အခန်း (၄၇-၄၈)
Vol. 3 Ch. 47-48
အပိုင်း (၄၇) အတင်းဖောက်ထွက် တိုက်ခိုက်ခြင်း
"အစ်ကိုဟူ... တံခါးကို ဖျက်လိုက်ရအောင်"
"တောက်... အစ်ကိုဟူ... ဒီကောင်တွေ ဘယ်က ရောက်လာတာလဲ... အပေါ်ထပ်က လင်းယွမ်ဆိုတဲ့ကောင်များလား"
"ရှောင်ချိုင် ဒီမှာနေတာ သူဘယ်လိုလုပ် သိသွားတာလဲ"
အခန်းနံပါတ် (၂၉၀၁) ရှေ့တွင် ချန်းဟူတို့ လူသုံးယောက်က တံခါးကို အတင်းထုရိုက်နေကြ၏။ သူတို့က မျက်နှာချင်းဆိုင်အခန်း (၂၉၀၂) တွင် နေထိုင်သူများ ဖြစ်ကြသည်။ မော်ရှောင်ချိုင်၏ သွေးပျက်ဖွယ် အော်ဟစ်အကူအညီတောင်းသံကို ကြားသည်နှင့် ချက်ချင်းပြေးထွက်လာကြခြင်း ဖြစ်သည်။
သို့သော် (၂၉၀၁) တံခါးက ပိတ်ထားဆဲပင်။ အကြိမ်ကြိမ် ဝင်တိုက်သော်လည်း ပွင့်မလာပေ။ ကျိုးကျားချန်အိမ်မှ တံခါးက အရည်အသွေးကောင်းလှရာ အပြင်မှ အားဖြင့် ဝင်တိုက်ရုံမျှဖြင့် ပွင့်သွားစရာ အကြောင်းမရှိပေ။ ထို့ပြင် လျှပ်စစ်သော့ မဟုတ်ဘဲ ခေတ်ဟောင်း သော့ခတ်စနစ် ဖြစ်နေသဖြင့် ချန်းဟူတို့သုံးယောက်မှာ စိတ်ပူရုံမှလွဲ၍ ဘာမျှမတတ်နိုင် ဖြစ်နေကြသည်။
ချန်းဟူက မိန်တုဥယျာဉ်မှ အိမ်ပိုင်ရှင် မဟုတ်သလို အိမ်ငှားလည်း မဟုတ်ပေ။ မူလက ပဉ္စမထပ်တွင် အလုပ်လုပ်သော အခန်းပြင်ဆင်ရေးလုပ်သား တစ်ဦးသာ ဖြစ်သည်။ အလုပ်ပြီးရန် အချိန်မီ လုပ်ရသဖြင့် ကန်ထရိုက်က အချိန်ပိုဆင်းခိုင်းရာမှ ဤတိုက်ထဲတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
နောက်တွင် လျှိုအားလုံ၏ လက်ရုံးတစ်ဆူ ဖြစ်လာပြီး လုယက်မှုများတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သူလည်း ဖြစ်၏။ ကာလရှည်ကြာ ခွန်အားသုံးခဲ့ရသူပီပီ ခွန်အားဗလကြီးမားပြီး အိမ်ရာဝင်းမှ လူမဟုတ်သဖြင့် လျှိုအားလုံ၏ အားကိုးမှုကို ပိုမိုရရှိထားသူ ဖြစ်သည်။
ယခုအချိန်တွင် ချန်းဟူက စိတ်လောနေပြီး "အစ်ကိုအားလုံကို သွားပြောပြီးပြီလား" ဟု မေးလိုက်သည်။
"အာကျူး ဆင်းသွားပြီ... အစ်ကိုအားလုံတို့ ခဏနေ ရောက်လာလိမ့်မယ်"
ချန်းဟူက ခေါင်းညိတ်လိုက်ပြီး "ဒါဆို ငါတို့ လောစရာမလိုဘူး... တံခါးဝကိုသာ စောင့်ကြပ်ထား... အစ်ကိုအားလုံတို့ ရောက်လာရင် ဒီကောင်တွေ တစ်ကောင်မှ မလွတ်စေရဘူး... ရှောင်ချိုင်ကို ထိရဲတဲ့ကောင်တွေ မှတ်လောက်သားလောက်အောင် ဖြစ်သွားစေရမယ်"
"တံခါးကို ဆက်ဆောင့်ကြစမ်း... မရပ်နဲ့"
ချန်းဟူ အော်လိုက်သည်နှင့် ဘေးနားမှ လူနှစ်ယောက်က အတွင်းမှလူများကို ခြိမ်းခြောက်ရင်း တံခါးကို ဆက်တိုက် ဝင်ဆောင့်နေကြသည်။
အခန်းထဲတွင် လင်းယွမ်က တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားရင်း ရေတွက်လိုက်သည်။ "တစ်..."
ချိုင်ကြည်နှင့် ကျောက်ခိုင်တို့မှာ မျက်နှာထား တင်းမာခက်ထန်နေကြ၏။ နှစ်ယောက်စလုံး ခါးကြားတွင် ဓားမြှောင်ကိုယ်စီ ထိုးထားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် နဖူးတွင် ချွေးစေးများပင် ပြန်နေသည်။ တင်းယန်နှင့် အစ်ကိုမာတို့က သူတို့နောက်တွင် ရှိနေပြီး မျက်လုံးများ ပြူးကျယ်လျက် သွေးများ ဆူပွက်နေကြသည်။
"နှစ်..."
