← Chapters

ဝူဖိုထျန်း၏ ဝှက်ဖဲ

Vol. 45 Ch. 511

ဝူဖိုထျန်း၏ ဝှက်ဖဲ

Vol. 45 Ch. 511

ဘုန်း.....

သူတို့နှစ်ယောက် လှုပ်ရှားတော့မည့် အချိန်အခိုက်အတန့်တွင် ကောင်းကင်ဥပဒေသမြို့တော်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပေ၏။ မိုးကောင်းကင်ယံတွင် ကြီးမားသော အက်ကွဲကြောင်းကြီးများ ထင်ဟပ်လာပြီး နတ်ဘုရားနယ်မြေတစ်ခုလုံးသည် ကြက်ဥတစ်လုံးအလား ချက်ချင်းကွဲကြေသွားတော့သည်။

"ငါ စိတ်ခံစားချက်ဓားနည်းစနစ်ကို သုံးတာ အရမ်းများသွားပြီ"

ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူ အမြောက်အများကို ဆက်တိုက်သတ်ဖြတ်ခြင်းနှင့် စိတ်ခံစားချက်ဓားနည်းစနစ်ကို အဆက်မပြတ် အသုံးပြုခြင်းသည် ကျန်းရွှမ်၏စွမ်းအားများကို များစွာကုန်ခမ်းသွားစေခဲ့သည်။ သို့ရာတွင် ဤသည်က ကောင်းကင်ဥပဒေသမြို့တော်ကို ပို၍စွမ်းအားကုန်ခမ်းသွားစေပေ၏။

ရင်းမြစ်ကမ္ဘာ၏ကောင်းကင်လမ်းသည် ပြင်ပမှနေ၍ ဤမြို့တော်ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ မည်မျှထိကြာမြင့်စွာ တည်ရှိခဲ့ကြောင်း မသိရသော ထျန်းလီအင်ပါယာမှ ကွပ်မျက်မှုများအတွက် အသုံးပြုသော ဤလျှို့ဝှက်နယ်မြေသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ စတင်၍ ပြိုလဲကျလာတော့သည်။

ဤသည်မှာ အမှန်တကယ်အားဖြင့် လူလာကယ်ရဲသည့် ကျန်းရွှမ်၏ အကြီးမားဆုံး အားကိုးရာပင်။

ကံတရားကဲ့သို့ အရာများသည် အထောက်အကူပြုသော်လည်း သူ၏အမြင်အရ ထိုအရာသည် ထောက်ပံ့မှုမျှသာ ဖြစ်ပြီး ရလဒ်ကို အဆုံးအဖြတ် မပေးနိုင်ချေ။ လူတစ်ယောက်ကို ကယ်တင်ပြီး အသက်ရှင်ရက် ထွက်ခွာနိုင်ရန်အတွက် သူ့ထံတွင် လုံလောက်သောစွမ်းအားနှင့် ထွက်ပြေးရန်အခွင့်အရေး လိုအပ်သည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူသည် ကောင်းကင်ဥပဒေသမြို့တော် ပြိုကျသွားသည်အထိ စိတ်ခံစားချက် ကောင်းကင်ကံကြမ္မာကို အကန့်အသတ်မဲ့ ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ကံတရားချေးငှားခြင်းအကြောင်းကို တမင်သက်သက် သတင်းဖြန့်ခဲ့ပြီး အိမ်ရှေ့စံမင်းသား ယွမ်ချင်းကိုလည်း ချေးငှားစေခဲ့သည်။ ဤအရာကို အလွန်အကျွံ ယုံကြည်လိုက်သည်နှင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် တခြားပြင်ဆင်မှုများကို အလုံအလောက် လုပ်ဆောင်တော့မည် မဟုတ်ချေ။

"မြန်မြန် ပြေးကြတော့"

"မဟုတ်ရင် လျှို့ဝှက်နယ်မြေ ပျက်စီးသွားတာနဲ့ အတွင်းထဲက သက်ရှိတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်"

"ဒါက ကောင်းကင်ဥပဒေသမြို့တော်လေ...ဒီအတိုင်း ပျက်စီးသွားတာလား"

"ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူတွေ အများကြီး သေဆုံးသွားမှတော့ ဒီနယ်မြေပျက်စီးသွားတာက ပုံမှန်ပဲ မဟုတ်လား..."

