ကမ္ဘာဦးမျိုးစေ့
Vol. 17 Ch. 198
ဝမ်ဝမ်ချီသည် ထိုဦးထုပ်ကို ငေးကာကြည့်ရင်း သူမ၏မျက်ဝန်းအစုံက နီမြန်းလာခဲ့သည်။ သူမသည် စကားတစ်လုံးမျှ မပြောသော်လည်း သူမ၏တုံ့ပြန်မှုက များစွာသော အဓိပ္ပာယ်များကို ဖော်ဆောင်နေ၏။
“ဒါဆိုရင် ဒီစီးဆင်းနတ်ဘုရားက ကျန်းနိုင်ငံတော်နဲ့ ပတ်သက်နေတာပေါ့”
ကျိယွမ်က မိမိဘာသာ တီးတိုးရေရွတ်လိုက်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူသည် အရေးပါသော နတ်ဘုရားတစ်ပါးကို သတ်ဖြတ်လိုက်ခြင်းပင်။
ဝမ်ဝမ်ချီ၏ စိတ်အာရုံထဲတွင် ပုံရိပ်များစွာ ဖြတ်ပြေးသွားပြီးနောက် နောက်ဆုံးပုံရိပ်တစ်ခုတွင် ရပ်တန့်သွားသည်။
သူမက အေးစက်သော လေသံဖြင့် “သူက ‘ကျန်းဖုန်း’ ရဲ့ယောက်ဖ ၊ ပြီးတော့ မဟာအုပ်စိုးရှင်တစ်ပါးရဲ့ မျိုးဆက်ပဲ” ဟု ပြောလိုက်သည်။
ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သော ကျန်းဖုန်းသည် ဝမ်ဝမ်ချီ၏ ဘိုးဘေးဖြစ်သူ ရတနာနတ်ဘုရား၏ ရင်းနှီးသော သူငယ်ချင်း ဖြစ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိုသူငယ်ချင်းသည် ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ကာ နတ်ဘုရားသစ်များဘက်သို့ ကူးပြောင်းသွားခဲ့၏။
ကျန်းဖုန်းသည် အင်အားကြီးသော မိစ္ဆာနတ်ဘုရားတစ်ပါး၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ထိုမိစ္ဆာဘုရား၏သမီးနှင့်ပင် လက်ထပ်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် ကျန်းနိုင်ငံတော် ပျက်စီးခြင်း၌လည်း ကျန်းဖုန်း၏လက်ချက် သေချာပေါက်ပါဝင်ခဲ့သည်။
တိုက်ဆိုင်စွာပင် ယခုကျိယွမ်တို့အဖွဲ့သတ်လိုက်သော စီးဆင်းနတ်ဘုရားကလည်း ထိုအင်အားကြီးမိစ္ဆာနတ်ဘုရား၏ သားဖြစ်နေခဲ့သည်။
“ဪ... ဒီလိုကိုး”
ကျိယွမ်က ဝမ်ဝမ်ချီ၏စကားများကို နားထောင်ပြီးတောက် တည်ငြိမ်စွာမှတ်ချက်ချသည်။
အနီးတွင်ရှိနေသောချီချီပင် အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားပြီး သူမ၏ အမူအရာက တည်ကြည်သွားသည်။ သူတို့သည် မဟာအုပ်စိုးရှင်တစ်ပါး၏ သားကို သတ်ဖြတ်လိုက်ခြင်းဖြစ်၏။ ဤသည်မှာ သာမန်ကိစ္စ မဟုတ်ပေ။
အစာစားချင်စိတ်လေးတောင် ပျောက်သွားတယ်။ ငါတို့ သေတော့မှာလားမသိဘူး ။
အကယ်၍ ထိုမဟာအုပ်စိုးရှင်ကသာ လက်စားချေရန် ကြိုးပမ်းလာပါက သူတို့တွင် ခုခံနိုင်စွမ်း မရှိသလောက်ပင်။ သူတို့၌ စစ်မှန်နတ်ဘုရားအပါးနှစ်ဆယ် ရှိသော်လည်း ထိုအင်အားမှာ အရေအတွက်မျှသာ ဖြစ်သည်။ သူတို့သည် မဟာအုပ်စိုးရှင်တစ်ပါးကို သော်လည်းကောင်း၊ ‘တတိယအဆင့်သို့ ရောက်ရှိနေသည့် စစ်မှန်နတ်ဘုရားတစ်ပါးကိုသော်လည်းကောင်း ယှဉ်နိုင်စွမ်း မရှိကြပေ။
“အဖေ... ကျွန်မတို့ စားပွဲသောက်ပွဲကို ဆက်လုပ်ကြဦးမှာလား”
