ပိုးအိမ်ပေါက်ကွဲမည့်အချိန်ကို စောင့်ဆိုင်းခြင်း
Vol. 45 Ch. 513
အတိုင်းအဆမဲ့သမုဒ္ဒရာ၏ ရေနက်ပိုင်းတွင် အထီးကျန်ကျွန်းတစ်ကျွန်း လေထဲတွင် ဆိုင်းငံ့နေသည်။ ကြီးမားသော ရေတံခွန်ကြီးတစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ကျွန်းငယ်လေးကို ဖြတ်သန်းစီးဆင်းကာ အောက်သို့ ကျဆင်းသွားပြီး ရေစက်များ မရေမတွက်နိုင်အောင် ဖြာကျနေပေ၏။ ဤသည်ကြောင့် နေရောင်အောက်တွင် သက်တံ့ရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး အထက်ကောင်းကင်ကိုးလွှာမှ ကျဆင်းလာသော ကြယ်စင်မြစ်တစ်ခုအလား ဖြစ်နေသည်။
ကျွန်းငယ်လေး၏ အထက်တွင် ရေခိုးရေငွေ့များ ဝန်းရံနေပြီး တိမ်တိုက်များနှင့်မြူခိုးများ မြင့်တက်နေသည်။ မျောလွင့်နေသော ရေခိုးရေငွေ့များသည် နေရောင်ခြည်နှင့် ထိတွေ့မိချိန်၌ ရောင်စုံအလင်းတန်းများ ဖြာထွက်လာပြီး ကျွန်းတစ်ကျွန်းလုံးကို နတ်ဘုရားများ နေထိုင်ရာ နေရာကဲ့သို့ ဖြစ်စေသည်။
ရေတံခွန်နှင့် မနီးမဝေးရှိ ကြီးမားသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် မိန်းကလေးတစ်ဦး ပလ္လင်ခွေ ထိုင်နေသည်။ ထူထပ်သိပ်သည်းသော ရေခိုးရေငွေ့များသည် သူမ အသက်ရှူလိုက်တိုင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး စွမ်းအားအဖြစ် သန့်စင်သွားသည်။
ဝှစ်....
ထိုမိန်းကလေးက မျက်လုံးဖွင့်လိုက်သည်။ ကောင်းကင်ယံ၌ ပြည့်နှက်နေသော တိမ်တိုက်များနှင့်မြူခိုးများသည် သူမ၏အဝတ်အစားများအဖြစ် ပြောင်းလဲသွားပြီး သူမနောက်တွင် ဖြည်းညှင်းစွာ ကျဆင်းလာပေ၏။
"စီနီယာအစ်မ... စီနီယာအစ်မ... ဆရာသခင်က ခေါ်နေတယ်"
ထိုအချိန်မှာပင် ဆယ်နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦး ပျံသန်းလာပြီး သူမ၏ရှေ့တွင် ဆင်းသက်လိုက်သည်။
"အင်း..."
မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး မတ်တတ်ထရပ်ကာ ကလေးငယ်၏နောက်သို့ လိုက်ပါသွားသည်။ မကြာမီမှာပင် သူတို့သည် ကျယ်ဝန်းသော နန်းတော်တစ်ခုသို့ ရောက်ရှိသွားကြသည်။ နန်းတော်ခန်းမဆောင်၏အလယ်ရှိ ပလ္လင်ပေါ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး မတ်မတ် ထိုင်နေပြီး သူမ၏မျက်လုံးများကို မှိတ်ထားသည်။ သူမ၏အရှိန်အဝါသည် ဖျော့တော့ပြီး မထင်ရှားချေ။
"ကျောက်ယာ... နင် ရောက်လာပြီပဲ"
သူမ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ အမျိုးသမီး၏အသံက ညင်သာစွာ ထွက်ပေါ်လာသည်။
"ရေဧကရီကို ဂါရဝပြုပါတယ်"
ကျောက်ယာက ဦးညွှတ်ပြီး သူမ၏လက်ကို ပူးဆုပ်လိုက်သည်။
ဤမိန်းကလေးသည် ကျန်းရွှမ်၏ တပည့်ဟောင်းကျောက်ယာ အမှန်ပင်။
အကြီးအကဲအိုးယန်သည် ကျောက်ယာကို အလုံးစုံသိမြင်ဂိုဏ်းသို့ ခေါ်ဆောင်လာပြီးနောက် သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဤနေရာသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ...ရေ...
ဤသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ဒဏ္ဍာရီလာ ရေဧကရီ ယွမ်ရွှေယောင်ပင်။
"အင်း....ငါ့ရဲ့အချိန်က သိပ်မကျန်တော့ဘူး...နင်လည်း ငါ့ရဲ့ကောင်းကင်ကံကြမ္မာကို ဆက်ခံပြီးတော့ ရေကမ္ဘာရဲ့ အရှင်သခင်သစ် ဖြစ်လာသင့်ပြီ..."
ယွမ်ရွှေယောင်က မျက်လုံးဖွင့်ပြီး ကျောက်ယာကို ကြည့်လိုက်သည်။
"ဟုတ်ကဲ့"
ကျောက်ယာက ခေါင်းညိတ်လိုက်၏။
ဤသည်မှာ တစ်ဖက်လူ၏ ကံကြမ္မာဖြစ်ကြောင်း သိနေသော်လည်း သူမ၏စိတ်နှလုံးသားထဲတွင် ဝမ်းနည်းနေမိဆဲပင်။
"နင် ငါ့ကို အကြိမ်ကြိမ်ပြောပြခဲ့တဲ့ ကျန်းရွှမ်လေ... သူ့အကြောင်း သတင်းတစ်ခု ငါ့ဆီ ရောက်လာတယ်....နင် သူ့ကို သွားရှာချင်ရင် ရေ ကောင်းကင်ကံကြမ္မာကို အပြည့်အဝ ဆက်ခံပြီးတဲ့အထိ စောင့်ရမယ်... အဲ့ဒီအချိန်ကျရင် နင့်ရဲ့သဘောအတိုင်း လုပ်ဆောင်နိုင်တယ်"
ယွမ်ရွှေယောင်က သူမ၏လက်ကို ပေါ့ပေါ့ပါးပါး လှုပ်ခတ်လိုက်ရာ စာရွက်တစ်ရွက် ပျံဝဲလာပြီး ကျောက်ယာ၏လက်ဝါးပေါ်သို့ ကျရောက်လာသည်။
"ဒါ... ဒါက..."
စာရွက်ပေါ်တွင် ရေးသားထားသော အကြောင်းအရာများကို ဖတ်ပြီးနောက် ကျောက်ယာ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူမထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် ဆရာကျန်းနှင့် ခွဲခွာခဲ့သည်မှာ မကြာသေးသော်လည်း သူသည် ဤမျှအထိ လှုပ်ခတ်အောင် ပြုလုပ်နိုင်ခဲ့သလော။ ရေဧကရီ၏လမ်းညွှန်ပေးမှုနှင့် သူမ၏အမွေဆက်ခံနိုင်ခဲ့မှုကြောင့် ဆရာ့ထက် ပို၍မြန်ဆန်စွာ တိုးတက်နိုင်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုချိန်တွင်မူ သူမသည် သူ့ကို လျှော့တွက်မိနေဆဲပင်။
"ကောင်းပြီ...ဒါက ငါ့ရဲ့ ကောင်းကင်ကံကြမ္မာပဲ ....နင် အမြန်ဆုံး နားလည်သဘောပေါက်အောင် လုပ်ပါ....နင် နားမလည်တာ ရှိရင် ငါ့ကို တိုက်ရိုက်မေးမြန်းပါ....မဟုတ်ရင် ငါ မိုးကောင်းကင်ထဲကို ပျောက်ကွယ်သွားတာနဲ့ နင်က ကိုယ့်ဘာသာကိုယ်ပဲ နားလည်သဘောပေါက်အောင် ကြိုးစားရလိမ့်မယ်"
ယွမ်ရွှေယောင်က သူမ၏လက်ဝါးကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မြစ်တစ်စင်းက လေဟာနယ်ထဲ၌ ထွက်ပေါ်လာသည်။ ကျောက်ယာသည် အလျင်အမြန်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ထိုကံကြမ္မာမြစ်ထဲတွင် နစ်မြောသွားကာ ရုန်းမထွက်နိုင် ဖြစ်သွားပေ၏။
ဆရာသည် မြင့်မားသောအဆင့်သို့ ရောက်ရှိနေလေပြီ။ သူမသည် သူ၏နောက်သို့ အမီလိုက်လိုပါက ရေကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူ ဖြစ်လာမှသာ ရပေလိမ့်မည်။ သူမသည် အကြွင်းမဲ့ ပြိုင်ဘက်ကင်းသော စွမ်းအားကို ပိုင်ဆိုင်ထားမှသာ ဆရာ၏နောက်သို့ အမီလိုက်နိုင်ပေမည်။
"အင်း..."
