← Chapters

အသွင်ပြောင်းလဲခြင်း

Vol. 45 Ch. 508

အသွင်ပြောင်းလဲခြင်း

Vol. 45 Ch. 508

"ငါ့ရဲ့လက်ကို ပြန်ပေး....ငါ့ရဲ့ သွေးအနှစ်သာရကို ပြန်ပေးစမ်း"

အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် သူ၏လက်ကို ဤကျန်းရွှမ်က လုယူသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် ဦးရေပြားပေါက်ကွဲလုမတက် ခံစားလိုက်ရပြီး ရူးသွပ်လုနီးပါး ဖြစ်နေသည်။

သူ့ထံတွင် ကံတရားစွမ်းအားများ အိမ်ကွင်းအားသာချက်နှင့် ထိပ်သီးကျင့်ကြံသူများ ရှိသည်။ သို့ရာတွင် တစ်ဖက်လူသည် အနည်းငယ်မျှ ထိခိုက်နာကျင်မှုမရှိဘဲ သူ၏ ရတနာများကို ထပ်ခါတလဲလဲ လုယူသွားခဲ့သည်။ ဤကဲ့သို့ ကြီးမားသော ကွာခြားချက်က သူ့ကို ရူးသွပ်သွားစေသကဲ့သို့ ခံစားရစေသည်။

"ဘယ်နည်းလမ်းသုံးသုံး.... ဒီကောင့်ကို ပြန်ပေးဆပ်စေရမယ်... အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ရအောင်ဖမ်းကြစမ်း...."

အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် သူ၏စိတ်ကို ဆက်လက်၍ ထိန်းချုပ်မထားနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ယခင်က သူသည် ထာဝရနှလုံးသားကို ပို၍ကောင်းမွန်စွာ သန့်စင်နိုင်ရန်အတွက် ကျန်းရွှမ်ကို အရှင်ဖမ်းလိုခဲ့သော်လည်း ယခုချိန်၌ သူ ဂရုမစိုက်နိုင်တော့ချေ။

အသေဖြစ်စေ အရှင်ဖြစ်စေ တစ်ဖက်လူကို ယနေ့တွင် ဤနေရာ၌ မရရအောင် ဖမ်းဆီးရပေမည်။ ထိုသို့မဟုတ်ပါက ထျန်းလီအင်ပါယာ၏ ဂုဏ်သိက္ခာကြီးမားသော အိမ်ရှေ့စံမင်းသားဖြစ်သည့် သူသည် ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏ ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

"ဟုတ်ကဲ့...."

ယွဲ့ချင်ထျန်းက ခေါင်းညိတ်လိုက်သည်။ သူ့အတွက်လည်း ယနေ့တွင် မျက်နှာပျက်စရာ ကိစ္စတချို့ ဖြစ်ခဲ့ရသည်။

ဂုဏ်သိက္ခာကြီးမားသော စစ်ရေးအမတ်ကြီး အနေဖြင့် အသက်ပင်လယ်နယ်ပယ် စတုတ္ထအဆင့်တွင်ရှိနေသော လူတစ်ယောက်ကို သူကိုယ်တိုင် လှုပ်ရှားခဲ့သော်လည်း ထပ်ခါတလဲလဲ အရှုံးပေးနေရသဖြင့် မည်သူမဆို စိတ်ဓာတ်ကျမိပေမည်။

အမတ်ကြီးယင်ကျိုးယွိနှင့် အမတ်ကြီးမိုချန်ကျီတို့၏ မျက်လုံးများသည်လည်း တောက်ပနေသည်။ ဤတစ်ကြိမ်တွင် သူတို့သည် သူတို့၏ မှော်ရတနာများကို ရိုးရှင်းစွာ ထုတ်လွှတ်ခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင် ရှေ့သို့တိုးဝင်လာကြသည်။ အမတ်ကြီးသုံးဦး ထပ်မံ၍တိုက်ခိုက်လိုက်ချိန်၌ တိမ်တိုက်များ လူးလွန့်သွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။

