အခန်း (၁၂၃၇-၁၂၃၈)
Vol. 154 Ch. 1237-1238
အခန်း(၂၁၃၇)
အရှေ့ဘက်ဒေသရှိ ဝိညာဥ်နန်းတော်၏ ခမ်းနားထည်ဝါသော ခန်းမတစ်ခုတွင် ဝိညာဥ်နန်းတော်၏ နတ်ဘုရင်နှစ်ပါး ဖြစ်သော လီဆွန်းနတ်ဘုရင်နှင့် ဟွမ်ရှတို့သည် ခန်းမ၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ရှိနေကြသည်။
ခန်းမအလယ်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်တစ်ဦး ရှိနေခဲ့၏။
ထိုအဖြူရောင် ဝတ်စုံဝတ် လူငယ်မှာ အခြားသူ မဟုတ်ပေ။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ စေလွှတ်လိုက်သော လုံကျိုးဟန်ပင် ဖြစ်၏။
လုံကျိုးဟန်သည် အရှေ့ဘက်ဒေသသို့ ရောက်ရှိလာပြီးနောက်တွင် ကျန်းချန်ကို ဖမ်းဆီးရန် အတွက် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီသို့ တိုက်ရိုက် သွားရောက်ရန် မရွေးချယ်ခဲ့ပေ။
မည်သို့ပင် ဆိုစေကာမူ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုကနေ ခွဲထွက်လာသော အဖွဲ့အစည်း ဖြစ်၍ အခြေခံ အင်အား မနိမ့်ကျချေ။
လုံကျိုးဟန်သည် သူ၏ စွမ်းရည်အပေါ်တွင် အလွန်အမင်း ယုံကြည်မှု ရှိသော်လည်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရလောက်အောင် အထိတော့ ရူးသွပ်ခြင်း မရှိပေ။
ထိုကြောင့် လုံကျိုးဟန်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို သတင်းပေးပို့ခဲ့သော ဝိညာဥ်နန်းတော် ဆီသို့ အရင်ဦးဆုံး ရောက်ရှိလာခဲ့သည်။
ဝိညာဥ်နန်းတော်သည် အရှေ့ဘက်ဒေသ၏ သြဇာကြီးမားသော နတ်ဘုရင်အဆင့် အင်အားစုငါးစုထဲမှ တစ်စုဖြစ်သည်။
၎င်းတို့ထံတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး ရှိနေခဲ့ပြီး အင်အားအရာတွင်လည်း အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုထက် များစွာ လျော့နည်းခြင်း မရှိပေ။
အကယ်၍သာ ဝိညာဥ်နန်းတော်၏ အင်အားဖြင့် ပေါင်းစပ်လိုက်လျှင် ကျန်းချန်ကို ဖမ်းဆီးရန်အတွက် အရှေ့ဘက်ဒေသကျီမျိုးနွယ်စုကို ကိုင်တွယ်ရာတွင် သေချာပေါက် ပို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
“လီဆွန်းနတ်ဘုရင်.. ကျန်းချန်နဲ့ ပတ်သက်ပြီး လတ်တလော ဘာသတင်းထူးတွေရှိလဲ”
လုံကျိုးဟန်က သူ၏ ရှေ့မှ လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်ပြီးနောက်တွင် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ရင်ဆိုင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်၍ လုံကျိုးဟန်သည် ရွေးချယ်ခွင့် ရှိနေသေးသရွေ့ အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုနှင့် ထိပ်တိုက် မတွေ့လိုခဲ့ချေ။
ထိုကောင်လေးသာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုထဲကနေ ထွက်လာခဲ့လျှင် ရှင်းပစ်ရန် သေချာပေါက် ပို၍ အဆင်ပြေသွားလိမ့်မည် ဖြစ်၏။