လင်းယွမ်က နှစ်အထိ ရေတွက်ပြီးနောက် တံခါးလက်ကိုင်ကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ ဤတံခါးက အပြင်သို့ ဖွင့်ရသော တံခါးမျိုး ဖြစ်သည်။ အပြင်လူများက အတင်းဝင်တိုက်နေကြသဖြင့် တံခါးက ပွင့်မလာဘဲ ရှိနေသည်။
"သုံး..."
လင်းယွမ်က "သုံး" ဟု အော်လိုက်သည်နှင့် တံခါးကို အားကုန် တွန်းဖွင့်လိုက်လေသည်။ သူ၏ခွန်အားက မသေးလှပေ။ ဝုန်းခနဲ အသံနှင့်အတူ တံခါးကြီးက ယပ်တောင်အကြီးစားကြီး တစ်ချပ်ပမာ အပြင်ဘက်သို့ ပွင့်ထွက်သွားတော့သည်။
အပြင်ဘက်ရှိ ချန်းဟူတို့သုံးယောက်မှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ "ဗုန်း" ခနဲ အသံနှင့်အတူ တံခါးနှင့်ရိုက်မိကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ လွင့်စဉ်ကုန်ကြ၏။
သုံးယောက်စလုံး နာကျင်စွာ အော်ဟစ်လိုက်ကြချိန်တွင် တံခါးပေါက်မှ အရိပ်မည်းတစ်ခု လှစ်ခနဲ ခုန်ထွက်လာသည်။ ချန်းဟူ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ထိုအရိပ်မည်းက လက်ထဲတွင် ကိုင်ထားသော သံတုတ်တိုကို မြှောက်ကာ အားကုန် ထိုးစိုက်ချလိုက်တော့သည်။
"ဝှီး..."
လေကို ခွင်းသွားသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုသံတုတ်တိုက တူတစ်လက်သဖွယ် ချန်းဟူ၏ ဘယ်ဘက်ရှိ တပည့်ဖြစ်သူ၏ မျက်နှာတည့်တည့်သို့ စိုက်ဝင်သွားသည်။ ကြမ်းတမ်းလှသော ခွန်အားကြောင့် သံတုတ်တိုက ဦးခေါင်းခွံထဲသို့ အနည်းဆုံး လေးလက်မခန့် စိုက်ဝင်သွားလေသည်။
ချက်ချင်းပင် စင်္ကြံလမ်း၌ သွေးပျက်ဖွယ် အော်သံကြီး ပေါ်ထွက်လာသည်။ ထိုလူက မျက်နှာကို အုပ်လျက် လက်ထဲမှ သံတုတ်ကို ဆုပ်ကိုင်ထားမိသည်။
လင်းယွမ်က သံတုတ်ကို ပြန်မနှုတ်တော့ဘဲ ချန်းဟူဘက်သို့ လှည့်လိုက်သည်။ ချန်းဟူမှာ လေတစ်ချက် ရှူသွင်းလိုက်မိပြီး လာသူကို မှတ်မိသွားသည်။
"လင်း... လင်းယွမ်..."
လင်းယွမ်၏ မျက်နှာတွင် ရက်စက်မှုတို့ အပြည့်ဖြင့် ခတ်ထန်နေပြီး အော်ဟစ်နေသော လူကို တွန်းထုတ်ကာ ဘယ်လက်မှ သံရိုက်သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။
ချန်းဟူမှာ ထိတ်လန့်တကြားဖြင့် စင်္ကြံလမ်းဘက်သို့ ခုန်ရှောင်လိုက်မိသည်။
"ဝှစ်... ဝှစ်... ဝှစ်..."
သံရိုက်သေနတ်မှ ပစ်ခတ်လိုက်သော သံချောင်းသုံးချောင်းက ပစ်မှတ်လွဲသွား၏။ အကြောင်းမှာ ချန်းဟူက ဟန်ချက်ပျက်ကာ ခုန်ရှောင်လိုက်စဉ် ခြေခေါက်သွားပြီး လဲကျသွားသောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့ ခြေခေါက်သွားခြင်းကပင် သူ့အသက်ကို ကယ်လိုက်သလို ဖြစ်သွားပြီး သံရိုက်သေနတ်ဖြင့် ပစ်ခတ်မှုကို ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်ချိန်တွင် သူ့နောက်မှ ချိုင်ကြည်နှင့် ကျောက်ခိုင်တို့လည်း ပြေးထွက်လာကြသည်။ နှစ်ယောက်သား ပူးပေါင်းကာ ကျန်ရစ်နေသော နောက်ဆုံးလူထံသို့ ပြေးဝင်သွားကြသည်။
လင်းယွမ်၏ အရှိန်အဝါကြောင့် ထိတ်လန့်နေသော ထိုလူမှာ ချိုင်ကြည်နှင့် ကျောက်ခိုင်တို့ကို မြင်သည်နှင့် နောက်လှည့်ထွက်ပြေးတော့သည်။ သို့သော် ထိုသို့ ကျောပေးလိုက်ခြင်းကပင် ကျောက်ခိုင်အတွက် အခွင့်ကောင်း ဖြစ်သွားစေသည်။
ကျောက်ခိုင်မှာ ချစ်သူကောင်မလေး၏ ဖြစ်ရပ်ဆိုးကို ပြန်လည်မြင်ယောင်လာကာ မျက်လုံးများ နီရဲလာပြီး သားရဲတစ်ကောင်လို ဟိန်းဟောက်လျက် ထိုလူ၏ နောက်ကျောသို့ ခုန်အုပ်ကာ ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်လေသည်။
"ဇွတ်..."
