← Chapters

နတ်ဘုရားဝင်ပေါက်ဖွင့် မူလရေကြည်

Vol. 17 Ch. 203

နတ်ဘုရားဝင်ပေါက်ဖွင့် မူလရေကြည်

Vol. 17 Ch. 203

"ကောင်းပြီလေ၊ ဒါဆိုရင် တတိယမြောက် မျှော်စင်ဆီကို သွားကြရအောင်"

ကျိယွမ်က ကြေညာရင်း သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။ ထို့နောက် သူတို့အားလုံး တတိယမြောက် မျှော်စင်ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြ၏။

ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်အနေဖြင့် ကြီးမားသောဘေးအန္တရာယ်များကို မည်သို့ကျော်ဖြတ်ပြီး မျှော်စင်ထိပ်မှရတနာများကို ရအောင်ရယူမည်နည်းဆိုသည်ကို စိတ်လှုပ်ရှားစွာ စောင့်စားရင်းလိုက်ပါလာကြသည်။

မကြာမီတွင် သူတို့သည် တတိယမြောက် မျှော်စင်အတွင်းသို့ ဝင်ရောက်ခဲ့၏။

ကျိယွမ်က ရုတ်တရက်ဆက်မသွားဘဲ လူအုပ်ဘက်သို့ လှည့်၍

"ကျွန်တော် တွက်ချက်မှုတချို့ လုပ်နေတုန်း ခဏလောက် စောင့်ပေးကြပါဦး"

သူက ထိုသို့ပြောပြီးသည်နှင့် နေရာတစ်ခုသို့ကြည့်လိုက်၏ ထိုအခါ သူ၏ညာဘက် မျက်ခုံးမွှေးများ မြန်ဆန်စွာ လှုပ်ခါလာတော့သည်။

"မရသေးဘူး"

သူက နောက်တစ်နေရာသို့ ပြောင်းကာကြည့်လိုက်သော်လည်း ညာဘက်မျက်ခုံးက လှုပ်သွားပြန်သည်။

"မရသေးပြန်ဘူး"

သူက နောက်တစ်နေရာသို့ ပြောင်းလိုက်၏။ သို့သော် ညာဘက်မျက်ခုံးပဲ လှုပ်ပြန်၏။

ရွာသားများက ဤမြင်ကွင်းကို ကျင့်သားရနေပြီ ဖြစ်သော်လည်း ရှေးဟောင်းနတ်ဘုရားများမှာမူ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။

"သူက ဘာလုပ်နေတာလဲ"

"မသိဘူးလေ မျက်စပစ်ပြနေတာ နေမှာပေါ့ "

"မျက်စပစ်ပြတာလား ၊ ဘယ်သူကိုလဲ"

"မသိပါဘူးဆိုမှ ..."

သူတို့အမြင်တွင် ကျိယွမ်သည် မျှော်စင်ထဲတွင် ဟိုကြည့်ဒီကြည့်လုပ်ကာ မျက်စပစ်ပြနေခြင်းပင်။

မှဲ့ကြီးက ​ကျိယွမ်အားသေချာကြည့်ကာ မှတ်ချက်ချ၏။

"သေချာလည်းကြည့်ဦး ၊ သူက ဘာမှမရှိတာကို မျက်စပစ်ပြနေရအောင် အရူးလား ၊ .သူက သူ့မျက်ခုံးမွှေးတွေကို သုံးပြီး ကံကြမ္မာကို တွက်ချက်နေတာဖြစ်မယ် "

"ဟမ်.."

အခြားသူများက ကျိယွမ်အားဇဝေဇဝါကြည့်လိုက်ကြသည်။

"ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဖြစ်နိုင်သည် မဖြစ်နိုင်သည်က်ု အသားထား သူတို့ရှေ့မှလူကတော့ ထိုအတိုင်းလုပ်နေလေပြီ။ သူတို့၏ ကမ္ဘာကြီးအပေါ်အမြင်မှာ နောက်တစ်ကြိမ် ထပ်မံပြိုလဲသွားရပြန်၏။

သူတို့သည် ကျိယွမ်က တစ်စုံတစ်ရာသော နက်ရှိုင်းသည့်ဥပဒေသတစ်မျိုးမျိုးကို သုံးမျှော်စင်အတွင်းရှိ လျှို့ဝှက်ချက်များကို ဖော်ထုတ်ကာ ကျော်ဖြတ်ခဲ့သည်ဟု သူတို့ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သူ၏ လုပ်ရပ်မှာ အစောပိုင်း နယ်မြေဝင်ပေါက်တွင် ဟောကိန်းထုတ်ခဲ့စဉ်ကအတိုင်း ဗေဒင်ကိုသာ အသုံးပြုနေခြင်းပင်။

