သူတော်စင် စီမံကိန်း
Vol. 17 Ch. 199
ကျိယွမ်၏ဘေးတွင်ထိုင်နေသော ချီချီက သူပြောသည်များကို နားထောင်နေရင်း လက်မထောင်ပြလိုက်သည်။
“အဖေကတော့ တကယ်ကို ကုဋေမှာတစ်ယောက်ပဲ၊ ဖန်ထုန်လောကမှာရှိတဲ့ အမြုတေအဆင့် ကျင့်ကြံသူတွေထဲမှာ... အဖေ့လိုအမြုတေမျိုးကို ဘယ်သူမှ မဖော်ဆောင်နိုင်ကြဘူး ၊ အမြုတေကို တစ်ခုတောင်မဟုတ်ဘူး ၊ နှစ်ခုတောင်ရှိတာ "
ဝက်သားစားနေသောရှောင်ရွှေက ချီချီ၏စကားကိုကြားသောအခါ နားမလည်သလိုကြည့်၏။
သခင်မလေးက သခင်ကြီးကို ချီးမွမ်းနေတာလား ၊ လှောင်ပြောင်နေတာလား ။ လောကမှာ ဘယ်သူက အမြုတေနှစ်ခုရှိနိုင်မှာလဲ ။
“သမီးတို့ရဲ့ ဖန်ထုန်လောကထဲက ကျင့်ကြံသူတွေဟာ အားနည်းတာ အမှန်ပဲ၊ ငါသိတဲ့ မိတ်ဆွေတစ်ယောက်ဆိုရင် အမြုတေတင်မကဘူး၊ စိတ်ဝိညာဥ်ကိုတောင် နှစ်ခုဖော်ဆောင်နိုင်တယ်”
ကျိယွမ်က မဟာဉာဏ်ပညာရှိကျိကျန်းကို သတိရရင်း ပြောလိုက်သည်။
မဟာဉာဏ်ပညာရှိသည် သူ၏ဘွဲ့နာမည်နှင့်အညီ အလွန်ဉာဏ်ပညာကြီးမားသူ ဖြစ်၏။
ချီချီက စွပ်ပြုတ်ကို တရှူးရှူးသောက်လိုက်ပြီးနောက် ဇွန်းကိုချကာ ပြောလိုက်သည်။
“တကယ်တော့ အဖေ... ကြယ်တာရာစိတ်ဝိညာဥ်က ကြယ်တာရာအမြုတေထက် ပိုပြီး အထင်ကြီးစရာကောင်းတယ်လို့ သမီးထင်တယ်”
“ဘာလို့ အဲဒီလို ပြောတာလဲ”
ကျိယွမ်က ထိုစကားကိုစိတ်ဝင်စားသွားပြီး လက်ထဲမှ ဝက်နံရိုးကင်ကို ပြန်ချကာ မေးလိုက်သည်။
“စိတ်ဝိညာဥ်ဆိုတာက စစ်မှန်နတ်ဘုရားတစ်ပါးဖြစ်ဖို့ အခြေခံပဲလေ၊ စိတ်ဝိညာဥ်က ပိုသန်မာလေလေ စစ်မှန်နတ်ဘုရားအဆင့်ရောက်ရင် ပိုပြီး အစွမ်းထက်လေလေပဲ၊ အမြုတေဆိုတာက ကြားခံအဆင့်တစ်ခုပဲကို ၊ နောက်ဆုံးတော့လည်း သူ့ကို ဖောက်ခွဲထုတ်ပစ်ရမှာပဲမို့ ဘယ်လောက်ပဲ ကောင်းကောင်း ဖော်ဆောင်နိုင်ပါစေ သိပ်ပြီး အရေးမကြီးပါဘူး”
ချီချီက သူမသိထားသည့်အချက်များကို အခြေခံကာ ရှင်းပြလိုက်သောအခါ ကျိယွမ်၏မျက်နှာက ရှုံ့မဲ့သွားလေသည်။
“ဟူး... နင်ကတော့ မဟာဉာဏ်ပညာရှိလောက် ဉာဏ်မကြီးတာ သေချာတယ်၊ သူ့စကားတွေကို နားထောင်ရတာက ငါ့ကို အသိဉာဏ်ပွင့်လင်းစေပေမဲ့ နင့်စကားတွေကို နားထောင်ရတာကတော့ အချိန်ဖြုန်းနေရသလိုပဲ”
ကျိယွမ်က ခေါင်းခါရင်း သူချထားသော ဝက်နံရိုးအားပြန်ကောက်ကိုင်၏။
ငါ့သမီးရဲ့ ဗဟုသုတက တော်မလိုလိုနဲ့ချော်နေသေးတာပဲ ၊ သူ့ကိုအရမ်းအားကိုးလို့မရဘူး။
သူတို့ကတိတ်ဆိတ်သွားပြီး စားစရာများကို ဆက်လက်စားသောက်နေကြသည်။
အနီးအနားရှိနေသော ကျောက်ကျွင်းသည်
ထိုအချိန်ကိုစောင့်နေခြင်းဖြစ်ပြီး သူကကျိယွမ်အနားသို့ ရိုသေစွာချဥ်းကပ်လိုက်သည်။
သူက ကျိယွမ်ထံ လက်ရှိအခြေအနေများအား အစီရင်ခံနေသည်ကို ချီချီကလည်း အသေအချာ နားထောင်နေ၏။
အစီရင်ခံပြီးနောက် ကျောက်ကျွင်းက ဆက်ပြောသည်။
“အရှင်မြတ်... ကျွန်တော် ဖေးဝူမြို့မှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်၊ သူမက အရှင့်ကို လက်ဆောင်တစ်ခု ပေးခိုင်းလိုက်ပါတယ်”
ကျောက်ကျွင်းသည် ရန်လျန်နှင့် တွေ့ဆုံခဲ့ပုံနှင့် သူမ၏ညီမအကြောင်းကို ပြောပြလိုက်သည်။
“လက်ဆောင်လား"
သူစိမ်းများအကြောင်းကို စိတ်မဝင်စားသောကျိယွမ်သည် လက်ဆောင်ဆိုသောစကားကိုကြားသောအခါ စိတ်ဝင်စားမှု မြင့်တက်လာသည်။
“ကောင်မလေးတစ်ယောက်က ငါ့ကို လက်ဆောင်ပေးတယ်ပေါ့၊ ငါကတော့ တကယ့်ကို လူချစ်လူခင် ပေါနေတာပဲ... ကံကြမ္မာက ငါ့ဘက်မှာ ရှိနေပုံရတယ်"
သူသည် စိတ်လှုပ်ရှားစွာဖြင့် ကျောက်ကျွင်း၏ လက်ထဲမှ သွေးရောင်လွှမ်းသော ကျောက်စိမ်းရွက်ကို လှမ်းယူလိုက်သည်။