“သူ အခုထိ ကျီမျိုးနွယ်စုထဲမှာ ရှိနေမှာ သေချာတယ်.. သခင်လေးကျိုးဟန်.. ကျန်းချန်က ကျီရွမ်ရီနဲ့ အတူ ကျီမျိုးနွယ်စုထဲ ဝင်သွားကတည်းကနေ တစ်ခါမှ ပြန်ထွက်မလာသေးခဲ့ဘူး.. ဒါပေမဲ့ ကျန်းချန်ကို ကျီမျိုးနွယ်စုထဲကနေ ဆွဲထုတ်ဖို့က မခက်ခဲပါဘူး.. အဲဒီကောင်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကူရွှယ်သောင်းရဲ့ တပည့်ပဲ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကိုတိုက်ခိုက်လိုက်မယ်ဆိုရင် သူသေချာပေါက် ထွက်ပေါ်လာပါလိမ့်မယ်”
လီဆွန်းနတ်ဘုရင်က အလျင်အမြန်ပင် ပြန်လည် ဖြေကြားခဲ့သည်။
“ဘိုးဘေး.. ကျန်းချန်ကို ဆွဲထုတ်ဖို့အတွက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အသုံးချလို့ ရပေမဲ့ ဒီလိုလုပ်လိုက်ရင် ကျီမျိုးနွယ်စုက လူတွေပါ ကြားဝင် စွက်ဖက်လာနိုင်တယ်”
ဟွမ်ရှက တုံ့ဆိုင်းစွာဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။
“ဒါဆို ကျန်းချန်နဲ့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက အတော်လေး ထူးထူးခြားခြား ပတ်သက်နေတဲ့ပုံပဲ”
လုံကျိုးဟန်၏ မျက်ဝန်းများက အနည်းငယ် လေးနက်လာခဲ့သည်။
“ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တိုက်ခိုက်တဲ့အချိန်မှာ ကျီမျိုးနွယ်စုခေါင်းဆောင် ကျီရွမ်ရီကိုယ်တိုင် သူတို့ဘက်ကနေ ပါဝင်ခဲ့တယ်"
"အဲဒီ တစ်ခေါက်က ဖြစ်ပျက်ခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို ငါ့ကို ပြောပြပါ”
“သခင်လေးကျိုးဟန်.. အရင်ကတော့ ဝိညာဥ်နန်းတော်ရဲ့အင်အားနဲ့ ကျန်းချန်ကိုဖမ်းပြီး ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆီ ဆက်သဖို့ ကျွန်တော် တွေးထားခဲ့တယ်.. ဒါပေမဲ့ ကျွန်တော့်ရဲ့အကြံအစည်က အဆုံးသတ်မှာ ကျရှုံးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
လီဆွန်းနတ်ဘုရင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ထိုတိုက်ပွဲကိုအကြောင်းကို လုံကျိုးဟန်အား အသေးစိတ် ပြောပြလိုက်သည်။
လီဆွန်းနတ်ဘုရင်ထံမှ တိုက်ပွဲ အသေးစိတ် အချက်အလက်များကို ကြားလိုက်ရချိန်တွင် လုံကျိုးဟန်၏ အကြည့်သည် တစ်ခဏအတွင်းမှာပင် ပို၍ လေးနက်သွားခဲ့၏။
ဆိုရလျှင် သူ၏ရှေ့မှ လီဆွန်းနတ်ဘုရင်သည် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
လီဆွန်းနတ်ဘုရင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင်တတိယအဆင့်တွင် ရှိသော အနှိုင်းမဲ့ပါရမီရှင်များထက် များစွာ နိမ့်ကျသော်လည်း နယ်မြေနတ်ဘုရား အတွက်မူ အလွန်တရာ အစွမ်းထက်နေဆဲ ဖြစ်၏။
လုံကျိုးဟန် ကိုယ်တိုင်က အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်တွင် ရှိနေစဥ် နတ်ဘုရင်တတိယ အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ခဲ့ဖူးသည်။
သို့သော်လည်း ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရခြင်းဖြစ်၏။
ကျန်းချန် ဟူသော ကောင်လေးကမူ သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် နိမ့်ကျသည့်တိုင် လီဆွန်းနတ်ဘုရင်ကို ဓားချက်တစ်ချက်တည်းဖြင့် ထိခိုက်စေနိုင်ခဲ့သည်မှာ အမှန်တကယ်ပင် အံ့သြထိတ်လန့်စရာ ကောင်းနေခဲ့သည်။
