အခန်း (၁၂၃၅-၁၂၃၆)
Vol. 154 Ch. 1235-1236
အခန်း(၂၁၃၅)
“ဒီကောင်လေးရဲ့ နတ်ခန္ဓာပုံရိပ်က လူသားဧကရာဇ်ဓားပါလား”
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက သူ၏ ဦးခေါင်းအထက်မှ စွမ်းအင်အလင်းများ ဖုံးလွှမ်းနေသော ကောင်းကင်ယံကို စိုက်ကြည့်ရင်း အံ့သြတုန်လှုပ်နေခဲ့သည်။
ယခင်က ကျန်းချန် မည်သူမည်ဝါမှန်း သံသယရှိခဲ့လျှင်ပင် ယခုအခါတွင်မူ ထိုကောင်လေးသည် ထိုအချိန်က ပျောက်ကွယ်သွားခဲ့သော လူသားနှစ်ဦး၏ မျိုးဆက် ဖြစ်သည်မှာ အတော်လေး သေချာသွားခဲ့ပြီ ဖြစ်သည်။
“ကျီချန်းပိုင်တို့ ဘယ်လိုအခြေအနေရှိနေမလဲ မသိဘူး”
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ရေရွတ်လိုက်သည်။
သူ၏ မျက်နှာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။
ယခုလေးတင် ထိုကောင်လေး ထုတ်ဖော်လိုက်သော နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး သူကဲ့သို့ နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ ခုခံနိုင်ရန် မဖြစ်နိုင်ပေ။
ကျီချန်းပိုင်တို့ နှစ်ဦး၏ ပါရမီနှင့် ခွန်အားက မနိမ့်ကျသော်လည်း ဤတိုက်ကွက်အောက်တွင် မသေခဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားကြမည်မှာ သေချာသလောက်ဖြစ်သည်။
အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ မျိုးဆက်သစ်များထဲမှ ကြယ်သုံးပွင့် ကောင်းကင်အရှင် ပါရမီရှင်နှစ်ဦး ဖြစ်၍ ကျီချန်းပိုင်တို့ နှစ်ဦးသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု အတွက် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာပင် အရေးပါလှသည်။
အကယ်၍သာ ထိုနှစ်ဦး ကျဆုံးသွားခဲ့လျှင် ယင်းသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်လာပေလိမ့်မည်။
လူတိုင်း၏ စောင့်ကြည့်မှုအောက်မှာပင် လေထုထဲရှိ အရာအားလုံးသည် တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ပြီး ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
မကြာမီမှာပင် သွေးများစွန်းထင်းနေသော ပုံရိပ်နှစ်ခုသည် လေထုထဲကနေ တိုက်ရိုက် လွင့်စင်ကျလာခဲ့၏။
ထိုပုံရိပ်နှစ်ခုမှာ ကျီချန်းပိုင်နှင့် ကျီချီယွင်တို့ပင် ဖြစ်သည်။
အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ အလျင်အမြန် ခုန်တက်ကာ သတိလစ်နေသော ကျီချန်းပိုင်တို့ နှစ်ဦးကို အလျင်အမြန်ပင် ဖမ်းယူလိုက်သည်။
ကျီချန်းပိုင်တို့ နှစ်ဦးစလုံးသည် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း ကျန်းချန်၏ ဓားချက်အောက်တွင် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။
လူသားဧကရာဇ်ဓားချက်ကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါများပင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။
အကယ်၍ ကျီချန်းပိုင်တို့ နှစ်ဦးသာ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ အနှိုင်းမဲ့ပါရမီရှင်များ မဟုတ်ဘဲ လက်ထဲတွင် အစွမ်းထက် ဝှက်ဖဲများ ရှိမနေခဲ့လျှင် ထိုကောင်လေး၏ လက်ချက်ဖြင့် တစ်ခါတည်း ကျဆုံးသွားလောက်၏။
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်ပြီး ကျီချန်းပိုင်တို့ နှစ်ဦးကို တိုက်ကျွေးလိုက်ကာ ကျီချန်းပိုင် တို့၏ ဒဏ်ရာ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ပေးလိုက်သည်။
ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျီရွမ်ရီကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။