ချီချီက စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။အခြေအနေကို သေချာတွေးပြီးနောက် သူမက ကျိယွမ်ကို ယခုနေရာမှ အမြန်ဆုံးထွက်ခွာသွားရန် တိုက်တွန်းချင်နေသည်။
မဟာအုပ်စိုးရှင်ကို ထားဦးတော့ ကျန်းဖုန်း တစ်ယောက်တည်းနှင့်ပင် သူတို့ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ချီယွမ်သည် ကြယ်ရောင်စုံသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ သူ၏အကြည့်က အတောက်ပဆုံးသော ကြယ်တစ်လုံးပေါ်သို့ ရောက်ရှိသွားခဲ့သည်။
“ဂိမ်းတစ်ခုထဲမှာ မိစ္ဆာနတ်ဘုရားမျိုးဆက်လေး တစ်ယောက်ကိုသတ်မိတာနဲ့ ကြောက်ပြီး ထွက်ပြေးရမယ်ဆိုရင် ဒီဂိမ်းကို ကစားနေရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
ကျိယွမ်က ယခုကိစ္စက မထူးခြားသလို ဆိုလိုက်သည်။
သူသည် သူ၏အစီအစဉ်များတွင် အမြဲတမ်း အာဏာရှင်ဆန်သူ ဖြစ်သည်။ ချီချီက စီမံခန့်ခွဲမှုများကို တာဝန်ယူသော်လည်း ကျိယွမ်ကလည်း တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ပြောင်းလဲလေ့ မရှိတတ်သူပင်။
ဒီလောက်လေးနဲ့ ကြောက်ပြီး ပြောင်းသွားရင် ရာဇဝင်ရိုင်းသွားမှာပေါ့။
သူ၏စကားကို ကြားသောအခါ ချီချီ၏ မျက်နှာပေါ်ရှိ စိုးရိမ်ရိပ်များ ပျောက်ကွယ်သွားပြီး ချိုသာသော အပြုံးတစ်ခု အစားထိုးလာသည်။
“သမီးတို့အားလုံးကလည်း အဖေ့သဘောအတိုင်းပါပဲ”
“ငါတို့ စားပွဲသောက်ပွဲကို ဆက်လုပ်မယ်၊ အစီအစဉ်အတိုင်း ဆက်သွားပြီး နယ်မြေတွေကို သိမ်းပိုက်မယ်၊ ငါ့ရဲ့ အစီအစဉ်က တစ်လအတွင်းမှာ ‘ဖေးလင်စီရင်စု’ ရဲ့ ထောင့်တိုင်းမှာ စားပွဲသောက်ပွဲတွေ ကျင်းပနေဖို့ပဲ"
ကျိယွမ်က အားလုံးကို ပြတ်သားစွာ ကြေညာလိုက်သည်။
ထိုနေရာရှိ လူတိုင်းသည် ကျိယွမ်၏ စကားကြောင့် စိတ်ဓာတ်များ တက်ကြွလာခဲ့ကြ၏။
လူသူကင်းမဲ့နေသော ‘ဖေးဝူမြို့တော်’ သည် ကျိယွမ် ရောက်ရှိလာပြီးနောက် တစ်ညအတွင်း အသွင်ပြောင်းလဲသွားခဲ့သည်။ ကျယ်ပြောသော လမ်းမများတစ်လျှောက် မိုင်ချီအောင်ရှည်လျားသော စားပွဲသောက်ပွဲကြီးများကို ခင်းကျင်းထားသည်။
မြို့ထဲတွင် ကျန်ရှိနေသော နေထိုင်သူအချို့သည် သူတို့၏ အိမ်ထဲမှ ချောင်းကြည့်ကြပြီးနောက် ၊ မဝံ့မရဲဖြင့် လမ်းမပေါ်သို့ ထွက်လာကြသည်။ ထို့နောက် အချိန်အနည်းငယ်စောင့်ကြည့်ပြီး ဆန်းကြယ်သော ထိုစားပွဲသောက်ပွဲတွင် အလိုလို ပါဝင်လာမိကြလေသည်။
သူတို့ သိလိုက်ရသည်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဖေးဝူမြို့ကို ထိန်းချုပ်လိုက်ပြီဟူ၍သာ။
ထိုသတင်းက လူအများအတွက် ခဏတာ စိတ်လှုပ်ရှားမှု ဖြစ်ပေါ်စေသော်လည်း မရေရာသော အနာဂတ်ကို တွေးမိကြသောအခါ ထိုစိတ်မှာ ပြန်လည်မှေးမှိန်သွားရသည်။
