အခန်း (၁၂၃၃-၁၂၃၄)
Vol. 154 Ch. 1233-1234
အခန်း(၂၁၃၃)
ကျန်းချန်က ကျီချန်းပိုင်တို့ နှစ်ဦးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လူသတ်ငွေ့များဖြင့် ပြည့်နှက်နေခဲ့၏။
ကျန်းချန်သည် စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး ကျီထျန်းယွမ်ချန်ထားရစ်ခဲ့သော အမွေအနှစ်ကို ဆက်ခံရရှိခဲ့သဖြင့် ထျန်းယွမ်ခန်းမ၏ သခင် တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
ကျီချန်းပိုင်တို့နှစ်ဦး ထျန်းယွမ်ခန်းမဘအတွင်းသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားချိန်တွင် ကျန်းချန်သည် အပြင်ဘက်ရှိ အခြေအနေကို အာရုံခံမိခဲ့သည်။
ကျင့်ကြံသူများက ထျန်းယွမ်ခန်းမထဲကို မဝင်ရောက်နိုင်မှန်း သူသိသော်လည်း ထိုကဲ့သို့ တစ်စုံတစ်ယောက်က ခန်းမထဲကို အတင်းအကျပ်ဝင်ရောက်ရန် အဆက်မပြတ် ကြိုးစားနေခြင်းသည် ထျန်းယွမ်ခန်းမအတွင်းရှိ သူ၏ ကျင့်ကြံခြင်းကို အလွန်ပင် အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ထို့ကြောင့်လည်း ကျန်းချန်က အပြင်ဘက်မှ စိတ်အနှောင့်အယှက်ပေးနေသော သူများကို ရှင်းလင်းပစ်ရန်အတွက် ထျန်းယွမ်ခန်းမထဲကနေ ထွက်လာခဲ့ခြင်းပင်။
သို့သော်လည်း သူ့ကို နှောင့်ယှက်ခဲ့သူမှာ အလယ်ပိုင်းဒေသကျီမျိုးနွယ်စုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။
သူ ယခုတစ်ခေါက် ကျီရွမ်ရီ၏ ဖိတ်ကြားချက်အရ ရောက်လာခဲ့ခြင်းသည် အဓိကအားဖြင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုနှင့် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုတို့၏ ပါရမီရှင်များ ယှဥ်ပြိုင်ပွဲတွင် အကူအညီပေးရန် ဖြစ်သည်။
သို့ဖြစ်ရာ သူ့ကို နှောင့်ယှက်ခဲ့သော နှစ်ယောက်သည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုဝင်များ ဖြစ်နေ၍ ထိုကိစ္စကို တစ်ခါတည်း ဖြေရှင်းလိုက်ရုံသာ ရှိသည် မဟုတ်ပါလော။
“ဟမ့် မြေကြီးအရှင့်အဆင့်လေးကများ ငါတို့လို ကောင်းကင်အရှင် အရှေ့မှာ လေလုံးထွားရဲတယ်”
ကျီချန်းပိုင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး သူ၏ နံဘေးမှ ကျီချီယွင်ကို ကြည့်လိုက်သည်။
“မင်းအရင်သွားမလား ငါသွားလိုက်ရမလား”
သူတို့ရှေ့မှ လူငယ်သည် ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို အောင်မြင်ထား၍ ပါရမီအရာတွင် အလွန်တရာ နတ်ဆိုးဆန်လှသည်မှာ ထင်ရှားသည်။
အကယ်၍ ထိုကောင်လေးသာ သူတို့နှင့် အဆင့်တူ ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်တွင် ရှိနေခဲ့လျှင် သူတို့အနေဖြင့် အတိုင်းအတာ တစ်ခုအထိ စိုးရိမ်ကောင်း စိုးရိမ်မိပေမည်။
သို့သော်လည်း ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် နိမ့်ကျနေသည် ဖြစ်ရာ သူတို့ကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
“ငါသွားလိုက်မယ်”
“ကောင်လေး သတ္တိရှိရင် အပေါ်တက်လာပြီး ငါနဲ့ တိုက်ခိုက်စမ်း”
ထိုစကားကို ပြောပြီးသည်နှင့် ကျီချီယွင်၏ ပုံရိပ်သည် လေထုအတွင်းသို့ တစ်ခဏအတွင်း ရောက်ရှိသွားခဲ့ပြီး ကျန်းချန်ကို အေးစက်စက် ငုံ့ကြည့်ကာ စိန်ခေါ်လိုက်သည်။
ကျန်းချန်ကလည်း တုံ့ဆိုင်းမနေဘဲ ကောင်းကင်ယံသို့ ခုန်တက်လိုက်ရာ တစ်ခဏ အတွင်းမှာပင် ကျီချီယွင်၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
“မင်းမှာ အဖော်တစ်ယောက် ကျန်သေးတယ် မဟုတ်လား.. ငါ့မှာ အချိန်မရှိလို့ တိုက်မယ်ဆိုရင် မင်းတို့ နှစ်ယောက်လုံး တစ်ခါတည်း တက်ခဲ့ကြ”
“ကောင်လေး မင်းသိပ်ပြီးတော့ မောက်မာမနေနဲ့.. မင်းကို အနိုင်ယူဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”
ကျီချီယွင်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်၏ အစွမ်းထက်အရှိန်အဝါသည် လေထုထဲတွင် ချက်ချင်းပင် ပြည့်နှက်သွားခဲ့၏။
သူက လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မီးလမ်းစဥ်၏ မူလ အရင်းအမြစ် စွမ်းအားများသည် သွေးနီရောင် မီးလျှံများအဖြစ် ဖွဲ့စည်းထားသည့် ဧရာမ မီးလက်ဝါးကြီး တစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
“ဝုန်း..”