[သွေးကျောက်စိမ်းရွက် - စစ်မှန်နတ်ဘုရားတစ်ပါး၏ သွေးစွန်းနေသော ထူးခြားသည့် ဖန်တီးမှုဖြစ်သည်။ ဖန်ထုန်လောကတွင် ၎င်းကို ဆောင်ထားပါက ကံကောင်းခြင်းတစ်မှတ် တိုးစေမည် ဖြစ်သည်။]
“ကံကောင်းခြင်းလား”
ကျိယွမ်သည် ထိုသစ်ရွက်ကို သိလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်မ်၏။
ကံကောင်းခြင်းဆိုသည်မှာ အနည်းငယ် စိတ်ကူးယဉ်ဆန်သော အယူအဆတစ်ခု ဖြစ်သည်။ အတိတ်တွင် ဝမ်ယုကုန်းမြေတိုက်ကြီး၏ ကောင်းကင်ဘုံတာအိုကို သူ ထိန်းချုပ်ထားစဉ်က သူတစ်ပါးကို ကံကောင်းခြင်းများ ပေးသနားနိုင်ခဲ့သော်လည်း ၎င်းမှာ အလွန်သေးငယ်သော အကျိုးသက်ရောက်မှုသာ ရှိခဲ့သည်။
“သူ့လက်ဆောင်ကို ငါလက်ခံလိုက်မယ်၊ ဘယ်အချိန်မှာ ကျေးဇူးပြန်ဆပ်ခွင့်ရမလဲဆိုတာပဲ စဉ်းစားရတော့မယ်”
ကျိယွမ်က သစ်ရွက်ကိုကိုင်ထားရင်းမှ စဥ်းစားနေသည်။
ထိုမိန်းကလေးမှာ မည်သူ့ကိုမျှ မတွေ့ချင်ကြောင်း ကျောက်ကျွင်းက သတင်းစကားပါးထားသဖြင့် ကျိယွမ်အနေဖြင့် ကိုယ်တိုင်သွားစရာတော့ မလိုအပ်လှပေ ၊ သို့သော် ရိုင်းပျရာမရောက်စေရန် လက်ဆောင်ကို လက်ခံမှသာသင့်တော်မည်ဟု သူက ယူဆသည်။
ကျောက်ကျွင်းက ဦးညွှတ်လိုက်ပြီး လေးစားစွာ ဆို၏။
" အရှင့်ရဲ့ စကားကို သူ့ဆီ ကျွန်တော် ပြန်ပြောလိုက်ပါ့မယ်”
“အင်း”
ကျိယွမ်၏ စကားအဆုံးတွင် ကျောက်ကျွင်းက ပြန်လည်ထွက်ခွာသွား၏။
နာရီအနည်းငယ်ကြာပြီးနောက် ခြံဝင်းငယ်တစ်ခုအတွင်းရပ်နေသောရန်လျန်သည် ရင်းနှီးသော ပုံရိပ်တစ်ခုကို ပြုံးလျက် ကြည့်နေသည်။
“ကျေးဇူးတုံ့ပြန်ဖို့ မလိုပါဘူး၊ မူလနတ်ဘုရားရဲ့ စေတနာကို ကျေးဇူးတင်ကြောင်းပဲ ပြောပေးပါ”
လောက၏ကံကြမ္မာကိုပင် ပြုပြင်ပေးနိုင်သောလက်ဆောင်နှင့်ယှဉ်နိုင်သော ကျေးဇူးတုံ့ပြန်မှုမျိုး မည်သည့်အရာက ရှိနိုင်မည်နည်း။
စစ်မှန်နတ်ဘုရားတွေတောင် ဒီလက်ဆောင်နဲ့ညီမျှတဲ့ တုန့်ပြန်မှုမျိုး မလုပ်နိုင်ဘူး ။
ဤသို့ဖြင့် ခုနစ်ရက်တာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
သူတော်စင်ဆယ့်ရှစ်ပါးနှင့် နတ်မင်းကြီးလေးပါးတို့ ပါဝင်သော ချီတက်ရေးအဖွဲ့မှာ ဖေးဝူမြို့သို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူတို့သည် အဖွဲ့နှစ်ဖွဲ့ခွဲကာ ကျိယွမ်၏ စီမံကိန်းအတိုင်း အဆင့်တိုင်းကို စနစ်တကျ လုပ်ဆောင်ခဲ့ကြ၏။
ကျန်ရှိနေသော မြို့နှစ်မြို့မှာ သူတို့၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် လျင်မြန်စွာ ကျဆုံးသွားခဲ့ပြီး ထိုနေရာရှိ မိစ္ဆာနတ်ဘုရားများလည်း တစ်ယောက်မကျန်သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ဖေးလင်ခရိုင်ရှိ မြို့ခုနစ်မြို့အနက် လေးမြို့မှာ ယခင်က မိစ္ဆာနတ်ဘုရားများ၏ အကြွင်းမဲ့ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။သို့သော် ယခုအခါမှာတော့ ခရိုင်မြို့တော်တစ်ခုသာ သူတို့လက်အောက်တွင် ကျန်ရှိတော့သည်။
သတင်းများအရ ဒုတိယအဆင့်ရှိ အားကောင်းသော မိစ္ဆာနတ်ဘုရားတစ်ပါးက ထိုမြို့ကို လာရောက်ထိန်းချုပ်တော့မည်ဟု သိရသည်။
ထိုနတ်ဆိုးနတ်ဘုရားမှာ ဒုတိယအဆင့်၏ အလယ်အလတ်ပိုင်းတွင် ရှိနေသဖြင့် အလွန်အစွမ်းထက်သူ ဖြစ်သည်။ နတ်မင်းကြီးလေးပါးနှင့် သူတော်စင်ဆယ့်ရှစ်ပါးတို့ ပူးပေါင်းလျှင်ပင် ထိုနတ်ဘုရားကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။
