ဓားနည်းစနစ်
Vol. 45 Ch. 506
ကံကြမ္မာမြစ်များ၏ တိုက်ခိုက်မှုသည် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်သော်လည်း ဤသည်မှာ သေရေးရှင်ရေး တိုက်ပွဲများအတွက် သီးသန့်ထားသော တိုက်ကွက်တစ်ခုပင်။ ထိုအရာကို အသုံးပြုလိုက်သည်နှင့် မသေလျှင်ပင် တစ်သက်လုံးဖယ်ရှားရန် ခက်ခဲသော အတွင်းဒဏ်ရာများ ကျန်ရစ်နေပေမည်။
ဤသည်က သိုင်းလောကရှိ အတွင်းအားခြင်းယှဉ်ပြိုင်ခြင်းနှင့် တူညီသည်။ အတွင်းအားခြင်း ထိတွေ့လိုက်သည်နှင့် တစ်ဖက်ဖက်မှ ကျဆုံးရမည်မှာ သေချာပေါက်ပင်။
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ကျန်းရွှမ် ဤမျှထိ ရက်စက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ကျန်းရွှမ်သည် သူ၏ကံကြမ္မာမြစ်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်၏။ သူသည် ချက်ချင်းထိတ်လန့်သွားပြီး ထပ်ခါတလဲလဲ နောက်ဆုတ်လိုက်သည်။
တစ်ဖက်လူ၏မှော်ရတနာသည် သူ့လောက် မကောင်းသလို ကျင့်ကြံခြင်းလည်း သူ့လောက် မမြင့်မားပေ။ သို့ရာတွင် ကျန်းရွှမ် နားလည်သဘောပေါက်ထားသည်မှာ ပထမတန်းစား ကောင်းကင်ကံကြမ္မာပင်။
ပထမတန်းစားနှင့်ဒုတိယတန်းစားသည် တစ်ဆင့်သာ ကွာခြားသော်လည်း ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ဖြစ်သည်။ အကယ်၍ ထိတွေ့ခွင့်ပြုလိုက်ပါက သူ၏ ကောင်းကင်ကံကြမ္မာသည် ထိန်းချုပ်မရဖြစ်သွားပြီး လုံးလုံးလျားလျား ပြိုလဲသွားနိုင်သည်။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် အိမ်ရှေ့စံမင်းသားဟူသော ရာထူးနှင့် ထီးနန်းဆက်ခံရန် ဆိုသည်မှာ အိမ်မက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူနှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။
"သေစမ်း...."
အိမ်ရှေ့စံမင်းသားယွမ်ချင်း၏မျက်နှာ ပြာနှမ်းသွားသည်။ သူသည် သွေးအနှစ်သာရ သန့်စင်ခြင်းကို လျစ်လျူရှုပြီး သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကောင်းကင်မြို့တော် တံဆိပ်ပြား ထွက်ပေါ်လာသည်။
"ချိတ်ပိတ်စမ်း"
အော်ဟစ်သံတစ်သံနှင့်အတူ သူ၏ရှေ့မှ လေဟာနယ်တွင် စွမ်းအားနံရံကြီးတစ်ခု ထွက်ပေါ်လာသည့်အလား ပြင်ပမှ တလိမ့်လိမ့်စီးဝင်လာသော ကံကြမ္မာမြစ်ကို ချက်ချင်းပိတ်ဆို့ဟန့်တားလိုက်သည်။
သို့ရာတွင် ထိုကံကြမ္မာမြစ်သည် လေဟာနယ်မှ ဆင်းသက်လာပြီး နက်ရှိုင်းသော နေရာသို့ စီးဆင်းသွားသည်။ သာမန်လေဟာနယ် အတားအဆီးများသည် ဥပဒေသစွမ်းအားများ မပါရှိသဖြင့် ထိုကံကြမ္မာမြစ်ကို အပြည့်အဝ တားဆီးနိုင်မည် မဟုတ်ချေ။
မျှော်လင့်ထားသည့်အတိုင်း စွမ်းအားနံရံသည် အသက်ရှူချိန်တစ်ဝက်လောက်သာ ခံလိုက်ပြီး ပြိုလဲသွားပေ၏။ ကံကြမ္မာမြစ်ရေအမြောက်အများက အိမ်ရှေ့စံမင်းသားယွမ်ချင်းဆီသို့ ဆက်လက်၍ တိုးဝင်လာသည်။
"ခုန်းရှီ....ဘာလို့ မလှုပ်ရှားသေးတာလဲ"
အိမ်ရှေ့စံမင်းသားယွမ်ချင်းက အော်ငေါက်လိုက်သည်။
"ဟုတ်ကဲ့"
ခုန်းရှီက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုထဲတွင် ပျံဝဲနေသည်။ သူသည် ရှေ့သို့လက်ညှိုးညွှန်လိုက်ရာ ရှင်းလင်းပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
"အိမ်ရှေ့စံမင်းသားကို တိုက်ခိုက်တာက အကြီးအကဲတွေကို မလေးစားတာ မရိုသေတာပဲ..."