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး အသာအယာ လှုပ်ရှားလိုက်ရာ ဓားအလင်း တစ်ခုသည် လေထုကို ဖြတ်သန်းသွားခဲ့ပြီး ဧရာမ မီးလက်ဝါးကို ထိမှန်သွားခဲ့သည်။
မီးလက်ဝါးနှင့် ဓားအလင်းတို့ ထိပ်တိုက် ထိတွေ့ချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုသည် လျှံထွက်လာခဲ့ပြီး မိုင်တစ်ထောင်အတွင်းရှိ နေရာလွတ်ကို အဆက်မပြတ် ပျက်စီးကာ ပြိုလဲသွားစေခဲ့သည်။
“ကောင်လေး.. မင်းက ပါရမီထူးခြားပြီး ထျန်းယွမ်ခန်းမရဲ့အမွေအနှစ်ကို ဆက်ခံနိုင်လည်း ငါ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး.. ငါက အလယ်ပိုင်းဒေသရဲ့ ကျီမျိုးနွယ်စုက ပါရမီရှင်တစ်ယောက်ပဲ.. ကျီမျိုးနွယ်စုရဲ့ ထိပ်တန်းကျင့်စဥ်တွေ အားလုံးကို ကျင့်ကြံထားတဲ့အပြင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက်တောင် သာလွန်သေးတယ်.. မင်းအနေနဲ့ ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း မရှိသေးဘူး”
ကျီချီယွင်က ကျန်းချန်ကို စိုက်ကြည့်လိုက်ပြီး လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ ပူပြင်းသော မီးစွမ်းအင်များသည် အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို ရွှေရောင်မီးပင်လယ်ကြီး အဖြစ်သို့ တစ်ခဏအတွင်း ပြောင်းလဲပစ်လိုက်၏။
နောက်ထပ် တစ်ခဏအကြာတွင် ရှေးဟောင်းမီးပင်လယ်ထဲကနေ ရွှေရောင်မီးလျှံများဖြင့် ဖွဲ့စည်းထားသော ခြေသုံးချောင်း ရွှေကျီးကန်း တစ်ကောင်သည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့၏။
ထို ခြေသုံးချောင်း ရွှေကျီးကန်းထံမှ တောက်ပသော အလင်းရောင်များသည် ကောင်းကင်ယံရှိ နေမင်းကိုပင် ဖုံးလွှမ်းသွားခဲ့ပြီး မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို ရွှေရောင်အတိ ခြယ်သထားသလို ဖြစ်စေခဲ့သည်။
ကျီချီယွင်က သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ခြေသုံးချောင်း ရွှေကျီးကန်းကို တိုက်ရိုက် ထိန်းချုပ်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
“ကမ္ဘာဖျက်ဆီး ရွှေကျီးကန်း နည်းစနစ်ပါလား”
ကျီချီယွင် ထုတ်ဖော်လိုက်သော ရွှေသုံးချောင်း ရွှေကျီးကန်းကိုမြင်လျှင် အောက်ဘက်ရှိ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ လူများသည် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ကမ္ဘာဖျက်ဆီး ရွှေကျီးကန်းကျင့်စဥ်သည် ကျီမျိုးနွယ်စု၏ ထိပ်တန်း နတ်ဘုရင်အဆင့် ကျင့်စဥ်သုံးခုထဲမှ တစ်ခု ဖြစ်ကာ အလွန်တရာပင် အစွမ်းထက်သော ကျင့်စဥ် တစ်ခုလည်း ဖြစ်သည်။
ကျီချီယွင်၏ ပါရမီနှင့် ခွန်အားဖြင့်သာ ကမ္ဘာဖျက်ဆီးရွှေကျီးကန်း နည်းစနစ်ကို ထုတ်ဖော်လိုက်လျှင် သာမန် နတ်ဘုရင်တစ်ပါး ပင်လျှင် ခုခံရန် လုံးဝမဖြစ်နိုင်ပေ။
အားလုံးက ကျန်းချန်အတွက် စိတ်ပူနေသော်လည်း ကျီရွမ်ရီကမူ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။
ကျီချီယွင်၏ သွေးစွမ်းအားနှင့် ပါရမီကို အသာထား၊ ကျီချီယွင်သည် ကျီမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်၍ ကမ္ဘာဖျက်ဆီး ရွှေကျီးကန်း နည်းစနစ်ကို သူ၏ ခွန်အားဖြင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် ထိုနည်းစနစ်၏ တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်လာမည် ဖြစ်သည်။
