အခန်း (၅၇-၅၈)
Vol. 3 Ch. 57-58
အပိုင်း (၅၇) ဝမ်မုံကိုရှင်းပစ်ခြင်း
ဝမ်မုံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒဏ်ရာမှ ဖောက်ထွက်နေသော သံတူရွင်းကို လှမ်းဆွဲလိုက်သည်။
ဤလူမိုက်ကား အလွန်ဇွဲကောင်းလှ၏။ ယခုအချိန်ထိ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေဆဲဖြစ်ပြီး ဓားကိုဝှေ့ယမ်းကာ ထပ်မံခုတ်ပိုင်းရန် ပြင်လိုက်သည်။
လင်းယွမ်၏ မျက်နှာထားမှာလည်း မာထန်ခက်ထန်နေပြီး သေမင်းကို အန်တုရဲသူပီပီ နောက်မဆုတ်ခဲ့ပေ။ လက်တစ်ဖက်က သံတူရွင်းကို ဆုပ်ကိုင်ထားရင်း ခြေထောက်ကိုမြှောက်ကာ ဝမ်မုံ၏ ရင်ဘတ်ကို အားကုန် ဆောင့်ကန်လိုက်သည်။
"ဘုန်း"
ဝမ်မုံမှာ ကန်ချက်ကြောင့် လွင့်ထွက်သွားပြီး သံတူရွင်းကြီးက သူ့ဝမ်းဗိုက်ထဲမှ "ဗွက်" ခနဲ ကျွတ်ထွက်သွားတော့သည်။ တခဏချင်းမှာပင် သွေးများ ပန်းထွက်လာပြီး သံတူရွင်းတစ်ခုလုံး သွေးများဖြင့် ရဲရဲနီသွားသည်။
ဝမ်မုံ၏ ခန္ဓာကိုယ်သည် နံရံကို ဝုန်းခနဲ ဝင်ဆောင့်မိသွား၏။ ကြမ်းပြင်ပေါ်သို့ ပန်းထွက်လာသော သွေးများက မှိုတက်နေသော နေရာများနှင့် ရောနှောကာ ကြမ်းပြင်တစ်ခုလုံး နီရဲသွားစေသည်။
သူ့ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာပြီး လက်ထဲမှ ဓားကို ဆက်မကိုင်ထားနိုင်တော့ဘဲ "ဂလွမ်" ခနဲ အသံမြည်ကာ ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားတော့သည်။
လင်းယွမ်က ပေါ့ပေါ့ဆဆ မနေရဲပေ။ ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သံတူရွင်းဖြင့် ထိုလူမိုက်၏ ခေါင်းကိုချိန်ကာ အားကုန် ထိုးစိုက်လိုက်သည်။
"ဒုတ်"
သာမန်လူထက် နှစ်ဆသာလွန်သော ခွန်အားကို ထုတ်သုံးလိုက်ရာ ပြားပြီးချွန်ထက်နေသော သံတူရွင်းထိပ်က ဝမ်မုံ၏ မျက်လုံးအိမ်ထဲသို့ တိကျစွာ စိုက်ဝင်သွားတော့သည်။ ဝမ်မုံက "အစ်... အစ်" ဟူသော အသံထွက်ကာ နှစ်ချက်ခန့် ဆက်တိုက် တုန်ခါသွားပြီးနောက် ငြိမ်ကျသွားတော့သည်။
စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
[ဒင်... သင်သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်သည့်အတွက် အမှတ် (၁၆) မှတ် ရရှိသည်]
လင်းယွမ်က ထိုအသံကို ဂရုမစိုက်နိုင်။ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် အလွန်အန္တရာယ်များလှသည်။ သူ့ခွန်အားက သာမန်လူထက် နှစ်ဆရှိသော်လည်း မောဟိုက်လာသည်။ သွေးများဆူပွက်ပြီးနောက် မောပန်းနွမ်းနယ်မှုက နောက်ဆက်တွဲ ပါလာစမြဲပင်။
သူက ခွန်အားကိုသာ တိုးမြှင့်ထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု ကို မမြှင့်ထားသဖြင့် မောပန်းလွယ်သည်။ တိုက်ခိုက်ချိန်တွင် အားအလွန်အကျွံ သုံးလိုက်ရသဖြင့် ခန္ဓာကိုယ်စွမ်းအင် ပိုကုန်ခမ်းသွားသည်။ လွယ်လွယ်ပြောရလျှင် ပေါက်ကွဲအား ကောင်းလာသော်လည်း ကြာရှည်ခံနိုင်စွမ်း လျော့နည်းသွားခြင်း ဖြစ်သည်။
"ကြည့်ရတာ... စွမ်းရည်အားလုံးကို ညီမျှအောင် တိုးမှ အားနည်းချက် မရှိမယ့်ပုံပဲ"
လင်းယွမ်က နံရံကိုမှီပြီး အနည်းငယ် အနားယူရင်း တိုက်ပွဲအခြေအနေကို သုံးသပ်နေသည်။ စင်္ကြံလမ်း တစ်ဖက်တွင် အခန်းပိုင်ရှင်များက လျှိုအားလုံ၏ လူများကို ဝိုင်းဝန်းရိုက်နှက်နေကြပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်နေသည်။
လင်းယွမ် အမောပြေသည်နှင့် ဝမ်မုံ၏ အလောင်းကို ဆွဲမကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ဟိန်းဟောက်လိုက်သည်။ "ဝမ်မုံ သေသွားပြီ... ဘယ်သူ ပြန်တိုက်ရဲသေးလဲ"
သူက အလောင်းကို မြှောက်ပြလိုက်ရာ အသံမှာ မိုးခြိမ်းသံပမာ ကျယ်လောင်လှသည်။ လူတိုင်းက လှည့်ကြည့်လာကြပြီး သွေးသံရဲရဲ အလောင်းကို မြင်လိုက်ရသောအခါ စိတ်ပြန်ငြိမ်သွားကြသည်။