ယင်းအပြင် လုံကျိုးဟန် အံ့ဩထိတ်လန့်ဆုံး အရာမှာ ကျန်းချန်က လီဆွန်းနတ်ဘုရင်ကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေခဲ့သော ဓားချက်ပင် ဖြစ်သည်။
ဝိညာဥ်နန်းတော်၏ အမွေအနှစ်မှာ ရှေးမကျလှသလို အမြဲတစေ အရှေ့ဘက်ဒေသတွင်သာ အခြေစိုက်နေခဲ့၍ ဝိညာဥ်နန်းတော်သည် လူသားနန်းတော်၏ အကြောင်းကို သေသေချာချာ မသိနိုင်သလို ကျန်းချန်၏ ဓားချက်က မည်သည့်အဓိပ္ပါယ်ကို ဆိုလိုမှန်းလည်း သိချင်မှ သိပေလိမ့်မည်။
ဆိုရလျှင် ဤသည်မှာ လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ်အဖြစ် အသုံးပြုထားသော ဓားချက် ဖြစ်သည်။
ဤကဲ့သို့ နတ်ခန္ဓာပုံရိပ်မျိုးကို လူသားဧကရာဇ်နန်းတော်၏ ကျန်းတော်ဝင်မိသားစုမှ သူများသာ စုစည်းနိုင်သည်ဟု ဆိုကြ၏။
သို့ဆိုလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အလိုရှိနေသည့် ထိုကောင်လေးသည် လူသားဧကရာဇ် နန်းတော်ရှိ ကျန်းတော်ဝင်မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နိုင်ပါသလော။
လူသားဧကရာဇ်နန်းတော်သည် ရှေးခေတ် ကာလကတည်းကပင် နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့သော အစွမ်းထက် အင်အားစုကြီး တစ်စုဖြစ်ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ထိုအဖွဲ့အစည်းနှင့် ယှဥ်ပြိုင်နိုင်သူ အလွန်တရာ နည်းပါးလှသည်။
အထူးသဖြင့် မဟာကပ်ဘေးကြီး အပြီးတွင် လူသားဧကရာဇ်နန်းတော်သည် အချိန်အတိုင်းအတာ တစ်ခုအထိ နတ်ကုန်းမြေတိုက်၏ အရှင်သခင် ဖြစ်လာခဲ့သည်။
လူသားဧကရာဇ်နန်းတော်၏ အင်အားသည် ယခင်ကထက် ယုတ်လျော့လာသော်လည်း နတ်ကုန်းမြေတိုက်ရှိ မည်သည့်အင်အားစုကို မဆို အတိုင်းအတာ တစ်ခုအထိ ကြောက်ရွံ့စေရန် လုံလောက်နေဆဲပင်။
အကယ်၍ ကျန်းချန်သာ လူသားဧကရာဇ်နန်းတော်၏ ကျန်းတော်ဝင်မိသားစုမှ အမှန်တကယ် ဖြစ်နေခဲ့လျှင် ကိစ္စများသည် ပို၍ပင် ရှုပ်ထွေးသွားနိုင်ပေသည်။
“သခင်လေးကျိုးဟန်. တကယ်တော့ အရှေ့ဘက်ဒေသကျီမျိုးနွယ်စုမှာ မကြာသေးခင်က ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီကို အလယ်ပိုင်းဒေသကနေ ဓားလမ်းစဥ် အထူးပြုနတ်ဘုရင်တစ်ပါးနဲ့ လူငယ်ပါရမီရှင်နှစ်ယောက် ရောက်လာတာကို ကျွန်တော့်ရဲ့ လူတွေ တွေ့ခဲ့တယ်.. သူတို့တွေ ကျီမျိုးနွယ်စုထဲ ဝင်သွားပြီး သိပ်မကြာခင်မှာပဲ အဲဒီ ဓားလမ်းစဥ် အထူးပြုနတ်ဘုရင်က ပါရမီရှင်နှစ်ယောက်နဲ့အတူ အလျင်အမြန် ပြန်ထွက်သွားခဲ့တယ်.. အဲဒီလူငယ်ပါရမီရှင်နှစ်ယောက် ထွက်သွားတဲ့အချိန်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တဲ့ပုံပဲ”
ဟွမ်ရှက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး လုံကျိုးဟန်ကို ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လုံကျိုးဟန်၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
“အဲဒီလူသုံးယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ငါ့ကို ပြောပြပါ”
ဟွမ်ရှက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ ရရှိထားသော သတင်းများထဲမှ လူသုံးဦး၏ ပုံရိပ်သည် လုံကျိုးဟန်၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
