အခန်း (၄၉-၅၀)
Vol. 3 Ch. 49-50
အပိုင်း (၄၉) လျှိုအားလုံအား သတ်ဖြတ်ခြင်း
လင်းယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် တင်းယန်အား ပြောလိုက်သည်။ "စိတ်အေးအေးထား... ခဏနေ ငါတံခါးဖွင့်တာနဲ့ ကျောက်ခိုင်က ရေနွေးနဲ့ အရင်ပက်လိမ့်မယ်"
"သူတို့ ပွက်လောရိုက်သွားတဲ့ အချိန်ကျမှ ငါတို့နှစ်ယောက် ပစ်ကြမယ်... မှတ်ထားနော်... လျှိုအားလုံကို အရင်ပစ်ရမယ်... ငါနဲ့တပြိုင်တည်း မပစ်နဲ့... ငါပစ်တာကို သူရှောင်လိုက်မှ နင်က ထပ်ပစ်"
တင်းယန်က လေအေးတစ်ချက်ကို ဝအောင်ရှူသွင်းလိုက်ပြီး ခေါင်းကို လေးလေးပင်ပင် ငြိမ့်ပြလိုက်သည်။ "ကျွန်မ သိပါပြီ"
"အစ်ကိုလင်း... ရေနွေးရပြီ" ထိုအချိန်တွင် ကျောက်ခိုင်က ပလတ်စတစ်ဇလုံတစ်ခုကို ကိုင်ကာ အလျင်အမြန် ရောက်လာသည်။ ဇလုံထဲတွင် အငွေ့တထောင်းထောင်း ထနေသော ရေနွေးပူများ ရှိနေသည်။
လင်းယွမ်က သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ "ငါ သုံးထိ ရေပြီးရင် ငါတံခါးဖွင့်တာနဲ့ ပက်တော့"
"သိပြီ" ကျောက်ခိုင်က ခေါင်းငြိမ့်ပြီး တံခါးမကြီးကို စိုက်ကြည့်နေသည်။
လင်းယွမ်က ချက်ချင်း အချက်မပေးသေးဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
သူ့အိမ်အပြင်ဘက်တွင် သံပန်းတံခါးတစ်ချပ် ရှိသေးသည်။ အတွင်းတံခါးကို ဖွင့်ပြီး ရေနွေးနှင့် ပက်လျှင်လည်း သံပန်းတံခါးနှင့် ကာနေပေလိမ့်မည်။ သူ စောင့်ရမည်။ လျှိုအားလုံတို့ သံပန်းတံခါးကို ဖျက်ဆီးပြီးသည်အထိ စောင့်ပြီးမှ လက်စွမ်းပြရမည်။
"ဒုန်း ဒုန်း ဒုန်း"
တံခါးအပြင်ဘက်မှ ကျယ်လောင်သော အသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြီး သံပန်းတံခါးမှာ ပြင်းထန်သော ရိုက်ချက်များကြောင့် ပွင့်ထွက်လုမတတ် ဖြစ်နေသည်။
နောက်ဆုံးတွင် အပြင်ဘက်မှ လူတစ်ယောက်၏ ဝမ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ပြုတ်သွားပြီ... ပြုတ်သွားပြီဟေ့"
"သံပန်းတံခါး ပွင့်သွားပြီကွ"
လျှိုအားလုံက ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ကောင်းတယ်... ကောင်းတယ်... အဲဒါကို ဖယ်ပြီး တံခါးမကြီးကို ဆက်ဖွင့်ကြစမ်း"
တပည့်နှစ်ယောက် ရှေ့တက်လာပြီး သံပန်းတံခါးကို အားကုန်မကာ လှေကားအောက်ဘက်သို့ ပစ်ချလိုက်ကြသည်။ ထို့နောက် လျှိုအားလုံက အတွင်းဘက် သစ်သားတံခါးကို ခြေထောက်ဖြင့် အားကုန် ဆောင့်ကန်လေတော့သည်။
လင်းယွမ်က ထိုအသံကို ကြားသည်နှင့် အခွင့်ကောင်း ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ကျောက်ခိုင်နှင့် တင်းယန်ကို နောက်ဆုံးအနေဖြင့် လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် တံတွေးကို အစ်ခနဲ မျိုချလိုက်မိကြသည်။
လင်းယွမ်က ခပ်တိုးတိုး ရေတွက်လိုက်သည်။ "တစ်" "နှစ်" "သုံး"
"သုံး" ဟု ရေတွက်လိုက်သည့် တခဏချင်းမှာပင် သူက တံခါးကို ဆောင့်ဖွင့်လိုက်ပြီး ဘေးသို့ လျှပ်ခနဲ ရှောင်တိမ်းပေးလိုက်သည်။
ကျောက်ခိုင်က ခြေလှမ်းကျဲကြီးဖြင့် တံခါးပေါက်ဝသို့ ပြေးထွက်လာကာ အပြင်ဘက်တွင် လူဘယ်နှစ်ယောက် ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ရေနွေးပူဇလုံဖြင့် ပက်ချလိုက်တော့သည်။
"ဗွမ်း"
ရေနွေးပူများက တံခါးအပြင်ဘက်ရှိ လူအုပ်ကြီးအပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ ပွက်ပွက်ဆူနေသော ရေနွေးပူများဖြစ်ရာ ၁၀၀ ဒီဂရီ စင်တီဂရိတ် မရှိလျှင်တောင် အနည်းဆုံး ၉၈ ဒီဂရီ စင်တီဂရိတ်ခန့်တော့ ရှိပေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် စူးစူးဝါးဝါး အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ လျှိုအားလုံမှာ ထိပ်ဆုံးမှဖြစ်၍ မျက်နှာတစ်ခုလုံး ရေနွေးပူလောင်ကာ ချက်ချင်း နီရဲသွားသည်။ သူက မျက်နှာကိုအုပ်လျက် နာကျင်စွာ အော်ဟစ်နေသည်။
လင်းယွမ်က ကျောက်ခိုင်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး လက်ကိုမြှောက်ကာ သံရိုက်သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။
"ဖောက်... ဖောက်... ဖောက်.."