ဓားမြှောင်က ထိုလူ၏ ခါးနောက်ဘက်သို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ကျောက်ခိုင်က အရှိန်ဖြင့် ခုန်အုပ်လိုက်သဖြင့် ထိုလူမှာ လှေကားထစ်များပေါ်သို့ မှောက်လျက် လဲကျသွားသည်။
ချိုင်ကြည်လည်း ကြောင်အသွားရာမှ အခြေအနေကို သဘောပေါက်ကာ ထိုလူ၏ ညာဘက်လက်မောင်းကို အတင်းတက်နင်းပြီး လက်ထဲမှ မီးသတ်ပုဆိန်ကို လုယူလိုက်သည်။ သေခါနီး ဆဲဆဲတွင် ထိုလူက ရုန်းကန်လျက် ပုဆိန်ကို ဝှေ့ယမ်းကာ "အား... အား..." ဟု အော်ဟစ်နေသည်။ သို့သော် ချိုင်ကြည်က လက်မောင်းကို ဖိနင်းထားသဖြင့် ပုဆိန်ကို မမြှောက်နိုင်ပေ။
ထိုအချိန်တွင် တင်းယန်လည်း ပြေးထွက်လာသည်။ သူမက ချိုင်ကြည်ကို ဝင်မကူဘဲ ဦးခေါင်းတွင် သံတုတ်စိုက်နေသော ရန်သူထံသို့ ပြေးသွားလိုက်သည်။ ထိုလူမှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ တင်းယန်က သံတုတ်ကို ဆုပ်ကိုင်ကာ သူမ၏ ကိုယ်အလေးချိန်ကို အသုံးပြု၍ အောက်သို့ ဖိချလိုက်သည်။
"ဇွတ်" ခနဲ အသံနှင့်အတူ သံတုတ်က ဦးခေါင်းထဲသို့ ထပ်မံ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ထိုလူမှာ အသံတိတ်သွားတော့သည်။
လင်းယွမ်မှာ စနစ်မှ အကြောင်းကြားချက်ကို လက်ခံရရှိလိုက်ပြီး အမှတ် (၆) မှတ် ရရှိသွားသည်။ သူ စဉ်းစားလိုက်မိသည်မှာ ထိုလူကို သတ်လိုက်သည်က သူလား၊ တင်းယန်လား ဟူ၍ ဖြစ်သည်။ အဓိက ဒဏ်ရာကို သူက ပေးခဲ့လျှင် သူ့လက်ချက်ဟု သတ်မှတ်သည်လော။
ထိုသို့ တွေးနေရင်း ရုန်းကန်နေဆဲဖြစ်သော ပုဆိန်ကိုင်ထားသူကို လှမ်းကြည့်လိုက်သည်။ ကျောက်ခိုင်က ပြန်ထလာပြီး ထိုလူ့အပေါ်သို့ ခုန်တက်ခွကာ သားရဲတစ်ကောင်လို အော်ဟစ်နေသည်။
"အစ်ကိုချိုင်... သတ်လိုက်... သူ့ကို သတ်ပစ်လိုက်"
ချိုင်ကြည်မှာ ထိုလူ၏ လက်မောင်းကို နင်းထားရင်း တစ်ကိုယ်လုံး အေးစက်နေသည်။ သူက လူသတ်ဖူးသူ မဟုတ်ရာ ယခုအချိန်တွင် လူသတ်ရမည်ကို ဝန်လေးနေမိသည်။
ကျောက်ခိုင် ဖိထားသော ထိုလူမှာ နှစ်ကူးချိန် အသတ်ခံရတော့မည့် ဝက်တစ်ကောင်လို ခန္ဓာကိုယ်ကို တွန့်လိမ်ရုန်းကန်ရင်း အော်ဟစ်နေရှာသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦး... အစ်ကိုအားလုံ... အစ်ကိုဟူ..."
စင်္ကြံလမ်းတစ်ဖက်တွင် လူအချို့က ချောင်းကြည့်နေကြသော်လည်း မည်သူမျှ အနားမကပ်ရဲကြပေ။ အခြေအနေ ရှုပ်ထွေးလာသည်ကို မြင်သောအခါ လင်းယွမ်က စကားတစ်ခွန်းမျှ မဆိုဘဲ သံရိုက်သေနတ်ကို ကိုင်လျက် ထိုလူ၏ နောက်စေ့ကို ချိန်ရွယ်လိုက်သည်။
"ဖောက်... ဖောက်... ဖောက်..."
