← Chapters

အခန်း (၅၃-၅၄)

Vol. 3 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 3 Ch. 53-54

အပိုင်း (၅၃) အင်အား စုရန်အစီအစဉ်

"အစ်ကိုမာလား... မာကောချိုင်... ခင်ဗျားလား"

"ဟေ... ချိုင်ကြည်... ချိုင်ကြည် မဟုတ်လား"

အခန်း (၂၈) ရှေ့မှ ထွက်လာကြစဉ် စင်္ကြံလမ်းပေါ်ရှိ လူအချို့ထံမှ အာမေဋိတ်များ ရုတ်တရက် ထွက်ပေါ်လာသည်။

မာကောချိုင်နှင့် ချိုင်ကြည်တို့ကို မှတ်မိသူများ ရှိနေခြင်းပင်။

ထိုနှစ်ဦးသည် ယခင်က (၃၁) လွှာ စင်္ကြံလမ်းတွင် နေထိုင်ခဲ့ဖူးပြီး လူအများအပြားနှင့် ထိတွေ့ဆက်ဆံဖူးသူများ ဖြစ်ကြသည်။

ရေကြီးမှု မဖြစ်ပွားမီက ဦးလေးမာနှင့် သူ၏ဇနီး လီလန်ဟွာတို့သည် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ လူဟောင်းများဖြစ်ကြရာ အိမ်ရာဝင်းအတွင်းရှိ အိမ်ပိုင်ရှင် အများစုနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်လေသည်။ သို့ဖြစ်၍ သိကျွမ်းသူ များပြားသည်မှာ မဆန်းပေ။

မာကောချိုင်နှင့် ချိုင်ကြည်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ မာကောချိုင်က လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"ဒီအခွင့်ကောင်းကိုသုံးပြီး လျှိုအားလုံ သေသွားပြီဆိုတဲ့သတင်းကို ဖြန့်လိုက်ရအောင်... လင်းယွမ်အတွက် လူထုအရှိန်အဝါ တစ်ခါတည်း တည်ဆောက်ပေးသလို ဖြစ်သွားတာပေါ့"

ချိုင်ကြည်ကလည်း ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ခင်ဗျားပြောတာ ဟုတ်တယ်.. ဒါမှ လူတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်စည်းရုံးနိုင်မှာ... ပြီးတော့ အောက်ထပ်က လျှိုအားလုံရဲ့ လက်ပါးစေတွေကို ဝိုင်းရှင်းဖို့ လူစုပြီးသားလည်း ဖြစ်သွားမယ်"

ထို့နောက် သူတို့နှစ်ဦးသည် လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ လေသံတိုးတိုးဖြင့် သဘောထား တောင်းခံလိုက်ကြသည်။

လင်းယွမ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ဆိုလေသည်။

"ကောင်းပြီလေ... ဒါပေမဲ့ အချိန်ဆွဲမနေနဲ့... မြန်မြန်လုပ်ကြ"

နှစ်ဦးသား ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။ မာကောချိုင်သည် စင်္ကြံလမ်းတစ်ဖက်သို့ လှည့်ကာ အော်ပြောလိုက်တော့သည်။

"ဘယ်သူလဲဟေ့... ဘယ်သူက ငါ့ကို ခေါ်လိုက်တာလဲ... ငါက မာကောချိုင်ပဲ"

ချိုင်ကြည်ကလည်း ဝင်ပြောလိုက်သည်။

"ငါက ချိုင်ကြည်... စောနက ဘယ်သူများလဲဗျ"

စင်္ကြံလမ်းထဲမှ လူသုံးဦး ထွက်လာကြသည်။ ထိုအထဲမှ အဘိုးအိုတစ်ဦးက မာကောချိုင်ကို လှမ်းအော်ပြောလိုက်သည်။

"အစ်ကိုမာ... ကျုပ်လေဗျာ... အစ်ကိုဟွမ်လေ... အရင်က ကျုပ်တို့နှစ်ယောက် စစ်တုရင် အတူထိုးခဲ့ဖူးတယ်လေ... မမှတ်မိတော့ဘူးလား"

မာကောချိုင်က ချက်ချင်း တုံ့ပြန်လိုက်သည်။

"ဟာ... အစ်ကိုဟွမ်လား... ဘုရားရေ... ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီလောက် ပိန်ကျသွားရတာတုန်း"

အစ်ကိုဟွမ်က စိတ်မထိန်းနိုင်စွာဖြင့် မေးလိုက်သည်။

"ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေကြတာလဲ... စောစောက အပေါ်ထပ်မှာ လူတစ်ယောက် အော်ဟစ်ငြီးငြူသံ ကြားလိုက်ရသလိုပဲ... ဘာတွေ ဖြစ်နေကြတာလဲ"

မာကောချိုင်က အားတက်သရော ဖြေလိုက်သည်။

"အစ်ကိုဟွမ်ရေ... သတင်းကောင်းဗျ... သတင်းကောင်းပဲ... လျှိုအားလုံ သေသွားပြီ"

"ဟေ... ဘာပြောတယ်... လျှိုအားလုံ... သေပြီ"

"ဘာ... လျှိုအားလုံ သေပြီ ဟုတ်လား... ဘယ်လိုလုပ်ပြီး သေသွားတာလဲ"

"ဟာကွာ... တကယ်လားဟ... ဒီသတင်းက ဘယ်ကကြားတာလဲ"

