← Chapters

ကျိယွမ်၏ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်

Vol. 17 Ch. 196

ကျိယွမ်၏ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်

Vol. 17 Ch. 196

"ဒီလို သာယာဝပြောတဲ့ နေရာလေးက ပျက်စီးရတော့မယ်၊ တကယ်ကို နှမြောဖို့ကောင်းလိုက်တာ"

ဝမ်ကတော်က ချင်းရွှေရွာနယ်မြေမှ စိုပြည်လှပသော ရှုခင်းများကို ကြည့်ရှုရင်း စိတ်မကောင်းသောလေသံဖြင့် မှတ်ချက်ပြုလိုက်၏။

လမ်းမပေါ်မှကြည့်လျှင် နေရာတိုင်း၌ စိုက်ခင်းများဖြင့် စိမ်းလန်းစိုပြည်နေပြီး စိုက်ခင်းတိုင်းမှ သီးနှံများမှာလည်း အောင်မြင်ဖြစ်ထွန်းနေကြသည်။ ကျေးရွာချင်းဆက်လမ်းမများပေါ်တွင်လည်း ရွာသူရွာသားများက စည်စည်ကားကားကူးလူးသွားလာနေကြကုန်၏။

သို့သော်လည်း မည်မျှပင် လှပသော ရှုခင်းဖြစ်စေကာမူ၊ ရွာများ၏ ရှေ့လာမည့် အနာဂတ်မှာ မည်မျှပင်တောက်ပနေပါစေ၊ မိစ္ဆာနတ်ဘုရားများ၏ ကျူးကျော်မှုအောက်တွင် အားလုံးမှာ ပျက်စီးကြရပေတော့မည်။ အသက်ရှင်ကျန်ရစ်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ မိစ္ဆာနတ်ဘုရားများ၏ ဘေးမှဝေးရာဖြစ်သော တောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခြင်းသာရှိသည်။

"မြန်မြန်လေးမောင်းကြ"

ဝမ်ကတော်က စိတ်မကောင်းစွာ သက်ပြင်းချရင်းမှ ခရီးဆက်ရန် အမိန့်ပေးလိုက်သည်။

မြောက်ပိုင်းရှိ နယ်မြေအားလုံးနီးပါးမှာ ခေတ်သစ်နတ်ဘုရားများ၏ ကျူးကျော်ခြင်းကို ခံထားရပြီး ဖြစ်သည်။ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ရှေးဟောင်းနတ်ဘုရားများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသော တောင်ဘက်ရှိ ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့ထံသို့ သွားရောက်ခိုလှုံရန်ပင်။

နံနက်ခင်းအလင်းရောင် ပေါ်ထွက်လာချိန်တွင် ချီချီသည် နတ်ကွန်းအပြင်ဘက်၌

တိုးလိုတွဲလောင်းဖြစ်နေသော ဇောက်ထိုးကျိယွမ်အား မြင်လိုက်ရပြီး အလန့်တကြားထအော်သည်။

"အောင်မယ်လေး...ဘာကြီးလဲ"

"အဖေလား... အဖေက သမီးကို လန့်အောင်လုပ်တာပဲ"

သူမသည် သစ်ပင်ပေါ်တွင် အနီရောင်ဝတ်စုံတစ်ခုနှင့်အတူ ဇောက်ထိုးတွဲလောင်းခိုနေသော ကျိယွမ်ကို ကြည့်ကာ ထူးဆန်းနေ၏။

မည်သူမဆို နံနက်စောစောစီးစီးတွင် သစ်ပင်ပေါ်၌ လူနှစ်ယောက် တွဲလောင်းခိုနေသည်ကို မြင်လျှင် ထိတ်လန့်သွားကြမည်သာဖြစ်သည်။

မသိလျှင် ဆွဲကြိုးချပြီး သေနေသော အလောင်းများနှင့်တူနေသည်မဟုတ်ပါလား။

"မူလနတ်ဘုရားရဲ့ သမီးက ဒီလောက်လေးနဲ့ လန့်နေလို့ ဖြစ်မလား"

