။

အဆင့်မြင့် နတ်ဆိုးစစ်သည်တော်အဆင့် ဖြစ်သည့်အားလျော်စွာ ကျင့်ကြံသူ ရာပေါင်းများစွာက လက်လျော့ပြီး တိုက်ခိုက်တာတောင်မှ ၎င်း၏ ခွန်အားက ကြောက်စရာ ကောင်းနေတုန်းပင်။

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ယခုလို တိုက်ပွဲမျိုးမှာ ထိခိုက်မှု မရှိဘဲ နေနိုင်မည် ဖြစ်သည်။

"ဟားဟားဟား ..ပုတ်သင်ညိုကြီးကို ရှင်းပြီးပြီဆိုတော့ လိုဏ်ဂူအောက်ခြေက အကြီးမားဆုံး အန္တရာယ် မရှိတော့ဘူး.. ကျောက်တုံးတွေကို ဖယ်ပြီး ဝင်ကြစို့"

ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲက သဘောတကျ ရယ်မောလိုက်၏။

"ဒါနဲ့ ပုတ်သင်ညိုကြီးကို.. ဘယ်လို ခွဲဝေကြမလဲ"

"သူ့ရဲ့ အကြေးခွံတွေက အရမ်းမာကျောတာ.. အဆင့်မြင့် သံချပ်ကာ လုပ်လို့ရတယ်.. အလဟဿ မဖြစ်စေနဲ့"

အလယ်အလတ်အဆင့် ဂိုဏ်းချုပ်နှစ်ယောက်က အလျင်စလို အကြံပြုလိုက်ကြသည်။

ထိုအခါ၊ ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲက ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။

"ဒီတစ်ခါ အားလုံး ကြိုးစားခဲ့ကြတယ် ..အထူးသဖြင့် မြူခိုးဂိုဏ်းက ချီးကျူးစရာ ကောင်းလောက်အောင် ကြိုးစားခဲ့ကြတယ်.. ဒါကြောင့် ပုတ်သင်ညိုကြီးရဲ့ အကြေးခွံ ခြေသည်း သွား နဲ့ တခြား အသုံးဝင်တဲ့ ..ပစ္စည်းတွေကို လူဦးရေအလိုက် ခွဲဝေယူကြရင် ဘယ်လိုလဲ"

ရှိနေသည့် လူတွေ အားလုံးအတွက်ကတော့ ဝိညာဉ်သတ္တုတွင်းနှင့် ယှဉ်လိုက်ရင် ပုတ်သင်ညိုကြီးဆိုတာ အပိုဆုလောပ်သာ ဖြစ်၍ အချိန်ဖြုန်းမနေတော့ဘဲ သဘောတူလိုက်ကြသည်။

တစ်မွှေးတိုင် ထွန်းညှိချိန် မပြည့်ခင်မှာပဲ ပုတ်သင်ညိုကြီးကို အကုန် ခွဲဝေပြီးသွားကြပြီ ဖြစ်၏။ မြူခိုးဂိုဏ်းကတော့ "အကြိုးစားဆုံး" ဖြစ်ခဲ့သည့်အတွက် ခြေသည်းလက်သည်း အစုံလိုက်နှင့် အကြေးခွံ (၁၀) ခု ရရှိလိုက်၏။

သည်အချိန်မှာပင် လိုဏ်ဂူဝကို ပိတ်ထားသော ကျောက်တုံးတွေကိုလည်း ဖယ်ရှားပြီးသွားကြ၏။

ဝိညာဉ်သတ္တုတွင်း လက်လွတ်သွားမှာ စိုးရိမ်ကြ၍ လူတွေ အုံနှင့်ကျင်းနှင့် တိုးဝင်သွားကြသည်။

လိုဏ်ဂူက အတွင်းဘက်မှာ ကျယ်ဝန်းသည်။ အကျဉ်းဆုံးနေရာတောင် (၁၀) မီတာ ကျယ်ပြီး (၅) မီတာ မြင့်၏။ ပတ်ဝန်းကျင်က ခြောက်သွေ့နေပြီး လေဝင်လေထွက် ကောင်းမွန်သော လေပေါက်ကြီး တစ်ခုနှင့် ဆက်စပ်နေသလိုပင် လေတွေ တိုက်ခတ်နေသည်။

ဂိုဏ်းပေါင်းစုံက လူ (၁၀၀) ကျော် ဝင်ရောက်သွားကြ၏။

တချို့က လက်ဖဝါးကနေ အလင်းရောင် ထုတ်လွှတ်သည်၊ တချို့က ထိပ်ပြောင်ကြီးတွေ လင်းလက်နေသည်၊ တချို့က တစ်ကိုယ်လုံး တောက်ပနေပြီး၊ တချို့ကတော့ မီးတုတ်တွေ ထွန်းညှိကာ လမ်းကြောင်းကို အလင်းပေးကြ၏။

