အခန်း (၅၁-၅၂)
Vol. 3 Ch. 51-52
အပိုင်း (၅၁)နောက်ဆက်တွဲ အစီအစဉ်
အခန်းနံပါတ် ၃၂၀၁ အတွင်း၌ ဖြစ်၏။
ရန်မေက လင်းယွမ် ပြန်မလာသေးသဖြင့် အတော်ကြာအောင် စောင့်မျှော်နေခဲ့ရာမှ စိတ်ပူပန်လာရကား နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အပြင်လောကကြီးအပေါ် ကြောက်ရွံ့နေသည့်စိတ်ကို အတင်းဖိနှိပ်ကာ တံခါးပေါက်ဝသို့ ထွက်ရပ်ကြည့်လိုက်သည်။
အခန်းရှေ့ ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသော အလောင်းများကို မြင်လိုက်ရသည့်အခါ သူအမှာ ကြောက်လန့်လွန်းသဖြင့် ဒူးများပင် မခိုင်ချင်တော့ပေ။ ပါးစပ်ကို လက်ဖြင့် အုပ်ထားသော်လည်း ပျို့တက်လာသည့်အရှိန်ကို မနည်း ထိန်းချုပ်လိုက်ရသည်။
သို့သော် ညစာအဖြစ် စားထားသော အမဲသားခြောက်ကို နှမြောတသဖြစ်မိသဖြင့် အန်ထွက်မလာအောင် အတင်းအကျပ် မျိုသိပ်လိုက်ရ၏။
ထိုစဉ် အောက်ထပ်၌ လင်းယွမ်က အလောင်းများကို သယ်ထုတ်ရှင်းလင်းနေသည်ကို မြင်လိုက်ရမှသာ သူမလည်း သက်ပြင်းချနိုင်တော့သည်။ ထို့နောက် အခန်းပြင်သို့ အမြန်ထွက်လာပြီး လင်းယွမ်အား လှမ်းအော်မေးလိုက်လေသည်။
"မောင်လေး... နင် ဘယ်လိုနေလဲ... ဘာမှမဖြစ်ဘူး မလား"
လင်းယွမ်က နောက်သို့လှည့်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော် ဘာမှမဖြစ်ပါဘူး... အမ အခန်းထဲ အရင်ပြန်ဝင်နေဦး... ကျွန်တော် လုပ်စရာလေးတွေ ကျန်သေးလို့... ကျွန်တော် ပြန်မလာမချင်း တံခါးဖွင့်မပေးနဲ့နော်"
သူ့အသံကို ကြားလိုက်ရမှသာ ရန်မေတစ်ယောက် ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမက လိမ္မာရေးခြားရှိစွာဖြင့် တံခါးနောက်သို့ ခြေလှမ်းဆုတ်ရင်း "အင်းပါ... အမ စောင့်နေမယ်နော်" ဟု ပြန်ပြောလိုက်သည်။
လင်းယွမ်က သူမကို အခန်းထဲ အမြန်ပြန်ဝင်ရန် လက်ကာပြလိုက်၏။
ရန်မေ တံခါးပိတ်သွားပြီး မကြာမီမှာပင် မျက်နှာချင်းဆိုင် အခန်း ၃၂၀၂ မှ တံခါးပွင့်လာပြန်သည်။ တင်းယန်နှင့် ချိုင်ကြည်တို့ ထွက်လာကြခြင်း ဖြစ်၏။
ထိုနှစ်ဦးက ရှေ့ဆင့်နောက်ဆင့် ထွက်လာကြပြီး အလောင်းများကို ကူညီသယ်မပေးရန် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်ကိုင်ကြလေသည်။
ချိုင်ကြည်က မနေနိုင်တော့ဘဲ မေးလိုက်၏။ "လင်းယွမ်... လျှိုအားလုံရဲ့ လူတွေကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"
လင်းယွမ်က ခေါင်းမော့မကြည့်ဘဲ အလောင်းတစ်လောင်းကို မကာ စင်္ကြံလမ်းပေါ်မှ ပေါ့ပါးစွာ ပစ်ချလိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ "အဲဒီလူတွေက လျှိုအားလုံနဲ့ပေါင်းပြီး မကောင်းမှုဒုစရိုက်တွေ လုပ်ခဲ့တာ မနည်းဘူးဗျ"
တင်းယန်ကလည်း ချက်ချင်းဆိုသလို လူသတ်လိုသော အငွေ့အသက်များဖြင့် ထောက်ခံပြောဆိုလိုက်၏။ "အကုန် သတ်ပစ်... ဒီလူတွေက သေသင့်သေထိုက်တဲ့ကောင်တွေ... သေတာတောင် နည်းသေးတယ်... တစ်စစီ မွှန်းပစ်သင့်တာ"
ချိုင်ကြည်က သူတို့နှစ်ဦးကိုကြည့်ရင်း စိတ်ထဲ၌ တုန်လှုပ်သွားရသည်။ သူက စိုးရိမ်တကြီးဖြင့် ဆက်ပြောလိုက်သည်။
"အဲဒီလိုလုပ်ရင် ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်မလား... ငါတို့တိုက်မှာက ယူနစ် ခြောက်ခုရှိတာ... လျှိုအားလုံက ပထမယူနစ်ကို ဗိုလ်ကျစိုးမိုးပြီး ဆရာလုပ်နေတာမှန်ပေမယ့် လူသတ်ရင်တောင် သူတို့က ခိုးကြောင်ခိုးဝှက်ပဲ လုပ်ရဲကြတာလေ... ဒီလောက်ကြီး အတိအလင်း မလုပ်ရဲကြဘူး"
