← Chapters

အခန်း (၁၂၃၉-၁၂၄၀)

Vol. 154 Ch. 1239-1240

အခန်း (၁၂၃၉-၁၂၄၀)

Vol. 154 Ch. 1239-1240

အခန်း(၂၁၃၉)

“ကဲ.. ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုရဲ့ ပါရမီရှင်ကို သွားတွေ့ကြတာပေါ့”

ကျီရွမ်ရီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်ပြီးနောက်တွင် သူ၏ ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး ကျီမျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ထိုခဏတွင် သူ၏ အကြည့်သည် လေထုထဲရှိ မီတာသောင်းချီ အကွာအဝေးသို့ ကျရောက်သွားခဲ့သည်။

ထိုနေရာတွင် ဝင့်ကြွားစွာ ရပ်နေသော ပုံရိပ်သုံးခု ရှိနေခဲ့၏။

ရှေ့ဆုံးကနေ ဦးဆောင်လာသူမှာ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူငယ်၏ နောက်တွင်မူ ဝိညာဥ်နန်းတော်မှ နတ်ဘုရင်နှစ်ပါးဖြစ်သည့် လီဆွန်းနတ်ဘုရင်နှင့် ဟွမ်ရှတို့ ရှိနေကြသည်။

“ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရားသားတော် နာမည်ကို ကြားဖူးတာ ကြာပါပြီ.. ဒီနေ့မှပဲ လူကိုယ်တိုင် တွေ့ရတော့တယ်.. နတ်ဘုရားသားတော်က ကျုပ်ရဲ့အရှေ့ဘက်‌ဒေသ ကျီမျိုးနွယ်စုဆီ ဘာကိစ္စနဲ့ ရောက်လာသလဲ ဆိုတာ သိပါရစေ”

အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို အကဲခတ်ကြည့်ရင်း ကျီရွမ်ရီ၏ မျက်နှာအမူအရာသည် တစ်ခဏအတွင်းမှာပင် ပို၍ လေးနက်သွားခဲ့သည်။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော် လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ၏ အကျော်ကြားဆုံး ပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

အလယ်ပိုင်းဒေသ ပါရမီရှင်များ စာရင်းတွင် လုံကျိုးဟန်၏ အဆင့်သည် ကျီချန်းယဲ့ထက်ပင် မြင့်မားနေခဲ့၏။

“မျိုးနွယ်စုခေါင်းဆောင်ကျီ.. ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့.. ဒီနေ့ ကျုပ်လာတာက ကျန်းချန် အတွက်ပဲ”

လုံကျိုးဟန်က အေးစက်စက် ပြောလိုက်သည်။

“ကျန်းချန်က ကျုပ်တို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အလိုရှိနေတဲ့သူပဲ”

ယခု ဤလူက ဝိညာဥ်နန်းတော်မှ နတ်ဘုရင်နှစ်ပါးနှင့် အတူ ရောက်ရှိလာခြင်းဖြစ်ရာ သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုအတွက်ပင် ကိုင်တွယ်ရ လွယ်ကူမည် မဟုတ်လောက်ပေ။

“ကျီမျိုးနွယ်စုသာ ကျန်းချန်ကို လက်လွှဲပေးမယ်ဆိုရင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ကျေးဇူး အထူးတလည် တင်ရှိမှာပါ”

ထိုစကားကိုကြားလျှင် ကျီရွမ်ရီသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“စိတ်မကောင်းပါဘူး နတ်ဘုရားသားတော်.. ကျန်းချန်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဝင်ပဲ.. မင်းက ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုက ဖြစ်နေရင်တောင် သူ့ကို အရှေ့ဘက်‌ဒေသ ကျီမျိုးနွယ်စုထဲကနေ ခေါ်ထုတ်သွားဖို့ လုံးဝစိတ်မကူးနဲ့”

“မျိုးနွယ်စုခေါင်း‌ဆောင်ကျီက ကျူပ်ပြောတာကို လက်မခံချင်တဲ့ပုံပဲ”

လုံကျိုးဟန်၏ ခန္ဓာကိုယ်ကနေ အေးစက်သော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်၏ အပူချိန်များကိုပင် များစွာ ကျဆင်းသွားစေခဲ့သည်။