ယဲ့ဖုန်းက တပည့်တွေကို ဦးဆောင်ပြီး နောက်ဆုံးကနေ လိုက်ပါသွားလေ၏။

သို့သော်၊ ကံဆိုးချင်တော့ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက သူတို့နောက်ကပ်ပါလာပြီး ဘေးချင်းယှဉ် လျှောက်နေတာကြောင့် ယဲ့ဖုန်း စိတ်မသက်မသာ ဖြစ်နေရသည်။ ဓားသိုင်းအရှင်ဂိုဏ်း တပည့်တွေကတော့ ငှက်မွေးတောင်ဂိုဏ်းနှင့်အတူ ရှေ့ဆုံးက သွားနေကြသည်။

လူအကုန်လုံး လိုဏ်ဂူထဲ ဝင်သွားပြီးသည့် နောက် လိုဏ်ဂူဝမှာ မည်းမှောင်သော အရိပ်တစ်ခု ပေါ်လာပြီး အကြံကြီးသော အပြုံးနှင့် ရယ်မောလိုက်၏။

"မင်းတို့အားလုံး.. အနက်ရှိုင်းဆုံးနေရာကို ရောက်သွား တဲ့အချိန်ကျရင် မျှော်လင့်ချက်မဲ့တယ်ဆိုတာ. ဘာလဲ သိရစေမယ် ဟားဟားဟား"

လိုဏ်ဂူက အခွဲတွေ မရှိဘဲ အောက်ဘက်ကို တောက်လျှောက် ဆင်းသွာလေ၏ ၊ မြေအောက် မီတာ (၃၀၀) လောက်အထိ သူတို့..ရောက်သွားကြသည်။

ရုတ်တရက် ရှေ့လမ်းက ပွင့်သွား၏။

မျက်စိရှေ့မှာ (၁၀) မီတာလောက် မြင့်ပြီး မီတာ ဒါဇင်ချီ ကျယ်ဝန်းသော ဧရာမ မြေအောက်ခန်းမကြီး တစ်ခု ပေါ်လာ၏။ အရှည်ကတော့ မီတာ ရာချီ ရှည်လျားသည်။

ခန်းမကြီး၏ ကျောက်သားတွေနှင့် မြေကြီးတွေက ဝိညာဉ်အလင်းရောင်တွေ တောက်ပနေပြီး နေရာ တစ်ခုလုံးကို လင်းထိန်နေစေသည်။

"ဝါး"

"ဒါ ကျောက်စိမ်းသတ္တုရိုင်းပဲ"

"ဒီမှာ မီးလျှံရွှေ တွေ ရှိတယ်"

"ငါ့ဆီမှာ ဝိညာဉ်ကြေးနီသတ္တုတွေ အများကြီးပဲ"

"ဂိုဏ်းချုပ်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းငယ် တွေ့ထားတယ်"

ကျင့်ကြံသူ (၁၀၀) ကျော် ဒီနေရာကို ရောက်လာပြီး ပတ်ဝန်းကျင်က ဝိညာဉ်သတ္တုတွင်းတွေကို မှတ်မိသွားကြသည်။

အားလုံးက အဆင့်နိမ့် ဝိညာဉ်လက်နက်တွေ သွန်းလုပ်ရာမှာ သုံးသော ရှားပါးပစ္စည်းတွေချည်းသာ ။

"ဝိညာဉ်သတ္တုတွင်း တစ်ခုလုံးက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) လောက် တန်ကြေးရှိတယ် ညီတူမျှတူ ခွဲဝေရင်တောင် ဂိုဏ်းတိုင်း အမြတ်အစွန်း အများကြီး ရနိုင်တယ်"

"ဘာစောင့်နေကြတာလဲ မြန်မြန် တူးကြလေ"

ဂိုဏ်းပေါင်းစုံက လူတွေ နေရာအနှံ့ ပြန့်ကျဲသွားပြီး မကုန်ခင် အမြန်ဆုံး တူးယူဖို့ ကြိုးစားကြတော့၏။

"ဝုန်း"

ထိုအခိုက်အတန့်မှာ၊ ဝိညာဉ်သတ္တုတွင်း တည်ရှိရာ လိုဏ်ဂူမျက်နှာကြက်က ရုတ်တရက် ပြိုကျလာသည်။ ပေါင်သောင်းချီ လေးလံသော ကျောက်တုံးကြီးတွေ၊ သဲတွေနဲ့ အေးစက်စိုစွတ်သော ရွှံ့နွံတွေ ဒလဟော ပြိုကျလာ၏။

ကံကောင်းတာက ရှိနေသည့် လူတွေ အားလုံးက တုံ့ပြန်မှု အရမ်းမြန်တဲ့ ကျင့်ကြံသူတွေ ဖြစ်နေ၍သာ။

အားလုံး သီသီလေး ရှောင်လိုက်နိုင်ကြပြီး "ကျောက်တုံးပိသေတသော ကျင့်ကြံသူများ"ဟူသည့် ထာဝရ အရှက်ရစရာ ဖြစ်ရပ်ဆိုးမှ လွတ်မြောက်သွားကြသည်။