သုံးဦးသား ရုတ်တရက် တုန်လှုပ်အံ့သြသွားကြပြီး မေးခွန်းများ တရစပ် မေးမြန်းကြတော့သည်။

ထိုအချိန်တွင် ချိုင်ကြည်ကလည်း ကျန်းထောင်ဟုခေါ်သော လူငယ်တစ်ဦးနှင့် စကားပြောနေလေသည်။

"ကျန်းထောင်... မင်းက (၂၈) လွှာမှာ ပုန်းနေတာကိုး... ငါဖြင့် မသိလိုက်ပါဘူးကွာ"

ကျန်းထောင်က စိတ်လောကြီးစွာဖြင့် မေးလိုက်သည်။

"အစ်ကိုချိုင်... မြန်မြန်ပြောစမ်းပါ... လျှိုအားလုံက ဘယ်လိုလုပ် သေသွားတာလဲ"

ချိုင်ကြည်က အောက်ထပ်သို့ ဆင်းသွားသော လင်းယွမ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ဟိုမှာလေ... သူပဲ... လင်းယွမ်တဲ့... (၃၂) လွှာက တိုက်ခန်းပိုင်ရှင်လေ... မင်းတို့ ကြားဖူးကြတယ်မလား"

ကျန်းထောင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူသည် လင်းယွမ်၏ အကြောင်းကို ကောင်းကောင်းကြီး ကြားဖူးထားသည်။

လွန်ခဲ့သည့် တစ်ပတ်အတွင်း (၃၂) လွှာမှ လင်းယွမ်၏ နာမည်သည် အလွန် ကျော်ကြားလူသိများနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လျှိုအားလုံကို ရင်ဆိုင်ရဲပြီး ပြတ်ပြတ်သားသား တုံ့ပြန်ရဲသော လူနည်းစုထဲမှ တစ်ယောက်ဖြစ်သောကြောင့်ပင်။

လွန်ခဲ့သော ရက်အနည်းငယ်က လျှိုအားလုံသည် သုံးလေးကြိမ် တက်လာပြီး ပြဿနာရှာခဲ့သော်လည်း လင်းယွမ်၏ ရိုက်နှက်မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ ဤကိစ္စကို ဤတိုက်ခန်းတွဲတစ်ခုလုံးရှိ လူတိုင်း သိထားကြသည်။ (၂၈) လွှာ စင်္ကြံလမ်းတွင် နေထိုင်သော ကျန်းထောင်သည်လည်း မသိစရာ အကြောင်းမရှိပေ။

သူက မျက်လုံးအဝိုင်းသားဖြင့် မေးလိုက်သည်။

"သူက လျှိုအားလုံကို ရိုက်သတ်လိုက်တာတော့ မဟုတ်ဘူးမလား"

ချိုင်ကြည်က ပြုံးလိုက်သည်။

"ဟဲဟဲ... သူပဲပေါ့ကွ... စောစောက လျှိုအားလုံတို့အဖွဲ့ အပေါ်တက်လာကြတယ်လေ... လင်းယွမ်က တစ်ယောက်တည်းနဲ့ လျှိုအားလုံ အပါအဝင် သူ့လူခြောက်ယောက်လုံးကို ဒေါသတကြီး သတ်ပစ်လိုက်တာကွ... မယုံမရှိနဲ့... (၃၂) လွှာက လှေကားထစ်တွေမှာ သွေးတောင် မခြောက်သေးဘူး... လျှိုအားလုံရဲ့ အလောင်းက (၃၂) လွှာ စင်္ကြံလမ်းပေါ်မှာ ဒီအတိုင်းကြီး ရှိသေးတယ်"

"အစ်ကိုမာ... ချိုင်ကြည် ပြောတာ တကယ်လား" အစ်ကိုဟွမ်က မနေနိုင်စွာ ဝင်မေးလိုက်သည်။

မာကောချိုင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။

"မြေကြီးလက်ခတ်မလွဲပါပဲဗျာ... လင်းယွမ်သာ မရှိရင် ကျုပ်တို့တွေ လျှိုအားလုံရဲ့ အနိုင်ကျင့်တာကို ဘယ်လောက်ကြာကြာ ခံနေရဦးမလဲ မသိဘူး"

"ကဲပါ... ပြောနေရင် ကြာတယ်... ကျုပ်တို့က လင်းယွမ်နဲ့လိုက်ပြီး လျှိုအားလုံရဲ့ ခွေးလက်ပါးစေတွေကို စာရင်းရှင်းမလို့... ခင်ဗျားတို့ရော သူတို့နဲ့ ရန်ငြိုးမရှိကြဘူးလား... ရန်ငြိုးရှိရင် အခုပဲ လိုက်ခဲ့ကြတော့"

ထိုစကားကို ကြားလိုက်ရသော် လူအများ စိတ်လှုပ်ရှားသွားကြသည်။ သို့သော် အစ်ကိုဟွမ်မှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်၍ အနည်းငယ် တွန့်ဆုတ်နေမိသည်။

ထိုအခြေအနေကို မြင်သောအခါ မာကောချိုင်က ရုတ်တရက် ထပ်ပြောလိုက်သည်။

"အဲဒီ ခွေးလက်ပါးစေတွေကို မိလို့ကတော့ ငါတို့ဆီက သူတို့လုသွားတဲ့ စားစရာတွေကို ပြန်ရလောက်တယ်"