ကျီရွမ်ရီက နှာခေါင်းရှုံ့ကာ‌ အေးစက်စက် ပြောလိုက်သည်။

“နတ်ဘုရားသားတော်လုံ မင်းတို့ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုက တကယ်ပဲ အင်အားကြီးပါတယ်.. ဒါပေမဲ့ ကျုပ်တို့အရှေ့ဘက်‌ဒေသ ကျီမျိုးနွယ်စုကလည်း မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရတဲ့ မျိုးနွယ်စု သေးသေးလေး မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့.. လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီတုန်းက ဆရာသခင်စန်းမင်က အလယ်ပိုင်းဒေသက ကျင့်ကြံသူတွေကို အရှေ့ဘက်ဒေသမှာ ပြဿနာမရှာဖို့ တားမြစ်ခဲ့တယ်.. မင်းရဲ့လုပ်ရပ်က ဆရာသခင် စန်းမင်ကို ဒေါသ အမျက်ထွက်စေမှာ မကြောက်ဘူးလား”

ကျီရွမ်ရီက ဆရာသခင် စန်းမင်၏ နာမည်ကို ပြောလိုက်သောအခါတွင် လုံကျိုးဟန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဆရာသခင်စန်းမင် ဆိုသည်မှာ နတ်ကုန်းမြေတိုက်တွင် နှစ်ပေါင်းသန်းချီ ကျော်ကြားခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။

ဆိုရလျှင် ဆရာသခင်စန်းမင်သည် ဤလောကကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။

သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုပင်လျှင် ထိုကဲ့သို့ အစွမ်းထက် ကျင့်ကြံသူနှင့် ပတ်သက်လာလျှင် အတိုင်းအတာ တစ်ခုအထိ ကြောက်ရွံ့ရပေလိမ့်မည်။

“မျိုးနွယ်စုခေါင်းဆောင်ကျီ.. မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ဆရာသခင်စန်းမင်နဲ့ ဆက်ဆံရေးကောင်းတွေရှိတယ် ဆိုတာ ကျုပ် သိတယ်.. ခင်ဗျားအနေနဲ့ ဆရာသခင်စန်းမင်ရဲ့ နာမည်ကိုသုံးပြီး ကျုပ်ကို ခြိမ်းခြောက်ဖို့ မကြိုးစားပါနဲ့.. ဆရာသခင်စန်းမင်က ခင်ဗျားတို့ အရှေ့ဘက်ဒေသကျီမျိုးနွယ်စုကို ကာကွယ်ဖို့အတွက် နတ်ဘုရင်စတုတ္ထအဆင့်နဲ့ အဲဒီအထက်က ကျင့်ကြံသူတွေကို အရှေ့ဘက်ဒေသဆီ လာတာ တားမြစ်ထားတာ အမှန်ပဲ.. ဒါပေမဲ့ ကျုပ်က အခုအထိ နတ်ဘုရင် တတိယအဆင့်ပဲ ရှိနေသေးတာဆိုတော့ ဆရာသခင်စန်းမင်ရဲ့ စည်းကမ်းကို ဖောက်ဖျက်တယ်လို့ ပြောလို့မရဘူး”

လုံကျိုးဟန်က လှောင်ပြုံး ပြုံးကာ အေးစက်စက် ပြောလိုက်သည်။

သူ၏ အသံက ပတ်ဝန်းကျင်တစ်ခွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့၏။

“မျိုးနွယ်စုခေါင်းဆောင်ကျီ.. ဒီနေ့ ကျန်းချန်ကို ကျုပ်သေချာပေါက် ခေါ်သွားရလိမ့်မယ်.. အကယ်၍ ခင်ဗျားတို့အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ကျုပ်ကို တားမြစ်မယ်ဆိုရင်တော့ ခင်ဗျားတို့ မျိုးနွယ်စုကို မြေလှန်ရှင်းပစ်မယ်.. ဒီတော့မှ ကျုပ်ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့”

ထိုစကားကိုကြားလျှင် ကျီရွမ်ရီသည် လုံကျိုးဟန်ကို လျစ်လျူရှုလိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“အကြီးအကဲတို့ အစီအရင်ကို စတင်တော့”