“ကျီရွမ်ရီ.. ဒီပြိုင်ပွဲမှာ မင်းတို့ဘက်က အနိုင်ရတယ်”
ထိုစကားကို ပြောပြီးနောက်တွင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျီရွမ်ရီကို စကားပြောခွင့်ပင် မပေးတော့ဘဲ ဧရာမအပြာရောင်ဓားကို ထုတ်ဖော်ကာ ကျီချန်းပိုင်တို့ နှစ်ဦးနှင့် အတူ ကျီမျိုးနွယ်စု၏ အထက် ကောင်းကင်ယံကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျီရွမ်ရီက အပြာရောင်ဝတ်စုံဝတ် အဘိုးအို ပျောက်ကွယ်သွားသော နေရာသို့ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လေထုထဲမှ ဆင်းသက်လာသော ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ကျန်းချန်.. ငါတို့ကို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“ခေါင်းဆောင်ကျီ.. ဒါက ဘာမှအပန်းမကြီးပါဘူး”
ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ခေါင်းဆောင်ကျီ.. တခြားကိစ္စမရှိတော့ဘူးဆိုရင် ကျွန်တော် ထျန်းယွမ်ခန်းမမှာ ဆက်ပြီး ကျင့်ကြံပါရစေ”
“ကောင်းပါပြီ”
ကျီရွမ်ရီက ခေါင်းညိတ်လိုက်ပြီးနောက်တွင် အနည်းငယ် စဥ်းစားဟန်ဖြင့် ပြောလိုက်သည်။
“ကျန်းချန် ဒီနေ့ကနေစပြီး မင်းမှာ ကျန်းမျိုးနွယ်စုနဲ့ ကျီမျိုးနွယ်စုရဲ့ သွေးမျိုးရိုးနှစ်ခုလုံး တစ်ပြိုက်နက်တည်း ရှိနေတယ်ဆိုတာကို လူသားဧကရာဇ်နန်းတော်က သိသွားတော့မယ် ထင်တယ်”
“မင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်”
ကျီရွမ်ရီက အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ကျန်းချန်ကို ကြည့်၍ ပြောလိုက်၏။
“ကျွန်တော် နားလည်ပါတယ်”
“ကျွန်တော် ဒီမှာဆက်ရှိနေမယ်ဆိုရင် ခေါင်းဆောင်ကျီတို့အတွက် ပြဿနာတွေများ ဖြစ်လာနိုင်မလား”
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်ကနေ ပျောက်ကွယ်သွားသော ပါရမီရှင်နှစ်ဦးကြောင့် လူသားဧကရာဇ် နန်းတော်သည် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။
သို့ဖြစ်ရာ သူ့ကို သဘာဝကျစွာပင် အလွယ်တကူ လွှတ်ပေးကြလိမ့်မည်မဟုတ်ပေ။
သူ့တွင် ကျီမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စု တို့၏ သွေးမျိုးရိုးနှစ်ခုလုံး တစ်ပြိုင်နက်တည်း ရှိနေခဲ့ရာ လူသားဧကရာဇ်နန်းတော်နှင့် အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စုသည် သူက ထိုနှစ်ဦးနှင့် ဆက်စပ်မှု ရှိနေကြောင်း သေချာပေါက် ခန့်မှန်းမိလိမ့်မည် ဖြစ်၏။
“အဲဒီအချိန်က ငါတို့တွေ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုကနေ ခွဲထွက်ပြီး အရှေ့ဘက်ဒေသကို ရောက်လာခဲ့တဲ့အကြောင်းအရင်း တစ်ခု ရှိတယ်.. အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ပျောက်ကွယ်သွားတဲ့ ပါရမီရှင်နှစ်ဦးထဲက ကျီမျိုးနွယ်စုရဲ့ ထိပ်တန်းပါရမီရှင်ဖြစ်တဲ့ နတ်ဘုရားမရဲ့ သဲလွန်စကို ရှာဖွေဖို့အတွက်ပဲ.. အခုမင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမရဲ့ သွေးမျိုးရိုး ရှိနေတယ်.. ဆိုလိုချင်တာက မင်းက ငါတို့ရဲ့မျိုးနွယ်စုဝင်ပဲ.. ငါတို့သာ ပြဿနာတက်မှာကို ကြောက်နေတယ်ဆိုရင် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုကနေ ဘာလို့ ခွဲထွက်ခဲ့မှာလဲ”
ကျီရွမ်ရီက ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့.. ငါမင်းကို ကျီမျိုးနွယ်စု အတွက် ကူညီခိုင်းရဲတယ် ဆိုကတည်းက မင်းကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိလို့ပဲ.. ဒါ့အပြင် ငါတို့အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက မင်းထင်ထားသလောက် အားမနည်းပါဘူး.. မင်းဒီနေရာမှာ ရှိနေသရွေ့ မင်းကို ဘယ်သူမှ လာထိလို့ မရစေရဘူး”
