ကံဆိုးမှုကို ဖြေရှင်းရန် နည်းလမ်း
Vol. 45 Ch. 514
အမည်မသိသော အထီးကျန်ကျွန်းတစ်ကျွန်းပေါ်တွင် နန်းတော်များ သို့မဟုတ် အဆောက်အအုံများ မရှိသည့်အပြင် ဝန်းရံထားသော ရေခိုးရေငွေ့များလည်း မရှိချေ။ တဝီဝီ တိုက်ခတ်နေသော လေအေးများနှင့် အရိုးခိုက်အောင် အေးစက်သော စမ်းချောင်းရေများသာ ရှိသည်။
"ဖူး...."
ကျန်းရွှမ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။
ကောင်းကင်ဥပဒေသမြို့တော်အတွင်း၌ သူသည် အမတ်ကြီးနှစ်ဦး ဗောဓိသတ္တတစ်ပါး နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ဂီတကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူတစ်ဦးတို့ကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။
ကြည့်ရသည်မှာ သူသည် မယုံနိုင်လောက်အောင် အစွမ်းထက်နေပုံရသော်လည်း လက်တွေ့တွင် သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီးဖြစ်သည်။
ထာဝရနှလုံးသားနှင့် ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာ ရှိနေလျှင်ပင် သူ၏ဒဏ်ရာများသည် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန် ခက်ခဲနေပေမည်။
"ထာဝရရွှေခန္ဓာကိုယ် ဆိုတာ ရုပ်ခန္ဓာကိုယ်ကို မာကျောအောင် လုပ်ရုံသက်သက် မဟုတ်ဘူး... ခန္ဓာကိုယ်ထဲက ကိုယ်တွင်းကလီစာတိုင်း အဆစ်အမြစ်တိုင်း ကြွက်သားတိုင်း ပိုပြီးကောင်းကောင်းမွန်မွန် ပူးပေါင်းလုပ်ဆောင်ပြီးတော့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုတည်းဖြစ် အောင် ဖွဲ့စည်းဖို့ လိုအပ်တယ်... မင်း အရင်က သွေးအနှစ်သာရ တစ်စက်ကို သန့်စင်တုန်းက ဒါတွေကို တစ်ခုမှ ထည့်မစဉ်းစားဘဲနဲ့ ကျင့်ကြံဆင့် တိုးတက်ဖို့လောက်ပဲ တွေးတောခဲ့တာကြောင့် မမြင်ရတဲ့ အန္တရာယ်တွေ အများကြီး ကျန်ခဲ့တယ်... အဲ့ဒါတွေကို ဖြိုခွဲပြီး ပြန်ဖွဲ့စည်းဖို့ လိုအပ်တယ်... ဒီနေရာက ပတ်ဝန်းကျင်အခြေအနေ ကြမ်းတမ်းပေမယ့် ရုပ်ခန္ဓာကိုယ် သန့်စင်ဖို့အတွက် အသင့်တော်ဆုံး နေရာပဲ... ငါ မင်းကို ခုနစ်ရက် အချိန်ပေးမယ်.... ဒီမမြင်ရတဲ့ အန္တရာယ်တွေ အကုန်လုံးကို မင်း ဖယ်ရှားနိုင်ရင် နောက်ထပ်သွေးအနှစ်သာရတွေ ငါ မင်းကို ပေးမယ်... မလုပ်နိုင်ရင်တော့ ထျန်းလီမြို့တော်ဆီ ငါ မင်းကို ပြန်ပို့လိုက်မယ်"
ဝူဖိုထျန်းသည် သူ၏လက်များကို နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး လျစ်လျူရှုထားသော အကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"မင်း စိတ်အေးလက်အေး ကျင့်ကြံပါ... ဒီနေရာမှာ ဘယ်သူကမှ မင်းကို လာနှောင့်ယှက်မှာ မဟုတ်ဘူး"
"အဲဒီအချိန်တုန်းက ကျွန်တော်က ဘယ်လိုလုပ်ပြီး ဒါတွေကို စဉ်းစားဖို့ အချိန်ရမှာလဲ..."