ကျီရွမ်ရီ၏ အမိန့်ကို ရသည်နှင့် သူ၏ နောက်ဘက်မှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ တစ်ဆယ့်နှစ်ဦးသည် လက်ဟန်များကို တစ်ပြိုင်နက် ပြုလုပ်လိုက်ကြရာ ကျီမျိုးနွယ်စု၏ ပတ်ဝန်းကျင် လေထုထဲကနေ အစီအရင်သင်္ကေတများစွာ ပေါ်ထွက်လာခဲ့ပြီး အဆုံးသတ်တွင် ဧရာမ အစီအရင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယင်းနောက်တွင်မူ ကျီမျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် ဧရာမ ခွန်ပန်ငှက်ကြီး တစ်ကောင် ပေါ်လာခဲ့၏။

“ခွန်ပင်စန်းမင်အစီအရင်”

ထိုအစီအရင်သည် ကျီမျိုးနွယ်စု၏ မျိုးနွယ်စု ကာကွယ်‌ရေးအစီအရင် မဟုတ်ဘဲ ဆရာသခင်စန်းမင် ဤနေရာတွင် ချန်ထားရစ်ခဲ့သော အနှိုင်းမဲ့ အစီအရင် ဖြစ်သည်။

သာမန်နတ်ဘုရင်တစ်ဦးပင် ထိုအစီအရင်နှင့် ရင်ဆိုင်ရလျှင် ဖိနှိပ်ခံရလိမ့်မည်ဖြစ်၏။

ကျီရွမ်ရီတို့ အရှေ့ဘက်ဒေသသို့ ရောက်လာခဲ့စဥ်တွင် ဆရာသခင်စန်းမင်သည် ဤအစီအရင်ကို ကျီရွမ်ရီတို့ထံ လက်လွှဲပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအချိန်တွင် ခွန်ပန်ငှက်ကြီးသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးကို နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ရေခဲများဖြင့် ပြုလုပ်ထားပုံရပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဝါးမျိုနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါများသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သည်။

ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးသည် ဒူးထောက်မတတ် တုန်လှုပ်ချောက်ချားသွားရသည် အထိပင်။

“မပြောပလောက်တဲ့ အစီအရင်လေးတစ်ခုနဲ့ ကျုပ်ကို တားမြစ်ဖို့ စိတ်ကူးနေတာလား.. မဟာနဂါးဘုရင် လက်သီးတိုက်ကွက်”

အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုကနေ ထုတ်ဖော်လိုက်သော အနှိုင်းမဲ့ အစီအရင်နှင့် ရင်ဆိုင်ရသော်လည်း လုံကျိုးဟန်သည် ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။

သူက ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ တောက်ပ၍ အေးစက်နေသော ဝိညာဥ်စွမ်းအင်များသည် ရေခဲနဂါးများကဲ့သို့ သူ၏ ညာဘက်လက်သီးတွင် ရစ်ပတ်ကာ စုစည်းသွားခဲ့သည်။

အဆုံးသတ်တွင် လုံကျိုးဟန်၏ လက်သီးသည် အနှိုင်းမဲ့ဧရာမ ရေခဲတောင်ကြီးတစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်နေမင်းကိုပင် လွှမ်းမိုးထားနိုင်သော ခွန်ပန်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ဝုန်း..”

ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားခဲ့ပြီး နေရာလွတ်များပင် ဆက်တိုက်ဆိုသလို ပြိုလဲသွားခဲ့၏။

“ဝုန်း..ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်းတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး စန်းမင်တောက်အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

လုံကျိုးဟန်၏ လက်သီးစွမ်းအားကို ခံနိုင်ရည် မရှိတော့သည့် လေထုထဲရှိ အစီအရင် သင်္ကေတများစွာသည် အဆက်မပြတ် ပေါက်ကွဲထွက်သွားခဲ့သည်။

ယင်းနောက်တွင် ကျီမျိုးနွယ်စုမှ ကောင်းကင်အရှင် တစ်ဆယ့်နှစ်ပါးသည် နာကျင်စွာ ညည်းညူလိုက်ရပြီး လေထဲတွင် နောက်ပြန် လွင့်စင်သွားခဲ့ကြသည်။