သူ၏ နတ်ဘုရင် ပထမအဆင့် အထွတ်အထိပ် ခွန်အားဖြင့်ပင်လျှင် ကျီချီယွင်ကို အနိုင်ယူနိုင်ရန် မသေချာပေ။
သို့သော်လည်း ဤတစ်ကြိမ်တွင် ကံဆိုးစွာဖြင့် ကျီချီယွင် ရင်ဆိုင်နေရသော ပြိုင်ဘက်သည် ကျန်းချန် ဖြစ်နေခဲ့သည်။
ကျန်းချန်သည် နတ်ဘုရင် တတိယအဆင့်ကိုပင် အနိုင်ယူခဲ့သည့် ဆန်းကြယ်သော ပါရမီရှင်တစ်ယောက် ဖြစ်၏။
သာမန်လူများအတွက် ကျီချီယွင်သည် အလွန်အမင်း ပါရမီရှင်တစ်ဦး ဖြစ်နိုင်သော်လည်း ကျန်းချန်၏ ရှေ့တွင်မူ မလုံလောက်သေးပေ။
ကျီချီယွင်၏ ခြေသုံးချောင်း ရွှေကျီးကန်းနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်ထံတွင် ကြောက်ရွံ့သည့် အမူအရာများ အနည်းငယ်မျှပင် မရှိခဲ့ပေ။
ထိုခဏဝယ် ရှေးဟောင်း ရွှေရောင်ဓားတစ်လက်သည် သူ၏ လက်ဖဝါးကနေ ထွက်ပေါ်လာခဲ့ပြီး ဓားလမ်းစဥ် မူလအရင်းအမြစ် စွမ်းအားများသည် ရှေးဟောင်း ရွှေရောင်ဓားပေါ်တွင် စုစည်းသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ ရွှေကျီးကန်းကို ခုတ်ပိုင်းလိုက်သည်။
ခြေသုံးချောင်း ရွှေကျီကန်းသည် ဓားအလင်းကြောင့် တစ်ခဏအတွင်းမှာပင် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး ကောင်းကင်ကို ပြည့်နှက်နေသော ရွှေရောင်မီးလျှံများ အဖြစ်သို့ ပြောင်းလဲကာ လေထုထဲတွင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
“ဒါ.. ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး”
ကျန်းချန်က ဓားကွက် တစ်ကွက်တည်းဖြင့်ပင် သူ၏ ကမ္ဘာဖျက်ဆီး ရွှေကျီးကန်း နည်းစနစ်ကနေ ပုံဖော်ထားသော ခြေသုံးချောင်း ရွှေကျီးကန်းပုံရိပ်ကို ဖျက်ဆီးပစ်လိုက်သည်အားမြင်လျှင် ကျီချီယွင်၏ နှုတ်ကနေ မယုံကြည်နိုင်လောက်သော ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူက ခန္ဓာကိုယ် တစ်ခုလုံးမှ စွမ်းအားများကို လှုံ့ဆော်ကာ ကြောက်မက်ဖွယ် ရွှေရောင်မီးလျှံများကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ရွှေရောင်မီးလျှံများသည် ခြေသုံးချောင်းရွှေကျီးကန်းသုံးကောင် အဖြစ် ပြောင်းလဲသွားခဲ့၏။
မိုင်ပေါင်းထောင်ချီသော နေရာလွတ်သည် ထို ခြေသုံးချောင်းရွှေကျီးကန်း သုံးကောင်ကြောင့် ဘာမှ မကျန်ရှိတော့သည့်အထိ လောင်ကျွမ်းတော့မည့် အလား ဖြစ်နေခဲ့၏။
“ရွှေကျီးကန်းသုံးကောင် ကမ္ဘာမြေလောင်ကျွမ်းခြင်း”
ကျီချီယွင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကမ္ဘာဖျက်ဆီးရွှေကျီးကန်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်လိုက်သည်။
ဤတစ်ခေါက်တွင် ရွှေကျီးကန်း သုံးကောင်နှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အစောပိုင်းကလိုပင် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။
သူက ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားချက်သုံးချက်ကို ထုတ်ဖော်လိုက်ရာ ခြေသုံးချောင်း ရွှေကျီးကန်း သုံးကောင်သည် မည်သည့်ခုခံမှုကိုမျှ မပြုလုပ်နိုင်ဘဲ ကျန်းချန်၏ ဓားချက် သုံးချက်အောင်တွင် ချေမှုန်းခံလိုက်ရသည်။