လက်ရှိအချိန်တွင် ခရိုင်တစ်ခုလုံးမှာ ငြိမ်သက်ခြင်းမရှိဘဲ နေရာတိုင်း၌ ရုန်းရင်းဆန်ခတ်မှုများရှိနေသည်။ တစ်ဖက်တွင် ကျိယွမ်၏ တပ်ဖွဲ့များက မိစ္ဆာနတ်ဘုရားများနှင့်သူတို့၏နောက်လိုက်များကို လိုက်လံသတ်ဖြတ်နေပြီး အခြားတစ်ဖက်တွင် ကျန်ရှိနေသော မိစ္ဆာနတ်ဘုရားနောက်လိုက်များက ခရိုင်အုပ်ချုပ်သူအသစ် ဆိုသူ ရောက်လာကာ ဇောင်းကြွနေသော ရှေးဟောင်းနတ်ဘုရားများကို ရှင်းလင်းပေးမည့်အချိန်ကို ပုန်းအောင်းစောင့်ဆိုင်းနေကြသည်။
တစ်ခရိုင်လုံးရှိပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုကိုယ်စီဖြင့်နေ့ရက်များကိုကျော်ဖြတ်နေကြရသည်။
မူလက ထွက်ပြေးရန် စီစဉ်ထားသော သူဌေးသူကြွယ်မိသားစုများကတော့ ကျိယွမ်၏ တိုက်ပွဲများကြောင့် အရှိန်မလျှော့ဘဲ ပို၍ပင် လျှင်မြန်စွာထွက်ပြေးနေကြသည်။
သူတို့က တိုက်ပွဲကြားတွင် ကျားချင်းကိုက်ရာ သမင်လမ်းကူးမှားဘဝမျိး ဖြစ်သွားမည်ကို စိုးရိမ်နေကြခြင်းပင်။ ယခုအချိန်၌ ခရိုင်မြို့ထဲ၌ ကျန်ရစ်သူများမှာ သာမန်ကျင့်ကြံသူများနှင့် ဆင်းရဲသားများသာရှိတော့သည်။
သို့သော်လည်း အချို့သော သူကြွယ်မိသားစုအနည်းငယ်ကတော့ ဖေးဝူမြို့သို့ လာရောက်ကာ မူလနတ်ဘုရားနှင့်အတူ ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ရက်အနည်းငယ်အတွင်း၌ပင် တစ်ချိန်က ခြောက်ကပ်နေသော ဖေးဝူမြို့မှာ ပြန်လည်စည်ကားလာသည်။ လမ်းတစ်လျှောက်တွင် နေ့စဉ်နေ့တိုင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပပေစနေသဖြင့် သွေးမြူများကြားတွင် ပျော်ရွှင်မှုနှင့် အောင်ပွဲခံသည့် အငွေ့အသက်များ လွှမ်းမိုးနေသည်။
ချီချီသည် မြို့ရိုးပေါ်တွင် ရပ်လျက် ပျော်ပွဲရွှင်ပွဲကို ဆင်နွှဲနေကြသော လူများကို ကြည့်နေသည်။ သူမသည် ထျန်းဖူမြို့ ပြာကျသွားခဲ့ရသည့် ကောင်းကင်မီးမိုးများကို တောင်ပေါ်မှ ကြည့်ခဲ့ရသည့်နေ့ကို ပြန်လည်အမှတ်ရမိသည်။ မရေမတွက်နိုင်သော မြို့သူမြို့သားများမှာ ပြန်လည်ခုခံခဲ့ကြသော်လည်း နောက်ဆုံးတွင် ထျန်းဖူမြို့မှာ မီးတောက်များအတွင်း ပျောက်ကွယ်သွားခဲ့ရ၏။
“ဒီလို ဖိနှိပ်ခံထားရတဲ့ လောကကြီးမှာ မိစ္ဆာနတ်ဘုရားတွေရဲ့ အစားအစာကို အတူတူစားသောက်ရတဲ့ ပွဲတော်ကပဲ ဆင်နွှဲဖို့ထိုက်တန်တဲ့ တစ်ခုတည်းသော အရာ ဖြစ်လိမ့်မယ်”
ချီချီက ကိုယ့်ဘာသာ တွေးနေသည်။
“သခင်မလေးချီချီ... သခင်ကြီးက ချင်းရွှေရွာကို ပြန်ဖို့ ပြင်နေပါပြီ”
“ကောင်းပြီ၊ ငါသွားနှုတ်ဆက်လိုက်ဦးမယ်”
ချီချီသည် မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းမော့လိုက်သည်။
သူမ၏ မွေးစားအဖေမှာ ဘိုးဘွားပိုင်နယ်မြေသို့သွားရန်အတွက် ချင်းရွှေရွာသို့ ပြန်တော့မည် ဖြစ်သည်။ သူမနှင့် နတ်မင်းကြီးလေးပါး၊ အချို့သော သူတော်စင်များမှာ ဖေးဝူမြို့ကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့မည် ဖြစ်သည်။
ချင်းရွှေရွာတွင်ကျန်နေခဲ့သော ရှန်လဲ့သည် ကျိယွမ်နှင့်ပါသွားသောရွာသားအချို့ ပြန်ရောက်လာသောအခါ တိုက်ပွဲအခြေအနေအား မေးမြန်းကြည့်မိ၏။
ဖြစ်ပျက်ခဲ့သမျှကိုကြားသောအခါ ရှန်လဲ့ကပြုံးလိုက်သည်။
“ဒီကောင်က တကယ်ကို ရဲတင်းတာပဲ၊ မိစ္ဆာနတ်ဘုရား သုံးပါးတောင် သတ်ပြီးပြီလား”
ရှန်လဲ့သည် ကျိယွမ်၏စိတ်ထားကို အံ့ဩသလို အထင်လည်း ကြီးမိသည်။
ဒီကောင်က ပြောပြီးရင် ပြောတဲ့အတိုင်း မကြောက်မလန့်ဆော်တဲ့ကောင်ပဲ ။ လက်တွေ့ကျတယ် ။
“ဒါပေမဲ့ ...လျိုယွင်အရှင်သခင်ကတော့ သူ့အတွက် ပြဿနာဖြစ်လာနိုင်တယ်...”