"ဒီနေ့ ငါတို့လက်ချက်နဲ့ လူတွေအများကြီး သေသွားတာကို စင်္ကြံလမ်းကနေ တခြားလူတွေ လှမ်းမြင်လိုက်ကြမှာပဲ... တခြားယူနစ်က လူတွေလည်း ငါတို့အပေါ် သံသယဝင်ပြီး ကြောက်ရွံ့သွားကြလိမ့်မယ်"
"ကြောက်တော့ ဘာဖြစ်လဲ... လျှိုအားလုံက အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ အစားအသောက်တွေ လုယက်တယ်၊ သူများအိမ်တွေကို အတင်းအဓမ္မ သိမ်းပိုက်တယ်လေ... အဲဒါကျတော့ သူတို့တွေ ဘာပြောကြလို့လဲ" ဟု တင်းယန်က အေးစက်စက် ပြုံးကာ တုံ့ပြန်လိုက်သည်။
လင်းယွမ်က ချိုင်ကြည်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။ "အစ်ကိုချိုင်... ခင်ဗျားမှာ ဘယ်လိုအကြံဉာဏ်ရှိလို့လဲ... ပွင့်ပွင့်လင်းလင်း ပြောပါ"
ချိုင်ကြည်က ခါးသက်သက် ပြုံးလိုက်ရင်း "လျှိုအားလုံကို လူတွေထောက်ခံတာမျိုး မရှိဘူး... လူတွေက သူ့ကိုကြောက်ကြပေမယ့် စိတ်ထဲမှာတော့ မုန်းနေကြတာ... ငါတို့က သူလျှောက်ခဲ့တဲ့ လမ်းဟောင်းအတိုင်း လိုက်လို့ မဖြစ်ဘူးထင်တယ်"
"တခြားယူနစ်တွေထဲမှာလည်း ရက်စက်တတ်တဲ့ လူမိုက်တွေ ရှိနေနိုင်သေးတယ်... တော်တော်များများက အခန်းထဲမှာပဲ ပုန်းနေကြတာ"
"ငါတို့ဘက်က သိပ်ပြီး ဆူဆူပူပူ ဖြစ်လွန်းရင် အခွင့်ကောင်းချောင်းနေတဲ့သူတွေက အဲဒါကို အသုံးချပြီး ကျန်တဲ့လူတွေကို စုစည်းနိုင်တယ်... ပြီးရင် ငါတို့အဖွဲ့ကို ပြန်တိုက်ခိုက်လာလိမ့်မယ်... အဲဒီလိုဆိုရင် လျှိုအားလုံကို အနိုင်ယူလိုက်ရတဲ့ ငါတို့ရဲ့ အောင်ပွဲရလဒ်တွေက အဖတ်ဆည်မရ ဖြစ်သွားလိမ့်မယ်"
လင်းယွမ်က တွေးတောဟန်ဖြင့် မေးလိုက်သည်။ "ဒါဆို အစ်ကိုချိုင်က ဘယ်လိုလုပ်ချင်လို့လဲ"
ချိုင်ကြည်က အလျင်အမြန် လက်ကာပြလိုက်ရင်း "ဒါက ငါ့အကြံ မဟုတ်ပါဘူး... ဦးလေးမာ စဉ်းစားမိတာပါ... ဦးလေးမာကို မင်းသိပါတယ်... သူက ရပ်ကွက်ရုံးမှာ လုပ်ခဲ့ဖူးတော့ လူမှုဆက်ဆံရေးနဲ့ စီမံခန့်ခွဲရေးအပိုင်းမှာ အတော်လေး ကျွမ်းကျင်တယ်"
"အခုပုံစံအရ ရေကြီးတာကလည်း ပြန်ကျမယ့်ပုံ မပေါ်ဘူး... ကယ်ဆယ်ရေးအဖွဲ့ကိုလည်း မျှော်လင့်လို့ မရတော့ဘူး"
"အဲ့ဒီတော့ အခုလိုအချိန်မှာ ငါတို့အနေနဲ့ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပြီး စနစ်တကျနေထိုင်နိုင်ဖို့နဲ့ အသက်ဆက်နိုင်ဖို့ နည်းလမ်းရှာသင့်တယ်လို့ ဦးလေးမာက ပြောတယ်"
"ဒီလို ကပ်ဘေးကြီး ကြုံနေရချိန်မှာ လူသားအရင်းအမြစ်က အဓိကပဲလေ"
"လောလောဆယ် ရေထဲက ငါးတွေကို ဖမ်းစားလို့ရနေတော့ ငါတို့မှာ အစားအသောက် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဘူး... အဲ့ဒီတော့ လူတွေကို စည်းရုံးပြီး ပစ္စည်းရှာဖွေရေးတွေ... အပြင်လောကကို စူးစမ်းတာတွေ... ကယ်ဆယ်ရေး လမ်းကြောင်းရှာတာတွေ လုပ်သင့်တယ်တဲ့"
"ငါ့အမြင်တော့ သူပြောတာ အတော်လေး ဆီလျော်လို့ မင်းနဲ့ လာတိုင်ပင်တာ"
ချိုင်ကြည်က စကားများကို တရစပ် ပြောဆိုလိုက်ပြီးနောက် လင်းယွမ်က ထိုစကားများကြောင့် ဒေါသထွက်သွားခြင်း မရှိသည်ကို မြင်လိုက်ရမှ စိတ်သက်သာရာ ရသွားတော့သည်။
လင်းယွမ်က လူအများအပြားကို သတ်ဖြတ်ခဲ့ပြီး သူ့စိတ်ဓာတ် မည်မျှပြတ်သားရက်စက်ကြောင်း ပြသခဲ့ပြီးဖြစ်၏။ အကယ်၍သာ သူသည် ငါတကောကောကာ အခြားသူများ၏ အကြံဉာဏ်ကို နားမထောင်တတ်သူ ဖြစ်ခဲ့ပါက အခြေအနေမှာ ဆိုးရွားသွားပေလိမ့်မည်။ ဒုတိယမြောက် လျှိုအားလုံ ဖြစ်လာနိုင်ချေရှိသည်။
ထိုအခြေအနေမျိုးကို ချိုင်ကြည် မမြင်တွေ့လိုပါ။