"ထွက်ပေါက်ဆီ ပြေးကြ"

ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲက အရေးတကြီး အော်ဟစ်ပြီး ရှေ့ဆုံးမှ 'ခုန်ပျံတိုက်ခိုက်' သွားသည်။

"ချလွင်"

မှောင်မိုက်သော ထောင့်တစ်နေရာမှ ဓားကြီးတစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး (၁၀) မီတာလောက် ရှည်သော ဓားရောင်တစ်ချက် ဝင်းလက် သွား၏။

ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲက လက်တစ်ဖက်နှင့် လက်ဟန်အမူအရာ ပြုလုပ်ပြီး 'အကာအကွယ် ဝိညာဉ်အလင်း' အား ထုတ်ဖော်လိုက်သည်။ တဆက်တည်း၌၊ စားပွဲဝိုင်းလောက် ကြီးမားတဲ့ ဒိုင်းဝိုင်းတစ်ခုကို ပစ်ထုတ်ပြီး သူ့ရှေ့မှာ ကာကွယ်လိုက်၏။

"ဒုန်း"

စူးရှသော အသံကြီး ပေါက်ကွဲထွက်ပေါ်လာပြီး အားလုံးအား နားအူသွားစေသည်။

ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲက သူ့ဒိုင်းကာ ကွဲအက်သွားတာကို တွေ့လိုက်လရသည့်အခါ၊ မျက်ခွံတွေ လှုပ်သွားပေမယ့် ဓားအလင်းတန်းကို တားဆီးနိုင်ခဲ့၍ သက်ပြင်းချလိုက်နိုင် ၏။

ထိုအချိန်မှာပဲ "ဒုတ်" ကနဲ အသံ ထပ်ကြားလိုက်ရတယသည်။

သူ ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်ကို ဓားကြီးတစ်လက် 'ထိုးဖောက်ဝင်ရောက်' နေတာ တွေ့လိုက်ရ၏။ ခေါင်းကို အမြန်လှည့်ကြည့်လိုက်တော့ ရုပ်သေးဝက်ခြေထောက် တပ်ဆင်ထားသည့် (၂) မီတာလောက် မြင့်သော လူသန်ကြီးတစ်ယောက်က သူ့ကို စူးစူးဝါးဝါးကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲဆိုတာ ဒီလောက်ပါပဲလား" ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က 'မဲ့ပြုံး ပြုံး' လိုက်သည်။

ဓားကို ဘေးတိုက် ဆွဲလိုက်သည်နှင့် ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲ၏ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားပြီး အသက်ဝိညာဉ် ချုပ်ငြိမ်းသွားရရှာသည်။ ထွက်ပြေးဖို့ ကြိုးစားနေသော တခြားကျင့်ကြံသူတွေ၏ မျက်လုံးအိမ်တွေ ကျယ်သွားကြသည်။

ထိုစဉ်၊ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက ကျားကြီးစီးပြီး မှောင်မိုက်သည့် ထောင့်တစ်နေရာကနေ ထွက်ပေါ်လာသည်။ သူ့လက်ထဲမှာ ဓားရှည်ကို မြှောက်ကိုင်ထားသည်။

အစောက ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲကို အစွမ်းကုန် ခုခံကာကွယ်အောင် ဖိအားပေးလိုက်ခြင်းက သူ၏ အစွမ်းကုန် တိုက်ခိုက်မှုပင်။

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကတော့ နောက်ကျောကနေ အလစ်ဝင်တိုက်တဲ့ တာဝန်ယူထားခြင်းပင်။

နှစ်ယောက်သား အချိတ်အဆက်မိမိ ပူးပေါင်းလိုက်တာကြောင့် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံလာခဲ့သော ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ကျွမ်းကျင်သူ ငှက်မွေးတောင်ဂိုဏ်း မဟာအကြီးအကဲဟာ ချက်ချင်း ကျဆုံးသွားခဲ့ရသည်။

"မဟာအကြီးအကဲ ကျဆုံးသွားပြီ"

"ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်"

"ဘာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူလဲ.. အဲဒါ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကွ"

"ငါတို့တော့ သွားပြီ.. ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက နတ်ဆိုးမျိုးနွယ်ရဲ့ သူလျှို ဖြစ်နေတာပဲ.. ငါတို့ မြေအောက် မီတာ (၁၀၀) မှာ ပိတ်မိနေပြီ.. အန္တရာယ် အရမ်းကြီးတယ်"

ဂိုဏ်းပေါင်းစုံက ကျင့်ကြံသူတွေ၏ မျက်နှာပေါ်မှာ ထိတ်လန့်ကြောက်ရွံ့မှုတွေ အထင်းသား ပေါ်လာကြသည်။