ကျောက်ယာသည် ကျင့်ကြံခြင်းတွင် လျှင်မြန်စွာ နစ်မြောသွားသည်ကို မြင်တွေ့ချိန်၌ ယွမ်ရွှေယောင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများ ဖြည်းညှင်းစွာ မှိတ်သွားပြီး နှလုံးခုန်နှုန်းလည်း တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
တချိန်တည်းမှာပင် မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် လှံရိပ်တစ်ခုသည် လေဟာနယ်ကို တိုက်ရိုက်ဆုတ်ဖြဲလိုက်ပြီး ရင်းမြစ်သားရဲတစ်ကောင်၏ရှေ့တွင် ထွက်ပေါ်လာသည်။
နောက်ထပ်အချိန်တခဏတွင် ရင်းမြစ်သားရဲသည် ထွက်ပြေးရန် အခွင့်အရေးပင် မရလိုက်ဘဲ မြေပြင်ပေါ်တွင် မြဲမြံစွာ ချုပ်နှောင်ခြင်းခံလိုက်ရသည်။
"နောက်ဆုံးတော့ အဆုံးသတ်သွားပြီ"
ရုတ်ချည်းဆိုသလိုပင် အရပ်ရှည်သော လူငယ်တစ်ဦးက ရင်းမြစ်သားရဲရှေ့တွင် ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ လှံရှည်ကို ကြည့်ရင်း အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ထင်ဟပ်လာပေ၏။
"ဂုဏ်ယူပါတယ် စီနီယာအစ်ကိုကြီးကျန်းယန်.... ဆရာရဲ့ စစ်မှန်တဲ့ အမွေအနှစ်တွေအားလုံး ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..."
လူငယ်တစ်ယောက်က ရှေ့သို့တိုးလာသည်။
"အင်း"
ကျန်းယန်က ခေါင်းညိတ်လိုက်သည်။
ဤသည်က ကျန်းရွှမ်၏တပည့် ကျန်းယန်ပင်။
ကျန်းယန်ကို လှံကောင်းကင်ကံကြမ္မာကို အဓိကထား၍ ကျင့်ကြံရန်အတွက် စစ်သည်တော်ခန်းမသို့ ပို့ဆောင်ခဲ့သည်။ လအနည်းငယ်အတွင်း သူသည် ထင်ရှားလာပြီး အတော်ဆုံးတပည့်ဖြစ်လာခဲ့ကာ "စီနီယာအစ်ကိုကြီး" ဟုပင် ခေါ်ဆိုခြင်းခံရသည်။
သူ၏တိုးတက်မှုနှုန်းအရ သူသည် "လှံ ကောင်းကင်ကံကြမ္မာ" ၏ နောက်ထပ် ဆက်ခံသူ ဖြစ်လာရန် အလားအလာ အလွန်များသည်။
"ငါ စုံစမ်းခိုင်းထားတဲ့ သတင်း ရပြီလား"
လှံကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းယန်က မနီးမဝေးရှိ လူငယ်ကို ကြည့်လိုက်သည်။
"စီနီယာအစ်ကိုကြီး... အစ်ကို ပြောတဲ့ ကျန်းရွှမ်ဆိုတဲ့လူအကြောင်း စုံစမ်းရတာ အရမ်းလွယ်လွန်းတယ်....အခု ထျန်းလီအင်ပါယာ တစ်ခုလုံးက သူ့အကြောင်း ပြောနေကြတာ....ကျွန်တော် မှတ်တမ်းလုပ်ပြီးပြီ...အခုပဲ အစ်ကို့ကို ပေးမယ်..."
လူငယ်က ပြုံးလိုက်ပြီး စာရွက်တစ်ရွက်ကို ထုတ်ယူကာ လက်ကမ်းပေးလေ၏။
ကျန်းယန်က အလျင်အမြန် ဖွင့်ဖတ်လိုက်သည်။ အချိန်အတော်ကြာမှ သူသည် လေပူတစ်လုပ် မှုတ်ထုတ်ပြီး တီးတိုးရေရွတ်လေသည်။
"ဆရာ ပီသပါပေတယ်..."
