အခန်း (၅၅-၅၆)
Vol. 3 Ch. 55-56
အပိုင်း (၅၅) ဝမ်ယန်မေ ဆင့်ကဲပြောင်းလဲခြင်း
ဝမ်ယန်မေတွင် သော့အပို အမှန်တကယ် မရှိပေ။
လျှိုအားလုံက ငတုံး ငအ မဟုတ်သဖြင့် ဝမ်ယန်မေလက်ထဲတွင် သော့အပို ထားခဲ့မည် မဟုတ်ပေ။ ဝူဟွ ယခု လုပ်နေသည့် အလုပ်ကို လျှိုအားလုံက စောစီးစွာကပင် လုပ်ပြီးခဲ့ပြီ ဖြစ်သည်။ သူက ခြိမ်းခြောက်တစ်လှည့် မြှောက်ပေးတစ်လှည့်ဖြင့် ဝမ်ယန်မေလက်ထဲမှ သော့အားလုံးကို ယူထားပြီး ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ယန်မေတစ်ယောက် အမှန်တကယ် အခက်တွေ့နေရှာပြီ။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်လျက် ငိုယိုတောင်းပန်နေရှာသည်။
"ဝူဟွ... ငါ့ဆီမှာ တကယ် သော့အပို မရှိလို့ပါ... သော့တွေအကုန် လျှိုအားလုံဆီမှာပါ... တောင်းပန်ပါတယ်... သမီးလေးကို လွှတ်ပေးပါ... နင် ဘာလုပ်ချင်ချင် ငါ့ကို လုပ်ပါ... တောင်းပန်ပါတယ်... ငါ တောင်းပန်ပါတယ်"
"ခွေးမ... ငါ လူမသတ်ရဲဘူး ထင်နေလား"
ဝူဟွက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မကောင်းသောစိတ်များ ပေါက်ဖွားလာကာ လက်ထဲမှ ဓားဖြင့် လျိုချန်၏ လက်ဝါးကို အားကုန် ထိုးစိုက်လိုက်သည်။
"အား..."
လျိုချန်၏ သနားစဖွယ် အော်သံကြီး ထွက်ပေါ်လာသည်။ ဖြူဖပ်ဖြူရော် မျက်နှာလေးပေါ်တွင် နာကျင်လွန်းသဖြင့် မျက်ရည်များ စီးကျလာသည်။
"သမီးလေး..."
ဝမ်ယန်မေမှာ မျက်နှာတစ်ခုလုံး သွေးဆုတ်သွားပြီး အသက်ကိုပင် ပဓာနမထားတော့ဘဲ ဝူဟွထံသို့ ပြေးဝင်သွားသည်။
ဝူဟွက ဒေါသတကြီးဖြင့် သစ်သီးလှီးဓားကို လျိုချန်၏ လည်ပင်းတွင် တေ့လိုက်ပြီး "ကောင်မ... ပြောမှာလား မပြောဘူးလား" ဟု မာန်မဲလိုက်သည်။
ဝမ်ယန်မေမှာ ကြောက်လန့်တကြားဖြင့် ဝူဟွ၏ ခြေထောက်ကို ဖက်တွယ်ကာ အသနားခံရှာသည်။
"ဝူဟွ... ငါ့မှာ တကယ် မရှိလို့ပါ... ကျိန်ရဲပါတယ်... ငါသာ လိမ်ပြောရင် အသေဆိုးနဲ့ သေပါစေ... နောက်ဘဝ ပြည့်တန်ဆာ ဖြစ်ပါစေ... တစ်ကိုယ်လုံး အနာစိမ်းပေါက်ပြီး ပြည်တည်ပါစေ... ငါ့ဆီမှာ တကယ် မရှိလို့ပါ... တောင်းပန်ပါတယ်... သမီးလေးကို လွှတ်ပေးပါ... လျိုချန်လေးကို လွှတ်ပေးပါ... ဟင့်... ဟင့်..."
ထိုစဉ် အခန်းပြင်မှ ကျန်းလီ၏ အသံ ထွက်ပေါ်လာသည်။
"အစ်ကိုဝူ... မြန်မြန်လုပ်... ချန်းဟူတို့ ဆင်းလာကြပြီ"
ဝူဟွ ထိတ်လန့်သွားသည်။ ချက်ချင်းပင် ရက်စက်သော စိတ်တို့ ဝင်ရောက်လာကာ သားအမိနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ မဆိုဘဲ လျိုချန်ကို ဓားဖြင့် ထိုးလိုက်တော့သည်။
"ဇွက်"
သွေးများ ပန်းထွက်လာသည်။ အထက်တန်း အောင်ကာစသာ ရှိသေးသော လျိုချန်၏ ဘဝခရီးလမ်းသည် ဤနေရာတွင်ပင် အဆုံးသတ်သွားခဲ့ရရှာပြီ။
"မလုပ်နဲ့..."