ကျိယွမ်က ရယ်မောရင်းမှ သတို့သမီးလေးကို ပွေ့ချီကာ သစ်ပင်ပေါ်မှ ဆင်းလာခဲ့သည်။

"ဒါက သတို့သမီးလေး... ငါ့ရဲ့ ဇနီးပေါ့"

ကျိယွမ်က သတို့သမီးလေးနှင့် ချီချီကို မိတ်ဆက်ပေးလိုက်၏။ သတို့သမီးလေးကလည်း သူမ၏ အင်္ကျီလက်စအတွင်းမှ သစ်သားပြားလေးတစ်ခုကို ထုတ်ပေးလိုက်၏။

ပျော်ရွှင်နေသောပုံ။

"အင်"

ချီချီမှာ ကြောင်အသွားသည်။

သူမက ရှေးဟောင်းသတို့သမီးဝတ်စုံကိုတစ်လှည့် သစ်သားပြားကိုတစ်လှည့်ကြည့်ကာ နားမလည်ဖြစ်နေ၏။

သူမ ချင်းရွှေကျေးရွာသို့ စတင်ရောက်ရှိစဉ်က ဤအနီရောင်ဝတ်စုံကို ခပ်ဝါးဝါး မြင်ခဲ့ဖူးသော်လည်း ၎င်းကို အဖိုးတန်ရတနာတစ်ခုဟုသာ အမြဲတမ်း ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ ဤဝတ်စုံမှာ သူမအဖေ၏ ဇနီးဖြစ်နေလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။

မွေးစားအဖေက လူသားမိန်းမတွေကို မယူဘဲ ဘာလို့ ဝိညာဥ်ပါတဲ့အဝတ်စကို ယူထားရတာပါလိမ့်။

ချီချီက နားမလည်သလိုဖြစ်နေသော်လည်း ကျိယွမ်က ထပ်မံရှင်းမပြပါ။

"ဒါနဲ့ ဘာကိစ္စရှိလို့ ငါ့ကိုလာရှာတာလဲ"

ကျိယွမ်က ထိုသို့မေးရင်းမှ မျက်မှောင်ကုပ်သွားသည်။ နတ်ကွန်း၏အပြင်ဘက်တွင် အခြားလူများလည်း ရှိနေသည်ကို သူခံစားမိသောကြောင့်ဖြစ်သည်။

စောစောစီးစီး ဘာလာလုပ်ကြတာလဲ။

"တစ်ခုခု ဖြစ်လို့လား"

"အဖေ... လင်းတိုင်းပြည်မှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်နေပြီ။ ဧကရာဇ်ကြီး နတ်ရွာစံသွားပြီဖြစ်သလို ဖေးလင်းခရိုင်ရဲ့ မြို့ဝန်လည်း ရာထူးကနေ ပြောင်းရွှေ့ခံလိုက်ရတယ်"

ချီချီက ယခင်ညက ရရှိထားသော သတင်းများကို အကျဉ်းချုပ် တင်ပြလိုက်သည်။

ယခုအခါ ချင်းရွှေကျေးရွာနယ်မြေ၏ စီမံခန့်ခွဲမှုကို သူမက ဦးဆောင်နေသဖြင့်ကျိယွမ်မှာ စီမံခန့်ခွဲမှုကိစ္စများကို စိတ်မပူရဘဲ ဂိမ်းအဆင့်တက်ခြင်းအပေါ်၌သာ အာရုံစိုက်ထားနိုင်ခြင်း ဖြစ်သည်။

ကျိယွမ်သည် စီမံအုပ်ချုပ်ခြင်းထက် တိုက်ခိုက်ရေးတွင် ပိုမိုကျွမ်းကျင်သူဖြစ်သော်လည်း ချီချီကတော့ အရာရာကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သော "အိမ်ထိန်း" ကောင်းတစ်ဦး ဖြစ်သည်။