သံချောင်းသုံးချောင်း ဆက်တိုက် ပစ်လွှတ်လိုက်ရာ ထိုလူ၏ ဦးခေါင်းနောက်စေ့သို့ စိုက်ဝင်သွားသည်။ ထိုလူက ပြင်းထန်စွာ တုန်ခါသွားပြီး ဦးနှောက်လုပ်ဆောင်ချက် ရပ်တန့်သွားကာ မျက်လုံးများ ပြာဝေသွားတော့သည်။ လင်းယွမ်က လေတစ်ချက် ရှူသွင်းလိုက်ပြီး နားထင်ကို ချိန်ရွယ်ကာ နောက်ထပ်တစ်ချက် ပစ်ထည့်လိုက်သည်။
သံချောင်း စိုက်ဝင်သွားသည်နှင့် ထိုလူ လှုပ်ရှားမှု ရပ်တန့်သွားသည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သည့်အတွက် အမှတ် (၆) မှတ် ရရှိသည်]
လင်းယွမ်က မတ်တပ်ရပ်လိုက်ပြီး ကျောက်ခိုင်ကို "ထတော့" ဟု လှမ်းပြောလိုက်သည်။ တစ်ဆက်တည်းမှာပင် "အစ်ကိုချိုင်... ပုဆိန်ကို ယူထားလိုက်" ဟု ပြောလိုက်သည်။
ထို့နောက် တင်းယန်ဘက်သို့ လှည့်ကြည့်လိုက်ရာ တင်းယန်က သေဆုံးသူ၏ ဦးခေါင်းမှ သံတုတ်ကို နှုတ်ယူပြီး သူ့ထံ ကမ်းပေးလာသည်ကို တွေ့လိုက်ရသည်။ လင်းယွမ်က သံတုတ်ကို လှမ်းယူလိုက်ပြီး လှေကားထစ်များကို ကြည့်လိုက်ရာ ချန်းဟူ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူက လိုက်မဖမ်းတော့ဘဲ "ခင်ဗျားတို့ အရင်ပြန်နှင့်ကြ" ဟု ပြောလိုက်သည်။
တင်းယန်က "ရှင်ကရော" ဟု ချက်ချင်းမေးလိုက်၏။
"မော်ရှောင်ချိုင် အခန်းထဲမှာ ပစ္စည်းတွေ ရှိလောက်တယ်... ကျွန်တော် တံခါးပိတ်ပြီး နေခဲ့မယ်... ခင်ဗျားတို့ ရောက်ရင် ကျွန်တော့်အခန်းထဲက ကြိုးကို ယူပြီး ဝရန်တာကနေ ချပေး"
တင်းယန်က စိတ်ပူစွာဖြင့် "ဒီအချိန်ရောက်မှ ဘာလို့ပစ္စည်းကို မက်နေရတာလဲ... အတူတူ ပြန်ကြရအောင်နော်" ဟု ပြောလိုက်သည်။
ချိုင်ကြည်ကလည်း "လင်းယွမ်... ပစ္စည်းကိစ္စ နောက်မှ ပြော... အရင် သွားကြရအောင်... လျှိုအားလုံတို့ ရောက်လာတော့မယ်" ဟု ဝင်ဖျောင်းဖျသည်။
လင်းယွမ်က တည်ငြိမ်စွာဖြင့် "မဖြစ်ဘူး... လျှိုအားလုံရဲ့ တပည့်သုံးယောက်ကို သတ်ဖို့ ဒီလောက် ပင်ပန်းခံထားရတာ... ပစ္စည်းမယူဘဲ ပြန်သွားရင် အလကား ဖြစ်ကုန်မှာပေါ့"
"စိတ်ချပါ... လျှိုအားလုံ တံခါးကို ဖျက်ပြီး ဝင်လာရဲရင် သူ့လူ နောက်ထပ်ဘယ်နှယောက် သေမလဲဆိုတာ သူ ကောင်းကောင်းသိတယ်... သူ မလုပ်ရဲပါဘူး... အမြန် သွားကြတော့"
ပြောပြီးသည်နှင့် သူတို့ ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ (၂၉၀၁) အခန်းထဲသို့ ပြန်ဝင်ကာ တံခါးကို ပိတ်လိုက်တော့သည်။
ချိုင်ကြည်၊ ကျောက်ခိုင်နှင့် တင်းယန်တို့ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
ချိုင်ကြည်က "လင်းယွမ်ကတော့ တကယ့်ကို သတ္တိခဲပဲ... ကဲ... ငါတို့ အရင် သွားကြစို့" ဟု ပြောလိုက်သည်။
တင်းယန်က "သူ့တစ်ယောက်တည်း ဒီမှာ ထားခဲ့ရမှာလား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
"သူ ဒီလောက် ပြောနေမှတော့ သေချာပေါက် အစီအစဉ် ရှိမှာပါ... ငါတို့ အမြန်ပြန်ပြီး ဝရန်တာကနေ သူ့ကို စောင့်ကြတာပေါ့" ဟု ချိုင်ကြည်က တိုက်တွန်းလိုက်သည်။ သူက ပုဆိန်ကို ကောက်ကိုင်လိုက်ပြီး အလောင်းနှစ်လောင်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ခုနက တိုက်ခိုက်ခဲ့ပုံကို ပြန်တွေးပြီး သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်မိသည်။
"ငါ တကယ် အိုသွားပြီပဲ... သူတို့လို စိတ်ဓာတ်မျိုး မရှိတော့ပါလား"
ဓားမြှောင်ကို ပြန်နှုတ်နေသော ကျောက်ခိုင်ကို ကြည့်ပြီး သူ ဝမ်းနည်းမိသွားသည်။ ထို့နောက် အပေါ်ထပ်သို့ အမြန် ပြေးတက်သွားတော့သည်။
ကျောက်ခိုင်က တင်းယန်ဘက်သို့ လှည့်ကာ "သူက အရမ်းတော်တဲ့သူပါ... ဘာမှ မဖြစ်လောက်ပါဘူး" ဟု ပြောလိုက်သည်။
တင်းယန်က ခြေဆောင့်လိုက်မိသော်လည်း သတိဝင်လာပြီး အလောင်းနှစ်လောင်း၏ အိတ်ကပ်များကို မွှေနှောက် ရှာဖွေလိုက်သေးသည်။ ထို့နောက်မှ ထိုနေရာမှ အမြန် ထွက်ခွာသွားကြတော့သည်။
အန္တရာယ်ငွေ့များ ဖုံးလွှမ်းနေသော စင်္ကြံလမ်းလေးက တစ်ဖန်ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ဆက်ရန်...
အပိုင်း (၄၈) လျှိုအားလုံ ရောက်လာခြင်း
စင်္ကြံဘက်ဆီမှ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပျံ့လွင့်လာသည်။
"လူတစ်ယောက် သေသွားပြီ..."
"နောက်တစ်ယောက် အသတ်ခံရပြန်ပြီ... လျှိုအားလုံရဲ့လူတွေ ထင်တယ်..."
"အဲ့ဒါ ဘယ်သူတွေလဲဟ... လျှိုအားလုံရဲ့လူကိုတောင် သတ်ရဲတာလား..."