ဝမ်ယန်မေက ဝူဟွထံသို့ အတင်း ခုန်အုပ်လိုက်သည်။ ဝူဟွက တွေဝေမနေဘဲ သစ်သီးလှီးဓားကို ဆွဲထုတ်ကာ ဝမ်ယန်မေကိုပါ ထိုးရန် ရွယ်လိုက်သည်။
သို့သော် မည်သူမျှ ထင်မှတ်မထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်ယန်မေ၏ လက်နှစ်ဖက်ဆီမှ ငွေရောင်အကြေးခွံများ လျင်မြန်စွာ ပြန့်နှံ့ထွက်ပေါ်လာသည်။ သူမ၏ လက်သည်းများကလည်း ရုတ်ခြည်း ရှည်ထွက်လာတော့သည်။
"ဘာဖြစ်တာလဲ"
ဝူဟွမှာ ဒေါသရော ကြောက်စိတ်ပါ ရောပြွမ်းသွားပြီး မျက်လုံးပြူးသွားသည်။ သူက ဓားမြှောင်ဖြင့် ထိုးလိုက်သော်လည်း ဝမ်ယန်မေက ဓားကို ဖမ်းဆုပ်လိုက်သည်။
ပုံမှန်ဆိုလျှင် ထက်ရှသော ဓားမြှောင်က လက်ဝါးကို လွယ်ကူစွာ ဖောက်ထွက်သွားသင့်သော်လည်း လက်ဝါးပေါ်ရှိ ငွေရောင်အကြေးခွံများက သံချပ်ကာပမာ ကာကွယ်လိုက်နိုင်ခြင်း ဖြစ်သည်။
ဝမ်ယန်မေက မသိစိတ်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရွှပ်"
ဓားသွားပမာ ထက်ရှသော လက်သည်းရှည်ကြီးများက ဝူဟွ၏ လည်ပင်းကို ဖြတ်တောက်သွားသည်။
"ရှီးးး..."
သွေးများ အရှိန်ပြင်းစွာ ပန်းထွက်လာသည်။ ဝူဟွက လည်ပင်းကို အုပ်လျက် မယုံကြည်နိုင်စွာ နောက်ဆုတ်သွားပြီး ဝမ်ယန်မေကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်သည်။
ဝမ်ယန်မေလည်း လန့်သွားပြီး မိမိလက်ကို ပြန်ကြည့်သည်။ သူမ၏ လက်ဖဝါးပြင်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ လက်ဖမိုးမှသည် လက်ကောက်ဝတ်အထိ အဖြူရောင် အကြေးခွံများ ဖုံးလွှမ်းနေသည်။
လက်ချောင်းဆယ်ချောင်းမှ လက်သည်းများသည် (၃) လက်မခန့် ရှည်ထွက်နေပြီး အစိမ်းရောင်သမ်းသော အနက်ရောင်ပြောင်းကာ အေးစက်သော အလင်းရောင်များ တောက်ပနေသည်။
"အားးးးးးးးးး..."
ဝမ်ယန်မေ စူးဝါးစွာ အော်ဟစ်လိုက်သည်။ ချက်ချင်းပင် ထိုထူးဆန်းသော ပြောင်းလဲမှုများကို ဂရုမစိုက်နိုင်တော့ဘဲ သမီးဖြစ်သူ လျိုချန်ကို ကြည့်လိုက်သည်။
"သမီး... သမီးလေး..."
သူမ ငိုကြွေးရင်း သမီးကို ပွေ့ဖက်ကာ လျိုချန်၏ လည်ပင်းဒဏ်ရာကို ဖိနှိပ်ထားမိသည်။ သို့သော် လျိုချန်မှာ အသက်မရှိတော့ပေ။
"အစ်ကိုဝူ... မြန်မြန်လုပ်"
တံခါးဝမှ ကျန်းလီသည် အပေါ်ထပ်မှ ခြေသံများ ကြားလိုက်ရသဖြင့် စိတ်မရှည်နိုင်တော့ဘဲ တံခါးဖွင့်ကာ ဝင်လာခဲ့သည်။ တံခါးကို ပြန်ပိတ်လိုက်ပြီး မှောင်မိုက်နေသော ဧည့်ခန်းကို ကြည့်ကာ လှမ်းအော်လိုက်သည်။
"အဟင့်... အဟင့်..."
အခန်းထဲတွင် မိန်းမတစ်ယောက်၏ ငိုသံကိုသာ ကြားရသည်။ ကျန်းလီ သံသယဝင်သွားပြီး ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
"အစ်ကိုဝူ... အစ်ကိုဝူဟွ..."
စားပွဲနားသို့ ရောက်သောအခါ ထိုနေရာမှ အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဝူဟွ၏ အလောင်းက ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး လည်ပင်းမှ အသားများ လန်ထွက်ကာ သွေးအိုင်ထဲတွင် လဲနေသည်။ ဝမ်ယန်မေက သမီးဖြစ်သူ လျိုချန်၏ အလောင်းကို ဖက်ကာ ရှိုက်ငိုနေသည်။
ကျန်းလီ ထိတ်လန့်တကြား နောက်တစ်လှမ်း ဆုတ်လိုက်မိသည်။
"အစ်ကိုဝူ... အစ်ကိုဝူ..."