"ဒါဆို မိစ္ဆာနတ်ဘုရားတွေက ဘယ်တော့ တိုက်ခိုက်လာမလဲ"

အားလုံးကို နားထောင်ပြီးသောအခါ ကျိယွမ်က လိုရင်းကိုမေးလိုက်၏။

ချီချီက မျက်မှောင်ကြုတ်လျက် "ဖေးလင်းခရိုင်က မြို့ခုနစ်မြို့ထဲမှာ လေးမြို့က သူတို့လက်ထဲ ကျသွားပြီ။ တကယ်လို့ နတ်ဘုရားအသစ်တစ်ပါး ထပ်ဆင်းသက်လာမယ်ဆိုရင် သူတို့ ဖေးဟွမ်မြို့ကို ချီတက်လာဖို့ နောက်ထပ် နှစ်နှစ်လောက် ကြာဦးမယ်လို့ သမီး ခန့်မှန်းတယ်"

ချင်းရွှေကျေးရွာအတွက် အချိန်သိပ်မကျန်တော့သည်ကို သိရှိသဖြင့် သူမ၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

ကျိယွမ်သည်လည်း ထိုစကားကြောင့် ဘဝင်မကျသလို ဖြစ်သွားသည်။

"နှစ်နှစ်နေမှ လာမှာလား... အရမ်းနှေးလွန်းတယ်။ ငါ အသေးစိတ် အစီအစဉ်တစ်ခု ဆွဲရတော့မယ် ထင်တယ်"

ထိုအချိန်ထိ သူမစောင့်နိုင်ပါ ၊ အပြင်ဘက်လောကတွင်လည်း လုပ်စရာများရှိနေသေး၏။ဂိမ်းထဲတွင်တစ်သက်လုံးနေ၍ မရပါ။

ကံကောင်းသည်မှာ သူ၏ကျင့်ကြံခြင်း ပါရမီမှာ သာမန်မျှသာ ဖြစ်သော်လည်း အစီအစဉ်ဆွဲရာတွင်မူ သူသည် ထူးချွန်သူတစ်ဦး ဖြစ်သည်။ သူ သေချာစွာ ဆွဲထားသော အစီအစဉ်တိုင်းမှာ အမှားအယွင်းမရှိ ချောမွေ့စွာ အောင်မြင်လေ့ရှိခဲ့၏။

"​ဘာအစီအစဉ်တွေလဲဟ ၊ ငါ့လည်း ပြောပါဦး"

ဘယ်အချိနိကတည်းက နားထောင်နေမှန်းမသိ​သော မဟာအုပ်စိုးရှင်ရှန်လဲ့က ရုတ်တရက်ပေါ်လာပြီး စိတ်ဝင်တစား မေးလိုက်သည်။

"ဖေးလင်းခရိုင် တစ်ခုလုံးကို သိမ်းပိုက်ဖို့ အစီအစဉ်လေ ၊ သူတို့လာမဲ့အထိ ကျုပ်မစောင့်နိုင်ဘူး"

ကျိယွမ်က အလုပ်တစ်ခုကိုအချိန်ဆွဲနေခြင်းမျိုးကို လုံးဝသဘောကျသူဖြစ်၏။

ရှန်လဲ့က ကျိယွမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။

"ဖေးလင်းခရိုင်မှာ ဒုတိယအဆင့်နတ်ဘုရား ဆင်းသက်လာနိုင်တယ်။ ငါ့ရဲ့ ကူညီမှုမပါဘဲ မင်းရဲ့ အခုလက်ရှိ အစွမ်းနဲ့ အနိုင်ရဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ်"

