အခန်း (၂၁၃၁-၂၁၃၂)
Vol. 154 Ch. 2131-2132
အခန်း(၂၁၃၁)
“ခေါင်းဆောင်ကျီတို့ရဲ့ အရှေ့ဘက် ကျီမျိုးနွယ်စုမှာ ပါရမီရှင်တွေ ရှိရင်လည်း ထုတ်ပြလိုက်စမ်းပါ.. ဒါပေမဲ့ ခေါင်းဆောင်ကျီတို့ အရှေ့ဘက် ကျီမျိုးနွယ်စုရဲ့ ပါရမီရှင်တွေက ဒီအဆင့်အတန်းမျိုးလောက်ပဲ ဆိုရင်တော့ ဒီယှဥ်ပြိုင်ပွဲကို ဆက်လုပ်နေဖို့ လိုမယ် မထင်ဘူး.. ခေါင်းဆောင်ကျီတို့ အရှေ့ဘက် ကျီမျိုးနွယ်စုက လိမ္မာပါးနပ်စွာနဲ့ အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ”
ကျီကျိလင်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ပြီးနောက်တွင် အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ မောက်မာသော စကားသံသည် ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ကျီရွမ်ရီ၏ မျက်နှာသည် အနည်းငယ် မသာမယာ ဖြစ်သွားခဲ့၏။
ကျီကျိလင်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အသန်မာဆုံး ပါရမီရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သည်။
ထိုသို့သော ကျီကျိလင်ကိုပင် ပြိုင်ဘက်က တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်သည်ဖြစ်ရာ ကျန်နှစ်ဦးကို ခေါ်ထုတ်လျှင်ပင် အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း ကျီရွမ်ရီသည် အလွန်အမင်း ထိတ်လန့်မသွားခဲ့ပေ။
အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုဝင် မျိုးဆက်သစ်များသည် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှ မျိုးဆက်သစ်များကို မယှဥ်နိုင်မှန်း ကျီရွမ်ရီ တွက်ဆထားပြီးသား ဖြစ်သည်။
ထိုအတွက်ကြောင့်လည်း သူက ကျန်းချန်ကို အကူအညီတောင်းခဲ့ခြင်းပင် မဟုတ်ပါလော။
နတ်ဘုရင် တတိယအဆင့်ကိုပင် အနိုင်ယူနိုင်စွမ်းရှိသော ကျန်းချန်၏ ကြောက်မက်ဖွယ် ခွန်အားဖြင့်ဆိုလျှင် ဤအလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုမှ ပါရမီရှင်နှစ်ဦး အတွက် ကံကြမ္မာက ရှုံးနိမ့်ရန် သတ်မှတ်ထားပြီးသား ဖြစ်သည်။
“လူငယ်လေး ကိုယ့်ကိုယ်ကိုယ် အထင်မကြီးဖို့ မင်းကိုငါ အကြံပေးချင်တယ်.. တောင်တစ်တောင်ထက် တစ်တောင်က မြင့်တယ် ဆိုတဲ့စကားလုံးကို မင်းနှလုံးသွင်းထားသင့်တယ်”
ကျီရွမ်ရီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ မှော်ရတနာကို ရယူမယ်ဆိုရင် မင်းတို့နှစ်ယောက်တည်းနဲ့ လုံလောက်မယ်လို့ မထင်ဘူး”
“သေချာလို့လား”
ကျီချန်းပိုင်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
“ဒါဆိုလည်း ယှဥ်ပြိုင်ဖို့ လူတွေ ထပ်လွှတ်လိုက်လေ.. ခေါင်းဆောင်ကျီတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေထဲက ဘယ်သူမဆို ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ ခေါင်းဆောင်ကျီ တို့ကို အနိုင်လို့ သတ်မှတ်ပေးမယ်”
ထိုစကားကိုကြားလျှင် ကျီရွမ်ရီက ခေါင်းခါရမ်းလိုက်ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် ခန်းမအပြင်ဘက်ကနေ အဘိုးအို တစ်ဦးသည် ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။
ထိုအဘိုးအိုသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အကြီးအကဲချုပ် ဖြစ်သည်။