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှိနေသော လူသုံးဦး၏ မျက်လုံးများ အရောင်လက်သွားကြတော့သည်။

စားစရာ...။

ဟုတ်သားပဲ... လျှိုအားလုံ သေသွားပြီဆိုတော့ ဦးဆောင်သူမဲ့ပြီး အဖွဲ့ကွဲသွားပြီ။ ကျန်တဲ့ ခွေးလက်ပါးစေတွေက ဘာမှ သိပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး။

ဒါဆိုရင် အရင်က လျှိုအားလုံတို့ လုယူသွားတဲ့ ငါတို့အစားအစာတွေကို ပြန်တောင်းလို့ ရနိုင်တာပေါ့။

သူတို့အားလုံး ချက်ချင်းပင် စိတ်အားတက်ကြွလာကြပြီး အဖွဲ့နောက်သို့ လိုက်ပါလာကြတော့သည်။

ချိုင်ကြည်က ချက်ချင်း အော်ဟစ်လိုက်သည်။

"လျှိုအားလုံ သေပြီဟေ့... လျှိုအားလုံကို လင်းယွမ်က သတ်လိုက်ပြီ... အားလုံးပဲ လျှိုအားလုံရဲ့ လက်ပါးစေတွေကို လက်တုံ့ပြန်ပြီး ဆီတွေ ဆန်တွေ ပြန်လုကြမယ်ဟေ့"

သူက ဦးဆောင်အော်ဟစ်လိုက်ရာ တစ်လွှာဆင်းလိုက်တိုင်း စင်္ကြံလမ်းတစ်ခုလုံး တုန်ဟီးသွားလေသည်။

လူအများအပြား အခန်းထဲမှ ထွက်လာကြပြီး အခြေအနေကို မေးမြန်းကြသည်။

လျှိုအားလုံ သေဆုံးပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လူထု၏ စိတ်ဓာတ်များ ရုန်းကြွလာကြပြီး လင်းယွမ်၏ နောက်မှလိုက်ကာ လျှိုအားလုံ၏ အဖွဲ့ကို ချေမှုန်းရန် အောက်ထပ်သို့ ဆင်းလာကြတော့သည်။

ဤသို့ဖြင့် လင်းယွမ်တို့လူစုသည် ကနဦး ခြောက်ယောက်မှစ၍ တဖြည်းဖြည်း လူအင်အား တိုးပွားလာရာ (၁၁) လွှာသို့ ရောက်သောအခါ နောက်မှလိုက်ပါလာသူ အယောက်ငါးဆယ်ခန့် ရှိနေလေပြီ။

အချိန်အားဖြင့် လွန်ခဲ့သော နာရီဝက်ခန့်က...

ကျောက်ခိုင် ပက်လိုက်သော ရေနွေးပူတစ်ဇလုံသည် လျှိုအားလုံအဖွဲ့၏ နောက်ဘက်တွင် ရပ်နေကြသော ဝူဟွနှင့် ကျန်းလီတို့ နှစ်ယောက် မျက်နှာတည့်တည့်သို့ ကျရောက်သွားသည်။ သူတို့မှာ ရှောင်တိမ်းချိန်ပင် မရလိုက်ပေ။

ပွက်ပွက်ဆူနေသော ရေနွေးပူကြောင့် သူတို့၏ နဖူးပြင်များ ချက်ချင်း ရဲခနဲ ဖြစ်သွားသည်။

ထိုခဏ၌ပင် ဝူဟွ၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"အား... ပူတယ်... ပူတယ်"

ဘေးနားရှိ ကျန်းလီမှာလည်း မသက်သာလှပေ။ ခန္ဓာကိုယ်အပေါ်ပိုင်း ရေနွေးစိုရွှဲသွားပြီး လက်မောင်းများမှာ ရေနွေးပူလောင်ကာ နီရဲသွားလေသည်။

ကံကောင်းသည်မှာ သူတို့နှစ်ဦးသည် လူအုပ်၏ အပြင်ဘက်အကျဆုံးတွင် ရှိနေသဖြင့် ရေနွေးထိမှန်သော နေရာ သိပ်မများခြင်းပင် ဖြစ်သည်။

ထိုစဉ် လင်းယွမ်က ရုတ်ခြည်း ပြေးထွက်လာလေသည်။

သူသည် သံတူရွင်းကို လှံတိုကဲ့သို့ ကိုင်ဆောင်ကာ မျက်နှာချင်းဆိုင် တည့်တည့်ထိုးစိုက်လိုက်ရာ ထိုးချက်တိုင်းတွင် သွေးအိုင်များ ဖြစ်ပေါ်လာတော့သည်။

ဝူဟွသည် ထိုမြင်ကွင်းကို ကြည့်ရင်း ချက်ချင်း ခေါင်းနပန်းကြီးသွားကာ ကြောက်လန့်တကြား အော်ဟစ်လျက် ခန္ဓာကိုယ်က အလိုအလျောက် အောက်ထပ်သို့ ဆုတ်ခွာပြီးသား ဖြစ်သွားသည်။

လှေကားအောက်သို့ ရောက်၍ သူ လှမ်းကြည့်လိုက်သောအခါ လင်းယွမ်၏ သံတူရွင်းက လျှိုအားလုံ၏ ပခုံးကို ထိုးစိုက်လိုက်သည်ကို တွေ့လိုက်ရသည်။