လင်းယွမ်က အလောင်းကို ပစ်ချလိုက်ပြီး ရှေ့တိုးလာကာ အော်ခေါ်လိုက်သည်။ "ဦးလေးမာ... အစ်ကိုချိုင်... တင်းယန်... ကျောက်ခိုင်"
"ဒီမှာ... ငါဒီမှာ"
လူအုပ်နောက်မှ ဦးလေးမာက ကပျာကယာ တိုးထွက်လာသည်။ ချိုင်ကြည်လည်း မျက်နှာတစ်ခုလုံး သွေးများပေကျံလျက် ထောင့်တစ်နေရာမှ တိုးထွက်လာသည်။
တင်းယန်နှင့် ကျောက်ခိုင်တို့၏ လက်များတွင်လည်း သွေးများ ပေကျံနေပြီး တင်းယန်၏ မျက်နှာတွင် သွေးစက်များ စွန်းထင်းနေသည်။ သို့သော် ထိုသွေးများက သူမ၏ သွေးမဟုတ်၊ ရန်သူ့သွေးများသာ ဖြစ်သည်။
လေးယောက်သား ထူးလိုက်မှ လင်းယွမ် သက်ပြင်းချနိုင်တော့သည်။ ဤလေးယောက်မှာ သူ့ကနဦး မဟာမိတ်များဖြစ်ပြီး ယုံကြည်ရသူများ ဖြစ်သည်။ တစ်ယောက်ယောက် ထိခိုက်သွားပါက သူစိတ်မကောင်း ဖြစ်မိပေလိမ့်မည်။
လင်းယွမ်က အခြားအခန်းပိုင်ရှင်များကို ကြည့်လိုက်ရာ လူအများစုက သူ့ကို ပြန်ကြည့်နေကြသည်။
အချို့မျက်လုံးများတွင် လေးစားအားကျမှုများ ပါဝင်နေပြီး အချို့မျက်နှာများတွင် ကြောက်ရွံ့ရိုသေမှုများ ပေါ်လွင်နေသည်။
အချို့က သတိထားနေကြပြီး အများစုမှာမူ ရူးသွပ်သော မျက်နှာထားများ ဖြစ်ပေါ်နေသည်။ ထိုအရာမှာ တိုက်ပွဲပြီးစ သွေးဆူနေချိန်တွင် ဖြစ်ပေါ်တတ်သော စိတ်လှုပ်ရှားမှုမျိုး ဖြစ်သည်။
လင်းယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသူများကို ကြည့်လိုက်သည်။ ထိုလူများထဲတွင် လျှိုအားလုံ၏ လူများပါသလို၊ စောစောက အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ခဲ့ကြသော အခန်းပိုင်ရှင်များလည်း ပါဝင်သည်။
လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "မိတ်ဆွေတို့... ကျုပ်တို့ အခုခေါင်းဆောင်ဖြစ်တဲ့ မကောင်းဆိုးဝါးကြီးကို ရှင်းပြီးပြီဆိုတော့ ကျန်တဲ့ကောင်တွေက ဆောင်းဦးပေါက်ချိန်မှာပေါ်တဲ့ နှံကောင်တွေလိုပါပဲ... သိပ်ကြာကြာ ခုန်နိုင်တော့မှာ မဟုတ်ဘူး"
"အခု ဒဏ်ရာရထားတဲ့ အခန်းပိုင်ရှင်တချို့ ရှိနေတယ်... သူတို့က လျှိုအားလုံအဖွဲ့ကို ဖြိုခွင်းရာမှာ အရေးပါတဲ့ သူရဲကောင်းတွေ ဖြစ်တယ်... သူတို့ကို ဒီတိုင်း ပစ်ထားလို့ မဖြစ်ဘူး... ကျွန်တော့်အမြင်ကတော့... အားလုံး ခဏရပ်ပြီး လူအရင် ကယ်ကြရအောင်"
လင်းယွမ်၏ စကားကြောင့် ကြမ်းပြင်ပေါ်တွင် ဒဏ်ရာရနေသော သူများမှာ ကျေးဇူးတင်သွားကြသည်။ ဒဏ်ရာမရသူများကလည်း လင်းယွမ်၏ အစီအစဉ်ကို မငြင်းဆန်ကြပေ။ အားလုံးအတွက် ကောင်းသော အစီအစဉ် ဖြစ်သည်မဟုတ်ပါလော။
သို့သော် ဤကမ္ဘာလောကတွင် အခွင့်အရေးသမား၊ ရေလိုက်ငါးလိုက် နေတတ်သူများ ရှိစမြဲပင်။ အားလုံးက လင်းယွမ်၏ စကားကို နားထောင်ရန် ပြင်နေချိန်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
"လျှိုအားလုံ သေပြီဆိုတော့... သူလုသွားတဲ့ ငါတို့ ရိက္ခာတွေကရော"
ထိုစကားကြောင့် လူတိုင်း သတိဝင်လာကြသည်။ ချက်ချင်းပင် တစ်စုံတစ်ယောက်က အပေါ်ထပ်သို့ လှည့်ပြေးတော့သည်။ ကျန်လူများလည်း သတိရသွားပြီး အော်ဟစ်ကုန်ကြသည်။
"အမြန်... လျှိုအားလုံ အခန်းကို သွားကြ"
"ဟုတ်တယ်... လျှိုအားလုံဆီက အစားအသောက်တွေ ပြန်သွားယူမယ်"
"ငါသိတယ်... လျှိုအားလုံ ဘယ်မှာနေလဲ ငါသိတယ်... သူ (၁၄) ထပ်မှာနေတာ... ဟိုသားအမိကိုပါ သူသိမ်းပိုက်ထားတာ... အားလုံး ငါ့နောက် လိုက်ခဲ့ကြ"
တခဏချင်းမှာပင် လူအုပ်ကြီးမှာ (၁၄) ထပ်သို့ ပြေးဆင်းသွားကြပြီး လင်းယွမ်ကို ဂရုမစိုက်တော့ပေ။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ စည်းကမ်းမရှိသော လူအုပ်ကြီးပင်။ အခြေအနေကောင်းချိန်တွင် စကားနားထောင်သော်လည်း အခြေအနေမကောင်းချိန်တွင် ထိန်းသိမ်းရ ခက်လှသည်။
မာကောချိုင်မှာ ခြေဆောင့်ကာ အော်ဟစ်လိုက်သည်။
"ရပ်စမ်း... အကုန် ပြန်လာခဲ့... မင်းတို့... မင်းတို့..."