ဖြစ်စဉ်တစ်လျှောက်လုံးမှာ ယဲ့ဖုန်းကတော့ 'ကျောက်ရုပ်ကြီးပမာ' တည်ငြိမ်နေသည်။ တခြားတပည့်တွေကတော့ အရိပ်အယောင်တောင် မကျန်တော့ဘဲ 'ရုတ်ချည်း ပျောက်ကွယ်' သွားကြတော့၏။

မြေပြင်ပေါ်တွင် -

မိုယင်၊ ရှီလေ့ နှင့် အခြားတပည့် (၁၀) ယောက်စလုံး ပေါ်လာကြသည်။

အန္တရာယ်ကြုံသည့် အခိုက်အတန့်မှာ ယဲ့ဖုန်းက သူတို့ကို ပထမအဆင့် သိုင်း "မြေလျှိုးခြင်း" သုံးပြီး မြေကြီးထဲ ပုန်းခိုခိုင်းလိုက်၍ အန္တရာယ်ကနေ လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်ပါသည်။

လီကျောက်ကျောက်က မေးလိုက်သည်။ "အစ်ကိုကြီး ..ငါတို့ ဘာဆက်လုပ်ကြမလဲ"

ထိုမခါ၊ ရှီလေ့က ကျောက်တုံးတွေနှင့် ပိတ်ဆို့နေသော လိုဏ်ဂူဝကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ကြည့်ပါဦး ..လိုဏ်ဂူဝက ပိတ်သွားပြန်ပြီ.. တခြားလူတွေ ထွက်ပြေးလို့ ရအောင် အပြင်ကနေ ဖျက်ဆီးပေးကြစို့.."

"ဝူး ဝူး"

ထိုအခိုက်အတန့်မှာ၊ ချုံပုတ်တွေကြားမှ အလယ်အလတ် နတ်ဆိုးစစ်သည်တော်အဆင့် 'ငရဲဝံပုလွေ' အကောင်လိုက် ခုန်ထွက်လာပြီး မိုယင်နှင့် တခြားတပည့်တွေကို မြင်သည်နှင့် ဝင်ရောက်တိုက်ခိုက်ကြတော့၏ ။

"စွမ်းအင်ကျည်ဆန်"

တပည့်အားလုံးက အဝေးပစ် သိုင်းကို ပြိုင်တူ ထုတ်သုံးလိုက်ကြပြီး သေမင်းဆီ ကိုယ်တိုင် သွားအပ်သလို ဖြစ်နေတဲ့ ငရဲဝံပုလွေတွေကို ပစ်ခတ်သတ်ဖြတ်လိုက်ကြ၏။

ထ်ုအချိန်မှာ မြေအောက် မီတာ (၃၀၀) အကွာမှာတော့ -

မြေအောက်ခန်းမကြီး တစ်ခုလုံး ပြိုကျသွားပြီး ကျင့်ကြံသူ အများအပြား ကျောက်ပုံတွေအောက်မှာ ပိမိနေကြသည်။ သူတို့၏ ကံကြမ္မာက ဘယ်လို ဖြစ်မလဲ မသိရသေးပါ။

ယဲ့ဖုန်းကတော့ အနောက်ဆုံးမှာ ရှိနေခဲ့သည် ဆိုတော့ ဥမင်လိုဏ်ခေါင်းထဲကို အရင်ဆုံး ခုန်ဝင်နိုင်ခဲ့၍ ကျောက်တုံးတွေအောက် မပိမိခဲ့ပါ။

သူ့ဘေးမှာတော့ တခြားဂိုဏ်းတွေက ကံကောင်းသော တပည့် (၁၀) ယောက်လောက် ရှိနေကြသည်။

အခန်း (၇၂) - ဂိုဏ်းချုပ်ယဲ့၏ ပြိုင်ဘက်ကင်း အစွမ်း

~"ဟဲဟဲဟဲ... အလောင်းပုံအောက်ထဲ မရောက်သွားတဲ့ ကြောင်ပါးလေးတွေ ကျန်နေသေးတာပဲ... လမ်းကြုံတုန်း ရှင်းသွားလိုက်ဦးမယ်..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ယဲ့ဖုန်းနှင့် အဖွဲ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုကာ အေးစက်သော လေသံဖြင့် ခြိမ်းခြောက်လိုက်၏။

ထိုစကားကို ကြားလိုက်ရသဖြင့် ဂိုဏ်းပေါင်းစုံမှ တပည့်များမှာ ကြက်သီးမွေးညှင်း ထသွားကြရသည်။

ယခုအချိန်တွင် အခြားသူများအားလုံးသည် ဧရာမကျောက်တုံးကြီးများ၊ သဲမုန်တိုင်းများနှင့် မြေကြီးများအောက်တွင် ပိမိနေကြပြီ ဖြစ်သည်။ သူတို့၏ အသက်အန္တရာယ် မစိုးရိမ်ရလျှင်တောင်မှ မကြာမီအချိန်အတွင်း လွတ်မြောက်လာနိုင်ရန် မလွယ်ကူပေ။

ကျန်ရှိနေသော ပုဇွန်ဆိတ်အဖွဲ့လေးမှာမူ မဟာအကြီးအကဲ၏ သွားကြားညပ်ရုံလောက်သာ ရှိပေလိမ့်မည်။

"ငါတို့တော့ သွားပြီ... အကုန် သေကုန်ကြတော့မယ်..."

