ကံဆိုးခြင်း၏ အကျိုးသက်ရောက်မှု
Vol. 45 Ch. 512
"ကျန်းရွှမ်....ထာဝရနှလုံးသားကို ငါ့ကို ပေးလိုက်....ဒီနေ့ မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်"
လေဟာနယ်ထဲမှနေ၍ မဟာနတ်ဆိုးအရှင်၏အသံပေးပို့မှုက ကျန်းရွှမ်ထံသို့ ရောက်ရှိလာသည်။
"ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာကို ငါ့ကို ပေးလိုက်....မဟာနတ်ဆိုးအရှင်ရဲ့ လက်ကနေ လွတ်မြောက်အောင် ငါ ကူညီပေးမယ်"
ဗုဒ္ဓအရှင်၏အသံပေးပို့မှုသည်လည်း ရောက်ရှိလာပေ၏။
"ကောင်းပြီလေ...."
ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူသည် သူ၏လက်ထဲမှ ချန်တယ်ဓားကို စက်ဝိုင်းတစ်ဝက်လှည့်လိုက်ပြီး ရုတ်တရက် ထိုးစိုက်လိုက်သည်။
ဤသည်က ဗုဒ္ဓအရှင်ဆီ ထိုးစိုက်ခြင်း မဟုတ်သည့်အပြင် မဟာနတ်ဆိုးအရှင်ဆီသို့ ထိုးစိုက်ခြင်းလည်း မဟုတ်ဘဲ ဗလာနယ် မိုးကောင်းကင်ယံဆီသို့ ထိုးစိုက်လိုက်ခြင်းပင်။
ဤအစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးသည် ထူးဆန်းသည်ဟု ခံစားနေရစဉ်မှာပင် ကြည်လင်နေသော ကောင်းကင်ကြီးသည် တိမ်မည်းများဖြင့် ချက်ချင်းဖုံးလွှမ်းသွားသည်။ ထိုတိမ်မည်းများအတွင်း၌ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ စီးဆင်းနေကာ မည်သည့်အချိန်တွင်မဆို ကျဆင်းလာတော့မည့်အလားပင်။
"ဒါက ကောင်းကင်ဘုံကပ်ဘေးလား.."
ဗုဒ္ဓအရှင်နှင့်မဟာနတ်ဆိုးအရှင်တို့၏ မျက်နှာအမူအယာများ တပြိုင်နက်တည်း တည်ကြည်လေးနက်သွားကြသည်။
ကောင်းကင်ဥပဒေသမြို့တော်အတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို သူတို့ မသိကြသေးချေ။ သူတို့သည် ကျန်းရွှမ် ထွက်လာမည်ကို အပြင်ဘက်မှ စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။ ဤနတ်ဘုရားနယ်မြေ ပြိုကျရခြင်းမှာ သူသည် ကောင်းကင်လမ်းကို ကျော်လွန်သော ဓားကွက်များကို အဆက်မပြတ် အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သူတို့ မသိကြချေ။
သို့ရာတွင် ယခင်က သူတို့ မသိခဲ့လျှင်ပင် ယခုချိန်၌ သူတို့ ခန့်မှန်းမိလေပြီ။
"ကောင်းကင်ဘုံကပ်ဘေးက ကြောက်စရာကောင်းပေမယ့်...ငါတို့အတွက်တော့ အဲ့ဒါကို ခုခံရင်းနဲ့ မင်းကို သတ်ဖို့က မခက်ခဲဘူး"
မဟာနတ်ဆိုးအရှင်၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
"ခင်ဗျားတို့က ကျုပ်ကို သတ်လို့ရတယ်...ဒါပေမယ့် ခင်ဗျားတို့က အချက်တစ်ချက်ကို မေ့နေကြတယ်..."
ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ရုတ်တရက် သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားကာ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
ဝုန်း....
သူ အစောပိုင်းက ရပ်နေသောနေရာသို့ လျှပ်စီးမိုးကြိုးတစ်စင်း ချက်ချင်း ကျဆင်းလာပြီး လေဟာနယ်တစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲလိုက်၏။
"ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အစွမ်းထက်တဲ့ လျှပ်စီးမိုးကြိုး ရှိနိုင်မှာလဲ..."