သို့သော်လည်း ကျီရွမ်ရီသည် အကြီးအကဲချုပ် တစ်ဦးတည်းသာ ခန်းမထဲ ဝင်လာသည်ကို မြင်လျှင် ရုတ်တရက် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စုဝင်များ စတင် ရောက်ရှိလာစဥ်ကတည်းကပင် သူက ကျန်းချန်ကို ဖိတ်ကြားရန်အတွက် အကြီးအကဲချုပ်ကို စေလွှတ်ခဲ့သော်လည်း ယခုအခါတွင် အကြီးအကဲချုပ်သည် ကျန်းချန်ကို ခေါ်မလာခဲ့ပေ။
ကျီရွမ်ရီက နားမလည်နိုင်သော အမူအရာဖြင့် အကြီးအကဲချုပ်ကို မေးလိုက်သည်။
“အကြီးအကဲချုပ်.. ကျန်းချန်က ဘာလို့ အကြီးအကဲချုပ်နဲ့အတူ ပါမလာရတာလဲ”
ကျန်းချန်အပေါ် သူ၏ နားလည်ထားမှုအရ ကျန်းချန်သည် ကတိမတည်တတ်သော လူစားမျိုး မဟုတ်ပေ။
ကျီမျိုးနွယ်စုသို့ ရောက်လာပြီး ယှဥ်ပြိုင်မှုတွင် အကူအညီပေးရန် ကတိပေးခဲ့သည်မှာ သေချာသဖြင့် ဤကဲ့သို့ အရေးကြီးသောအချိန်တွင် နောက်ဆုတ်သွားရန်မှာ မဖြစ်နိုင်ချေ။
“မျိုးနွယ်စုခေါင်းဆောင်.. ကျန်းချန်က ထျန်းယွမ်ခန်းမရဲ့စမ်းသပ်မှုကို အောင်မြင်ပြီး ခန်းမထဲကို ဝင်သွားခဲ့ပြီ”
အကြီးအကဲက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ကျန်းချန်က ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုကိုတောင် ဒီလောက်အထိ မြန်မြန် ဖြတ်ကျော်သွားတယ်လား”
ကျီရွမ်ရီသည် တစ်ခဏမျှ မှင်တက်သွားခဲ့ရသည်။
ကျန်းချန်တွင် ကောင်းကင်ကိုပင် အဆုံးစွန် ဆန့်ကျင်နေသာပါရမီရှိ၍ ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို အောင်မြင်ပြီး ခန်းမအတွင်းရှိ အမွေအနှစ်များကို ရရှိနိုင်ရန် အလားအလာအလွန်များကြောင်း သူသိထားသည်။
သို့သော်လည်း ကျန်းချန်က ဤမျှ အလွယ်တကူ ဝင်ရောက်သွားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယင်းကဲ့သို့ ဖြစ်လာနိုင်မှန်း ကြိုသိခဲ့လျှင် သူက အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုများ ရောက်မလာခင် ကျန်းချန်ကို ကျီလင်ဝေနှင့် အတူ ထျန်းယွမ်ခန်းမသို့ စေလွှတ်ခဲ့မည် မဟုတ်ချေ။
ကျီရွမ်ရီက အသက်ကို ခပ်ပြင်းပြင်းရှူကာ အပြာရောင်ဝတ်စုံဝတ် အဘိုးအိုထံသို့ လှမ်းကြည့်လိုက်သည်။
“အကြီးအကဲချင်ကျန့်.. ကျုပ်တို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ပါရမီရှင်က ထျန်းယွမ်ခန်းမမှာ အမွေဆက်ခံတဲ့ လုပ်ငန်းစဥ်ကို လုပ်ဆောင်နေတယ်.. ဒါကြောင့် ဒီယှဥ်ပြိုင်မှုကို ခဏလောက်တော့ ဆိုင်းငံ့ထားဖို့ လိုအပ်လိမ့်မယ်”
“ခေါင်းဆောင်ကျီ.. ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုဆိုတာက ကျီမျိုးနွယ်စုဝင်တွေ ကြားမှာတောင် နှစ်ပေါင်းများစွာ ဘယ်သူမှ မအောင်မြင်ခဲ့တဲ့အရာပဲ.. အရှေဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ပါရမီရှင် တစ်ယောက်က ဘယ်လိုလုပ်ပြီး ထျန်းယွမ်ခန်းမရဲ့ အမွေအနှစ်ကို ရရှိနိုင်မှာလဲ”
အဖြူရောင်ဝတ်စုံဝတ် လူငယ်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ကျွန်တော့်အထင်တော့ ခေါင်းဆောင်ကျီက အချိန်ဆွဲဖို့အတွက် ဒီလိုတမင်တကာ ဖန်တီးပြောဆိုနေတာ မဟုတ်လား”
“မင်းတို့နဲ့ ယှဥ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ပါရမီရှင်က ထျန်းယွမ်ခန်းမထဲကို တကယ်ပဲ ဝင်သွားတာပါ.. မင်းတို့ သူ့ကို စောင့်နိုင်ရင်စောင့် မစောင့်နိုင်ရင်လည်း ထျန်းယွမ်ခန်းမကို လိုက်သွားပြီး သူ့ကို ရှာလို့ရတယ်”