"မင်းတို့လည်း တော်တော့... ဒါတွေ ဂရုစိုက်မနေနဲ့... အမြန်သွားရအောင်... လျှိုအားလုံ ရောက်လာလို့ကတော့ ဒေါသပေါက်ကွဲပြီး တစ်လောကလုံးကို သောင်းကျန်းတော့မှာ..."
"ဟုတ်တယ် ဟုတ်တယ်... အမြန်သွားကြစို့..."
စင်္ကြံတစ်လျှောက် နေထိုင်ကြသူအချို့သည် အရေးကြီးသည့် ပစ္စည်းအနည်းငယ်ကို အလောတကြီး ထုပ်ပိုးကာ ထိုအထပ်မှ အမြန်ဆုံး ဆုတ်ခွာသွားကြတော့သည်။
ငါးမိနစ်ပင် မပြည့်သေးမီမှာပင် ကပြာကယာ ပြေးလာသည့် ခြေသံများ ကြားလိုက်ရသည်။ လျှိုအားလုံ ဦးဆောင်သော လူမိုက်တစ်သိုက်သည် အမောတကောဖြင့် အပေါ်ထပ်သို့ ပြေးတက်လာကြသည်။
ချန်းဟူက ခြေတစ်ဖက်ကို ထော့နဲ့ထော့နဲ့ ဆွဲလျက် "အစ်ကိုအားလုံ... ဒီအခန်းပဲ" ဟု အော်ပြောလိုက်သည်။
လျှိုအားလုံသည်လည်း အနည်းငယ် မောဟိုက်နေသည်။ သူသည် (၁၄) ထပ်မှ (၃၂) ထပ်အထိ တစ်ရှိန်ထိုး ပြေးတက်လာရခြင်း ဖြစ်သည်။ ဆယ်ထပ်ကျော်ကို တစ်ချိုးတည်း တက်လာရသည့်အပြင် လမ်းခုလတ်တွင် ချောင်းမြောင်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်ရသဖြင့် ခဏတစ်ဖြုတ် နားခဲ့ရသေးသည်။ ထို့ကြောင့် ယခုမှ ရောက်လာခြင်း ဖြစ်သည်။
ကြမ်းပြင်ပေါ်တွင် သွေးစက်များ စွန်းထင်းနေပြီး လက်ပါးစေနှစ်ယောက်၏ အလောင်းများကို မြင်လိုက်ရသောအခါ လျှိုအားလုံ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ ရင်ထဲတွင်လည်း စိုးရိမ်ထိတ်လန့်မှု တစ်ခု စိမ့်တက်လာသည်။
ဤတိုက်ခန်းတွဲထဲတွင် သူ့ကို ပြန်လည် တော်လှန်ရဲသူ ပေါ်လာပြီ ဖြစ်သည်။ သူ၏ အချုပ်အချာ အာဏာက ပြင်းထန်သော စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီမဟုတ်ပါလား။
သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်ကာ "ကျိုးကျားချောင်ရဲ့ အခန်းသော့ ဘယ်သူ့မှာ ရှိလဲ" ဟု မေးလိုက်သည်။
လူများအားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ခေါင်းခါပြကြသည်။ သူတို့အားလုံးသည် တစ်ဖွဲ့တည်း ဖြစ်သော်လည်း အချင်းချင်း ယုံကြည်မှု မရှိကြချေ။ အခြားသူတစ်ယောက်၏ အခန်းသော့ကို ဆောင်ထားစရာ အကြောင်းမရှိပေ။ သန်းခေါင်ယံ အိပ်ပျော်နေစဉ် အသတ်ခံရပြီး ရိက္ခာများ အလုခံရမည်ကို လူတိုင်းက စိုးရိမ်နေကြသည်သာ။
လျှိုအားလုံသည် ဒေါသအဟုန်ကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အိမ်တံခါးကို အားကုန် လွှဲကန်လိုက်သည်။
"တောက်"
သူက ကျိန်ဆဲလိုက်ရင်း "ကြွက်စုတ်... လင်းယုန်... သော့ဖျက်စမ်း" ဟု အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် လူနှစ်ယောက် ရှေ့သို့ ထွက်လာသည်။ တစ်ယောက်မှာ မျက်နှာထားက ကြွက်နှင့်တူပြီး ပိန်ချုံးနေသည်မှာ ကြွက်အိုကြီး လူဝင်စားထားသလား ထင်ရသည်။ အခြားတစ်ယောက်မှာမူ ခန္ဓာကိုယ် ထွားကျိုင်းကြီးမားလှပြီး သူ့ကို ဘာကြောင့် "လင်းယုန်" ဟု ခေါ်သည်ကိုမူ မသိရပေ။
"ကြွက်စုတ်" ဟု ခေါ်သော လူသည် သော့ဖွင့်သည့် နည်းပညာ အနည်းငယ် ရှိသူဖြစ်ပြီး လျှိုအားလုံက မကြာသေးမီကမှ ရှာဖွေတွေ့ရှိထားသော "ပညာရှင်" တစ်ဦး ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က လင်းယွမ်၏ တံခါးသော့ကို ဖျက်ရန် သူ့ကို ခိုင်းစေဖို့ ကြံရွယ်ခဲ့သော်လည်း လင်းယွမ်၏ လက်ချက်ဖြင့် ထိုပညာရှင်လေး သေသွားမည်ကို စိုးရိမ်သဖြင့် မခိုင်းရက်ခဲ့ပေ။ ယခုမူ သူ၏အရည်အချင်းကို ထုတ်သုံးရမည့်အချိန် ရောက်လာပြီ ဖြစ်သည်။