သူ၏ဆရာသည် အမှန်တကယ်ကို ရှုံးနိမ့်ခံမည့်လူစားမျိုး မဟုတ်ချေ။ ရင်းမြစ်ကမ္ဘာသို့ သူ ရောက်ရှိသည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း ဤမျှထိ လှုပ်ခတ်အောင် ပြုလုပ်နိုင်ခဲ့လေပြီ။ ဆရာ၏အရည်အချင်းသည် အမှန်တကယ်ကို အလွန်ထူးချွန်ပေ၏။
သူသည်လည်း ကြိုးစားရန် လိုအပ်ပုံရသည်။ ထိုသို့မဟုတ်ပါက ဆရာ၏ခြေလှမ်းကို အမီမလိုက်နိုင်လျှင် နောင်တစ်ချိန်တွင် သူ မည်သို့ ရပ်တည်နိုင်မည်နည်း။
"စီနီယာအစ်ကိုကြီး....ဘာလုပ်မလို့လဲ"
လူငယ်လေးက မေးမြန်းသည်။
ကျန်းယန်က လှည့်မကြည့်ဘဲ တုံ့ပြန်အဖြေပေးလိုက်၏။
"ငါက ရင်းမြစ်သားရဲတွေကို ဆက်သတ်မယ်.... ပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်ကို အမြန်ဆုံး မြှင့်တင်မယ်"
"ဒါက အရမ်း စိတ်အားထက်သန်လွန်းတယ်"
ကျန်းယန်၏ပုံရိပ် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို မြင်တွေ့ချိန်၌ လူငယ်လေးသည် ခေါင်းကုတ်လိုက်ပြီး မယုံကြည်နိုင် ဖြစ်နေသည်။
သာမန်တပည့်များသည် တစ်နေ့လျှင် ရင်းမြစ်သားရဲတစ်ကောင် သတ်ရုံဖြင့် အင်အားကုန်ခမ်းသွားကြသော်လည်း ဤလူကား မတူညီပေ။ သူသည် ရင်းမြစ်သားရဲဆယ်ကောင်ကို သတ်ဖြတ်ပြီးပြီ ဖြစ်သော်လည်း ဆက်လုပ်လိုပေ၏။
စီနီယာအစ်ကိုသည် မည်သည်ကြောင့် ဤမျှထိ စိတ်အားထက်သန်နေသနည်းကို သူ အမှန်တကယ် နားမလည်နိုင် ဖြစ်နေသည်။
ရောင်စုံလေဟာနယ်၏ နက်ရှိုင်းသော နေရာတွင် အနက်ရောင်တံခါးပေါက်များသည် လေထဲတွင် ဆိုင်းငံ့နေသည်။ ဤတံခါးပေါက်ကြီးများသည် သောင်းနှင့်ချီ၍ရှိနေပြီး တစ်ခုစီသည် မတူညီသော လေဟာနယ်တစ်ခုဆီသို့ ဦးတည်နေသဖြင့် လူများကို မူးဝေစေပြီး မည်သို့လုပ်ဆောင်ရမှန်းမသိ ဖြစ်စေသည်။
ဝှစ်.....
တံခါးပေါက်တစ်ခု ပွင့်သွားပြီး ပုံရိပ်တစ်ခု ရုတ်တရက် ပြေးထွက်လာသည်။ နောက်ထပ်အချိန်တခဏတွင် တခြားတံခါးပေါက်တစ်ခုထဲသို့ တိုးဝင်သွားပြီး နေရာမှ ပျောက်ကွယ်သွားလေ၏။
ထိုပုံရိပ်သည် အလင်းတန်းတစ်ခုအလား ရှေ့နောက်ကူးသန်းသွားလာနေသည်။ တံခါးပေါက်အမြောက်အများကို ဖြတ်သန်းပြီးနောက် ထိုပုံရိပ်သည် ရုတ်တရက် ရပ်တန့်သွားပြီး ပုံပန်းသဏ္ဍာန် ပေါ်လွင်လာသည်။
လော့ချီးချီး...