ဤတိုက်ပွဲကို စောင့်ကြည့်နေသော ထိပ်သီးကျင့်ကြံသူများထံတွင် အတွေးများ ဖြတ်ပြေးသွားပြီး ရေလွှမ်းမိုးပြီးနောက်ကျန်ရစ်သော ကြွက်များအလား ထွက်ပြေးနေကြသည်။

"ခုန်းရှီ... ကျွန်တော်တို့ ထပ်တွေ့ကြတာပေါ့... ဒီနေ့ကစပြီး ကျွန်တော်တို့က ရန်သူတွေပဲ... မိတ်ဆွေတွေ မဟုတ်တော့ဘူး.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"

သူ ထွက်ခွာမသွားလျှင် ဤနေရာ၌ သေဆုံးသွားနိုင်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ပုံရိပ် လှုပ်ရှားသွားပြီး ဓားချီတစ်ခုအဖြစ် ပြောင်းလဲကာ အကြိမ်အနည်းငယ်ခန့် တောက်ပသွားပြီးနောက် လူများအားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

သူသည် လက်ရှိတွင် ပြိုင်ဘက်ကင်းပြီး အစွမ်းထက်နေပုံ ပေါက်သော်လည်း လက်တွေ့တွင် သူ၏စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေလေပြီ။ သူ ပြန်လည်ကောင်းမွန်လာရန်အတွက် ကောင်းစွာအနားယူပြီး ကုစားရပေမည်။ ထိုသို့မဟုတ်ပါက လူအမြောက်အများမှ ဝိုင်းရံတိုက်ခိုက်လျှင် သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။

အရေးကြီးဆုံးအချက်မှာ ကောင်းကင်ဥပဒေသမြို့တော် ပျက်စီးသွားခြင်းပင်။ ဤအရာသည် ဗုဒ္ဓအရှင် မဟာနတ်ဆိုးအရှင်နှင့် ဧကရာဇ်ဖုရှန်းကဲ့သို့သော အထွတ်အထိပ် ကျင့်ကြံသူများကို လှုပ်ရှားရန် အခွင့်အရေး ပေးလိုက်ခြင်းနှင့် တူညီသည်။ အကယ်၍ သူတို့သာ အမှန်တကယ် ရောက်ရှိလာပါက သူ၏စွမ်းအားသည် ဗောဓိသတ္တအဆင့်သို့ ရောက်ရှိနေလျှင်ပင် အနည်းငယ်မျှ ခုခံနိုင်မည် မဟုတ်ချေ။

အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေတွင် ဤထိပ်သီးပုဂ္ဂိုလ်များ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဗောဓိသတ္တအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦးကို ခြေမွှပစ်ရန်မှာ စကားတစ်ခွန်း ပြောလိုက်ရုံသာဖြစ်ပြီး အင်အားစိုက်ထုတ်ရန်ပင် မလိုအပ်ပေ။

"မင်းက ဘယ်ကို ထွက်ပြေးမလို့လဲ"

သူ မျှော်လင့်ထားသည့်အတိုင်း ပြိုလဲကျနေသော ကောင်းကင်ဥပဒေသမြို့တော်မှ ထွက်ခွာကာ လေဟာနယ်ထဲသို့ ထွက်ပြေးလိုက်သည်နှင့် ဒေါသတကြီး အော်ငေါက်သံကို ကြားလိုက်ရသည်။ ထို့နောက် ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပေ၏။

ဤလက်ဝါးပုံရိပ်ယောင်တွင် "ယီ..." ဟူသော ဧရာမစာလုံးကြီး ပါရှိသည်။ ထိုအရာမှ ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်နေပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားများ ရောယှက်နေသည်။

"ဗုဒ္ဓအရှင်က လှုပ်ရှားလိုက်ပြီလား...."

ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ သူသည် ထွက်ပြေးရန် ဂရုမစိုက်တော့ဘဲ သူ၏ဓားဖြင့် တစ်ချက်ခုတ်ပိုင်းလိုက်၏။

ဝှစ်....

ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးက ညင်သာစွာ ဖမ်းဆုပ်လိုက်ရာ ဓားချီအလင်းတန်း ပျောက်ကွယ်သွားလေသည်။ နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ်၏ရှေ့မှ လေဟာနယ်သည် အလွှာလိုက်ကြေမွှပျက်စီးသွားပြီး သူ ထွက်ပြေးရန် အသုံးပြုနေသောလမ်းကြောင်း လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

"ဗုဒ္ဓဂိုဏ်း..."

ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကောင်းကင်ဥပဒေသမြို့တော် ပြိုကျမှုကို တွေ့ရှိသည်နှင့် သူ ထွက်ပြေးခဲ့သည်။ သို့သော် ဤနေရာ၌ ဗုဒ္ဓအရှင် ပိတ်ဆို့ဟန့်တားထားမည်ဟု သူ မျှော်လင့်မထားမိချေ။။ တစ်ဖက်လူသည် သူ့ကို မသတ်နိုင်မချင်း အနားယူမည့်ပုံ မပေါ်ပေ။

ဘုန်း.....

သူ မည်သို့ ထွက်ခွာရမည်ကို စဉ်းစားနေစဉ်မှာပင် သူ၏နောက်ကျောဘက်ရှိ လေဟာနယ်သည် ထပ်မံ၍ပုံပျက်သွားပြီး နတ်ဆိုးလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်သည်။ တလိမ့်လိမ့်ဝင်လာသော နတ်ဆိုးစွမ်းအင်များသည် စူးရှသော ငါးညှီနံ့များကို သယ်ဆောင်လာပြီး သူ့ထံသို့ မရောက်မီကပင် စိတ်ရှုပ်ထွေးမှုနှင့်ထင်ယောင်ထင်မှားဖြစ်မှုများကို ဖြစ်ပေါ်စေသည်။

မဟာနတ်ဆိုးအရှင်သည်လည်း လှုပ်ရှားလိုက်လေပြီ။

"ပြေး...."

ဤသည်မှာ လောကကြီးပေါ်ရှိ အသန်မာဆုံး ထိပ်သီးပုဂ္ဂိုလ်နှစ်ဦး တပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းပင်။ ထိုကြောင့် သူသည် ထာဝရရွှေခန္ဓာကိုယ်အဆင့်သို့ မရောက်ရှိသေးသရွေ့ သူတို့ကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်သည် မည်သို့ တွန့်ဆုတ်နေရဲမည်နည်း။ သူသည် လေဟာနယ်ထဲသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။

ဝှစ်....

သူ ဝေးကွာသောနေရာသို့ မရောက်သေးမီမှာပင် လေဟာနယ်သည် တွန့်လိမ်သွားပြီး ရေခဲနေသည့်အလား လုံးလုံးလျားလျား ပိတ်ဆို့သွားသည်။

ကျန်းရွှမ်၏စိတ်နှလုံးသား အေးစက်သွားပေ၏။

ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာများအနက် အသန်မာဆုံး တည်ရှိမှုများဖြစ်ရန် အလွန်ထိုက်တန်သည်။ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက် တပြိုင်ိက်တည်း တိုက်ခိုက်လိုက်သည်နှင့် သူသည် ပယင်းကျောက်ထဲတွင် ပိတ်မိနေသော အင်းဆက်ပိုးကောင်ကဲ့သို့ ချက်ချင်းဖြစ်သွားတော့သည်။ သူ ထပ်မံ၍ ထွက်ပြေးနိုင်ရန်အတွက် နောက်ကျသွားလေပြီ။

သို့ရာတွင် သူသည် ဤအချက်ကိုလည်း ကြိုတင်မျှော်လင့်ထားပြီး ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။

"ဗုဒ္ဓအရှင်... မဟာနတ်ဆိုးအရှင်..."

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ထွက်ပြေးရန် မကြိုးစားတော့ချေ။ ထို့အစား သူသည် လေထဲတွင် ပျံဝဲနေပြီး ဆက်လက်၍ မလှုပ်ရှားတော့ပေ။

တော်ဝင်နန်းတော်၏ဥယျာဉ်တွင်....