ယခုရောက်နေသောနတ်ဘုရားသည် ဖေးဝူမြို့တွင် မည်မျှကြာကြာ ရှိနေမည်ကို သူတို့ မသိကြပေ။ စားပွဲသောက်ပွဲ ပြီးဆုံးသွားလျှင် သူသည် နောက်လိုက်များနှင့်အတူ ထွက်ခွာသွားပြီး သူတို့ကိုမူ နတ်ဘုရားသစ်များ၏ လက်စားချေမှုအောက်တွင် ထားရစ်ခဲ့မည်ကို စိုးရိမ်နေကြသည်။
“အမကြီး... အပြင်မှာ ဘာတွေဖြစ်နေတာလဲ”
အိမ်ငယ်လေးတစ်လုံးအတွင်းမှ အားနည်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
မိန်းမပျိုရန်လျန်သည် တံခါးကိုဖွင့်ကာ ကုတင်ပေါ်တွင် လဲလျောင်းနေသော သနားစရာညီမငယ်ကို ကြည့်လိုက်ပြီး အပြင်တွင် ဖြစ်ပျက်နေသည်များကို ရှင်းပြလိုက်သည်။
“စားပွဲသောက်ပွဲလား... ညီမလေးလည်း သွားချင်တယ်”
သူ၏ညီမလေးက ထိုင်ရန် ကြိုးစားရင်း ပြောသည်။
ရန်လျန်က ခေါင်းခါလိုက်ပြီး “ဒီရှေးဟောင်းနတ်ဘုရားက ငါတို့ရဲ့ မိတ်ဆွေလား ရန်သူလားဆိုတာ မသိသေးဘူး၊ အပြင်မထွက်နဲ့ဦး”
ကုတင်ပေါ်မှ မိန်းကလေးက မျက်ဝန်းထဲတွင် စိတ်ပျက်မှုများဖြင့် ပြန်လည် လဲလျောင်းသွားသည်။
“ခဏနေရင် အမကြီး အပြင်သွားပြီး ညီမလေးအတွက် စားစရာတွေ ယူလာခဲ့ပေးမယ်၊ သူတို့ ဖေးဝူမြို့မှာ ကြာကြာနေမှာ မဟုတ်ဘူး၊ ညီမလေး နေကောင်းလာတာနဲ့ ငါတို့လည်း ဒီကနေ ထွက်သွားကြမယ်”
ရန်လျန်က သူမ၏ ညီမလေးခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်၏ ။ ရန်လျန်၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများထင်ဟပ်နေပြီး ဆုံးဖြတ်ထားသည့်အတိုင်း လုပ်မည်မှာ သေချာနေသည်။
“ဘာပဲပြောပြောဒါက ငါတို့အတွက် အခွင့်အရေးပဲ၊ ညီမလေး သက်သာတာနဲ့ ဒီမြို့ကနေ ထွက်သွားကြမယ်”
မိစ္ဆာနတ်ဘုရား၏လက်အောက်သို့ ကျရောက်သွားပါက မြို့မှထွက်ခွာရန်ခက်ခဲသွားမည်မှာသေချာလှသည်။ ထို့ကြောင့် မိစ္ဆာနတ်ဘုရားတစ်ပါးလက်အောက်သ်ု့ မရောက်မီကတည်းက မြို့မှထွက်ခွာရန်အတွက် ရန်လျန်စိတ်ကူးခဲ့သော်လည်း ညီမလေးက နေမကောင်းဖြစ်နေသဖြင့် ခရီးမထွက်နိုင်ဖြစ်ခဲ့ရသည်။
ယခုအခါ မူလနတ်ဘုရားဆိုသော ရှေးဟောင်းနတ်ဘုရားတစ်ပါး မထင်မှတ်ဘဲ ရောက်ရှိလာသဖြင့် ရန်လျန်သည် သူမ၏ ညီမလေးကို ခေါ်ဆောင်သွားရန် အဆင်ပြေသွားလေပြီ။
ရန်လျန်က ညီမဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ သတိပေး၏။
“သတိထားနော်၊ ညီမလေး ကိုယ်တိုင် မဟာအုပ်စိုးရှင်တစ်ပါး မဖြစ်မချင်း ညီမလေးရဲ့ စွမ်းအားတွေကို ရှေးဟောင်းနတ်ဘုရားတွေ ဒါမှမဟုတ် မိစ္ဆာနတ်ဘုရားတွေ ရှေ့မှာ ဘယ်တော့မှ မပြမိစေနဲ့၊ ဘယ်သူ့ကိုမှ မယုံကြည်နဲ့”
ကုတင်ပေါ်မှ အားနည်းသော မိန်းကလေးက လိမ်မာစွာ ခေါင်းညိတ်ပြသည်။
"လိမ်မာတယ်"