ရှန်လဲ့သည် ယခင်ကတည်းကပင် လင်းတိုင်းပြည်ရှိ နတ်ဘုရားများအကြောင်းကို အနည်းငယ် သိထားသည်။ လျိုယွင်အရှင်သခင်မှာ မဟာအုပ်စိုးရှင်တစ်ပါး၏ သားဖြစ်ပြီး ကျန်းဖုန်း၏ ခဲအိုလည်း ဖြစ်သည်။
ထို လျိုယွင်သည် ဖေးဝူမြို့၏ မိစ္ဆာနတ်ဘုရားအသစ် ဖြစ်လာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
ဒီပုံဆို သူ့အတွက် အန္တရာယ်ရှိလာနိုင်တယ်။
ခေတ္တမျှ တွေးတောပြီးနောက် သူသည် ကျောက်စိမ်းပြားတစ်ခုကို အသက်သွင်းလိုက်၏။ ချက်ချင်းလိုလိုပင် ရှေးဟောင်းနယ်မြေတစ်ခုတွင် သူ၏ ပုံရိပ်ယောင် ပေါ်လာခဲ့သည်။
ထိုနေရာ၌ ဆံပင်ဖြူအဖိုးအိုတစ်ဦး မျက်စိမှိတ်၍ တရားထိုင်နေ၏။ မဟာအုပ်စ်ုးရှင်ရှန်လဲ့ ရောက်ရှိလာမှုကို ခံစားမိသောအခါ အဘိုးအိုက မျက်လုံးဖွင့်လိုက်သည်။
"မဟာအုပ်စိုးရှင် ရှန်လဲ့ပါလား ၊ ဘာကိစ္စများပါလိမ့် ၊ မြောက်ပိုင်းဒေသမှာ ပြဿနာတက်လို့လား”
“အဟမ်း...”
ရှန်လဲ့က ချောင်းတစ်ချက်ဟန့်လိုက်၏။ သူ၏ အရှိန်အဝါမှာ ထိုအဖိုးအိုထက် သိသိသာသာအားနည်းနေခဲ့သည်။
“ငါ အကူအညီတစ်ခု လာတောင်းတာပါ”
“မင်း စိတ်လိုက်မာန်ပါ ထပ်လုပ်ပြန်ပြီလား ၊ မိစ္ဆာနတ်ဘုရားတွေကို လျှောက်တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ပြလိုက်တာတော့ မဟုတ်ပါဘူးနော်”
ဆံပင်ဖြူအဖိုးအိုက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
သူ၏မိတ်ဆွေဟောင်း ရှန်လဲ့မှာ ကောင်းကွက်များရှိသော်လည်း စိတ်မြန်လွန်းပြီး မည်သည့်အကြံဉာဏ်ကိုမျှ နားမထောင်တတ်ပေ။ ထိုသို့မဟုတ်ပါက သူသည် ယခုကဲ့သို့ ဒဏ်ရာဗရပွ ဖြစ်နေမည်မဟုတ်ပေ။
“စိတ်မြန်တာတော့ဟုတ်တယ် ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ငါစိတ်မြန်တာ မဟုတ်ပါဘူး”
ရှန်လဲ့က ရှက်ကိုးရှက်ကန်း ဝန်ခံလိုက်ပြီး ဆက်ပြော၏။
“ငါ့ရဲ့... ချင်းရွှေရွာက အစောင့်အရှောက်နတ်ဘုရားက စိတ်မြန်သွားတာ၊ ငါ သူ့ကို တားလို့မရခဲ့ဘူး”
“အိုး”
ဆံပင်ဖြူအဖိုးအိုက စိတ်ဝင်စားသွားသည်။
“မင်းရဲ့ တပည့်က စိတ်မြန်တယ်ပေါ့၊ စိတ်ဝင်စားစရာပဲ၊ သူက ရွာမှာပဲ နေရမှာမဟုတ်ဘူးလား၊ မိစ္ဆာနတ်ဘုရားရဲ့ သမီးကို သွားမြူဆွယ်လို့လား”
“အဲလိုမြူဆွယ်တာကမှ တော်ဦးမယ် ၊ အခုက အဲဒီလို မဟုတ်လို့ခက်နေတာ၊ သူက... ဖေးလင်ခရိုင်မှာရှိတဲ့ နတ်ဆိုးနတ်ဘုရားတွေကို အကုန်သတ်ပစ်လိုက်တာ”
ရှန်လဲ့က အတော်လေးအခက်တွေ့နေဟန်ဖြင့် ပြောလိုက်၏။
မိစ္ဆာနတ်ဘုရား အနည်းငယ်ကို သတ်ဖြတ်ခြင်းမှာ ပြဿနာကြီးမဟုတ်ပေ။ တကယ့်ပြဿနာမှာ ထိုလုပ်ရပ်၏ နောက်ဆက်တွဲအကျိုးရလဒ် ဖြစ်သည်။ မြောက်ပိုင်းဒေသမှာ မိစ္ဆာနတ်ဘုရားများ၏ အဓိကခြေကုပ်စခန်း ဖြစ်နေပြီး ရန်သူများက ထိုနယ်မြေကို အဆုံးရှုံးခံမည်မဟုတ်ပါ။
ရှန်လဲ့၏စကားကို ကြားရသောအခါ ဆံပင်ဖြူအဖိုးအိုမှာ မှင်သက်သွားခဲ့သည်။
“သောက်ခွေး...သူက ဘယ်လိုတောင် ရဲတင်းရတာလဲ”
ထို့နောက် သူက စိုးရိမ်တကြီးဖြင့် ရှန်လဲ့ကို တိုက်တွန်းတော့သည်။
“မိစ္ဆာနတ်ဘုရားတွေ မသိခင်မှာ မင်း သူ့ကို ခေါ်ပြီး တောင်ပိုင်းကို အမြန်ပြေးသင့်တယ်၊ သူ့ပါရမီက ထူးခြားတယ်... ဒဏ္ဍာရီအဆင့်နတ်ဘုရား အပါးနှစ်ဆယ်ကျော်ကိုတောင် စိတ်ကူးပုံဖော်နိုင်တယ်ဆိုတော့ သူက ကောင်းကင်သားတော်မဟုတ်ရင်တောင် အဲဒီအဆင့်ပဲ”
“ငါ... သူ့ကို ခေါ်သွားလို့ မရဘူး”
ရှန်လဲ့က ခါးသီးစွာ ပြောလိုက်၏။
“မင်းက ကိုယ့်တပည့်ကိုတောင် မထိန်းနိုင်ဘူးလား”
ဆံပင်ဖြူအဖိုးအိုသည် ရှန်လဲ့အား ဒေါသထွက်သွားသည်။
ဒီကောင်က ဘယ်လိုသင်ကြားနေလဲ ၊ ဆရာနဲ့တပည့်ကြားက လောကဝတ်တွေကို လျစ်လျူရှုနေတာလား။
“အဟမ်း... တကယ်တော့ သူက ငါ့တပည့် မဟုတ်ဘူး”
ရှန်လဲ့က ရှက်ရှက်နှင့် ဝန်ခံလိုက်ရသည်။
“ဘာကွ”
“ဟူး... ငါ ချင်းရွှေရွာကို စရောက်တုန်းက သူ့မှာ ဆရာရှိပြီးသားမို့ ငါ့တပည့် မလုပ်ချင်ဘူးလို့ ပြောတယ်၊ ငါလည်း သူ့ကို အတင်းအကျပ် မလုပ်ချင်ဘူးလေ... ဒါပေမဲ့ သူက ပန်းပွဲတော်ကို သွားပြီးတော့ ချုံဟွာမဟာအုပ်စ်ုးရှင်ကိုတောင် သူ့နောက်လိုက်အဖြစ် ခေါ်လာတယ်”