ဧကရာဇ်ဖုရှန်းသည် ကျားခုံကို ကြည့်လိုက်ပြီး သူ၏မျက်နှာထားသည် ခန့်မှန်း၍မရနိုင်အောင် ပြောင်းလဲနေသည်။

"ဒါက မင်းရဲ့ ဝှက်ဖဲ ဖြစ်နေတာကိုး...အိမ်ရှေ့စံမင်းသားယွမ်ချင်းကို သွေးအနှစ်သာရသုံးစက် တစ်ခါတည်း ပေးလိုက်ရတဲ့ အကြောင်းရင်းက ဒါကြောင့် ဖြစ်နေတာပါလား....ကျန်းရွှမ်က အဲ့ဒါကို လုယူမယ် ပြီးတော့ အောင်မြင်လိမ့်မယ်လို့ မင်း တွက်ချက်ထားပုံရတယ်"

ဝူဖိုထျန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"သူ လုယူနိုင်မလားဆိုတာ ငါ သေချာမသိဘူး ....သူ အောင်မြင်နိုင်မလား ဆိုတာလည်း ငါ သေချာမသိဘူး...ဒါပေမယ့် သူ အောင်မြင်သမျှ ကာလပတ်လုံး ငါ နိုင်မှာပဲ....ပြီးတော့ ငါတို့ စစ်တုရင် မကစားခင်ကတည်းက သူ အောင်မြင်ရင် ငါ့ရဲ့အပိုင် ဖြစ်ရမယ်လို့ ငါ ပြောထားတယ် မဟုတ်လား..."

"အင်း....လောင်းကြေးအတိုင်း ငါက အရှုံးကို လက်ခံတယ်....ငါ ရှုံးတယ်"

ဧကရာဇ်ဖုရှန်းက သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ကျားခုံပေါ်ရှိ ကျားစေ့များသည် ချက်ချင်းပျောက်ကွယ်သွားပြီး သက်ဆိုင်ရာသေတ္တာများထဲသို့ ပြန်ရောက်သွားတော့သည်။

"ကောင်းကောင်း ကစားနိုင်ခဲ့တယ်..."

ဝူဖိုထျန်းက သူ၏လက်ကိုပူးဆုပ်ပြီး နှုတ်ဆက်လိုက်၏။

ဧကရာဇ်ဖုရှန်းသည် စိတ်ဆိုးဒေါသထွက်ခြင်း မရှိချေ။ ထိုအစား သူ၏ နှုတ်ခမ်းထောင့်တွင် နားလည်ရခက်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူ အထက်သို့မော့ကြည့်ပြီး လေဟာနယ်၏ နက်ရှိုင်းသောနေရာသို့ ကြည့်လိုက်သည်။

"ဗုဒ္ဓဂိုဏ်းနဲ့နတ်ဆိုးဂိုဏ်းက အခုဆိုရင် ပိုပြီး အရှက်မဲ့ လာကြပြီပဲ"

"ဗုဒ္ဓက နတ်ဆိုး...နတ်ဆိုးက ဗုဒ္ဓ...ဘာမှ မကွဲပြားဘူး...အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်"

ဝူဖိုထျန်းသည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"မင်းက သူ့ကို တပည့်အဖြစ် လက်ခံချင်မှတော့ ငါ နောက်ဆုတ်ပေးပါ့မယ်....ဒါပေမယ့် မင်း ဝင်ပါမယ်ဆိုတာ သေချာလား.. ဗုဒ္ဓဂိုဏ်းရော နတ်ဆိုးဂိုဏ်းရော ကိုင်တွယ်ရလွယ်ကူတာ မဟုတ်ဘူး"

ဧကရာဇ်ဖုရှန်းက ဝူဖိုထျန်းကို ကြည့်လိုက်သည်။

"သူ့ရဲ့ကိစ္စတွေကို မင်း စိတ်ပူဖို့ မလိုတော့ပါဘူး အဲဒီအစား ခုန်းရှီ... သူက မင်းရဲ့နယ်ရုပ် ဖြစ်သင့်တယ် မဟုတ်လား"

ဝူဖိုထျန်းက မေးမြန်းသည်။

"အင်း...."