"မဖြစ်နိုင်ဘူး... ငါတို့မှာ မျှော်လင့်ချက် ရှိပါသေးတယ်... မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ ရှိနေသေးတယ် မဟုတ်လား..."

"ဟာ... မင်းကလည်း... ဂိုဏ်းချုပ်ယဲ့ဆိုတာ သာမန်လူပါကွ... လာဘ်ကောင်အနေနဲ့ ပါလာတာ နေမှာပါ... အခုချိန်ထိ အသက်ရှင်နေတာကိုက ကံကောင်းလွန်းလို့ပါ... သူ့ကို အားကိုးမယ့်အစား ခေါင်းတလား သွားဝယ်တာက ပိုပြီး လက်တွေ့ကျဦးမယ်..."

ဂိုဏ်းပေါင်းစုံမှ တပည့်များသည် ငိုမဲ့မဲ့ မျက်နှာများဖြင့် ညည်းတွားနေကြသည်။

တံခါးစောင့်ဘီလူးကြီးသဖွယ် ဖြစ်နေသော ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲနှင့် ကြောက်မက်ဖွယ်ရာ ရုပ်သေးလူသားအဖြစ် ပြောင်းလဲထားသော ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်တို့ကို ရင်ဆိုင်ရမည်ဖြစ်ရာ မည်သူမျှ အသက်ရှင်လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့ဟု ခံစားနေကြရသည်။

သို့သော် အားလုံး အံ့အားသင့်သွားစေသည့်အရာမှာ ဓားကြီးကို ကိုင်ဆောင်ထားသော ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် သူတို့ကို လုံးဝ ဂရုမစိုက်ဘဲ ယဲ့ဖုန်းကိုသာ လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခြင်း ဖြစ်သည်။

"ယဲ့ဖုန်း... မင်း တကယ် အသက်ရှင်နေသေးတာပဲ..."

သူ၏ အသံမှာ အနည်းငယ် တုန်လှုပ်နေပုံရသည်။

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲကမူ မဲ့ပြုံး ပြုံး လိုက်ပြီး ပြောလိုက်၏။

"ယဲ့ဖုန်း အသက်ရှင်နေတော့ရော ဘာဖြစ်သလဲ... မြူခိုးဂိုဏ်းတပည့်တွေ အကုန်လုံး မြေမြှုပ်ခံလိုက်ရပြီ... ငါတို့နှစ်ယောက် ပေါင်းပြီး သူ့ကို ရှင်းပစ်လိုက်ရင် ပြီးတာပဲ... ပြီးရင် မြေအောက်မှာ ပိတ်မိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို သတ်ပစ်ပြီး သွေးယဇ်ပူဇော်ပွဲ ကို စတင်လိုက်ရုံပဲ..."

"ကောင်းပြီလေ..." ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။

သူတို့နှစ်ဦး၏ ပြောစကားများကို ကြားလိုက်ရသဖြင့် ကျန်ရှိနေသော ကျင့်ကြံသူ (၁၀) ဦးခန့်မှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်နေသော ဝါရင့်ကျင့်ကြံသူ နှစ်ဦးက သာမန်လူတစ်ယောက်ဖြစ်တဲ့ ယဲ့ဖုန်းကို တိုက်ခိုက်ဖို့ ပူးပေါင်းကြမယ် တဲ့လား...

ငါတို့ နားကြားမှားတာများလား...

အားလုံး၏ ဦးနှောက်များ အလုပ်မလုပ်တော့သကဲ့သို့ ခံစားလိုက်ရသည်။

"သတ်ကြ..."

ထိုအချိန်တွင် အစွမ်းထက် ကျင့်ကြံသူ နှစ်ဦး လှုပ်ရှားလိုက်ကြပြီ ဖြစ်သည်။

"မြေခွင်း ဓားသိုင်း .."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်နှင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲတို့သည် ပြီးပြည့်စုံခြင်းအဆင့် သို့ ရောက်ရှိနေသော ပထမအဆင့် သိုင်းကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။

(၁၀) မီတာခန့် ရှည်လျားသော တောက်ပသည့် ဓားအလင်းတန်းနှစ်ခုသည် ယဲ့ဖုန်းထံသို့ ကြက်ခြေခတ်ပုံစံဖြင့် ဝင်ရောက်လာလေသည်။

တစ်ခဏချင်းစီတွင် ဥမင်လိုဏ်ခေါင်းအတွင်းရှိ အပူချိန်သည် ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဘေးမှ ရပ်ကြည့်နေသော ကျင့်ကြံသူများပင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး အေးစက် တောင့်တင်းသွားပြီး တိုက်ခိုက်ချင်စိတ်များ ပျောက်ဆုံးကုန်ကြ၏။

"ဝီ..."