ရှန်လဲ့က အလကား စိုးရိမ်နေခြင်းမဟုတ်ပေ ။ သူ၏စိုးရိမ်မှုမှာ အကြောင်းရှိပေသည်။

သူတော်စင်ဆယ့်ရှစ်ပါးနှင့် ကောင်းကင်ဘုံနတ်မင်းလေးပါးတို့မှာ ပါရမီထူးချွန်ကြသော်လည်း သူတို့သည် ပထမအဆင့်၌သာ ရှိကြသေးသည်။ထို့ကြောင့် ဒုတိယအဆင့် နတ်ဘုရားတစ်ပါးကို အနိုင်ယူရန်မှာ သူတို့အတွက် မဖြစ်နိုင်သလောက်ပင်။

"ဒုတိယအဆင့် နတ်ဘုရားတွေက အစွမ်းထက်တာ မှန်ပေမဲ့ ကျုပ်ရဲ့ အစီအစဉ်ကိုလည်း လျှော့မတွက်နဲ့ ၊ ကျုပ်အစီအစဥ်မှန်သမျှ မကျရှုံးဖူးဘူး "

ကျိယွမ်က နောက်ဆုတ်မည့်ပုံမရပေ။

"အေးပါကွာ ...အေးပါ ၊ ငါ့ကိုတော့ လာပြီး အကူအညီ မတောင်းနဲ့။ ငါဝင်ပါလို့မရဘူး ၊ ငါဝင်ပါလိုက်ရင် ငါတို့အကုန်လုံး မြောက်ဘက်ကနေ ထွက်ပြေးရလိမ့်မယ်"

အကယ်၍ ရှန်လဲ့လို မဟာအုပ်စိုးရှင်တစ်ပါး ​မြောက်ပိုင်းတွင်ရှိနေသေးသည်ကို သိသွားလျင် မိစ္ဆာနတ်ဘုရားများကလည်း သေချာပေါက် မဟာအုပ်စိုးရှင်တစိပါးကိုလွှတ်ပေလိမ့်မည်။

ရှန်လဲ့ကကြောက်ရွံ့ခြင်းမရှိသော်လည်း သူကလက်ရှိတွင် ဒဏ်ရာရနေသောကြောင့် ဒေါင်ဒေါင်မြည်အခြေအနေမဟုတ်ပေ။ ထို့ကြောင့် ချင်းရွှေရွာကို မိစ္ဆာမဟာအုပ်စိုးရှင်များလက်မှ ကာကွယ်ပေးရန် မဖြစ်နိုင်ပါ ။ ထိုကိစ္စမျိုးဖြစ်ပေါ်လာပါက ချင်းရွှေရွာသားအားလုံးသည် အသက်ဘေးမှ လွတ်ရန် ထွက်ပြေးရုံသာရှိတော့သည်။

"ကျုပ်သိပါတယ်"

ကျိယွမ်က သဘောပေါက်သလို ခေါင်းညိတ်၏ ။

ထို့နောက် တစ်ဆက်တည်း ထပ်ပြောသည်။

"ဒါပေမဲ့ အစီအစဉ်မှာ အခက်အခဲလေး တစ်ခုတော့ ရှိနေတယ်။ ခင်ဗျား 'ရှေးဟောင်းမျိုးနွယ်' အကြောင်း ကြားဖူးလား"

ရှေးဟောင်းမျိုးနွယ်၏ ဘိုးဘွားနယ်မြေတွင် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည့် နည်းလမ်းရှိနိုင်ကြောင်း ချုံးဟွာအရှင်မ ပြောခဲ့သည်ကို ကျိယွမ် မမေ့ပါ။

ရှန်လဲ့က ချက်ချင်း နားလည်သွားပြီး ကျိယွမ်ကိုပြန်မေးသည်။

"မင်းက မောက်မာအရှင်ရဲ့ လမ်းစဉ်ကို လိုက်မလို့လား"