ယခုတစ်ကြိမ်တွင် ဗုဒ္ဓအရှင်ပင်လျှင် ကြက်သေသေသွားသည်။
ကောင်းကင်လမ်း၏စွမ်းအားကို ကျော်လွန်သော ရတနာများ သို့မဟုတ် နည်းစနစ်များ ထွက်ပေါ်လာပါက လျှပ်စီးမိုးကြိုးကို ဆွဲဆောင်နိုင်သော်လည်း ယေဘုယျအားဖြင့် ဤသည်က ဆုလာဘ်တစ်ခု ဖြစ်သည်။ ဤသည်မှာ ယခင်က ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးအလားပင်။ လူကို သတ်ဖြတ်လိုသော လျှပ်စီးမိုးကြိုးမျိုးကိုမူ သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်ပေ၏။
ထို့ပြင် လူကို သတ်ဖြတ်လိုလျှင်ပင် ထိုလျှပ်စီးမိုးကြိုး၏စွမ်းအားသည် ဤမျှထိ ကြီးမားလိမ့်မည် မဟုတ်ပေ။
ဗုဒ္ဓအရှင် သံသယဖြစ်နေစဉ်မှာပင် ပျောက်ကွယ်သွားသော လူငယ်သည် သူ့နှင့် မနီးမဝေးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
ဘုန်း....
သူ မတုံ့ပြန်နိုင်မီ နောက်ထပ်ထူထပ်သိပ်သည်းသော လျှပ်စီးမိုးကြိုးတစ်စင်း ဆင်းသက်လာပြီး သူ၏ခေါင်းပေါ်သို့ ကျရောက်လာသည်။
"မင်း..."
သူသည် ထိုအရာကို မရှောင်တိမ်းနိုင်သဖြင့် သူ၏လက်ကို မြှောက်ပြီး ခုခံလိုက်သည်။ ထိုအချိန်တွင် နတ်ဆိုးစွမ်းအားများသည် သူထံမှ ပျံ့နှံ့ထွက်လာပြီး နတ်ဆိုးစွမ်းအားများ ပါဝင်သော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။
"ခင်ဗျားက ဗုဒ္ဓအရှင် မဟုတ်ဘူးလား....မဟာနတ်ဆိုးအရှင်လား"
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ကျန်းရွှမ် မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း။ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"ဟမ့်..."
မဟာနတ်ဆိုးအရှင်က အေးစက်စက် နှာမှုတ်ပြီး မိုးကြိုးကပ်ဘေးကို အသည်းအသန် ခုခံလိုက်သည်။
ကျန်းရွှမ်သည် လွတ်လပ်စွာ ရွေ့လျားနိုင်ပြီး လျှပ်စီးမိုးကြိုးကို ရှောင်တိမ်းနိုင်သည်။ သို့ရာတွင် သူတို့ကမူ ရှောင်တိမ်းလိုက်သည်နှင့် အစောပိုင်းက သူတို့ ပြုလုပ်ထားသော လေဟာနယ် ပိတ်ဆို့မှုသည် ပျက်စီးသွားပေလိမ့်မည်။
ဤနည်းလမ်းဖြင့် ကျန်းရွှမ်သည် အခွင့်အရေးယူပြီး ထွက်ပြေးနိုင်ပေသည်။ အကယ်၍ သူတို့ မရှောင်တိမ်းလျှင် မိုးကြိုးကပ်ဘေးကို အတင်းအကြပ် ခံယူရုံသာ ရှိတော့သည်။ ဤကောင်စုတ်လေးသည် အမှန်တကယ်ကို ကောက်ကျစ်ပေ၏။
သူနှင့်ဗုဒ္ဓအရှင်တို့ ပိတ်ဆို့ဟန့်တားရန် ကြိုးစားခြင်းသည်လည်း ကျန်းရွှမ်၏တွက်ချက်မှု အတွင်း၌ ရှိနေပုံရသည်။
"ခင်ဗျားက မဟာနတ်ဆိုးအရှင် ဆိုမှတော့ ဟိုဘက်ကလူက..."