ဝုန်း.....
သူ၏စကားဆုံးသည်နှင့် ရှေ့သို့တိုးဝင်လာသော ကံကြမ္မာမြစ်သည် အားနည်းချက်ကို ဖျစ်ညှစ်ခံလိုက်ရသော အဆိပ်ပြင်းမြွေတစ်ကောင်အလား ဖြစ်သွားပြီး မည်မျှပင် တဝုန်းဝုန်းထနေပါစေ တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်တော့ချေ။
"ဒါက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာတင် မကဘူး....မေတ္တာ ဉာဏ်ပညာနဲ့ သစ္စာတရားလို ကောင်းကင်ကံကြမ္မာတွေနဲ့ ရောနှောထားပုံရတယ်....ခုန်းရှီ ပီသပါပေတယ်.... သူ့ရဲ့ပါရမီက တကယ့်ကို ကြောက်ဖို့ကောင်းတယ်"
ကောင်းကင်မြို့တော်တံဆိပ်ပြားပင်လျှင် မတားဆီးနိုင်ခဲ့သော ကံကြမ္မာမြစ်သည် ခုန်းရှီ၏ စကားတစ်ခွန်းတည်းဖြင့် ပိတ်ဆို့တားဆီးခံလိုက်ရသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် ဒေါသထွက်သွားသည့်တိုင် နားလည်သဘောပေါက်သွားသည်။ ဤနေရာရှိ လူများအားလုံးအနက် ဤမိတ်ဆွေဟောင်းသည် အမှန်တကယ်ကို သူ အကြောက်ရဆုံးလူပင်။
သူ၏အကြောင်း ကောင်းကောင်းသိထားခြင်းနှင့် သူ၏နောက်ခံကို နားလည်ခြင်းတို့အား ဘေးဖယ်ထားလိုက်လျှင်ပင် ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာနှင့် မေတ္တာ ဉာဏ်ပညာ သစ္စာတရားတို့ ပေါင်းစပ်ထားသော အထူးစွမ်းအားသည် စကားလုံးများကို ဥပဒေသဖြစ်လာသည့် အကျိုးအာနိသင်ရှိသည်။ စိတ်ခံစားချက်ကံကြမ္မာသည် အလွန်သန်မာအားကောင်းလျှင်ပင် ထိုစွမ်းအားကို အချိန်တိုအတွင်း၌ ထွင်းဖောက်ရန် မဖြစ်နိုင်ပေ။
သို့ရာတွင် ဤအခြေအနေကို သူ ကြိုတင်၍ မျှော်လင့်ထားပြီး ဖြစ်သည်။ ကံကြမ္မာမြစ်ကို ထုတ်လွှတ်ခြင်းသည် အိမ်ရှေ့စံမင်းသားယွမ်ချင်း သွေးအနှစ်သာရသန့်စင်ခြင်းကို တားဆီးရန်သက်သက်ပင်။ ယခုချိန်၌ သူ၏ရည်မှန်းချက် အောင်မြင်ပြီဖြစ်၍ သူ ဖုံးကွယ်မထားတော့ချေ။ သူ၏လက်ထဲရိ ချန်တယ်ဓားသည် တုန်ခါသွားပြီး ထာဝရနှလုံးသား ပိုမိုမြန်ဆန်စွာ ခုန်လှုပ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ယန်စီမြစ်ရေကာတာ ကျိုးသွားသကဲ့သို့ ကြီးမားသောစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ရှိ သွေးကြောများနှင့် မရီဒါန်းများထဲသို့ အရူးအမူး ဝင်ရောက်လာသည်။ တချိန်တည်းမှာပင် ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာသည် သူ၏စိတ်ထဲတွင် အတောင်ပံများကို အဆက်မပြတ် ခတ်နေပြီး အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ချက်ချင်းပြည့်နှက်သွားတော့သည်။
"ပြန်လာဖို့ မွေးဖွားလာတယ်....တစ်ယောက်နဲ့တစ်ယောက် လွမ်းဆွတ်ဖို့ သေဆုံးတယ်..."