“ဒါက အလယ်ပိုင်းဒေသက ကျီမျိုးနွယ်စုဝင်တွေပဲ”
ချင်ကျန့်တို့သုံဦး၏ ပုံရိပ်ကိုမြင်လျှင် လုံကျိုးဟန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
နတ်ခန္ဓာပုံရိပ်အဖြစ် လူသားဧကရာဇ်ဓားကို အသုံးပြုနိုင်သော ကျန်းတော်ဝင် မျိုးနွယ်စုဝင်များသည် လူသားဧကရာဇ်ကံကြမ္မာကို ပိုင်ဆိုင်ထားကြပြီး အနာဂတ်တွင် လူသားဧကရာဇ်အဖြစ် ဆက်ခံနိုင်မည်ဟု ဆိုကြသည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီခန့်တွင် နတ်ခန္ဓာပုံရိပ်အဖြစ် လူသားဧကရာဇ်ဓားကို စုစည်းနိုင်ခြင်းကြောင့် လူသားဧကရာဇ် နန်းတော်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့၏။
ယနေ့ခေတ် လူသားဧကရာဇ် နန်းတော်ထဲတွင် ကျန်းချန် တည်ရှိနေသည်ကို မမြင်ချင်သော သူအချို့ သေချာပေါက် ရှိနေပေလိမ့်မည်။
ထိုသတင်းကို လူသားဧကရာဇ်နန်းတော်မှ လူများလည်း ရရှိထားပုံရပြီး ထိုကြောင့်သာ အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှလူများသည် အရှေ့ဘက်ဒေသသို့ ရောက်လာခဲ့ခြင်း ဖြစ်ပုံရ၏။
ထိုသို့ တွေးမိသည်နှင့် လုံကျိုးဟန်သည် ချက်ချင်းပင် ညွှန်ကြားချက် ပေးလိုက်သည်။
“ဝိညာဥ်နန်းတော်ရဲ့ အင်အားကို ချက်ချင်းအသုံးပြုပြီး အလယ်ပိုင်းဒေသကနေ အရှေ့ဘက်ဒေသကို ရောက်လာတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် အကြောင်းကို စုံစမ်းပေးပါ.. သတင်းရရင် ငါ့ကို အမြန်ဆုံး အကြောင်းကြားပေးပါ”
လူသားဧကရာဇ်နန်းတော်က ကျန်းချန် တည်ရှိနေသည်ကို သိရှိသွားပြီ ဖြစ်ရာ ကျန်းချန်ကို မလိုလားသော သူများသည် ကျန်းချန်ကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် အရှေ့ဘက်ဒေသသို့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးအား သေချာပေါက် ထပ်မံ စေလွှတ်လိမ့်မည် ဖြစ်၏။
လူသားဧကရာဇ်နန်းတော်က စေလွှတ်လိုက်သော အစွမ်းထက်ပုဂ္ဂိုလ်ကို ရှာဖွေပြီး ပူးပေါင်းလိုက်မည် ဆိုလျှင် ကျန်းချန်ကို ကိုင်တွယ်ရာ၌ ပိုမို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
လုံကျိုးဟန်က ဝိညာဥ်နန်းတော်တွင် အစီအစဥ်များ ရေးဆွဲနေသည့် တစ်ချိန်တည်းမှာပင် ကျီမိသားစု၏ ထျန်းယွမ်ခန်းမထဲရှိ ကျန်းချန်သည် ထိုအကြောင်းများကို ဘာမျှ မသိရှိသေးပေ။
သူက မဟာဓားကန်ထဲတွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး ဓားကန်ထဲရှိ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူ၍ သူ၏ ကျင့်ကြံခြင်းကို အဆက်မပြတ် တိုးမြှင့်နေခဲ့သည်။
“ဒင်..သင်က မဟာဓားကန်ထဲက ဓားလမ်းစဥ် စွမ်းအင်များကို စုပ်ယူပြီး ဓားလမ်းစဥ်အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က မဟာဓားကန်ထဲက ဓားလမ်းစဥ် စွမ်းအင်များကို စုပ်ယူပြီး ဓားလမ်းစဥ်အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်..သင်က မဟာဓားကန်ထဲက ဓားလမ်းစဥ် စွမ်းအင်များကို စုပ်ယူပြီး ဓားလမ်းစဥ်အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်”
“..............”