လျှိုအားလုံသည် ကျားရိုင်းတစ်ကောင် ပိတ်မိနေသကဲ့သို့ မရပ်မနား အော်ဟစ်ရုန်းကန်နေသော်လည်း သေဘေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လျှိုအားလုံ ဇာတ်သိမ်းပြီဖြစ်ကြောင်း ဝူဟွ သိလိုက်သည်။

သူသည် စကားတစ်ခွန်းမျှပင်မဆိုဘဲ အသက်လု၍ အောက်ထပ်သို့ ပြေးဆင်းတော့သည်။

ကျန်းလီမှာ ခြေလှမ်း အနည်းငယ် နောက်ကျနေသော်လည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး ဝူဟွ နောက်မှ ထပ်ကြပ်မကွာ လိုက်ပြေးလေသည်။

နှစ်ယောက်သား (၂၉) လွှာသို့ အရောက်တွင် ကျောက်ခိုင်က "လျှိုအားလုံ သေပြီ" ဟု အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

ထိုခဏတွင် ဝူဟွမှာ ခြေထောက်များ ပျော့ခွေသွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

သူ့မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ နှုတ်မှလည်း တဖွဖွ ရေရွတ်နေမိသည်။

"သွားပြီ... သွားပြီ... အားလုံး ကိစ္စတုံးပြီ"

ချန်းဟူသည် (၂၉) လွှာတွင် တောက်လျှောက် တံခါးစောင့်နေခဲ့ရာမှ အပေါ်ထပ်မှ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် မျက်ခုံးလှုပ်သွားသည်။

သူသည် ခြေထောက်တစ်ဖက်ကို ထော့နဲ့ထော့နဲ့ လုပ်ရင်း အပေါ်ထပ်သို့ လှည့်ကြည့်လိုက်ရာ အသက်လုပြေးဆင်းလာသော ဝူဟွနှင့် ကျန်းလီကို တွေ့လိုက်ရသည်။

ချန်းဟူက ဝူဟွကို လှမ်းဆွဲပြီး အလောတကြီး မေးလိုက်သည်။

"ဘာဖြစ်တာလဲ... အပေါ်မှာ ဘာတွေဖြစ်နေတာလဲ"

ဝူဟွမှာ ချွေးများဒီးဒီးကျလျက် ထိတ်လန့်တကြား အော်ပြောလိုက်သည်။

"လူသတ်နေတယ်... လူသတ်နေတယ်... အစ်ကိုအားလုံတို့အဖွဲ့ကို ဟို လင်းယွမ်ဆိုတဲ့ကောင် သတ်ပစ်လိုက်ပြီ"

ချန်းဟူမှာ ချက်ချင်း ကြောင်အသွားပြီး မယုံနိုင်စွာဖြင့် ပြန်မေးသည်။

"မင်း... မင်း ဘာပြောလိုက်တာလဲ... အစ်ကိုအားလုံတို့ဆီမှာ လူအများကြီး ရှိတာကို လင်းယွမ်တစ်ယောက်တည်းက သတ်ပစ်လိုက်တယ် ဟုတ်လား"

ဝူဟွက စိတ်လောကြီးစွာဖြင့် သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး -

"ခင်ဗျားဘာသာ သွားကြည့်... ခင်ဗျားဘာသာ တက်ကြည့်လိုက်တော့"

ထိုသို့ပြောပြီးသည်နှင့် အောက်ထပ်သို့ ဆက်လက်၍ အသက်လု ပြေးဆင်းသွားတော့သည်။

ချန်းဟူက နောက်မှ ပါလာသော ကျန်းလီကို လှမ်းဆွဲပြီး အော်မေးပြန်သည်။

"တောက်... ဝူဟွ ပြောတာ တကယ်လား... မင်း... မင်း ခဏ ရပ်စမ်း..."

ကျန်းလီက သူ့ကို ဂရုပင်မစိုက်ဘဲ ချန်းဟူ၏ လက်ကို အတင်းရုန်းဖြုတ်ကာ ကြောက်လန့်တကြား အောက်ထပ်သို့ ပြေးဆင်းသွားလေသည်။

အမှန်တွင် လင်းယွမ်၏ လူသတ်သည့် အရှိန်အဝါက အလွန်တရာ ကြမ်းကြုတ်ခက်ထန်လွန်းလှသဖြင့် သူ့ခမျာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေခဲ့ရသည်။

ကျန်းလီက ဘာစကားမျှ မဆိုခဲ့သော်လည်း သူ၏ ရူးမတတ် ထွက်ပြေးပုံကို ကြည့်ခြင်းအားဖြင့် ဝူဟွ ပြောစကားများ မှန်ကန်ကြောင်း ချန်းဟူ အတည်ပြုလိုက်နိုင်တော့သည်။

အစ်ကိုအားလုံတို့အဖွဲ့ တကယ်ကြီး ဇာတ်သိမ်းသွားလေပြီ။

ဆက်ရန်...