ကြွက်စုတ်သည် ခါးကို ကိုင်းညွှတ်လိုက်ပြီး တစ်နေရာမှ သံကြိုးမျှင်တစ်ခုကို ထုတ်ယူကာ လိမ်ချိုးလိုက်ပြီး သော့ခလောက်ကို စတင် ထိုးဆွတော့သည်။ သူသည် သော့ခလောက်အတွင်းမှ အသံကို အာရုံစိုက် နားထောင်ရင်း တစ်ချက်ချင်း ဂရုတစိုက် လုပ်ဆောင်နေသည်။
"လင်းယုန်" ကမူ ရှည်လျားသော သံချောင်းငယ် နှစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုသံချောင်းများ၏ အစွန်းတစ်ဖက်တွင် ကြိုးတစ်ပင် ချည်ထားသည်။ သူက ကြိုးချည်ထားသည့် သံချောင်းကို တံခါးရှိ ချောင်းကြည့်ပေါက်မှတစ်ဆင့် ထိုးထည့်လိုက်ပြီး အထဲမှ တံခါးလက်ကိုင်ကို ချိတ်ကာ ဆွဲဖွင့်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဤလူနှစ်ယောက်စလုံးသည် သော့ဖွင့်သည့် အတတ်ပညာ၌ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ တစ်ယောက်က သော့၏ လုပ်ဆောင်ပုံ သဘောတရားကို အသုံးချပြီး နောက်တစ်ယောက်ကမူ ရုပ်ပိုင်းဆိုင်ရာ နည်းပညာကို အသုံးချနေခြင်း ဖြစ်သည်။
သူတို့နှစ်ဦး အာရုံစိုက်ကာ ကြိုးစားနေစဉ်မှာပင် "ကလောက်" ဆိုသော အသံနှင့်အတူ သော့ပွင့်သွားသည်။
ကြွက်စုတ်မှာ ခဏတာ ကြောင်အသွားသည်။ သူ ဘာမှ မလုပ်ရသေးခင်မှာပင် ဤသော့က ဘယ်လိုကြောင့် ပွင့်သွားရသနည်း။
နောက်တစ်စက္ကန့်တွင်မူ အိမ်တံခါးကြီးသည် အတွင်းဘက်မှ အရှိန်ပြင်းစွာ ဝုန်းခနဲ ပွင့်ထွက်လာတော့သည်။
"ဘုန်း"
ထိုလူနှစ်ယောက်သည် တံခါးနှင့် အလွန်နီးကပ်နေသဖြင့် တံခါးနှင့် ဆောင့်မိကာ နဖူးများ ကွဲပြီး သွေးချင်းချင်း နီသွားကြသည်။ အထဲတွင် ရှိနေသော လင်းယွမ်က ယခင်နည်းလမ်းဟောင်းကိုပင် ပြန်လည် အသုံးချကာ ရန်သူကို ဒဏ်ရာရအောင် လုပ်လိုက်ခြင်း ဖြစ်သည်။
တံခါးပွင့်သွားသည်နှင့် လင်းယွမ်က လက်ကို မြှောက်လိုက်ပြီး လူရိပ်များ ပြည့်နှက်နေသည့် စင်္ကြံတစ်လျှောက်သို့ ရူးသွပ်စွာ ဆက်တိုက် ပစ်ခတ်တော့သည်။ သံများသည် ပိုက်ဆံမပေးရသည့်အလား "ဖောင်း... ဖောင်း... ဖောင်း" ဟူသော အသံများနှင့်အတူ လူအုပ်ထဲသို့ တရစပ် ပြေးဝင်သွားသည်။
ချက်ချင်းဆိုသလိုပင် နာကျင်စွာ အော်ဟစ်သံများနှင့် ဆဲဆိုသံများ ဆူညံသွားတော့သည်။
လျှိုအားလုံသည် တုံ့ပြန်မှု အလွန်မြန်လှသည်။ သူက ဘေးနားရှိ လက်ပါးစေတစ်ယောက်ကို ဆွဲယူကာ သူ့ရှေ့တွင် ဒိုင်းသဖွယ် ကာလိုက်သည်။ ထိုလူ၏ လည်ပင်းသို့ သံတစ်ချောင်း စိုက်ဝင်သွားသည်။
လျှိုအားလုံ၏ ရင်ထဲတွင် ဒေါသနှင့် ထိတ်လန့်မှုတို့ ရောပြွမ်းနေသည်။ ရန်သူသည် ထွက်မပြေးသည့်အပြင် ဤနေရာ၌ပင် သူ့ကို ချောင်းမြောင်း တိုက်ခိုက်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ တကယ့်ကို သတ္တိခဲပင်။
"ခွေးမသား..."
လျှိုအားလုံက အကျယ်ကြီး အော်ဟစ်ဆဲဆိုလိုက်ပြီး ရှေ့မှလူကို လူသားဒိုင်းသဖွယ် ကိုင်မြှောက်ကာ သံရိုက်သေနတ်ဒဏ်ကို အံတုလျက် အထဲသို့ တိုးဝင်ရန် ကြိုးစားသည်။
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး တိုက်ပွဲကို အချိန်ဆွဲမနေတော့ဘဲ နောက်ပြန် လှည့်လိုက်သည်။
"ဒုန်း" ခနဲ အသံနှင့်အတူ တံခါးကြီး ပြန်ပိတ်သွားပြန်သည်။
လျှိုအားလုံသည် တံခါးအပြင်ဘက်တွင် ပိတ်မိကျန်ခဲ့ပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာကာ အပြင်းအထန် ဆဲဆိုတော့သည်။ "ခွေးမသား မျိုးမစစ် လင်းယွမ်... မင်း ယောင်္ကျားဆိုရင် ထွက်ခဲ့စမ်း... မင်းကို ငါ အသေသတ်ပြမယ်!"