သံချောင်းများက သေနတ်ပြောင်းဝမှ ဆက်တိုက် ပန်းထွက်သွားကြသည်။ မျက်နှာကို အုပ်ထားသော လျှိုအားလုံ၏ လက်ဝါးမှာ သံချောင်းများ ဖောက်ဝင်သွားပြီး သွေးများ ချက်ချင်း ပန်းထွက်လာ၏။
သူက "အား" ခနဲ အော်ဟစ်ကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားသည်။ ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာလည်း ရုန်းရင်းဆန်ခတ်ဖြင့် လဲကျကုန်ကြသည်။
တင်းယန်က အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ လျှိုအားလုံ၏ လက်ဝါးမှ သွေးများထွက်လာပြီး လက်ကို ခါရမ်းလိုက်စဉ် မျက်နှာပေါ်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်ဝန်းများတွင် အမုန်းတရားများ ပြည့်နှက်နေသည်။
စကားတစ်ခွန်းမျှ မဆိုဘဲ ဒူးလေးမောင်းတံကို ဆွဲဖြုတ်လိုက်သည်။
"ထောက်"
သားရေကွင်း ပြုတ်ထွက်သွားပြီး သစ်သားမြှားတံက တရှိန်ထိုး ပြေးထွက်သွားသည်။
"ဖောက်"
သစ်သားမြှားထိပ်ရှိ သံချောင်းက လျှိုအားလုံ၏ လည်ပင်းအောက်နားသို့ တိကျစွာ စိုက်ဝင်သွားပြီး အသားထဲတွင် နစ်မြုပ်သွားတော့သည်။ လျှိုအားလုံက နောက်ထပ်တစ်ကြိမ် စူးဝါးစွာ အော်ဟစ်လိုက်ပြန်သည်။
လင်းယွမ်က သံတူရွင်းတိုကို ဆွဲကိုင်လိုက်ပြီး စကားတစ်ခွန်းမျှမပြောဘဲ တောင်ပေါ်မှ ဆင်းလာသော ကျားရိုင်းတစ်ကောင်နှယ် အပြင်သို့ ချက်ချင်း ပြေးထွက်သွားသည်။ သူ့လက်ထဲမှ သံတူရွင်းက လေကိုခွင်းလျက် ရန်သူများကို ထိုးစိုက်လေသည်။
"ဒုတ်... ဒုတ်... ဒုတ်..."
သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူတစ်ယောက် ကျဆုံးကျန်ရစ်ခဲ့သည်။ သွေးများ ပတ်ဖျန်းကုန်၏။
အချို့မှာ မျက်နှာကို အုပ်ထားစဉ် လည်ပင်းကို အထိုးခံလိုက်ရသည်။ အချို့မှာ မျက်လုံးမဖွင့်နိုင်ဘဲ ကြမ်းပြင်ပေါ်တွင် တွားသွားနေစဉ် နောက်စေ့ကို အပေါက်ဖောက်ခံလိုက်ရသည်။
အချို့က လက်နက်ကို ကပျာကယာ ကောက်ကိုင်ရန် ပြင်နေသော်လည်း လက်မမြှောက်နိုင်ခင်မှာပင် ဝမ်းဗိုက်ကို အထိုးခံလိုက်ရသည်။
လှေကားထစ်များပေါ်တွင် သွေးများ ပေကျံနေပြီး သွေးပျက်ဖွယ် အော်ဟစ်သံများဖြင့် ဆူညံနေတော့သည်။
ကျောက်ခိုင်က အနည်းငယ် နောက်ကျကျန်ခဲ့သော်လည်း ပလတ်စတစ်ဇလုံကို ချက်ချင်း လွှတ်ချကာ ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်ပြီး လင်းယွမ်၏ နောက်မှ ပြေးလိုက်လာသည်။
ရှုပ်ထွေးပြီး မှောင်မဲနေသော လှေကားထစ်များပေါ်တွင် သူက ဓားမြှောင်ကို ရမ်းကားစွာ ဝှေ့ယမ်းပြီး တွေ့သမျှလူကို ထိုးစိုက်နေတော့သည်။
သူ့ခေါင်းထဲတွင် ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးသွားခဲ့ရသည့် ချစ်သူကောင်မလေး၏ ပုံရိပ်များသာ လွှမ်းမိုးနေသည်။
"သေစမ်း... သေကြစမ်း... မင်းတို့လို တိရစ္ဆာန်ကောင်တွေ အကုန်သေကြစမ်း" သူက ငိုယိုအော်ဟစ်ရင်း မျက်ရည်များ တားမရဆီးမရ စီးကျလာကာ လင်းယွမ်၏ နောက်မှလိုက်ပြီး သတ်ဖြတ်နေတော့သည်။
လင်းယွမ်က လူငါးခြောက်ယောက်ခန့်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် လျှိုအားလုံနှင့် နီးကပ်လာပြီဖြစ်သည်။ လျှိုအားလုံမှာ (၃၁) ထပ်၏ လှေကားအောက်သို့ ရောက်နေပြီး နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။