ကျန်းရွှမ်က ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်၏။
သူသည် သွေးအနှစ်သာရတစ်စက်ကို အတင်းအကြပ်လုယူပြီးနောက် အမြန်ဆုံး မသန့်စင်လျှင် နေရာမှာပင် သေဆုံးသွားနိုင်ခြေ အလွန်များသည်။ သူ၏ရုပ်ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း ရှိမရှိကို မည်သည့်နည်းဖြင့် အချိန်ရပြီး စူးစမ်းလေ့လာနိုင်မည်နည်း။
သို့ရာတွင် တစ်ဖက်လူ ပြောဆိုသည်မှာ အမှန်ပင်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မမြင်နိုင်သော အန္တရာယ်တစ်ခု ဖြစ်သည်။ ထိုအန္တရာယ်ကို အမြန်ဆုံး မဖယ်ရှားနိုင်ပါက အနာဂတ်တွင် သူ ထာဝရရွှေခန္ဓာကိုယ်ကို အောင်မြင်စွာ သန့်စင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
"မမြင်နိုင်တဲ့ အန္တရာယ်တွေကို ဖယ်ရှားမယ်.... ပြန်ပြီးသန့်စင်မယ်..."
တစ်ဖက်လူ၏စကားကို နားလည်သဘောပေါက်လိုက်သဖြင့် ကျန်းရွှမ်က ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။ သူ မည်သို့ ဆက်လက်၍ လုပ်ဆောင်ရမည်ကို စဉ်းစားနေစဉ်မှာပင် သူ၏ခြေထောက်အောက်ရှိ မြေကြီးသည် ရုတ်တရက် ကျွံကျသွားပြီး ဝုန်းခနဲမြည်သံကြီးနှင့်အတူ တောင်ကြားအက်ကွဲကြောင်းတစ်ခုထဲသို့ ပြုတ်ကျသွားတော့သည်။
ထိုအက်ကွဲကြောင်းထဲတွင် အနံ့ဆိုးထွက်နေသော ရေပုပ်အိုင်တစ်ခု ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေကျံသွားသည်။
ကျန်းရွှမ်၏မျက်ခုံးများ လှုပ်ခတ်သွားသည်။ သူသည် ရုန်းကန်ပြီး မတ်တတ်ထရန် ကြိုးစားလိုက်စဉ်မှာပင် လေထုထဲတွင် ငှက်အော်သံကို ကြားလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခေါင်းပေါ်မှ အနံ့ဆိုးတစ်ခုကို ရရှိလိုက်ပြီး ငှက်ချေးများ သူ၏ခေါင်းပေါ်သို့ ကျရောက်လာသည်။
"ဒါက ကံဆိုးမှုလား"
ကျန်းရွှမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ကံတရား၏တန်ပြန်သက်ရောက်မှုသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။
ကံတရားကို သူ ချေးငှားအသုံးပြုစဉ်က ပျော်ရွှင်ခဲ့သလောက် ယခုချိန်၌ တန်ပြန်သက်ရောက်မှုကလည်း အလွန်ဆိုးရွားသည်။
"မင်း ကံတရားကို ချေးငှားတာ များလွန်းတယ်... ဒါကြောင့် မင်း ခံစားရမယ့် တန်ပြန်သက်ရောက်မှုကလည်း အရမ်းကြီးမားလိမ့်မယ်... ဒါက မင်းရဲ့ ကိုယ်ပိုင်ကံတရားပဲ... ငါ မင်းကို ကူညီလို့မရဘူး"
သူ လှမ်းကြည့်သည်ကို မြင်တွေ့ချိန်၌ ဝူဖိုထျန်းက ခေါင်းခါယမ်းလိုက်သည်။
လက်ရှိခေတ်ကာလ၏ အသန်မာဆုံး ပုဂ္ဂိုလ်အနေဖြင့် သူသည် ကံဆိုးမှုကို ဖြေရှင်းပေးနိုင်စွမ်း ရှိသော်လည်း ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိချေ။