"ဒုန်း ဒုန်း ဒုန်း"
သူက တံခါးကို အားရပါးရ အကြိမ်ကြိမ် ကန်ကျောက်လိုက်သည်။
ရုတ်တရက် တံခါးမှန်ဘီလူး ပေါက်ကလေးမှ သံတစ်ချောင်း "ဝှီး" ခနဲ ပြေးထွက်လာသည်။ လျှိုအားလုံ လန့်ဖြန့်သွားကာ အသာရှောင်လိုက်ရသဖြင့် သံသည် သူ၏ ပါးပြင်ကို ပွတ်ဆွဲကာ ပွတ်ကာသီကာ ဖြတ်သွားသည်။ စက္ကန့်ပိုင်းသာ နောက်ကျလျှင် သူ၏ မျက်လုံးကို မှန်သွားပေလိမ့်မည်။
သူသည် နံရံတွင် ကပ်လျက် ဘေးတစောင်း ရပ်လိုက်ရပြီး ရင်ထဲတွင် အလွန်အမင်း အောင့်သက်သက် ဖြစ်နေတော့သည်။ ဤခွေးမသား လင်းယွမ်သည် ဖမ်းမမိနိုင်သော ငါးရှဉ့်ကဲ့သို့ အလွန် လည်လွန်းလှသည်။
လူအုပ်၏ အပြင်ဘက်တွင် ရပ်နေသော ဝူဟွက ဤမြင်ကွင်းကို ကြည့်ရင်း မျက်လုံးတစ်ချက် ဝေ့လိုက်ကာ ရုတ်တရက် အော်ပြောလိုက်သည်။ "အစ်ကိုအားလုံ... မျိုးမစစ် လင်းယွမ်က ဒီမှာ ရှိနေမှတော့ သူ့အခန်းက လူရှိမှာ မဟုတ်ဘူး... ငါတို့ သူ့အိမ်ကို သွားဖျက်စီးရအောင်"
ဤစကားကို ကြားလိုက်ရသောအခါ လျှိုအားလုံ၏ မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်းပင် တက်ကြွလာသည်။
"တောက်... မင်းအစကတည်းက ပြောရမှာ"
လျှိုအားလုံက အားရပါးရ ရယ်မောလိုက်ပြီး "ဝူဟွ... မင်းနဲ့ ချန်းဟူတို့ ဒီမှာပဲ စောင့်ကြည့်နေ... ကျန်တဲ့သူတွေ ငါနဲ့ လိုက်ခဲ့... ၃၂ ထပ်ကို သွားမယ်" ဟု အော်ဟစ်လိုက်သည်။
ပြောပြောဆိုဆိုဖြင့် သူသည် လင်းယွမ်ကို ဂရုမစိုက်တော့ဘဲ ၃၂ ထပ်သို့ ဦးတည်ကာ ပြေးတက်သွားတော့သည်။
တိုက်ခန်းအတွင်း၌ အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားနေရသော လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ သူသည် အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိပေ။ သူက ဝရံတာသို့ လျင်မြန်စွာ လျှောက်သွားပြီး အပေါ်ထပ်သို့ မော့ကြည့်လိုက်သည်။
ကျိုးကျားချောင်၏ အိမ်မှ ရှာဖွေရရှိထားသော ပစ္စည်းများကို အပေါ်သို့ ဆွဲတင်ပြီးသွားပြီ ဖြစ်သည်။ ယခုအခါ ကြိုးက ပြန်လည် ကျဆင်းလာပြီး အပေါ်ထပ်မှ ချိုင်ကြည်၏ ခပ်တိုးတိုး ခေါ်သံကို ကြားလိုက်ရသည်။ "လင်းယွမ်... မြန်မြန် တက်ခဲ့တော့"
လင်းယွမ်သည် ကြိုးကို ဖမ်းယူကာ မိမိခါးတွင် တစ်ပတ်ပတ်လိုက်ပြီး ဝရံတာပေါ်သို့ အမြန် တက်လိုက်သည်။ သူသည် မှန်တံခါးကို အားပြုကာ ဘေးနားရှိ အဲကွန်း ကွန်ပရက်ဆာပုံး ပေါ်သို့ တွားတက်သွားသည်။
ကွန်ပရက်ဆာပုံးပေါ်သို့ ခုန်တက်ပြီးနောက် ကြိုးကို ကိုင်ကာ အပေါ်ထပ်ရှိ ကွန်ပရက်ဆာပုံးဆီသို့ ဆက်လက် တက်လှမ်းသည်။ နေ့စဉ်နေ့တိုင်း ဘားဆွဲ လေ့ကျင့်ခန်း လုပ်ထားသူ ဖြစ်သဖြင့် အထပ်နှစ်ခုကြားရှိ အကွာအဝေးမှာ သူ့အတွက် ခက်ခဲလှသည်မဟုတ်။ ငါးကြိမ် ခြောက်ကြိမ်ခန့် ကိုယ်ကို ဆွဲတင်လိုက်ရုံဖြင့် အပေါ်ထပ် ကွန်ပရက်ဆာပုံးပေါ်သို့ ရောက်ရှိသွားသည်။ ထို့ပြင် အပေါ်မှ ချိုင်ကြည်တို့အုပ်စုကလည်း ကြိုးကို ဝိုင်းဆွဲပေးနေသဖြင့် သူ၏ အင်အားကို များစွာ သက်သာစေသည်။
တစ်မိနစ်ပင် မပြည့်မီမှာပင် သူသည် (၃၁) ထပ်သို့ ရောက်ရှိသွားသည်။ ထိုစဉ်မှာပင် (၃၁) ထပ်ရှိ ပြတင်းပေါက် လိုက်ကာသည် ရုတ်တရက် ပွင့်သွားသည်။ လှပလွန်းသည့် မျက်နှာလေးတစ်ခု ပြတင်းပေါက်တွင် ပေါ်လာပြီး သူ့ကို စိုက်ကြည့်နေသည်။
