← Chapters

ကျန်းရွှမ်၏ သတ်ဖြတ်ခြင်း (အပိုင်း ၂)

Vol. 45 Ch. 510

ကျန်းရွှမ်၏ သတ်ဖြတ်ခြင်း (အပိုင်း ၂)

Vol. 45 Ch. 510

"ဒီကောင် ရူးနေပြီ"

"သူက ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူ သုံးယောက်ကို ဆက်တိုက်သတ်လိုက်တယ်..... ဘယ်လိုလုပ်ပြီးတော့ သူက ဒီလောက်ထိ အစွမ်းထက်နေတာလဲ"

"ငါ အစကတော့ ဒီအခွင့်အရေးကိုယူပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်ခဲ့တယ်...ငါက ထာဝရနှလုံးသား ရမရ ကြိုးစားကြည့်ချင်ခဲ့တာ.... အခုကြည့်ရတာတော့ ငါတို့က ဒါကို မရနိုင်မယ့်အပြင် ဒီနေရာမှာတင် သေသွားနိုင်တယ်..."

ကြည့်ရှုသူများသည် ပဋိပက္ခမှ အကျိုးအမြတ်များ ရယူရန်ပင် စိတ်ကူးမရှိကြတော့ဘဲ သူတို့ထံတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြသည်။

ကျန်းရွှမ်သည် အိမ်ရှေ့စံမင်းသားယွမ်ချင်းကို ထပ်ခါတလဲလဲ အထိနာစေနိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤကျန်းရွှမ်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ် ကောင်းပေ၏။

"ခုဏက ငါ့ကို သတ်ဖြတ်နေရတာ ပျော်နေကြတယ် မဟုတ်လား...အခု ဘာလို့ ထွက်ပြေးနေကြတာလဲ....မင်းတို့ ထွက်ပြေးနိုင်မှာလား"

လူများအားလုံး၏ ထိတ်လန့်တုန်လှုပ်နေမှုကို လျစ်လျူရှုပြီး ကျန်းရွှမ်သည် မဟာကတိသစ္စာ တောက်ပသောဘုရင် ဗောဓိသတ္တကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး စစ်ရေးအမတ်ကြီး ယွဲ့ချင်ထျန်း၏ရှေ့တွင် ပြန်လည်၍ ထွက်ပေါ်လာသည်။ သူသည် ချန်တယ်ဓားကို ရုတ်တရက် မြှောက်လိုက်ပြီး တန်းတန်းမတ်မတ် ခုတ်ပိုင်းလိုက်၏။

သူသည် ကောင်းကင်လမ်းထက် ကျော်လွန်သောစွမ်းအားရှိသည့် စိတ်ခံစားချက်ဓားနည်းစနစ်ကို ထပ်မံ၍ ထုတ်ဖော်လိုက်သည်။

ထိုဓားရှည်သည် ကောင်းကင်လှံတံနှင့် ထိပ်တိုက်တွေ့ဆုံပြီး မိုင်သောင်းချီရှည်လျားကာကတ္တရာစေးကဲ့သို့ မည်းနက်သည့် လေဟာနယ် အက်ကွဲကြောင်းကြီးတစ်ခုကို ဆုတ်ဖြဲလိုက်သည်။ ကောင်းကင်ဥပဒေသမြို့တော်တစ်ခုလုံး မည်သည့်အချိန်တွင်မဆို ကြေမွှပျက်စီးသွားတော့မည့်အလား ထပ်မံ၍ တုန်ခါသွားပေ၏။

ဖူး....

ယွဲ့ချင်ထျန်း၏ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။

သူတို့နှစ်ယောက်လုံး ဗောဓိသတ္တအဆင့်တွင် ရှိနေသော်လည်း ကျန်းရွှမ်၏ ရုပ်ခန္ဓာကိုယ်သည် အဆင့်တက်သွားပြီဖြစ်၍ သူ၏စွမ်းအားနှင့် ခံနိုင်ရည်သည် အကန့်အသတ်မရှိချေ။ မှော်ရတနာများကို အားကိုးနေရသော ယွဲ့ချင်ထျန်းကဲ့သို့ လူတစ်ယောက်သည် သူ့ကို လုံးလုံးလျားလျား ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

"ကျန်းရွှမ်.... မင်းက သေလမ်းရှာနေတာပဲ"