သူက လက်ဝါးနှင့် လည်ပင်းမှ ဒဏ်ရာများ၊ မျက်နှာမှ အပူလောင်ဒဏ်ရာများကို အံကြိတ်ခံရင်း လင်းယွမ်ကို မော့ကြည့်လိုက်သည်။ ဒီကောင် ဘာလို့ (၃၂) ထပ်ကို ရောက်နေရတာလဲဆိုတာ သူစဉ်းစားမရပေ။ ဒီကောင်က (၂၉) ထပ်တွင် ရှိနေသည် မဟုတ်ပါလော။
စဉ်းစား၍ မရတော့။ လင်းယွမ်က သူ့အနားသို့ ရောက်လာပြီ ဖြစ်သည်။ သေရေးရှင်ရေး အခြေအနေအောက်တွင် လျှိုအားလုံ၏ ခန္ဓာကိုယ်ထဲ၌ အပူစီးကြောင်းတစ်ခု စီးဆင်းလာသည်ဟု ခံစားလိုက်ရသည်။
သူ့အရေပြားများက ယားယံလာပြီး ကုတ်ဖဲ့ချင်စိတ်များ ဖြစ်ပေါ်လာသည်။ အပူလောင်ထားသော နေရာများတွင် သွေးအိတ်များ ဖောင်းကြွတက်လာသည်။
လင်းယွမ်က ပြေးဝင်လာပြီး ညာဘက်လက်မောင်းကို မြှောက်ကာ မှောင်မဲနေသည့်ကြားမှ သံတူရွင်းဖြင့် လျှိုအားလုံ၏ မျက်နှာတည့်တည့်သို့ ထိုးစိုက်ချလိုက်သည်။
အန္တရာယ်ကြားတွင် လင်းယွမ်၏ အမြန်နှုန်းမှာ နှေးကွေးသွားသည်ဟု လျှိုအားလုံ ခံစားလိုက်ရသည်။ သူက မသိစိတ်ဖြင့် လက်ကိုဆန့်ထုတ်ကာ ထိုသံတူရွင်းကို ဖမ်းဆုပ်လိုက်မိသည်။
"အား..."
သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင် သူက ကောင်းကင်တုန်ဟည်းမတတ် အော်ဟစ်လိုက်သည်။ အားစိုက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာပြီး လည်ပင်းမှ မြှားဒဏ်ရာ ပွင့်ထွက်ကာ သွေးများ စီးကျလာသည်။
လင်းယွမ်က တစ်ဖက်လူ၏ လက်မောင်းမှ ကြီးမားသော အားတစ်ခု ပြန်ကန်ထွက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအင်အားက သာမန်လူထက် အဆများစွာ သာလွန်နေ၏။
လင်းယွမ်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ့ခွန်အားတန်ဖိုးက သာမန်လူထက် နှစ်ဆနီးပါး ရှိသည်ကို သိထားရမည်။ လျှိုအားလုံက လေ့ကျင့်ခန်း ပုံမှန်လုပ်ရုံသာ ရှိပြီး မည်ကဲ့သို့ ဤမျှလောက် အားသန်နေရသနည်း။
လင်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးမှ အားကို ထုတ်သုံးကာ သံတူရွင်းကို အောက်သို့ ဖိချလိုက်သည်။
"ဇွက်"
ပြားပြီး ချွန်ထက်နေသော သံတူရွင်းထိပ်က လျှိုအားလုံ၏ ခန္ဓာကိုယ်ထဲသို့ တစ်လက်မ၊ နှစ်လက်မခန့် စိုက်ဝင်သွားသည်။
ထိုသေရေးရှင်ရေး အခိုက်အတန့်တွင် လျှိုအားလုံမှာ ဂိမ်းထဲတွင် အဆင့်တက်သွားသကဲ့သို့ တကိုယ်လုံး နီရဲလာပြီး ကျက်အောင်ပြုတ်ထားသော ပုစွန်ထုပ်ကြီး တစ်ကောင်အလား ဖြစ်လာသည်။ သူ့နဖူးနှင့် ပြည်တည်နေသော ဒဏ်ရာများမှ အနီရောင် ကြေးခွံများ ဖုံးအုပ်လာသည်။ ထိုထူးဆန်းသော မြင်ကွင်းကြောင့် လင်းယွမ် လန့်သွားသည်။
"အား..."
လျှိုအားလုံက ဟိန်းဟောက်လိုက်ပြီး ခေါင်းဖြင့် လင်းယွမ်ကို ဆောင့်တိုက်လိုက်သည်။ လင်းယွမ် လန့်ဖျပ်သွားပြီး လက်ဖြင့် ကာလိုက်ရသည်။
"ဘုန်း"
တိုက်မိလိုက်သည့်ဒဏ်ကြောင့် လင်းယွမ်၏ လက်ဝါးတွင် ပြင်းထန်စွာ နာကျင်သွားသည်။ လူခေါင်းနှင့် တိုက်မိသည် မဟုတ်ဘဲ ကျောက်တုံးနှင့် တိုက်မိသကဲ့သို့ပင်။ သူ့လက်မောင်းများ ထုံကျင်သွားပြီး ခြေလှမ်း တစ်လှမ်း နောက်ဆုတ်လိုက်ရသည်။
လျှိုအားလုံက ထိုအခွင့်အရေးတွင် သံတူရွင်းကို ဆွဲထုတ်လိုက်ပြီး လှည့်ပြေးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် လူရိပ်တစ်ခုက လှေကားထစ်များပေါ်မှ ခုန်ပျံကျော်လွှားပြီး အသက်ကို ပဓာနမထားဘဲ ခုန်ဆင်းလာသည်။
"လျှိုအားလုံ..."