“မင်းက အရမ်းအားနည်းလွန်းတယ်.. မင်းရဲ့အဖော်ကို ခေါ်လိုက်ပါ.. ငါ မင်းတို့နဲ့ အချိန်မဖြုန်းချင်ဘူး”
ကျန်းချန်က ကျီချီယွင်ကို လုံးဝ အမှုမထားသကဲ့သို့ ခေါင်းခါရမ်းကာ ပြောလိုက်သည်။
ကျီချီယွင်သည် သူတွေ့ဖူးသမျှ ပါရမီရှင်များထဲတွင် အစွမ်းအထက်ဆုံးများထဲမှ တစ်ဦး ဖြစ်သော်လည်း သူ၏ ရှေ့တွင်မူ ဖိနှိပ်ခြင်းကိုသာ ခံရပေလိမ့်မည်။
သွေးစွမ်းအားအရဆိုလျှင် သူ၏ ကျီမျိုးနွယ်စု သွေးစွမ်းအားသည် ကျီချီယွင်ထက် မနိမ့်ကျပေ။
ကျင့်စဥ်အရ ဆိုလျှင်လည်း သူ၏ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် ကျီချီယွင်၏ ကမ္ဘာဖျက်ဆီး ရွှေကျီးကန်းနည်းစနစ်ထက် မနိမ့်ကျချေ။
ကျင့်ကြံခြင်းအရဆိုလျှင် ကျီချီယွင်က ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ သူ့ထက် အဆင့်တစ်ဆင့်သာနေသော်လည်း ကြယ်လေးပွင့် မြေကြီးအရှင်အဆင့်တွင် ရှိသော သူ၏ စွမ်းရည်သည် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ထက်ပင် ပိုမို၍ အစွမ်းထက်နေသေး၏။
သို့ဖြစ်ရာ ကျီချီယွင်က သူ့ကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။
“မင်းက ထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ အနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကိုကြောက်စရာပဲ.. မင်းက ငါတို့ကို အတူတူ တိုက်ခိုင်းစေချင်မှတော့ ငါတို့ နှစ်ယောက်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
စကားသံနှင့်အတူ ကျီချန်းပိုင်၏ ပုံရိပ်သည် ကျီချီယွင်၏ နံဘေးတွင် ပေါ်လာခဲ့သည်။
သူက မျက်နှာချင်းဆိုင်ရှိ ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့၏။
သူ၏ အမူအရာသည် ယခင်ထက်ပင် ပိုမို၍ လေးနက်နေခဲ့သည်။
ကျီချန်းပိုင်သည် ကျီချီယွင်၏ ခွန်အားနှင့် ပတ်သက်၍ အလွန်ပင် ရှင်းလင်းစွာ သိထားခဲ့သည်။
သူနှင့် ကျီချီယွင် အစွမ်းကုန် တိုက်ခိုက်မည် ဆိုလျှင်ပင် အကွက်တစ်ရာ အတွင်း အနိုင်အရှုံးကို ခွဲခြားနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်ကမူ ကမ္ဘာဖျက်ဆီး ရွှေကျီးကန်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်ကို အသုံးပြုသွားသော ကျီချီယွင်ကို ဤမျှအထိ အလွယ်တကူပင် ဖိနှိပ်နိုင်ခဲ့သည်။
ထိုအချက်ကပင် ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းအင်သည် သူတို့နှစ်ဦးစလုံးထက် သိသိသာသာပင် သာလွန်နေသည်မှာ ထင်ရှားနေခဲ့၏။
အကယ်၍ သူတို့သာ တစ်ဦးချင်းစီ ရင်ဆိုင်ရမည်ဆိုလျှင် သူတို့နှစ်ဦးစလုံးသည် ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း နားလည်ခဲ့ကြသည်။
အခန်း(၂၁၃၃)ပြီး၏။
အခန်း(၂၁၃၄)
“အခုတစ်ယောက်ချင်း မယှဥ်နိုင်တော့လို့ နှစ်ယောက်တစ်ယောက်တောင် တိုက်တော့မယ်ပေါ့.. ခင်ဗျားတို့ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုဝင်တွေက ဒီလောက်တောင် အရှက်မရှိတော့ဘူးလား အကြီးအကဲချင်ကျန့်.. ကျုပ်တို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ဘယ်သူမဆို သူတို့ထဲက တစ်ယောက်ကို အနိုင်ယူနိုင်ရင် ကျုပ်တို့ကို အနိုင်ပေးမယ်လို့ ခုနတုန်းက ခင်ဗျားတို့ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု ပါရမီရှင် ပြောခဲ့တာ မေ့နေပြီလား”