ကျင့်ကြံခြင်းအဆင့် နိမ့်ကျသောသူများကမူ ပါးစပ်ကနေ သွေးများပါ အန်ထုတ်လိုက်ရသည်။

ကောင်းကင်ယံရှိ ဧရာမ ခွန်ပန်ပုံရိပ်သည် လုံကျိုးဟန်၏ လက်သီးချက်ဖြင့် ကြေမွသွားခဲ့သည်။

လုံကျိုးဟန်၏ တောက်ပသော လက်သီးအလင်းသည် ကောင်းကင်နှင့်မြေကြီးကိုပင် ထိုးဖောက်သွားသည့် ရေခဲတိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျီမျိုးနွယ်စု အထက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

လက်သီးချက် တစ်ချက်၏ စွမ်းအားကပင် ဤမျှအထိပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ကျီရွမ်ရီအပါအဝင် ကျီမျိုးနွယ်စုအားလုံးသည် ဤအခိုက်အတန့်တွင် မျက်နှာများ ပျက်သွားခဲ့ကြသည်။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ အနှိုင်းမဲ့ ပါရမီရှင် လုံကျိုးဟန်သည် အလွန်တရာ အစွမ်းထက်မည်ကို သူတို့ သိထားသော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ခွန်ပင်စန်းမင်အစီအရင် တိုက်ကွက်သည် အရှေ့ဘက်ဒေသကျီမျိုးနွယ်စုမှ ကောင်းကင်အရှင် တစ်ဆယ့်နှစ်ပါး၏ လှုံ့ဆော်မှုအောက်တွင် နတ်ဘုရင် စတုတ္ထအဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိသော အစီအရင်တိုက်ကွက် ဖြစ်သည်။

ဤမျှ အစွမ်းထက်သော တိုက်ကွက်ကိုပင် လုံကျိုးဟန်သည် လက်သီး တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်၏။

လုံကျိုးဟန်၏ တိုက်ခိုက်ရေးစွမ်းအားသည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေပါသနည်း။

လုံကျိုးဟန်က အစီအရင် တိုက်ကွက်ကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ပြီးနောက်တွင် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ တားမြစ်နယ်မြေ ဆီသို့ အေးအေးလူလူ လှမ်းကြည့်လိုက်သည်။

“စီနီယာ.. ခင်ဗျား အခုထိ ထွက်မလာသေးဘူး ဆိုရင်တော့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကလူတွေ ပျောက်ကွယ်သွားတော့မယ် ထင်တယ်”

“ဟင်း..”

လုံကျိုးဟန်၏ စကားအဆုံးမှာပင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ တားမြစ်နယ်မြေကနေ တိုးညှင်းသော သက်ပြင်းချသံ တစ်သံသည် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး၏ ပုံရိပ်သည် ကျီမျိုးနွယ်စု၏ တားမြစ်နယ်မြေ နေရာကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။

“ဘိုးဘေး”

အနက်ရောင်ဝတ်စုံဝတ် ဘိုးဘေး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျီရွမ်ရီနှင့် တခြားသူများသည် အဘိုးအိုကို အလျင်အမြန်ပင် ဦးညွတ်အရိုအသေပေးလိုက်ကြသည်။

ထိုရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် တခြားသူ မဟုတ်ဘဲ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ဘိုးဘေး ကျီထျန်းယို ဖြစ်သည်။

လုံကျိုးဟန်၏ ခွန်အားသည် အလွန်တရာပင် အစွမ်းထက်လှပြီး သူတို့အနေဖြင့် တားဆီးရန် လုံးဝမဖြစ်နိုင်ပေ။

ဆိုရလျှင် သူတို့၏ ဘိုးဘေးသာလျှင် လုံကျိုးဟန်နှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်၏။

အခန်း(၂၁၃၉)ပြီး၏။

အခန်း(၂၁၄၀)

“ကျီထျန်းယို.. မင်းက ကျီမျိုးနွယ်စုရဲ့ သက်တမ်းအရှည်ကြာဆုံး နတ်ဘုရင်တွေထဲက တစ်ပါးဖြစ်ပြီး ဒီလိုအခြေအနေမျိုးအထိ ထိန်းသိမ်းထားနိုင်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက တကယ်ကို အံ့သြစရာကောင်းတယ်”