လင်းယွမ်သည်လည်း လူသတ်ရတာကို နှစ်သက်သူ မဟုတ်သလို လူသတ်ပြီး အာဏာပြချင်သူလည်း မဟုတ်ပေ။ ချိုင်ကြည်၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် အတော်လေး အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားလိုက်ရသည်။
ဤကဲ့သို့ ကမ္ဘာပျက်ကပ်ဘေးကာလတွင် တစ်ယောက်တည်း၏ အင်အားမှာ အကန့်အသတ်ရှိစမြဲပင်။
သူ့တွင် "စနစ်" ရှိနေသော်လည်း ကံစမ်းမဲနှိုက်ရန်အတွက် အမှတ်များ လိုအပ်သည်။ တစ်ယောက်တည်း ငါးဖမ်း၊ ငါးသတ်နေရုံဖြင့် အမှတ် မည်မျှ ရှာနိုင်မည်နည်း။
ထို့ပြင် သူ၏ ပစ္စည်းသိုလှောင်ခန်းတွင် ပစ္စည်းအမြောက်အမြား သိုလှောင်နိုင်သော်လည်း တစ်ယောက်တည်း ရှာဖွေစုဆောင်းပါက မည်မျှ ရှာဖွေနိုင်မည်နည်း။
ထို့ကြောင့် "ခံတပ်ကို မြင့်အောင်ဆောက်၊ ရိက္ခာကို များများသိုလှောင်" ဆိုသည့် ရှေးလူကြီးများ၏ ဗျူဟာမှာ မှန်ကန်ပေသည်။
သို့သော်...
လင်းယွမ်က ချိုင်ကြည်ကို တစ်ချက်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အစ်ကိုချိုင်နဲ့ ဦးလေးမာတို့ တွေးတာ အမှန်ပဲ... လောလောဆယ် အရေးအကြီးဆုံးက လူတွေကို စည်းရုံးသိမ်းသွင်းဖို့ လိုအပ်တာ အမှန်ပဲ"
"ဒါပေမဲ့ အခုလျှိုအားလုံ သေသွားပြီ ဆိုပေမယ့် သူ့လက်အောက်က လူတွေကတော့ အရင်က မကောင်းမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တိရစ္ဆာန်ကောင်တွေပဲ... သူတို့ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး"
"ဒါပေမဲ့ သူတို့ကို ဒီတိုင်း သတ်ပစ်လိုက်ရင်လည်း ပုံရိပ်မကောင်းတာတော့ အမှန်ပဲ... ဒီတော့... အဲဒီကောင်တွေကို အရင်ဖမ်းလိုက်မယ်... ပြီးရင် အမှတ် ၇၆ တိုက်က လူတွေအားလုံးကို စုစည်းပြီး 'လူထုတရားစီရင်ပွဲ' လုပ်ကြတာပေါ့... ဒီကောင်တွေကို ဘယ်လိုစီရင်မလဲ ဆိုတာ လူထုကို ဆုံးဖြတ်ခိုင်းလိုက်မယ်"
လင်းယွမ်၏ စကားကြောင့် ချိုင်ကြည်မှာ အံ့အားသင့်သွားပြီး လင်းယွမ်ကို မော့ကြည့်လိုက်မိသည်။ သူ့မျက်လုံးထဲတွင် လေးစားကြည်ညိုစိတ်များ အထင်းသား ပေါ်လာ၏။
ဤနည်းလမ်းက တကယ့်ကို ပြောင်မြောက်လွန်းလှသည်။
လျှိုအားလုံ၏ လက်ပါးစေများသည် အချိန်ကြာမြင့်စွာ ဒုစရိုက်များကို ကျူးလွန်ခဲ့ကြသူများ ဖြစ်သည်။ အမှတ် ၇၆ တိုက်ရှိ အိမ်ပိုင်ရှင်များထဲတွင် သူတို့၏ နှိပ်စက်မှုကို မခံခဲ့ရသူဟူ၍ မရှိသလောက်ပင်။
အချို့ဆိုလျှင် ထိုလူမိုက်များနှင့် သွေးကြွေးပင် ရှိနေကြသေးသည်။
ထို လူထုတရားစီရင်ပွဲတွင် လျှိုအားလုံ၏ လက်ပါးစေများကို သတ်ပစ်ချင်နေသူများ ဒုနဲ့ဒေး ရှိနေမည်မှာ မလွဲဧကန်ပင်။
ဤနည်းအားဖြင့် လင်းယွမ်သည် ထိုသူမိုက်များကို ရှင်းလင်းရာတွင် လူထုကို "ဓား" သဖွယ် အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လူထုသည် လင်းယွမ်ကို ကျေးဇူးတင်ကြမည်ဖြစ်ပြီး သူ၏ ဦးဆောင်သူနေရာကို အပြည့်အဝ ထောက်ခံလာကြပေလိမ့်မည်။
လင်းယွမ်သည် ဤအခွင့်အရေးကို အသုံးချကာ အမှတ် ၇၆ တိုက်၏ တရားဝင် ခေါင်းဆောင်အဖြစ် လျှိုအားလုံ၏ နေရာတွင် အစားထိုး ဝင်ရောက်နိုင်မည် ဖြစ်သည်။
ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်လှန့်ပြသလို၊ သူများဓားကို ငှားပြီး လူသတ်သည့် နည်းဗျူဟာပင်။
သိပ်ကို ကြောက်စရာကောင်းလိုက်တဲ့ ဉာဏ်ပါတကား။
ချိုင်ကြည်မှာ စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိနေသည်။ လင်းယွမ်က အသက်ငယ်ငယ်လေးနှင့် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလွန်းလှသည်။