ကျီချန်းပိုင်၏ လှုပ်ရှားမှုကို မြင်လိုက်ရလျှင် ကျီရွမ်ရီသည် မထီမဲ့မြင်ပြုံးကာ လှောင်ပြောင်လိုက်သည်။
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက နှာခေါင်းရှုံ့ကာအေးစက်စက် ပြောလိုက်သည်။
“ကျီရွမ်ရီ.. စည်းမျဥ်းကို စပြီး ဖောက်ဖျက်တာက ခင်ဗျားတို့အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကပဲ.. ဒီကောင်လေးက ခင်ဗျားတို့ ကျီမျိုးနွယ်စုအတွက် တိုက်ပွဲဝင်ပေးနေပေမဲ့ ကျီမျိုးနွယ်စုဝင် မဟုတ်ဘူးဆိုတာ ကျုပ်မသိဘူး ထင်နေလား”
လွန်ခဲ့သော နှစ်ပေါင်းသန်းချီခန့်က ကျီရွမ်ရီတို့ လူစုသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုကနေ ခွဲထွက်ကာ အရှေ့ဘက်ဒေသသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်မှစ၍ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုသည် ကျီရွမ်ရီတို့ လူစုကို အစဥ်တစိုက် အထူးဂရုပြုကာ စောင့်ကြည့်ခဲ့ကြသည်။
ထို့ကြောင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အခြေအနေနှင့် ပတ်သက်၍ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုသည် အလွန်ရှင်းလင်းစွာပင် သိထားခဲ့ကြသည်။
ကျီရွမ်ရီက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
အရှေ့ဘက်ဒေသတွင် ဤကဲ့သို့ အနှိုင်းမဲ့ပါရမီရှင် တစ်ဦး မည်သို့မည်ပုံ ပေါ်ထွက်လာသည်ကို အပြာရောင်ဝတ်စုံဝတ် အဘိုးအို မသိသော်လည်း ထိုကောင်လေးသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဝင် မဟုတ်မှန်း သူသေချာပေါက် သိသည်။
“အကြီးအကဲချင်ကျန့်.. ခင်ဗျားရဲ့အမြင်အာရုံနဲ့ဆိုရင် ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲက သွေးမျိုးရိုးကို အာရုံခံဖို့ မခက်ခဲလောက်ဘူး မဟုတ်လား.. သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ငါတို့ကျီမျိုးနွယ်စုရဲ့ သွေးမျိုးရိုး ရှိနေမှတော့ သူက ဘာလို့ ကျီမျိုးနွယ်စုဝင် မဖြစ်နိုင်ရမှာလဲ”
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ အကြည့်သည် လေထုထဲရှိ ကျန်းချန် ဆီသို့ ကျရောက်သွားခဲ့သည်။
ခဏအကြာတွင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် အဆုံးသတ်၌ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး အမူအရာ သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုအတွက် တိုက်ပွဲဝင်ပေးနေသော နတ်ဆိုးဆန်လွန်းလှသည့် ပါရမီရှင်တွင် သူတို့ ကျီမျိုးနွယ်စု၏ သွေးမျိုးရိုးသာမက ကျန်းမျိုးနွယ်စု၏ သွေးမျိုးရိုးပါ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီခန့်က ဖြစ်ရပ်တွင် လူသားဧကရာဇ်နန်းတော်မှ ပျောက်ကွယ်သွားသည့် ပါရမီရှင်နှစ်ဦးသည် အမှန်တကယ် ကျဆုံးမသွားဘဲ အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုဝင်များသည် ၎င်းတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်ပါသလော။
ထိုအချိန်က လူသားဧကရာဇ်နန်းတော်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ပြီး ကျီမျိုးနွယ်စု အတွင်းမှာပင် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။