ချိုင်ကြည်လည်း စိတ်မရှည်စွာ အော်ပြောသည်။ "လျှိုအားလုံကို ငါတို့သတ်တာကွ"
လင်းယွမ်က သူတို့နှစ်ဦး စိတ်လှုပ်ရှားနေသည်ကိုမြင်၍ ပြောလိုက်သည်။ "တော်ပါတော့ဗျာ... မအော်နဲ့တော့... လူအရင် ကယ်ပေးလိုက်ကြပါဦး"
မာကောချိုင်က မနေနိုင်ဘဲ ပြောသည်။ "လင်းယွမ်... ဟိုပစ္စည်းတွေက..." လင်းယွမ်က မျက်ရိပ်ပြလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ဒဏ်ရာရလူနာများကို ညွှန်ပြလိုက်မှ မာကောချိုင် သဘောပေါက်သွားပြီး ပါးစပ်ပိတ်သွားသည်။
လင်းယွမ်က တင်းယန်တို့ကို ပြောလိုက်သည်။ "မင်းတို့ လူအရင်ကယ်ထားလိုက်... ငါ အပေါ်တက်ကြည့်လိုက်ဦးမယ်" တင်းယန်က ခေါင်းငြိမ့်ပြသည်။
"ဂရုစိုက်နော်"
လင်းယွမ်က လက်ကာပြလိုက်ပြီး အပေါ်ထပ်သို့ အမြန်တက်သွားသည်။ (၁၄) ထပ်သို့ ရောက်သောအခါ လူအုပ်ကြီးက တံခါးကို ရူးသွပ်စွာ ထုရိုက်နေကြသည်ကို တွေ့ရသည်။ သူက ထိုနေရာတွင် အချိန်မဖြုန်းတော့ဘဲ (၂၁) ထပ်သို့ တန်းပြေးလိုက်သည်။
အခန်း (၂၁၀၁) သို့ ရောက်သည်နှင့် စကားမပြောဘဲ စနစ်ကို ချက်ချင်းဖွင့်ကာ အခန်းတွင်းရှိ ပစ္စည်းများကို သိမ်းဆည်းလေတော့သည်။ ပစ္စည်းအားလုံးကို သိုလှောင်ရုံထဲသို့ ထည့်လိုက်ပြီး မှိုတက်နေသော ဆန်နှင့် ဂျုံများကိုသာ ချန်ထားခဲ့သည်။
ထို့နောက် မနားတမ်း (၂၈) ထပ်သို့ ဆက်ပြေးသည်။ (၂၈) ထပ်တွင် ပစ္စည်းအများဆုံးဖြစ်သည်။ ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားသော သန္ဓေပြောင်း ငါးကောင်ရေ ရာဂဏန်းခန့် ရှိသည်။ လင်းယွမ် ထိုငါးများကို မထိပေ။
ထိုငါးများကို စားလိုက်လျှင် သန္ဓေပြောင်းလဲမှုကို ပိုမြန်စေလိမ့်မည်။ ပြီးတော့ ထိုငါးများကို ချိတ်ထားသည်မှာ ကြာပြီဖြစ်၍ ပုပ်သိုးနေပြီလား မပြောတတ်ပေ။
သူက ငါးများကို လျစ်လျူရှုလိုက်ပြီး ထုပ်ပိုးမှု ကောင်းမွန်ကာ မပုပ်သိုးသေးသော၊ သက်တမ်းမကုန်သေးသော ပစ္စည်းအားလုံးကို စနစ်ထဲသို့ ထည့်သိမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အခန်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသည်။
ထိုအရာများ လုပ်ပြီးမှ လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး တံခါးပိတ်ကာ ထွက်ခွာလာခဲ့သည်။ ဤအိမ်ရာပိုင်ရှင်များကို ထိန်းချုပ်ချင်လျှင် အစားအစာကို လက်ဝါးကြီးအုပ်ထားမှ ဖြစ်မည်။ အစားအစာသည် လူတိုင်း၏ အသက်သွေးကြော ဖြစ်သည်။
စောစောက ဦးလေးမာတို့ ရှိနေ၍ သူ လှုပ်ရှားရ ခက်နေခဲ့ခြင်း ဖြစ်သည်။ ယခု လူအုပ်ကြီး ပစ္စည်းလုနေကြခြင်းက သူ့အတွက် အခွင့်အရေး ဖြစ်လာခဲ့သည်။
လင်းယွမ် မျက်လုံးများ အရောင်လက်သွားသည်။ အခန်းပြင်ထွက်ပြီး အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်စဉ် အောက်ထပ်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ကြားလိုက်ရသည်။
လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။ "လျှိုအားလုံရဲ့ လက်ကျန်တပည့်တွေများလား"
သူ ချက်ချင်း အောက်သို့ ဆင်းလာသည်။ (၂၀) ထပ်သို့ ရောက်သောအခါ အပေါ်သို့ အပြေးအလွှား တက်လာသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ လင်းယွမ်က လှမ်းဟောက်လိုက်သည်။ "ရပ်လိုက်စမ်း"
ထိုနှစ်ယောက် လန့်ဖျပ်သွားပြီး လင်းယွမ်ကို မြင်လိုက်ရမှ ဝမ်းသာသွားကြသည်။