သူ၏စိတ်ဓာတ်ကျမှုကို လျစ်လျူရှုပြီး ကျန်းရွှမ် ပေါ့ပေါ့ပါ့ပါး ပြုံးလိုက်သည်။ သူ၏ပုံရိပ် ထပ်မံ၍ လှုပ်ရှားသွားပြီး "မဟာနတ်ဆိုးအရှင်" ၏ရှေ့တွင် ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် နောက်ထပ်လျှပ်စီးမိုးကြိုးတစ်စင်း ကျရောက်လာပေ၏။
"မဟာနတ်ဆိုးအရှင်" သည်လည်း လက်မြှောက်ပြီး ပိတ်ဆို့ဟန့်တားလိုက်ရာ ဖုံးကွယ်ထားသော ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာသည်။
"မဟာနတ်ဆိုးအရှင်က ဗုဒ္ဓအရှင်အဖြစ် ရုပ်ဖျက်ထားပြီးတော့.... ဗုဒ္ဓအရှင်က မဟာနတ်ဆိုးအရှင်အဖြစ် ရုပ်ဖျက်ထားတာကိုး"
ကျန်းရွှမ်သည် နားလည်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
ဤလူနှစ်ယောက်သည် အမှန်တကယ်ကို ကောက်ကျစ်ပေ၏။
သူတို့၏ခန္ဓာကိုယ် အစစ်အမှန်ဖြင့် လှုပ်ရှားပြီး ထာဝရနှလုံးသားကို လုယူပါက လူအများ၏မနာလိုမှုကို ခံရမည်မှာ သေချာပေါက်ပင်။ ထို့ကြောင့် သူတို့သည် တစ်ယောက်ပုံစံကို တစ်ယောက်ယူ၍ ရုပ်ဖျက်ပြီး လုယူကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့ အောင်မြင်ခဲ့လျှင်ပင် အပြစ်တင်မှုများသည် တခြားတစ်ယောက်အပေါ်သို့ ကျရောက်မည်ဖြစ်ပြီး သူတို့ကိုယ်တိုင်ကမူ လွတ်လပ်ပြီး ပျော်ရွှင်နေပေမည်။
ရလဒ်အနေဖြင့် သူတို့နှစ်ယောက်လုံး အတွေးတူညီခဲ့ကြသည်။
'မင်းက ငါ့အဖြစ် ရုပ်ဖျက်ပြီးတော့ ငါက မင်းအဖြစ် ရုပ်ဖျက်တယ်...'
ကံမကောင်းစွာဖြင့် သူတို့၏ရှေ့မှ လူသည် စည်းကမ်းအတိုင်း မကစားဘဲ လျှပ်စီးမိုးကြိုးကို တိုက်ရိုက်ဆွဲဆောင်လိုက်လိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ကြချေ။
"မဟုတ်ဘူး....သူ မိုးကြိုးကပ်ဘေးကို ဆွဲဆောင်ရင်တောင် လျှပ်စီးမိုးကြိုးတွေက ဒီလောက်ထိ သိပ်သည်းပြီး အစွမ်းထက်မှာ မဟုတ်ဘူး...ဒါက ငါတို့ကို လမ်းစမရှိအောင် လုပ်နေတာပဲ..."
မိုးကြိုးလျှပ်စီးများ ပို၍များပြားလာသည်နှင့်အမျှ လေဟာနယ်တစ်ခုလုံး မကြာမီမှာပင် မိုးကြိုးများဖြင့် ပြည့်နှက်သွားသည်။ ဗုဒ္ဓအရှင်နှင့် မဟာနတ်ဆိုးအရှင် နှစ်ဦးလုံးသည် သူတို့၏စိတ်နှလုံးသားထဲတွင် မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
"ဒါက ကံတရားရဲ့ တန်ပြန်သက်ရောက်မှုပဲ"
ရုတ်တရက် ဗုဒ္ဓအရှင်သည် နားလည်သဘောပေါက်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားမိကာ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
သူတို့၏ရှေ့မှလူသည် ကံတရား ရှစ်ပိဿာကို ချေးငှားခဲ့သည်။ ထိုကံတရားများ ကုန်ဆုံးသွားသည်နှင့် တန်ပြန်သက်ရောက်မှု ပမာဏကို တွေးတောကြည့်၍ ရနိုင်သည်။ ရေအေးသောက်လျှင် သွားကြားညပ်ပြီး ပေါက်စီစားလျှင် လည်ချောင်းနင်စေမည့် အတိုင်းအတာအထိ ဖြစ်သည်။