ဤသည်မှာ အဆင့်တက်ခဲ့စဥ်က ကျန်းရွှမ် နားလည်သဘောပေါက်ခဲ့သော အန္တိမတိုက်ကွက်ဖြစ်ပြီး စိတ်ခံစားချက်ဓားသိုင်း၏ အစွမ်းထက်ဆုံးတိုက်ကွက်လည်း ဖြစ်သည်။
ယခင်က သူ အသုံးပြုခဲ့သည်များမှာ ကောင်းကင်လမ်း၏ဖိနှိပ်မှုကြောင့် အရိုးရှင်းဆုံး တိုက်ကွက်များသာ ဖြစ်သည်။ သူ ဤအန္တိမတိုက်ကွက်ကို တစ်ကြိမ်တစ်ခါမျှ ထုတ်မသုံးရဲခဲ့ချေ။ ယခုအချိန်တွင် ကောင်းကင်ဥပဒေသမြို့တော်သည် ကံကြမ္မာနတ်ဘုရားနယ်မြေဖြစ်ပြီး ရင်းမြစ်ကမ္ဘာ၏ကောင်းကင်လမ်းမှ သက်ရောက်မှု မရှိချေ။ ထို့ကြောင့် သူသည် အခြားအရာများကို ဂရုမစိုက်တော့ဘဲ ထိုတိုက်ကွက်ကို ထိန်ချန်ခြင်းမရှိဘဲ အပြည့်အဝ ထုတ်လွှတ်လိုက်၏။
ခရက်...ခရက်...
သူ၏ဓားသိုင်းကို အပြည့်အဝ မဖွဲ့စည်းနိုင်မီမှာပင် သူ၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာပြီး ကြွေထည်ပစ္စည်း ကွဲအက်သွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းများက သူ၏အရေပြားပေါ်တွင် ထွက်ပေါ်လာသည်။
ဤသည်မှာ ကောင်းကင်ဥပဒေသမြို့တော်မှတဆင့် ရင်းမြစ်ကမ္ဘာ၏ ကောင်းကင်လမ်းမှ သူ့အပေါ် သက်ရောက်နေသောဖိအားပင်။ ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် ခုခံရန် ဤနတ်ဘုရားနယ်မြေ ရှိနေသည်။ ထိုသို့မဟုတ်ဘဲ တိုက်ရိုက်ထိတွေ့မိပါက ဤဓားသိုင်းကို အပြည့်အဝ မထုတ်လွှတ်နိုင်မီ သူ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ် ပျက်စီးသွားနိုင်သည်။
ဘုန်း....
ထိုသို့ဖြစ်နေစဥ်မှာပင် သူ၏ခန္ဓာကိုယ် တောင့်မခံနိုင်တော့သကဲ့သို့ ဖြစ်နေသည်။ ထာဝရနှလုံးသားနှင့် ဖန်တီးခြင်းကျောက်စိမ်းလိပ်ပြာသာ မရှိလျှင် သူ တောင့်ခံနိုင်မည် မဟုတ်ချေ။
သို့ရာတွင် ကောင်းကင်ဥပဒေသမြို့တော်သည်လည်း ရင်းမြစ်ကမ္ဘာ၏ကောင်းကင်လမ်းကြောင့် ကြီးမားသောထိခိုက်မှုကို ခံစားရပုံရှိသည်။ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံတွင် လျှပ်စီးများ ဆက်တိုက်လင်းလက်နေကာ လောကကြီးပျက်သုဥ်းတော့မည့်အလားပင်။
"ဘာဖြစ်နေတာလဲ..."