ထိုသူက အသံကုန် အော်ဟစ်လိုက်သည်။ ထိုအသံထဲတွင် အဆုံးမဲ့သော နာကျည်းမုန်းတီးမှုများ ပါဝင်နေသည်။
လျှိုအားလုံက လှည့်ကြည့်လိုက်သော်လည်း မရှောင်နိုင်တော့ဘဲ ဝင်အဆောင့်ခံလိုက်ရသည်။ "ဘုန်း" ခနဲ အသံနှင့်အတူ နှစ်ယောက်စလုံး လှေကားပေါ် လဲကျသွားကြသည်။
ထိုသူမှာ တခြားသူမဟုတ်၊ လျှိုအားလုံနှင့် ကမ္ဘာရန် ဖြစ်နေသော ကျောက်ခိုင်ပင်။
ကျောက်ခိုင်က လျှိုအားလုံ၏ ကိုယ်ပေါ်သို့ ခွထိုင်လိုက်ပြီး လက်ထဲမှ ဓားမြှောင်ဖြင့် ရူးသွပ်စွာ ထိုးစိုက်လိုက်သည်။ သို့သော် လျှိုအားလုံက သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
ယခုအချိန်တွင် လျှိုအားလုံ၏ မျက်နှာမှာ အနီရောင် ကြေးခွံများ ဖုံးအုပ်ထားသော ဆီလီကွန် မျက်နှာဖုံး စွပ်ထားသကဲ့သို့ လူပုံစံ မပေါက်တော့ပေ။ ကျောက်ခိုင်လည်း ထိုပုံစံကိုမြင်ပြီး ကြောင်သွားသည်။
ထိုသို့ ကြောင်နေစဉ်မှာပင် လျှိုအားလုံက လက်ကိုညှစ်လိုက်ရာ "ဂျွတ်" ခနဲ အသံနှင့်အတူ ကျောက်ခိုင်၏ လက်ကောက်ဝတ် ရိုးကျိုးသွားသည်။ ဓားမြှောင်လည်း လွတ်ကျသွား၏။ ကျောက်ခိုင်က နာကျင်စွာ အော်ဟစ်လိုက်သည်။
ထိုစဉ် လင်းယွမ် ရောက်ရှိလာပြီး လျှိုအားလုံ၏ အရုပ်ဆိုးသော မျက်နှာကို လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။
"ဘုန်း"
ပြင်းထန်သော လက်သီးဒဏ်ကြောင့် လျှိုအားလုံ ခေါင်းမူးသွားသည်။ လင်းယွမ်လည်း သက်သာလှသည် မဟုတ်။ အသားကို ထိုးလိုက်ရသည်နှင့် မတူဘဲ ကျောက်တုံးကို ထိုးလိုက်ရသလို ခံစားရသည်။ လျှိုအားလုံ၏ ခေါင်းမှာ ကျောက်တုံးကဲ့သို့ မာကျောနေပြီ ဖြစ်သည်။
လျှိုအားလုံ ဘာတွေပြောင်းလဲသွားသလဲ ဆိုသည်ကို လင်းယွမ် မသိ။ သို့သော် သူကောင်းကောင်းသိသည်မှာ ဒီတစ်ခါ လျှိုအားလုံကို မသတ်နိုင်လျှင် နောက်ထပ် အခွင့်အရေး ရတော့မည် မဟုတ်သည်ကိုပင်။
"သေလိုက်စမ်းကွာ..."
လင်းယွမ်က ဟိန်းဟောက်လိုက်ပြီး လက်မှ နာကျင်မှုကို ဂရုမစိုက်တော့ဘဲ ရူးသွပ်စွာ ဆက်တိုက် ထိုးနှက်လေတော့သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
လက်သီးချက်ပေါင်း များစွာ ထိုးပြီးနောက် "ဂျွတ်" ဆိုသော အရိုးကျိုးသံကို ကြားလိုက်ရပြီး လျှိုအားလုံ၏ အနီရောင်ကြေးခွံများ ဖုံးလွှမ်းနေသော ခေါင်းကြီးမှာ ချိုင့်ဝင်သွားတော့သည်။ သွေးများဖြင့် ရဲရဲနီနေသော လျှိုအားလုံမှာ သွေးအိုင်ထဲတွင် လဲကျသွားပြီး လှုပ်ရှားမှု မရှိတော့ပေ။
လင်းယွမ်က စနစ်မှ အသိပေးသံ မကြားရသေးသဖြင့် လက်ကို မရပ်တန့်ရဲသေးပေ။ သူ့လက်သီးဆစ်များတွင်လည်း သွေးများ ရဲရဲနီနေသော်လည်း လက်သီးကို ဆက်လက် ဝှေ့ယမ်းနေဆဲပင်။ လက်သီးဆစ်များ ပေါက်ပြဲကုန်သောအခါ ထုရိုက်သည့် နည်းလမ်းသို့ ပြောင်းလိုက်သည်။
လက်သီးချက်ပေါင်းများစွာ ထိုးနှက်ပြီးနောက် လျှိုအားလုံ၏ ခေါင်းမှာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီး ဦးနှောက်များ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်။
လင်းယွမ်က မောဟိုက်နေပြီး အားအင်အများစု ကုန်ခမ်းသွားသည်။ လှေကားတစ်ခုလုံး သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေ၏။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သည့်အတွက် အမှတ် (၂၀) ရရှိသည်]
စနစ်၏ အသိပေးသံ နောက်ကျမှ ပေါ်လာတော့သည်။ လင်းယွမ်က ကိုက်ခဲနေသော လက်မောင်းကို လျှော့ချလိုက်ပြီး သက်ပြင်းချလိုက်တော့သည်။
"နောက်ဆုံးတော့ သေသွားပြီပဲ"
ဘေးနားရှိ ကျောက်ခိုင်မှာလည်း ငိုရင်း အော်ဟစ်လိုက်သည်။
"လျှိုအားလုံ သေပြီ... ဟားဟားဟား... လျှိုအားလုံ သေပြီကွ"
"ရှောင်မန်... ကိုယ် မင်းအတွက် ကလဲ့စားချေပေးလိုက်နိုင်ပြီ"
ဆက်ရန်...