ရှန်လဲ့သည် ထိုအကြောင်းကို တွေးမိတိုင်း မယုံနိုင်အောင် ဖြစ်နေရသည်။
“ကျေးရွာအဆင့်နတ်ဘုရားလေးက မဟာအုပ်စိုးရှင်တစ်ပါးကို နောက်လိုက်အဖြစ်ခေါ်တယ်ပေါ့၊ ရှန်လဲ့... မင်း ငါ့ကို လာနောက်နေတာလား”
ဆံပင်ဖြူအဖိုးအိုက မယုံကြည်နိုင်စွာ မေးလိုက်သည်။
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ နောက်လိုက်အဖြစ် မဟာအုပ်စိုးရှင်တစ်ပါးက ခံယူခြင်းမှာ မကြားစဖူး အရာ တစ်ခုဖြစ်သည်။
“ငါ မလိမ်ပါဘူးဆို ၊ ငါ လိမ်ရင် မိုးကြိုးငါးချက် အပစ်ခံရပါစေကွာ”
“ဟား..ဟားဟားဟား... တော်လိုက်တော့ ၊ မိုးကြိုးပစ်တာက မင်းအတွက်တော့ အယားတောင်မပြေပါဘူး”
ဆံပင်ဖြူအဖိုးအိုက တဟားဟားအော်ရယ်လိုက်သည်။
ရှန်လဲ့၏ ဘွဲ့အမည်မှာ မိုကြိုးနတ်ဘုရားဖြစ်၏။သူက အဘယ့်ကြောင့် မိုးကြိုးများကို ကြောက်မည်နည်း။
“ဘာပဲဖြစ်ဖြစ် သူ့ပါရမီက တကယ်ကို ထူးခြားတယ်၊ ဒါပေမဲ့ သူက အရမ်းခေါင်းမာတယ်၊ သူ့ကို ထွက်သွားဖို့ ငါ နားမချနိုင်ဘူး”
ရှန်လဲ့က သက်ပြင်းချလျက် လေးနက်စွာပြောလိုက်သည်။
“အသုံးမကျလိုက်တာ ၊ သူ့ကို ရိုက်ပြီး သတိမေ့အောင်လုပ်ပြီးမှ ခေါ်ခဲ့ပါလား"
“ငါက လူဆိုး အဖြစ်မခံချင်ဘူး”
ရှန်လဲ့က အနည်းငယ်တုံ့ဆိုင်းပြီးမှ ဆက်ပြော၏။
“သူ့ပါရမီက အရမ်းကောင်းတယ်၊ ရတနာတွေသုံးပြီး စစ်မှန်နတ်ဘုရားအဆင့်ကို မတက်နိုင်တော့ သူက ကုကလန်ရဲ့ ဘိုးဘွားနယ်မြေမှာ အခွင့်အရေးသွားရှာဖို့ စီစဉ်နေတယ်”
"ဟေ.."
ဆံပင်ဖြူအဖိုးအိုမှာ ငြိမ်သက်သွားပြီး အခြေအနေကို တွေးတောနေသည်။
အတန်ကြာမှ သူက စကားပြန်ပြော၏။
“ဒါဆိုရင် မင်းက ငါ့ကို လူဆိုးလုပ်ခိုင်းဖို့ လာတာပေါ့”
ကုကလန်(ရှေးဟောင်းမျိုးနွယ်) ၏ ဘိုးဘွားနယ်မြေမှာ တောင်ပိုင်းဒေသတွင် တည်ရှိသည်။
ရှန်လဲ့သည် အဘိုးအို၏စကားကို မငြင်းပါ ။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
“သူ ဘိုးဘွားပိုင်နယ်မြေကနေ ထွက်လာတဲ့အခါ စစ်မှန်နတ်ဘုရားအဆင့်ကို မရောက်သေးရင် မင်း သူ့ကို လိမ်လိုက်ပါ၊ အဆင့်တက်နိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်ဆိုပြီး ပုံပြင်တစ်ပုဒ်ပြောပြီး သူ့ကို တောင်ပိုင်းမှာပဲ ထိန်းထားလိုက်၊ မဟုတ်ဘူး .. တကယ်လို့ သူ အဆင့်တက်သွားခဲ့ရင်တောင် သူ့ကို တောင်ပိုင်းမှာပဲ ထားရမယ်... သူ့ရဲ့ အနာဂတ်က ကောင်းကင်သားတော်တွေထက် မနိမ့်ဘူး”
ထိုသို့သောပါရမီရှင်များမှာ ဖန်ထုန်လောက၏ မျှော်လင့်ချက် ဖြစ်သည်။
အချိန်တန်လျှင် လောကတံခါးများကို ဖွင့်ပေးမည်ဖြစ်ပြီး ဤမျှော်လင့်ချက်မျိုးစေ့များကို ဖန်ထုန်လောကအပြင်ဘက်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။
မိစ္ဆာနတ်ဘုရားများကို ရင်ဆိုင်ရာတွင် ဖန်ထုန်လောကမှာ အားနည်းနေသည်မှာ ကြာမြင့်ခဲ့လေပြီ။ ဟုန်ထန်တိုက်ပွဲကြီးတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များအားလုံး ကျဆုံးကုန်ကြသည်။ ယခုအခါ ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ နောက်ဆုံးအင်အားကို သုံး၍ မျှော်လင့်ချက်မျိုးစေ့များကို ကာကွယ်ပြီး အပြင်သို့ ပို့ဆောင်ပေးရန်သာရှိတော့သည်။
မိစ္ဆာနတ်ဘုရားများ၏ ပိတ်ဆို့မှုကြောင့် ရှေးဟောင်းနတ်ဘုရား အနည်းငယ်သာ ဖန်ထုန်လောကမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း တစ်ယောက်တည်း လွတ်မြောက်ခဲ့လျှင်ပင် ကြိုးစားပေးရသည်မှာ ထိုက်တန်ပေသည်။
ဆံပင်ဖြူအဖိုးအိုသည် ရှန်လဲ့ကို ကြည့်ကာ အတန်ကြာစဥ်းစားနေပြီးမှ အကြောင်းပြန်သည်။
“သူတော်စင်စီမံကိန်းက အောင်မြင်မလားတော့ ငါ မသိဘူး၊ ဒါပေမဲ့ သူ့ပါရမီက လုံလောက်တယ်ဆိုရင် အဓိကနေရာတွေထဲက တစ်နေရာကို သူ ရနိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