လွန်ခဲ့သော နှစ်ပေါင်းသန်းချီခန့်က သူတို့သည် လူသားဧကရာဇ်နန်းတော်ကနေ ခွဲထွက်ခဲ့ကြပြီး အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုနှင့် လမ်းခွဲခဲ့ကြသည်။
အကယ်၍သာ လူသားဧကရာဇ်နန်းတော်ကပင် ကြောက်ရွံ့ရလောက်သည့် ဝှက်ဖဲအချို့ ရှိမနေခဲ့လျှင် သူတို့သည် အရှေ့ဘက်ဒေသကို အန္တရာယ်ကင်းကင်းဖြင့် မည်ကဲ့သို့ လာနိုင်ပါမည်နည်း။
သူ့အနေဖြင့် ကျန်းချန်ကို အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုဝင်များရှေ့တွင် ထုတ်ပြလိုက်ခြင်းမှာ တကယ်တမ်းကို ကျန်းချန်၏ သတင်းကို လူသားဧကရာဇ် နန်းတော်အား ပြန်လည်ပို့ပေးစေရန် ၎င်းတို့ကို တမင်တကာ အသုံးချလိုက်ခြင်းပင် ဖြစ်၏။
ဆိုရလျှင် ကျီရွမ်ရီသည် လူသားဧကရာဇ်နန်းတော်မှ လူများ၏ တုံ့ပြန်မှုက မည်ကဲ့သို့ ရှိနေမည်ကို သိချင်နေခဲ့သည်။
ကျီရွမ်ရီနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် အပြင်ဘက်၌ အချိန်အကြာကြီး မနေတော့ဘဲ ဆက်လက် ကျင့်ကြံရန် အတွက် ထျန်းယွမ်ခန်းမ ဆီသို့ တိုက်ရိုက်ပင် ပြန်သွားခဲ့သည်။
အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုဝင်များသည် သူ၏ သတင်းကို လူသားဧကရာဇ်နန်းတော် ဆီသို့ သတင်းပို့ပြီးနောက်တွင် လူသားဧကရာဇ်နန်းတော် ဘက်ကနေ မည်သည့် လှုပ်ရှားမှုမျှမရှိဘဲ နေလိမ့်မည် မဟုတ်မှန်း သူကောင်းစွာ သိရှိထားခဲ့သည်။
ထို့ကြောင့် နောက်ဆက်တွဲ အခြေအနေများကို ပိုမို ကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန် အတွက် ယခုအချိန်တွင် သူ၏ ခွန်အားကို အစွမ်းကုန် မြှင့်တင်ရုံသာ ရှိတော့သည် မဟုတ်ပါလော။
ယခုအခါ သူ့တွင် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော မဟာဓားကန် ရှိနေပြီ ဖြစ်ရာ မဟာဓားကန်ထဲမှ စွမ်းရည်များကို စုပ်ယူသန့်စင်ပြီး ကျင့်ကြံနေသရွေ့ ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ လျင်မြန်စွာ ထိုးဖောက်သွားနိုင်မည် မဟုတ်ပါလား။
ထိုအချိန်သို့ရောက်လျှင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် ကောင်းစွာ ရင်ဆိုင်နိုင်စွမ်း ရှိနေပေလိမ့်မည်။
------------------------
ကျန်းချန်က မဟာဓားကန်ကို အသုံးပြု၍ အစွမ်းကုန် ကျင့်ကြံနေသည့် တစ်ချိန်တည်းမှာပင် နတ်ကုန်းမြေတိုက်၏ အလယ်ပိုင်းဒေသရှိ ရှေးဟောင်း အရှိန်အဝါများ ထွက်ပေါ်နေသော ပတ်ဝန်းကျင်တွင် တောက်ပသော အပြာရောင်ဓားအလင်းတန်း တစ်ခုသည် အဝေးရှိ ကောင်းကင်ယံကနေ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ခဏအကြာတွင် အပြာရောင် ဓားအလင်းသည် ကောင်းကင်ယံကို ကြယ်တံခွန် တစ်ခု ကဲ့သို့ ဖြတ်သန်းသွားခဲ့ပြီး တိမ်တိုက်များနှင့် မြူခိုးများ ဝိုင်းရံနေသော ရှေးဟောင်း နတ်တောင်တန်း တစ်ခုအတွင်းသို့ စီးဝင်သွားခဲ့ကာ ထိုနတ်တောင်တန်း အတွင်းရှိ နန်းတော်များထဲမှ တစ်ခု၏ ရှေ့တွင် ဆင်းသက်လိုက်သည်။
ထိုအပြာရောင်ဓားအလင်း အတွင်း၌ အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးနှင့် သတိလစ်နေသော လူငယ်နှစ်ဦး ရှိနေခဲ့၏။
၎င်းတို့မှာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု ဆီသို့ သွားရောက်ခဲ့ကြသော အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတို့ သုံးဦးပင်ဖြစ်သည်။