မဟာဓားကန် ဆိုသည်မှာ နတ်ဘုရင် နဝမအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော ကျီထျန်းယွမ်ကိုယ်တိုင် ပြင်ဆင်ပေးထားသည့် အရာဖြစ်သည်။
ထို့ကြောင့် ဓားလမ်းစဥ်ကို အထူးပြုသည့် နယ်မြေနတ်ဘုရားများကို ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ လျင်မြန်စွာ ရောက်ရှိစေနိုင်၏။
ထို့အပြင် ကျန်းချန် ထံတွင် အဆ ၁၀၀ စနစ် ရှိနေ၍ မဟာဓားကန်ထဲတွင် သူ၏ တိုးတက်မှု အရှိန်အဟုန်သည် အလွန်ပင် ထိတ်လန့်စရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
တစ်လအတွင်းမှာပင် ကျန်းချန်သည် ကြယ်လေးပွင့် မြေကြီးအရှင် အစောပိုင်း အဆင့်ကနေ ကြယ်လေးပွင့် မြေကြီးအရှင် နှောင်းပိုင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
အခန်း(၂၁၃၇)ပြီး၏။
အခန်း(၂၁၃၈)
“နတ်ဘုရင်နဝမအဆင့်ကျင့်ကြံသူချန်ထားရစ်ခဲ့တဲ့ မဟာဓားကန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ် ဒီထဲမှာ ပါဝင်နေတဲ့စွမ်းအင်တွေက တကယ်ကိုသန့်စင်လွန်းတာပဲ”
သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကို ခံစားမိလျှင် ကျန်းချန်သည်ပင် အံ့အားသင့်နေခဲ့သည်။
ဤမဟာဓားကန်ထဲတွင် ကျင့်ကြံခြင်းဖြင့် ရရှိလာသော ဓားလမ်းစဥ် အရင်းအမြစ် အတွေ့အကြုံများသည် ဟောင်ထျန်းဓားဂိုဏ်းရှိ စွမ်းအင်ဓားများထံကနေ ရရှိခဲ့သော အတွေ့အကြုံများထက် အဆပေါင်းများစွာ ပိုမိုသာလွန်ရုံသာမက အတွေ့အကြုံတိုးပွားနှုန်းတွင်လည်း ပိုမို၍ မြန်ဆန်နေခဲ့သည်။
ဤအရှိန်အဟုန်ဖြင့်သာ ဆိုလျှင် ကြယ်လေးပွင့် မြေကြီးအရှင် အဆင့်ကနေ ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်သို့ ထိုးဖောက်ရန် ခြောက်လခန့်သာ ကြာမြင့်ပေလိမ့်မည်။
ထို့အပြင် ကျန်းချန်ကို အံ့သြအထိတ်လန့်စေဆုံး အရာမှာ မဟာဓားကန်ထဲတွင် ပါဝင်သော ဓားစွမ်းအင်များသည် သူထင်ထားသည်ထက်ပင် ပို၍ သန့်စင်နေခဲ့ခြင်းပင်။
သူက ကြယ်လေးပွင့် မြေကြီးအရှင် အစောပိုင်းအဆင့်ကနေ ယခုအချိန်အထိ စုပ်ယူခဲ့သည်မှာ မဟာဓားကန်၏ လေးပုံတစ်ပုံပင် မပြည့်သေးပေ။
အကယ်၍ မဟာဓားကန်ထဲမှ စွမ်းအင်များကို အပြည့်အဝစုပ်ယူနိုင်မည် ဆိုလျှင် သူ့အနေဖြင့် ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ ထိုးဖောက်ရန် မည်သည့်ပြဿနာမှ ရှိလိမ့်မည် မဟုတ်ချေ။
ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော မဟာဓားကန်သည် သာမန် နယ်မြေနတ်ဘုရား တစ်ပါးကိုပင် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ အလွယ်တကူ ရောက်ရှိစေနိုင်သည်ဟု ဆိုစမှတ်ပြုကြသည်။
ကျန်းချန်သာ ကြယ်သုံးပွင့်ထက် ကျော်လွန်သည့် ကြယ်လေးပွင့်အဆင့် မြေကြီးအရှင်တစ်ဦး မဟုတ်ခဲ့လျှင် အဆင့်တစ်ခုစီတွင် တိုးတက်ရန် လိုအပ်သော စွမ်းရည်သည် အလွန်အမင်း ကြီးမားနေမည် မဟုတ်ပေ။
သို့မဟုတ်လျှင် ကျန်းချန်သည် ဤမဟာဓားကန်၏ အကူအညီဖြင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ တစ်ထိုင်တည်း ရောက်ရှိသွားနိုင်လောက်၏။
“ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်ကို အမြန်ဆုံးထိုးဖောက်နိုင်ဖို့ ကြိုးစားရမယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုနှင့် လူသားဧကရာဇ် နန်းတော်တို့သည် အရှေ့ဘက်ဒေသသို့ လူများစေလွှတ်ကာ သူ့ကို ပြဿနာရှာကြပေလိမ့်မည်။