ကျီရွမ်ရီတို့ လူစုသည် ထိုပါရမီရှင် နှစ်ဦး ကျဆုံးမသွားကြောင်း အခိုင်အမာ ယုံကြည်ခဲ့ကြပြီး ကျီမျိုးနွယ်စုမှ ခွဲထွက်ကာ အရှေ့ဘက်ဒေသသို့ ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ ထိုနှစ်ဦးသာ အမှန်တကယ် သက်ရှိထင်ရှား ရှိနေသေးသည် ဆိုလျှင် ထိုကိစ္စသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုနှင့် လူသားဧကရာဇ်နန်းတော် တစ်ခုလုံးအတွက် အလွန်ကြီးမားသော ကိစ္စကြီးတစ်ရပ် ဖြစ်လာပေလိမ့်မည်။
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ သူ၏ စိတ်ထဲမှ အံသြထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။
ယခုအခါတွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၌ ကျန်းမျိုးနွယ်စုနှင့် ကျီမျိုးနွယ်စု၏ သွေးမျိုးရိုး နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသော လူတစ်ယောက် ရှိနေပြီဖြစ်ရာ ကျီမျိုးနွယ်စုသည် ထိုပါရမီရှင် နှစ်ဦးနှင့် နီးစပ်သော ဆက်ဆံရေး ရှိနေမည်မှာ အလားအလာ အလွန်များ၏။
ယခုတစ်ခေါက် ခရီးစဥ်တွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ မှော်ရတနာကို အလယ်ပိုင်းဒေသသို့ ပြန်ယူသွားနိုင်ခြင်းရှိ၊မရှိသည် သူ့အတွက် အရေးမကြီးတော့ပေ။
သူ့အတွက် လက်ရှိအချိန်တွပေ အရေးတကြီး လုပ်ဆောင်ရမည့်အရာမှာ ကျန်းချန်၏ သတင်းကို အလယ်ပိုင်းဒေသသို့ အမြန်ဆုံး ပြန်လည်ပေးပို့ရန် ဖြစ်၏။
လေထုထဲ၌ ကျီချန်းပိုင်က သူ၏ အနားတွင် ပေါ်လာသည်ကိုမြင်လျှင် ကျီချီယွင်၏ မျက်နှာသည် ရုတ်တရက် တင်းမာသွားခဲ့သည်။
“ကျီချန်းပိုင်.. သူ့ကို ယှဥ်ပြိုင်ဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်.. မင်းအကူအညီ မလိုဘူး”
သူက အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ အစွမ်းထက်ဆုံးပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ သူ့ထက်ပင် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် နိမ့်သော အရှေ့ဘက်ဒေသမှ ပါရမီရှင် တစ်ယောက်ကို ရင်ဆိုင်ရာတွင် အကူအညီ လိုအပ်ခဲ့သည်ဆိုလျှင် မျိုးနွယ်စုမှ လူများသည် သူ့ကို သွားကျွတ်မတတ် လှောင်ပြောင်ကြလိမ့်မည် မဟုတ်ပါလား။
“ငတုံးကောင်.. အခုအချိန်အထိ မင်းက သူ့ရဲ့ ပြိုင်ဘက် ဟုတ်မဟုတ် ဆိုတာ မင်းမသိသေးဘူးလား”
ကျီချန်းပိုင်က ကျီချီယွင်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ ဒီတစ်ခေါက် အရှေ့ဘက်ဒေသကို လာတာ ကတိသစ္စာပြုပြီး လာခဲ့တယ်ဆိုတာ မင်းမမေ့နဲ့.. ရှုံးနိမ့်ခဲ့ရင် ဖြစ်လာမဲ့ နောက်ဆက်တွဲတွေကို မင်းရှင်းရှင်းလင်းလင်း နားလည်သင့်တယ်”
အစောပိုင်းတွင် ကျီချီယွင်က ကမ္ဘာဖျက်ဆီး ရွှေကျီးကန်းနည်းစနစ်၏ သိုင်းစွမ်းအား ပုံရိပ်နှစ်မျိုးကို အဆက်မပြတ် အသုံးပြုခဲ့သော်လည်း ကျန်းချန်က ဓားကွက်အနည်းငယ်ဖြင့်ပင် ချေဖျက်ပစ်လိုက်သည်။
ဤအချက်တစ်ခုတည်းဖြင့်ပင် ပြိုင်ဘက်၏ ခွန်အားသည် သူတို့ထက်များစွာ သာလွန်နေမှန်း သိမြင်နိုင်ရန် မခက်ခဲပေ။
သူတို့နှစ်ဦး ပူးပေါင်းမှသာလျှင် ရင်ဆိုင်နိုင်မည်ဖြစ်ပြီး အကယ်၍ တစ်ဦးချင်းသာ တိုက်မည်ဆိုလျှင် သေချာပေါက် ရှုံးနိမ့်ရလိမ့်မည် မဟုတ်ပါလား။
“ကဲ အငြင်းပွားပြီး အချိန်ဖြုန်းမနေနဲ့.. မင်းတို့နှစ်ယောက်အတူတူသာ တက်ခဲ့ကြ”