သို့သော် ဤသည်မှာ သူတို့အတွက်လည်း ကောင်းသောကိစ္စပင်။ သူနှင့် ဦးလေးမာတို့သည် လင်းယွမ်နောက်သို့ အစောဆုံး လိုက်ပါခဲ့သူများ ဖြစ်ရာ လင်းယွမ်သာ ခေါင်းဆောင်နေရာကို ရောက်သွားပါက သူတို့သည်လည်း မုချဧကန် လင်းယွမ်၏ ယုံကြည်ရသော လက်ရုံးများ ဖြစ်လာကြပေလိမ့်မည်။
ထို့ကြောင့် ချိုင်ကြည်က ချက်ချင်း ထောက်ခံလိုက်သည်။ "အဲဒီနည်းလမ်းက အကောင်းဆုံးပဲ"
တင်းယန်ကလည်း လင်းယွမ်ကို လေးနက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူမသည် တက္ကသိုလ် တွဲဖက်ပါမောက္ခတစ်ဦး ဖြစ်ရာ ဉာဏ်ရည်နိမ့်ပါးသူ မဟုတ်ပေ။
ချိုင်ကြည် တွေးမိသော အရာများကို သူမက မည်သို့ မတွေးမိဘဲ နေမည်နည်း။
ထို့ကြောင့် သူမကလည်း ဝင်ပြောလိုက်သည်။ "ဒါဆို အဲ့လိုပဲ လုပ်ကြတာပေါ့... လင်းယွမ်... ဒီကိစ္စက မြန်မြန်လုပ်မှရမယ်... လျှိုအားလုံရဲ့ လူတွေက အခန်း ၂၉၀၁ ရှေ့မှာ စောင့်နေတဲ့သူတွေ ရှိသလို... ၁၁ ထပ်မှာ ကျန်နေတဲ့သူတချို့လည်း ရှိသေးတယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "သိပြီ... အစ်ကိုချိုင်... ဦးလေးမာကို သွားခေါ်လိုက်... ကျွန်တော်တို့ အခုချက်ချင်း သွားကြမယ်"
"ငါ ဦးလေးမာကို သွားခေါ်လိုက်မယ်" ဟု ပြောကာ ချိုင်ကြည်က အခန်းဘက်သို့ အမြန်လှည့်ထွက်သွားသည်။
တင်းယန်က လင်းယွမ်၏ သွေးများပေကျံနေသော ညာဘက်လက်ကို ကြည့်ရင်း မေးလိုက်၏။ "ရှင့်လက် ဘာဖြစ်သွားသေးလဲ"
လင်းယွမ်က သူ့လက်သီးကို ငုံ့ကြည့်လိုက်သည်။ လျှိုအားလုံကို ထိုးကြိတ်စဉ်က ရခဲ့သော ဒဏ်ရာများ ဖြစ်သည်။
လက်သီးဆစ်များရှိ အရေပြားများ ပေါက်ပြဲနေပြီး အတွင်းမှ အသားစများကိုပင် မြင်နေရသည်။ စောစောက တိုက်ခိုက်နေစဉ်တွင် အရှိန်နှင့်မို့ နာကျင်မှုကို သတိမထားမိခဲ့ပေ။
ယခု မေးလိုက်မှသာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
သူ့မျက်လုံးအိမ် အနည်းငယ် လှုပ်သွားသော်လည်း ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ပြီး "ကိစ္စမရှိပါဘူး... ခွေးရူးလေး လေးငါးကောင်လောက်ကို ရှင်းဖို့တော့ ပြဿနာမရှိပါဘူး" ဟု ပြောလိုက်သည်။
တင်းယန်က သူ့ကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။ "ပေါ့ပေါ့မလုပ်နဲ့နော်... အခုလိုအချိန်မှာ ပိုးဝင်သွားရင် ကုပေးမယ့် ဆရာဝန်လည်း ရှိတာမဟုတ်ဘူး... ဆေးဝါးကိရိယာလည်း မရှိဘူး... ကျွန်မနဲ့ လိုက်ခဲ့"
ပြောပြီးသည်နှင့် လင်းယွမ်၏ ငြင်းဆန်မှုကို လက်မခံဘဲ သူ့လက်ကို အတင်းဆွဲကာ အခန်း ၃၂၀၂ ထဲသို့ ခေါ်ဆောင်သွားလေသည်။
လင်းယွမ် ရောက်လာသည်ကို မြင်သောအခါ အခန်းထဲရှိ ဦးလေးမာ၊ ဝူချင်းနှင့် အခြားသူများက လှမ်းနှုတ်ဆက်ကြသည်။
တင်းယန်က ဝူချင်းအနားသို့ လျှောက်သွားပြီး ကျောက်ခိုင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ဘယ်လိုနေသေးလဲ"
ဝူချင်းက သက်ပြင်းချရင်း "ကျွန်မလည်း ဒီကိစ္စတွေကို နားမလည်တော့... လောလောဆယ် သစ်သားပြားနဲ့ ကျပ်စည်းထားပေးရုံကလွဲပြီး တခြား ဘာမှမတတ်နိုင်ဘူး" ဟု ပြောရှာသည်။
ကျောက်ခိုင်၏ မျက်နှာပေါ်တွင် ချွေးများ ရွှဲနစ်နေသော်လည်း နာကျင်မှုကို အံကြိတ်ခံထားကာ တစ်ခွန်းမျှ ညည်းညူခြင်း မရှိပေ။
တင်းယန်က ပြောလိုက်သည်။ "ခဏတော့ သည်းခံဦးနော်... ကျွန်မတို့ ပြန်လာမှ ဒီတိုက်ထဲမှာ ဆရာဝန်ရှိမရှိ စုံစမ်းကြည့်ပေးမယ်"
ဆက်ရန်...