"မသိဘူး အဲ့ဒီကျန်းရွှမ် ထုတ်လွှတ်လိုက်တဲ့ ဓားနည်းစနစ်က အရမ်းပြင်းထန်လွန်းလို့ ကောင်းကင်ဥပဒေသမြို့တော်တောင် မခံနိုင်တော့တဲ့ပုံပဲ"
"မဖြစ်နိုင်ဘူး... ဒီလောက်ထိ အစွမ်းထက်တဲ့ နတ်ဘုရားနယ်မြေတောင် မခံနိုင်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်ဆိုတော့ ကျန်းရွှမ်ရဲ့ ကျင့်ကြံခြင်းက ဗုဒ္ဓအရှင်လို အဆင့်မျိုးကို ရောက်နေပြီလို့ ပြောချင်တာလား"
"ဒါက သူ အဲ့ဒီအဆင့်နဲ့ မယှဉ်နိုင်ရင်တောင် သိပ်လိုတော့မှာ မဟုတ်ဘူး..."
"ကံကောင်းလို့ ငါ ခုဏက ဒီတိုက်ပွဲထဲ မဝင်မိတာ....မဟုတ်ရင် ငါ ဘယ်လိုသေသွားလဲ ဆိုတာတောင် သိလိုက်မှာ မဟုတ်ဘူး"
"ဒီလိုအဆင့် တိုက်ပွဲမျိုးမှာ ဝင်မပါနဲ့....ပြီးတော့ မင်း ကံကောင်းပြီး ထာဝရနှလုံးသားကို လုယူနိုင်ရင်တောင် ထွက်ပြေးနိုင်မှာမလို့လား"
ပြင်းထန်စွာတုန်ခါနေသော ကောင်းကင်ဥပဒေသမြို့တော်ကြောင့် တိုက်ပွဲကို လာရောက်ကြည့်ရှုကြသော မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများသည် လေထုထဲသို့ ပျံသန်းလိုက်ကြ၏။ သူတို့သည် နတ်ဘုရားစိတ်အာရုံများဖြင့် အချင်းချင်းတိုင်ပင်ဆွေးနွေးလိုက်ကြသည်။
မူလက ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူ၍ လှုပ်ရှားလိုသူများအားလုံး ယခုအချိန်၌ တွန့်ဆုတ်နေကြလေပြီ။
ထျန်းလီအင်ပါယာ၏တော်ဝင်မိသားစု ဗုဒ္ဓဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်း တစ်ခုစီတိုင်းသည် ရင်းမြစ်ကမ္ဘာပေါ်တွင် အကြီးမားဆုံး အင်အားစုတစ်စုပင်။ ထိုလူများ၏ပါးစပ်ထဲမှ အစာကို လုယူပါက သူတို့၏မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခံရနိုင်ပြီး မျိုးဆက်ပြတ်သွားနိုင်သည့်ဘေးကို ရင်ဆိုင်ရပေမည်။ သူတို့သည် အမှန်တကယ်ကို မဆင်မခြင် မလုပ်ရဲကြချေ။
"ထာဝရနှလုံးသားက ငါတို့ လိုချင်တပ်မက်လို့ရတဲ့အရာမျိုး မဟုတ်ဘူး....တကယ်လို့ မင်းတို့လှုပ်ရှားချင်ရင် ဒီအရာကို မင်းတို့ ထိန်းသိမ်းနိုင်မလားဆိုတာ အရင်ကြည့်သင့်တယ်"
လူအများ၏အတွေးများကို သိရှိထားပုံဖြင့် အေးစက်စက် သရော်တော်တော်ပြောဆိုသံတစ်သံ ထွက်ပေါ်လာသည်။
လူအုပ်ကြီးသည် မော့ကြည့်လိုက်ရာ အလုံးစုံသိမြင်ဂိုဏ်းမှ အကြီးအကဲကူယိုသည် မနီးမဝေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်ကို မြင်တွေ့မိပေ၏။
"ဟုတ်တယ်"
လူအများ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
သူတို့ လုယူလိုက်လျှင် မည်သို့ဖြစ်လာနိုင်သနည်း။ ထျန်းလီအင်ပါယာကို မဆိုထားနှင့် ဗုဒ္ဓဂိုဏ်းနှင့် နတ်ဆိုးမျိုးနွယ်ကဲ့သို့ ထိပ်သီးအင်အားစုများသည်ပင် သူတို့၏ခုခံနိုင်စွမ်းထက် ကျော်လွန်နေလေပြီ။
"ထွက်လာခဲ့စမ်း"
လူအများ၏ အတွေးများကို လျစ်လျူရှုပြီး ကျန်းရွှမ်သည် ဤဓားကွက်ကို ထုတ်မသုံးနိုင်ပါက နောက်ဆက်တွဲအဆင့်များအားလုံး မဖြစ်နိုင်တော့ကြောင်းနှင့် သူ ဤနေရာ၌ သေဆုံးရတော့မည်ဖြစ်ကြောင်း သိရှိထားသည်။ ကျန်းရွှမ်သည် အေးစက်စက် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ ကံတရားစွမ်းအားများကို ဆက်လက်၍ လောင်ကျွမ်းသွားစေသည်။
ကံတရား၏ကောင်းချီးပေးမှုကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ရှိနေဆဲဖြစ်သော်လည်း ချက်ချင်း ပြိုလဲမသွားဘဲ ဓားနည်းစနစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ဝှစ်....
ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသော ဓားချီစွမ်းအင်သည် အိမ်ရှေ့စံမင်းသားယွမ်ချင်းဆီသို့ တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် ထိုဓားချီစွမ်းအင်သည် အချိန်နှင့်လေဟာနယ် ကန့်သတ်ချက်များကို ကျော်လွန်သွားသည့်အလား သူ၏ရှေ့တွင် ထွက်ပေါ်လာပေ၏။
"မင်း..."
အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူသည် ထိပ်တိုက်မခုခံရဲဘဲ နံဘေးသို့ ခုန်ရှောင်လိုက်သည်။
သူသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း ဓားချီစွမ်းအင်သည် ပိုမိုမြန်ဆန်ပြီး သူ၏လက်ကို ချက်ချင်းဖြတ်တောက်လိုက်သည်။ ထိုကြောင့် သွေးအနှစ်သာရတစ်စက်သည် ပြတ်တောက်သွားသော လက်နှင့်အတူ အောက်သို့ကျဆင်းလာပေ၏။
"အခွင့်ကောင်းပဲ"
ဤသည်က အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်၏ အတွေးများ လှုပ်ရှားသွားပြီး ရွှမ်ကမ္ဘာ၏ လေဟာနယ်စွမ်းအားသည် တစ်ဖက်လူ၏လက်ပြတ်ကို ချက်ချင်းလွှမ်းခြုံလိုက်သည်။
"သိမ်းယူစမ်း"
သူသည် ထိုလက်ပြတ်ကြီးကို ရွှမ်ကမ္ဘာထဲသို့ သိမ်းယူနိုင်သမျှ ကာလပတ်လုံး ဤသွေးအနှစ်သာရသည် သူ၏အပိုင် ဖြစ်လာမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မဆို သန့်စင်နိုင်ပေမည်။
ထိုအရာသည် မည်သည့်အရာဖြစ်သည်ကို သူ မသိသော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ ထာဝရနှလုံးသား၏တောင့်တမှုကို ကြည့်ခြင်းအားဖြင့် ဤသည်က သူ့အတွက် ကြီးမားသော အထောက်အကူတစ်ခု ဖြစ်စေမည်မှာ သေချာပေါက်ပင်။
"မင်းရဲ့အပိုင် မဟုတ်တာကို မယူနဲ့...မတရားရတဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သိက္ခာက ငါ့အတွက်တော့ လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပဲ"
ထိုအချိန်မှာပင် နူးညံ့ညင်သာသော အသံတစ်သံက ပတ်ဝန်းကျင်အနှံ့အပြား၌ ပဲ့တင်ထပ်သွားသည်။ ရုတ်ချည်းဆိုသလိုပင် လက်ပြတ်ကြီးကို လွှမ်းခြုံထားသော ကျန်းရွှမ်၏လေဟာနယ်စွမ်းအားသည် အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး သူ၏စိတ်စွမ်းအားနှင့် အဆက်အသွယ် ပြတ်တောက်သွားတော့သည်။
ဝှစ်....
ထိန်းချုပ်မှု လွတ်ကင်းသွားသော လက်ပြတ်ကြီးသည် မြေပြင်ပေါ်သို့ ဆက်လက်၍ ကျဆင်းသွားပေ၏။