ထို့နောက်တွင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး နန်းတော်အတွင်းသို့ တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။
“စန်းမူ.. မြန်မြန်ထွက်လာခဲ့ဦး”
“ချင်ကျန့်.. မင်းက ဟိုနှစ်ကောင်ကို ဦးဆောင်ပြီး အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီကို သွားနေတာ မဟုတ်လား.. ဘယ်လိုဖြစ်ပြီး ငါ့ရဲ့ အသက်ဝိညာဥ်နန်းတော် ဆီကို ရုတ်တရက် ရောက်လာရတာလဲ”
ထိုအချိန်တွင် နန်းတော်အတွင်းကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ကလေးငယ် ကဲ့သို့ မျက်နှာထား ရှိသော အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ ရှေ့ရှိ လေထုထဲ၌ ပေါ်ထွက်လာခဲ့သည်။
“ဒီတစ်ခေါက် ခရီးစဥ်မှာ ကလေးနှစ်ယောက်လုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြတယ်.. သူတို့ကို တစ်ချက်လောက် ကြည့်ပေးပါဦး”
ချင်ကျန့်က ခပ်ယဲ့ယဲ့ ပြုံးကာ ချက်ချင်းပင် ကျီချန့်ပိုင်တို့ နှစ်ဦးစလုံးကို အဖြူရောင်ဝတ် အဘိုးအို၏ ရှေ့တွင် ချပေးလိုက်သည်။
ချင်ကျန့်၏ စကားကိုကြားလျှင် အဖြူရောင်ဝတ်စုံဝတ် အဘိုးအို၏ အကြည့်သည် ကျီချန်းပိုင် တို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုခဏတွင် သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
“ချင်ကျန့်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ တပည့်တစ်ယောက်က သူတို့ကို ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်အောင် တိုက်ခိုက်နိုင်ရတာလဲ.. အရှေ့ဘက်ဒေသက အကြီးအကဲ ကိုယ်တိုင်များ သူတို့ နှစ်ယောက်ကို တိုက်ခိုက်လိုက်တာလား”
ချင်ကျန့်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ငါပြီးမှ မင်းကို ရှင်းပြမယ်.. အခု သူတို့နှစ်ယောက်ကို အရင်ကုသပေးထားဦး.. ငါက မျိုးနွယ်စု ခေါင်းဆောင်ဆီ အရေးကြီးတဲ့ သတင်းပို့စရာရှိလို့ သွားလိုက်ဦးမယ်”
စကားဆုံးသည်နှင့် ချင်ကျန့်၏ ပုံရိပ်သည် မျိုးနွယ်စု၏ ဗဟိုရှိ ခန်းမဆောင် တစ်ခု ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
သိပ်မကြာခင်မှာပင် ချင်ကျန့် အပါအဝင် ပုံရိပ်ငါးခုသည် ခန်းမဆောင် အတွင်း၌ စုဝေးနေခဲ့ကြ၏။
“ချင်ကျန့်.. မင်းက ကျီချန်းပိုင်တို့ နှစ်ယောက်ကို ခေါ်ပြီး အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီကို ယှဥ်ပြိုင်ဖို့ သွားခဲ့တာမဟုတ်လား.. ဘယ်လိုဖြစ်ပြီး ကျီချန်းပိုင် တို့က ဒဏ်ရာအပြင်းအထန် ရပြီး ပြန်လာရတာလဲ.. ဟိုမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ”
သိမ်းငှက်မျက်လုံး ကဲ့သို့ စူးရှသောအကြည့်ကို ပိုင်ဆိုင်ထားသော မျိုးနွယ်စု ခေါင်းဆောင်သည် သုန်မှုန်သော မျက်နှာအမူအရာဖြင့် ချင်ကျန့်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ အေးစက်စက် အသံသည် ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့၏။
ချင်ကျန့်က အလေးအနက်ပင် ပြန်ဖြေလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ နတ်ဆိုးဆန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွန်းနေခဲ့ပြီ.. သူက ကျီမျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စု သွေးမျိုးရိုး နှစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့ ကောင်လေး တစ်ယောက်ပဲ”
ချင်ကျန့်၏ စကားအဆုံးတွင် ခန်းမအတွင်းမှ လူအနည်းငယ်၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
အခန်း(၂၁၃၅)ပြီး၏။