အကြောင်းအရင်းမှာ ကံဆိုးမှုသည် ပျောက်ကွယ်သွားမည် မဟုတ်ချေ။ အကယ်၍ သူသည် တစ်စုံတစ်ယောက်ကို ကူညီဖြေရှင်းပေးလိုက်လျှင် ထိုအရာသည် သူ့ထံသို့ ကူးစက်လာနိုင်ခြေ အလွန်များသည်။
"ဂိုဏ်းချုပ်ဝူကို ကူညီဖြေရှင်းပေးဖို့ မတောင်းဆိုပါဘူး... ဒီကံဆိုးမှုတွေကို စုစည်းပြီး ကိစ္စတစ်ခုတည်းမှာ အာရုံစိုက်လိုက်ဖို့ ဒါမှမဟုတ် တစ်ချိန်တည်း ပေါက်ကွဲထွက်လာအောင် လုပ်ပေးဖို့ပဲ တောင်းဆိုချင်တာပါ... ဒီလိုဆိုရင် တခြားအချိန်တွေမှာ ကျွန်တော် ကောင်းကောင်း ကျင့်ကြံနိုင်မှာပါ... မဟုတ်ရင် ကံဆိုးမှုတွေ ဆက်ဖြစ်နေပြီးတော့ ကျွန်တော်က ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး"
ကျန်းရွှမ်က သူ၏လက်ကိုပူးဆုပ်ပြီး အလျင်အမြန် ပြောဆိုသည်။
ကောင်းကင်ဥပဒေသမြို့တော်မှ ထွက်ခွာလာစဉ်၌ လျှပ်စီးလျှပ်စီးကို အသုံးပြု၍ သူသည် ကံဆိုးမှု တစ်စိတ်တစ်ပိုင်းကို ကုန်ဆုံးစေခဲ့သော်လည်း စုစုပေါင်း ကံတရားရှစ်ပိဿာ၏ တန်ပြန်သက်ရောက်မှုသည် ကြီးမားလွန်းနေဆဲပင်။ ယခင်ကုန်ဆုံးမှုပေါင်းလိုက်လျှင် ငါးဆယ်သားပင် ရှိချင်မှ ရှိမည်ဖြစ်ရာ ကံဆိုးမှု ခုနစ်ပိဿာ ငါးဆယ်သားကျော်သည် သူ့အား စောင့်ဆိုင်းနေဆဲပင်။
"ကံဆိုးမှုတွေကို စုစည်းလိုက်ရင် ဒုက္ခအများကြီး သက်သာစေလိမ့်မယ်... ဒါပေမယ့် စွမ်းအားလည်း သိသိသာသာ ပိုကြီးမားလာမယ်ဆိုတာ မင်း နားလည်ရမယ်... အဲ့ဒါ ကျရောက်လာတာနဲ့ ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်တယ်... အသက်အန္တရာယ်တောင် ရှိနိုင်ပြီး မင်းရဲ့ ကျင့်ကြံဆင့်စွမ်းအားတွေ အကုန်လုံး ဆုံးရှုံးသွားနိုင်တယ်"
ဝူဖိုထျန်းက ကျန်းရွှမ်ကိုကြည့်ပြီး ပြောဆိုသည်။
ကျင်းထဲပြုတ်ကျခြင်းနှင့် ခေါင်းပေါ် ငှက်ချေးကျခြင်းတို့သည် အသေးအဖွဲ ကိစ္စများသာဖြစ်သဖြင့် ကျန်းရွှမ်၏အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်အတွက် များစွာမထိခိုက်စေချေ။ ကံဆိုးမှုများကို စုစည်းပြီး တစ်နေရာတည်းတွင် ပွင့်အံ့ထွက်လာစေလျှင် အန္တရာယ်က သိသိသာသာ မြင့်တက်လာပေလိမ့်မည်။ ကျန်းရွှမ်ကို မဆိုထားနှင့် သူပင်လျှင် လွယ်လင့်တကူ စမ်းသပ်ရဲခြင်း မရှိချေ။
"ကျွန်တော် သိပါတယ်... ဒါကြောင့် ဂိုဏ်းချုပ်ဝူကို ကျွန်တော်ရဲ့ ကျန်ရှိနေတဲ့ ကံဆိုးမှုတွေကို တစ်လအတွင်း ပြန့်ကျဲသွားအောင် လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်..."
ကျန်းရွှမ်က ပြောဆိုသည်။
"ကောင်းပြီလေ..."