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ကာ "ဆုန့်ဝမ်လား" ဟု မေးလိုက်သည်။
ပြတင်းပေါက်အတွင်းရှိ ဆုန့်ဝမ်သည် လင်းယွမ်၏ ရဲတင်းမှုကို ကြည့်ကာ အံ့ဩနေမိသည်။ လင်းယွမ်က အပြင်ဘက် နံရံမှတစ်ဆင့် ဤမျှအထိ တက်လှမ်းရဲလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
သူမက ခေါင်းညိတ်ပြပြီး "ရှင်သတိထားနော်... လူတွေ အပေါ်ကို ပြေးတက်သွားတာ ကျွန်မ တွေ့လိုက်တယ်... လျှိုအားလုံရဲ့ လူတွေ ထင်တယ်" ဟု ပြောလိုက်သည်။
သူမသည် သတင်းပေးရန် လာခဲ့ခြင်း ဖြစ်သည်။ လင်းယွမ်က ခေါင်းညိတ်ပြကာ "ကျေးဇူးပါ" ဟု ဆိုလိုက်သည်။
စကားများများ ပြောနေရန် အချိန်မရှိသဖြင့် သူသည် ဆက်လက် တက်လှမ်းသွားရာ နောက်ထပ် စက္ကန့် ၃၀ အကြာတွင် ၃၂ ထပ်ရှိ မိမိအခန်းသို့ ပြန်ရောက်သွားတော့သည်။
သူ ကြမ်းပြင်ပေါ် ခြေချလိုက်သည်နှင့် လူရိပ်တစ်ခုက ပြေးဝင်ဖက်လိုက်သည်။
"မောင်လေး"
ထိုသူမှာ ရန်မေပင် ဖြစ်သည်။ သူမ၏ အသံထဲတွင် ငိုသံစွက်နေပြီး အလွန်အမင်း စိုးရိမ်နေခဲ့ကြောင်း သိသာလှသည်။
လင်းယွမ်က သူမ၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်ပြီး ဘေးနားရှိ ချိုင်ကြည်တို့ကို ကြည့်ကာ "လျှိုအားလုံ တက်လာပြီ... ခင်ဗျားတို့ ဝရံတာက သစ်သားတံတားကနေ ၃၂၀၂ အခန်းကို အမြန်ပြန်သွားပြီး အဲဒီမှာပဲ စောင့်နေကြ... ကျွန်တော်ကတော့ ဒီမှာပဲ စောင့်နေပြီး လျှိုအားလုံကို အလစ်ဝင်တိုက်မယ်" ဟု ပြောလိုက်သည်။
ချိုင်ကြည်နှင့် ဦးလေးမာတို့သည် ထိုစကားကို ကြားသောအခါ လန့်သွားကြသည်။
"သိပြီ... သိပြီ... ငါတို့ အရင် ပြန်သွားလိုက်မယ်"
ချိုင်ကြည်သည် ဝရံတာမှတစ်ဆင့် ၃၂၀၂ သို့ အမြန် ကူးသွားပြီး ဦးလေးမာကလည်း နောက်မှ ကပ်လိုက်သွားသည်။
လင်းယွမ်၏ ဘက်တွင်မူ တင်းယန်နှင့် ကျောက်ခိုင်တို့က မလှုပ်မယှက် ရှိနေကြသည်။
တင်းယန်က "ကျွန်မ ရှင့်ကို ကူဖို့ ဒီမှာပဲ နေမယ်" ဟု ဆိုသည်။ ကျောက်ခိုင်ကမူ ဘာမှ မပြောသော်လည်း မတ်တတ်ရပ်ကာ အိမ်တံခါးဘက်သို့ သွားနေပြီ ဖြစ်သည်။
လင်းယွမ်က "မပူပါနဲ့... လျှိုအားလုံက ငါ့ကို အောက်ထပ်မှာပဲ ရှိသေးတယ်လို့ ထင်နေတာ... မင်းက ဒူးလေးကို အဆင်သင့် ပြင်ထားလိုက်... အမမေ... အိမ်မှာ ရေနွေးအိုး ရှိလား" ဟု မေးလိုက်သည်။
ရန်မေက "ဓာတ်ဗူး နှစ်ဗူး အပြည့် ရှိတယ်... မနက်ကမှ ကျိုထားတာ" ဟု ကပျာကယာ ပြန်ဖြေသည်။
လင်းယွမ်က ကျောက်ခိုင်ကို ကြည့်ကာ "ကျောက်ခိုင်... ဇလုံတစ်ခုထဲကို ရေနွေးတွေ လောင်းထည့်ထားလိုက်... ငါ့အမိန့်ကို စောင့်နော်... ငါ တံခါးကို ဖွင့်လိုက်တာနဲ့ မင်း အဲရေနွေးနဲ့ ချက်ချင်း ပက်လိုက်... ဒီတစ်ခါတော့... သူတို့ကို ကောင်းကောင်းကြီး ပညာပေးပစ်မယ်"
ကျောက်ခိုင်နှင့် တင်းယန်တို့၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူတို့သည် ချက်ချင်းပင် အဆင်သင့် ပြင်ဆင်ကြတော့သည်။
"ဒုန်း... ဒုန်း... ဒုန်း..."
အိမ်တံခါးဆီမှ တံခါးဖျက်သံများ စတင် ကြားလာရပြီ။ လျှိုအားလုံ၏ လူများသည် တံခါးကို စတင် ဖျက်စီးနေကြပြီ ဖြစ်သည်။
ဆက်ရန်...