ထို့ကြောင့် ယခု သူ့အတွက် အရေးအကြီးဆုံးအလုပ်မှာ နောက်ဆက်တွဲ အခြေအနေများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန်အတွက် သူ၏ ခွန်အားကို မြှင့်တင်ထားရန်ပင် မဟုတ်ပါလား။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ကာ မဟာဓားကန်ထဲမှ စွမ်းအားများကို ဆက်လက်စုပ်ယူ၍ ကျင့်ကြံနေခဲ့သည်။
ကျန်းချန်၏ အစွမ်းကုန် ကျင့်ကြံမှုအောက်တွင် အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
ယနေ့တွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အစည်းအဝေးခန်းမထဲ၌ ကျီရွမ်ရီနှင့် မျိုးနွယ်စု၏ အဆင့်မြင့် အကြီးအကဲများစွာသည် စုဝေးနေခဲ့ကြသည်။
ခန်းမအတွင်းရှိ လေထုသည် အတော်လေး လေးနက်နေပုံရသည်။
ခဏအကြာတွင် ကျီရွမ်ရီသည် ခန်းမထဲ၌ တိတ်ဆိတ်မှုကို အဆုံးသတ်၌ ဖြိုခွင်းလိုက်သည်။
“အားလုံးပဲ.. ငါတို့ရရှိထားတဲ့ သတင်းအရဆိုရင် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုက သူတို့ရဲ့ လူတစ်ယောက်ကို အရှေ့ဘက်ဒေသဆီ တိတ်တဆိတ် စေလွှတ်လိုက်ပြီ”
ထိုစကားကိုကြားလျှင် ကျီမျိုးနွယ်စုမှ အဆင့်မြင့် အကြီးအကဲများ၏ မျက်နှာ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားကြသည်။
ကျန်းချန်သည် ကျန်းနှင့်ကျီ မျိုးနွယ်စုနှစ်ခုလုံး၏ သွေးမျိုးရိုး ရှိရုံသာမက နတ်ခန္ဓာပုံရိပ် အဖြစ် လူသားဧကရာဇ်ဓားကိုပါ စုစည်းထားနိုင်ရန် လူသားဧကရာဇ် ကံကြမ္မာကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်သည်။
သူတို့ မှန်းဆထားသည့်အတိုင်းပင် ထိုအကြောင်းကို သိရှိသွားပြီးနောက်တွင် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုနှင့် လူသားဧကရာဇ် နန်းတော်တို့သည် သေချာပေါက် လက်မလျှော့ခဲ့ကြပေ။
သို့သော်လည်း သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ခွန်အားသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုဖြင့် နှိုင်းယှဥ်လျှင် အဆင့်တစ်ဆင့်ထက်မက နိမ့်ကျနေခဲ့သည်။
ထို့အပြင် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ နောက်ကွယ်တွင် ၎င်းတို့ထက်ပင် ပိုမို အစွမ်းထက်သော လူသားဧကရာဇ်နန်းတော်လည်း ရှိနေခဲ့၏။
သို့ဖြစ်ရာ သူတို့ အရှေ့ဘက် ကျီမျိုးနွယ်စုသည် ကျန်းချန်ကို အမှန်တကယ်ပင် ကာကွယ်ပေးနိုင်ပါမည်လော။
“မျိုးနွယ်စုခေါင်းဆောင်.. အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုက အရှေ့ဘက်ဒေသဆီ ဘယ်သူ့ကို စေလွှတ်လိုက်တာလဲ”
အကြီးအကဲချုပ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လူတိုင်း စိုးရိမ်မကင်း ဖြစ်နေကြသည့် မေးခွန်းကို အလေးအနက်မေးလိုက်သည်။
“ငါသိထားသလောက် ဆိုရင်တော့ သူတို့ စေလွှတ်လိုက်တဲ့သူက အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုရဲ့ နံပါတ်တစ်ပါရမီရှင် ကျီချန်းယဲ့ပဲ”
ကျီရွမ်ရီ၏ စကားဆုံးသည်နှင့် လူတိုင်း၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားကြသည်။
ကျီချန်းယဲ့သည် ကျီမျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ရာချီခန့်ကတည်းကပင် ကြယ်သုံးပွင့်အရှင်အဆင့်မှ နတ်ဘုရင် တတိယအဆင့်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သူလည်း ဖြစ်သည်။
နတ်ကုန်းမြေတိုက် တစ်ခုလုံးမှာပင် ကျီချန်းယဲ့သည် နာမည်ကျော်ကြားသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဆိုလည်းမမှားပေ။
ကျီချန်းယဲ့သည် နတ်ဘုရင်အဆင့်ကို ရောက်ရှိပြီး မကြာမီမှာပင် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူခဲ့ကာ အလယ်ပိုင်းဒေသ၏ ပါရမီရှင်များစာရင်းတွင် ထိပ်ဆုံးဆယ်ဦး စာရင်းထဲ၌ ပါဝင်ခဲ့၏။