ကျန်းချန်က ကျီချန်းပိုင်တို့ နှစ်ဦးကို စိတ်မရှည်စွာ စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ကို အနိုင်ယူဖို့က ငါ့အတွက် သိုင်းကွက်တစ်ကွက်ပဲ လိုအပ်တယ်.. မင်းတို့ ဒီတစ်ကွက်ကို ခံနိုင်ရည်ရှိရင် ငါ ရှုံးနိမ့်ပြီလို့သာ မှတ်လိုက်တော့”
“မင်းက ငါတို့ထက်တောင်မှ မောက်မာနေပါလား”
ကျန်းချန်၏ အထက်စီးဆန်သော စကားကိုကြားလျှင် အမြဲတစေ တည်ငြိမ်မှု ရှိသော ကျီချန်းပိုင်၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
သူက ကျန်းချန်ကို စူးစိုက်ကြည့်ရင်း မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ငါတို့နှစ်ယောက်လုံးကို တစ်ကွက်တည်းနဲ့ ဘယ်လိုအနိုင်ယူမလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
သူတို့နှစ်ဦးလုံးသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြပြီး အလယ်ပိုင်းဒေသ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ထိပ်တန်းအဆင့်တွင် ရှိနေကြသည်။
ဆိုရလျှင် နတ်ဘုရင်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည့် သူတို့ကျီမျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင်ပင်လျှင် ကောင်းကင်အရှင် အဆင့်တွင် ရှိနေစဥ်က သူတို့နှစ်ဦးလုံးကို တစ်ကွက်တည်းဖြင့် အနိုင်ယူမည်ဟု ဝင့်ကြွားဝံ့မည် မဟုတ်ပေ။
“ဒါဆိုရင်လည်း မင်းတို့ရဲ့ မျက်လုံးတွေကို ပြူးနေအောင် ဖွင့်ပြီး သေချာကြည့်ထားကြ”
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ထိုရွှေရောင် နတ်အလင်းတန်းများသည် ကျန်းချန်၏ နောက်ကျောတွင် စုစည်းသွားခဲ့ပြီး နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်သည် အထိ အစွမ်းထက်နေလျှင်ပင် မြေကြီးအရှင် အဆင့်ဖြင့် သူတို့နှစ်ဦးစလုံးကို တစ်ကွက်တည်းဖြင့် အနိုင်ယူနေခြင်းမှာ ယေဘုယျအားဖြင့် မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။
“ဒါက လူသားဧကရာဇ်ဓားလား”
ယင်းနောက်တွင်မူ ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားသည် အနည်းငယ် တုန်ခါသွားခဲ့ပြီး ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူ၏ ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ်ယောင် ဖြစ်သည့် လူသားဧကရာဇ်ဓား ထဲသို့ စီးဝင်သွားခဲ့ပြီး ထိုပုံရိပ်ယောင် ဖြစ်သည့် လူသားဧကရာဇ်ဓား၏ တောက်ပမှုသည် တစ်ခဏအတွင်းမှာပင် နှစ်ဆမျှ ထိုးတက်သွားခဲ့သည်။
“မင်း.. မင်းက တကယ်ပဲ လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ်အဖြစ် စုစည်းနိုင်တယ်လား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းချန်၏ ကျောဘက်မှ သူတို့နှင့် အလွန် ရင်းနှီးသော နတ်ခန္ဓာပုံရိပ်ကို မြင်လျှင် ကျီချန်းပိုင်တို့ နှစ်ဦး၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
လူသားဧကရာဇ်ဓား ဆိုသည်မှာ လူသားဧကရာဇ် နန်းတော်၏ အသန်မာဆုံး လက်နက်ဖြစ်ပြီး လူသားဧကရာဇ် နန်းတော်၏ လူသား ဧကရာဇ် အသုံးပြုသော လက်စွဲတော် လက်နက်လည်း ဖြစ်သည်။
သို့သော်လည်း မဟာကပ်ဘေးကြီး ပြီးကတည်းကပင် လူသားဧကရာဇ်ဓားသည် နတ်ကုန်းမြေတိုက်ပေါ်ကနေ လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် လူသားဧကရာဇ်နန်းတော်တွင် ကောလာဟလ တစ်ခု ပျံ့နှံ့နေခဲ့သည်။