အကြီးအကဲချုပ်၏ မျက်နှာထက်တွင် စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ဘာလဲ.. မင်းတို့ အလယ်ပိုင်းကျီမျိုးနွယ်စုက ငါတို့ ပါရမီရှင်ကို ကြောက်နေတာလား”
“ကြောက်တယ် ဟုတ်လား.. ကျီချန်းပိုင်ရဲ့ ရာဇဝင်မှာ ကြောက်တယ်ဆိုတဲ့ စကားလုံး လုံးဝမရှိဘူး”
အဖြူရောင်ဝတ်စုံဝတ်လူငယ် ကျီချန်းပိုင်က အေးစက်စက် ပြောလိုက်သည်။
“တကယ်လို့ ထျန်းယွမ်ခန်းမမှာ ခေါင်းဆောင်ကျီ ပြောတဲ့သူ မရှိခဲ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
ကျီရွမ်ရီက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
“တကယ်လို့ မရှိခဲ့ရင် ကျုပ်အနေနဲ့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ မှော်ရတနာကို မင်းတို့ဆီ လွှဲပေးဖို့ ကတိပေးတယ်”
“ကောင်းပြီလေ ဒီလိုဆိုမှတော့ ထျန်းယွမ်ခန်းမကို သွားပြီး တစ်ချက်လောက် ကြည့်ကြတာပေါ့”
ကျီချန်းပိုင်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။
ထျန်းယွမ်ခန်းမ ဆိုသည်မှာ ကျီမျိုးနွယ်စု၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဖြစ်သည့် နတ်ဘုရင် နဝမအဆင့် ကျီထျန်းယွမ်၏ အမွေဆက်ခံသောနေရာ ဖြစ်ပြီး ကျီမျိုးနွယ်စုအတွင်း ကျော်ကြား၏။
ဤနေရာသည် ကျီချန်းပိုင်နှင့် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုမှ ပါရမီရှင်များ အတွက် အလွန်တရာပင် ဆွဲဆောင်မှုရှိသော နေရာလည်း ဖြစ်သည်။
အကယ်၍ သူတို့သာ ထျန်းယွမ်ခန်းမကို မြင်တွေ့ခွင့်ရပြီး ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို အောင်မြင်ကာ အတွင်းမှ အမွေအနှစ်ကို ရယူနိုင်ခဲ့မည် ဆိုလျှင် သူတို့အတွက် အလွန်ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ကျီရွမ်ရီ ပြောသော ပါရမီရှင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူက ထျန်းယွမ်ခန်းမသို့ သွားရောက်ခွင့်ရမည့် အခွင့်အရေးကို ငြင်းပယ်မည် မဟုတ်ပေ။
“ဒီတစ်ခေါက် အရှေ့ဘက်ဒေသ ခရီးစဥ်က ချောချောမွေ့မွေ့ ဖြစ်ပါ့မလား”
ကျီရွမ်ရီ၏ တည်ငြိမ်နေသော အမူအရာကို ကြည့်ကာ အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ စိတ်ထဲတွင် မကောင်းသောခံစားချက် တစ်ခုကို ခံစားမိလိုက်သည်။
ကျီရွမ်ရီက ထိုကဲ့သို့ စကားမျိုးကို ပြောဆိုရဲသည်ဆိုလျှင် ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို အောင်မြင်ခဲ့သည့် ပါရမီရှင်သည် အမှန်တကယ် ရှိနေကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် ထျန်းယွမ်ခန်းမက မည်ကဲ့သို့ တည်ရှိမှုမျိုးမှန်း အတိအကျ သိထားခဲ့သည်။
သူက ကျီမျိုးနွယ်စု၏ ဓားပါရမီရှင်တစ်ဦး အနေဖြင့် ကျီမျိုးနွယ်စု အကွဲအပြဲ မဖြစ်မီအချိန်က ထျန်းယွမ်ခန်းမသို့ အကြိမ်ကြိမ် သွားရောက်၍ စမ်းသပ်မှု ခံယူခဲ့ဖူးသည်။
သို့သော်လည်း သူက နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားသည့်တိုင် ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို မအောင်မြင်ခဲ့ပေ။