အပိုင်း (၅၂) လျှိုအားလုံ၏ ပစ္စည်းများကို သိမ်းဆည်းခြင်း
"ဆေးသေတ္တာ ဘယ်မှာလဲ"
ဝူချင်းက ဘေးနားရှိ ဆေးသေတ္တာကို အလျင်အမြန် ကမ်းပေးရင်း "နင် ဒဏ်ရာရထားလို့လား" ဟု မေးလိုက်သည်။
တင်းယန်က ခေါင်းခါပြလိုက်ပြီး "ကျွန်မဟုတ်ဘူး... လင်းယွမ် လက်ကွဲသွားလို့" ဟု ဖြေသည်။
"အမလေး... ပေါ့ဆလို့ မဖြစ်ဘူးနော်... ရော့... ဒီမှာ အိုင်အိုဒင်းနဲ့ ပတ်တီး ရှိတယ်... ပိုးသတ်လိုက်ဦး"
တင်းယန်က ဆေးသေတ္တာကို လှမ်းယူလိုက်ကာ "ကျွန်မပေး... ကျွန်မပဲ လုပ်ပေးလိုက်မယ်" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် ဝူချင်း ကြောင်သွားသည်။ ထို့နောက် တင်းယန်နှင့် လင်းယွမ်ကို တလှည့်စီ ကြည့်လိုက်မိ၏။
သူမ၏ မျက်လုံးထဲတွင် ထူးခြားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ရုတ်တရက် ပြုံးလိုက်ကာ "ရော့... ယူလိုက်" ဟု ပြောလိုက်သည်။
တင်းယန်ကတော့ ဝူချင်း၏ ထူးဆန်းသော အပြုံးကို သတိမထားမိဘဲ အိုင်အိုဒင်းနှင့် ပတ်တီးကို ယူကာ လင်းယွမ်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"လက်ပေး"
လင်းယွမ်က သူမ ဆေးထည့်ပေးရန် လက်ကို ကမ်းပေးလိုက်သည်။
အရေပြားများ စုတ်ပြဲကာ အသားစများ လန်ထွက်နေသော လင်းယွမ်၏ လက်ခုံကို ကြည့်ရင်း တင်းယန်၏ မျက်နှာတွင် စိတ်မကောင်းဖြစ်သည့် အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
သူမက မျက်လွှာကို အနည်းငယ်ချလိုက်ပြီး "နည်းနည်း စပ်မယ်နော်... အောင့်ခံလိုက်" ဟု သတိပေးလိုက်သည်။
လင်းယွမ်က သွားကို စေ့လိုက်ရင်း "အချိန်မဆွဲနဲ့တော့... မြန်မြန်သာ လုပ်ပါ" ဟု ပြောသည်။
ထိုအခါ တင်းယန်လည်း စကားများမနေတော့ဘဲ အိုင်အိုဒင်းဆေးရည်ကို လောင်းချလိုက်သည်။
ရုတ်တရက် ပြင်းထန်သော နာကျင်မှုက ဆောင့်တက်လာသဖြင့် စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဆိုသော လင်းယွမ်ပင်လျှင် "ကျွတ်" ခနဲ စုတ်သပ်ကာ လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိလေသည်။
"အ..."