"ဒါပေမဲ့ မင်းက စစ်မှန်နတ်ဘုရားအဆင့်တောင် မရောက်သေးဘူးလေ။ ရှေးဟောင်းမျိုးနွယ်ရဲ့ဘိုးဘွားနယ်မြေထဲ ဝင်တာက သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ။ အဲဒီနေရာက စစ်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ ဝိညာဉ်တွေနဲ့ မိစ္ဆာနတ်ဘုရားတွေ ပြည့်နေတာ။ မင်း ဝင်သွားနိုင်ရင်တောင် အောင်မြင်မယ်လို့ အာမမခံနိုင်ဘူး ၊ သေဖို့ကတောင် ပိုများနေတယ် "

ကျိယွမ်က လက်မလျှော့ပါ။

"ခင်ဗျားကလည်း အားပေးကြမ်းချက် ၊ စတောင် မစရသေးဘူး သေမယ်လို့ပဲ ၊ ဘယ်အရာဖြစ်ဖြစ် တစ်ခါတော့ ကြိုးစားကြည့်သင့်တယ် ။ ကျုပ်အတွက် အဲဒီနယ်မြေထဲ ဝင်နိုင်ဖို့ နည်းလမ်းပဲ လိုတာ ။ အထဲရောက်လို့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်"

ဂိမ်းတစ်ခုကို ကစားရမည်ဆိုလျှင် အခက်အခဲရှိသည်မှာ သာမန်ပင် ဖြစ်သည်။ဂိမ်းက အခက်အခဲမရှိလျှင် မည်သူကဆော့ချင်တော့မည်နည်း။

ပြီးတော့ ဒါက ဂိမ်းထဲက အခန်းခွဲလေးတစ်ခုပဲကို ၊ ဘယ်လိုလုပ်ပြီး သေမလဲ ၊ နည်းနည်းပါးပါး ကျော်ဖြတ်ရခက်တဲ့ အဆင့်လေးတွေ ပါရုံပေါ့။

ကျိယွမ်သည် သူ၏ ထူးခြားသော အစွမ်းများဖြင့် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေ၏။

ထိုစဉ် ချင်းရွှေကျေးရွာ အကြီးအကဲ ယွီလီက ကုပ်ချောင်းကုပ်ချောင်းဖြင့် သူတို့အနားသို့ ရောက်လာသည်။

"အရှင်... ကျွန်တော်တို့ ကျေးရွာမှာ ရှေးဟောင်းမျိုးနွယ် ဘိုးဘွားနယ်မြေထဲကို ဝင်နိုင်တဲ့ နည်းလမ်း ရှိပါတယ်"

"ဟေ"

ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။

သူက ယွီလီကို တစ်ချက်ကြည့်လိုက်ရာ

ယွီလီက ချက်ချင်း ရှင်းပြလိုက်သည်။

"ကျွန်တော်တို့ ရွာက တကယ်တော့ ရှေးဟောင်းမျိုးနွယ်ကနေ ဆင်းသက်လာတဲ့ သူတွေပါ။ အရှင်က​ နယ်မြေထဲ ဝင်နိုင်ဖို့ ကျွန်တော်တို့ အကြံပြုပေးလို့ ရပါတယ်"

ကျိယွမ်က ပြုံးလိုက်ပြီး "ဒါပဲလေ... ဂိမ်းအဆင့်ကျော်ဖို့ လမ်းစတွေ့ပြီ။ အဲဒီ နယ်မြေကို ဘယ်တော့ သွားလို့ရမလဲ" ဟု မေးလိုက်သည်။

"ပြင်ဆင်ဖို့ အတွက်တော့ ဆယ်ငါးရက်လောက် ကြာပါလိမ့်မယ်"

ယွီလီက အနည်းငယ်တော့ စိုးရိမ်နေခဲ့သည်။ သူတို့ချင်းရွှေကျေးရွာတွင် ရှေးဟောင်းနယ်မြေ၏ ဝင်ပေါက် ရှိသော်လည်း စစ်မှန်နတ်ဘုရားအဆင့် မဟုတ်ဘဲ ဝင်ရောက်ခြင်းမှာ အလွန် အန္တရာယ်များလှ၏။

"ဆယ်ငါးရက်တောင်ပေါ့... ကြာလှချည်လား"