အပိုင်း (၅၀) သန္ဓေပြောင်းလဲခြင်းအပေါ် သုံးသပ်ချက်
လူသွားလမ်းရှိ အလောင်းများမှာ လျှိုအားလုံ၏ အလောင်းအပါအဝင် စုစုပေါင်း ခြောက်လောင်းရှိလေသည်။
ထိုအထဲမှ အများစုကို လင်းယွမ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ခိုင်နှင့် တင်းယန်တို့က အဆုံးသတ် ဓားချက်ဝင်ဖြည့်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် အကြီးမားဆုံးသော ထိခိုက်ဒဏ်ရာများကိုမူ လင်းယွမ်ကပင် ဖန်တီးခဲ့၏။ ထို့ကြောင့် စနစ်က ဤသန္ဓေပြောင်း သက်ရှိများကို လင်းယွမ် သတ်ဖြတ်သည်ဟု အလိုအလျောက် ဆုံးဖြတ်မှတ်တမ်းတင်လိုက်သည်။
ဤအလောင်းခြောက်လောင်းအပြင် ယခင်ကသတ်ခဲ့သော မော်ရှောင်ချိုင်၊ ချန်လီ၊ ချန်လီ၏သား ကျိုးကျဲနှင့် တံခါးဝတွင် ပိတ်ဆို့နေသော ချန်းဟူ၏ တပည့်နှစ်ယောက်ပါ ပေါင်းလိုက်ပါက...
ဤနေ့တစ်ပိုင်းတာ ကာလတိုအတွင်းမှာပင် လင်းယွမ်သတ်ဖြတ်ခဲ့သော လူအရေအတွက် ဆယ်ယောက်ကျော်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ ရမှတ်များမှာလည်း ယခင်ကမရဖူးသော (၁၀၄) မှတ်အထိ စံချိန်တင် မြင့်တက်လာခဲ့၏။
ထိုအထဲတွင် အမှတ်အများဆုံး ပံ့ပိုးပေးသူမှာ လျှိုအားလုံဖြစ်ပြီး သူတစ်ယောက်တည်းနှင့်ပင် အမှတ် (၂၀) အထိ ရရှိခဲ့သည်။ မော်ရှောင်ချိုင်ကဲ့သို့သော အခြားသူများထံမှ (၇) မှတ်၊ (၈) မှတ်ခန့်သာ ရရှိခဲ့သည်။
လင်းယွမ်ကို အံ့သြမှင်သက်သွားစေသည်မှာ ချန်လီ၏ သားဖြစ်သူပင်။ ထိုကောင်လေးထံမှ အမှတ် (၉) မှတ်တိတိ ရရှိခဲ့၏။ သန္ဓေပြောင်းသက်ရှိအားလုံးထဲတွင် လျှိုအားလုံပြီးလျှင် ဒုတိယ အမှတ်အများဆုံး ဖြစ်နေသည်။
သက်ရှိတစ်ကောင်၏ တန်ဖိုးကို စနစ်က မည်သို့ သတ်မှတ်ဆုံးဖြတ်သနည်း။
လင်းယွမ်၏ စိတ်ထဲတွင် ထင်ကြေးအချို့ ရှိသော်လည်း သေချာရေရာခြင်းကား မရှိသေးပေ။
သူသည် ခေတ္တမျှ အနားယူလိုက်ပြီး ခေါင်းတစ်ခုလုံး ရစရာမရှိအောင် ပုံပျက်ပန်းပျက်ဖြစ်နေသော လျှိုအားလုံ၏ အလောင်းကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် တွေးတောလိုက်မိသည်။
"လျှိုအားလုံက သေခါနီးအချိန်မှာ ကြောက်စရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့ပုံရတယ်"
"သူ့မျက်နှာပေါ်က အနီရောင်အကြေးခွံတွေက သူ့ရဲ့ ခံနိုင်ရည်ကို မြှင့်တင်ပေးလိုက်တာတင် မကဘူး... ခွန်အားကိုပါ ခဏလေးနဲ့ အများကြီး တိုးလာစေခဲ့တာပဲ"
သာမန်လူထက် နှစ်ဆပိုသော ခွန်အားရှိသည့် လင်းယွမ်ပင်လျှင် လျှိုအားလုံကို လွှမ်းမိုးနိုင်ရန် မနည်းအားစိုက်ခဲ့ရသည်။
ထိုအချက်ကိုကြည့်လျှင် လျှိုအားလုံ၏ သေခါနီးအချိန်၌ ပေါက်ကွဲထွက်လာသော ခွန်အားသည် သာမန်လူထက် နှစ်ဆကျော်လွန်ခဲ့ကြောင်း ခန့်မှန်းရသည်။
ထိုသို့ဆိုလျှင် လျှိုအားလုံ၏ ခန္ဓာကိုယ်၌ ဘာတွေဖြစ်ပျက်ခဲ့သနည်း။ မည်သည့်အရာက သူ့ကို ရုတ်တရက် ဤကဲ့သို့ ပြောင်းလဲသွားစေခဲ့သနည်း။
လင်းယွမ်၏ စိတ်ထဲတွင် အဖြေတစ်ခု ပေါ်လာခဲ့ပြီဖြစ်သည်။
သူက မတ်တပ်ထရပ်လိုက်ပြီး ကြောင်ငေးနေသော ကျောက်ခိုင်အား လှမ်းမေးလိုက်သည်။
"မင်းလက် အဆင်ပြေရဲ့လား"
စောစောက တိုက်ခိုက်နေစဉ် လျှိုအားလုံသည် ကြီးမားသော ခွန်အားကို ထုတ်သုံးကာ ကျောက်ခိုင်၏ လက်ကောက်ဝတ်ကို ချေမွပစ်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ခိုင်မှာ သတိပြန်ဝင်လာပြီး ရောင်ရမ်းနေသော သူ၏ လက်ကောက်ဝတ်ကိုကြည့်ကာ နာကျင်မှုကို အံကြိတ်ခံရင်း ပြန်ဖြေသည်။