"အစ်ကိုလင်း... သရဲ... သရဲဗျ"
"အစ်ကိုလင်း... (၁၄) ထပ်က ဝမ်ယန်မေက သရဲမကြီး ဖြစ်သွားပြီဗျ... လက်သည်းတွေလည်း အရှည်ကြီးပဲ... လူတွေအများကြီးကို သတ်နေပြီ"
နှစ်ယောက်သား တစ်ယောက်တစ်ခွန်းဖြင့် အောက်ထပ်တွင် ဖြစ်ပျက်နေသည်များကို အလုအယက် ပြောပြကြသည်။ လင်းယွမ်၏ မျက်နှာထားမှာ ချက်ချင်း လေးနက်သွားသည်။ သူက အလျင်အမြန် မေးလိုက်သည်။
"မင်းတို့ ပြောတာ... လျှိုအားလုံ ဖမ်းထားတဲ့ သားအမိလား"
"ဟုတ်တယ်... ဟုတ်တယ်... ကလေးမလေးက သေသွားပြီ... သူ့အမေ ဝမ်ယန်မေက သရဲမကြီး ဖြစ်သွားတာ... အခု လိုက်သတ်နေပြီ... ပြေး ပြေး... ဒီတိုက်ကနေ မြန်မြန်ပြေးမှ ဖြစ်မယ်"
ထိုနှစ်ယောက်က လင်းယွမ်၏ လက်ကို ရုန်းထွက်ပြီး အပေါ်ထပ်သို့ အပြေးတက်ကာ ပစ္စည်းများသိမ်းဆည်းပြီး ထွက်ပြေးရန် ပြင်ကြတော့သည်။
ဆက်ရန်...
အပိုင်း (၅၈) ဝမ်ယန်မေနှင့် ရင်ဆိုင်မိခြင်း
လင်းယွမ်၏ မျက်နှာထား တည်သွားသည်။ လျှိုအားလုံ ဖမ်းချုပ်ထားသော သားအမိနှစ်ယောက်လော။
ယခင်က ဒရုန်းဖြင့် အကဲခတ်ကြည့်ဖူးရာ ထိုသားအမိမှာ သာမန်မိန်းမသားများသာ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
ယခု ဘယ်လိုလုပ်ပြီး ရုတ်တရက် သရဲတစ္ဆေဘဝ ရောက်သွားရသနည်း။
"မဟုတ်သေးဘူး... ဘယ်လိုလုပ် သရဲဖြစ်နိုင်မှာလဲ... သေပြီး သရဲဖြစ်သွားတာသာဆိုရင် လျှိုအားလုံတို့တစ်သိုက် ငါ့ကို လာသတ်နေကြလောက်ပြီ"
လင်းယွမ်က ဖြစ်နိုင်ချေမရှိသော အတွေးများကို ဖျောက်ဖျက်လိုက်ပြီး အခြားဖြစ်နိုင်ချေ တစ်ခုကို ချက်ချင်း တွေးမိလိုက်သည်။
"သန္ဓေပြောင်းလဲတာလား"
"ဝမ်ယန်မေ သန္ဓေပြောင်းသွားတာလား"
သူ့မျက်လုံးများ အရောင်လက်သွားပြီး အခြေအနေကို ချက်ချင်း သုံးသပ်မိလိုက်သည်။
"လျှိုအားလုံဆီမှာ အစားအသောက် မရှားဘူး... ဒီသားအမိနှစ်ယောက်က သူ့ရဲ့ ကာမကျွန်တွေဆိုတော့ အငတ်ထားမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကောင်းကောင်းမွန်မွန်တော့ ကျွေးမယ်မထင်ဘူး... သန္ဓေပြောင်း ငါးတွေကိုပဲ ကျွေးထားမှာ သေချာလောက်တယ်"
လင်းယွမ်က လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ ထိုယူဆချက်သာ မှန်ကန်ပါက ဤသားအမိနှစ်ယောက်၏ သန္ဓေပြောင်းလဲမှုနှုန်းသည် လျှိုအားလုံထက်ပင် ပိုမြင့်မားနေနိုင်သည် မဟုတ်တုံလော။
"ဒါပေမဲ့ စောစောကလူပြောတာက ဝမ်ယန်မေက သရဲဖြစ်သွားပြီး... သူ့သမီးကတော့ သေသွားပြီတဲ့... ဒါ ဘာသဘောလဲ"
(၁၄) လွှာရှိ ဝမ်ယန်မေတို့အခန်းတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သနည်းဟု သူသိချင်စိတ် ပြင်းပြလာသည်။
ထိုအခန်းသည် လျှိုအားလုံ၏ အခန်းဖြစ်သလို ထိုမိန်းမနှစ်ယောက်သည်လည်း လျှိုအားလုံ၏ မိန်းမများ ဖြစ်ကြသည်။
သာမန်အားဖြင့်ဆိုလျှင် လျှိုအားလုံ မသေခင်အချိန်ထိ မည်သူမျှ ထိုအခန်းသို့ သွားရောက် ပြဿနာရှာရဲမည် မဟုတ်ပေ။
လင်းယွမ်က လျင်မြန်စွာ တွေးတောရင်း ခြေလှမ်းကျဲကြီးများဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်တစ်ထပ်သို့ ရောက်သည်နှင့် လူအချို့သည် ကယ်ပါ ယူပါ တစာစာအော်ဟစ်လျက် အပေါ်ထပ်သို့ ပြေးတက်လာကြသည်ကို တွေ့လိုက်ရ၏။
ပြေးတက်ရင်း ပါးစပ်မှလည်း ကြောက်လန့်တကြား အော်ဟစ်နေကြသည်။
"သရဲ... သရဲဟေ့"