ယဲ့ဖုန်းသည် "ကိုးပါးသော ကောင်းကင် မိုးကြိုးကန်ချက်" ကို အသုံးပြုကာ လိုဏ်ခေါင်းမျက်နှာကြက်ဆီသို့ ခုန်တက်လိုက်၏။ ကျောက်တုံးများကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး မျက်နှာကြက်နှင့် ကပ်လျက် အနေအထားဖြင့် ရှောင်တိမ်းလိုက်၏။

ဓားအလင်းတန်းများသည် ပစ်မှတ်လွဲချော်သွားပြီး မြေကြီးပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးနှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကျောက်စအစအနများ လွင့်စဉ်ထွက်လာသဖြင့် ဘေးနားရှိ ကျင့်ကြံသူများ လန့်ဖျပ်သွားကြသည်။

"တစ်ချက်တည်းနဲ့ (၃) ကျန်း အမြင့်ကို ခုန်တက်သွားတယ်... ဂိုဏ်းချုပ်ယဲ့က သေချာပေါက် သာမန်လူ မဟုတ်ဘူး..."

"သူက လူတစ်သန်းမှာ တစ်ယောက်သာ ရှိတတ်တဲ့ 'ခန္ဓာကိုယ်ကျင့်ကြံသူ' ပဲ..."

"ငါတို့ တကယ်ပဲ ကယ်တင်ခံရတော့မယ် ထင်တယ်..."

လူအုပ်ကြီး ဝမ်းသာအားရ ဖြစ်သွားကြသည်။

"ဝါး..."

ထိုအချိန်တွင် ပုန်းအောင်းနေသော ကျားကြီး သည် နားကွဲလုမတတ် ဟိန်းဟောက်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ယဲ့ဖုန်းကို ကိုက်ခဲရန် ကြိုးစားလိုက်၏။

"လာစမ်းပါ..."

ယဲ့ဖုန်း မကြောက်ရွံ့သည့်အပြင် ပျော်ရွှင်စွာပင် စိန်ခေါ်လိုက်၏။

"ဘုတ်..."

(၂) မီတာခန့် မြင့်မားသော 'ဝိညာဉ်မူလ နာရီ' ကြီး ရုတ်တရက် ပြုတ်ကျလာသည်။ လေထဲသို့ ရောက်ရှိနေသော ကျားကြီးခမျာ ကိုယ်ကို လိမ်ဖယ်ပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။ နာရီကြီးသည် ကျားကြီး၏ ဦးခေါင်းတည့်တည့်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

"အူး..."

သနားစရာကောင်းသော အော်မြည်သံနှင့်အတူ ကျားကြီးသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ အသက်ငွေ့ငွေ့သာ ကျန်တော့ပြီး ခဏမျှ ရုန်းကန်ပြီးနောက် နေရာတွင်ပင် သေဆုံးသွားလေသည်။

"ကျားကြီးကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား..."

"ဂိုဏ်းချုပ်ယဲ့က အရမ်း ကြမ်းတာပဲ..."

ကျင့်ကြံသူများ၏ မျက်လုံးများ အရောင်တောက်လာကြသည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်း၏ ဂုဏ်သတင်းအမှတ် (၁၅) မှတ် တိုးလာကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် တိုက်ပွဲပြင်းထန်နေချိန် ဖြစ်၍ ဂုဏ်သတင်းအမှတ်ကို ဂရုမစိုက်နိုင်တော့ပေ။

သူသည် ရှေ့သို့ ပြေးထွက်သွားပြီး ဝိညာဉ်မူလ နာရီကို ဖမ်းယူကာ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ထံသို့ ပစ်ပေါက်လိုက်လေသည်။

"ငါ့ရဲ့ စီးတော်ယာဉ်ကို သတ်ရဲတယ်ပေါ့..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ဘေးသို့ ချက်ချင်း ရောက်ရှိလာသည်။ နှစ်ဦးသား ပူးပေါင်းပြီး ဓားများကို ဝှေ့ယမ်းကာ ဝိညာဉ်မူလ နာရီကို "ဒေါင်" ကနဲ ရိုက်ပုတ်လိုက်ကြသည်။

သို့သော် နှစ်ဦးစလုံးသည် ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် လက်များ ထုံကျဉ်သွားကာ မီတာအနည်းငယ် နောက်ဆုတ်သွားရသည်။ သူတို့၏ ဓားရှည်နှင့် ဓားကြီးများတွင်လည်း ချိုင့်ခွက်များ ဖြစ်ပေါ်သွားလေသည်။

"ငါ့ရဲ့ ပေါင်တစ်ရာ ဓားကြီး..."