တင်းယန် ပြာသွားပြီး "နာသွားလား" ဟု အလျင်အမြန် မေးလိုက်သည်။
သူမ၏ မျက်နှာထားတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေ၏။
လင်းယွမ်က အံကိုကြိတ်လိုက်ပြီး "ကိစ္စမရှိဘူး... ဂရုမစိုက်နဲ့... ပတ်တီးသာ စည်းပေး" ဟု ပြောလိုက်သည်။
တင်းယန်သည် စိတ်လှုပ်ရှားမှုကြောင့် လက်များ တုန်ယင်နေသော်လည်း လျင်မြန်စွာပင် ပတ်တီးစည်းပေးလိုက်သည်။
ပတ်တီးစည်းပြီးသည်နှင့် လင်းယွမ်က မတ်တတ်ထရပ်လိုက်ကာ "အားလုံး အဆင်ပြေကြတယ်မလား... ပြီးရင် သွားကြမယ်" ဟု ပြောသည်။
"ငါ အဆင်သင့်ပဲ"
"ကျွန်တော်ရောပဲ" ဟု ကျောက်ခိုင်ကလည်း မတ်တတ်ထရပ်ကာ အော်ပြောလိုက်သည်။
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းလက်က ဒဏ်ရာရထားတယ်... မလိုက်နဲ့တော့... ဒီမှာပဲ အနားယူလိုက်ပါ" ဟု ပြောသည်။
ကျောက်ခိုင်က အံကိုကြိတ်လျက် "အစ်ကိုလင်းယွမ်... ကျွန်တော် လိုက်ချင်တယ်... အဲဒီကောင်တွေ ဘယ်လိုသေသွားလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်လို့ပါ" ဟု ပြောလိုက်သည်။
လင်းယွမ်သည် ဒေါသကြောင့် မျက်လုံးများ နီရဲနေသော ကျောက်ခိုင်ကို ကြည့်ပြီး ဆက်မတားတော့ပေ။ "ကောင်းပြီလေ... သတိတော့ထား... တကယ်တမ်း ချရရင် မင်းကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး"
ကျောက်ခိုင်က သွားကိုဖြဲကာ ပြုံးလိုက်ပြီး "သေရမယ်ဆိုရင်တောင် အဲဒီကောင်တွေထဲက တစ်ကောင်ကို ဆွဲခေါ်သွားဦးမှာ" ဟု တုံ့ပြန်လိုက်သည်။
"ဘာ သေတာ ရှင်တာတွေ ပြောနေတာလဲ... နိမိတ်မရှိ နာမိတ်မရှိ" ဟု ပြောရင်း အဒေါ်ကြီးလီ ရောက်လာကာ ကျောက်ခိုင်၏ ဒဏ်ရာရနေသော လက်မောင်းကို သိုင်းရန်အတွက် အဝတ်စတစ်ခုဖြင့် ကြိုးသိုင်းလုပ်ပေးလိုက်သည်။
ကျောက်ခိုင်၏ ရင်ထဲတွင် နွေးထွေးသွားပြီး အဒေါ်ကြီးလီကို ကြည့်ကာ "ကျေးဇူးပါ" ဟု တိုးတိုးလေး ပြောလိုက်မိသည်။
တစ်ရက်တာမျှသာ အတူရှိခဲ့သော်လည်း လူအားလုံး၏ ဆက်ဆံရေးမှာ များစွာ ပိုမိုရင်းနှီးလာခဲ့ကြပြီ ဖြစ်သည်။
အားလုံး အဆင်သင့်ဖြစ်သောအခါ လင်းယွမ်က သံတူရွင်းကို ကောက်ကိုင်လျက် ရှေ့ဆုံးမှ ဦးဆောင်ထွက်လာခဲ့သည်။
ချိုင်ကြည်နှင့် ဦးလေးမာတို့က နောက်မှလိုက်လာပြီး တင်းယန်နှင့် ကျောက်ခိုင်က နောက်ဆုံးမှ ပိတ်လိုက်ကာ ငါးယောက်သား အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
လှေကားထစ်များမှာ မှောင်မည်းနေသော်လည်း ငါးယောက်သား စုပေါင်းသွားလာနေသဖြင့် မည်သူမျှ မျက်စိစုံမှိတ်ပြီး လမ်းပိတ်ရဲခြင်း မရှိပေ။
၂၉ ထပ်သို့ ရောက်သောအခါ လျှောက်လမ်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေပြီး လူတစ်ယောက်မျှပင် မတွေ့ရပေ။
လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "လူမရှိပါလား" ဟု ရေရွတ်လိုက်သည်။
ဦးလေးမာက အောက်ထပ်သို့ လှမ်းကြည့်လိုက်ပြီး "အပေါ်ထပ်က အသံတွေကြားပြီး ကြိုရှောင်နေကြတာ နေမယ်" ဟု ခန့်မှန်းပြောဆိုလိုက်သည်။
ချိုင်ကြည်က ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး "ဟာ... ဒုက္ခပဲ... အဲဒီကောင်တွေ အောက်ထပ်ဆင်းပြီး စစ်ကူသွားခေါ်တာများလား" ဟု စိုးရိမ်တကြီး ပြောသည်။
လင်းယွမ်က ဂရုမစိုက်ပဲ "လျှိုအားလုံ သေသွားမှတော့ ဒီကောင်တွေ သတ္တိရှိတော့မှာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
"လျှိုအားလုံရဲ့ အခန်းကို အရင်မွှေကြတာပေါ့... သူ့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိလောက်တယ်။"