ပြုံးနေသောကျိယွမ်က မျက်မှောင်ကြုတ်လိုက်သည်။သူက ထိုထက်မြန်ချင်နေသည်။

"ဒါနဲ့ မောက်မာအရှင်က ဘိုးဘွားနယ်မြေထဲမှာ စစ်မှန်နတ်ဘုရား ဖြစ်ဖို့ ဘယ်လောက် ကြာခဲ့လဲ"

"တစ်ရက်ပဲ ကြာခဲ့တယ်လို့ ထင်တာပဲ"

ရှန်လဲ့က တွေးတွေးဆဆ ဖြေလိုက်၏။

ကျိယွမ် အနည်းငယ်တိတ်ဆိတ်သွား၏။

သူက စိတ်ထဲတွင် တွက်ချက်နေပုံရသည်။

အတန်ကြာမှ သူကစကားပြန်စ၏။

"ဟုတ်ပြီ.. အစီအစဉ် ဘယ်လိုဆွဲရမလဲဆိုတာ ကျုပ် သိပြီ။ ပထမ သုံးရက်မှာ ဖေးဝူမြို့ကို တိုက်ခိုက်ပြီး သိမ်းပိုက်မယ်။ လေးရက်ကနေ ဆယ်ရက်အတွင်း နောက်ထပ် မြို့နှစ်မြို့ကို သိမ်းမယ်။ ဆယ့်တစ်ရက်ကနေ ဆယ့်ခုနစ်ရက်အတွင်းမှာ စစ်မှန်နတ်ဘုရားအဆင့်ကို တက်လှမ်းပြီး အစွမ်းထက်တဲ့ သူတွေကို ဆင့်ခေါ်မယ်။ အဲဒီနောက် အစိတ်ကနေ ရက်ပေါင်း သုံးဆယ်အတွင်းမှာ ဖေးလင်းခရိုင် တစ်ခုလုံးကို သိမ်းပိုက်မယ်"

ကျိယွမ်သည် သူ၏ အစီအစဉ်ကို စိတ်အားထက်သန်စွာ ချပြလိုက်၏။ အစီအစဥ်က အသေးစိတ်ကျပြီး အောင်မြင်နိုင်ချေ အလွန်မြင့်မားသည်ဟု သူ ယူဆထားသည်။

ရှန်လဲ့မှာ ကြောင်အသွားပြီး ကျိယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာသည်။

"မင်းအစီအစဥ်မှာ ငါ လုံးဝ ဝင်မပါဘူးနော် ၊ ကြိုပြောထားတာ "

သူက အပြတ်ပြောထားလိုက်၏။

"ခင်ဗျားက ဒီမှာပဲ နေပြီး အိမ်စောင့်ပေးပေါ့"

ကျိယွမ်ကလည်း သူပါခြင်း မပါခြင်းကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ရှန်လဲ့သည် ကျိယွမ်၏အစီအစဥ်အား ပြန်တွေးကြည့်ပြီး ခေါင်းခါ၏။

တစ်လသာသာတည်းလေးနဲ့ အကုန်လုံးကို အပြတ်တိုက်မယ်တဲ့လား။ ဒီကောင် ရူးများနေသလား။

လူအများက သူ့အား စိတ်လိုက်မာန်ပါ လုပ်တတ်သူဟု အမြဲထင်နေကြသည်။ ဘာပဲလုပ်လုပ် အတွေးအခေါ်အမျှော်အမြင်မရှိဘဲ တဇွတ်ထိုးထလုပ်သည်ဟု ဆိုကြ၏။

ဒီကောင်တွေ ကျိယွမ်ကိုမမြင်ဖူးသေးလို့ ငါ့ကို မိုက်မဲတယ်ပြောနေကြတာ၊ ငါ့ရှေ့က အရူးကိုသာမြင်သွားရင် ငါ့ကိုစိတ်ရှည်တယ်ဆိုပြီးတောင် ချီးမွမ်းကြဦးမှာ ။