"(၁၄) လွှာမှာ သရဲရှိတယ်"
"ကယ်ကြပါဦး"
လင်းယွမ်က သူတို့ကို တားဆီးမနေဘဲ ဘေးမှ ရှောင်ကွင်းကာ အောက်ထပ်သို့ ဆက်ဆင်းသွားသည်။
လမ်းတစ်လျှောက်တွင် ထွက်ပြေးလာသူ ပိုများလာသော်လည်း မကြာမီမှာပင် သူသည် (၁၅) လွှာသို့ ရောက်ရှိသွားသည်။
ထိုအထပ်၏ ကြမ်းပြင်ပေါ်တွင် အလောင်းအများအပြား လဲကျသေဆုံးနေသည်ကို တွေ့လိုက်ရ၏။
သူ့ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားပြီး အလောင်းများကို ငုံ့ကြည့်လိုက်သည်။
သေဆုံးသူအားလုံး၏ သေစေနိုင်သော ဒဏ်ရာမှာ လည်ပင်းတွင် ဖြစ်ပြီး လည်ပင်းသွေးကြောမကြီး ပြတ်ရှကာ သေဆုံးနေကြခြင်း ဖြစ်သည်။
သေခါနီးအချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုကို မြင်တွေ့သွားသည့်အလား မျက်လုံးများ ပြူးကျယ်လျက် မျက်လုံးအိမ်များပင် ထွက်ကျလုမတတ် ဖြစ်နေကြသည်။
လင်းယွမ်က မျက်လုံးကို မှေးစင်းကာ ဒဏ်ရာများကို အသေအချာ ကြည့်လိုက်သည်။ ဒဏ်ရာများက အလွန်ပါးလွှာ၏။
အလွန်ထက်မြက်သော အရာဝတ္ထုတစ်ခုခုဖြင့် လှီးဖြတ်ထားခြင်းဖြစ်ကြောင်း ခန့်မှန်းရသည်။
"ဒီ ဝမ်ယန်မေက... လက်နက်တစ်ခုခု ဖန်တီးနိုင်အောင် သန္ဓေပြောင်းသွားတာလား"
သူ့စိတ်ထဲတွင် အံ့သြသွားပြီး (၁၅) လွှာမှနေ၍ အောက်ထပ်သို့ ချောင်းကြည့်လိုက်သည်။
အောက်ထပ်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး တိုက်ခိုက်သံ၊ အော်ဟစ်သံများ မကြားရတော့ပေ။
လင်းယွမ်က သတ္တိမွေးကာ ခြေသံလုံလုံဖြင့် လှေကားအတိုင်း ဖြည်းညှင်းစွာ ဆင်းသွားသည်။
(၁၄) လွှာ အခန်းရှေ့တွင် လူခြောက်ယောက်၊ ခုနစ်ယောက်ခန့် ကန့်လန့်ဖြတ် လဲကျသေဆုံးနေပြီး အားလုံး အသက်မရှူကြတော့ပေ။
လင်းယွမ်က အလောင်းများကို ကျော်ခွကာ အခန်း ၁၄၀၁ ရှေ့သို့ သွားလိုက်သည်။
အခန်းတံခါးမှာ ပွင့်ဟနေပြီး သော့ခတ်မထား။
အခန်းတွင်း၌ မှောင်မည်းနေပြီး လူသားများကို ဝါးမြိုရန် စောင့်ဆိုင်းနေသော သားရဲတစ်ကောင်၏ ပါးစပ်ပေါက်ကြီးအလား ထင်မှတ်ရသည်။
သူက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သံတုတ်ဖြင့် တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။
အခန်းတွင်း၌ အလင်းရောင် မှိန်ဖျဖျသာရှိပြီး ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ပျစ်ချွဲနေသော သွေးကွက်များကို တွေ့ရသည်။
စားပွဲနှင့် မလှမ်းမကမ်းတွင် အလောင်းနှစ်လောင်း ရှိနေ၏။
စားပွဲဘေးရှိ ကုလားထိုင်ပေါ်တွင်မူ လူတစ်ယောက် ထိုင်နေပုံရသည်။
ထိုင်နေသူမှာ ဆံပင်ဖားလျားချထားပြီး ခေါင်းငိုက်စိုက်ကျနေသဖြင့် မိန်းမတစ်ယောက်မှန်း သိသာလှသည်။ လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
"ဝမ်ယန်မေများလား"
လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ သူက ခဏစဉ်းစားပြီးနောက် အထဲသို့ မဝင်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ဖက်လူက မည်သို့သော ထူးဆန်းသည့် စွမ်းရည်များ ရရှိထားမှန်း မသိရသဖြင့် မိမိအနေဖြင့် ရင်ဆိုင်နိုင်ချေ ရှိမရှိ မသေချာပေ။ ထို့ကြောင့် တိုက်ပွဲမဖြစ်သည်က အကောင်းဆုံးပင်။
သူက နောက်ပြန်လှည့်ပြီး တင်းယန်နှင့် ဦးလေးမာတို့ကို ပြန်ခေါ်ရန် ပြင်လိုက်သည်။