ဤကောင်စုတ်သည် ဤကဲ့သို့ဖြစ်လာမည်ဟု ယခင်ကတည်းက ကြိုသိထားသဖြင့် သူတို့၏ခြုံခိုတိုက်ခိုက်မှုထဲသို့ တမင်သက်သက် ဝင်ရောက်လာကာ လျှပ်စီးမိုးကြိုးကို ဆွဲဆောင်ရန် အခွင့်အရေးယူလိုက်ခြင်း ဖြစ်ပေမည်။
ဤနည်းဖြင့် သူ၏ကံဆိုးမှုသည် လျှပ်စီးမိုးကြိုးတိုက်ခိုက်မှု၏ ပစ်မှတ်အဖြစ် ပြောင်းလဲသွားပြီး အဆက်မပြတ် ကျဆင်းလာကာ သူတို့အပေါ်သို့ ကျရောက်စေခြင်းဖြစ်သည်။
ဤသည်မှာ အလွန်လိမ္မာပါးနပ်သော အကြံအစည်ပင်။
"ဒီကောင်က ကံတရားတွေ မချေးငှားခင်ကတည်းက ဒါကို စီစဉ်ထားတာများ ဖြစ်နေမလား... အဲ့ဒီလိုဆိုရင်တော့ အရမ်းကြောက်စရာကောင်းလွန်းတယ်"
ဗုဒ္ဓအရှင်၏မျက်ခွံများ အထိန်းအကွပ်မဲ့စွာ လှုပ်ခတ်သွားသည်။
ပုံမှန်အခြေအနေများတွင် ကံတရားချေးငှားသူများသည် သိုသိုသိပ်သိပ် လုပ်ဆောင်ကြသော်လည်း ဤလူသည် သတင်းအချက်အလက် ရောင်းချရုံသာမက မြို့တစ်မြို့လုံးအနှံ့ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ ထိုအချိန်ကတည်းက သူ အနည်းငယ် ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ အမှန်အားဖြင့် ဤကောင်စုတ်လေးသည် ယခုအချိန်အတွက် ကြိုတင်၍ပြင်ဆင်ထားခြင်းပင်။
ယခုအချိန်၌ ကျန်းရွှမ်၏ပတ်ဝန်းကျင်တွင် ကံဆိုးမှုများ ဝန်းရံနေသဖြင့် သူ သွားလေရာ၌ လျှပ်စီးမိုးကြိုးများ ရှိနေပေမည်။ သူတို့နှစ်ယောက်သည် သူ့ကို တိုက်ခိုက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကံတရားနှင့် ပတ်သက်မိသကဲ့သို့ ဖြစ်သွားပေမည်။ သူတို့သည် ထာဝရနှလုံးသားကို မလုယူနိုင်မီ ရှောင်လွှဲ၍မရသော လျှပ်စီးမိုးကြိုးများဖြင့် လွှမ်းခြုံခြင်းခံရပေလိမ့်မည်။
ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ပင်။
ဗုဒ္ဓအရှင် လုံးလုံးလျားလျား ကြက်သေသေသွားသည်။ အကြောင်းအကျိုး ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ပြီးကတည်းက ကံတရားကို အသုံးပြုပြီး သူ့ကို ခေါင်းမူးအောင် လုပ်နိုင်သူအား သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
"ဒီကောင်လေးက စိတ်ဝင်စားစရာပဲ"
သူတို့နှင့် မနီးမဝေး လေဟာနယ်ရှိ နက်ရှိုင်းသော နေရာတွင် ဝူဖိုထျန်း၏ပုံရိပ် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဗုဒ္ဓအရှင်ပင်လျှင် သိရှိနိုင်သဖြင့် သူသည်လည်း မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သဘာဝကျကျ နားလည်သဘောပေါက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ကံတရားနည်းလမ်းကို အသုံးပြုပြီး သူ၏ ကံဆိုးမှုကို ဗုဒ္ဓအရှင်နှင့် မဟာနတ်ဆိုးအရှင်တို့အပေါ်သို့ လွှဲပြောင်းပေးခြင်း...