အမတ်ကြီးမိုချန်ကျီ၏ အော်ဟစ်သံ ထွက်ပေါ်လာပြီး ရွှေရောင်သံချပ်ကာရထားလုံးကို စီးနင်းထားသော ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည် ဟိန်းဟောက်သံနှင့်အတူ သူ့ထံသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။

သူသည် ယွဲ့ချင်ထျန်းနှင့်အတူ နှစ်ဖက်ညှပ်တိုက်ပြီး ကျန်းရွှမ်ကို နေရာမှာပင် သတ်ဖြတ်ရန် စီစဉ်ထားသည်။

သို့ရာတွင် ကျန်းရွှမ်သည် ဤအရာကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ သူ၏ဓားရှည်ကို ပြန်လည်ရုတ်သိမ်းရန် ဂရုမစိုက်ဘဲ သူသည်ဘယ်လက်ဖြင့် လေထုထဲသို့ ဖမ်းဆွဲလိုက်ရာ သူ၏လက်ချောင်းငါးချောင်းသည် တောင်ကြီးများအလားပင်။

ဘုန်း....

ရွှေရောင်သံချပ်ကာ ရထားလုံးနှင့် ပေါင်းစပ်လိုက်ချိန်၌ ဗောဓိသတ္တအဆင့် စွမ်းအားရှိသော ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည် သူ၏လက်ဝါးရိုက်ချက်ကြောင့် ကြေမွှပျက်စီးသွားသည်။ ထိုအရာသည် အပျက်အစီးတစ်ပုံအဖြစ် ပြောင်းလဲသွားကာ ရွှမ်ကမ္ဘာအတွင်းသို့ သိမ်းဆည်းခံလိုက်ရသည်။

"ငါ အသက်ရှင်ရင် ပြန်လာခဲ့မယ် ... သေသွားခဲ့ရင် ထာဝရ လွမ်းဆွတ်နေမယ်"

သူသည် ချန်တယ်ဓားကို ထပ်မံ၍ မြှောက်လိုက်ပြီး နောက်ထပ်ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

ဤတစ်ကြိမ်တွင် စိတ်ခံစားချက်ဓားနည်းစနစ်၏ အစွမ်းအထက်ဆုံး ဓားကွက်ကို အသုံးပြုရာ၌ ယခင်က ကန့်သတ်ချက်များ မရှိတော့ချေ။ ထို့အစား မယုံနိုင်လောက်အောင် ချောမွေ့နေပြီး ဓားချီအလင်းတန်းသည် အချိန်နှင့်လေဟာနယ် ကန့်သတ်ချက်များကို မခံရသည့်အလား အမတ်ကြီးမိုချန်ကျီ၏ရင်ဘတ်ကို ချက်ချင်း ထွင်းဖောက်သွားပြီး သူ၏နှလုံးသားကို အမှုန်အမွှားဖြစ်အောင် ခြေမွှဖျက်ဆီးလိုက်သည်။

"သိမ်းယူစမ်း"

ကျန်းရွှမ်သည် နောက်ထပ်လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ဤလက်မှုရေးရာအမတ်ကြီး၏ အလောင်းနှင့်စိတ်ဝိညာဥ်ကို သိမ်းဆည်းလိုက်သည်။

အမတ်ကြီးနှစ်ယောက်ကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် ကျန်းရွှမ်သည် ပြင်းထန်စွာ ဒဏ်ရာရနေသော ယွဲ့ချင်ထျန်းဆီသို့ လက်ဆန့်တန်းလိုက်သည်။

"အိမ်ရှေ့စံမင်းသား... ဒီလက်အောက်ငယ်သားရဲ့ မစွမ်းဆောင်နိုင်မှုကို ခွင့်လွှတ်ပါ.... အရင် သွားပါရစေ"

သူ ဖမ်းခံရပါက သေချာပေါက် သေဆုံးရမည်ဖြစ်ကြောင်း သိရှိထားကာ ယခုအချိန်တွင် ဒဏ်ရာအပြင်းအထန် ရထားသဖြင့် ယွဲ့ချင်ထျန်းသည် တွေဝေတုံ့ဆိုင်းမနေရဲပေ။ သူသည် အော်ဟစ်လိုက်ပြီးနောက် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုက သူ၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာကာ ပြင်းထန်စွာ ခြေမွှလိုက်သည်။

ဝှစ်.....

သူ၏ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လေဟာနယ်လှိုင်းဂယက်များဖြင့် လွှမ်းခြုံခံလိုက်ရပြီး နောက်တစ်ခဏတွင် ကောင်းကင်ဥပဒေသမြို့တော်မှ ပျောက်ကွယ်သွားကာ ခြေရာလက်ရာပင် မကျန်တော့ချေ။

"သူက တော်တော်လေး မြန်မြန်ဆန်ဆန် ထွက်ပြေးနိုင်တာပဲ..."