ထိုအချိန်တွင် ကျိယွမ်က သူ၏အစီအစဥ်ကို အပြည့်အဝယုံကြည်စွာ ဆက်ပြောသည်။

"ခင်ဗျားတို့ သိဖို့က စစ်ပွဲမှာ မြန်ဆန်ဖို့က အဓိကပဲ။ ရန်သူတွေ မမျှော်လင့်ထားခင် ကျုပ်က အလစ်အငိုက် ဖမ်းတိုက်မှာ"

ရန်သူများက လာတိုက်သည်ကို စောင့်နေမည့်အစား မိမိက ဦးအောင် တိုက်ခိုက်ရန် ဆုံးဖြတ်ထားခြင်းပင်။ယခင်ကလည်း သူကထိုအတိုင်းပြုလုပ်ခဲ့ပြီး ယခုလည်းထိုအတိုင်းသာ ပြုလုပ်မည်ဖြစ်သည်။

"ဒါပေမဲ့ မင်းကသာ စစ်ကိုစတင်လိုက်ရင် ဒုတိယအဆင့်စစ်မှန်နတ်ဘုရားက ပိုပြီး စောစော ဆင်းသက်လာလိမ့်မယ်။ နှစ်နှစ်တောင် မကြာဘဲ နှစ်ဝက်လောက်နဲ့ တောင် ရောက်လာနိုင်မလားမသိဘူး"

ရှန်လဲ့က ဖြစ်နိုင်ချေကို သတိပေးလိုက်သည်။

"ခြောက်လလား... သူတို့က တော်တော် နှေးတာပဲ။ ကောင်းပြီလေ၊ ကျုပ် ရှေးဟောင်းနယ်မြေက ပြန်လာတာနဲ့ အဲဒီနတ်ဘုရား မြန်မြန်ဆင်းလာအောင် ဖေးလင်းခရိုင်ကို ချက်ချင်း တိုက်ခိုက်မယ်"

ကျိယွမ်က ထိုသို့ပြောပြီးသည်နှင့် ချီချီဘက်သို့လှည့်ကာ အမိန့်ပေးလိုက်၏။

"စားဖိုမှူးတွေ၊ ဂီတပညာရှင်တွေနဲ့ နာရေးလိုက်ပို့တဲ့ သူတွေကို စုလိုက်တော့။ ငါတို့ ဖေးဝူမြို့ကို ချီတက်ကြမယ်"

သူ၏အမိန့်ကြောင့် ချီချီမှာ အံ့အားသင့်သွားသည်။

"အခုချက်ချင်းလား"

မြန်ဆန်သည်ဆိုဦးတော့ ယခုလို ချက်ချင်းကြီးထပြီး တိုက်ခိုက်ရလောင်အောင်ထိ မြန်မည်ဟုတော့ သူမက ထင်မထားမိပေ။

ငါ့အဖေက အကုန်ကောင်းတယ် ၊ အရမ်းစိတ်လောတာလေးတစ်ခုပဲ။

"အခုပေါ့ ၊ အဖေက နောက်ပြောင်နေတယ်လို့ထင်လို့လား "

ကျိယွမ်က ပြတ်သားစွာ ပြောလိုက်သည်။

ထိုအခါမှ ချီချီက တည်ငြိမ်စွာဖြင့် "နားလည်ပါပြီ" ဟု ပြန်ဖြေလိုက်သည်။

မည်သို့ဆိုစေကာမူ သူမသည် သူမ၏ အဖေအပေါ်တွင် အကြွင်းမဲ့ယုံကြည်သည်။

ရှန်လဲ့က ကျိယွမ်ကို ကြည့်ပြီး မှတ်ချက်ချ၏။

"အင်း...မင်းကို ကြည့်ရတာ ငါ ငယ်ငယ်တုန်းကနဲ့ တူတယ်"

"ဘာကိုတူတာလဲ ..ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်မနေပါနဲ့"