အခန်း(၂၁၃၆)
ချင်ကျန့်၏ စကားကိုကြားလျှင် တစ်ခန်းလုံး တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“ချင်ကျန့် မင်းပြောနေတာတွေက တကယ်ပဲလား”
တစ်ခဏအကြာတွင် ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ကျီရွမ်ရင်းသည် အံ့သြတုန်လှုပ်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ချင်ကျန့်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ချင်ကျန့်က ဘာမှဖုံးကွယ်မထားဘဲ အရှေ့ဘက်ဒေသတွင် ကြုံတွေ့ခဲ့သမျှ အဖြစ်အပျက် အားလုံးကို ချက်ချင်းပင် ဖောက်သည်ချလိုက်၏။
“အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက အဲဒီ လျှို့ဝှက်ဆန်းကြယ်လူငယ်လေးနဲ့ ပတ်သက်ပြီး မင်းတို့ ဘယ်လိုထင်မြင်ကြလဲ”
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦး ပေါ်လာကြောင်း၊ ထိုလူငယ်ထံတွင် ကျီမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုတို့၏ သွေးမျိုးရိုးနှစ်ခုလုံး ရှိနေရုံသာမက ထိုလူငယ်သည် ထျန်းယွမ်ခန်းမ၏ အမွေအနှစ်ကိုလည်း ရရှိထားကြောင်း၊ ယင်းအပြင် မြေကြီးအရှင် အဆင့်ဖြင့် လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ်အဖြစ် စုစည်းကာ ကျီချန်းပိုင်တို့ နှစ်ဦးကို ဒဏ်ရာ အပြင်းအထန် ရရှိအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်းကို ကြားလိုက်ရသည့်အခါတွင် အစည်းအဝေး ခန်းမတစ်ခုလုံးသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် အဆုံးသတ်၌ ခန်းမထဲရှိ တိတ်ဆိတ်မှုကို ကျီရွမ်ရင်းသည် အဆုံးသတ်တွင် ဖြိုခွင်းလိုက်သည်။
“ကြည့်ရတာ အဲဒီနှစ်ယောက်က အမှန်တကယ် ကျဆုံးမသွားခဲ့ဘူး ထင်တယ်”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက လေးနက်စွာ ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်.. ကျီမျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စု သွေးမျိုးရိုး နှစ်ခုလုံး ရှိနေတဲ့အတွက် အဲဒီကောင်လေးက အဲဒီ ပါရမီရှင်နှစ်ဦးရဲ့ မျိုးဆက်ပဲ ဖြစ်ရမယ်.. ဒီကိစ္စက အရမ်းအရေးကြီးတယ်.. ဒီကိစ္စကို ကျန်းမျိုးနွယ်စုဆီ အကြောင်းကြားဖို့ အကြံပြုချင်တယ်”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် အားလုံးသည် တိတ်တဆိတ်ပင် လက်ခံ သဘောတူလိုက်ကြသည်။
“ကျန်းမျိုးနွယ်စုရဲ့ လက်ရှိအခြေအနေက အရမ်းကို ရှုပ်ထွေးနေတယ်.. အကယ်၍ ဒီကိစ္စကို ကျန်းမျိုးနွယ်စု သိသွားခဲ့ရင် ဒါက ကောင်းမွန်တဲ့ကိစ္စ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်”
ကျီရွမ်ရင်းက သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ချက်ချင်းပင် လင်းလက်သွားခဲ့၏။
“ဘယ်လိုပဲဖြစ်ဖြစ် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ အဲဒီကောင်လေး ရှိနေတာက ငါတို့ ကျီမျိုးနွယ်စု အတွက် မကောင်းတဲ့ကိစ္စပဲ.. ငါတို့ သူ့ကို အမြန်ဆုံး ရှင်းပစ်ရလိမ့်မယ်”
“မျိုးနွယ်စုခေါင်းဆောင်.. အရှေ့ဘက်ဒေသကျီမျိုးနွယ်စုက အဲဒီကောင်လေးကို အကာအကွယ်ပေးထားတယ် ဆိုတော့ ကျွန်တော်တို့ အဲဒီကောင်လေးကို ရှင်းပစ်ချင်တယ်ဆိုရင်တောင် မလွယ်ကူလောက်ဘူး ထင်တယ်”