ထိုခေါ်သံက ဝမ်ယန်မေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။ ဝမ်ယန်မေက ချက်ချင်း လှည့်ကြည့်လိုက်သည်။
မှောင်မိုက်နေသော အခန်းထဲတွင် အငြိုးအတေးတို့ ပြည့်နှက်နေသည့် မျက်လုံးတစ်စုံကိုသာ ကျန်းလီ မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ယန်မေက သူ့ထံ ခုန်အုပ်လာသည်။ သူက လက်ဖြင့် တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် မယုံကြည်နိုင်စရာ မြင်ကွင်းကို တွေ့လိုက်ရသည်။ ဓားသွားလို ထက်ရှနေသော ဝမ်ယန်မေ၏ လက်သည်းများက "ရွှပ်" ခနဲ အသံနှင့်အတူ သူ၏ လက်ချောင်းများကို ဖြတ်တောက်သွားသည်။
နာကျင်မှုကို မခံစားရသေးခင်မှာပင် လည်ပင်းတွင် အေးခနဲ ဖြစ်သွားပြီး အသက်ရှူရ ခက်ခဲလာသည်။ မြင်ကွင်းများ တဖြည်းဖြည်း မည်းမှောင်သွားပြီး သူ၏ အသိစိတ်များ လွင့်ပါးစပြုလာသည်။
နောက်ဆုံး သူ မြင်လိုက်ရသည်မှာ ဖြူလွလွ အိပ်ဝတ်စုံနှင့် ဆံပင်ဖားလျားချထားသော ဝမ်ယန်မေသည် သရဲတစ္ဆေတစ်ကောင်နှင့် တူနေခြင်းပင်။
ချန်းဟူတို့အဖွဲ့ (၁၄) လွှာသို့ ရောက်သောအခါ အခြေအနေကို ကောင်းစွာ မသုံးသပ်နိုင်ကြသေးပေ။ သူတို့မှာ ခေါင်းငုံ့ပြေးနေရဆဲဖြစ်ပြီး (၁၄) လွှာတွင် မရပ်ဘဲ အောက်ထပ်သို့ ဆက်ပြေးကြသည်။
(၁၄) လွှာအောက်ဘက်သည် လျှိုအားလုံ၏ လူများ နေထိုင်ရာ နယ်မြေဖြစ်သည်။ ချန်းဟူက ပြေးရင်းလွှားရင်း အော်ဟစ်လိုက်သည်။
"ထွက်ခဲ့ကြ... အကုန် ထွက်ခဲ့ကြ..."
"လက်နက်တွေ ယူခဲ့ကြ... ပစ္စည်းတွေ ယူခဲ့ကြဟေ့..."
သူက အသံကုန် အော်ဟစ်လိုက်ရာ အိမ်ခန်းများထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ စင်္ကြံလမ်းများပေါ်မှ လူများလည်း ထွက်လာကြသည်။
လူတစ်ယောက်က "အစ်ကိုဟူ... ဘာဖြစ်တာလဲ" ဟု မေးသည်။
"ချန်းဟူ... မင်း အစ်ကိုအားလုံနဲ့အတူ အပေါ်တက်သွားတာ မဟုတ်ဘူးလား"
"အစ်ကိုဟူ... ခြေထောက်က ဘာဖြစ်လာတာလဲ"
"ဘာတွေ ဖြစ်နေကြတာလဲ"
(၁၁) လွှာမှ (၁၄) လွှာအထိ လူအယောက် (၂၀) နီးပါး ထွက်လာကြသည်။ ထိုလူများသည် တုတ်၊ ဓားမ၊ ဓားမြှောင်၊ သံတူ စသည်တို့ကို ကိုင်ဆောင်ထားကြသည်။ ဤလူများသည် လျှိုအားလုံ၏ အမာခံ တပည့်များ ဖြစ်ကြသည်။
ချန်းဟူက လူအုပ်ကို မြင်လိုက်ရမှ စိတ်လှုပ်ရှားစွာဖြင့် "အပေါ်ထပ်မှာ ပြဿနာတက်ကုန်ပြီ... အစ်ကိုအားလုံကို (၃၂) လွှာက အိမ်ပိုင်ရှင် လင်းယွမ် သတ်လိုက်ပြီလို့ ဝူဟွက ပြောတယ်... မြန်မြန်... လက်နက်တွေ ယူပြီး တက်ကြည့်ရအောင်" ဟု ပြောလိုက်သည်။
"ဒါနဲ့... ဝူဟွနဲ့ ကျန်းလီရော"
ပြောရင်းမှ ချန်းဟူ သတိရကာ မေးလိုက်ခြင်း ဖြစ်သည်။ လူအုပ်ထဲမှ မျက်မှောင်ကြုတ်ထားသော လူတစ်ယောက် ထွက်လာသည်။
"ချန်းဟူ... မင်း ဘာတွေ လာရွှီးနေတာလဲ... အစ်ကိုအားလုံကို အိမ်ပိုင်ရှင်က ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