ရန်လျန်သည် ကောင်းကင်ယံကို တစ်ချက်မျှော်ကြည့်ရင်း မျှော်လင့်ချက် ကင်းမဲ့နေသော မျက်ဝန်းများဖြင့် “ဒီကမ္ဘာကြီးကတော့ ကယ်တင်လို့ မရတော့ဘူး၊ ဘယ်သူမှ မကယ်နိုင်ဘူး၊ ဒီကနေ ထွက်သွားနိုင်မှပဲ အသက်ရှင်နိုင်မယ်” ဟု ရေရွတ်လိုက်သည်။
သူမ၏ ညီမလေးသည် ‘ကမ္ဘာဦးမျိုးစေ့’ ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အကယ်၍ သူမသည် ဤကမ္ဘာမှ ထွက်ခွာနိုင်ပြီး ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားပါက ‘ဖန်ထုန်ကမ္ဘာ’ ကို ကယ်တင်ရန် အခြားသော ‘ယန်နတ်ဘုရား’ များ၏ အကူအညီကို တောင်းခံနိုင်ပေလိမ့်မည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းက ဖန်ထုန်ကမ္ဘာကို ပိုမို အန္တရာယ်ကြီးစေနိုင်သည်ကိုလည်း ရန်လျန် သိပါသည်။
မည်သူမှ မသိသော လျှိုဝှက်ချက်တစ်ခုရှိ၏။ဖန်ထုန်ကမ္ဘာသည် အခြားကမ္ဘာများနှင့်လုံးဝမတူညီပေ။ ဤကမ္ဘာသည် ကမ္ဘာတစ်ခုဆိုသည်ထက် ဆုတောင်းပြည့်သော တန်ခိုးရှင်တစ်ဦးနှင့်ပိုတူပြီး မိမိတို့ဆန္ဒရှိသလိုဖန်တီးနိုင်စွမ်းမျိုး ရှိသည်။
ထိုသို့ အဆုံးမဲ့သော ဖြစ်နိုင်ခြေများကို စိတ်ကြိုက်ဖန်တီးနိုင်သည့် ကမ္ဘာဦးနယ်မြေတစ်ခုကို မည်သည့် ယန်နတ်ဘုရားမဆို လိုချင်တပ်မက်ကြမည် မဟုတ်ပါလား။
လက်ရှိအခြေအနေအရ ဖုန်ထုန်ကမ္ဘာ၏အခြေအနေက အခြားယန်နတ်ဘုရားထံ အကူအညီတောင်းခြင်းကသာ အသက်ရှင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
ထိုအခါ ဖန်ထုန်ကမ္ဘာသည် အခြားယန်နတ်ဘုရားတစ်ပါး၏ ထိန်းချုပ်မှုအောက် ရောက်သွားနိုင်သော်လည်း သက်ရှိအားလုံး ပျက်စီးသွားခြင်းထက်စာလျှင်တော့ ပို၍ခံသာသေးသည်ဟုသာ ဖြေသိပ်ရတော့မည်။
"ငါတို့ညီအစ်မ ဒီကနေ ထွက်သွားနိုင်ရင်တောင် တခြားယန်နတ်ဘုရားတစ်ပါးကို ရှာဖို့ဆိုတာ လွယ်တော့မလွယ်ဘူး ၊ ဒါပေမဲ့ ညီမလေး အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက် ရှိပါသေးတယ်”
ရန်လျန်က ညီမဖြစ်သူအား နှစ်သိပ်ပေးနေရင်းမှ တစ်စုံတစ်ခုကို ခံစားမိသွားသလို မျက်ခုံးများ ကျုံ့သွားခဲ့သည်။
ညီမလေး ခနနေခဲ့ဦး။
သူမသည် အခန်းထဲမှ လျှင်မြန်စွာထွက်လာခဲ့လိုက်စဥ်မှာပင် အိမ်အပြင်ဘက် တံခါးဝဆီမှ စည်းချက်ကျကျ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။
“ဘယ်သူမှ မရှိကြဘူးလား”
တံခါးခေါက်သံနှင့်အတူ ရင်းနှီးသော အသံတစ်ခုကို ရန်လျန်ကြားလိုက်သည်။
“ကျောက်ကျွန်းလား”
အသံပိုင်ရှင်ကိုသိသွားသောအခါမှ ရန်လျန်၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားပြီူ သတိကိုလျှော့ချလိုက်သည်။ သူမ တံခါးဖွင့်လိုက်သောအခါ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားလေ၏။
“နင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ၊ ငါ ထင်ထားတာက..."