ချင်ကျန့်က ဝင်ရောက် ပြောဆိုကာ ထောက်ပြလိုက်သည်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ဆရာသခင် စန်းမင်နှင့် အမှန်တကယ် ပတ်သက်မှု ရှိနေခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်းသန်းချီက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုနှင့် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုတို့ လမ်းခွဲခဲ့စဥ်တွင် ဆရာသခင်စန်းမင်ကြောင့်သာ လူသားဧကရာဇ်နန်းတော်နှင့်အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုတို့သည် ၎င်းတို့ကို အလယ်ပိုင်းဒေသကနေ ထွက်ခွာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဆရာသခင်စန်းမင်ကို အသာထား၊ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် နတ်ဘုရင် စတုတ္ထအဆင့် ဘိုးဘေးတစ်ဦးလည်း ရှိနေသေး၏။
အကယ်၍ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ မှော်ရတနာဖြင့်သာ ပေါင်းစပ်လိုက်လျှင် နတ်ဘုရင်ပဉ္စမအဆင့် သို့မဟုတ်ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင်လျှင် ထိုကောင်လေးကို အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ထိုထက် အရေးပါသော အချက်တစ်ခုမှာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ ထိုကောင်လေး ကိုယ်တိုင်သည် အားနည်းသော ကျင့်ကြံသူ တစ်ယောက် မဟုတ်ခြင်းပင်။
ထိုကောင်လေးသည် ကျီချန်းပိုင်တို့ နှစ်ဦးကိုပင် ဓားကွက် တစ်ကွက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရာ တိုက်ခိုက်ရေးစွမ်းရည်တွင် နတ်ဘုရင် တတိယအဆင့်နှင့် ယှဥ်နိုင်နေပြီ ဖြစ်၏။
ယင်းကြောင့် သူတို့က အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုမှ ဖြစ်နေသည့်တိုင် အရှေ့ဘက်ဒေသကို လူလွှတ်ပြီး ထိုကောင်လေးကို ရှင်းပစ်ရန် ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။
“အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ပေါ်ပေါ်ထင်ထင် သွားပြီး အဲဒီကောင်ကို ရှင်းပစ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့”
ကျီရွမ်ရင်း၏ မျက်ဝန်းထဲတွင် ကောက်ကျစ်သော အပြုံးတစ်ခု လင်းလက်သွားခဲ့၏။
“ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် မဟုတ်ဘဲ တိတ်တဆိတ် လုပ်ကြံမယ် ဆိုရင်တော့ ဒီကောင်လေးကို ရှင်းပစ်ဖို့ ဖြစ်နိုင်ပါတယ်.. ကျုပ်တို့အနေနဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို အရှေ့ဘက်ဒေသဆီ စေလွှတ်လိုက်ရုံပါပဲ.. အဲဒီကောင်လေး ကျီမျိုးနွယ်စုထဲကနေ ထွက်လာတဲ့အချိန်ကျမှ တစ်ခါတည်း သတ်ပစ်လိုက်ရုံပေါ့”
ထိုစကားကို ကြားလျှင် ချင်ကျန့်က အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်.. အဲဒီကောင်လေး ထွက်ပေါ်လာတာက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ပါရမီရှင်နှစ်ဦး သက်ရှိထင်ရှား ရှိနေနိုင်သေးတယ် ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်နေတာကို မေ့ထားလို့မဖြစ်ဘူး”
ထိုစကားကိုကြားလျှင် ကျီရွမ်ရင်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ပြီး အေးစက်စက် ပြောလိုက်သည်။
“ဒီလိုဆိုတော့လည်း အဲဒီကောင်လေးကို သတ်ပစ်ပြီး အဲဒီနှစ်ယောက်ကို အပြင်ဆွဲထုတ်နိုင်မလား ဆိုတာ ကြည့်ရတာပေါ့”
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ကျီမျိုးနွယ်စုတွင် သူ၏ ရာထူးကို တည်ငြိမ်စေရန် အတွက် သူက ကျန်းမျိုးနွယ်စုဝင်အချို့နှင့် တိတ်တဆိတ် ပူးပေါင်းခဲ့သည်။
ဆိုရလျှင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဖြစ်ပျက်ခဲ့သော အပြောင်းအလဲသည် သူနှင့် အခြားသူများ ကြံစည်ခဲ့ခြင်း ဖြစ်၏။
သို့ဖြစ်ရာ သူ့အနေဖြင့် ထိုနှစ်ဦးနှင့် ပတ်သက်သည့် သူများကို အသက်ရှင်ခွင့်ပေး၍ မဖြစ်ပေ။