အပိုင်း (၅၄) ဝူဟွ၏ အကြံအစည်

"အစ်ကိုဟူ... ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"အစ်ကိုဟူ... လင်းယွမ်ဆိုတဲ့ကောင်က ဒီအခန်းထဲမှာ ရှိနေတာ မဟုတ်ဘူးလား... ဘာလို့ အပေါ်ထပ်ကို ရောက်သွားတာလဲ"

"တောက်... သရဲ ခြောက်တာများလားကွာ"

ချန်းဟူ၏ ဘေးနားရှိ လက်အောက်ငယ်သားနှစ်ဦးက ထိတ်လန့်တကြား အော်ဟစ်မေးမြန်းနေကြသည်။ ချန်းဟူ၏ ခေါင်းထဲတွင်လည်း အရာရာက ရှုပ်ထွေးနောက်ကျိနေတော့သည်။

ဟုတ်ပေသား... လင်းယွမ်က အခန်း ၂၉၀၁ ထဲမှာ ရှိနေတာ မဟုတ်ဘူးလား။ ဘာကိစ္စကြောင့် သောက်ကျိုးနည်း အပေါ်ထပ်ကို ရောက်နေရတာလဲ။ ဒီကောင်က ကိုယ်ပွားအတတ်နဲ့ ခွဲထွက်လိုက်တာများလား။

သူက ဘေးနားရှိ လူတစ်ယောက်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ "ရှောင်စွန်း... မင်း အပေါ်တက်ပြီး သွားကြည့်စမ်း"

ရှောင်စွန်း၏ မျက်နှာက ချက်ချင်း ပျက်သွားပြီး တုန်လှုပ်စွာဖြင့် ပြန်ပြောသည်။ "အစ်ကိုဟူရာ... မကြည့်ခိုင်းပါနဲ့တော့... ကျွန်တော်တို့ ၁၁ လွှာကို ဆင်းပြီး လူသွားခေါ်ကြတာ ပိုကောင်းမယ် ထင်တယ်"

ချန်းဟူက တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သော်လည်း ရှောင်စွန်းကမူ သူ့စကားပင် မဆုံးလိုက်ဘဲ ခေါင်းပြန်လှည့်ကာ ထွက်ပြေးလေတော့သည်။ "ကျွန်တော် လူသွားခေါ်လိုက်မယ်... လူသွားခေါ်လိုက်မယ်"

နောက်ထပ် လက်အောက်ငယ်သားတစ်ဦးကလည်း ထိုနည်းတူပင် နောက်မှ ကပ်လိုက်သွားသည်။ "ကျွန်တော်လည်း လိုက်သွားမယ်"

ချန်းဟူတစ်ယောက် ဒေါသတကြီး ဆဲရေးလိုက်မိသည်။ "ခွေးမသားတွေ... မင်းတို့ကောင်တွေ သောက်သုံးမကျပါလား... အစ်ကိုလုံ ပြန်လာတာနဲ့ မင်းတို့ကောင်တွေ သေပြီသာမှတ်"

ပါးစပ်မှ ဆဲဆိုကြိမ်းမောင်းနေသော်လည်း သူကိုယ်တိုင်လည်း ခြေထောက်တစ်ဖက် မသန်သည့်ကြားမှ ဒရွတ်တိုက်ဆွဲကာ အနောက်မှ အပြေးအလွှား လိုက်ပါသွားတော့သည်။ ခြေထောက်တစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ လှေကားအတိုင်း အမြန်ဆင်းပြေးရသည်။

သူတို့တစ်သိုက်သည် ရှေ့ဆင့်နောက်ဆင့်ဖြင့် ၁၁ လွှာသို့ မနားတမ်း ပြေးဆင်းလာကြသည်။ သို့သော် ပြေးနေရင်းမှ ထိပ်ဆုံးမှ ဦးဆောင်ပြေးနေသည့် ဝူဟွက တဖြည်းဖြည်း တည်ငြိမ်လာသည်။ ၁၄ လွှာသို့ ရောက်သောအခါ သူက ရုတ်တရက် ခြေလှမ်းကို ရပ်တန့်လိုက်သည်။

သူ့နောက်မှ ကျန်းလီလည်း အရှိန်မသတ်နိုင်ဘဲ လိုက်ရပ်လိုက်ရပြီး အော်ပြောလိုက်သည်။ "အစ်ကိုဝူ... မြန်မြန်ပြေးလေဗျာ"

ဝူဟွက ချွေးများရွှဲနေသော ကျန်းလီကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်း စဉ်းစားကြည့်စမ်း... လင်းယွမ်က အောက်အထိ ဆင်းလိုက်လာမယ်ထင်လား"

ကျန်းလီမှာ ကြောင်အသွားသည်။ ထိုကိစ္စကို သူ လုံးဝ မတွေးမိခဲ့ပေ။

ဝူဟွကမူ သူ့ဘာသာသူ ရေရွတ်သလို ဆက်ပြောသည်။ "အစ်ကိုလုံက အား သိပ်သန်တာကွ... သူတို့နှစ်ယောက် တိုက်ခိုက်ကြတဲ့အချိန် လင်းယွမ်က တခြားလူတွေကိုပါ သတ်ခဲ့ရသေးတာဆိုတော့ သူလည်း မောနေလောက်ပြီ... နားဖို့လိုမှာပဲ"

"အခု အစ်ကိုလုံလည်း သေသွားပြီဆိုတော့... ငါတို့ဘက်မှာ အစ်ကိုလုံနေရာကို အစားထိုးမယ့် ခေါင်းဆောင်တစ်ယောက် လိုနေပြီ မဟုတ်လား"