ထိုသို့ပြောပြီး သူ ထွက်သွားရန် ပြင်လိုက်စဉ် တင်းယန်က "နေဦး... အခန်း ၂၉၀၂ ကို အရင်ဝင်ကြည့်ရအောင်" ဟု ရုတ်တရက် ပြောလာသည်။
လင်းယွမ် လှည့်ကြည့်လိုက်သည်။ ထိုအခန်းသည် ချန်းဟူ ဟုခေါ်သော အိမ်ပြင်သည့်သူနေသည့် အခန်းဖြစ်သည်။
"မင်းမှာ သော့ရှိလို့လား"
တင်းယန်က ပြုံးလိုက်ပြီး အိတ်ကပ်ထဲမှ သော့တစ်ချောင်းကို ထုတ်ပြလိုက်သည်။
"ရှင် အဲဒီလူနှစ်ယောက်ကို သတ်တုန်းက သူတို့အိတ်ကပ်ထဲကနေ ကျွန်မ တွေ့ထားတာလေ"
လင်းယွမ်က သဘောကျစွာ ရယ်မောလိုက်ပြီး သူမကို လက်မထောင်ပြလိုက်သည်။
တင်းယန်ကလည်း ပြုံးလိုက်၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ဦးလေးမာနှင့် ချိုင်ကြည်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အကဲခတ်မိသွားကြသည်။
တင်းယန် အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ခြောက်ယောက်သား အခန်းကို လှန်လှောရှာဖွေကြတော့သည်။
မကြာမီပင် အစားအသောက် အတော်များများကို ရှာဖွေတွေ့ရှိလိုက်ကြသည်။
"ဆန်တစ်အိတ်၊ ခေါက်ဆွဲခြောက် တစ်ဝက်၊ ခေါက်ဆွဲထုပ် နှစ်ထုပ်နဲ့ လေစုပ်ပိတ်ထားတဲ့ ကြက်ဥပေါင်း သုံးလုံး တွေ့တယ်"
တွေ့ရှိသော ပစ္စည်းများကို ရေတွက်ရင်း ဦးလေးမာက "ဒီကောင်တွေမှာ စားစရာတွေ အများကြီး ရှိနေသေးတာပဲ" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
"ဆန်က ၁၁ ပေါင်လောက် ရှိတယ်... တစ်ယောက်တည်းဆို လချီပြီး စားလို့ရသလို ချွေတာစားရင် ခြောက်လလောက်တောင် ခံဦးမှာ" ဟု ချိုင်ကြည်က ဝမ်းသာအားရ ပြောသည်။
သူတို့သည် မကြာသေးမီက ငါးကိုသာ စားနေရပြီး ကစီဓာတ် လိုအပ်နေကြသူများ ဖြစ်သည်။
ယခုကဲ့သို့ ဆန်နှင့် ခေါက်ဆွဲခြောက်များကို ရုတ်တရက် တွေ့လိုက်ရသောအခါ အတိုင်းမသိ ဝမ်းသာသွားကြသည်။
လင်းယွမ်က "အရင် သိမ်းထားလိုက်ဦး... လျှိုအားလုံ အခန်းမှာ ဒီထက်ပိုပြီး ရှိလောက်သေးတယ်" ဟု ပြောလိုက်သည်။
ထို့နောက် အားလုံး အခန်းတံခါးပိတ်ကာ ၂၈ ထပ်သို့ ဆက်ဆင်းလာခဲ့ကြသည်။
လျှိုအားလုံတွင် တိုက်ခန်း အများအပြား ရှိသည်။ ၁၁ လွှာ၊ ၁၄ လွှာ၊ ၂၁ လွှာနှင့် ၂၈ လွှာတို့တွင် သူနေထိုင်သည်။
ထိုအထဲမှ ၁၄ လွှာတွင် သားအမိနှစ်ယောက်အား သူ မွေးထားသည်ကို လင်းယွမ် ဒရုန်းဖြင့် မြင်ဖူးသည်။
သို့သော် ၂၈ လွှာမှ ပြတင်းပေါက်များနှင့် ဝရံတာများကို ပိတ်ထားသဖြင့် အတွင်းပိုင်းကို မမြင်ရပေ။
ယခု ၂၈ လွှာသို့ ရောက်သောအခါ လင်းယွမ်သည် လျှိုအားလုံထံမှ ရထားသော သော့တွဲကို ထုတ်ကာ တစ်ချောင်းချင်း စမ်းဖွင့်ကြည့်လိုက်သည်။
မကြာမီပင် တံခါးပွင့်သွားသည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ငါးညှီနံ့က နှာခေါင်းထဲသို့ အရင်ဆုံး တိုးဝင်လာခဲ့သည်။
ဧည့်ခန်းထဲတွင် ငါးပေါင်း ရာနှင့်ချီ၍ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏!
လင်းယွမ် သဘောပေါက်သွားပြီး "အခန်းတွေထဲ ဝင်ရှာကြ... ဒါ လျှိုအားလုံ အစားအသောက်တွေ ဝှက်ထားတဲ့ နေရာပဲ" ဟု အားလုံးကို ပြောလိုက်သည်။
ဤငါးများမှာ ဖမ်းမိထားသည်မှာ မကြာသေးဘဲ လတ်ဆတ်နေသေးသည်။
လျှိုအားလုံက သူ့တပည့်များကို ဝေပေးရန် သိမ်းထားခြင်း ဖြစ်လောက်သည်။
ငါးရှိသည်ဆိုလျှင် တခြားအစားအစာများလည်း ရှိမှာ သေချာသည်။
ခြောက်ယောက်သား အိမ်ခန်းတစ်ခုလုံးကို နှံ့စပ်အောင် မွှေနှောက်ရှာဖွေကြတော့သည်။
မကြာမီပင် အိပ်ခန်းကျယ်ကြီးဆီမှ ချိုင်ကြည်၏ အော်သံ ထွက်ပေါ်လာသည်။
"ဒီမှာ... စားစရာတွေ အများကြီးပဲကွ... ငါတို့တော့ ပွပြီဟေ့... ပွပြီ"
လင်းယွမ် ဝင်ကြည့်လိုက်ရာ ကုတင်ပေါ်နှင့် ကြမ်းပြင်ပေါ်တွင် စက္ကူဖာများ ပြည့်နှက်နေသည်ကို တွေ့ရသည်။