"ကျိုးသွားပြီ ထင်တယ်"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်၏။ ယခုလိုအချိန်မျိုးတွင် ဆေးဝါးကုသရန် အခြေအနေမှာ လုံးဝမရှိပေ။
"အရင် ပြန်နားလိုက်ကြဦး... အားလုံးပေါင်းပြီး နည်းလမ်းရှာကြတာပေါ့... ဒီအလောင်းတွေကို ကျွန်တော်ရှင်းလိုက်မယ်"
ထိုသို့ပြောရင်း တင်းယန်ဘက်သို့ လှည့်ကာ
"ဦးလေးမာနဲ့ ချိုင်ကြည်တို့ကို ခေါ်လိုက်ပါဦး" ဟု ပြောလိုက်သည်။
တင်းယန်က တံခါးမခေါက်ရသေးမီမှာပင် တစ်ဖက်ခန်းမှ ချိုင်ကြည်က တံခါးဖွင့်ကြည့်လိုက်ရာ အပြင်ဘက်ရှိ အလောင်းပုံကြီးကို တွေ့လိုက်ရသဖြင့် မျက်နှာပျက်ကာ မေးလိုက်သည်။
"မင်းတို့ ဘာမှမဖြစ်ကြဘူးမလား"
ဦးလေးမာသည်လည်း အသီးအရွက်လှီးဓားတစ်ချောင်းကို ကိုင်ဆောင်လျက် ထွက်လာပြီး အခြေအနေကို အကဲခတ်ကြည့်ကာ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
"လင်းယွမ်... မင်း အဆင်ပြေရဲ့လား"
"ကျွန်တော် ဘာမှမဖြစ်ပါဘူး... ကျောက်ခိုင်တော့ လက်ကောက်ဝတ် ကျိုးသွားတယ်... ခင်ဗျားတို့ သူ့ကို အရင်ခေါ်သွားပြီး ပြုစုပေးလိုက်ဦး... ဒီနေရာကို ကျွန်တော်ရှင်းလိုက်မယ်... ခဏနေရင် အစ်ကိုချိုင်နဲ့ ဦးလေးမာတို့ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါဦး"
"ဘယ်သွားမလို့လဲ"
ဦးလေးမာက မသိစိတ်ဖြင့် လှမ်းမေးလိုက်သည်။
လင်းယွမ်က ကြမ်းပြင်ပေါ်ရှိ လျှိုအားလုံ၏ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သောအသံဖြင့် ဆိုလိုက်၏။
"လျှိုအားလုံရဲ့ ပစ္စည်းတွေ သွားသိမ်းမယ်လေ... ပြီးတော့ သူ့လက်ပါးစေတွေကိုပါ ရှင်းပစ်ရမယ်"
ထိုစကားကြောင့် သူတို့နှစ်ဦးမှာ ကျောချမ်းသွားကြသည်။ လင်းယွမ်၏ ပြတ်သားသော လုပ်ရပ်များက သူတို့ကို ထိတ်လန့်စေသည်။
သို့သော် တင်းယန်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။
"ကျွန်မလည်း လိုက်မယ်"
လင်းယွမ်က သူမကို ကြည့်လိုက်ရာ ပြတ်သားသော အရိပ်အယောင်များကို တွေ့ရသဖြင့် ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။
ထို့နောက် အလောင်းများကို စတင်ရှာဖွေတော့သည်။ အဓိက ရှာဖွေသည်မှာ ထိုသူတို့ထံမှ သော့များပင် ဖြစ်သည်။
သော့မရှိပါက လင်းယွမ်ကဲ့သို့ လူမျိုးပင်လျှင် တံခါးဖျက်ဝင်ရန် အတော်လေး လက်ဝင်ပေလိမ့်မည်။
သော့အချို့ကို ရှာတွေ့ပြီးနောက် လူအချို့၏ အိတ်ကပ်ထဲမှ စီးကရက်၊ ချောကလက်နှင့် ပေါင်မုန့်စသည့် ပစ္စည်းများကိုပါ ထပ်မံတွေ့ရှိရသည်။
ယခုလိုအချိန်မျိုးတွင် တန်ဖိုးအရှိဆုံးမှာ အစားအစာဖြစ်ပြီး ဒုတိယမှာ စီးကရက်နှင့် အရက် ကဲ့သို့သော ပစ္စည်းများ ဖြစ်သည်။
ရေလွှမ်းမိုးနေသော ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ပစ္စည်းတစ်ခုကို သုံးလိုက်တိုင်း တစ်ခုလျော့သွားမည့် အခြေအနေမျိုး ဖြစ်နေလေပြီ။
လင်းယွမ်သည် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အလောင်းများကို တစ်လောင်းချင်းစီ စစ်ဆေးကြည့်လိုက်သည်။ လျှိုအားလုံကဲ့သို့သော ပြောင်းလဲမှုမျိုး အခြားသူများတွင် ရှိမရှိ သိချင်သောကြောင့် ဖြစ်သည်။