ကျန်းရွှမ်သည် လေဟာနယ်ကိုသာ ဖမ်းဆွဲမိသဖြင့် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ဤစစ်ရေးအမတ်ကြီးသည် စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သော ဝါရင့်စစ်သည်တော် ပီသစွာပင် ထွက်ပြေးရန် နည်းလမ်းကို ကြိုတင်၍ ပြင်ဆင်ထားသည်။ ထိုသို့မဟုတ်ပါက သူသည် ဤမျှထိ လွယ်လင့်တကူ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သို့ရာတွင် ယွဲ့ချင်ထျန်း၏ထွက်ပြေးသွားမှုသည် ပြဿနာမရှိချေ။ စိတ်ဓာတ်ဆိုသည်မှာ ကွင်းဆက်အကျိုးသက်ရောက်မှုအလားပင်။ တစ်စုံတစ်ယောက် ပြိုလဲသွားသည်နှင့် ကြွင်းကျန်သော လူများသည်လည်း မြေပြိုသကဲ့သို့ ပြိုကျသွားပြီး ကယ်တင်၍ မရနိုင်တော့ပေ။

အမှန်တကယ်ကိုပင် ယွဲ့ချင်ထျန်း ထွက်ပြေးသွားသည်နှင့် ကြွင်းကျန်နေသော ပညာပါရမီ စစ်ပွဲဗုဒ္ဓ ဗောဓိသတ္တနှင့် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်တို့သည် တိုက်ခိုက်လိုစိတ် မရှိကြတော့ချေ။ သူတို့သည် အဝေးသို့ ရှောင်ပြေးကြကာ လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ပြေးရန် နည်းလမ်းရှာနေကြ၏။

"ခုဏက ငါ့ကို သတ်ချင်ကြတုန်းက တော်တော်လေးမြန်ကြတယ်.....အခု ထွက်ပြေးချင်နေကြပြီလား....မင်းတို့ ထွက်ပြေးနိုင်မှာလား"

ကျန်းရွှမ်က အေးစက်စက် အော်ငေါက်ပြီး သူ၏လက်ထဲမှ ဓားရှည် ထပ်မံ၍ လှုပ်ရှားသွားသည်။

စိတ်ခံစားချက်ဓားသိုင်း၏ နောက်ထပ်ဓားကွက်တစ်ခု ထွက်ပေါ်လာသည်။

ရင်းမြစ်ကမ္ဘာ၏မိုးကောင်းကင်တာအိုသည် ကောင်းကင်လမ်းထက် ကျော်လွန်သော စွမ်းအားတစ်ရပ်ကို ကောင်းကင်ဥပဒေသမြို့တော်အတွင်း၌ ဆက်တိုက်အသုံးပြုနေကြောင်း အာရုံခံမိပုံရသည်။ မိုးကောင်းကင်တာအိုသည် ဒေါသထွက်နေသည့်အလား တိမ်မည်းများ နိမ့်ဆင်းလာကာ မိုးကြိုးလှိုင်းများဖြင့် အဆက်မပြတ် တိုက်ခိုက်နေသဖြင့် နတ်ဘုရားနယ်မြေတစ်ခုလုံး မည်သည့်အချိန်တွင်မဆို ကွဲကြေသွားတော့မည့်အလား ဆက်တိုက်တုန်ခါနေသည်။

ဤတုန်ခါမှုကြောင့် ထွက်ပြေးနေသော ပညာပါရမီ စစ်ပွဲဗုဒ္ဓ ဗောဓိသတ္တနှင့် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်တို့သည် လေဟာနယ်ကို ဆုတ်ဖြဲဝံ့ခြင်း မရှိတော့ဘဲ တိတ်တဆိတ် ပျံသန်းရုံသာ တတ်နိုင်တော့သည်။

ဤသည်က သူတို့၏အရှိန်နှုန်းကို များစွာ လျော့ကျသွားစေပြီး ဓားချီအလင်းတန်း၏ အရှိန်ထက် များစွာနှေးကွေးသွားစေသည်။

ဝှစ်...ဝှစ်....

သူတို့နှစ်ဦးလုံးကို ဓားချက်ထိမှန်သွားပြီး သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။

"ဗုဒ္ဓအရှင် ကယ်ပါအုံး..."