ယခုအခါတွင် နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီ ဖြစ်၍ ကျီချန်းယဲ့သည် နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိလာခဲ့ပြီး သူ၏ ခွန်အားက မည်သည့်အဆင့်သို့ ရောက်ရှိနေမှန်း မည်သူမျှ မသိကြပေ။
ရှင်းလင်းစွာ ဆိုရလျှင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ နတ်ဘုရင် စတုတ္ထအဆင့်ရှိ ဘိုးဘေးပင်လျှင် ကျီချန်းယဲ့၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
“အားလုံးပဲ အရမ်းကြီးတော့ စိတ်မပူကြပါနဲ့.. အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုက ကျီချန်းယဲ့ တစ်ယောက်တည်းကိုပဲ စေလွှတ်လိုက်တာ ဆိုတော့ သူတို့အနေနဲ့ ငါတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မရည်ရွယ်ထားဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ.. ကျီချန်းယဲ့ရဲ့ ရည်ရွယ်ချက်က ကျန်းချန်ကို တိတ်တဆိတ် လုပ်ကြံဖို့ပဲ ဖြစ်ရမယ်.. ကျန်းချန်သာ ကျီမျိုးနွယ်စုထဲကနေ မထွက်ဘဲ ကျီချန်းယဲ့ကို လုပ်ကြံဖို့ အခွင့်အရေး မပေးမိဘူးဆိုရင် ပြဿနာမရှိလောက်ပါဘူး”
ကျီရွမ်ရီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါတို့ အခုစိုးရိမ်ရမှာက ဝိညာဥ်နန်းတော်ပဲ.. သူတို့ရဲ့သတင်းပို့မှုကြောင့် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုကလည်း ပါရမီရှင်တစ်ဦးကို စေလွှတ်လိုက်ပြီ.. အဲဒီပါရမီရှင်က အခု ဝိညာဥ်နန်းတော်မှာ ရောက်နေပြီ တစ်ခဏလောက် ငြိမ်သက်နေတဲ့ ဝိညာဥ်နန်းတော်က ဘာလို့ အခုတလော ပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာရသလဲ ဆိုတာ အံ့ဩစရာ မရှိတော့ဘူး”
“လတ်စသတ်တော့ သူတို့က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ အထောက်အပံ့ကို ရထားတာကိုး”
အကြီးအကဲချုပ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒါနဲ့ ကျန်းချန်က ဘယ်လိုဖြစ်ပြီး ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ အလိုရှိစာရင်းထဲကို ရောက်နေရတာလဲ”
“ကျန်းချန် ကျင့်ကြံထားတာက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ အထွတ်အထိပ် ကိုယ်ခံပညာရပ် ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ပဲ.. ဒါကြောင့်လည်း ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုက သူ့ကို အလိုရှိတဲ့အထဲ ထည့်သွင်းထားတာပဲ”
ကျီရွမ်ရီက ခေါင်းခါရမ်းလိုက်သည်။
ဧကရာဇ်ကံကြမ္မာသည် အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်လွန်းနေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်သည် အဆင့်နိမ့် နယ်မြေကနေ ရောက်လာခဲ့ခြင်း ဖြစ်ပြီး နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်မှာ သိပ်မကြာသေးပေ။
သို့ဖြစ်ရာ ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုနှင့် ဆက်ဆံရေး ရှိနိုင်ရန်မှာ မဖြစ်နိုင်သော ကိစ္စပင်။
ဆိုရလျှင် ကျန်းချန်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ လျှို့ဝှက်ပညာရပ်ကို မည်ကဲ့သို့ ရရှိခဲ့မှန်း ကျီရွမ်ရီပင်လျှင် မခန့်မှန်းတတ်တော့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ် ကဲ့သို့ အထွတ်အထိပ် ကျင့်စဥ်များကို ရရှိထားသူ မည်သူမဆို ထိုကျင့်စဥ်များနှင့်အတူ သက်ရောက်လာမည့် ကြီးမားသော အကျိုးဆက်များကို သေချာပေါက် ခံစားရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန် အနေဖြင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