အကယ်၍ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို အောင်မြင်သော နတ်ဆိုးဆန်သည့် ပါရမီရှင် အမှန်တကယ် ရှိနေခဲ့လျှင် ဤတစ်ကြိမ် ယှဥ်ပြိုင်မှုသည် အမှန်တကယ်ပင် ခန့်မှန်းရ ခက်ခဲသွားလိမ့်မည်ဖြစ်၏။
သို့သော်လည်း အခြေအနေက ဤအထိ ရောက်ရှိလာပြီ ဖြစ်ရာ အပြာရောင်ဝတ်စုံဝတ် အဘိုးအို အနေဖြင့် ဘာစကားမျှ ထပ်မပြောတော့ပေ။
အကယ်၍ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ထိုကဲ့သို့ ပါရမီရှင်မျိုး ရှိနေခဲ့လျှင် သူတို့အနေဖြင့် မှော်ရတနာကို ယူဆောင်သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယခု သူလုပ်ဆောင်နိုင်သည်မှာ သူခေါ်ဆောင်လာသော အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုမှ ပါရမီရှင်နှစ်ဦးကို ယုံကြည်ဖို့သာ ဖြစ်၏။
ထိုနှစ်ဦးစလုံးသည် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်များ ဖြစ်ကြပြီး တိုက်ခိုက်ရေးစွမ်းရည်သည်လည်း ကြယ်သုံးပွင့် ကောင်းကင်အရှင်များထဲတွင် အစွမ်းအထက်ဆုံးများ ဖြစ်ကြသည်။
ဆိုရလျှင် အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စု၏ ပါရမီရှင်က နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးသရွေ့ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုသည် ဤယှဥ်ပြိုင်မှုတွင် ရှုံးနိမ့်မည်မဟုတ်ပေ။
နှစ်ဖက်စလုံး သဘောတူညီမှု ရရှိပြီးနောက်တွင် ခန်းမဆောင်ထဲကနေ လျင်မြန်စွာ ထွက်ခွာခဲ့ကြပြီး ထျန်းယွမ်ခန်းမဆီသို့ ဦးတည်ခဲ့ကြသည်။
“ကောင်လေး ငါတို့အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဝင်တစ်ယောက်က စမ်းသပ်မှုကို အောင်မြင်ပြီး ထျန်းယွမ်ခန်းမထဲကို ဝင်သွားခဲ့ပြီ.. မင်းမှာ အရည်အချင်းရှိတယ်ဆိုရင် မင်းလည်း ထျန်းယွမ်ခန်းမထဲကို ဝင်ပြီး သူ့ကို သွားရှာနိုင်တယ်”
အကြီးအကဲချုပ်က သူရှေ့မှ ထျန်းယွမ်ခန်းမကို ကြည့်ရင်း အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်က စမ်းသပ်မှုကို အောင်မြင်ပြီး ထျန်းယွမ်ခန်းမထဲသို့ ဝင်သွားခဲ့သော်လည်း ထျန်းယွမ်ခန်းမ အပြင်ဘက်ရှိ စွမ်းအားများသည် ပျောက်ကွယ်မသွားသေးပေ။
အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှ ပါရမီရှင်နှစ်ဦးသည် ပါရမီ အလွန်တရာ ကောင်းကြသော်လည်း ၎င်းတို့အနေဖြင့် ထျန်းယွမ်ခန်းမထဲသို့ ဝင်ရောက်နိုင်ရန်မှာ အလွန်တရာ ခက်ခဲသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။
“စိတ်မပူပါနဲ့.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက လူတွေတောင် ထျန်းယွမ်ခန်းမထဲကို ဝင်နိုင်တယ်ဆိုရင် ကျုပ် ကျီချန်းပိုင်ကလည်း ထျန်းယွမ်ခန်းမထဲကို သေချာပေါက် ဝင်နိုင်ပါတယ်.. ထျန်းယွမ်ခန်းမထဲကို ရောက်တာနဲ့ ခင်ဗျားတို့ ချီးမွမ်းနေတဲ့ ပါရမီရှင်ဆိုတဲ့ ကောင်ကို တစ်ခါတည်း ဆွဲထုတ်လာခဲ့မယ်”
ကျီချန်းပိုင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူက အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုဝင် ဖြစ်၍ အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုမှ ပါရမီရှင် တစ်ယောက်ကို မယှဥ်နိုင်ဟု သူ လုံးဝမယုံပေ။