ကျောက်ကျွန်းသည်လည်း ရန်လျန်ကို မြင်သောအခါ အလွန် ဝမ်းသာသွားဟန်ရသည်။
“ငါ နတ်ဘုရားနဲ့အတူ ဖေးဝူမြို့ကို ပြန်လာတာပါ”
ကျောက်ကျွန်း မြို့သို့ ပြန်ရောက်ပြီးနောက် ပထမဆုံးအနေဖြင့် သူ၏အမွေအနှစ်ကို ခိုးယူသွားသော ရန်သူကို ရှာခဲ့သော်လည်း မြို့မှ ထွက်ပြေးသွားရာ ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု သိခဲ့ရသည်။ထို့နောက် သူက သူငယ်ချင်းဟောင်းများကို လိုက်ရှာပြီး နှုတ်ဆက်နေခြင်းပင်။
ရန်လျန်သည် ကျောက်ကျွန်းကို ကြည့်ရင်း သူ၏ စွမ်းအားမှာ မခန့်မှန်းနိုင်လောက်အောင် မြင့်မားနေသည်ကို သတိပြုမိသွားသည်။
“နင်အခု ကိုးကွယ်နေတာက ချင်းရွှေကျေးရွာရဲ့ အစောင့်အရှောက် နတ်ဘုရားလား”
သူမက အံ့အားသင့်စွာ မေးမိသည်။
“ဟုတ်တယ်၊ အရှင်က ငါ့ကို နတ်ဘုရားပုံရိပ်ဖော်စွမ်းနည်းစနစ်တစ်ခု ပေးသနားခဲ့လို့ ငါ ဒီနေ့လို အောင်မြင်မှု ရတာပါ”
ကျောက်ကျွန်းက ကျိယွမ်၏ပုံရိပ်ကိုပြန်မြင်ယောင်ကာ ကြည်ညိုသော မျက်ဝန်းများဖြင့် ရှင်းပြ၏။
“နင်တို့ ဘယ်တော့ ပြန်ထွက်သွားကြမှာလဲ”
ရန်လျန်က သူမအသိချင်ဆုံးအရာကို ထပ်မေးလိုက်သည်။ သူမ၏ စိတ်ထဲတွင် ချင်းရွှေကျေးရွာ အစောင့်အရှောက် နတ်ဘုရားသည် နတ်ဆိုးဘုရားတစ်ပါးကို သတ်ဖြတ်ထားသဖြင့် လက်စားချေခံရမည်ကို ကြောက်ရွံ့ကာ မြို့ထဲတွင် ကြာကြာနေမည် မဟုတ်ဟုလည်း ကြိုတွေးထားပြီး ဖြစ်သည်။
ကျောက်ကျွင်းက ခေါင်းခါပြ၏။
“ငါတို့ ဒီမြို့ကို သိမ်းပိုက်ပြီးပြီဆိုတော့ ဒါက ချင်းရွှေကျေးရွာရဲ့ နယ်မြေဖြစ်ပြီလေ၊ ငါတို့ စွန့်ခွာမှာ မဟုတ်ဘူး”
ကျောက်ကျွန်းက တည်ကြည်စွာ ပြန်ပြောသည်။ သူတို့နတ်ဘုရားသည် နောက်ထပ် မြို့နှစ်မြို့ကိုပါ သိမ်းပိုက်ရန် စီစဉ်နေသည်ကိုတော့ ကျောက်ကျွန်းက ထုတ်မပြောဘဲ လျှို့ဝှက်ထားလိုက်၏။
ထိုကိစ္စမျိုးက ပေါက်ကြား၍မရပေ။
ရန်လျန်မှာ ထိုအဖြေကြောင့် အံ့အားသင့်သွားပြီး ကျောက်ကျွင်းကို နားမလည်နိုင်သလို ကြည့်သည်။
“တခြား မိစ္ဆာနတ်ဘုရားတွေက လာတိုက်ခိုက်ရင်ကော”
“ဒါဆိုရင်လည်း သူတို့ကို သတ်ရုံပေါ့”
ကျောက်ကျွန်းက ပြတ်သားစွာဆိုသည်။ သူသည် စစ်မှန်နတ်ဘုရားခုနစ်ပါးကို သတ်ဖြတ်ခဲ့ဖူးသဖြင့် မိစ္ဆာနတ်ဘုရားများကို ထူးထူးခြားခြား ကြောက်စရာဟု မသတ်မှတ်တော့ပါ။
ရန်လျန်သည် ကျောက်ကျွင်း၏ လေးနက်သောမျက်ဝန်းများကို ကြည့်ကာ သူ လိမ်ပြောနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။
သူမက အနည်းငယ်တွေဝေသွားပြီးနောက် တီးတိုးမှတိချက်ပြု၏။
"ငါမမြင်ဖူးပေမဲ့ ချင်းရွှေရွာရဲ့မူလနတ်ဘုရားက တကယ်ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်မှာပဲ”
“သူက ငါ့ဘဝမှာ အကြည်ညိုရဆုံး ပုဂ္ဂိုလ်ပဲ”
ကျောက်ကျွန်းက လေးနက်စွာထောက်ခံသည်။
“ဒါပေမဲ့ နှမြောစရာပဲ..”