လေထုထဲကနေ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည့် ကျီထျန်းယိုကို ကြည့်ကာ လုံကျိုးဟန်၏ မျက်ဝန်းများသည် မသိမသာ ကျဥ်းမြောင်းသွားခဲ့သည်။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရားသားတော်တစ်ပါး အနေဖြင့် လုံကျိုးဟန်သည် လူသားဧကရာဇ်နန်းတော်တွင် ကျော်ကြားသည့် ကျီမျိုးနွယ်စု အကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။

ထို့ကြောင့် ကျီမျိုးနွယ်စုတွင် ကျီထျန်းယိုဟု အမည်ရသည့် အလွန် ရှေးကျသော နတ်ဘုရင်တစ်ပါး ရှိသည်ကို သူသိရှိထားခဲ့၏။

ထိုနတ်ဘုရင်သည် သူနတ်ဘုရင်အဆင့်သို့ မရောက်စဥ်ကတည်းကပင် နတ်ကုန်းမြေတိုက်၏ အင်အားကြီးပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေခဲ့ပြီး ယခုအခါတွင်မူ ထိုအဘိုးအို၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး နတ်ဘုရင်စတုတ္ထအဆင့်ကို ရောက်ရှိနေခဲ့ချေပြီ။

သို့သော်လည်း လုံကျိုးဟန် သိထားသလောက် ကျီထျန်းယိုသည် နှစ်ပေါင်း သန်းတစ်ရာနီးပါး အသက်ရှင်သန်ခဲ့‌သော အဘိုးအို တစ်ယောက် ဖြစ်၍ သက်တမ်း ကုန်ဆုံးခါနီးနေခဲ့ပြီ ဖြစ်သည်။

ထိုအဘိုးအိုက အသက်ရှင်နေသေးလျှင်ပင် ကဏ္ဍပေါင်းစုံတွင် အင်အား ယုတ်လျော့နေပြီး အထွတ်အထိပ် ကာလကလို အခြေအနေမျိုး ရှိနိုင်မည် မဟုတ်လောက်‌ပေ။

သို့သော်လည်း သူထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်၊ သူ့ရှေ့မှ ကျီထျန်းယို၏ သွေးစွမ်းအားများသည် အထွတ်အထိပ်အခြေအနေတွင် လုံးဝနီးပါး ရှိနေခဲ့ပြီး ဆုတ်ယုတ် ပျက်စီးနေသည့် အရိပ်အယောင်လည်း လုံးဝ ရှိမနေခဲ့ချေ။

ဤအခြေအနေသည် လုံကျိုးဟန် မှန်းဆထားသည်ထက်ကို အနည်းငယ် ကျော်လွန်နေခဲ့၏။

ကျီထျန်းယို၏ အခြေအနေက လုံကျိုးဟန် မှန်းဆထားသည်ထက် ကျော်လွန်နေခဲ့သော်လည်း လုံကျိုးဟန်သည် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ သူတော်စင်သားတော်တစ်ပါး အနေဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် တတိယအဆင့်တွင်သာ ရှိနေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အဆင့်တူ အတွင်းရှိ ကျင့်ကြံသူများထက် များစွာ သာလွန်သည်။

ဆိုရလျှင် ကျီထျန်းယိုက နတ်ဘုရင်စတုတ္ထအဆင့်အထွတ်အထိပ်တွင် ရှိနေလျှင်ပင် လုံကျိုးဟန်သည် အနည်းငယ်မျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤနေရာကို တစ်ယောက်တည်း လာဝံ့သည်မှာ သူ့လက်ထဲတွင် ဝှက်ဖဲတစ်ခု ရှိနေသေး၍ ဖြစ်၏။

“မင်းက ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုရဲ့ နတ်ဘုရားသားတော်လား.. အသက်တစ်သောင်း မပြည့်သေးတဲ့အချိန်မှာ ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်နဲ့ နတ်ဘုရင်တတိယအဆင့်ကို တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး နတ်ဘုရင်တတိယအဆင့်ရဲ့ အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ.. ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ရဲ့ ထိပ်တန်းမျိုးနွယ်စု အနည်းငယ်ထဲက တစ်ခုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. မင်းက တကယ်ကို စွမ်းအားကြီးလွန်းတာပဲ”