ကျန်းလီလည်း တဖြည်းဖြည်း စိတ်ငြိမ်သွားသည်။ ဝူဟွ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသောအခါ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ "အစ်ကိုဝူ... ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ"

ဝူဟွက အမောဖြေရင်း မျက်လုံးများ အရောင်တောက်လာသည်။ "လာသွားမယ်... အခုလို အခွင့်ကောင်းကြုံတုန်း လျှိုအားလုံရဲ့ လက်ကျန်လူတွေကို ငါတို့လက်အောက် သိမ်းသွင်းရမယ်"

သူက အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်သော်လည်း အခန်း ၁၄၀၁ ၏ နံပါတ်ပြားကို မြင်လိုက်ရသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။ သူ့စိတ်ထဲတွင် အကြံတစ်ခု ဝင်လာဟန်ဖြင့် ချက်ချင်း ဆိုလိုက်သည်။

"နေဦး... ၁၁ လွှာကို မသွားသေးဘူး"

ကျန်းလီတစ်ယောက် သူဘာလုပ်မည်ကို နားမလည်နိုင်ခင်မှာပင် ဝူဟွက အခန်း ၁၄၀၁ ရှေ့သို့ ပြေးသွားပြီး တံခါးကို ဝုန်းခနဲ ထုရိုက်လိုက်တော့သည်။

"တံခါးဖွင့်... တံခါးဖွင့်စမ်း... ဝမ်ယန်မေ တံခါးဖွင့်"

အခန်း ၁၄၀၁ ထဲတွင် ဝမ်ယန်မေနှင့် သမီးဖြစ်သူ လျိုချန်တို့သည် ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။

သားအမိ နှစ်ယောက်လုံး၏ လည်ပင်းတွင် ခွေးလှောင်အိမ်သုံး သံကြိုးများကိုယ်စီ စွပ်ထားကြသည်။ လျိုချန်၏ သံကြိုးကို စားပွဲခြေထောက်တွင် ခတ်ထားသော်လည်း ဝမ်ယန်မေ၏ သံကြိုးကိုမူ ဖြည်ပေးထားသည်။

"မေမေ... သမီး ဗိုက်နာတယ်..."

လျိုချန်က အားအင်ကုန်ခမ်းနေသော ပုံစံဖြင့် ဗိုက်ကို ဖိထားသည်။ သူမ၏ ပေါင်တန်များကြားမှ သွေးများ စီးကျနေသည်။

ဝမ်ယန်မေ၏ ထုံထိုင်းမှိုင်းဝေနေသော မျက်နှာထက်တွင် ထိတ်လန့်မှုများ ချက်ချင်း အထင်းသား ပေါ်လာပြီး သမီးဖြစ်သူအနားသို့ အပြေးသွားလိုက်သည်။ "ချန်ချန်... ချန်ချန် ဘာဖြစ်တာလဲဟင်... မေမေ့ကို မခြောက်ပါနဲ့ သမီးရယ်"

လျိုချန်၏ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ "မေမေ... သမီး မနေချင်တော့ဘူး... သမီးကို ကူညီပါဦး မေမေရယ်"

သူမ ရာသီလာနေခြင်း ဖြစ်သည်။ သို့သော် ယနေ့တွင် လျှိုအားလုံက သူမတို့ သားအမိကို အလွတ်မပေးခဲ့ပေ။ ရာသီလာနေသည့်ကြားမှ လျှိုအားလုံက အတင်းအဓမ္မ ပြုကျင့်ခဲ့သဖြင့် သူမမှာ ဝမ်းဗိုက်တစ်ခုလုံး ဆောင့်အောင့်နာကျင်နေရပြီး စိတ်ဒဏ်ရာကလည်း ပိုမိုကြီးမားနေသည်။

သူမက အထက်တန်းပြီးခါစ၊ ကိုယ်တက်ချင်သော တက္ကသိုလ်ကို တက်ခွင့်ရထားသူ ဖြစ်သည်။ ပျော်ရွှင်ဖွယ်ကောင်းသော တက္ကသိုလ်ကျောင်းသူဘဝကို ဖြတ်သန်းရမည့်အစား ယခုတော့ ခွေးတစ်ကောင်လို အိမ်ထဲတွင် သံကြိုးခတ်ခံထားရပြီး လျှိုအားလုံ၏ တိရစ္ဆာန်စိတ် ရမ္မက်ဖြေစရာ ကိရိယာတစ်ခု ဖြစ်ခဲ့ရလေပြီ။

သေခြင်းတရားကသာ သူမအတွက် တစ်ခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်နေသည်။

ဝမ်ယန်မေက သမီးဖြစ်သူကို ဖက်ထားရင်း ငိုကြွေးလေတော့သည်။ "ချန်ချန်ရယ်... မေမေ မသုံးမကျလို့ပါ... အားလုံးက မေမေ အသုံးမကျလို့ ဖြစ်ရတာပါ... မေမေ့ကို တစ်ယောက်တည်း ထားမသွားပါနဲ့ သမီးရယ်... ဟင့်... ဟင့်"

သူမ ငိုနေစဉ်မှာပင် တံခါးကို ထုရိုက်သံ ထွက်ပေါ်လာသည်။ "ဝမ်ယန်မေ... တံခါးဖွင့်... တံခါးဖွင့်စမ်း"