နောက်ထပ်ဓားချက်တစ်ချက်သာ ခံယူရပါက သူ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ မဟာကတိသစ္စာ တောက်ပသောဘုရင် ဗောဓိသတ္တကဲ့သို့နေရာတွင် ပျက်စီးသွားမည်ဖြစ်ကြောင်း သိရှိထားသည်။ ထိုကြောင့် ပညာပါရမီ စစ်ပွဲဗုဒ္ဓ ဗောဓိသတ္တသည် ဆက်လက်၍ တောင့်မခံရဲတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ဝုန်း....

သူ၏အော်ဟစ်သံနှင့်အတူ ဗုဒ္ဓအလင်းတန်းများတောက်ပလာပြီး မဟာနေမင်း ဗုဒ္ဓစည်းတံဆပ်မှ ရုတ်တရက် တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ ဤဗောဓိသတ္တ၏ ပုံရိပ် လှုပ်ခတ်သွားပြီး မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။

သူ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားသည်။

ဤအခွင့်အရေးကို အသုံးပြု၍ မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်သည်လည်း ကောင်းကင်ဥပဒေသမြို့တော်၏ ချုပ်နှောင်မှုများမှ နောက်ဆုံးတွင် လွတ်မြောက်သွားပြီး ရင်းမြစ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသည်။

နတ်ဆိုးဧကရာဇ်လေးပါးအနက် သုံးပါးသည် ကျန်းရွှမ်နှင့် ပတ်သက်သော ကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ဆယ်ရက်အတွင်း သေဆုံးသွားခဲ့ရသည်။ ဤအကြောင်းကို စဉ်းစားကြည့်လျှင် ဝမ်းနည်းဖွယ် ကောင်းပေ၏။

"သေစမ်း သေစမ်း..."

ယခင်က သူ၏သိသာထင်ရှားသော အားသာချက်သည် အားနည်းချက်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်ကို မြင်တွေ့ချိန်၌ အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် အလွန်ဒေါသထွက်နေသော်လည်း သူ တတ်နိုင်သော အရာဟူ၍ မရှိပေ။

ယခင်က အမတ်ကြီးသုံးဦး နတ်ဆိုးဧကရာဇ်နှစ်ပါး ဗောဓိသတ္တနှစ်ပါး ခုန်းရှီ ရန်ချူးယောင်နှင့် သူကိုယ်တိုင် အပါအဝင် ထိပ်သီးကျင့်ကြံသူဆယ်ဦး ပူးပေါင်းခဲ့သည့်တိုင် ကျန်းရွှမ်ကို အနိုင်မယူနိုင်ခဲ့ချေ။ ယခု၌မူ သူတို့သုံးဦးတည်းဖြင့် မည်သို့မျှ မတိုက်ခိုက်နိုင်မည်မှာသေချာပေါက်ပင်။

"ခုန်းရှီ.... သူ့ကို သတ်လိုက် ငါ ခင်ဗျားကို ထုံးတမ်းစဉ်လာ အမတ်ကြီးရာထူး ခန့်အပ်ပေးမယ့်အပြင် အတွင်းဝန်အဖွဲ့ထဲ ဝင်ခွင့်ရဖို့လည်း အာမခံတယ်"

အိမ်ရှေ့စံမင်းသားယွမ်ချင်းက အံ့တင်းတင်းကြိတ်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။

အမတ်ကြီးခြောက်ဦးသည် အင်ပါယာ၏ အသက်သွေးကြောခြောက်ခုကို ထိန်းချုပ်ထားသော ဒုတိယအဆင့် အရာရှိကြီးများ ဖြစ်ကြသည်။ သို့ရာတွင် အမှန်တကယ် အစွမ်းထက်သူများမှာ အတွင်းဝန်အဖွဲ့ ရှိ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ငါးဦးပင်။

ဤလူငါးဦးလုံးသည် ဗုဒ္ဓအရှင်နှင့်ယှဉ်နိုင်သော ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး ထျန်းလီအင်ပါယာ၏ အစစ်အမှန်ထိန်းချုပ်သူများ ဖြစ်ကြသည်။

သူတို့ငါးဦး အတူပူးပေါင်းပြီး တောင်းဆိုပါက ဧကရာဇ်ဖုရှန်းပင်လျှင် ဗြောင်ကျကျ ပယ်ချရဲမည် မဟုတ်ချေ။

ဤအချက်လေးတစ်ချက်တည်းဖြင့်ပင် သူတို့ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနိုင်သည်။