ကျန်းရွှမ်သည် အတည်ပေါက် ပြောဆိုနေသည်ကို မြင်လိုက်ရပြီး သူ နားချ၍မရနိုင်ကြောင်း သိရှိလိုက်သဖြင့် ဝူဖိုထျန်းက သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
ကျန်းရွှမ်သည် ချက်ချင်းဆိုသလိုပင် လုံးလုံးလျားလျား စိတ်ရှင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ခေါင်းပေါ်တွင် ပျံဝဲနေသော ကံဆိုးမှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့်အလားပင်။
"မပေါ့ဆနဲ့... မင်းရဲ့ ကျန်ရှိနေတဲ့ ကံဆိုးမှုတွေကို ရက်ပေါင်းသုံးဆယ်အတွင်း ပြန့်ကျဲသွားအောင် ငါ လုပ်ပေးထားပေမယ့် နေ့စဉ်ကြုံတွေ့ရမယ့် ပမာဏက များပြားနေတုန်းပဲ... မင်းကို ကြီးမားတဲ့ သက်ရောက်မှုနဲ့ ကပ်ဘေးတွေ ယူဆောင်လာပေးနိုင်တုန်းပဲ"
ကျန်းရွှမ်၏အမူအယာကို မြင်လိုက်ရသဖြင့် ဝူဖိုထျန်းက ရှင်းပြသည်။
"ဒီနေ့က ဥစ္စာပစ္စည်း ဆုံးရှုံးရမယ့်နေ့ ဖြစ်လိမ့်မယ်... မမျှော်လင့်တာ ဘာမှမဖြစ်ရင် မင်း ဥစ္စာပစ္စည်း ဆုံးရှုံးလိမ့်မယ်... ပြီးတော့ ဥစ္စာပစ္စည်း ဆုံးရှုံးရတဲ့ နည်းလမ်းတွေက အများကြီးရှိတယ်... ဥပမာအနေနဲ့ ဒဏ်ရာရလို့ ဆေးကုသဖို့ ငွေကုန်ကြေးကျ များတာမျိုး ဒါမှမဟုတ် အရမ်းစိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခု ကြုံရပြီး ငွေကြေးအတွက်ခထိခိုက်တာမျိုး ဖြစ်နိုင်တယ်"
"ဂိုဏ်းချုပ်ဝူက ကျွန်တော့်အပေါ် ဘယ်လိုကံဆိုးမှုမျိုး သက်ရောက်မလဲဆိုတာ မြင်နိုင်တာလား"
ကျန်းရွှမ်က စိတ်လှုပ်ရှားသွားသည်။
"ဒါပေါ့" ဝူဖိုထျန်း ခေါင်းညိတ်လိုက်သည်။
"ရုပ်ခန္ဓာကိုယ်ကို အကန့်အသတ်ထိ ကျင့်ကြံလိုက်တာနဲ့ မျက်လုံးတွေက လျှပ်စီးတွေလို ဖြစ်သွားပြီး ထင်ယောင်ထင်မှားတွေ အားလုံးကို ထွင်းဖောက်မြင်နိုင်တယ်... ကံတရားက ဝေဝါးပြီးတော့ ထိတွေ့လို့မရနိုင်ပေမယ့် ငါ မြင်နိုင်တယ်"
"ဥစ္စာပစ္စည်း ဆုံးရှုံးရမှာဆိုရင်တော့... ဒါက ရိုးရှင်းပါတယ်"
ကျန်းရွှမ်က လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ရင်းမြစ်ဒင်္ဂါးအမြောက်အများက သူ၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာသည်။
သူ့ထံတွင် ကံကြမ္မာချပ်ပြားများ ရှိနေစဥ်ကတည်းက ဤအရာများ မလိုတော့သော်လည်းရင်းမြစ်ကမ္ဘာတွင် သုံးစွဲရသော ငွေကြေးဖြစ်သဖြင့် သူ သိမ်းဆည်းထားခဲ့သည်။
ကျန်းရွှမ်သည် လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး ရင်းမြစ်ဒင်္ဂါးအမြောက်အများကို ပစ်ပေါက်လိုက်သည်။ ရင်းမြစ်ဒင်္ဂါးပြားများသည် မြေပြင်ပေါ်သို့ ချက်ချင်းပြန့်ကျဲသွားပြီး တချို့သည် ကျောက်တုံးကြားများထဲသို့ ပြုတ်ကျသွားကာ ဘယ်တော့မှ ပြန်ရှာမတွေ့နိုင်တော့ချေ။
"အမ်..."
ကျန်းရွှမ် ထိုသို့ ပြုလုပ်ပြီးနောက် သူ၏ခေါင်းပေါ်တွင် စုဝေးနေသော ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းနှင့် သက်ဆိုင်သည့် ကံဆိုးမှုများသည် အပ်ဖြင့် အပေါက်ဖောက်ခံလိုက်ရသော ပူဖောင်းကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားသည်ကို ဝူဖိုထျန်း မြင်တွေ့လိုက်ရသည်။
အချိန်တခဏကြာပြီးနောက် ထိုကံဆိုးမှုများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး အစအနပင် မကျန်တော့ချေ။
"ဒါက... ဖြေရှင်းပြီးသွားပြီလား"
ဝူဖိုထျန်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဥစ္စာပစ္စည်းဆုံးရှုံးခြင်းဟူသော ကံဆိုးမှုသည် ကြီးမားသော ဥစ္စာပစ္စည်း ဆုံးရှုံးမှု ဖြစ်ရပေမည်။ တန်ဖိုးမရှိသော ရင်းမြစ်ဒင်္ဂါးများကို လွှင့်ပစ်လိုက်ရုံဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။ ဤသည်က အမှန်တကယ်ကို ကလေးဆန်လွန်းပေ၏။
"ဥစ္စာပစ္စည်းတွေ ဆုံးရှုံးရမှာ ဖြစ်မှတော့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတာနဲ့ ကံဆိုးမှုက ပြေပျောက်သွားသင့်တယ်... ဒါက ကံတရားကို မလေးစားတာ မဟုတ်ဘူး... ကြိုတင် ဖြေရှင်းလိုက်တာပါ..."