ရန်လျန်က စိတ်မကောင်းစွာ တွေးလိုက်သည်။ ထိုသို့သော မွန်မြတ်သည့် ရှေးဟောင်းနတ်ဘုရားသည်လည်း နောက်ဆုံးတွင် မိစ္ဆာနတ်ဘုရားများ၏ လက်ချက်ဖြင့် ဖန်ထုန်ကမ္ဘာနှင့်အတူ ပျက်စီးသွားရတော့မည် မဟုတ်ပါလား။
ထိုစဉ် အိမ်ထဲမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသဖြင့် ရန်လျန် စိုးရိမ်သွားသည်။
ကျောက်ကျွန်းက အိမ်ထဲသို့တစ်ချက်လှမ်းကြည့်ကာ ..
“ဒါ နင့်ညီမလေးလား”
"ဟုတ်တယ် ၊ ခဏလေးနော် "
ရန်လျန်က ခေါင်းညိတ်ပြပြီး အခန်းထဲသို့ အပြေးဝင်သွားသည်။
ခဏအကြာတွင် သူမ ပြန်ထွက်လာပြီး လက်ထဲ၌ ကြည်လင်နေသော ကျောက်စိမ်းရွက်လေး တစ်ရွက်ကို ကိုင်ဆောင်လာ၏။
“ညီမလေးက မူလနတ်ဘုရားရဲ့ ရဲရင့်ပြီးမွန်မြတ်တဲ့လုပ်ရပ်ကို ကြည်ညိုလို့ လက်ဆောင်တစ်ခု ပေးချင်တယ်တဲ့”
သူမက ကျောက်ကျွင်းအား ထိုသစ်ရွက်ကို ကမ်းပေးလိုက်သည်။ သစ်ရွက်မှာ ပုစဉ်းရင်ကွဲ အတောင်ပံကဲ့သို့ ပါးလွှာသော်လည်း သွေးရောင်ကဲ့သို့ နီမြန်းနေသည်။
ကျောက်ကျွင်းသည် ထိုထူးခြားသော သစ်ရွက်ကို သေသေချာချာ ယူလိုက်၏။
“အရှင်ဆီရောက်အောင် ငါ သေချာ ပေးလိုက်ပါ့မယ်”
ထို့အချိန်မှာပင် အခန်းတွင်းမှ ချောင်းဆိုးသံက ထပ်မံထွက်ပေါ်လာသဖြင့် ရန်လျန်က ကျောက်ကျွင်းကို အားနာသလိုကြည့်မိသည်။
သူမ၏ညီမလေးကို ပြုစုရမည်မို့ ဧည့်မခံနိုင်သည်ကို အားနာနေခြင်းပင်။
"ကိစ္စမရှိပါဘူး ၊ ငါလည်းပြန်တော့မှာ ၊ နင်တို့အကူအညီလိုရင် နတ်ကွန်းကိုလာခဲ့ ၊ ငါရှိတယ် "
ထိုနောက် ကျောက်ကျွင်းက နှုတ်ဆက်ပြီး ပြန်သွားခဲ့လေသည်။
ကျောက်ကျွင်း ထွက်ခွာသွားပြီးနောက် ရန်လျန်သည် ညီမငယ်၏ အနားသို့ ပြန်သွားသည်။
“ဘာလို့ ဒီလောက်အထိ အပင်ပန်းခံရတာလဲ”
သူမက သစ်ရွက်ကိုရည်ရွယ်ကာမေးလိုက်ခြင်းဖြစ်၏။
ကုတင်ပေါ်မှ မိန်းကလေးက အားနည်းစွာရှင်းပြသည် ။
“သူက မိစ္ဆာနတ်ဘုရားကို သတ်ပေးခဲ့တာဆိုတော့ ညီမလေးတို့ရဲ့ ကျေးဇူးရှင်ပဲလေ”
“ပြီးတော့ဒီနတ်ဘုရားက... အရင်ကနတ်ဘုရားတွေနဲ့ မတူဘူးနော်၊ သာမန်လူ မဟုတ်လောက်ဘူး၊ ရှေးဘဝက သူတော်စင်အဆင့်တစ်ယောက် ဖြစ်နိုင်တယ်”
မိန်းကလေးက ထိုသို့ မှတ်ချက်ပေးလိုက်သည်။