ရှန်လဲ့က စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်၏။
သူတော်စင်စီမံကိန်းတွင် သူတို့လို လူအိုကြီးများအတွက် အဓိကနေရာများ မရှိပေ။ ထိုနေရာများကို မျှော်လင့်ချက်မျိုးစေ့များအတွက်သာ သီးသန့်ဖယ်ထားခြင်း ဖြစ်သည်။
သူတို့လို စစ်မှန်နတ်ဘုရားများမှာ စတေးခံများသာ ဖြစ်၏။
အချိန်တန်သောအခါ ရှေးဟောင်းနတ်ဘုရားများမှာ အဖွဲ့နှစ်ဖွဲ့ကွဲသွားမည် ဖြစ်သည်။
တစ်ဖွဲ့က မိစ္ဆာနတ်ဘုရားများကို အင်တိုက်အားတိုက် တိုက်ခိုက်ပြီး အာရုံလွှဲမည်ဖြစ်ပြီး အခြားတစ်ဖွဲ့က တံခါးများကို ဖွင့်ကာ မျိုးစေ့များကို အပြင်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။
“ဒါနဲ့ ကျူးခယ့်ရှိုးက မကြာသေးခင်ကမှ လက်နက်အသစ်တစ်ခု ရထားတယ်၊ သူ ကောင်းကင်ပြင်ပကို သွားပြီး ပြန်လာပြီ၊ သူ့ရဲ့ နတ်ဘုရားနယ်ပယ်က ပိုပြီး အားကောင်းလာတယ်”
ဆံပင်ဖြူအဖိုးအိုက သတိပေးလိုက်သည်။
ကျူးခယ့်ရှိုးသည် တစ်ချိန်ကရှန်လဲ့၏ ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့ဖူးသော်လည်း ထိုမဟာအုပ်စိုးရှင်သည် ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်၍ မိစ္ဆာနတ်ဘုရားများဘက်သို့ ကူးပြောင်းသွားခဲ့လေ၏။
ထိုသစ္စာဖောက်မှုကြောင့်ပင် ရှန်လဲ့မှာ အလွန်ဒေါသထွက်ခဲ့ပြီး ကျူးခယ့်ရှိုးအပါအဝင် မဟာအုပ်စိုးရှင်နှစ်ပါးကို တစ်ကိုယ်တော် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းပင်။
ထိုစဥ်က ဆံပင်ဖြူအဖိုးအိုသာ ဝင်မတားခဲ့ပါက ရှန်လဲ့မှာ နေရာတွင် သေဆုံးသွားနိုင်ပေသည်။
“တောက်...ငါ ခုထိ သူ့ကို မနိုင်သေးဘူးလား”
ရှန်လဲ့က နားကျည်းစွာဖြင့်ဆဲရေးလိုက်ပြီးနောက် လက်လျှော့လိုက်သည့် လေသံဖြင့် သက်ပြင်းချသည်။
“ဒါပေမဲ့ ငါ့အခြေအနေက သူ့ကို တိုက်ဖို့ အခွင့်အရေး နောက်ထပ်ရတော့မှာ မဟုတ်ပါဘူး”
ဆံပင်ဖြူအဖိုးအိုက စိတ်မကောင်း ဖြစ်သွားမိသည်။
ငါမပြောဘဲနေမိရင် အကောင်းသား။
သူက စေတနာနှင့် သတိပေးလိုခဲ့ခြင်းဖြစ်၏။
ရှန်လဲ့သည် ဆံပင်ဖြူအဖိုးအိုကို အေးချမ်းစွာ ပြုံးပြလိုက်သည်။
“ငါ အဲဒီကလေးကို လိမ်ပြီး တောင်ပိုင်းမှာ ထားခဲ့ရင် သူ ငါ့ကို ရန်ငြိုးဖွဲ့နေလိမ့်မယ်၊ သူ့ကို ငါ နောက်ထပ် မတွေ့ရဲတော့ဘူး... တွေ့ရင်လည်း နေရခက်စရာကြီးပဲ၊ ဒါကြောင့် ငါ့ရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်နဲ့ သူ့အတွက် နောက်ဆုံးတစ်ချက်လောက် လုပ်ပေးလိုက်ပါ့မယ်၊ ဖေးလင်ခရိုင်ကို ရှင်းလင်းပေးပြီး ကျန်းဖုန်းကို ငါ ကိုင်တွယ်ပေးခဲ့မယ်”
သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး သက်တမ်းမှာ နှစ်ပေါင်းသုံးရာခန့်သာ ကျန်တော့သည်။ မဟာအုပ်စိုးရှင်တစ်ပါးကို ယခုအချိန်တွင် သူ မယှဉ်နိုင်တော့မှန်း သိပါသည်။
သို့သော် ဖေးလင်ခရိုင်ရှိ ဒုတိယအဆင့်ရှိသော မိစ္ဆာနတ်ဘုရားနှင့် တတိယအဆင့် ရှိသော သစ္စာဖောက်ကျန်းဖုန်းတို့ကိုတော့ အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်နေသည်။ သို့သော် ထိုသို့လုပ်ဆောင်ပြီးပါက သူသည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဆံပင်ဖြူအဖိုးအိုသည် စိတ်လှုပ်ရှားသွားပြီး ရှန်လဲ့ကို ကြည့်လိုက်သည်။
ထိုစကား၏ အဓိပ္ပါယ်ကို သူအပြည့်အဝနားလည်ပါသည်။ရှန်လဲ့၏လက်ရှိအခြေအနေအရ ထိုကိစ္စက်ု အသက်နှင့်လဲ၍ ဆောင်ရွက်ရပေလိမ့်မည်။
သူက ရှန်လဲ့အား စိတ်မကောင်းစွာကြည့်လျှက် ကတိပြု၏။
“သူ့ကို ငါ စောင့်ရှောက်ပေးပါ့မယ်"
အဘိုးအိုက ရှန်လဲ့ကို မတားခဲ့ပါ ၊ သူ၏မိတ်ဆွေသည် ဆုံးဖြတ်ပြီးလျှင် မည်သူမှ မတားနိုင်ကြောင်း သူသာအသိဆုံး မဟုတ်ပါလား။
“ကောင်းပြီ၊ စကားတွေ အများကြီး မပြောတော့ဘူး၊ အဲဒီကလေး ပြန်လာတော့မယ် ထင်တယ်”
စကားဆုံးသည်နှင့် ရှန်လဲ့၏ ပုံရိပ်ယောင်မှာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။
.............