ထိုလူ၏ အမည်မှာ ဝမ်မုံ ဖြစ်သည်။ လျှိုအားလုံ၏ လက်ရုံးတစ်ဆူ ဖြစ်သော်လည်း အပေါ်ထပ်ကိစ္စများကို ဝင်မပါဘဲ အောက်ထပ် ပစ္စည်းဆယ်လုပ်ငန်းကို ဦးစီးသူ ဖြစ်သည်။ ပစ္စည်းဆယ်လုပ်ငန်းသည် အကျိုးအမြတ် များပြားရာ ဆယ်ယူရရှိသမျှ ပစ္စည်းတိုင်း ဝမ်မုံလက်မှတစ်ဆင့် ဖြတ်သန်းရသည်။ ဤမျှ အရေးပါသော နေရာကို ပေးထားသည်ကို ကြည့်လျှင် လျှိုအားလုံက သူ့ကို မည်မျှ ယုံကြည်ကြောင်း သိသာနိုင်သည်။
ချန်းဟူက မာန်မတက်ရဲဘဲ "အစ်ကိုမုံ... ဝူဟွနဲ့ ကျန်းလီ ပြောတာပါ... အပေါ်ထပ်မှာ အော်ဟစ်သံတွေ ကြားရတာတော့ အမှန်ပဲ" ဟု ပြန်ပြောလိုက်သည်။
ဝမ်မုံက "ဝူဟွနဲ့ ကျန်းလီလား... သူတို့ ဘယ်မှာလဲ" ဟု မေးသည်။
ချန်းဟူ ကြောင်သွားပြီး "သူတို့ ကျွန်တော်တို့ ရှေ့က ပြေးဆင်းသွားတာလေ... ခင်ဗျားတို့ မတွေ့ကြဘူးလား" ဟု မေးလိုက်သည်။
ဝမ်မုံက ဘေးလူများကို ကြည့်ကာ "ဝူဟွနဲ့ ကျန်းလီကို တွေ့လိုက်ကြလား" ဟု အော်မေးသည်။ လူအားလုံးက ခေါင်းခါကြသည်။ မည်သူမျှ မတွေ့လိုက်ကြပေ။
ချန်းဟူက "သူတို့ စင်္ကြံလမ်းကနေ တခြားတိုက်ဘက် ကူးပြေးသွားတာများလား" ဟု သံသယဖြင့် ပြောလိုက်သည်။
ဝမ်မုံက ထိုနှစ်ယောက်ကိစ္စကို ဆက်မပြောတော့ဘဲ အပေါ်ထပ် အခြေအနေကို မေးမြန်းသည်။ "အပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အစအဆုံး ပြောစမ်း"
ချန်းဟူက ယနေ့ ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် ပြောပြလိုက်သည်။
ခဏကြာသောအခါ ဝမ်မုံ၏ မျက်နှာထား တင်းမာသွားသည်။ အထူးသဖြင့် လျှိုအားလုံ တစ်ခုခု ဖြစ်သွားနိုင်သည်ဟူသော စကားကို ကြားသောအခါ သူ၏ မျက်လုံးများ အရောင်တောက်လာသည်။
ထို့နောက် လူအုပ်ဘက် လှည့်ကာ အမိန့်ပေးလိုက်သည်။
"လက်နက်တွေ ပြင်ထားကြ... ချန်ကျစ်မင်၊ ဖန်ချီ... မင်းတို့နှစ်ယောက် လူနည်းနည်း ခေါ်ပြီး ဒီမှာ နေခဲ့... ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့"
ပြောပြီးသည်နှင့် မီးသတ်ပုဆိန်ကို ကောက်ကိုင်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။ လူအုပ်ကြီးက အုံနှင့်ကျင်းနှင့် အပေါ်ထပ်သို့ တက်သွားကြသည်။
(၁၄) လွှာသို့ ရောက်သည်နှင့် အပေါ်ထပ်မှ ခြေသံများကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် "လက်စားချေမယ်" "လျှိုအားလုံရဲ့ ခွေးတွေကို ရိုက်သတ်ကြ" ဟူသော အော်ဟစ်သံများကိုပါ ကြားလိုက်ရသည်။
ဝမ်မုံတို့ မျက်နှာ ပျက်သွားကြသည်။ ချန်းဟူလည်း နဖူးမှ ချွေးစေးများ ပြန်လာသည်။ ဝမ်မုံက ချက်ချင်းပင် "လူစုခွဲလိုက်... မတိုးကြနဲ့... စင်္ကြံလမ်းဘက် ထွက်နေ" ဟု အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် လင်းယွမ်၊ ချိုင်ကြည်၊ အစ်ကိုမာတို့လည်း (၁၄) လွှာသို့ ရောက်လာကြသည်။
အုပ်စုနှစ်စု မျက်နှာချင်းဆိုင် တွေ့ကြလေပြီ။ လင်းယွမ်၏ နောက်မှ လူများလည်း အသံတိတ်သွားကြပြီး အောက်ဘက်မှ လူများကို ဒေါသတကြီး ကြည့်နေကြသည်။
နှစ်ဖက်စလုံး တံတွေးမြိုချရင်း မည်သူမျှ စတင် မတိုက်ခိုက်ရဲကြပေ။ တင်းမာနေသော လေထုကြောင့် လူတိုင်း၏ လက်ဖဝါးတွင် ချွေးများ စို့လာကြသည်။
ဆက်ရန်...