ထိုစကားကို ပြောပြီးနောက်တွင် ကျီချန်းပိုင်သည် တုံ့ဆိုင်းမနေတော့ဘဲ ထျန်းယွမ်ခန်းမဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
အခန်း(၂၁၃၁)ပြီး၏။
အခန်း(၂၁၃၂)
လူအများ၏ အာရုံစိုက်မှုအောက်မှာပင် ကျီချန်းပိုင်သည် ထျန်းယွမ်ခန်းမ၏ စွမ်းအားများ သက်ရောက်နေသော ဧရိယာထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှ မျိုးဆက်သစ် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည့် ကျီချန်းပိုင်သည် နှစ်ပေါင်းတစ်သောင်း မပြည့်မီမှာပင် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူ၏ ပါရမီနှင့်ခွန်အားသည် သံသယဖြစ်ဖွယ်ရာ မရှိ ထူးကဲလှ၏။
ထျန်းယွမ်ခန်းမ၏ အစောပိုင်း စမ်းသပ်မှုများသည် ကျီချန်းပိုင်အတွက် အဟန့်အတား မဖြစ်စေခဲ့ပေ။
ကျီချန်းပိုင်က အဟန့်အတား မရှိသကဲ့သို့ ပေတစ်ရာအကွာအဝေး၏ တစ်ဝက်ခန့်ကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။
ထို့နောက်တွင်မူ ကျီချန်းပိုင်၏ အရှိန်သည် အတော်အတန် နှေးကွေးသွားခဲ့၏။
သို့သော်လည်း ထျန်းယွမ်ခန်းမ၏ နောက်ဆုံးခြေလှမ်းဆယ်လှမ်း အကွာအဝေးမတိုင်မီ ကျီချန်းပိုင်သည် ကြီးမားသော အတားအဆီးနှင့် မတွေ့ရသေးပေ။
“ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုက ထင်သလောက်လည်း မခက်ခဲပါလား”
ကျီချန်းပိုင်က ထျန်းယွမ်ခန်းမထဲကို အလွယ်တကူ ဝင်ရောက်နိုင်တော့မည့် အခြေအနေကိုမြင်လျှင် အနီရောင်ဝတ်စုံဝတ်ဆင်ထားပြီး ဆံပင်အနီရောင်ရှိသည့် လူငယ်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ထျန်းယွမ်ခန်းမသည် ကျီမျိုးနွယ်စု၏ ထိပ်တန်းအမွေအနှစ်များထဲမှ တစ်ခုဖြစ်သည်။
နှစ်ပေါင်းသန်းချီ ကာလတစ်လျှောက်တွင် ကျီမျိုးနွယ်စုမှ မရေမတွက်နိုင်သော ထူးချွန်သည့် ပါရမီရှင်များ ပေါ်ထွက်လာခဲ့သော်လည်း ထျန်းယွမ်ခန်းမ၏ အမွေအနှစ်ကို မဆက်ခံနိုင်ခဲ့ကြပေ။
ကျီမျိုးနွယ်စု နှစ်ခြမ်းကွဲသွားပြီးနောက်တွင် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှ မျိုးဆက်သစ်များသည် ထျန်းယွမ်ခန်းမကို တစ်ခါမှ မမြင်ဖူးကြသော်လည်း ထျန်းယွမ်ခန်းမ၏ အကြောင်းကိုမူ ကြားဖူးနားဝ ရှိထားကြသည်။
ယခု ကျီချန်းပိုင်က ထျန်းယွမ်ခန်းမ ဆီသို့ အလွန် လွယ်ကူစွာ ချဥ်းကပ်သွားသည်ကိုမြင်လိုက်ရလျှင် ဆံပင်အနီရောင်နှင့်လူငယ်သည် ထျန်းယွမ်ခန်းမ စမ်းသပ်မှု၏ ခက်ခဲမှုအပေါ်တွင် သံသယမဝင်ဘဲ မနေနိုင်ခဲ့ပေ။
“ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုကို လျှော့မတွက်နဲ့.. စမ်းသပ်မှုရဲ့ တကယ့် အခက်အခဲက နောက်ဆုံးခြေလှမ်းဆယ်လှမ်းအတွင်းမှာပဲ.. တကယ်လို့သာ ဒီနောက်ဆုံးခြေလှမ်း ဆယ်လှမ်းသာ လွယ်ကူနေမယ်ဆိုရင် ထျန်းယွမ်ခန်းမရဲ့အမွေအနှစ်က ဘာလို့ ကျီမျိုးနွယ်စုမှာ ဒီလောက်နှစ်တွေအများကြီး ရှိနေနိုင်မှာလဲ”
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
သူသည်လည်း ထျန်းယွမ်ခန်းမနှင့် ပထမဆုံး စတင် ထိတွေ့စဥ်က ထိုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံခဲ့ဖူးပြီး ထျန်းယွမ်ခန်းမ၏ အမွေအနှစ်က လက်တစ်ကမ်း အကွာတွင်သာ ရှိသည်ဟု ထင်ခဲ့ဖူးသည်။
သို့သော်လည်း နောက်ဆုံး ခြေလှမ်းဆယ်လှမ်းထဲသို့ အမှန်တကယ် ခြေချလိုက်သည့်အခါမှသာ သူ့အထင်အမြင် မှားယွင်းကြောင်း သိလိုက်ရသည်။