ယခုအချိန်တွင် ထိုမိန်းကလေး၏မျက်လုံးများသည် တောက်ပနေပြီး သူရဲကောင်းဆန်သော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
"ကောင်းတယ်... အရမ်းကောင်းတယ် ခရမ်းရောင်ပဲစေ့ ၁၀၈ စေ့ စုဆောင်းတာ စုစုပေါင်း ၇ မိနစ် ၁၃ စက္ကန့်ပဲကြာတယ်... မနေ့က ၇ မိနစ် ၁၅ စက္ကန့်ထက် ၂ စက္ကန့်တိတိ ပိုမြန်တယ်...တိုးတက်မှု အများကြီး ရှိတယ်"
အချိန်သူတော်စင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
လေဟာနယ်ကို ဖြတ်သန်းပြီး အချိန်နှင့်နေရာ နယ်ပယ်ပေါင်း တစ်သောင်းကျော်အတွင်း ပုံသေမရှိဘဲ ကျပန်းထားရှိသော ခရမ်းရောင်ပဲစေ့များကို စုဆောင်းရာတွင် ၇ မိနစ် ၁၃ စက္ကန့် ဆိုသည်မှာ ကောင်းကင်အလိုကို ဆန့်ကျင်သော အောင်မြင်မှုတစ်ခုပင်။ အတိတ်တွင် သူပင်လျှင် ဤအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းသုံးရာတိတိ ကျင့်ကြံခဲ့ရသော်လည်း တစ်ဖက်လူသည် လအနည်းငယ်သာ ကျင့်ကြံရသေးသည်။
"သူတော်စင်ရဲ့ ကောင်းမွန်တဲ့ လမ်းညွှန်မှုတွေကြောင့်ပါ"
လော့ချီးချီးက သူမ၏လက်ကို အလျင်အမြန်ပူးဆုပ်ပြီး ပြောဆိုသည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး...ကျန်းရွှမ်ရဲ့ ကိစ္စကို မင်း ကြားပြီးပြီ မဟုတ်လား....မင်း သူ့ကို ကူညီချင်ရင် အချိန်ကို ၆ မိနစ်အတွင်း ရောက်အောင် လျှော့ချရမယ်.... အဲ့ဒါကို လုပ်နိုင်တဲ့အချိန်ကျရင် မင်းကို အပြင်ထွက်ခွင့်ပြုဖို့ ငါ သဘောတူမယ်"
အချိန်သူတော်စင်က ပြောဆိုသည်။
သူမ ဤမျှထိ ကြိုးစားနေရသည့် ရည်ရွယ်ချက်ကို သူ သိရှိနေသဖြင့် တားဆီးမည် မဟုတ်ပေ။ ထိုအစား သူမ၏တိုးတက်မှုအတွက် တွန်းအားအဖြစ် အသုံးပြုနိုင်သည်။
"တပည့် နားလည်ပါပြီ"
လော့ချီးချီးက ခေါင်းညိတ်လိုက်ပြီး အထက်ရှိ တံခါးပေါက်ပေါင်း တစ်သောင်းကျော်ကို ထပ်မံ၍ မော့ကြည့်လိုက်၏။
"ဒီနေ့ တပည့် ခံနိုင်ရည် ရှိပါသေးတယ်... နောက်တစ်ခေါက် ထပ်သွားလိုက်အုံးမယ်"
ထိုသို့ပြောဆိုပြီးနောက် တစ်ဖက်လူ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ သူမသည် တံခါးပေါက်တစ်ခုဆီသို့ ခုန်ဝင်သွားပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။
"ဒီကောင်မလေးကတော့..."
အချိန်သူတော်စင်က ခေါင်းခါယမ်းလိုက်သည်။
အလားတူ မြင်ကွင်းမျိုးသည် အဓိကအင်အားစုကြီး ဆယ်စုကျော်တွင် ထွက်ပေါ်လာခဲ့သည်။ ကျန်းရွှမ်၏ တပည့်များနှင့်ဇနီးသည်များအနက် အားလုံးနီးပါးသည် ကောင်းကင်ဥပဒေသမြို့တော်တွင် သူ ပြဿနာရှာခဲ့သည့် သတင်းကို သိရှိကြပြီး သူ၏အကျပ်အတည်းကိုလည်း နားလည်ထားကြသည်။
ကံမကောင်းစွာဖြင့် သူတို့အားလုံးသည် ပိုးမျှင်များဖြင့် ပိတ်ဆို့ခံထားရသော ပိုးအိမ်များကဲ့သို့ ဖြစ်နေကြပြီး ပိုးအိမ်ပေါက်ကွဲမည့်နေ့ကို စောင့်ဆိုင်းနေကြရသည်။