အပိုင်း (၅၆) နှစ်ဖက် အပြန်အလှန်တိုက်ခိုက်ခြင်း
ဝမ်မုံသည် လင်းယွမ်တို့ လူအုပ်စုကို ကြည့်ကာ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။
လျှိုအားလုံနောက်သို့ လိုက်ပါလာသည့် တစ်လျှောက်လုံးတွင် သူတို့သည် တိုက်ခန်းပိုင်ရှင်များကို စိတ်တိုင်းကျ နှိပ်စက်ညှင်းပန်းခဲ့ကြသော်လည်း ယခုကဲ့သို့ လူအများအပြား စုပေါင်းကာ ပြန်လည်တော်လှန်သည်ကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။
ဤသည်မှာ ပထမဆုံးအကြိမ်ပင်။
သူက အဖွဲ့ကို ဦးဆောင်လာသည့် လင်းယွမ်ကို အာရုံစိုက် ကြည့်မိလိုက်သည်။ လင်းယွမ်၏ နာမည်ကို ကြားဖူးသော်လည်း လူကို မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
လျှိုအားလုံ တိုက်ခန်းများကို လိုက်လံရှင်းလင်းစဉ်က (၃၂) ထပ်သို့ ရောက်သောအခါ အထိနာခဲ့သဖြင့် ပြန်ရောက်လာချိန်တွင် ဒေါသတကြီး ဖြစ်ခဲ့ဖူးသည်။ လျှိုအားလုံ၏ ယုံကြည်စိတ်ချရသော လက်ရုံးတစ်ဆူအနေဖြင့် ဝမ်မုံသည် လင်းယွမ်အကြောင်းကို ကောင်းကောင်းကြီး သိထားသည်။
ယခု လင်းယွမ်ကို မြင်လိုက်ရသောအခါ အရပ်ရှည်ရှည်၊ သားရေဂျာကင်နှင့် ဆိုင်ကယ်စီး ဦးထုပ်ကို ဆောင်းထားသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ရယ်စရာကောင်းနေသည်။ သို့သော် သူကိုင်ဆောင်ထားသော သံချောင်း၏ ထိပ်ဖျားကို ပြားသွားအောင် ထုပြီး သွေးထားသည်ကို မြင်လိုက်ရသောအခါ ဝမ်မုံမှာ မရယ်နိုင်တော့သည့်အပြင် စိတ်ထဲ၌ပါ လေးလံသွားရသည်။
ထိုလူ့ထံမှ အရှိန်အဝါ တစ်မျိုး ထွက်ပေါ်နေသည်။
အာရုံခံကြည့်လိုက်လျှင် ထိုအရာက "လူသတ်ငွေ့" ဖြစ်ကြောင်း သိသာလှသည်။
ဟုတ်ပေသည်။ သူကိုယ်တိုင်လည်း လူသတ်ဖူးသူ ဖြစ်၍ လူသတ်ဖူးသူချင်းသာ ရရှိနိုင်သော ခံစားမှုကို နားလည်သည်။ ဤလင်းယွမ်က လူသတ်ဖူးသည်။ လူအများအပြားကို သတ်ဖူးသူ ဖြစ်ရမည်။
"အစ်ကိုအားလုံကို သူ တကယ်ပဲ သတ်လိုက်တာလား..."
ဝမ်မုံ၏ စိတ်ထဲတွင် သံသယများ ဝင်လာသည်။ လျှိုအားလုံသည် ခွန်အားဗလ အလွန်ကြီးမားသူ ဖြစ်ကြောင်း သူသိသည်။ ဒီလူက လျှိုအားလုံကို သတ်နိုင်တယ် ဟုတ်လား။ ဒါဆို သူကရော ဒီလူကို ယှဉ်နိုင်ပါ့မလား။
ထိုအတွေး ဝင်လာသည်နှင့် သူ၏ စိတ်ထဲတွင် ပြန်လှည့်ချင်စိတ် ပေါ်လာမိသည်။
သို့သော် သူ ဒီတိုင်း နောက်ဆုတ်သွား၍ မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အပေါ်ထပ်ရှိ လူများကို အနိုင်ကျင့် စော်ကားထားခဲ့ဖူးသောကြောင့် ဖြစ်သည်။ အကယ်၍သာ သူ အလျှော့ပေးလိုက်လျှင် တစ်ဖက်လူအုပ်ကြီးက ဝိုင်းအုံလာပြီး သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်ကြပေလိမ့်မည်။
ထို့ကြောင့် သူက မျက်နှာထားကို တင်းလိုက်ပြီး လင်းယွမ်တို့ဘက်သို့ လှမ်းအော်လိုက်သည်။ "မင်းတို့ကောင်တွေ ဘာလုပ်ကြမလို့လဲ... သေချင်နေကြတာလား"
လျှိုအားလုံတို့ လူစုသည် လူများကို ကာလရှည်ကြာ ဖိနှိပ်ထားခဲ့ဖူးသဖြင့် သူတို့၏ အရှိန်အဝါက လူများကို ကြောက်လန့်စေခဲ့သည်မှာ အမှန်ပင်။ သူက ထိုသို့ ဟိန်းဟောက်လိုက်သောအခါ တစ်ဖက်လူအုပ်ထဲမှ လူအတော်များများမှာ မသိစိတ်၏ စေ့ဆော်မှုဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားကြပြီး ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြသည်။
လင်းယွမ်က ဝမ်မုံကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့နောက်ရှိ စည်းလုံးမှုမရှိသော လူအုပ်ကြီး၏ စိုးရိမ်ထိတ်လန့်မှုနှင့် ပျော့ညံ့မှုတို့ကို ခံစားလိုက်ရသည်။
သူ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ လူအင်အား များနေရုံဖြင့် ဘာလုပ်ရမည်နည်း။ ဤတိုက်ခန်းပိုင်ရှင်တွေက ပျော့ညံ့လွန်းသည့် လူအုပ်စုမျှသာ။ တကယ်တမ်း တိုက်ခိုက်ကြလို့ သွေးထွက်သံယို ဖြစ်လာလျှင် အားလုံး ထွက်ပြေးကုန်ကြမည့်သူတွေချည်း ဖြစ်သည်။
သို့သော် ဤအချိန်တွင် သူ အလျှော့ပေး၍ မဖြစ်။ အလျှော့မပေးရုံသာမက တစ်ဖက်လူထက် ပို၍ ပြင်းထန်သော သဘောထားကို ပြသရမည်။
လင်းယွမ်က လက်ထဲမှ သံချောင်းကို မြှောက်လိုက်ပြီး ဝမ်မုံကို ချိန်ရွယ်ကာ အေးစက်စွာ ပြောလိုက်သည်။ "လာလေ... ငါကတော့ သေချင်နေတာ... မင်း သတ္တိရှိရင် လာခဲ့!"