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် ရင်ကွဲသွားရသည်။

ဤလက်နက်သည် သူ မကြာသေးမီကမှ စတင်အသုံးပြုခဲ့ပြီး လက်ထဲတွင် အသားကျနေပြီ ဖြစ်သည်။ သို့သော် တစ်ချက်တည်း ရိုက်မိရုံဖြင့် အက်ကွဲရာ ဖြစ်သွားပြီး စွမ်းအားများ လျော့နည်းသွားရတော့၏။

"နောက်ဆုတ်ပြီး ဝင်္ကပါနဲ့ . သူ့ကို မောအောင် လုပ်ကြမယ်..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ဆုတ်ခွာရန် ကြံရွယ်ပြီး ဝင်ပေါက်မှ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။

"ဝင်ပေါက်ကို ကျုပ် ပိတ်လိုက်ပြီ..." ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်က ရုတ်တရက် ပြောလိုက်၏။

"သူတောင်းစား.. တုံးလှချည်လား..." ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်၏။

"ကျုပ်က သူတို့ ထွက်ပြေးမရအောင် ပိတ်လိုက်တာလေ... ဘယ်သူ ထင်မှာလဲ... ကျုပ်တို့က လူပြက်တွေ ဖြစ်သွားမယ်လို့..." ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် ပြန်အော်လိုက်၏။

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ စကားမပြောနိုင်တော့ပေ။

သူ အတိတ်ဘဝက မကောင်းမှု တစ်ခုခု လုပ်ခဲ့မိ၍သာ ယခုလို ဦးနှောက်မရှိသော အသင်းဖော်နှင့် လာတွေ့နေရတာ ဖြစ်မည်ဟု တွေးမိလိုက်၏။

"ဝုန်း..."

ယဲ့ဖုန်းသည် ဝိညာဉ်မူလ နာရီကို လက်ဖက်ရည်ပန်းကန်လုံး အရွယ်အစားအထိ ချုံ့လိုက်ပြီး အမြန်ဆုံး အရှိန်ဖြင့် ပစ်လွှတ်လိုက်၏။

ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်သည် ဓားကြီးကို မြှောက်ကာ ကာကွယ်ရန် ကြိုးစားလိုက်၏။

သို့သော် "ဟန်ချက်ညီ ခုနစ်သွယ် စွမ်းအား" နှင့် ညီမျှသော ယဲ့ဖုန်း၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ ဓားကြီး နှစ်ပိုင်းကျိုးသွားလေသည်။ ဝိညာဉ်မူလ နာရီသည် ကျိုးသွားသော ဓားအပိုင်းအစများကို သယ်ဆောင်လျက် ဆက်လက် တိုးဝင်သွားပြီး ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို ကျောက်နံရံနှင့် ဖိကပ်လျက် သတ်ဖြတ်လိုက်လေသည်။

ဟေးရွှမ်ဂိတ် တစ်ဂိုဏ်းလုံးကို သွေးယဇ်ပူဇော်ခဲ့သော လူသတ်သမားကြီးသည် နောက်ဆုံးတွင် မြေအောက် မီတာ (၃၀၀) အကွာတွင် အသက်ပါသွားတော့သည်။

"မဖြစ်ဘူး..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ၏ မျက်လုံးများ သွေးရောင် လွှမ်းသွားသည်။

သူသည် ဓားရှည်ကို မြေကြီးပေါ် စိုက်ချလိုက်ပြီး အနီရောင် ဆေးလုံးတစ်လုံးကို မျိုချလိုက်၏။ ဆံပင်များ ဖရိုဖရဲ ဖြစ်လာပြီး အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ကြွက်သားများ ဖောင်းပွလာပြီး ခန္ဓာကိုယ်ပေါ်တွင် မီးခိုးရောင် ဝံပုလွေအမွှေးများ ပေါက်ရောက်လာကာ ဧရာမ ဝံပုလွေလူသားကြီးအဖြစ် ပြောင်းလဲသွားလေသည်။

"ငါ မင်းကို သတ်မယ်..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ဓားရှည်ကို မြှောက်ကာ ယဲ့ဖုန်း၏ ဦးခေါင်းကို ခုတ်ပိုင်းရန် ရွယ်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့... သတိထား..."

ယဲ့ဖုန်း၏ ပရိသတ်များ ဖြစ်သွားကြသော ကျင့်ကြံသူများသည် စိုးရိမ်တကြီး သတိပေးလိုက်၏။

ယဲ့ဖုန်း၏ လက်ထဲတွင် ဝိညာဉ်မူလ နာရီ မရှိတော့သဖြင့် စနစ်သိုလှောင်ခန်းထဲမှ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ထံမှ ရရှိထားသော ဓားကျိုးကို ထုတ်ယူကာ ကာကွယ်လိုက်ရသည်။

"ဒေါင်..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ၏ စွမ်းအားသည် အစ်ကိုကြီး ခေါင်းပြားထက် (၅) ဆခန့် ပိုမိုများပြားလာပြီး ယဲ့ဖုန်းနှင့် သိပ်မကွာတော့ကြောင်း သတိပြုမိလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ဒါက 'တစ်ပိုင်းတစ်စ နတ်ဆိုးအသွင်ပြောင်းခြင်း' ဖြစ်ပုံရတယ်... လူသားတစ်ယောက်က နတ်ဆိုးတစ်ပိုင်း ဖြစ်သွားတဲ့ နည်းလမ်းပါ... တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ လို စွမ်းအားကြီးမားလာပြီး ခံစစ်လည်း အရမ်းကောင်းလာတတ်ပါတယ်..."