သူ၏ ရှေ့မှ လုံကျိုးဟန်ကို အကဲခတ်ပြီးနောက်တွင် ကျီထျန်းယို၏ အိုမင်းသော မျက်ဝန်းထဲ၌ အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လုံကျိုးဟန်သည် အမှန်တကယ်ပင် အလွန်အမင်း ထူးချွန်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ကျီထျန်းယိုသည် နှစ်‌ပေါင်းသန်းတစ်ရာနီးပါး အသက်ရှင်နေထိုင်ခဲ့ပြီးပြီ ဖြစ်၍ မရေမတွက်နိုင်သည့် ပါရမီရှင်မျိုးစုံကို တွေ့ဖူးခဲ့သည်။

ဆိုရလျှင် သူမြင်တွေ့ဖူးသမျှ ပါရမီရှင်ထဲတွင် လုံကျိုးဟန်သည် ထိပ်တန်းစာရင်းတွင် သေချာ‌ပေါက် ပါဝင်နေခဲ့၏။

“အဘိုးကြီး.. ငါဒီနေ့ ဒီကိုရောက်လာတာ မင်းနဲ့ စကား ပြောဖို့ ရောက်လာတာ မဟုတ်ဘူး”

လုံကျိုးဟန်က ကျီထျန်းယိုကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဆရာသခင် စန်းမင်ရဲ့ မျက်နှာကြောင့် အရှေ့ပိုင်းဒေသကျီမျိုးနွယ်စုနဲ့ ငါရန်သူမဖြစ်ချင်ဘူး.. ဒါပေမဲ့ ကျန်းချန်ကိုတော့ ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက သေချာပေါက်ခေါ်သွားရလိမ့်မယ်.. အဲဒီကောင်လေးကို အခုနေ လွှဲပေးမယ်ဆိုရင် နောက်မကျသေးဘူးဆိုတာ သတိပေးပါရစေ”

ဆရာသခင်စန်းမင်၏ မျက်နှာကြောင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အနှောင့်အယှက် မပေးချင်ခဲ့ပေ။

သို့ရာတွင် သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ဆရာသခင်စန်းမင်ကို ကြောက်ရွံ့သော်လည်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အလျှော့ပေးမည်တော့ မဟုတ်ချေ

ဆိုရလျှင် ကျန်းချန်သည် သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အတွက် အမှန်တကယ်ပင် အရေးပါလှ၏။

ထိုအတွက်ကြောင့် အရှေ့ပိုင်းဒေသ ကျီမျိုးနွယ်စုက ဆရာသခင်စန်းမင်နှင့် ပတ်သက်မှု ရှိနေသည်ကို အသာထား၊ ဆရာသခင်စန်းမင် ကိုယ်တိုင် ဤကိစ္စတွင် ပါဝင်ပတ်သက်လာလျှင်ပင် သူတို့အနေဖြင့် လုံးဝ လက်လျှော့မည် မဟုတ်ချေ။

ကျီထျန်းယိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ကောင်လေး မင်းရဲ့စွမ်းအားက ကောင်းမွန်ပေမဲ့ ငါ့ရဲ့ရှေ့ကနေ လူခေါ်သွားဖို့လောက် အထိတော့ မလုံလောက်သေးဘူးထင်တယ်”

“သေချာလို့လား.. ဒီလိုဆိုတော့လည်း ငါလုံကျိုးဟန်က နတ်ကုန်းမြေတိုက်ရဲ့ သက်တမ်းအရှည်ဆုံး နတ်ဘုရင်တစ်ပါး ဖြစ်တဲ့ မင်းရဲ့အစွမ်းအစကို လေ့လာကြည့်ရတာပေါ့”

လုံကျိုးဟန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

ရေခဲလမ်းစဥ်၏ ကြောက်မက်ဖွယ် နတ်စွမ်းအင်များသည် ချက်ချင်းဆိုသလို မြင့်တက်လာခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ရှေးအကျဆုံး နတ်မျိုးနွယ်စု တစ်ခု ဖြစ်ပြီး သူတို့၏ သွေးမျိုးဆက်သည် အလွန်အမင်း အားကောင်းကာ နတ်ကုန်းမြေတိုက်၏ သောင်းချီသော မျိုးနွယ်စုများထဲမှာပင် ထိပ်ဆုံး ငါးနေရာ စာရင်းဝင်ရန် လုံလောက်သည်။