“မျိုးနွယ်စုခေါင်းဆောင်.. ဝိညာဥ်နန်းတော်က ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုရဲ့ အထောက်အပံ့ကို ရထားပြီးပြီဆိုတော့ ကျွန်တော်တို့အခု ဘာဆက်လုပ်ကြမလဲ”
အကြီးအကဲချုပ်၏ မျက်နှာအမူအရာက အလွန်တရာပင် လေးနက်နေခဲ့သည်။
ဝိညာဥ်နန်းတော်တွင် နတ်ဘုရင်နှစ်ပါး ရှိပြီး အထူးသဖြင့် လီဆွန်းနတ်ဘုရင်၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရင် တတိယအဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။
ခွန်အားအရကြည့်လျှင် ဝိညာဥ်နန်းတော်သည် သူတို့ ကျီမျိုးနွယ်စုထက် များစွာပိုမသာသော်လည်း အားမနည်းလှပေ။
ဝိညာဥ်နန်းတော်သာ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အထောက်အပံ့ကို ထပ်မံရရှိမည် ဆိုလျှင် သူတို့ အရှေ့ဘက် ကျီမျိုးနွယ်စု အနေဖြင့် ရင်ဆိုင်ရန် အမှန်တကယ် ခက်ခဲသွားလိမ့်မည်မဟုတ်ပါလော။
ရှင်းလင်းစွာဆိုရလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ရှိ သောင်းချီသော မျိုးနွယ်စုများထဲတွင် ထိပ်တန်း မျိုးနွယ်စုတစ်စု ဖြစ်ပြီး အထွတ်အထိပ်ကာလက ဆိုလျှင် လူသားဧကရာဇ်နန်းတော်ထက်ပင် များစွာ နိမ့်ပါးခြင်း မရှိပေ။
“တခြားဘာလုပ်ရဦးမှာလဲ.. သူတို့ ပြဿနာလာရှာရဲတော့လည်း ထိပ်တိုက်ရင်ဆိုင်ရုံပဲ ရှိတော့တာပေါ့”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျီရွမ်ရီ၏ မျက်ဝန်းထဲ၌ ပြတ်သားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“အခုအချိန်ကစပြီး ကျီမျိုးနွယ်စု တစ်ခုလုံးကို အချိန်မရွေး တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ထားရမယ်လို့ အမိန့်ထုတ်လိုက်ပါ”
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုသည် ပါရမီရှင်နှစ်ဦး၏ သဲလွန်စများကို ရှာဖွေရန် ကျီမျိုးနွယ်စုကနေ ခွဲထွက်လာခဲ့ကြသည်။
ယခုအခါတွင် ကျန်းနှင့်ကျီ သွေးမျိုးရိုးနှစ်ခုစလုံးပါဝင်သည့် ကျန်းချန် ပေါ်ထွက်လာခဲ့ပြီး နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကိုပါ စုစည်းနိုင်ခဲ့သည်။
ကျန်းချန်ထံတွင် ဧကရာဇ်ကံကြမ္မာ ရှိနေသည်ဖြစ်ရာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ကျန်းချန်ကို အစွမ်းကုန်ထောက်ပံ့ရန် ဆုံးဖြတ်ထားခဲ့သည်။
အကယ်၍ ကျန်းချန်က လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ် ဖြစ်လာပြီး လူသားဧကရာဇ်နန်းတော် တစ်ခုလုံးကို အုပ်ချုပ်နိုင်မည် ဆိုလျှင် သူတို့ အရှေ့ဘက် ကျီမျိုးနွယ်စုအတွက် အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အခွင့်အရေး ရှိလာလိမ့်မည် မဟုတ်ပါလား။
ကျီရွမ်ရီက တိုက်ပွဲအတွက် ပြင်ဆင်ရန်အမိန့် ထုတ်ပြန်နေသည့် အချိန်မှာပင် ကျီမျိုးနွယ်စု၏ အထက် ကောင်းကင်ယံကနေ အေးစက်စက် အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။
“ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုက ကျွန်တော် လုံကျိုးဟန်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ လာရောက်လည်ပတ်ပါတယ်”
ထိုစကားကိုကြားလျှင် ကျီရွမ်ရီနှင့် အခြားသူများ၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ ကျင့်ကြံသူသည် ဤမျှအထိ မြန်မြန်ဆန်ဆန် ကျီမျိုးနွယ်စု၏ ဂိတ်တံခါးဝအထိ ရောက်ရှိလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
အခန်း(၂၁၃၈)ပြီး၏။