သို့သော် တစ်ပတ်လည်အောင် ရှာဖွေကြည့်ပြီးသည့်တိုင် လျှိုအားလုံမှလွဲ၍ ကျန်လူများတွင် မည်သည့် ထူးခြားမှုမျှ မတွေ့ရပေ။
ထိုကဲ့သို့သော သန္ဓေပြောင်းလဲမှုမျိုးသည် လျှိုအားလုံ တစ်ယောက်တည်း၌သာ ဖြစ်ပေါ်ခဲ့ပုံရသည်။
မှန်သည်... သန္ဓေပြောင်းလဲခြင်းပင်တည်း။
လျှိုအားလုံ၏ ခန္ဓာကိုယ်၌ ဖြစ်ပျက်ခဲ့သော ထူးခြားဖြစ်စဉ်သည် စနစ်က အကြိမ်ကြိမ် သတိပေးဖော်ပြခဲ့သည့် သန္ဓေပြောင်းလဲခြင်းပင် ဖြစ်ရမည်ဟု လင်းယွမ်က ကောက်ချက်ချလိုက်သည်။
"သန္ဓေပြောင်း သက်ရှိ... ဒါက သန္ဓေပြောင်းလဲတာပဲ"
သူ့စိတ်ထဲ၌ တီးတိုးရေရွတ်လိုက်မိသည်။
"တခြားသူတွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုမျိုး မရှိတာက သန္ဓေပြောင်းလဲတဲ့နှုန်းနဲ့ သက်ဆိုင်လိမ့်မယ်"
သူက မိမိ၏ စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈
ခွန်အား - ၁.၉
အလျင် - ဝ.၈
စိတ်စွမ်းအား - ဝ.၇
သန္ဓေပြောင်းလဲနှုန်း - ၁%
အမှတ် - ၁၁၂ မှတ်
ပစ္စည်းသိုလှောင်ခန်း
-----------------------
လောင်ကန်းမားငရုပ်ဆီ
ဖီလေမီညွန် အမဲသားကင် (၁၀)
ခေါက်ဆွဲခြောက်ထုပ် (၁၃)
၁၀ကီလို ဆန်အိပ် (၂)
တစ်ရှူးလိပ်
ဆပ်ပြာ
........
.......
......
"လူတိုင်းမှာသာ ဒီလို အရေအသွေးပြတဲ့ မျက်နှာပြင်တစ်ခုစီ ရှိမယ်ဆိုရင် သန္ဓေပြောင်းလဲနှုန်းဆိုတာလည်း လူတိုင်းမှာ ရှိနေလိမ့်မယ်"
"လျှိုအားလုံက ခေါင်းဆောင်ဖြစ်တော့ နေ့တိုင်း ဗိုက်ဝအောင် စားရမှာ သေချာတယ်... ရေထဲက သန္ဓေပြောင်း ငါးတွေကိုလည်း သူအများကြီး စားခဲ့မှာပဲ... ဒါကြောင့် သူ့ရဲ့ သန္ဓေပြောင်းလဲတဲ့နှုန်းက တခြားလူတွေထက် ပိုမြင့်နေတာ ဖြစ်မယ်"
"ဒါကြောင့်လည်း သူ့ကိုသတ်ပြီးတော့ စနစ်က ငါ့ကို အမှတ် (၂၀) အထိ ပေးခဲ့တာ"
လင်းယွမ်က စိတ်ထဲတွင် ဆက်လက် ခွဲခြမ်းစိတ်ဖြာနေမိသည်။
"နောက်တစ်ချက်က လျှိုအားလုံရဲ့ သန္ဓေပြောင်းလဲတဲ့နှုန်းက အတိုင်းအတာ တစ်ခုအထိ ရောက်နေပြီ... ဒါကြောင့် တခြားလူတွေမှာ ဘာမှမဖြစ်ပေမယ့် သူ့ဆီမှာတော့ သိသာထင်ရှားတဲ့ သန္ဓေပြောင်းလက္ခဏာတွေ ပေါ်လာတာပဲ"
"ဒါဆိုရင် ဘယ်အခြေအနေရောက်မှ ဒီလိုမျိုးဖြစ်တာလဲ... သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ရောက်သွားလို့များလား... ဒါမှမဟုတ် သေရေးရှင်ရေး အခြေအနေမှာ ပေါက်ကွဲထွက်လာတဲ့ ရှင်သန်ချင်စိတ်က သန္ဓေပြောင်းလဲမှုကို လှုံ့ဆော်လိုက်ပြီး အပြင်ပန်း လက္ခဏာအဖြစ် ပေါ်လာစေတာများလား"
လင်းယွမ်မှာ မျက်မှောင်ကြုတ်လျက် စဉ်းစားခန်း ဝင်နေမိသည်။
သူ၏လက်ကမူ အငြိမ်မနေဘဲ လျှိုအားလုံ မျက်နှာပေါ်မှ ထူးဆန်းသော အနီရောင် အကြေးခွံများကို အကြိမ်ကြိမ် စမ်းသပ်နေ၏။
စမ်းသပ်ချက်များအရ ထိုအကြေးခွံများမှာ အလွန်မာကျောလှသည်။
သံချောင်းဖြင့် ထိုအကြေးခွံများကို ရိုက်ခွဲရန်အတွက် သူ၏ အားကို အကုန်သုံးကာ ရိုက်နှက်ခဲ့ရသည်။
သူ၏ အားကုန်ထုတ်လိုက်သော ခွန်အားသည် သာမန်လူတစ်ယောက်၏ နှစ်ဆရှိကြောင်း သတိပြုရမည်။
ဆိုလိုသည်မှာ သာမန်လူတစ်ယောက်သည် လက်နက်ကိုင်ဆောင်ထားလျှင်ပင် ဤအကြေးခွံများ၏ ကာကွယ်မှုကို ဖောက်ဖျက်နိုင်မည် မဟုတ်ပေ။
ထိုအချက်ကို သိလိုက်ရသောအခါ လင်းယွမ်မှာ လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိသည်။
"သန္ဓေပြောင်းတာ... ဆင့်ကဲပြောင်းလဲတာ..."