သွေးရောင်မြစ်များ စီးဆင်းနေသော လူသူကင်းမဲ့သည့် နယ်မြေတစ်ခုတွင်ဖြစ်သည်။
ဆံပင်ဖြူအဖိုးအိုသည် မတ်တပ်ရပ်ကာ ကောင်းကင်ကို တည်ငြိမ်စွာကြည့်နေ၏။
ထိုစဉ် သူ၏ ကျောက်စိမ်းပြားမှာ လင်းလက်လာပြီး ဝတ်ရုံနက်ဝတ်ထားသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကို မြင်သောအခါ အဖိုးအို၏ မျက်နှာက သိသိသာသာ တင်းမာသွားသည်။
“ဘာလို့ လာတာလဲ၊ သတိထားဖို့ပြောထားတာ မေ့နေလား”
သူက ငေါက်ငမ်းရင်း ပတ်ဝန်းကျင်အား လုသူလေးပါးရှိမရှိကြည့်လိုက်၏။
ဝတ်ရုံနက်နှင့် လူက အက်ကွဲသော အသံဖြင့် သတင်းပေးသည်။
“ကျွန်တော် အချက်အချာနေရာအသစ်တစ်ခု တွေ့ခဲ့တယ်၊ အဲဒါက ကောင်းကင်ယံမှာ ရှိနေတာ...”
ဆံပင်ဖြူအဖိုးအို၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ပေါ်လာ၏။
“နောက်ထပ် နေရာတစ်ခုလား၊ ဒါ သတင်းကောင်းပဲ”
အချက်အချာနေရာများမှာ သူတော်စင်စီမံကိန်းအတွက် အလွန်အရေးကြီးပြီး ဖန်ထုန်လောက၏ တံခါးများကို ဖွင့်နိုင်ခြင်း ရှိမရှိသည် ထိုနေရာများအပေါ် မူတည်နေသည်။
ဝတ်ရုံနက်နှင့်လူကတော့ ဝမ်းသာသည့် အရိပ်အယောင်မပြဘဲ ငြိမ်သက်နေသည်။
စက္ကန့်အနည်းငယ်ကြာမှ သူ၏ တည်ငြိမ်သော အသံက ထပ်မံထွက်ပေါ်လာသည်။
“ကျွန်တော် သစ်တော်ပန်းမဟာအုပ်စိုးရှင်ကို သတ်လိုက်ပြီ”
သူ၏အသံက တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မျှ မပါဝင်ပေ။
ဆံပင်ဖြူအဖိုးအိုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ သက်ပြင်းချကာ ဖြေသိပ်လိုက်၏။
“အဲဒါ မင်းအပြစ် မဟုတ်ပါဘူး”
“အင်း”
ဝတ်ရုံနက်နှင့်လူက ခပ်တိုးတိုးတုန့်ပြန်ပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ကျိယွမ်သည် ချင်းရွှေရွာသို့ ပြန်လည်ရောက်ရှိနေခဲ့လေပြီ။
“ကဲ...စကားတွေအများကြီး မပြောတော့ဘူး ၊ ငါနဲ့အတူ ဘိုးဘွားပိုင်နယ်မြေကို လိုက်မယ့်သူတွေကို ရွေးရမယ်”
ကျိယွမ်က ရွာလူကြီး ယွီလီကို ပြောလိုက်သည်။
ယွီလီ၏ နှလုံးခုန်သံများ မြန်လာပြီး စိတ်လှုပ်ရှားစွာ မေးသည်။
“ဘယ်နှယောက်လဲ အရှင်မြတ်”
“အင်း... ခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်ပေါ့”
ကျိယွမ်က ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။
ယခုတစ်ကြိမ်တွင် သူသည် နဂါးနိုင်သူတော်စင်၊ ကျားနိုင်သူတော်စင် ၊ မျက်ခုံးရှည်သူတော်စင် နှင့် ရွှင်ပျော်ပျော်သူတော်စင်တို့အပြင် ရွာသား ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ကိုလည်း ခေါ်သွားရန် စဉ်းစားထားလေသည်။
“အရှင်မြတ်.. ကျွန်တော်ရော လိုက်လို့ရမလား”
ရွာသားများကိုပါ ခေါ်မည်ဟုကြားရသောအခါ ယွီလီကလည်း စိတ်အားထက်သန်စွာ မေးမိ၏။
“ခင်ဗျား သေရမှာ မကြောက်ရင်တော့ လိုက်ခဲ့ပေါ့”
ကျိယွမ်က အေးစက်စွာ ဖြေလိုက်သည်။
စစ်မှန်နတ်ဘုရားအဆင့်အောက်ရှိသူ မည်သူမဆိုအတွက် ဘိုးဘွားပိုင်နယ်မြေထဲသို့ ဝင်ရောက်ခြင်းမှာ အလွန်အန္တရာယ်များလှသည်။ ထိုနေရာတွင် မဟာအုပ်စိုးရှင်အဆင့်များပင် လွယ်ကူစွာသေဆုံးနိုင်ရာ သာမန်ရွာသားများအတွက်မူ ဆိုဖွယ်ရာ မရှိပေ။
“ရွာသားတွေကို သူတို့ဆန္ဒအလျောက် လိုက်ခိုင်းလိုက်ပါ၊ ဒါပေမဲ့ အန္တရာယ်ရှိတာကိုတော့ ကြိုပြီးရှင်းပြထားလိုက်၊ ဘယ်သူမှ မရှိရင်တော့.. ခင်ဗျားတို့ထဲက ရွေးလိုက်ပေါ့၊ အများကြီးဖြစ်နေရင်တော့ အသန်မာဆုံး ရှစ်ယောက်ကို ရွေးလိုက်ပါ”