ကျန်းရွှမ်က ပြုံးလိုက်သည်။
ယခင်က သူ ကံဆိုးမှုများကို ထိပ်တိုက်ရင်ဆိုင်ရန် စဉ်းစားခဲ့သည်။ သို့ရာတွင် ဤလူက အနာဂတ်ကို ကြိုမြင်နိုင်သည်ဖြစ်ရာ ကံဆိုးမှုဟူသည်မှာ သူ့အတွက် အလွန်မရှုပ်ထွေးတော့ချေ။
ယခုကဲ့သို့ ဥစ္စာပစ္စည်း ဆုံးရှုံးရခြင်းမျိုးဆိုလျှင် များများဆုံးရှုံးသည်ဖြစ်စေ နည်းနည်းဆုံးရှုံးသည်ဖြစ်စေ အတူတူပင်ဖြစ်ရာ ကံဆိုးမှုများ စုပုံပြီး ကြီးမားသည့်ကိစ္စ ဖြစ်မလာစေရန် ကြိုတင်၍ ဆုံးရှုံးခံလိုက်ခြင်းက ပိုကောင်းပေမည်။
ကြီးမားသည့်ကိစ္စ ဖြစ်လာလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရ၍ ငွေကုန်ကြေးကျများမည့်အစား ဈေးကြီးပေးရသည့် ပစ္စည်းတစ်ခုခုကို ကြိုတင်ဝယ်ယူလိုက်ခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။
"မင်းက ဒီလို ကစားလို့ ရတာလား"
ဝူဖိုထျန်းက ရယ်မောလိုက်သည်။
ဂိုဏ်းချုပ်လျှူရွှမ်ကျီး၏ ကံတရားကံကြမ္မာကို သူ ယခင်က အနည်းငယ် သတိထားခဲ့ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာများစွာ ဖြစ်လာမည်ကို စိုးရိမ်ခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်သည် ဤကဲ့သို့ ဖြေရှင်းနည်းမျိုးကို စဉ်းစားမိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။
ထိုသို့ဆိုလျှင် ထောင်ကျမည့် ကပ်ဘေးရှိသည်ဟု တွက်ချက်ရပါက ထောင်ထဲသို့ တက်တက်ကြွကြွသွားပြီး ယာယီဝင်နေလိုက်လျှင် ကံဆိုးမှုများ ပျောက်ကွယ်သွားပေမည်။ ကျောက်ခဲထိပြီး ဒဏ်ရာရမည်ဟု တွက်ချက်ရပါက ကျောက်ခဲသေးသေးလေးတစ်လုံးကောက်ပြီး ခေါင်းကို ပေါက်လိုက်လျှင် အရေပြားပွန်းရုံမျှသာဖြစ်ပြီး ပို၍ကြီးမားသည့် ကပ်ဘေးကို ရှောင်ရှားနိုင်လိမ့်မည်။ ပြောရလျှင် သူ၏ရှေ့မှ ဤကောင်စုတ်လေးသည် ဟာကွက်များကို အခွင့်ကောင်းယူရာတွင် အမှန်တကယ် ထူးချွန်ပေ၏။
ဤနည်းလမ်းဖြင့် မူလက ကြိုတင်ခန့်မှန်း၍မရနိုင်သော အန္တရာယ်များကို သူသည် ကြိုတင်ဖြေရှင်းလိုက်ပြီး အနည်းဆုံးသော ပျက်စီးဆုံးရှုံးမှုဖြင့် ငြိမ်းချမ်းမှုကို ရယူလိုက်သည်။
ဤတစ်ကြိမ်တွင် ဝူဖိုထျန်းသည် တစ်ဖက်လူကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းမှာ ထာဝရရွှေခန္ဓာကိုယ် ကျင့်ကြံနည်းအား သင်ပေးရန်နှင့် သူ၏စွမ်းအားကို သန့်စင်ပေးရန်သက်သက်ပင်။ ထိုကိစ္စသည် ယခင်က သူ့အတွက် အလွန်ပျင်းရိဖွယ် ကောင်းသော်လည်း ယခုချိန်၌မူ စိတ်ဝင်စားဖွယ် ကောင်းလာပြီဟု ထင်ရပေ၏။