ထျန်းယွမ်ခန်းမ စမ်းသပ်မှု၏ နောက်ဆုံးခြေလှမ်း ဆယ်လှမ်းတွင် ခြေလှမ်းတစ်လှမ်းချင်းစီ၏ အခက်အခဲသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။
ထိုနောက်ဆုံးခြေလှမ်းတွင် ခြေလှမ်းတစ်လှမ်းထပ်မံလှမ်းနိုင်ရန်ပင် မလွယ်ကူချေ။
သူက ကောင်းကင်နတ်ဘုရားအဆင့်ကနေ ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်အထိ အဆင့်တက်သည့် အခါတိုင်းတွင် ထျန်းယွမ်ခန်းမသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း အဝေးဆုံး ရောက်ရှိခဲ့သည်မှာ ခြေလှမ်းငါးလှမ်းခန့်သာ ဖြစ်သည်။
ကျီချန်းပိုင်သည် ထူးခြားသော ပါရမီများကို ပိုင်ဆိုင်ထားပြီး ထိုအချိန်က သူနှင့် နှိုင်းယှဥ်လျှင်ပင် အားမနည်းလှပေ။
သို့သော်လည်း စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ထျန်းယွမ်ခန်းမထဲသို့ ဝင်ရောက်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
အခြေအနေက အပြာရောင်ဝတ်စုံဝတ် အဘိုးအို မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
ကျီချန်းပိုင်သည် နောက်ဆုံး ခြေလှမ်းဆယ်လှမ်းထဲသို့ ခြေချလိုက်ပြီးနောက်တွင် အခက်အခဲများနှင့် စတင် ရင်ဆိုင်လိုက်ရတော့၏။
နောက်ဆုံးမှ ရေတွက်လျှင် ဒသမမြောက် ခြေလှမ်းတွင် ကျီချန်းပိုင်သည် အသက်ငါးရှိုက်စာခန့် ကြာမြင့်ခဲ့သည်။
ခြေလှမ်းကိုးလှမ်းမြောက်တွင်မူ ကျီချန်းပိုင်သည် အသက်ဆယ့်နှစ်ကြိမ်ရှိုက်စာခန့် အချိန်ကုန်ဆုံးခဲ့သည်။
ကျီချန်းပိုင် ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်သည့်အခါတိုင်းတွင် ကုန်ဆုံးသွားသော အချိန်သည် အဆပွား၍ တိုးလာခဲ့ပြီး အခက်အခဲသည်လည်း ပို၍ပင် သိသာလာခဲ့သည်။
နောက်ဆုံးမှ ရေတွက်လျှင် ခြေလှမ်း ခြောက်လှမ်းမြောက်တွင်မူ အသက်ရှူကြိမ် နှစ်ရာနီးပါးအထိ ကြာအောင် တောင့်ခံထားပြီးနောက်တွင် ကျီချန်းပိုင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး မျက်နှာများ ဖြူဖျော့ကာ နောက်ပြန် လွင့်စင်ထွက်သွားခဲ့သည်။
ထို့အပြင် ပါးစပ်ကနေလည်း သွေးတစ်ပွက်ကိုလည်း အထိန်းအကွပ်မဲ့စွာ အန်ထုတ်လိုက်ရ၏။
“ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုက အလကား နာမည်ကျော်နေတာ မဟုတ်ဘူးပဲ”
နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီးနောက်တွင် ထျန်းယွမ်ခန်းမကို ကြည့်နေသည့် ကျီချန်းပိုင်၏ အကြည့်သည် တစ်ခဏအတွင်း ပို၍ပင် လေးနက်သွားခဲ့သည်။
“ထျန်းယွမ်ခန်းမရဲ့စမ်းသပ်မှုက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ.. ငါလည်း တစ်ချက်လောက် စမ်းသပ်ကြည့်မယ်”
ကျီချန်းပိုင် ကျရှုံးသွားသည်ကိုမြင်လျှင် ဆံပင်အနီရောင်နှင့်လူငယ်သည် မဲ့ပြုံးပြုံးလိုက်ပြီး ရှေ့သို့ လှမ်းတက်လာခဲ့သည်။
ကျီချန်းပိုင်က ထိုလူငယ်ကို ကြည့်လိုက်ကာ အေးစက်စက်တစ်ချက်ပြောလိုက်၏။
“ကျီချီယွင်.. အလကားနေရင်း အားကုန်ခံမနေနဲ့.. ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုကို မင်းဘယ်လိုမှ အောင်မြင်မှာမဟုတ်ဘူး”
အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုထဲတွင် ကောင်းကင်ကိုပင်ဆန့်ကျင်နေသော နတ်ဘုရင်အဆင့်မှ လွဲ၍ မည်သူ့တွင်မှ ထိုသို့ ပါရမီရှိသည်ဟု ကျီချန်းပိုင် မယုံကြည်ပေ။
“စမ်းကြည့်ရင် သိရမှာပေါ့”
ကျီချီယွင်သည် မျိုးနွယ်စုတွင် သူနှင့်အဆင့်တူ ပါရမီရှင် တစ်ဦးသာ ဖြစ်ပြီး သူ့ထက် သာလွန်သည်ဟု ကျီချန်းပိုင် မယူဆထားပေ။
ကျီချီယွင်က မထီမဲ့မြင် ပြုံးလိုက်ပြီး ထျန်းယွမ်ခန်းမ ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
တကယ်လည်း ကျီချန်းပိုင် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့သည်။
ကျီချီယွင်သည် နောက်ဆုံး ခြေလှမ်း ဆယ်လှမ်းထဲသို့ ခြေချပြီး သိပ်မကြာမီမှာပင် နောက်ဆုတ်သွားခဲ့ရသည်။
ထိုအချင်းအရာကို မြင်လိုက်ရလျှင် ကျီချန်းပိုင်သည် ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုကို မင်းမအောင်မြင်နိုင်ဘူးလို့ ငါပြောသားပဲ.. မင်းက မယုံတော့လည်း မတတ်နိုင်ဘူးပေါ့”
“အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ထျန်းယွမ်ခန်းမထဲကို ဝင်ရောက်သွားနိုင်တာလဲ.. ငါတို့ အလယ်ပိုင်းဒေသကျီမျိုးနွယ်စုရဲ့ နံပါတ်တစ်ပါရမီရှင် ကိုယ်တိုင် လာရင်တောင် ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုကို အောင်မြင်ဖို့ မလွယ်လောက်ဘူး”
ကျီချီယွင်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို ကိုယ်တိုင် ကြုံတွေ့ရပြီးမှသာ စမ်းသပ်မှုက မည်မျှခက်ခဲကြောင်း အမှန်တကယ်နားလည်နိုင်မည် ဖြစ်၏။
ဆိုရလျှင် ထျန်းယွမ်ခန်းမ၏ နောက်ဆုံး ခြေလှမ်း ဆယ်လှမ်းတိုင်းတွင် ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် ရင်ဆိုင်ရသောအခက်အခဲသည် ဆပွားမြင့်တက်လာခဲ့သည်။
သို့ဖြစ်ရာ ကျန်ရှိသော ငါးလှမ်းသည် မည်မျှပင် ကြောက်စရာကောင်းနေလိမ့်မည်နည်း။
သူတို့နှစ်ဦး၏ ပါရမီနှင့် ခွန်အားဖြင့်ပင်လျှင် နောက်ဆုံး ခြေလှမ်းဆယ်လှမ်းတွင် ငါးလှမ်းသာ လှမ်းနိုင်ခဲ့သည်။
ဤအချိန်တွင် ကျီချီယွင်သည် ကျီမျိုးနွယ်စုတွင် နှစ်ပေါင်းသန်းချီ ကြာသည်အထိ ထျန်းယွမ်ခန်းမကို မည်သူမျှ အမွေမဆက်ခံနိုင်သည့် အကြောင်းအရင်းအား အဆုံးသတ်၌ နားလည်သွားခဲ့သည်။
သူတို့နှစ်ဦးကို အသာထား၊ အလယ်ပိုင်းဒေသမှ ထိပ်တန်းပါရမီရှင်များပင်လျှင် ထျန်းယွမ်ခန်းမ စမ်းသပ်မှု၏ နောက်ဆုံးခြေလှမ်းများကို ဖြတ်ကျော်ရန် ခက်ခဲလိမ့်မည်ဖြစ်၏။
ကျီချီယွင်၏ မျက်နှာထားက ရုတ်တရက် ခက်ထန်သွားခဲ့ပြီး ကျီရွမ်ရီကို ကြည့်ကာ ပြောလိုက်သည်။
“ခေါင်းဆောင်ကျီ ဘယ်လောက်အထိ ဟန်ဆောင်နေဦးမှာလဲ.. ခေါင်းဆောင်ကျီတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ပါရမီရှင် တစ်ယောက်က ထျန်းယွမ်ခန်းမထဲကို ဝင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“မင်းတို့နှစ်ယောက် မဝင်နိုင်တာနဲ့ပဲ တခြားသူတွေလည်း မဝင်နိုင်ဘူးလို့ မထင်ပါနဲ့”
ကျီရွမ်ရီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“တကယ်လို့ မယုံကြည်ဘူးဆိုရင်လည်း မင်းတို့ ဒီမှာပဲ ထာဝရ စောင့်နေလိုက်ပါ.. တကယ်လို့ ထျန်းယွမ်ခန်းမထဲက ဘယ်သူမှ ထွက်မလာခဲ့ဘူးဆိုရင် မှော်ရတနာကို ငါ့ရဲ့လက်နှစ်ဖက်နဲ့ မင်းတို့ဆီ လွှဲပေးမယ်လို့ကတိပေးတယ်”