ဝမ်ယန်မေက ထိုအသံကို ကြားလိုက်ရသည့်အခါ ငိုသံရပ်သွားပြီး တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

"ဝူဟွလား"

လာသူက ဘယ်သူမှန်း သူမ မှတ်မိလိုက်သော်လည်း နေရာမှ မရွေ့ပေ။ လျှိုအားလုံက သူ့မှလွဲ၍ ဘယ်သူလာလာ တံခါးမဖွင့်ပေးရန် သူမကို သတိပေးထားဖူးသည်။

ဝူဟွမှာ အပြင်ဘက်တွင် စိတ်လောကြီးစွာဖြင့် တံခါးကို တဝုန်းဝုန်း ထုနေသော်လည်း အတွင်းမှ လှုပ်ရှားသံမကြားရသဖြင့် ဉာဏ်နီဉာဏ်နက် ထုတ်လိုက်သည်။

"ဝမ်ယန်မေ... အစ်ကိုလုံတို့အဖွဲ့ သင်္ဘောတစ်စီး တွေ့ထားတယ်... လူတွေအများကြီး အဲဒီသင်္ဘောပေါ် တက်ဖို့ လုနေကြတာ... အစ်ကိုလုံက မင်းတို့ကို သွားခေါ်ခိုင်းလိုက်လို့ ငါလာတာ"

"အချိန်မရှိတော့ဘူး... မင်းတို့ မြန်မြန်လုပ်ကြ... ငါတို့ သင်္ဘောနဲ့ အစိုးရဆီ သွားပြီး အကူအညီတောင်းကြတော့မှာ"

အခန်းထဲမှ ဝမ်ယန်မေမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် အံ့ဩဝမ်းသာ ဖြစ်သွားကာ ချက်ချင်း ထရပ်လိုက်သည်။ တံခါးနားသို့ အပြေးအလွှားသွားပြီး အထဲမှနေ၍ လှမ်းအော်မေးလိုက်သည်။

"ဝူ... ဝူဟွ... နင်ပြောတာ တကယ်လား... လျှိုအားလုံက သင်္ဘောတွေ့ထားတာလား... အစိုးရဆီ သွားကြမယ်တဲ့လား"

ဝူဟွက ဇာတ်လမ်းဆက်ထွင်လိုက်သည်။ "ငါက နင့်ကို လိမ်ရဲပါ့မလား... အစ်ကိုလုံ နာမည်ကို သုံးပြီး လိမ်ရဲပါ့မလားဟ... မြန်မြန်ဖွင့်စမ်းပါ... သင်္ဘောက သိပ်မကြီးဘူး လူဦးရေ အကန့်အသတ်ရှိတယ်... နင်တို့ မြန်မြန်လုပ်မှ ရမယ်"

ဝမ်ယန်မေခမျာ ပြာသွားသည်။ ဤနေရာတွင် ပိတ်မိနေရသည်မှာ မျှော်လင့်ချက် ကင်းမဲ့လွန်းလှပြီ။ သူမ၏သမီးမှာလည်း ဗိုက်အောင့်ဒဏ်ကို အလူးအလဲ ခံစားနေရသည်။ ဆရာဝန်နှင့် မပြရလျှင် အခြေအနေ ဆိုးသွားနိုင်သည်။ နိုင်ငံတော် အဖွဲ့အစည်းများနှင့် တွေ့လျှင် ဆရာဝန် ရှိကိုရှိမည်။

အပြင်မှ ဝူဟွက ထပ်မံ၍ တိုက်တွန်း လိုက်သည်။ "အချိန်မရှိတော့ဘူးနော်... နင် ထွက်မလာရင် ငါသွားတော့မယ်"

ထိုစကားကို ကြားသောအခါ ဝမ်ယန်မေမှာ အကြာကြီး စဉ်းစားမနေတော့ဘဲ တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။ "နေဦး... နေဦး... ငါတို့ကို စောင့်..."

စကားပင် မဆုံးလိုက်၊ တံခါးသော့ဖွင့်သံ ကြားသည်နှင့် ဝူဟွက တံခါးကို ဝုန်းခနဲ တွန်းဖွင့်ဝင်လာသည်။

"ဒုန်း"

တံခါးရွက်နှင့် သူမ၏ ခေါင်း ရိုက်မိသွားပြီး ကြမ်းပြင်ပေါ်သို့ ပစ်လဲကျကာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ခေါင်းကွဲပြီး သွေးများ စီးကျလာလျက်နှင့် အခန်းထဲသို့ အတင်းဝင်လာသော ဝူဟွကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။

ဝူဟွက စကားအပိုတွေ ပြောမနေတော့ဘဲ အသင့်ပါလာသော သစ်သီးလှီးဓားကို ထုတ်ကာ ရက်စက်သော အမူအရာဖြင့် မေးလိုက်သည်။ "သော့ ဘယ်မှာလဲ... ဒီအခန်းရဲ့ သော့ ဘယ်မှာလဲ"

ဝမ်ယန်မေမှာ ကြောက်လန့်တကြားဖြင့် ပြန်ဖြေသည်။ "ငါ့... ငါ့မှာ သော့မရှိဘူး... ငါမသိဘူး... လျှိုအားလုံဆီမှာလေ"

ဝူဟွက အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ "နင့်မှာ သော့အပို မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး"