ယင်းမှာ ကျန်းတော်ဝင်မျိုးနွယ်စုတွင် လူသားဧကရာဇ်ကံကြမ္မာရှိသော အနှိုင်းမဲ့ပါရမီရှင် တစ်ဦး ပေါ်ထွန်းလာလျှင် ထိုပါရမီရှင်သည် သူ၏ နတ်ခန္ဓာပုံရိပ်ကို လူသားဧကရာဇ်ဓားအဖြစ် စုစည်းနိုင်မည် ဖြစ်ပြီး ၎င်းကို အသုံးပြုကာ စစ်မှန်သော လူသားဧကရာဇ်ဓားကို ဆင့်ခေါ်၍ လူသားဧကရာဇ်အဖြစ် လူသားဧကရာဇ်နေရာကို ဆက်ခံနိုင်မည် ဟူ၍ ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းသန်းချီက လူသားဧကရာဇ် နန်းတော်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရခြင်းမှာလည်း ထိုကဲ့သို့ပင် လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ်အဖြစ် စုစည်းနိုင်သော ပါရမီရှင် တစ်ဦးကြောင့် ဖြစ်၏။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ ရှာတွေ့ထားသော ပါရမီရှင်သည် ကျန်းမျိုးနွယ်စုဝင် တစ်ဦး ဖြစ်နေခဲ့ပြီး လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ် အဖြစ် စုစည်းထားနိုင်မည်ဟု ကျီချန်းပိုင် လုံးဝ ထင်မထားခဲ့ပေ။
ကျန်းချန်ကမူ မျက်နှာထက်တွင် မည်သည့်အမူအရာမျှ ရှိမနေခဲ့ပေ။
သူက ကျီချန်းပိုင်တို့ နှစ်ဦး၏ အံ့သြထိတ်လန့်မှုကို လျစ်လျူရှုထားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို တိုက်ရိုက်ပင် လှုံ့ဆော်ကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်၏။
သူတို့ဆီသို့ သက်ရောက်လာသော လူသားဧကရာဇ်ဓားကို ကြည့်ရင်း ကျီချန်းပိုင်တို့ နှစ်ဦး၏ နှလုံးသားထဲတွင် ဖော်မပြတတ်အောင် အေးစိမ့်သော ခံစားချက်ကို ခံစားလိုက်ရသည်။
သူတို့က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲဘဲ သူတို့၏ စွမ်းအားများကို အမြင့်ဆုံးအဆင့် အထိ အစွမ်းကုန်လှုံ့ဆော်လိုက်ကြ၏။
ကျီချန်းပိုင် ကျောဘက်ကနေ နတ်အလင်းတန်းများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေသည့် မဟာမိုးကြိုးတောင်တန်းအဖြစ်သို့ ပြောင်းလဲကာ လူသားဧကရာဇ်ဓားဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
တစ်ဖက်တွင်လည်း ကျီချီယွင်သည် ကမ္ဘာဖျက်ဆီးရွှေကျီးကန်းနည်းစနစ်၏ တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို အပြည့်အဝ လှုံ့ဆော်လိုက်သည်။
ယခုတစ်ခေါက်တွင်မူ ရွှေကျီးကန်းသည် ဆယ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည့် စွမ်းအားများအား သယ်ဆောင်ကာ ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
“ဝုန်း.. ဝုန်း..”
လေထုထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသုံးခု ထိပ်တိုက် ဆုံတွေ့သွားကြပြီး အလွန်အမင်းထိတ်လန့်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းကြီးသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုခဏတွင် ကောင်းကင်နှင့် မြေကြီးသည် အရောင်မှိန်သွားခဲ့ပြီး နေနှင့်လတို့ပင် ဗြောင်းဆန်သွားခဲ့သည်။
မိုင်ပေါင်းထောင်ချီရှိသော ကောင်းကင်ယံသည် ဤအချိန်တွင် ဘာမျှမကျန်ရှိတော့သည့် နေရာလွတ် အဖြစ်သို့ လုံးဝကို ပြောင်းလဲသွားခဲ့၏။
အခန်း(၂၁၃၄)ပြီး၏။