ထိုစကားကိုကြားလျှင် ကျီချီယွင်က မဲ့ပြုံးပြုံးကာ လှောင်ပြောင်၍ ပြောလိုက်သည်။
“ခေါင်းဆောင်ကျီက လူလည်လုပ်နေတာပဲ.. တကယ်လို့ ထျန်းယွမ်ခန်းမထဲက ဘယ်သူမှ ထွက်မလာဘူးဆိုရင် ကျွန်တော်တို့က ဒီမှာတစ်သက်လုံး စောင့်နေရမှာလား”
သို့သော်လည်း ကျီချီယွင်၏ စကားအဆုံးမှာပင် ထျန်းယွမ်ခန်းမ၏ တံခါးဝဆီမှ အနည်းငယ် မကျေမနပ် ရေရွတ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ထျန်းယွမ်ခန်းမထဲကို ခုနက အတင်းဝင်ရောက်ဖို့ ကြိုးစားနေတာ ဘယ်သူလဲ”
ရုတ်တရက် ထွက်ပေါ်လာသော အသံကိုကြားလျှင် အားလုံးသည် မှင်တက်သွားခဲ့ကြသည်။
သူတို့က အသံလာရာဆီသို့ ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ထျန်းယွမ်ခန်းမထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်ကို မြင်လိုက်ရ၏။
“ကျန်းချန်”
ကျန်းချန် ပေါ်လာသည်ကိုမြင်လျှင် ကျီရွမ်ရီနှင့် အခြားသူများ၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“မင်း.. မင်းက တကယ်ပဲ ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တာလား”
သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ထျန်းယွမ်ခန်းမထဲကနေ လျှောက်ထွက်လာသော ကျန်းချန်ကို ကြည့်ရင်း ကျီချန်းပိုင် နှင့် ကျီချီယွင် တို့သည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
ကျန်းချန်က ကျီချန်းပိုင်ကို အေးစက်စက်ကြည့်ကာ မေးလိုက်သည်။
“ခုနက ထျန်းယွမ်ခန်းမထဲကို အတင်းဝင်ရောက်ဖို့ ကြိုးစားနေတာမင်းလား”
“ဟုတ်တယ် ငါပဲ.. အဲဒီတော့ ဘာဖြစ်လဲ”
ကျီချန်းပိုင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ကောင်လေး.. မင်းက ငါတို့နဲ့ယှဥ်ပြိုင်မဲ့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ပါရမီရှင် ထင်တယ်”
သူ့ရှေ့မှ ကောင်လေးသည် ထျန်းယွမ်ခန်းမကို ဝင်ရောက်နိုင်ခဲ့သဖြင့် အလွန်တရာ ပါရမီရှိပြီး နတ်ဆိုးဆန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် မြေကြီးအရှင် အဆင့်တွင်သာ ရှိနေသေး၏။
သူတို့ နှစ်ဦးစလုံးသည် ကြယ်သုံးပွင့် ကောင်းကင်အရှင်များ ဖြစ်ရာ မြေကြီးအရှင်အဆင့် နယ်မြေနတ်ဘုရား တစ်ပါးကို အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။
ထို့အပြင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဤကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီး ထျန်းယွမ်ခန်းမကို အမွေဆက်ခံနိုင်ခဲ့ခြင်းသည် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စု အတွက် ကောင်းမွန်သောကိစ္စ မဟုတ်ပေ။
ယင်းအတွက်ကြောင့် သူတို့အနေဖြင့် ဤကောင်လေး ကြီးထွားမလာခင် ချေမှုန်းပစ်ရလိမ့်မည် မဟုတ်ပါလော။
“မင်းတို့က အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုရဲ့လူတွေ ဖြစ်နေတာကိုး”
ကျန်းချန်က ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
“မင်းတို့က ကျီမျိုးနွယ်စုဝင်တွေ ဖြစ်နေတာကို ထောက်ထားပြီး ငါ မင်းတို့ကို မသတ်ဘဲ လွှတ်ပေးဖို့ ရည်ရွယ်ခဲ့တယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းတို့က ငါ့ရဲ့ ကျင့်ကြံနေတာကို လာရောက် နှောင့်ယှက်ခဲ့တယ်”
အခန်း(၂၁၃၂)ပြီး၏။