ကိုကာကိုလာ၊ ခေါက်ဆွဲခြောက်၊ နို့လက်ဖက်ရည်၊ ရေသန့်ဘူး၊ ဆန်၊ ဆီ၊ ဆား အစရှိသည်တို့ကို ဖာလိုက် အစီအရီ တင်ထားခြင်း ဖြစ်သည်။
လင်းယွမ် အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ရာ အနည်းဆုံး ပေါင်ချိန် ရာနှင့်ချီသော အစားအစာများ ဖြစ်ပေလိမ့်မည်။
"ဘုရားရေ... ဒီမှာလာကြည့်ကြဦး"
ဘေးခန်းမှ ဦးလေးမာကလည်း အံ့သြလွန်းသဖြင့် အာမေဋိတ်သံပင် ထွက်လာသည်။
လင်းယွမ်နှင့် ချိုင်ကြည်တို့ အပြေးအလွှား သွားကြည့်လိုက်ကြသည်။
အိပ်ခန်းကျဉ်းဘက်တွင် အရက်ပုလင်းများနှင့် စီးကရက်များကို ကြမ်းပြင်အပြည့် တွေ့ရသည်။
အရက်မျိုးစုံအပြင် ဆေးလိပ်အတောင့်လိုက်များ၊ အထုပ်လိုက်များကိုလည်း ကုတင်ပေါ်တွင် ပုံထားသည်။
"သောက်ကျိုးနည်း... လျှိုအားလုံက ဘယ်လောက်တောင် လိုက်လုထားတာလဲဟ" ဟု ချိုင်ကြည်က မနေနိုင်ဘဲ ပြောလိုက်သည်။
ဦးလေးမာကလည်း "သူက အောက်ထပ်က ကုန်စုံဆိုင်ကို အစောဆုံး ဝင်လုခဲ့တဲ့သူလေ... နောက်ပိုင်းလည်း တခြားအခန်းတွေကို လိုက်မွှေပြီး စုထားတာဆိုတော့ ဒီလောက်များတာ မဆန်းပါဘူး" ဟု ရှင်းပြသည်။
"ဟားဟား... ဒီပစ္စည်းတွေအကုန်လုံး ငါတို့အပိုင် ဖြစ်သွားပြီပေါ့" ဟု ချိုင်ကြည်က ဝမ်းသာအားရ ဆိုသည်။
လင်းယွမ်လည်း ပြုံးလိုက်မိသည်။
ထိုအချိန်တွင် တင်းယန်နှင့် ကျောက်ခိုင်တို့လည်း တခြားပစ္စည်း အတော်များများကို ရှာဖွေတွေ့ရှိထားကြသည်။
သို့သော် အချို့အစားအစာများမှာ ဖွင့်ဖောက်ထားပြီး မှိုတက်နေပြီ ဖြစ်သည်။
"နှမြောစရာကြီး... အပြင်မှာ လူတွေ ငတ်လို့သေကုန်ကြတာကို ဒီကောင်က မစားနိုင်ဘဲ အပုပ်ခံထားတယ်" ဟု ဦးလေးမာနှင့် ချိုင်ကြည်တို့က လျှိုအားလုံကို ကျိန်ဆဲရင်း ဒေါသတကြီး ပြောဆိုကြသည်။
အပြင်လောကတွင် လူမည်မျှ ငတ်ပြတ်နေသည်ကို လျှိုအားလုံက ဂရုမစိုက်ဘဲ ပစ္စည်းများကို အပုပ်ခံသိမ်းထားခဲ့ခြင်း ဖြစ်သည်။
အားလုံး တိုင်ပင်ပြီး ပစ္စည်းများကို ဤနေရာတွင် ခေတ္တထားခဲ့ကာ ပြီးမှ လင်းယွမ်၏ ၃၂ လွှာ တိုက်ခန်းသို့ သယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။
တံခါးပိတ်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ၂၁ လွှာသို့ ဆက်လက်ထွက်ခွာလာကြသည်။
ဤအလွှာတွင်လည်း အလားတူပင် အစားအစာများစွာ ဝှက်ထားသည်။
လျှိုအားလုံသည် ယုန်တစ်ကောင်တွင် တွင်းသုံးပေါက် ရှိရမည်ဆိုသော စကားပုံအတိုင်း အစားအစာများကို တစ်နေရာတည်းတွင် မထားဘဲ ခွဲခြားသိမ်းဆည်းထားပုံ ရသည်။
သို့သော် ဤတစ်ခါတွင် လင်းယွမ်က အိပ်ခန်းကျယ်ကြီးထဲသို့ အရင်ဝင်ကာ ဆန်၊ ဂျုံမှုန့်နှင့် အခြားပစ္စည်းများကို သူ့စနစ်၏ ပစ္စည်းသိုလှောင်ခန်းထဲသို့ တိတ်တဆိတ် ထည့်သွင်းသိမ်းဆည်းလိုက်သည်။
ဤပစ္စည်းများမှာ အကြာကြီးထားလျှင် ပိုးထိုးပြီး ပျက်စီးသွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ၂၈ လွှာတွင် အားလုံးအတွက် လုံလောက်သည်ထက် ပိုသော ပစ္စည်းများ ရှိနေပြီးဖြစ်ရာ လင်းယွမ်အနေဖြင့် ၂၁ လွှာမှ ပစ္စည်းအချို့ကို ယူလိုက်ခြင်းအပေါ် အပြစ်မရှိဟု ခံစားရသည်။
ပစ္စည်းစာရင်းစစ်ပြီးနောက် လင်းယွမ်တို့အဖွဲ့ အောက်ထပ်သို့ ဆက်ဆင်းလာကြသည်။
ထိုစဉ် အခြေအနေကို စုံစမ်းရန် ထွက်ကြည့်ကြသော သတ္တိကောင်းသည့် လူအချို့ကို လျှောက်လမ်းတွင် တွေ့ရသည်။
ဦးလေးမာနှင့် ချိုင်ကြည်တို့သည် လင်းယွမ်၏ ဩဇာအာဏာကို တည်ဆောက်ပေးလိုသဖြင့် ထိုလူများကို အခြေအနေမှန် ရှင်းပြကာ လင်းယွမ်ဘက်ပါအောင် စည်းရုံးပြောဆိုခဲ့ကြလေသည်။
ဆက်ရန်...