အနီရောင်ဝတ် ကျင့်ကြံသူ

မိန်းမပျိုလေးက ကပျာကယာ ရှင်းပြလိုက်၏။

"သြော်... ကျေးဇူးပါပဲ..."

ယဲ့ဖုန်း သဘောပေါက်သွားသည်။ သူသည် အားကုန်သုံး၍ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲကို တွန်းထုတ်လိုက်၏။ ဓားကျိုးကို ကိုင်ဆောင်လျက် ဆက်တိုက် တိုက်ခိုက်သော်လည်း ပြိုင်ဘက်က အကုန် ကာကွယ်ထားနိုင်လေသည်။

"ငါ 'နတ်ဆိုးအသွင်ပြောင်း ဆေးလုံး' ကို ဒီလောက် စောစော မသောက်ချင်ခဲ့ပါဘူး... အားလုံး မင်းကြောင့်ပဲ..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် လူသားပုံစံ သား ရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ခွန်အားကိုသာ အသုံးပြု၍ တိုက်ခိုက်နေသည်။

ယဲ့ဖုန်း၏ မျက်လုံးများ စူးရှသွားပြီး အဖြေရှာတွေ့သွားသည်။

သူသည် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ၏ နောက်ကျောဘက်တွင် ကျနေသော ဝိညာဉ်မူလ နာရီကို လှမ်းကြည့်လိုက်၏။ ထို့နောက် လေထဲသို့ ခုန်တက်လိုက်ပြီး မဟာအကြီးအကဲ၏ အပေါ်မှ ကျော်ဖြတ်ကာ ဓားကျိုးဖြင့် ခုတ်ပိုင်းလိုက်၏။ မဟာအကြီးအကဲက ဓားကို ဘေးတိုက်ဝှေ့ယမ်းကာ ကာကွယ်လိုက်၏။

"ကလေးအထာတွေ..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း ယဲ့ဖုန်းသည် သူ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားပြီး ဖျက်ဆီး၍မရသော ဝိညာဉ်မူလ နာရီကို ကောက်ယူလိုက်ကြောင်း သတိထားမိလိုက်၏။

"ချိတ်ပိတ်စမ်း..."

ယဲ့ဖုန်းသည် ဝိညာဉ်မူလ နာရီကို (၂) မီတာအမြင့်ထိ ကြီးထွားစေလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲကို အပေါ်မှ အုပ်မိုးကာ ဖမ်းချုပ်လိုက်လေသည်။

ဝိညာဉ်မူလ နာရီ အတွင်း၌...

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ဆက်တိုက် တိုက်ခိုက်နေသော်လည်း နာရီ၏ ခံစစ်ကို မဖောက်နိုင်ခဲ့ပေ။ ထို့အပြင် ထူးဆန်းသော ချိတ်ပိတ်စွမ်းအားတစ်ခု သက်ရောက်လာပြီး သူ့ကို အိပ်ချင်စိတ် ဖြစ်ပေါ်လာစေသည်။ သူ အိပ်ပျော်လုနီးပါး ဖြစ်နေပြီ။

ထိုအချိန်တွင် ဝိညာဉ်မူလ နာရီသည် ရုတ်တရက် အပေါ်သို့ ကြွတက်သွားသဖြင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ပြင်ပမြင်ကွင်းကို ပြန်လည်မြင်တွေ့လိုက်ရသည်။ သို့သော် ဝမ်းမသာနိုင်ခင်မှာပင် ကြက်သီးထဖွယ် ခံစားချက်တစ်ခု လွှမ်းခြုံလာသည်။

ထိုအခိုက်အတန့်၌...

ယဲ့ဖုန်းနှင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲတို့ လူချင်း ချိတ်မိသွားကြသည်။

တောက်ပသော ဓားအလင်းတန်း တစ်ချက် ယှက်ဖြာသွားပြီးနောက် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် သေဘေးနှင့် ရင်ဆိုင်လိုက်ရကြောင်း ခံစားလိုက်ရသည်။ သူ၏ လက်များဖြင့် လည်ပင်းကို အုပ်ကိုင်လိုက်ရာ ပူနွေးသော အရည်များ စီးကျလာသည်ကို ခံစားလိုက်ရသည်။

"သိပ်... သိပ်မြန်တာပဲ..."

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် လည်ပင်းကို ဆုပ်ကိုင်ထားရင်း သူ၏ မျက်လုံးအိမ်များ ပြူးကျယ်လာလေတော့၏။

All Chapters