ကျန်းရွှမ်သည် ကြီးမားသောဖိအားကို ထပ်မံ၍ ခံစားမိပေ၏။

သို့ရာတွင် သွေးအနှစ်သာရကို တဖြည်းဖြည်း သန့်စင်လိုက်သည်နှင့်အမျှ သူ၏စွမ်းအား ပို၍တိုးတက်လာပုံရသည်။ အမတ်ကြီးသုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း သူသည် ယခင်ကဲ့သို့ အထိနာခြင်း မရှိရုံသာမက ပို၍ပို၍ သက်တောင့်သက်သာ ဖြစ်လာသည်။

"ထာဝရရွှေခန္ဓာကိုယ်က ပိုပြီးတိုးတက်လာတာကြောင့် ငါ့ရဲ့ စွမ်းအားအသုံးပြုမှုက ပိုပြီး ချောမွေ့လာတာပဲ"

ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ဤသွေးအနှစ်သာရ တစ်စက်သည် သူ့ကို များစွာကူညီပေးခဲ့ပေ၏။ ယခင်က ထာဝရနှလုံးသားအပေါ် သူ၏အသုံးပြုမှုသည် ရှေ့ဆက်ရမည့်လမ်းကြောင်းမရှိဘဲ စမ်းတဝါးဝါး လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ ဤသွေးအနှစ်သာရသည် သူ့ကို အဆုံးသတ်ပန်းတိုင်ကို မြင်တွေ့စေပြီး ရည်မှန်းချက်ကို သိရှိစေကာ အနာဂတ်အတွက် ရှင်းလင်းသော နားလည်သဘောပေါက်မှုကို ရရှိစေခဲ့သည်။

ဆိုလိုသည်မှာ သူ၏ကိုယ်ပိုင်သွေးကို တစ်ဖက်လူ၏သွေးနှင့် တူညီအောင် သန့်စင်နိုင်သည်နှင့် သူ၏ ထာဝရရွှေခန္ဓာကိုယ်သည်လည်း ကြီးမားသော ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားပေမည်။

"လာခဲ့စမ်း...မင်းတို့သုံးယောက်က ငါ့ရဲ့ထာဝရရွှေခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ငါ့ရဲ့ ဓားသွေးကျောက်တွေ ဖြစ်လာလိမ့်မယ်"

ဤအချက်ကို နားလည်သဘောပေါက်လိုက်သဖြင့် ကျန်းရွှမ်သည် ထွက်ပြေးရန် မစဉ်းစားတော့ချေ။ ထို့အစား သူသည် ချန်တယ်ဓားကို မြှောက်လိုက်ပြီး ဓားချက်များကို ဆက်တိုက်ခုတ်ပိုင်းလိုက်သည်။

နှစ်ဖက်စွမ်းအားများ ထိပ်တိုက်တွေ့ဆုံသည်နှင့်အမျှ သွေးအနှစ်သာရအပေါ် သူ၏နားလည်မှု နက်ရှိုင်းလာပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ဗုဒ္ဓအရိုးအမွေအနှစ်နှစ်ခုသည်လည်း သူနှင့် ပို၍ပို၍သဟဇာတဖြစ်လာသည်။

"ခုန်းရှီ.... ရန်ချူးယောင်....ဘာကိုစောင့်နေတာလဲ....မလှုပ်ရှားကြဘူးလား"

အမတ်ကြီးသုံးယောက်သည် ဤကျန်းရွှမ်ကို အချိန်တိုအတွင်း ဖိနှိပ်နိုင်ခြင်း မရှိသည်ကို မြင်တွေ့ချိန်၌ အိမ်ရှေ့စံမင်းသားယွမ်ချင်းက အော်ငေါက်လိုက်၏။

"ဟုတ်ကဲ့...."