ဝမ်မုံမှာ စကားတစ်ခွန်းတည်းဖြင့် ပါးစပ်ပိတ်သွားတော့သည်။ သူက သေချာပေါက် ရှေ့မတိုးရဲပေ။
ထို့ကြောင့် သူက မဲ့ပြုံးပြုံးရင်း "သေချင်ရင် မင်းပဲ လာခဲ့လေ" ဟု ပြန်ပြောလိုက်သည်။
လင်းယွမ်က သူ့ကို စိုက်ကြည့်ရင်း "လျှိုအားလုံ သေပြီ... မင်းတို့ကောင်တွေ သူ့ကို အားကိုးပြီး လူတွေကို အနိုင်ကျင့် ဗိုလ်ကျခဲ့ကြတာ... အခု သူ သေပြီဆိုတော့ ငါတို့ မင်းတို့နဲ့ စာရင်းရှင်းရတော့မယ်" ဟု ဆိုလိုက်သည်။
ထို့နောက် လင်းယွမ်က နောက်သို့ လှည့်ကာ လူအုပ်ကြီးကို ပြောလိုက်သည်။ "ခင်ဗျားတို့ ကြည့်ကြစမ်း... ဒီကောင်တွေထဲမှာ ကျုပ်တို့ တိုက်ခန်းကလူ ဘယ်နှစ်ယောက် ပါလို့လဲ"
"အားလုံးက အပြင်လူတွေ... ပြီးတော့ တိုက်ခန်းစီမံရေးရုံးက ကောင်တွေချည်းပဲ"
"သူတို့က ကျုပ်တို့ ကို အိမ်ပေါ်ကနေ မောင်းထုတ်တယ်... ကျုပ်တို့ ပိုင်တဲ့ တိုက်ခန်းတွေကို သူတို့ မတရား သိမ်းထားလို့ ကျုပ်တို့ မှာ စင်္ကြံလမ်းတွေပေါ်မှာပဲ အိပ်ကြရတာ"
"ဒီကောင်တွေက လူရေခွံခြုံထားတဲ့ တိရစ္ဆာန်တွေပဲ... ကျုပ်တို့ အခန်းတွေကို လုယူရုံတင် မကဘူး... မိန်းမတွေကိုလည်း စော်ကားတယ်... လူသတ်ပြီး ရိက္ခာတွေ လုတယ်... လူစိတ်ဆိုတာ နည်းနည်းလေးမှကို မရှိကြတာ"
"ဒီနေ့... ဒီကောင်တွေကို အသေရိုက်သတ်ပြီး သေသွားတဲ့ ငါတို့ မိတ်ဆွေတွေအတွက် ကလဲ့စားချေကြမယ်... ငါတို့ရဲ့ ရိက္ခာတွေကို ပြန်ယူကြမယ်"
လင်းယွမ်၏ စကားအနည်းငယ်က သူ့နောက်ရှိ လူအုပ်ကြီး၏ ဒေါသနှင့် တိုက်ခိုက်လိုစိတ်ကို ချက်ချင်း မီးမွှေးပေးလိုက်သလို ဖြစ်သွားသည်။
တချို့က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ တချို့က ဇနီးသည်ကို တစ်ဖက်လူများက အဓမ္မ သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ တချို့က အိမ်ရှိရိက္ခာများကို အလုခံခဲ့ရသည်။ ဤလူများသည် နဂိုကတည်းက နာကြည်းချက် ပြင်းထန်နေသူများ ဖြစ်သည်။
ယခု လင်းယွမ်၏ စကားလုံးများဖြင့် လှုံ့ဆော်လိုက်သောအခါ သူတို့၏ မျက်လုံးများ နီရဲလာပြီး အသက်ရှူသံများ ပြင်းထန်လာကြသည်။ လူသတ်လိုသော အငွေ့အသက်များ သူတို့ရင်ထဲတွင် ဖုံးလွှမ်းလာသည်။
လင်းယွမ်က ဆက်၍ အော်ဟစ်လိုက်သည်။ "မိန်တုဥယျာဉ်ရဲ့ ပိုင်ရှင်အစစ်က ကျုပ်တို့ တွေပဲ... ဒီအပြင်လူတွေကို မောင်းထုတ်ကြ"
"အားလုံး... သတ်"
လင်းယွမ်က ကျားဟိန်းသံကဲ့သို့ အော်ဟစ်လိုက်ပြီး သံချောင်းကို မြှောက်ကာ ဘေးနားရှိ လှေကားလက်ရန်းကို အားကုန် ရိုက်ချလိုက်သည်။
"ဒေါင်" ခနဲ ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာသည်။
ထိုအသံသည် စစ်ပွဲစတင်သည့် ခရာသံအလား ဖြစ်သွားသည်။
သွေးဆူနေသော လူငယ်အချို့က စိတ်မထိန်းနိုင်တော့ဘဲ လိုက်ပါ အော်ဟစ်ကြတော့သည်။ "ဒီကောင်တွေကို သတ်ကြ"
"ခွေးမသားတွေ... အသေ သတ်ပစ်ကြ"
"မျိုးမစစ်တွေ... ငါ့အစ်မရဲ့ အသက်ကို ပြန်ပေး"
လင်းယွမ်ကလည်း ထပ်မံ အော်ဟစ်လိုက်သည်။ "တက်"
သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူ့နောက်မှ ချိုင်ကြည်နှင့် အစ်ကိုမာတို့ကလည်း မျက်လုံးများ နီရဲလျက် အော်ဟစ်ကာ လိုက်ပါလာကြသည်။ သူတို့ စတင် လှုပ်ရှားလိုက်သည်နှင့် နောက်မှ လူအုပ်ကြီးသည်လည်း ဒေါသများကို ဖောက်ခွဲကာ တစ်ဖက်လူများဆီသို့ ဝင်ရောက် စီးနင်းကြတော့သည်။
ဤအချိန်တွင် နာကြည်းမုန်းတီးမှုက အရာအားလုံးထက် ပို၍ ကြီးမားနေသည်။ လျှိုအားလုံနှင့် သူ့လူများကို ကြောက်ရွံ့ခဲ့သော စိတ်များအားလုံးသည် ဒေါသမီးလျှံအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ အမုန်းတရားသည် အပြင်းထန်ဆုံးသော လောင်စာကဲ့သို့ လူတိုင်း၏ ဒေါသကို မီးရှို့လိုက်ပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝမ်မုံနှင့် သူ့လူများမှာ မျက်နှာပျက်သွားကြသည်။
သူ စကားတစ်ခွန်းမှ မပြောတော့ဘဲ ချက်ချင်း နောက်လှည့် ပြေးတော့သည်။ စောစောက ရက်စက်ကြမ်းကြုတ်ပြနေသော မျက်နှာထားများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
နောက်တာမဟုတ်ဘူး။ ဒီအခြေအနေမှာ သူ့ဆီမှာ အသက်ဆယ်ချောင်း ရှိရင်တောင် လုံလောက်မှာ မဟုတ်ဘူး။ တစ်ဖက်က တိုက်ခန်းပိုင်ရှင်တွေက သိုးအုပ်လို လူတွေဆိုပေမယ့် သူတို့ကို ဦးဆောင်လာတဲ့သူကတော့ ကျားရဲတစ်ကောင် ဖြစ်နေသည်။
ထိုသူသည် ဟာသပြောနေခြင်း မဟုတ်။ ယခုအခြေအနေတွင် အသက် ဆယ်သက်ရှိလျှင်ပင် အသက်ရှင်ရန်လုံလောက်မည် မဟုတ်တော့။ သူတို့၏ မျက်နှာချင်းဆိုင်ရှိ အိမ်ပိုင်ရှင်များက ကြောက်စရာမကောင်းပဲ သိုးအုပ်တစ်အုပ်ကဲ့သို့သာ ဖြစ်ကြသော်လည်း ထိုသိုးအုပ်ကို ဦးဆောင်နေသူကတော့ ခြင်္သေ့၊ ကျားကဲ့သို့သော အစွမ်းအစရှိသူ ဖြစ်နေသည်။
ဝမ်မုံက ဦးဆောင်၍ ထွက်ပြေးသည်နှင့် လျှိုအားလုံ၏ တပည့်များမှာ တာကျိုးသည့် ရေများပမာ ပြိုကွဲသွားပြီး ချက်ချင်း နောက်လှည့် ထွက်ပြေးကြတော့သည်။
တချို့က အောက်ထပ်သို့ ပြေးဆင်းကြသည်။ တချို့က စင်္ကြံလမ်းအတိုင်း ဘေးကပ်လျက် တိုက်ခန်းတွဲဆီသို့ ပြေးကြသည်။ အခြား တိုက်ခန်းတွဲ တစ်ခုခုသို့ ရောက်သွားပြီး လှေကားတစ်နေရာရာတွင် ပုန်းရှောင်လိုက်လျှင် လူများပြီး ရှုပ်ထွေးနေသည့်အတွက် သူတို့ကို ရှာဖွေရန် ခက်ခဲသွားပေလိမ့်မည်။
လင်းယွမ်က ဘာမှ ပြောမနေတော့ဘဲ စောစောက ဦးဆောင် လေကျယ်နေသည့် ဝမ်မုံနောက်သို့ တန်းတန်းမတ်မတ် လိုက်တော့သည်။
လျှိုအားလုံ သေသွားပြီ ဖြစ်ရာ လက်ရှိတွင် ဤလူက လျှိုအားလုံ၏ နေရာကို အစားထိုးမည့်ပုံ ပေါက်နေသည်။ လျှိုအားလုံ၏ အဖွဲ့ထဲတွင် ဤလူက ဩဇာအာဏာ အရှိဆုံး ဖြစ်ပေလိမ့်မည်။
လင်းယွမ်က သူ့ကို လုံးဝ အလွတ်ပေး၍ မဖြစ်။ အကယ်၍သာ ထိုသူ ထွက်ပြေး လွတ်မြောက်သွားပြီး တစ်နေရာရာတွင် ပုန်းအောင်းနေမည်ဆိုလျှင် နောင်တစ်ချိန်၌ သူ့အတွက် အိပ်မက်ဆိုး ဖြစ်လာနိုင်သည်။