ဝမ်ယန်မေက ခေါင်းကို တွင်တွင်ခါရမ်းရင်း ငြင်းသည်။ "တကယ် မရှိတာပါ... အကုန်လုံး လျှိုအားလုံဆီမှာပါ"

ဝူဟွက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခွေးမ... နင်က မပြောဘူးပေါ့လေ... ဒါဆို နင့်သမီးကို အရင် ထိုးသတ်ပစ်မယ်"

ပြောပြောဆိုဆိုနှင့် သူက အားအင်ချိနဲ့နေသော လျိုချန်ဆီသို့ ပြေးသွားသည်။ လျိုချန်က ကြောက်ရွံ့ခြင်း မရှိ၊ သွေးဆာနေသော ဝူဟွကို မျက်နှာသေဖြင့်သာ ကြည့်နေသည်။ သူမက သေချင်နေတာ ကြာပြီ မဟုတ်လား။

ဝမ်ယန်မေကမူ ကြောက်လန့်တကြား အော်ဟစ်ငိုယိုလေတော့သည်။ "ငါ့မှာ သော့အပို တကယ် မရှိလို့ပါ... တကယ် လျှိုအားလုံဆီမှာပါဆို"

"ခွေးမ... အခုထိ မပြောသေးဘူးလား"

ဝူဟွ စိတ်လောနေပြီ။ သူ အချိန်လုနေရသည်။ ဤအခန်းကို အပိုင်စီးနိုင်မှ ဤအခန်းထဲက အစားအသောက်တွေကို ပိုင်ဆိုင်နိုင်မည်။ ဒါမှသာ ထိုအစားအစာများကို အသုံးချပြီး လျှိုအားလုံ၏ လက်အောက်ငယ်သားများကို ထိန်းချုပ်နိုင်မည်။ သို့မှသာ သူ ခေါင်းဆောင်နေရာသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ကမ္ဘာပျက်နေသည့်အချိန်တွင် တန်ဖိုးအရှိဆုံးက... အစားအသောက်ပင် ဖြစ်သည်။ အစားအသောက်နှင့် ရိက္ခာကို ချုပ်ကိုင်ထားနိုင်မှသာ အာဏာရှိမည်။

အရင်တုန်းက လျှိုအားလုံ ဘာကြောင့် ကြီးပွားလာသနည်း။ သူ့ခန္ဓာကိုယ် သန်မာထွားကြိုင်းပြီး လူမိုက်အဖွဲ့ရှိသော်လည်း အဓိကအချက်မှာ ကုန်စုံဆိုင်ကို လုယက်ပြီး အစားအသောက် အမြောက်အမြားကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ သူ့လူများကို ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်သည်။

အခု သူလုပ်ရမည့်အလုပ်က ဤအစားအသောက် အရင်းအမြစ်များကို ဦးအောင် သိမ်းပိုက်ခြင်းပင်။

ဝူဟွသည် တစ်ချိန်က ကိုယ်ပိုင်စီးပွားရေး လုပ်ခဲ့ဖူးသည့် သူဌေးလေးတစ်ဦး ဖြစ်သောကြောင့် လူစိတ်ကို ထိန်းချုပ်သည့် နေရာတွင် အတွေ့အကြုံရှိသည်။ ခေါင်းဆောင်လုပ်ရမည့် အလုပ်မျိုးကို သူ ကျွမ်းကျင်သည်။ သူ လိုအပ်နေသည်မှာ အခွင့်အရေး တစ်ခုသာ ဖြစ်သည်ဟု သူ့ကိုယ်သူ ခံယူထားသည်။

လျှိုအားလုံလို လူစားက ကံကောင်းပြီး လူကောင်ထွားရုံသာ ရှိသည်။ အခြေအနေကို အခွင့်ကောင်းယူပြီး တက်လာခြင်းသာ ဖြစ်သည်။ ယခုတော့ ရေအလှည့်ပြီး၍ မီးအလှည့် ရောက်လာပြီ။ သူ ဝူဟွ၏ ခေတ် ရောက်လာပြီ ဖြစ်သည်။

သို့သော် ဤအရာအားလုံး ဖြစ်မြောက်ဖို့ရန် ပထမဆုံး လိုအပ်ချက်မှာ ဤအခန်းသော့ကို ရရှိပြီး ရိက္ခာများကို ထိန်းချုပ်ကာ အာဏာတည်ဆောက်နိုင်ဖို့ပင်။

အချိန်သိပ်မရတော့သည်ကို သူ သိသည်။ လျှိုအားလုံ သေဆုံးသည့်သတင်း ပျံ့နှံ့သွားသည်နှင့် လူတွေက အခြေအနေကို သဘောပေါက်ပြီး ဤနေရာကို ရိက္ခာလာလုကြတော့မည်။ ထို့ကြောင့် သူ အချိန်ကို အမိအရ ဆုပ်ကိုင်ရမည်။ သူ အလွန် လောနေသည်။

ထိုအချိန်တွင် သူက ဓားကို ကိုင်လျက် လျိုချန်၏ လက်တစ်ဖက်ကို ဆွဲကာ ဝမ်ယန်မေဘက်သို့ လှည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင် ပြောမှာလား မပြောဘူးလား... မပြောရင် နင့်သမီးရဲ့လက်ကို အရင် ဖြတ်ပစ်မယ်"

ဆက်ရန်...

All Chapters