"ဒါက ဒဏ္ဍာရီထဲက ပျောက်ဆုံးသွားပြီဖြစ်တဲ့ 'ကခုန်သော မျက်ခုံးမွှေး' နတ်မျက်စိ တွက်ချက်ခြင်း ပညာရပ်များလား"

ဝမ်စုန်းနတ်ဘုရားက မနေနိုင်တော့ဘဲ မှတ်ချက်ချလိုက်မိသည်။

အမြွှာညီမငယ်မှာ ဇဝေဇဝါ ဖြစ်သွားပြီး မျက်မှောင်ကျုံ့၏။

"အဲဒီလို ပညာရပ်မျိုး တကယ်ရှိလို့လား၊ ကျွန်မ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"

အခြားသော ရှေးဟောင်းနတ်ဘုရားများသည်လည်း ထိုပညာရပ်မျိုးကို တစ်ခါသားမှမကြားဖူးသဖြင့် အဖြေကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

"ဒါက ပျောက်ဆုံးသွားတာ ကြာပြီဖြစ်တဲ့အတွက် မင်းတို့ မသိတာ သဘာဝပါပဲ"

ဝမ်စုန်းနတ်ဘုရားက သဘာဝကျကျ ပြန်လည်ဖြေကြားလေ၏။

"ဝမ်စုန်း... မင်းက ဒီပညာရပ်အကြောင်း သိတယ်ဆိုမှတော့ ဒီပညာရပ်ရဲ့မူလအစနဲ့ စွမ်းအားတွေအကြောင်း ငါတို့ကို ပြောပြပါဦး"

နတ်ဘုရားတစ်ပါးက သိချင်လာသဖြင့်တောင်းဆိုလိုက်၏။

"အဟမ်း... "

ဝမ်စုန်းက ချောင်းတစ်ချက်ဟန့်ပြီး လူအုပ်ကိုကြည့်သည် ။ ထို့နောက် တည်ငြိမ်စွာရှင်းပြလိုက်သည်။

"အမှန်တော့ ငါလည်း အဲဒီအကြောင်း မသိသလို ၊ နားလည်း မလည်ဘူး"

"ချီးတဲ့မှ.."

အားလုံး၏ ဒေါသမျက်လုံးများက ဝမ်စုန်းအပေါ် စုပြုံကျရောက်လာ၏။

"မသိဘဲနဲ့များ ပြောနေရသေးလား"

"အေးလေ ..တကယ်သိသလိုလိုနဲ့"

ဝမ်စုန်းက သူ့တွင်အပြစ်မရှိသလို ပုခုံးတွနိ့ပြလိုက်သည်။

"ဒါက ပျောက်ဆုံးသွားတာ ကြာပြီလေ၊ ငါက ဘယ်လိုလုပ် သေချာသိနိုင်မှာလဲ။ မင်းတို့ဆို ကြားတောင် မကြားဖူးဘူးမှတ်လား"

ဝမ်စုန်း၏ အတည်အပေါက်စကားကြောင့်

အခြားသော ရှေးဟောင်းနတ်ဘုရားများ ဘာဆက်ပြောရမှန်းမသိဖြစ်သွားကြရ၏။ ထိုသတ္တဝါက လိမ်ညာပြောဆိုနေခြင်း ဖြစ်သော်လည်း သူ၏ စကားမှာ ယုတ္တိရှိနေ​သည် မဟုတ်ပါလား။

အကယ်၍ ဤပညာရပ်မှာ ပျောက်ဆုံးနေသည်မှာ ကြာပြီဆိုလျှင် သူ့လို သာမန်နတ်ဘုရားလေးတစ်ပါးက မသိရှိခြင်းမှာ သဘာဝကျပါသည်။

"အားလုံးပဲ ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ၊ ကျွန်တော် လုပ်သလို အတိအကျ လိုက်လုပ်ကြ"

ထိုအချိန်တွင် ကျိယွမ်က ညွှန်ကြားသံထွက်လာပြီး နေရာတစ်ခုသို့ သတိကြီးစွာ ခုန်ကူးသွား၏။

ရွာသားများကလည်း အတွေ့အကြုံရှိပြီးသားများဖြစ်သောကြောင့် ကျိယွမ်၏ ခြေလှမ်းများကို အတုယူကာ မျှော်စင်အလွတ်အတွင်းသို့ လျင်မြန်စွာ လိုက်ပါသွားကြသည်။