လှေကားလမ်းတစ်လျှောက်တွင် လူများဖြင့် ပြည့်နှက်နေသည်။ လင်းယွမ်သည် သာမန်လူထက် နှစ်ဆရှိသော ခွန်အားကို အသုံးပြုကာ ပိတ်ဆို့နေသူများကို ဝင်တိုက်ပြီး ရှေ့ဆက်တိုးသည်။
တစ်စုံတစ်ယောက်က ရှုပ်ထွေးနေစဉ် အခွင့်ကောင်းယူပြီး လင်းယွမ်ကို ဓားမြှောင်ဖြင့် ထိုးလိုက်သည်။ သို့သော် လင်းယွမ်၏ သားရေဂျာကင်အောက်မှ သံပြားက ကာကွယ်ပေးလိုက်သည်။
လင်းယွမ်က ဘယ်သူဘယ်ဝါမှန်း ခွဲခြားမနေတော့ဘဲ အလိုအလျောက် တုံ့ပြန်မှုဖြင့် ထိုလက်ကို ဖမ်းဆုပ်ကာ လက်ထဲမှ သံချောင်းဖြင့် ပြန်လည် ရိုက်နှက်လိုက်သည်။ သံချောင်းက ထိုလူ၏ လက်မောင်းကို အရှိန်ဖြင့် ရိုက်မိသွားပြီး လူအုပ်ကြားထဲမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
လင်းယွမ်က ရလဒ်ကို ကြည့်မနေတော့ဘဲ အရှေ့သို့သာ အတင်း တိုးဝင်သွားသည်။ မကြာမီမှာပင် စင်္ကြံလမ်းပေါ်သို့ ရောက်ရှိသွားသည်။
အရှေ့ဘက်တွင် ဝမ်မုံနှင့် သူ့လက်ပါးစေ နှစ်ယောက်က ဒုတိယမြောက် တိုက်ခန်းတွဲ၏ လှေကားလမ်းဆီသို့ ပြေးနေကြသည်။
လင်းယွမ်က "ရပ်လိုက်စမ်း" ဟု အော်ဟစ်လိုက်သည်။
သူက ခြေလှမ်းကျဲကြီးများဖြင့် ပြေးလွှားလိုက်ပြီး စင်္ကြံလမ်းပေါ်ရှိ အိုးခွက်ပန်းကန်များကို ခုန်ကျော်လိုက်သည်။ ဤစင်္ကြံလမ်းတွင် တဲများထိုးကာ မည်သူတွေ နေထိုင်နေကြသည်ကိုတော့ မသိပေ။
အတားအဆီးများကို ကျော်ဖြတ်ပြီးနောက် လင်းယွမ်သည်လည်း ဒုတိယမြောက် တိုက်ခန်းတွဲသို့ ရောက်ရှိသွားသည်။
သူ ရှေ့ဆက်ပြေးရန် မပြုလုပ်ရသေးခင်မှာပင် အရေးပေါ်မီးထွက်ပေါက်တံခါး နောက်ကွယ်မှ ဓားသွားအရောင် လက်ခနဲ ဖြစ်သွားသည်။
ထို့နောက် ဝမ်မုံ၏ ကြောက်မက်ဖွယ် အော်သံ ထွက်ပေါ်လာသည်။ "သေစမ်းကွာ"
ဝမ်မုံက လှေကားလမ်းထဲ ဝင်ပြေးခြင်း မဟုတ်ဘဲ စင်္ကြံလမ်းနှင့် လှေကားကြားရှိ အရေးပေါ်မီးထွက်ပေါက်တံခါးအနောက်တွင် ပုန်းအောင်းပြီး ချောင်းမြောင်းနေခြင်း ဖြစ်သည်။
လင်းယွမ်မှာ ရန်သူကို အမိဖမ်းရန် စိတ်လောနေသဖြင့် တခဏတာ သတိလက်လွတ် ဖြစ်သွားခဲ့သည်။
ထိုဓားချက်က လင်းယွမ်၏ လည်ပင်းတည့်တည့်သို့ ချိန်ရွယ် ခုတ်ပိုင်းလာခြင်း ဖြစ်သည်။
အရေးကြုံချိန်တွင် လင်းယွမ်က ခေါင်းကို ငုံ့ကာ ဦးခေါင်းဖြင့် ဓားချက်ကို ဝင်ခံလိုက်သည်။
"ဒေါင်"
အသံအကျယ်ကြီး မြည်သွားပြီး လင်းယွမ်၏ ဆိုင်ကယ် ဦးထုပ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ဦးထုပ်ပေါ်ရှိ ပလတ်စတစ်သားများ အက်ကွဲသွားသည်။
ကံကောင်းသည်မှာ ဓားချက်က အတွင်းသို့ မဖောက်နိုင်ဘဲ ဦးထုပ်က ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။
လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ သေမင်းနှင့် ဤမျှ နီးကပ်သွားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူက ချက်ချင်း ခေါင်းမော့လိုက်ပြီး "ခွေးမသား..." ဟု ဆဲရေးလျက် လက်ထဲမှ သံချောင်းဖြင့် ထိုးစိုက်လိုက်သည်။
"ဒုတ်"
သံချောင်းသည် ဝမ်မုံ၏ ဗိုက်ထဲသို့ အရှိန်ပြင်းစွာဖြင့် တိုးဝင်သွားတော့သည်။
ဆက်ရန်...