အထူးသဖြင့် သွေးသား တော်စပ်သည့် တိုက်ရိုက် တပည့်တချို့သည် အနှိုင်းမဲ့ သွေးစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့်လည်း ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ ကျင့်ကြံသူများသည် အဆင့်တူ ကျင့်ကြံသူများနှင့် ယှဥ်လျှင် ပို၍ အားကောင်းနေခြင်းပင်။

လုံကျိုးဟန်က သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အထွတ်အထိပ် အထိ လှုံ့ဆော်လိုက်ပြီးနောက်တွင် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

လက်သီးချက်က ကောင်းကင်ယံကို တစ်စစီ ကွဲထွက်တော့မတတ် ဖြစ်နေခဲ့သည်။

“ဝုန်း..”

ထိုလက်သီးချက်နှင့် အတူ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များကြောင့် ကမ္ဘာကြီးသည် ဖျက်ဆီးခံရတော့မည်နှယ် ဖြစ်သွားခဲ့သည်။

မိုင်ပေါင်း ထောင်ချီသော ကောင်းကင်ယံသည် ထိုလက်သီးချက်အောက်တွင် လှိုင်းထန်နေသော သမုဒ္ဒရာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အလွန်အမင်း တုန်ခါနေခဲ့သည်။

ကောင်းကင်ယံရှိ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများကြောင့် အောက်ဘက်ကနေ တိုက်ပွဲကို ကြည့်ရှုနေကြသော ကျီရွမ်ရီနှင့် တခြားသူများသည် အသက်ရှူရကြပ်သလိုပင် ခံစားလိုက်ရ၏။

လုံကျိုးဟန်၏ လက်သီးချက်က သူ့ထံသို့ သက်ရောက်လာသော်လည်း ကျီထျန်းယိုသည် တည်ငြိမ်သော အမူအရာဖြင့်ပင် ရှိနေခဲ့သည်။

သူက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ထိုခဏမှာပင် မိုင်ပေါင်း ထောင်ချီ အချင်းဝက် အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် သူ၏ လက်ဖဝါးထဲတွင် စုစည်းသွားခဲ့သည်။

ယင်းနောက်တွင်မူ ထိုစွမ်းအားများသည် ဧရာမ အနက်ရောင်လက်ဖဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုံကျိုးဟန်၏ လက်သီးချက်နှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

“ဝုန်း..”

ဤတစ်ကြိမ် ထိပ်တိုက် ဆုံတွေ့မှုသည် စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်လှ၏။

မဟာလမ်းစဥ် စွမ်းအားများဖြင့် စုစည်းထားသော ကြောက်မက်ဖွယ် စွမ်းအားနှစ်ခု ထိပ်တိုက်ဆုံတွေ့သောအခါဝယ် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့ပြီး မိုင်ပေါင်း သောင်းချီ နေရာလွတ်ကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

“လုံကျိုးဟန်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရားသားတော် ဖြစ်ထိုက်ပါတယ်.. သူ့ရဲ့စွမ်းရည်က တကယ်ကို သန်မာတာပဲ.. ဘိုးဘေးတောင် သူ့ကို အလွယ်တကူ မနှိမ်နင်းနိုင်လောက်ဘူး ထင်တယ်”

လေထုထဲမှ တိုက်ပွဲကိုကြည့်ရင်း ကျီမျိုးနွယ်စုမှ အကြီးအကဲအချို့၏ မျက်နှာများသည် လေးနက်လာခဲ့သည်။

ကျီရွမ်ရီကမူ ဘာစကားတစ်ခွန်းမျှ မပြောဆိုဘဲ လေထုဆီကိုသာ စိုက်ကြည့်နေခဲ့သည်။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်တစ်ဦး အနေဖြင့် ကျီရွမ်ရီသည် အလယ်ပိုင်းဒေသတွင် ကင်းထောက် အများအပြား စေလွှတ်ထားခဲ့သည်။

ထို့ကြောင့် သူက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ လက်ရှိ နတ်ဘုရားသားတော် အကြောင်းကို တခြားသော ကျီမျိုုးနွယ်စုဝင်များထက် ကောင်းစွာ သိရှိထားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာခန့်က လုံကျိုးဟန်သည် အလယ်ပိုင်းဒေသတွင် နတ်ဘုရင် စတုတ္ထအဆင့်ကိုပင် လက်သီး သုံးချက်တည်းဖြင့် အနိုင်ယူခဲ့သည့် ကြောက်မက်ဖွယ် မှတ်တမ်းတစ်ခု ရှိခဲ့ဖူးသည်။