ရန်ချူးယောင်သည် များစွာတွေဝေတုံ့ဆိုင်းနေခြင်း မရှိချေ။ သူမသည် ဇီသာကို ထုတ်ယူလိုက်ပြီး အသံလှိုင်းဖြင့် သတ်ဖြတ်ခြင်းနည်းစနစ်ကို ထပ်မံ၍ အသုံးပြုလိုက်သည်။

ခုန်းရှီကမူ မလှုပ်ရှားဘဲ အိမ်ရှေ့စံမင်းသား ယွမ်ချင်းကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အိမ်ရှေ့စံမင်းသား... ကျွန်တော်နဲ့ ထားရှိခဲ့တဲ့ သဘောတူညီချက်ကို မမေ့သေးဘူး မဟုတ်လား"

တစ်ဖက်လူသည် နေရာမှာပင် အပေးအယူများကို တောင်းဆိုနေကြောင်း အိမ်ရှေ့စံမင်းသား ယွမ်ချင်းက သိရှိသွားသည်။ သူ့ထံတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူ ခေါင်းညိတ်လိုက်၏။

"ခင်ဗျား စိတ်မပူပါနဲ့....ထုံးတမ်းစဉ်လာ အမတ်ကြီး ရာထူးကိစ္စကို ခမည်းတော်နဲ့ ဆွေးနွေးပေးပါ့မယ်...အဲ့ဒီနေရာကို ခင်ဗျားအတွက် ချန်ထားပေးမယ်"

"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား..."

ခုန်းရှီက ခေါင်းညိတ်လိုက်ပြီး သူ၏လက်များကို နောက်ပစ်ကာ ကျန်းရွှမ်ထံသို့ ပျံသန်းသွားသည်။ သူသည် ထိုနေရာသို့ မရောက်မီကပင် သူ၏ပါးစပ်ကိုဖွင့်ဟပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"ထုံးတမ်းစဉ်လာ မရှိတဲ့ လေးစားမှုက ပင်ပန်းတယ်.....ထုံးတမ်းစဉ်လာ မရှိတဲ့ သတိထားမှုက ကြောက်ရွံ့တတ်တယ်.....ထုံးတမ်းစဉ်လာ မရှိတဲ့ သတ္တိက ဖရိုဖရဲနိုင်တယ်..... ထုံးတမ်းစဉ်လာ မရှိတဲ့ ပွင့်လင်းမှုက ကောက်ကျစ်တယ်..."

ရုတ်ချည်းဆိုသလိုပင် အသံလှိုင်းများသည် ဆောင်းဦးနှင်းစက်များနှင့် အဖြူရောင်နှင်းခဲများအလား ကျဆင်းလာပြီး ရှောင်လွှဲ၍မရနိုင်ဘဲ ကျန်းရွှမ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

ခရက်.....

ဤအသံ၏ ရိုက်ခတ်မှုကို ခံလိုက်ရသဖြင့် အစောပိုင်းက လျှင်မြန်စွာ တိုးတက်နေသော သူ၏စွမ်းအားများသည် မျက်စိတစ်မှိတ်အတွင်း ကုန်ခမ်းသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူ၏စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပေါက်ဖွားလာကာ သူ မည်သို့ပြုလုပ်ပါစေ ရှုံးနိမ့်တော့မည်ဟု ခံစားမိလေ၏။

ဤစွမ်းအားကို မခုခံနိုင်ဟု ကျန်းရွှမ် ခံစားလိုက်ရချိန်တွင် သူ၏စိတ်ထဲရှိ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာသည် အတောင်ပံများကို ထပ်မံ၍ခတ်လိုက်သည်။

လန်းဆန်းသော အတွေးတစ်ခုက သူ၏စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ၏စိတ်နှလုံးသားအတွင်းရှိ ပင်ပန်းနွမ်းနယ်မှုနှင့် ကြောက်ရွံ့မှုများကို ပူနွေးသော စွမ်းအင်စီးကြောင်းအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားစေသည်။

"ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက တကယ့်ကို တိုးတက်လာတာလား"

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။

တစ်ဖက်လူ၏ "စကားလုံးများ ဥပဒေသဖြစ်လာခြင်း" ကို သူ မခုခံနိုင်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာသည် ဤစွမ်းအားကို ဝါးမြိုခဲ့ရုံသာမက အာဟာရအဖြစ်ပင် သတ်မှတ်လိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုမျှသာမက စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးသော ရန်ချူးယောင်၏ဇီသာသံသည် ယခုအချိန်၌ သူ၏စိတ်ဝိညာဥ်ကို အဆက်မပြတ် ထောက်ပံ့ပေးနေသကဲ့သို့ ဖြစ်နေပြီး သူ တိုက်ခိုက်လေလေ ပို၍ရဲရင့်လေလေပင်။