ချင်ကျန့်က ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
“အဲဒီကောင်လေးက ကျီချန်းပိုင် တို့ကို ဓားကွက်တစ်ကွက်တည်းနဲ့ အနိုင်တိုက်နိုင်တယ် ဆိုတော့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က နတ်ဘုရင် တတိယအဆင့်ထက် အားမနည်းလောက်ဘူး.. မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ အရှေ့ဘက်ဒေသဆီ ဘယ်သူ့ကို စေလွှတ်ဖို့ စီစဥ်ထားလဲ”
ထိုကောင်လေး၏ တိုက်ခိုက်ရေး စွမ်းရည်ဖြင့်သာ ဆိုလျှင် ထိုကောင်လေးကို လုပ်ကြံမည့်သူသည် အနည်းဆုံး နတ်ဘုရင် စတုတ္ထအဆင့် ဖြစ်ရန် လိုအပ်သည်။
ယခုအခါတွင် ကျီမျိုးနွယ်စု၏ ဘိုးဘေးအချို့သည် လောကီရေးရာကို လျစ်လျူရှုထားကြပြီး တံခါးပိတ်၍ ကျင့်ကြံနေခဲ့ကြသည်။
ကျီမျိုးနွယ်စုတွင် သေရေးရှင်ရေး အခြေအနေသို့ ရောက်မလာသရွေ့ ၎င်းတို့သည် ပေါ်ထွက်လာကြလိမ့်မည် မဟုတ်ပေ။
ထိုဘိုးဘေးများမှ လွဲ၍ ကျီမျိုးနွယ်စုတွင် ယခုအခါ၌ နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူ မရှိသလောက်ပင်။
ချင်ကျန့်၏ စကားကိုကြားလျှင် ကျီရွမ်ရင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
“အရှေ့ဘက်ဒေသဆီ ကျီချန်းယဲ့ကို စေလွှတ်ဖို့ ငါဆုံးဖြတ်ထားတယ်”
ချင်ကျန့်၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
“ခေါင်းဆောင် ကျီချန်းယဲ့ကို တကယ်ပဲ အရှေ့ဘက်ဒေသဆီ စေလွှတ်မလို့လား”
ကျီချန်းယဲ့သည် ကျီမျိုးနွယ်စု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်ပြီး ယနေ့ခေတ် ကျီမျိုးနွယ်စု၏ နတ်ဘုရားသားတော်လည်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီခန့်က ကျီချန်းယဲ့သည် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကနေ နတ်ဘုရင်အဆင့်သို့ ထိုးဖောက်နိုင်ခဲ့၍ နတ်ဘုရင် တတိယအဆင့်ကို တစ်ထိုင်တည်း ရောက်ရှိသွားခဲ့သည်။
သူက နတ်ဘုရင် တတိယအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန် နတ်ဘုရင် စတုတ္ထအဆင့်ထက်ပင် များစွာ သာလွန်နေခဲ့၏။
တံခါးပိတ် ကျင့်ကြံနေသော ဘိုးဘေးများမှလွဲလျှင် ကျီချန်းယဲ့၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် ကျီမျိုးနွယ်စုတွင် နံပါတ်တစ်ဟုပင် ခေါ်ဆို၍ ရသည်။
“ခေါင်းဆောင်.. ကျီချန်းယဲ့ကို အရှေ့ဘက်ဒေသဆီ စေလွှတ်တာက စွန့်စားလွန်းရာ ကျမနေဘူးလား”
ချင်ကျန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ကျီချန်းယဲ့ထံတွင် ထိုကောင်လေးကို သတ်ဖြတ်နိုင်သည့် စွမ်းရည်ရှိမှန်း ချင်ကျန့် လုံးဝ သံသယမဖြစ်ပေ။
သို့သော်လည်း အကယ်၍ ကျီချန်းယဲ့သာ အရှေ့ဘက်ဒေသတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့လျှင် ယင်းသည် သူတို့ကျီမျိုးနွယ်စု၏ အသက်သွေးကြောကို ထိခိုက်နိုင်ပြီး လူသား ဧကရာဇ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရာတွင် သက်ရောက်မှု ရှိသွားပေလိမ့်မည်။
“ငါဆုံးဖြတ်ပြီးပြီ ဘာမှထပ်မပြောနဲ့တော့”
ကျီရွမ်ရင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြီးနောက်တွင် ခန်းမအတွင်းကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် ကျီမျိုးနွယ်စု၏ ခန်းမဆောင် တစ်ခုထဲမှ အေးစက်စက် မျက်နှာထားရှိသည့် အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် ကျီမျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
“အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ပါရမီရှင်မှာ လူသားဧကရာဇ်ကံကြမ္မာ ရှိနေတယ် ဆိုတော့ စိတ်ဝင်စားစရာပဲ.. လူသားဧကရာဇ် လျှို့ဝှက်နယ်မြေ မဖွင့်လှစ်ခင် သွားကြည့်ရသေးတာပေါ့”
အနက်ရောင်ဝတ်စုံဝတ် လူငယ်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ထိုနေရာမှ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
----------------------=
တစ်ချိန်တည်းမှာပင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ မဟာနဂါးနန်းတော်ထဲတွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် ခန်းမဆောင်တစ်ခုအတွင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့၏။
အကယ်၍ ကျန်းချန်သာ ထိုနေရာတွင် ရှိနေခဲ့လျှင် ထိုအပြာရောင်ဝတ်စုံဝတ် အဘိုးအိုက မည်သူမည်ဝါ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်ပင် မှတ်မိနိုင်မည် ဖြစ်သည်။
ထိုအပြာရောင်ဝတ်စုံဝတ် အဘိုးအိုမှာ တခြားသူမဟုတ်ပေ။
ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် တစ်ခါက ပေါ်လာခဲ့သော ချင်းယွမ်နတ်ဘုရင် ဖြစ်ပြီး ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု၏ လက်ရှိအကြီးအကဲချုပ်လည်း ဖြစ်သည်။
“အကြီးအကဲချုပ်.. ကျွန်တော့်ကို ရှာနေတာလား”
ထိုအချိန်တွင် ချင်းယွမ်နတ်ဘုရင်၏ နောက်ကွယ်ကနေ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ချင်းယွမ်နတ်ဘုရင်က နောက်လှည့်၍ ကြည့်လိုက်ရာ ခန်းမအပြင်ဘက်ကနေ အထဲသို့ လျှောက်ဝင်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုလူငယ်သည် ဓားမျက်ခုံးနှင့် ကြယ်မျက်လုံးများကို ပိုင်ဆိုင်ထားပြီး အဖြူရောင်ဝတ်စုံကို သပ်ရပ်ကျနစွာ ဝတ်ဆင်ထား၏။
သူ၏ မျက်နှာချင်းဆိုင်ကနေ လမ်းလျှောက်လာစဥ် ထိုလူငယ်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် လူအများကို စေ့စေ့မကြည့်ရဲစေသည် အထိ ခံစားချက်မျိုးအား ပေးစွမ်းနေခဲ့၏။
“ကျိုးဟန်.. ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အလိုရှိတဲ့သူက အရှေ့ဘက်ဒေသမှာ ပေါ်ထွက်လာခဲ့ပြီ.. အရှေ့ဘက်ဒေသဆီ မင်းကို လွှတ်ပြီး သူ့ကို ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုဆီ ပြန်ခေါ်လာခိုင်းဖို့ ငါစီစဥ်ထားတယ်.. မင်းမှာ အဲဒီကို သွားချင်စိတ်ရှိ၊မရှိ ငါသိချင်တယ်”
ချင်းယွမ်နတ်ဘုရင်က သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
အဖြူရောင်ဝတ်စုံဝတ် လူငယ်က တည်ငြိမ်သော အမူအရာဖြင့်ပင် ပြန်ဖြေလိုက်သည်။
“အကြီးအကဲ စိတ်မပူပါနဲ့.. ကျိုးဟန်က သူ့ကို ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုဆီ သေချာပေါက် ဖမ်းခေါ်လာခဲ့ပေးပါမယ်”
ထိုစကားကိုကြားလျှင် ချင်းယွမ်နတ်ဘုရင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီကောင်လေးက အခု အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ ရှိနေတယ်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက လူသားဧကရာဇ်နန်းတော်ရဲ့ ကျီမျိုးနွယ်စုကနေ ခွဲထွက်သွားတဲ့ အစိတ်အပိုင်းတစ်ခုပဲ.. သူတို့ရဲ့ခွန်အားက လုံးဝ လျှော့တွက်လို့မရဘူး.. မင်းဒီခရီးစဥ်မှာ ပေါ့ပေါ့တန်တန် မလုပ်မိဖို့ လိုအပ်လိမ့်မယ်”
“ကျိုးဟန် နားလည်ပါပြီ အကြီးအကဲ”
စကားဆုံးသည်နှင့် အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ ပုံရိပ်သည် ချင်းယွမ်နတ်ဘုရင်၏ ရှေ့ကနေ ဆန်းကြယ်စွာပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၁၃၆)ပြီး၏။