ဤကဲ့သို့ နည်းဗျူဟာမျိုးကို သူပင်လျှင် မစဉ်းစားမိခဲ့ချေ။
တစ်ဖက်လူသည် ကောင်းကင်ဥပဒေသမြို့တော်ထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားခြင်းသည် သေလမ်းသာရှိသော အခြေအနေဟု သူ ထင်ခဲ့သည်။ ယခုချိန်တွင်မူ အရာအားလုံးသည် ဤကောင်လေး၏ တွက်ချက်မှု အတွင်း၌ ရှိနေပုံရပေ၏။ လူများအားလုံးသည် သူ၏ တိုးတက်မှုအတွက် ခြေနင်းတုံးများ ဖြစ်လာခဲ့ကြသည်။ ထိုလူများအနက် သူသည်လည်း အပါအဝင်ပင်။
"တော်သင့်ပြီ...ဒီကိစ္စက အဆုံးသတ်သင့်ပြီ"
ဤကဲ့သို့ လျှပ်စီးမိုးကြိုးမျိုးကို သုံးရက်တိုင်တိုင် ပစ်ခတ်လျှင်ပင် ဗုဒ္ဓအရှင်နှင့် မဟာနတ်ဆိုးအရှင်တို့ကို သေစေနိုင်မည် မဟုတ်ဘဲ ကျန်းရွှမ်ကို ထိခိုက်စေနိုင်သည်ဟု သိရှိထားသဖြင့် ဝူဖိုထျန်းက ခေါင်းခါယမ်းပြီး ရှေ့သို့ တိုးလိုက်သည်။
လျှပ်စီးမိုးကြိုးများအလယ်ရှိ ကျန်းရွှမ်၏ပုံရိပ်သည် အဆက်မပြတ် လှုပ်ရှားနေပြီး ရံဖန်ရံခါ သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်၏။
လက်ရှိအခြေအနေသည် သူ အသာစီးရနေသကဲ့သို့ ဖြစ်နေပြီး ဗုဒ္ဓအရှင်နှင့် နတ်ဆိုးအရှင်တို့ သူ့အား လွယ်လင့်တကူ မတိုက်ခိုက်ရဲအောင် ဖြစ်စေသည်။ လက်တွေ့တွင်မူ သူသည် ယခင်က ကောင်းကင်ဥပဒေသမြို့တော်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် သူ အလျင်အမြန် ပြန်လည်မကုစားပါက သတိလစ်မေ့မြောသွားနိုင်သည်။
သူ သတိလစ်မေ့မြောသွားသည်နှင့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦး၏ဝိုင်းရံတိုက်ခိုက်မှုအောက်ရှိ သူ၏ရလဒ်ကို မှန်းဆကြည့်နိုင်သည်။
"ဒီတန်ပြန်သက်ရောက်မှုက အရမ်းပြင်းထန်တယ်...."
ထာဝရနှလုံးသား ဆက်လက်၍ ခုန်လှုပ်နေပြီး ကျန်းရွှမ်က အံ့တင်းတင်းကြိတ်လိုက်သည်။
ကံတရားချေးငှားခြင်း၏ တန်ပြန်သက်ရောက်မှု ရောက်ရှိလာလေပြီ။ လျှပ်စီးမိုးကြိုးများသည် သူ့ကို မထိသော်လည်း ကံဆိုးမှု၏တန်ပြန်သက်ရောက်မှုအောက်တွင် သူ၏ဒဏ်ရာများသည် သက်သာမလာသည့်အပြင် အက်ကွဲမည့်လက္ခဏာများ စတင်၍ ပြသလာသည်။ သူ အသက်ရှူရန်ပင် ခက်ခဲနေလေပြီ။
သူ့ခေါင်းထဲမှ မူးဝေမှုသည်လည်း ပို၍ပြင်းထန်လာသည်။ ယခင်က လေဟာနယ်ကို ဖြတ်ကျော်ခြင်းသည် သူ့အတွက် အလွန်ချောမွေ့သော်လည်း ယခုချိန်တွင်မူ အလွန်ခက်ခဲလာခဲ့သည်။
"ငါနဲ့ လိုက်ခဲ့.... ငါ မင်းကို ခေါ်သွားမယ်"
သူ တောင့်ခံနိုင်တော့မည့်ဆဲဆဲအချိန်မှာပင် ဖျော့တော့တော့ အသံတစ်သံက သူ၏နားထဲသို့ ဝင်ရောက်လာသည်။
ကျန်းရွှမ် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားရှိကာ အရပ်မြင့်သော ပုံရိပ်တစ်ခုက သူ့နှင့် မနီးမဝေးတွင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလူသည် ပြုံးနေပြီး သူ၏မျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုများ ရှိနေသည်။
မိုးကောင်းကင်ယံ၌ ပြည့်နှက်နေသော လျှပ်စီးမိုးကြိုးများသည် သူ့အပေါ်သို့ ကျရောက်နေသော်လည်း ရေနွေးနွေးလေးဖြင့် ရေချိုးနေသည့်အလား သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ချေ။