ရှေးဟောင်းနတ်ဘုရားများသည် ခေတ္တကြောင်ငေးနေသော်လည်း ချက်ချင်းသဘောပေါက်သွားပြီး သူတို့နောက်မှ ကမန်းကတန်း လိုက်ပါ ခုန်ကူးကြတော့သည်။

ဤသိူ့ဖြင့် မျှော်စင်အတွင်း၌ လူအုပ်ကြီးသည် မျောက်များကဲ့သို့ ဟိုခုန် ဒီခုန်လုပ်နေကြပြန်သည်။

မကြာမီတွင် သူတို့သည် စင်မြင့်တစ်ခုပေါ်သို့ အောင်မြင်စွာ ရောက်ရှိသွားကြ၏။

"လောလောဆယ် ဒီနေရာက ဘေးကင်းတယ်။ မီတာ တစ်ဆယ် ပတ်လည်အတွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တယ်။ ရှေ့ဆက်ဖို့ တွက်ချက်မှုတွေ ဆက်လုပ်ရဦးမယ်"

ကျိယွမ်က အသိပေးပြီးနောက် မျှော်စင်အနှံ့ကြည့်ကာ ဘေးကင်းသောလမ်းကြောင်းကို ရွေးချယ်နေသည်။

နေရာတွင်ရပ်နေသော ရှေးဟောင်းနတ်ဘုရားများကလည်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ သူတို့၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တဝင်းဝင်းတောက်ပလာကြ၏။

"နဂါးပိုးချည်တွေဟ"

"နဂါးနတ်ဘုရား တိုက်ခိုက်ရေးလက်အိတ်တွေ"

"ဟိုမှာကြည့်စမ်း ..မီးတောက်အနှစ်သာရတွေ ..ပြင်းထန်နေချက်"

အဖိုးတန် ရတနာမျိုးစုံမှာ ထိုနေရာလေးတွင် ပြန့်ကျဲနေသည်။ ထိုရတနာများအားလုံးသည် အလွန်ရှားပါးလှပြီး ရရှိရန်အတွက် ဆိုလျှင် အသက်နှင့်လဲ၍ပင် တိုက်ခိုက်ရလေ့ရှိသည် ။ သို့သော် ယခုနေရာမှာတော့ စွန့်ပစ်ပစ္စည်းများအလား ကြမ်းပြင်အနှံ့ ပုံထပ်နေလေ၏။

ရှေးဟောင်းနတ်ဘုရားများသည် သူ့ထက်ငါအလုအယက် ရတနာများကို ရူးသွပ်စွာ ကောက်ယူနေကြစဉ် သူတို့၏ မျက်လုံးများမှာ လောဘကြောင့် နီမြန်းလာကြသည်။ အကယ်၍သာ ရုပ်သေးနတ်ဘုရားများကို နှိုးမိမည်ကို မစိုးရိမ်ပါက သူတို့သည် မြေကြီးကိုပင် ခွာယူသွားကြမည်လား မပြောနိုင်ပေ။

"ရှေ့ကို ဆက်သွားကြမယ်"

သူတို့ကောက်နေစဥ်မှာပင် ကျိယွမ်က အမိန့်ပေးသံကထွက်ပေါ်လာ၏။

ထို့နောက် သူသည် အားလုံးကို မျှော်စင်၏ အထက်ပိုင်းသို့ ဆက်လက်ခေါ်ဆောင်သွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရားများသည် လမ်းတစ်လျှောက်တွင် ရှားပါးရတနာများကို စုဆောင်းရင်း အကုန်လုံးလိုလို ကြွယ်ဝချမ်းသာလာကြ၏။

နောက်ဆုံးမှာတော့ သူတို့သည် အပေါ်ဆုံးထပ်သို့ အောင်မြင်စွာ ရောက်ရှိသွားကြသည်။ ထိုနေရာသို့ရောက်လျှင် ရှေးဟောင်းနတ်ဘုရားများအားလုံး အံ့အားသင့်ကာ မှင်သက်သွားကြသည်။

"နတ်ဘုရားဝင်ပေါက်ဖွင့် မူလရည်ကြည်လား"

သူတို့ရှေ့ရှိ စားပွဲတစ်ခုပေါ်တွင် မူလရည်ကြည် ပုလင်းငယ်ဆယ်ပုလင်း ရှိနေသည်။ တစ်ပုလင်းချင်းစီသည် နတ်ဘုရားဝင်ပေါက် တစ်ခုကို ပွင့်စေနိုင်သဖြင့် ဆယ်ပုလင်းလုံးမှာ ဝင်ပေါက် ဆယ်ခုကို ပွင့်စေနိုင်လိမ့်မည် ။