ဤကမ္ဘာတွင် သူတော်စင်အဆင့် ဟု ခေါ်ဆိုနိုင်သူများသည် ကောင်းကင်ဘုံသို့ ခုနစ်လှမ်းတက်လှမ်းနိုင်သည့် အင်အားကြီး ပုဂ္ဂိုလ်များဖြစ်၏။
ရန်လျန်က ညီမဖြစ်သူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်းမှ ကြင်နာစွာနှစိသိမ့်၏။
“အဲဒါတွေ ထားလိုက်တော့ ၊ မကြာခင် ညီမလေးက ဖန်ထုန်ကမ္ဘာကနေ ထွက်သွားရတော့မယ်၊ အဲဒီကျရင် အခုလို မနာကျင်တော့ဘူးနော် ၊ အခုတော့ အားတင်းထားဦး ”
"ဟုတ်ကဲ့ ..."
ရန်လျန်က ညီမဖြစ်သူအားနှစ်သိပ်ပေးရင်းမှ ရှေ့ဆက်ရမည်အစီအစဥ်များကို လေးနက်စွာတွေးနေခဲ့သည်။
အခက်အခဲများစွာက သူတို့ညီအစ်မကို ဆီးကြိုနေသည် မဟုတ်ပါလား ။
.........
အခြားတစ်ဖက်တွင် ကျိယွမ်သည် မြို့စားအိမ်တော်၌ ဝက်ခြေထောက်စွတ်ပြုတ်ကို မြိန်ရည်ယှက်ရည် စားသောက်နေသည်။
သူက စားသောက်နေရင်းမှ တို့တိတို့တိစားနေသော ချီချီကို သဘောမကျသလိုကြည့်၏။
“ချီချီ... နင်က စားတာ သိပ်နှေးတာပဲ၊ ရှောင်ရွှယ်လိုမျိုး အားရပါးရ စားစမ်းပါ ၊ အဲဒါမှ မြိန်တာ ”
ချီချီက ကျိယွမ်အား မျက်စောင်းထိုးသည်။
“အဖေ... ကျွန်မက မိန်းကလေးလေ၊ ယဉ်ကျေးရည်မွန်ရမှာပေါ့ ၊ သရဲမရဲစီးသလိုကြီး စားနေလို့ ဖြစ်မလား"
သူမ၏စကားကြောင့် ဝက်သားတုံးတစ်တုံးကို ပါးစပ်ထဲသို့ ထည့်နေသော ရှောင်ရွှယ် လက်တွန့်သွား၏။
သူမက သခင်မလေးချီချီကို ကြည့်သည်။
သခင်မလေပြောပုံဆို ငါကမိန်းကလေးမဟုတ်တာကျနေရော ၊ ဝက်သားလေးစားတာပဲကို ။
"ထားတော့ မပြောတော့ဘူး ၊ စားချင်သလိုသာ စား"
ကျိယွမ်က သမီးဖြစ်သူအား ပုခုံးတွန့်ပြလိုက်ပြီး ဝက်ခြေထောက်တစ်ကွင်းကို အားရပါးရ လွေးထည့်လိုက်၏။
ပြီးမှ စကားဆက်ပြောလေသည်။
“နောက်ရက်နည်းနည်းကြာရင် ကျန်တဲ့ မြို့နှစ်မြို့ကိုပါ သိမ်းမယ်၊ ငါ့ရဲ့ မဟာစီမံကိန်းကြီးကတော့ ရှေ့ကို တိုးနေပြီ”
သူသည် စီမံကိန်းများ တစ်ဆင့်ချင်း အောင်မြင်နေသည်ကို တွေးပြီး ကျေနပ်နေ၏။
“ဒီစီမံကိန်း ပြီးတာနဲ့ ငါတို့ ချင်းရွှေကျေးရွာကို ပြန်မယ်၊ ပြီးရင် ရှေးဟောင်းမျိုးနွယ်စုရဲ့ ဘိုးဘွားပိုင်နယ်မြေထဲ ဝင်ဖို့ ပြင်ကြမယ်”