သို့သော် သူလှည့်လိုက်သည့် တစ်ခဏမှာပင် သူ့အနောက်၌ အဖြူရောင်ဝတ်စုံနှင့် လူရိပ်တစ်ခု မတ်တပ်ရပ်လျက် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ထိုခဏ၌ လင်းယွမ်၏ ဦးရေပြားများ ထုံကျဉ်သွားပြီး အာခေါင်ခြစ်ကာ အော်မိလုနီးပါး ဖြစ်သွားသည်။
သူ၏ မသိစိတ်က သံတုတ်ကို ရင်ဘတ်ရှေ့တွင် ကာထားလိုက်မိပြီး မျက်လုံးအိမ် ကျဉ်းမြောင်းကာ ထိုအဖြူရောင် အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။
ထိုအမျိုးသမီးသည် အဖြူရောင် အိပ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ဝတ်စုံတစ်ခုလုံးတွင် သွေးကွက်များ ဗရပွ ညစ်ပေနေသည်။
ဆံပင်များ ဖားလျားကျနေသဖြင့် မျက်နှာအများစုကို ဖုံးကွယ်ထားသော်လည်း အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးတစ်စုံကမူ လင်းယွမ်ကို စူးစိုက်ကြည့်နေ၏။
သူမ၏ လက်နှစ်ဖက်ကို ဘေးသို့ ချထားရာ လက်ဖမိုးပေါ်တွင် ငွေရောင် အကြေးခွံများ ဖုံးအုပ်နေသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။
ထို့ပြင် သူမ၏ လက်သည်းများမှာ (၃) လက်မခန့် ရှည်လျားကာ သွေးရောင်များ စွန်းထင်းနေလေသည်။
ဤပုံစံက ရုပ်ရှင်ထဲမှ သရဲမနှင့် တပ်အပ် တူနေတော့သည်။
သူမက မလှုပ်ရှားသေးသဖြင့် လင်းယွမ်က စိတ်ကို တည်ငြိမ်အောင်ထိန်းကာ မေးလိုက်သည်။
"ဝမ်ယန်မေလား"
ဝမ်ယန်မေက သူ့ကို စိုက်ကြည့်ရင်း ရုတ်တရက် ပါးစပ်ဟကာ ပြောလိုက်သည်။
"သူတို့ပြောတော့... နင်က လျှိုအားလုံကို သတ်လိုက်တာဆို"
လင်းယွမ်က ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်... ငါသတ်တာ"
"ဟားဟား... ဟားဟားဟား... ဟားဟားဟား... သတ်တာ ကောင်းတယ်... သတ်တာ သိပ်ကောင်းတယ်... အီး...ဟီးဟီး..."
သူမသည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်ရယ်မောလိုက်ပြီး ရယ်နေရာမှ တဖန် ငိုကြွေးပြန်တော့သည်။
သူမ၏ အမူအရာမှာ စိတ်ဝေဒနာရှင် တစ်ယောက်နှင့် တူလှသည်။
လင်းယွမ်က အကဲခတ်သည့် သဘောဖြင့် မေးလိုက်၏။
"ဝမ်ယန်မေ... ခင်ဗျား ဘယ်လိုလုပ် ဒီလိုပုံစံ ဖြစ်သွားရတာလဲ"
ဝမ်ယန်မေက ပြန်မဖြေဘဲ တိုးတိုးရှိုက်ငိုနေသည်။
သူက ခြေတစ်လှမ်း တိုးကြည့်လိုက်သည်။
ဝမ်ယန်မေက ရုတ်တရက် မော့ကြည့်လိုက်၏။
လင်းယွမ်မှာ ကြက်သီးမွေးညင်း ထသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်ရသည်။
"ကျွန်တော့်မှာ တခြားရည်ရွယ်ချက် မရှိပါဘူး... ခင်ဗျား ဘာဖြစ်သွားတာလဲ သိချင်ရုံပါပဲ... စိတ်ချပါ... လျှိုအားလုံ သေသွားပြီ... ဒီတိုက်ထဲမှာ ဘယ်သူမှ ခင်ဗျားကို ဒုက္ခမပေးနိုင်ဖို့ ကျွန်တော် အာမခံတယ်"
ဝမ်ယန်မေ၏ မျက်နှာထားက ကြောက်မက်ဖွယ် ကောင်းလာသည်။
"နင်အာမခံမယ် ဟုတ်လား... နင်က ဘာနဲ့ အာမခံမှာလဲ... နင်က ချန်ချန့်ကို ပြန်ခေါ်ပေးနိုင်လို့လား... နင်လုပ်ပေးနိုင်လား"
သူမသည် ရုတ်တရက် ရူးသွပ်သွားသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ကာ လင်းယွမ်ထံသို့ ခုန်အုပ်လိုက်လေသည်။
သူမ၏ အမြန်နှုန်းမှာ လင်းယွမ်ကို အံ့အားသင့်သွားစေသည်။
သူက လက်ထဲမှ သံတုတ်ဖြင့် အမြန်ထိုးချလိုက်သည်။
သို့သော် ဝမ်ယန်မေက နောက်သို့ ခုန်ရှောင်လိုက်သဖြင့် လွဲချော်သွား၏။
ထို့နောက် ဘေးဘက်မှနေ၍ တဖန် ပြန်လည်ခုန်အုပ်လာပြန်သည်။