ကျိယွမ်က လက်မခံပါ ။ သူ၏ပါရမီက ထိပ်တန်းမဟုတ်သော်လည်း ထိုမျှထိတော့ မနိမ့်ကျဟု ယုံကြည်၏။

"ဒါပေမဲ့ မင်းရဲ့ ဒီစစ်ပွဲက နည်းနည်းတော့ ကလေးကလား ဆန်နေသလိုပဲ"

ရှန်လဲ့က အချက်အပြုတ်သမားများ ၊ အတီးအမှုတ်သမားများနှင့် ငိုချင်းသည်တစ်အုပ်တစ်မကြီးခေါ်ကာ စစ်တိုက်ထွက်ခြင်းက တော်တော်လေးကို ပေါတောတောနိုင်လှသည်ဟု ထင်သည်။

အသုံးမဝင်တဲ့သူတွေကို ခေါ်ပြီး ဘာလုပ်မှာလဲ၊ တိုက်ပွဲပါဆို တိုက်ပွဲနဲ့တူအောင်တိုက်မှပေါ့။

"ဒါက ဂိမ်းတစ်ခုပဲလေ။ အပျော်အပါး ပါဝင်တာကလည်း ဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလား"

ကျိယွမ်က ထိုသို့ပြောကာ ပုခုံးတွန့်ပြရင်း နတ်ကွန်းထဲသို့ ဝင်သွားလေသည်။

ထို့နောက် မိနစ်အနည်းငယ်အကြာတွင် ချင်းရွှေကျေးရွာ နတ်ကွန်းအပြင်ဘက်၌ လူပေါင်း ရာနှင့်ချီ၍ စုဝေးမိကြသည်။

"ဟဲ့... ငါ အဝတ်လျှော်နေတုန်း ရှိသေးတယ်၊ လှန်းတောင် မလှန်းရသေးဘူး"

"အေးဆို...ဘာတွေ ဖြစ်နေတာလဲ၊ တစ်ယောက်ယောက် သေလို့လား၊ ဒါမှမဟုတ် ပွဲတော်လုပ်မှာလား"

လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသော်လည်း နတ်ကွန်းထဲမှ ကျိယွမ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ငြိမ်သက်သွားကြသည်။

ကျိယွမ်က လူအုပ်ကြီးကို ကြည့်ကာ အသံကို မြှင့်ပြီး ကြေညာသည်။

"ဒီနေ့ ငါတို့မှာ ပန်းတိုင်တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ဖေးဝူမြို့ကို ချီတက်ဖို့ပဲ။ ငါတို့ ဖေးဝူမြို့မှာ ပွဲတော်ကျင်းပကြမယ်"

"ဟေး...."

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်လိုက်ကြသည်။

စားဖိုမှူးများနှင့် ဂီတပညာရှင်များကလည်း ကျိယွမ်ကို အပြည့်အဝ ယုံကြည်ကြသဖြင့် သူတို့၏ ကိရိယာ တန်ဆာပလာများကို စစ်ဆေးကြ၏။

"သေရော....ငါ့ယောက်မတစ်ချောင်းကျန်နေခဲ့ပြီ "

"​ငါလည်း ဆိုနာအသစ်ယူဖို့မေ့နေတာ "

"ငါ့ အိုးက သေးများသေးနေမလား ၊ ဖေးဝူမြို့ကကြီးတော့ မတင့်တယ်သလို ဖြစ်နေမှာ စိုးရတယ်"

ရွာသားများ၏ အားကြိုးမာန်တက် စကားများကို ကြားသောအခါ ရှန်လဲ့က စိတ်ပျက်လက်​ပျက် ခေါင်းခါမိသည်။

မင်းတို့က စစ်တိုက်သွားမှာလေ ဘာလို့ အိုးခွက်ပန်းကန်နဲ့ ယောက်မတွေလဲ။

"သူ့ရွာနဲ့ သူ့နတ်ဘုရားကတော့ ဟုတ်နေတာပဲ"

All Chapters