ဘိုးဘွားနယ်မြေဆိုသော စကားကိုကြားသောအခါ ချီချီ၏မျက်ဝန်းထဲ၌ စိုးရိမ်ဟန်များ ဖြစ်ပေါ်လာသည်။
“အဲဒီနေရာက အန္တရာယ်များတယ်နော်၊အဖေ.. သတိထားဦး”
သူမက လေးနက်စွာသတိပေးသည်။ထိုစကားကို ဘေးတွင်ရှိနေသော ရှောင်ရွှယ်ကလည်း ဝက်သားစားရင်းမှ ခေါင်းညိတ်ကာ ထောက်ခံ၏။
“စိတ်မပူပါနဲ့၊ ငါ့လောက် သတိဝီရိယရှိတဲ့သူ ဒီလောကမှာ မရှိပါဘူး”
ကျိယွမ်က ပေါ့ပေါ့ပါးပါးပြောကာ ဟင်းရည်တစ်ဇွန်းကို ခပ်သောက်လိုက်သည်။
ကောင်းလိုက်တဲ့ ဟင်းရည် ။ ရှီကျားရွာသားတွေက တကယ်ကိုအချက်အပြုတ်ကောင်းတာပဲ။
“အဖေက သတိ မရှိပါဘူး၊ မိုးကြိုးနတ်ဘုရားကြီးကမှ သတိရှိတာ၊ အဖေက ခရမ်းရောင်နန်းတော်အဆင့်ပဲ ရှိသေးတာကို စစ်မှန်နတ်ဘုရားတွေ၊ မဟာအုပ်စိုးရှင်တွေကို သွားရင်ဆိုင်နေတာလေ ၊ သူဆို မဟာအုပ်စိုးရှင်ကြီးဖြစ်နေတာတောင် ပုန်းနေတာ ”
သူမ၏စကားကိုသာ ရှန်လဲ့ကြားပါက ဆွေ့ဆွေ့ခုန်သွားမှာ သေချာ၏။
“ငါက ခရမ်းရောင်နန်းတော်အဆင့်သပ်သပ် မဟုတ်ပါဘူး၊ ကြယ်တာရာအမြုတေလည်း ရှိတယ် ၊ စိတ်မပူနဲ့ ”
သူသည် သူ၏ ကြယ်အမြုတေအစစ်ကိုသာခေါ်ယူနိုင်ပါက ကောင်းကင်တိုင်လုံးထဲတွင်ရှိနေသော ယန်နတ်ဘုရားကိုပါ ဖိကြိတ်ပစ်နိုင်မည်ဟု ယုံကြည်နေသည်။
ချီချီက မချိပြုံးလေး ပြုံးလိုက်သော်လည်း ကျိယွမ်အားမငြင်းခုံခဲ့ပါ။
“အဖေကသာ ကြယ်တွေကို ခေါ်ယူနိုင်မယ်ဆိုရင် မိစ္ဆာနတ်ဘုရားတွေကို အပြတ်အသတ် နှိမ်နင်းနိုင်မှာ အသေအချာပဲ”
“စိတ်မပူနဲ့၊ ငါ အခု နောက်ထပ် ကြယ်တစ်လုံးကို ဝါးမျိုဖို့ ပြင်နေတယ်၊ တစ်နေ့ကျရင် အဲဒီ ကြယ်ကြီးကို လွှတ်ချပြီး ဟိုအဘိုးကြီးကို လန့်သွားအောင် လုပ်ပစ်မယ်”
ကျိယွမ်က ကောင်းကင်ကိုတစ်ချက်မော့ကြည့်ပြီးနောက် ဝက်သားတစ်တုံးကို အားရပါးရစားလိုက်ပြန်သည်။
ရှောင်ရွှယ်ကတော့ သားအဖနှစ်ယောက်၏ စကားဝိုင်းထဲသို့ ဝင်မပါသော်လည်း ဝက်သားစားနေသည်ကိုရပ်ကာ ကျိယွမ်ကြည့်သော ကောင်းကင်ဘက်သို့ မော့ကြည့်၏။
သူမက ကောင်းကင်တွင် လင်းလက်နေသော ကြယ်များကိုတစ်လှည့် ကျိယွမ်ကိုတစ်လှည့်ကြည့်ကာ သက်ပြင်းချပြီး စားပွဲပေါ်မှ တူကိုပြန်ကောက်ကိုင်လိုက်သည်။
ထားတော့ ၊ ငါမှ နားမလည်တာ ၊ ဝက်သားစားတာပဲ ကောင်းတယ် ။