သူမ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားသွားများကဲ့သို့ ထက်မြက်သော လက်သည်းငါးချောင်းက လေတိုးသံ တရွှီရွှီမြည်လျက် ကုတ်ခြစ်ရန် ဝင်ရောက်လာသည်။
လင်းယွမ်က သံတုတ်ဖြင့် ကာကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် သူမ၏ အမြန်နှုန်းက သာလွန်လွန်းလှသည်။
သံတုတ်ဖြင့် ရိုက်မထုတ်နိုင်ခင်မှာပင် လက်သည်းငါးချောင်းက မျက်နှာရှေ့သို့ ရောက်ရှိလာလေပြီ။
အရေးကြုံနေခိုက်တွင် လင်းယွမ်က ခေါင်းကိုငုံ့ကာ ဆိုင်ကယ်ဦးထုပ်ကို အသုံးပြု၍ ခေါင်းဖြင့် ဆောင့်တိုက်ပစ်လိုက်သည်။
"ကျွီ——"
ခမောက်ခွံပေါ်တွင် တစ်စုံတစ်ခုနှင့် ပွတ်တိုက်မိသော အသံကို ကြားလိုက်ရသည်။
လင်းယွမ်က သံတုတ်ကို ရမ်းလိုက်ရာ "ဒုန်း" ခနဲ အသံမြည်သွားပြီး တစ်စုံတစ်ခုကို ရိုက်မိသွားပုံရသည်။
သေချာမမြင်လိုက်ရသော်လည်း ဝမ်ယန်မေ၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရ၏။
လင်းယွမ်သည် လျင်မြန်စွာ နောက်ဆုတ်ကာ ၁၄၀၁ အခန်းထဲသို့ ဝင်ပြေးပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်တော့သည်။
"ဒုန်း"
တံခါးပိတ်လိုက်သည့် ခဏမှာပင် အပြင်ဘက်မှ ကမ္ဘာပျက်မတတ် စူးဝါးသော အော်ဟစ်သံကို ကြားလိုက်ရသည်။
ထို့နောက် တံခါးကို ရူးသွပ်စွာ ထုရိုက်နေသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"နင်ထွက်ခဲ့... အခုထွက်ခဲ့စမ်း... ငါ့အိမ်ထဲ မဝင်နဲ့... ထွက်ခဲ့လို့ ပြောနေတယ်"
ဝမ်ယန်မေက စူးစူးဝါးဝါး အော်ဟစ်ရင်း တံခါးကို အတင်းကုတ်ခြစ်နေတော့သည်။
ကျွီခနဲ၊ ကျွီခနဲ လက်သည်းဖြင့် ကုတ်ခြစ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
သံမဏိတံခါးပေါ်တွင် အရာများထင်လာပြီး ထက်မြက်သော လက်သည်းများက တံခါးကိုပင် ဖောက်ထွက်လုမတတ် ဖြစ်နေသည်။
လင်းယွမ်မှာ ရင်တထိတ်ထိတ် ဖြစ်သွားသည်။ ဤတံခါးများသည် အတွင်းဘက်၌ သံမဏိပြားများ ပါရှိကြောင်း သူသိထားသည်။
သူက မိမိ၏ ဦးထုပ်ကို အမြန်စမ်းသပ်ကြည့်လိုက်သည်။
ဦးထုပ်ပေါ်တွင် လက်သည်းရာ အစင်းကြီး ငါးကြောင်း ထင်ကျန်နေသည်ကို တွေ့လိုက်ရ၏။
နောက်ထပ် အနည်းငယ်သာ ပိုနက်သွားပါက ဦးထုပ်ကို ဖောက်ထွက်ပြီး သူ့ခေါင်းကို ထိခိုက်မိသွားပေလိမ့်မည်။
တစ်ခါတည်း မပေါက်သွားခြင်းမှာ ဦးထုပ်က တံခါးထက် ပိုမာနေခြင်းကြောင့် မဟုတ်ဘဲ ဝမ်ယန်မေက သူ့လည်ပင်းကို ချိန်ရွယ်တိုက်ခိုက်ခဲ့သဖြင့် အားထည့်မှု လျော့နည်းသွားခြင်းကြောင့်သာ ဖြစ်သည်။
လင်းယွမ်မှာ ကျောချမ်းသွား၏။
"ဒီ ဝမ်ယန်မေက... သန္ဓေပြောင်းပြီး လက်သည်းချွတ်တွေ ထွက်လာတာလား... အမြန်နှုန်းကလည်း တော်တော်မြန်တယ်"
သူက အခြားအရာများကို ဂရုမစိုက်အားဘဲ အခန်းဝကို ဝေ့ဝဲကြည့်လိုက်သည်။
ဖိနပ်စင်ပေါ်တွင် ပန်းရောင် ဆိုင်ကယ်ဦးထုပ်အသစ်တစ်လုံးကို တွေ့လိုက်ရသဖြင့် မျက်လုံးအရောင် တောက်သွားသည်။
လင်းယွမ်က စကားတစ်ခွန်းမျှ မဆိုဘဲ မိမိခေါင်းပေါ်မှ ဦးထုပ်အဟောင်းကို ချွတ်ကာ ထိုဦးထုပ်အသစ်နှင့် ချက်ချင်း လဲလှယ်ဝတ်ဆင်လိုက်သည်။
ပန်းရောင်ဦးထုပ်က အနည်းငယ် သေးငယ်သဖြင့် ခေါင်းပေါ်တွင် တင်းကျပ်စွာ စွပ်ထားရသည်။
လင်းယွမ်က အခန်းတွင်းကို အကဲခတ်လိုက်ရာ စားပွဲဘေးတွင် ထိုင်နေသော အမျိုးသမီးမှာ လှုပ်ရှားခြင်းမရှိသည်ကို သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဟေ့..."