ယခု နှစ်ပေါင်းတစ်ရာ ကျော်လွန်သွားပြီဖြစ်ရာ လုံကျိုးဟန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ယခင်ကထက် သေချာပေါက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည် ဖြစ်သည်။

သူတို့၏ ဘိုးဘေးက လက်ရှိအချိန်တွင် နတ်ကုန်းမြေတိုက်၏ သက်တမ်း အရှည်ကြာဆုံး နတ်ဘုရင်တစ်ပါး ဖြစ်ပြီး နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့်တိုင် လုံကျိုးဟန်ကို နှိမ်နင်းရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ကျီရွမ်ရီ သိပ်ပြီးစိတ်မပူခဲ့ပေ။

အကယ်၍ ဘိုးဘေးက လုံကျိုးဟန်ကို ရှုံးနိမ့်သွားလျှင်ပင် သူ၏ လက်ထဲတွင် ကျီမျိုးနွယ်စု၏ ဝှက်ဖဲတချို့ ရှိနေပါသေး၏။

ထိုဝှက်ဖဲများဖြင့် ဆိုလျှင် လုံကျိုးဟန်ကို ကိုင်တွယ်ရန်မှာ ပြဿနာ ကြီးကြီးမားမား ရှိနိုင်မည် မဟုတ်ပေ။

“ဝုန်း.. ဝုန်း.. ဝုန်း..”

လုံကျိုးဟန်က လက်သီးချက် သုံးချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။

သူ၏ လက်သီးချက်များသည် တစ်ချက်ထက် တစ်ချက် ပို၍ ကြောက်မက်ဖွယ်ရာ‌ ကောင်းနေခဲ့၏။

ကျီထျန်းယိုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်၍ လုံကျိုးဟန်၏ လက်သီးချက် သုံးချက်ကို ခုခံနိုင်ခဲ့သည်။

လုံကျိုးဟန်၏ တိုက်ခိုက်မှုကို ခုခံပြီးနောက်တွင် ကျီထျန်းယိုသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူ၏ မျက်ဝန်းများသည် ပို၍ပင် လေးနက်လာခဲ့သည်။

သူ့ရှေ့မှ လူငယ်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် သူမှန်းဆထားသည်ထက် အနည်းငယ်ပို၍ အားကောင်းနေခဲ့သည်။

သူက နတ်ဘုရင် စတုတ္ထအဆင့်တွင် ရှိနေသည့်တိုင် အစောပိုင်းက ထိပ်တိုက် ရင်ဆိုင်မှုတွင် ထိုကောင်လေး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။

ဆိုရလျှင် ထိုကောင်လေးသည် နတ်ဘုရင် တတိယအဆင့်တွင်သာ ရှိသေးသော်လည်း နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု သူတွေးမိခဲ့သည်။

“ဒီအဘိုးကြီးကို ကိုင်တွယ်ဖို့က မလွယ်ပါလား”

သူ၏ လက်သီးချက် သုံးချက်ကို ကျီထျန်းယိုက ဒဏ်ရာမရရှိဘဲ တားဆီးနိုင်သည်ကို မြင်လျှင် လုံကျိုးဟန်သည် ရုတ်တရက် မျက်မှောင် ကြုတ်သွားခဲ့သည်။

ကျီထျန်းယိုသည် နှစ်သန်းပေါင်း တစ်ရာနီးပါး ရှင်သန်ခဲ့သောအဘိုးအို တစ်ယောက် ဖြစ်သည်။

သို့သော်လည်း သူ၏ သွေးစွမ်းအားများသည် ဆုတ်ယုတ်နေသည့် အရိပ်အယောင် မရှိသလို နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများကို အသုံးပြုရာတွင်လည်း အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်ကို ရောက်ရှိနေခဲ့သည်။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်အရ ကျီထျန်းယိုကို မကြောက်ရွံ့သော်လည်း ကျီထျန်းယိုကို အနိုင်ယူဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စ ဖြစ်မည် မထင်ချေ။

အခန်း(၂၁၄၀)ပြီး၏။

All Chapters