"သောက်ချေးပဲ...ဒီကောင်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ သန်မာအားကောင်းနေတာလဲ"

လူအမြောက်အများမှ ဝိုင်းရံတိုက်ခိုက်နေသည့်တိုင် တစ်ဖက်လူကို ထိခိုက်အောင် မလုပ်နိုင်သည့်အပြင် ပို၍သန်မာလာစေသည်ကို အိမ်ရှေ့စံမင်းသားယွမ်ချင်းက မြင်တွေ့လိုက်ရသည်။ သူသည် အံ့တင်းတင်းကြိတ်လိုက်ပြီး ထာဝရနှလုံးသားကို လိုချင်စိတ် ပို၍ပြင်းပြလာသည်။

အကယ်၍ ထာဝရနှလုံးသားသာ တစ်ဖက်လူ၏ လုယူခြင်းကို မခံရပါက ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်သည် သူသာလျှင် ဖြစ်နေပေလိမ့်မည်။

"ငါ့မှာ သွေးအနှစ်သာရ တစ်စက် ကျန်သေးတယ်"

သူ ပို၍သန်မာလာမှသာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိရှိထားသဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းက အံ့တင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ နောက်ထပ် သွေးအနှစ်သာရတစ်စက် ထပ်မံ၍ ထွက်ပေါ်လာသည်။

ဝူဖိုထျန်းသည် သူ့ကို သွေးအနှစ်သာရသုံးစက် ပေးခဲ့သည်။ ပထမတစ်စက်ကို သူ၏နှလုံးသား ပျောက်ဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ကုစားရန် သန့်စင်ခဲ့သည်။ ဒုတိယတစ်စက်ကို သူ၏ရှေ့မှ ကျန်းရွှမ်က ယူဆောင်သွားခဲ့ပြီး ဤသည်မှာ နောက်ဆုံးတစ်စက်ပင်။

သူသည် ထပ်မံ၍ လုယူခံရမည်ကို စိုးရိမ်သဖြင့် ယခုတစ်ကြိမ်တွင် တွန့်ဆုတ်မနေတော့ချေ။ သွေးအနှစ်သာရ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ၏လည်ချောင်းထဲသို့ ချက်ချင်း မျိုချလိုက်သည်။

ခရက်.....

ထိုသွေးအနှစ်သာရသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသည်နှင့် မီးလောင်နေသကဲ့သို့ ပြင်းထန်သော စွမ်းအားများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပြည့်နှက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် လေးလံသွားကာ လေထုထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွားပေ၏။

ထာဝရရွှေခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး၏ သွေးအနှစ်သာရသည် ကျန်းရွှမ်အတွက် အားဆေးကောင်းဖြစ်သော်လည်း သူ့အတွက်ကမူ သန့်စင်ရန် မလွယ်ကူချေ။ ထိုအရာသည် ပြဒါးကဲ့သို့ ချွဲပျစ်ပြီး စွမ်းအားများ တဝုန်းဝုန်းထနေသဖြင့် လှည့်ပတ်လိုက်သည့်အချိန်တိုင်း သူ၏ သွေးကြောများ စုတ်ပြဲတော့မည့်အလား ခံစားနေရသည်။

သို့ရာတွင် ရတနာသည် ရတနာသာဖြစ်နေသဖြင့် သူ မသက်မသာ ခံစားနေရသော်လည်း ပြတ်သွားသောလက်သည် ချက်ချင်းပြန်ပေါက်လာပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ပို၍ပို၍သန်မာလာကာ ဗောဓိသတ္တအဆင့် တံခါးဝသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ဆုံးခြေလှမ်းကို မည်သည့်အချိန်တွင်မဆို တက်လှမ်းနိုင်ရန် အဆင်သင့် ဖြစ်နေလေပြီ။

"အမ်....ဒီကောင့်မှာ သွေးတစ်စက် ကျန်သေးတာပဲ... အိမ်ရှေ့စံမင်းသား ဆိုတဲ့အတိုင်းပဲ သူ့မှာ ရတနာတွေ အများကြီး ရှိနေတယ်..."