ကျိယွမ်က လိုတိုရှင်းညွှန်ကြားလိုက်သည်။
သူက အချိန်မရှိသဖြင့် ရှည်လျားသောအမှာစကားတွေ ပြောရန်စိတ်မပါပေ။
ထို့နောက် ကျိယွမ်သည် ရှန်လဲ့မဟာအုပ်စိုးရှဘက်သို့ လှည့်လိုက်သည်။
“မိုးကြိုးအဖိုးကြီး၊ ခင်ဗျားလည်း ကျုပ်ရဲ့ သက်တော်စောင့်အဖြစ် ရှေးဟောင်းမျိုးနွယ်ရဲ့ ဘိုးဘွားပိုင်နယ်မြေကို လိုက်ခဲ့ပါလား”
ရှန်လဲ့က ကျိယွမ်ကို စောင်းကြည့်ကာ ဟောက်လိုက်၏။
“မင်း အိပ်မက်မက်နေလိုက်”
ကျိယွမ်က ရှန်လဲ့၏စကားကြောင့် စိတ်ပျက်လက်ပျက်ခေါင်းခါသည်။
“ဟူး... ခင်ဗျားက ကျုပ်တို့ချင်းရွှေရွာမှာ အလကားနေပြီး ဘာမှလည်း လုပ်မပေးဘူး၊ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းကလည်း နောက်ခံပြကွက်အဖြစ် မိုးကြိုးလေးနည်းနည်းပစ်ပေးဖို့ ပြောတာကိုလည်း ငြင်းတယ်၊ အခုလည်း လက်မခံဘူး ၊ ခင်ဗျားက တော်တော်ကပ်စေးနှဲတာပဲ... အလှပြထားတဲ့ အရုပ်တစ်ခုလို ဖြစ်နေပြီ ၊ ဒါပေမဲ့ ခင်ဗျားက မလှတော့လည်း ခက်သား”
ကျိယွမ်က မတတ်သာသလို ညည်းညူလိုက်သည်။
မဟာအုပ်စိုးရှင်ရှန်လဲ့မှာ စားစရာရှိလျှင် အမြဲပါသော်လည်း ကူညီရန်ကျလျှင် မည်သည့်အခါမျှ လက်မလှုပ်ပေ။
လက်မလှုပ်ဘဲ ပါးစပ်ပဲလှုပ်ဖို့ မွေးလာသလား မပြောတတ်ဘူး ၊ မကြီးမငယ်နဲ့ အချောင်ခိုနေရော ။ ရွာအတွက်ဘာမှ လုပ်ပေးဖို့ စိတ်ကူးမရှိတဲ့သူ။
ရှန်လဲ့က ယခုအခါမှာတော့ ထူးထူးခြားခြား ဒေါသမထွက်ပါ ။ သူက အနည်းငယ်လေးနက်စွာ ပြန်ပြောသည်။
“စိတ်မပူပါနဲ့၊ မင်း ပြန်လာတဲ့အခါ ငါ့မှာ မင်းအတွက် လက်ဆောင်အကြီးကြီး တစ်ခု ရှိတယ်"
ကျိယွမ်က မယုံပါ ။ သူက ရှန်လဲ့ကို မယုံသလိုကြည့်၏။
“လက်ဆောင်တဲ့လား ၊ နောက်ခံတေးဂီတလေး တီးပေးဖို့တောင် ကပ်သပ်နေတဲ့သူဆီက ဘာလက်ဆောင်ကို မျှော်လင့်နေရမှာလဲ ၊ ဝက်သားစားကောင်းအောင် လျှောက်ပြောမနေနဲ့တော့ "
ထိုစကားကြောင့် တည်ငြိမ်နေသော ရှန်လဲ့ ဒေါသထွက်သွားလေသည်။
“ငါလို မဟာအုပ်စိုးရှင်တစ်ပါးက မင်းရဲ့ တိုက်ပွဲတွေမှာ နောက်ခံမိုးကြိုးသံ ပေးရမယ် ဟုတ်လား၊ ဆုတောင်းလေ ”
သူကဲ့သို့ ဂုဏ်သိက္ခာရှိသော စစ်သည်တော်တစ်ဦးကို ဘာမဟုတ်သောရွာသားများနှင့် ရောကာ ပေါတောတောတီးလုံးများမှုတ်ပေးရမည့်သူအဖြစ် သတ်မှတ်ခြင်းမှာ အလွန်စော်ကားရာ ရောက်သည်မဟုတ်ပါလား။
ဘယ်လိုမှ လက်မခံနိုင်ဘူး။
ကျိယွမ်က သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“မိုးကြိုးဆိုတာကလည်း အနုပညာတစ်ရပ်ပါပဲ၊ ကြည့်ရတာ ကျုပ် ကောင်းကင်ဘုံမိုးကြိုးဌာန ကိုပဲ ခေါ်ရတော့မယ် ထင်တယ်”
မိုးကြိုးဌာနသည် ကောင်းကင်ဘုံ၏ ဌာနခွဲရှစ်ခုအနက် တစ်ခုဖြစ်ပြီး မိုးကြိုး၊ မိုး၊ လေနှင့် တိမ်တိုက်များကို စီမံခန့်ခွဲရကာ လောကသုံးပါး၏ အကောင်းအဆိုးများကို စောင့်ကြည့်စီရင်ခွင့် ရှိသည်။
အကယ်၍ ကျိယွမ်သည် ထိုဌာနမှ နတ်ဘုရားများကို ပုံရိပ်ဖော်နိုင်လျှင် သူ၏ တိုက်ပွဲတိုင်းတွင် လျှပ်စီးများ လက်နေသည့် ထူးခြားသော အငွေ့အသက်များကို ရရှိနိုင်ပေလိမ့်မည်။
“မိုးကြိုးဌာနတဲ့ အဲဒါက ဘာကြီးလဲ”
ရှန်လဲ့က လှောင်သလိုရယ်မောလိုက်သည်။
“မင်းတို့ တရုတ်နဂါးအဖွဲ့ က လူတွေကတော့ တကယ့်ကို တစ်မျိုးပဲ”
ကျိယွမ်က မျက်မှောင်ကျုံ့ကာ ရှန်လဲ့အားကြည့်လိုက်သည်။
ဘာကိုတစ်မျိုးလဲ ၊ အရူးတွေလို့ပြောချင်နေတာ မသိဘူးထင်နေလား။