"ငါ လက်ဦးသွားလို့ သာပေါ့... တကယ်လို့ လျှိုအားလုံကိုသာ အချိန်နည်းနည်း ထပ်ပေးလိုက်ရင် သူ့ သန္ဓေပြောင်းနှုန်းက ပိုမြင့်လာပြီး ငါတောင်မှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"
သူ့ရင်ထဲတွင် ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာပြီး တစ်ပြိုင်နက်တည်းမှာပင် အခြားပြဿနာတစ်ခုကိုပါ တွေးမိလိုက်သည်။
"ဒီတိုက်ထဲမှာ သန္ဓေပြောင်း ငါးတွေကို စားနေတဲ့လူတွေ မနည်းဘူး... လျှိုအားလုံလောက် များများစားစား မစားရတာပဲ ရှိတာ"
"ဒီလူတွေက သန္ဓေပြောင်းငါးတွေကို ရေရှည် စားသောက်နေကြမယ်ဆိုရင် တစ်နေ့ကျရင် လျှိုအားလုံလိုမျိုး စွမ်းရည်တွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလာကြမှာလား"
"ဒီတိုက်အပြင်ဘက်မှာလည်း လျှိုအားလုံလို လူမျိုးတွေ အများကြီး ရှိနေဦးမှာပဲ"
ထိုခဏ၌ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာတော့သည်။
ခွန်အား အမှတ်အနည်းငယ်ရရှိရန် ကံစမ်းမဲနှိုက်ဖို့ မနည်းကြိုးစားခဲ့ရပြီး မိမိကိုယ်ကို လူအများစုထက် သာလွန်ကာ ခုခံကာကွယ်နိုင်စွမ်း ရှိသည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် လျှိုအားလုံ၏ ဆင့်ကဲဖြစ်စဉ်က သူ့စိတ်ထဲမှ လုံခြုံမှုအာမခံချက်ကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်လေပြီ။
"မဖြစ်ဘူး... ငါလည်း အမြန်ဆုံး အစွမ်းထက်လာအောင် လုပ်မှရမယ်"
ထို့နောက် သူက လျှိုအားလုံ၏ အလောင်းကိုကြည့်ကာ ထပ်မံ မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"ဒါပေမဲ့ သန္ဓေပြောင်းပြီးရင် ဒီလို လူမကျ၊ တိရိစ္ဆာန်မကျပုံစံမျိုး ဖြစ်သွားမယ်ဆိုရင်တော့ ပေးဆပ်ရမယ့် တန်ဖိုးက..."
သူ့စိတ်ထဲတွင် တွန့်ဆုတ်မှုအချို့ ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် အကြံတစ်ခု ရလိုက်ပြန်သည်။
"ငါက ကံစမ်းမဲ ဆက်တိုက်နှိုက်ပြီး ရလာတဲ့ အမှတ်တွေနဲ့ ခွန်အားကို တိုက်ရိုက် မြှင့်လို့ရတာပဲ"
"အမှတ်ပေါင်းထည့်တာကလည်း သန္ဓေပြောင်းလဲတဲ့နှုန်းကို တိုးစေသလားတော့ မသိဘူး"
လင်းယွမ်က တွေးတောနေရင်း အလောင်းအားလုံးကို တိုက်ပေါ်မှ ပစ်ချလိုက်သည်။
ရေသံ တဝေါဝေါကို ကြားလိုက်ရပြီး ရေများက အလောင်းများကို ချက်ချင်းပင် ဝါးမျိုသွားလေသည်။
လင်းယွမ်က နောက်ကျိနေသော ရေပြင်ကြီးကို စိုက်ကြည့်နေစဉ် ပင်လယ်ငါးကြီးများ ရေပေါ်သို့ ခုန်တက်လာသည်ကို ရံဖန်ရံခါ မြင်တွေ့နေရသည်။ သူ့ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ရောပြွမ်းနေတော့၏။
ဤသည်ကား စစ်မှန်သော ကမ္ဘာပျက်ရေဘေးကြီး ပင်တည်း။
ဆက်ရန်...