ဧကရာဇ်ဖုရှန်းက ခေါင်းညိတ်လိုက်သည်။

"ငါ သူ့ကို အတွင်းဝန်အဖွဲ့ထဲ ဝင်ခွင့်ပေးမယ်....သူ အကောင်အထည်ဖော်ချင်တဲ့ ရည်မှန်းချက်တွေကို ငါ အပြည့်အဝ ထောက်ခံပေးမယ်"

ဝူဖိုထျန်းက ခေါင်းညိတ်လိုက်သည်။

"နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ထျန်းလီအင်ပါယာရဲ့ အစွမ်းထက်ဆုံးဧကရာဇ် ပီသပါပေတယ်...မင်းရဲ့လက်အောက်မှာ ထျန်းလီအင်ပါယာက ရင်းမြစ်ကမ္ဘာရဲ့ နံပါတ်တစ် အင်အားစု ဖြစ်လာဖို့ သိပ်မလိုတော့ပုံပဲ"

"နံပါတ်တစ်အင်အားစု ဖြစ်လာတာ ဘာများ ကောင်းလို့လဲ...ငါက မင်းလိုပဲ လွတ်လပ်ပြီး အချုပ်အနှောင်မရှိဘဲ နေ့တိုင်း ကိုယ်လုပ်ချင်တာလုပ်ပြီး အသေးအဖွဲ ကိစ္စတွေနဲ့ မပတ်သက်ချင်ဘူး"

ဧကရာဇ်ဖုရှန်းက ခါးသီးစွာ ပြုံးလိုက်သည်။

"ဟား ဟား ဟား....အဲဒါတော့ မတတ်နိုင်ဘူးလေ....ငါက တစ်ကိုယ်တော်သမားပဲ... ငါ သွားချင်တဲ့နေရာ သွားလို့ရတယ် ...လုပ်ချင်တာ လုပ်လို့ရတယ်"

ဝူဖိုထျန်း၏မျက်နှာတွင် စိတ်အေးလက်အေး ရှိသော အမူအယာနှင့် အပြုံးတစ်ခု ရှိနေသည်။

"ဟုတ်လို့လား"

ဧကရာဇ်ဖုရှန်းက ဝူဖိုထျန်းကိုကြည့်ပြီး မေးမြန်းသည်။

"ရှင်ဝူယွဲ့က မင်းကို မကြာသေးခင်က လိုက်ရှာမနေဘူးလား"

"မပြောသင့်တာကို ဘာလို့ ပြောနေတာလဲ... ငါ သွားတော့မယ်...နှုတ်ဆက်ပါတယ်"

ဝူဖိုထျန်းက မတ်တတ်ရပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်မကျေနပ်ဖြစ်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

ထျန်းလီအင်ပါယာသို့ ရောက်ရှိလာကတည်းက သူသည် ဤလူနှင့် စစ်တုရင်ကစားနေခဲ့သည်။ ယခုချိန်၌ လဝက်ကျော် ကြာမြင့်ပြီဖြစ်၍ ယနေ့ တွင် သူ ထွက်ခွာသွားရန် စီစဉ်လိုက်၏။

"သွားတော့..."

ဧကရာဇ်ဖုရှန်းက လက်ဝှေ့ယမ်းလိုက်သည်။

"နှုတ်ဆက်ပါတယ်လို့ ပြောတာက နည်းနည်း များလွန်းတယ်....မကြာခင် ငါတို့ ပြန်ဆုံရမှာ သေချာတယ်..."

"ဘယ်သူက မင်းကို တွေ့ချင်လို့လဲ....ပြီးတော့ အဲ့ဒီ ရှင်ဝူယွဲ့... ငါ သူနဲ့ မပတ်သက်တာ ကြာပြီ...မင်း လျှောက်မပြောနဲ့"

ဝူဖိုထျန်း၏ပုံရိပ် လှုပ်ရှားသွားပြီး နေရာမှ ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်မကျန် ပျောက်ဆုံးသွားတော့သည်။

သူ ပျောက်ကွယ်သွားသော လမ်းကြောင်းကို ကြည့်ရင်း ဧကရာဇ်ဖုရှန်းသည် လက်များကို နောက်ပစ်လိုက်ကာ မျက်မှောင်ကြုတ်ထားပြီး သူ မည်သည့်အရာကို တွေးတောနေမှန်း မသိနိုင်ပေ။

အချိန်အတော်ကြာမှ သူ ခေါင်းခါယမ်းလိုက်သည်။

"ဖရိုဖရဲ ကာလတွေ ရောက်လာတော့မယ်... ထျန်းလီအင်ပါယာက နောက်ဆုံးအဆင့်ကို ရောက်ရှိနိုင်ဖို့ပဲ ငါ မျှော်လင့်မိတယ်"

All Chapters