ထိပ်သီးကျင်ကြံသူငါးဦးနှင့် တိုက်ခိုက်နေသော ကျန်းရွှမ်သည် အိမ်ရှေ့စံမင်းသားယွမ်ချင်းက နောက်ထပ် သွေးအနှစ်သာရတစ်စက် မျိုချလိုက်သည်ကို မြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

လူများအားလုံး သူ့ကို ဝိုင်းရံထားသဖြင့် ယခုအချိန်တွင် သူ လုယူချင်လျှင်ပင် မည်သို့မျှ မဖြစ်နိုင်ချေ။ ဤမျှထိ အစွမ်းထက်သော သွေးအနှစ်သာရကို အိမ်ရှေ့စံမင်းသားယွမ်ချင်းက သန့်စင်လိုက်သည်မှာ အလွန်နှမြောဖွယ် ကောင်းပေ၏။

"ထားလိုက်တော့.... ငါ့ရဲ့ခန္ဓာကိုယ်ထဲက သွေးအနှစ်သာရတစ်စက်ကို အရင်ဆုံး အပြည့်အဝ သန့်စင်ရမယ်"

ဝါးနိုင်သည်ထက် ပိုမကိုက်ရဟူသော သဘောတရားကို သိရှိသဖြင့် ကျန်းရွှမ်သည် လုယူရန် မကြိုးစားတော့ချေ။ သူသည် လူအများ၏ တိုက်ခိုက်မှုများနှင့် သွေးအနှစ်သာရကို အသုံးပြု၍ သူ၏သွေးကြောများနှင့် ရုပ်ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်လိုက်သည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိရချေ။ နောက်ဆုံးတွင် ထိုသွေးအနှစ်သာရသည် "ဝှစ်" ခနဲအသံနှင့်အတူ လုံးလုံးလျားလျား ကုန်ဆုံးသွားတော့သည်။

ဤအချိန်၌ သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများ အားလုံးသည် ရွှေရောင်တောက်ပနေပြီး ရွှေခန္ဓာကိုယ်၏ ထူးခြားသောအရောင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားတော့သည်။

ထိုမျှသာမက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော အရိုးအမွေအနှစ် နှစ်ခုသည် အပြည့်အဝ မသန့်စင်ရသေးသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် မြှုပ်နှံထားပြီးဖြစ်သောကြောင့် သူ၏စွမ်းအားကို ပို၍သန်မာစေသည်။

ဘုန်း...

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ကျန်းရွှမ်သည် ဖရိုဖရဲအခြေအနေမှ နိုးထလာသော ပန်ဂု သို့မဟုတ် နေမင်းကို ဖမ်းဆီးသော ကွာဖူတို့ကဲ့သို့ ဖြစ်နေသည်။ သူ့ထံတွင် စွမ်းအားများဖြင့် ပြည့်နှက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အသွင်ပြောင်းလဲသွားစေသည်။

ရွှေရောင်အရည်များသည် သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြည်းညှင်းစွာ စီးဆင်းသွားသဖြင့် သူ့ကို ကြေးရုပ်ထုတစ်ခုနှင့် တူညီနေစေသည်။

"ဟား ဟား ဟား....မင်းတို့အလှည့်ပဲ"

ကျန်းရွှမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် အလင်းတန်းများ စီးဆင်းနေကာ သူ အလွန်စိတ်လှုပ်ရှားနေပေ၏။

သူသည် လူလာရောက် ကယ်တင်စဥ်ကတည်းက အမြဲတစေ ဖိနှိပ်ခံထားရပြီး သနားဖွယ်အခြေအနေမျိုး၌ ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ သူ ပြန်လည်တိုက်ခိုက်ရမည့် အချိန်သို့ ရောက်ရှိလာလေပြီ။

All Chapters