ခုန်းရှီသာ အတွင်းဝန်အဖွဲ့သို့ ဝင်ရောက်နိုင်ပါက ထျန်းလီအင်ပါယာ၏ အခွင့်အာဏာ ဗဟိုချက်တွင် အမှန်တကယ် ရပ်တည်နိုင်ပေလိမ့်မည်။

"ကောင်းပြီလေ"

ခုန်းရှီက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ကျန်းရွှမ်ကို လျစ်လျူရှုထားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဆရာကျန်း လက်နက်ချလိုက်ပါ....မင်း အရှုံးပေးပြီးတော့ အမိန့်ကို နာခံမယ်ဆိုရင် အနည်းဆုံး ပထမအဆင့် အရာရှိရာထူး ဒါမှမဟုတ် အတွင်းဝန်အဖွဲ့ထဲမှာ နေရာတစ်နေရာရဖို့ ကျွန်တော် အာမခံနိုင်တယ်"

"ဟား ဟား ဟား.... ပထမအဆင့် အရာရှိ ဟုတ်လား.... တကယ် ကောင်းတာပဲ"

ကျန်းရွှမ်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူ့ကို သစ္စာဖောက်ခဲ့သော ဤမိတ်ဆွေဟောင်းကို ဂရုမစိုက်တော့ချေ။ သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ရန်ချူးယောင်၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ သူသည် လေထုထဲသို့ သူ၏လက်ကို ဖမ်းဆွဲလိုက်ရာ သူမ၏ လည်ပင်းကို ညှစ်ထားပြီးဖြစ်သည်။

ရန်ချူးယောင်သည် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်ခြင်းမရှိသည့်အပြင် သူမ၏ စွမ်းအားသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်သာ ရှိသည်။ သူမသည် ဗောဓိသတ္တအဆင့်သို့ မရောက်ရှိသေးသဖြင့် သူမ မတုံ့ပြန်နိုင်သေးမီမှာပင် သူမ၏စွမ်းအားများ ချိတ်ပိတ်ခံလိုက်ရပြီး ခုခံနိုင်ခြင်းမရှိတော့ချေ။

"သူ့ကို လွှတ်လိုက်..."

အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ ဦးရေပြား ထုံကျင်သွားကာ သူသည် ခုန်းရှီဘက်သို့ လှည့်ကြည့်လိုက်၏။

"မြန်မြန် တိုက်ခိုက်စမ်း....မဟုတ်ရင် ငါ့အကြောင်းကို မင်း သိစေရမယ်"

"ဟုတ်ကဲ့...."

ခုန်းရှီက ခေါင်းညိတ်လိုက်သည်။ သူသည် ကျန်းရွှမ်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများ တောက်ပသွားပြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"လူတွေမှာ စည်းကမ်း ရှိရမယ် လုပ်ရပ်တွေမှာ ယဉ်ကျေးမှု ရှိရမယ်.."

သူ၏အသံ မဆုံးသေးမီမှာပင် ကျန်းရွှမ်က သူ၏လက်ကို ရုတ်တရက် တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်သည်။

ဂျွတ်....

ဂီတကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူ၏ လည်ပင်း ကျိုးသွားပြီး နေရာမှာပင် သေဆုံးသွားသည်။

ရန်ချူးယောင်သည် သူ့ကို နှစ်ကြိမ်ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့သဖြင့် သူ မည်သို့ အလွတ်ပေးနိုင်မည်နည်း။

သူမ၏ အလောင်းနှင့်မှော်ရတနာကို ရွှမ်ကမ္ဘာထဲသို့ သိမ်းဆည်းလိုက်ပြီး ကျန်းရွှမ်သည် ချန်တယ်ဓားကို ထပ်မံ ဆွဲထုတ်ကာ ခုန်းရှီကို ချိန်ရွယ်လိုက်သည်။

"ခင်ဗျားကို ဒီလို မလုပ်ချင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ... ကျွန်တော်မှာ ရွေးချယ်စရာ မရှိတော့ဘူး"

သူသည် ခုန်းရှီကို လက်နက်ဖြင့် မရင်ဆိုင်ချင်ခဲ့သော်လည်း အခြေအနေများက သူ၏ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း သိသာထင်ရှားသည်။

တစ်ဖက်လူ သစ္စာဖောက်လိုက်သည့် အချိန်ကစပြီး သူတို့နှစ်ယောက်သည် ရန်သူများ ဖြစ်သွားခဲ့လေပြီ။

All Chapters