ထိုအမျိုးသမီးထံမှ တုံ့ပြန်မှု မရှိပေ။ လင်းယွမ်က အနားသို့ တိုးသွားကြည့်လိုက်သည်။
တုံ့ပြန်မှု မရှိသေး။
သူ အနားရောက်သွားသောအခါ ထိုအမျိုးသမီး၏ လည်ပင်းတွင် အပေါက်ကြီး ဖြစ်နေပြီး အင်္ကျီကော်လာ၌ သွေးများရွှဲနေသည်ကို တွေ့လိုက်ရသည်။ သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။
သူ သက်ပြင်းတစ်ချက်ချကာ အသေအချာ ကြည့်လိုက်သောအခါ မည်သူမှန်း မှတ်မိသွားသည်။
"ဝမ်ယန်မေရဲ့ သမီး လျှိုချန်ပဲ"
"ဒါကြောင့်မို့ သူ့သမီးကို ပြန်မကယ်ပေးနိုင်ဘူးလို့ ပြောတာကိုး... သမီးဖြစ်သူက သေနေပြီပဲ"
လင်းယွမ်က ကြမ်းပြင်ပေါ်မှ အလောင်းများကို ထပ်မံကြည့်ရှုလိုက်သည်။
လျှိုချန်၏ အနီးတွင် အမျိုးသားအလောင်းတစ်လောင်း ရှိနေပြီး မျက်နှာတစ်ခုလုံး ခြစ်ရာများဖြင့် ပြည့်နှက်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
သို့သော် လင်းယွမ်က ထိုသူကို ချက်ချင်း မှတ်မိလိုက်သည်။
"ဒါ ဝူဟွပဲ"
အခန်းပိုင်ရှင်များ ဂရုချက်ထဲမှ ပုဂ္ဂလိက လုပ်ငန်းရှင်ဟောင်း၊ အပြေးလေ့ကျင့်ခန်း အဖွဲ့ထဲမှ အစ်ကိုကြီး။
ယခုတော့ အလောင်းက အေးစက်နေပြီဖြစ်ကာ ဘယ်တော့မှ ထပ်ပြေးနိုင်တော့မည် မဟုတ်ပေ။
လင်းယွမ်က အခြားအလောင်းတစ်ခုကို ကြည့်လိုက်ရာ ဝူဟွ၏ တွဲဖက်ဖြစ်သော ကျန်းလီ ဖြစ်နေသည်။
ကျန်းလီ၏ ဒဏ်ရာမှာ ရိုးရှင်းသည်။ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်သာ ရှိသည်။
အခန်းတွင်း အခြေအနေကို ကြည့်ပြီး လင်းယွမ် ခန့်မှန်းမိလိုက်သည်။
"ကြည့်ရတာ ဝူဟွနဲ့ ကျန်းလီက လျှိုအားလုံသေတာနဲ့ အခွင့်ကောင်းယူပြီး ဒီအခန်းက ပစ္စည်းတွေကို လာလုကြတာ ဖြစ်မယ်"
ဝူဟွနှင့် ရင်ဆိုင်ရချိန်တွင် သားအမိနှစ်ယောက် မည်မျှ စိတ်ပျက်အားငယ်ခဲ့ရမည်ကို လင်းယွမ် မြင်ယောင်ကြည့်နိုင်သည်။
သူတို့သည် နှိပ်စက်ခြိမ်းခြောက်မှုများနှင့် ထပ်မံကြုံတွေ့ခဲ့ရပေလိမ့်မည်။
ထိုအချိန်တွင် ဝမ်ယန်မေသည် ရုတ်တရက် သန္ဓေပြောင်းလဲကာ စွမ်းအားများ နိုးထလာခြင်း ဖြစ်နိုင်သည်။
ထိုအချက်ကို တွေးမိသောအခါ လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။
"လျှိုအားလုံ သန္ဓေပြောင်းတုန်းကလည်း သေခါနီးအချိန်မှ ဖြစ်သွားတာ"
"ဝမ်ယန်မေတို့ သားအမိလည်း သန္ဓေပြောင်း ငါးတွေ အများကြီး စားခဲ့မှာပဲ... ဒါပေမဲ့ မနက်က ဒရုန်းနဲ့ ကြည့်တုန်းက သူတို့က ပုံမှန်လူတွေပါပဲ"
"ဆိုလိုတာက ဝမ်ယန်မေကလည်း သေရေးရှင်ရေး အကျပ်အတည်းနဲ့ ကြုံမှ သန္ဓေပြောင်းသွားတာပေါ့"
"သန္ဓေပြောင်းလဲဖို့အတွက် သေရေးရှင်ရေး ဖိအားလိုတာများလား"
ဆက်ရန်...