ဤမျှ အဖိုးတန်လှသော ဆေးရည်ကို မြင်တွေ့ရသောအခါ ရှေးဟောင်းနတ်ဘုရားများမှာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

လူသားလောကတွင် ဤကဲ့သို့သော ဆေးမျိုးမှာ အဖိုးဖြတ်၍ မရနိုင်ပေ။ အချို့သော မဟာအုပ်စိုးရှင်များက တစ်ဦးလျှင် ဆယ်ပုလင်းထက် ပိုမသောက်သင့်ဟု ဆိုကြသော်လည်း တစ်ပုလင်းတွေ့ရန်ပင် မလွယ်သောအနေအထားမို့ ဆယ်ပုလင်းထက်ပို​မသောက်ရန်တားမြစ်ခြင်းမှာ အပိုစကားဟုပင် ဆိုခဲ့ကြသည်။

ကျိယွမ်၏ မျက်လုံးများ အလုပ်များသွားသည်။

[နတ်ဘုရားဝင်ပေါက်ဖွင့် မူလရည်ကြည် - ဟယ်ယောင် ဆေးဝါးစက်ရုံ အမှတ် (၆)၊ ရုံးခွဲမှ ထုတ်လုပ်သည်။ ကလေးငယ်များ၏ ကျန်းမာရေးကို ကာကွယ်ရန် ရည်ရွယ်သည်။ ဟယ်ယောင် ဆေးဝါးစက်ရုံသည် ကလေးငယ်များကို စောင့်ရှောက်ရန် မွေးဖွားလာခြင်း ဖြစ်သည်။]

ကျိယွမ်သည် မူလရည်ကြည်ပုလင်းများကိုကြည့်ကာ ခေတ္တကြောင်ငေးသွားခဲ့သည်။

စာသားမှာ တိုတောင်းသော်လည်း သတင်းအချက်အလက် များစွာကို ဖော်ပြနေ၏။

"စက်မှုဇုန်" ဟု ဖော်ပြထားခြင်းက ကျိယွမ်ကို နက်နက်ရှိုင်းရှိုင်း တွေးတောစေသည်။

စက်မှုဇုန် နှင့် ဆေးဝါးစက်ရုံဟူသော စကားများက ကျင့်ကြံခြင်းလောကနှင့် မည်သို့မှမသက်ဆိုင်ပေ၊ ခါးတောင်းကျိုတ်တခြား ဖင်တခြားဖြစ်နေသလို ခံစားရ၏။

ဘိုးဘွားနယ်မြေသို့ စတင်ဝင်ရောက်ကတည်းက ထူးဆန်းမှုများကို သူ သတိထားမိခဲ့သည်။ ယခု စက်မှုဇုန်အကြောင်း သိရှိရသောအခါ သူသည် ဤဘိုးဘွားနယ်မြေကို ခေတ်မီမြို့ငယ်လေးတစ်ခုကဲ့သို့ပင် မြင်လာ၏။

ယခုအချိန်အထိ သူတို့ ဝင်ရောက်ခဲ့သော မျှော်စင်များမှရသော ပစ္စည်းများက ရေချိုးရည် နှင့် မီးရှူးမီးပန်းများကဲ့သို့ အိမ်သုံးပစ္စည်းများသာ ဖြစ်နေသည်။ အကယ်၍ လူနေရပ်ကွက် ရှိနေလျှင် စက်မှုဇုန် ရှိနေခြင်းမှာလည်း အဓိပ္ပာယ်ရှိလှပေသည်။

နောင်လာမည့် မျှော်စင်များထဲတွင် ဟယ်ယောင် ဆေးဝါးစက်ရုံ အမှတ် (၆) ၏ ရုံးခွဲအစစ်အမှန် ရှိနေနိုင်ပြီး ထိုနေရာတွင် မူလရည်ကြည်များကို ယခုထက် ပိုမိုများပြားစွာ တွေ့ရှိနိုင်သည်ဟု သူ ခန့်မှန်းလိုက်သည်။

သို့သော် "ကလေးငယ်များကို စောင့်ရှောက်ရန် မွေးဖွားလာခြင်း" ဆိုသည့် ကြွေးကြော်သံဆောင်ပုဒ်ကတော့ ကျိယွမ်ကို ဟာသလုပ်နေသလိုပင်။

ဘယ်ကလေးက နတ်ဘုရားပေါက်ဖွင့် မူလရည်ကြည် လိုမှာလဲ။

မသိရင် ဒီနေရာက ကလေးတွေဟာ မွေးကတည်းက စစ်မှန်နတ်ဘုရားတွေအဖြစ် မွေးဖွားလာသလိုလိုကြီး။

မည်သို့ဆိုစေကာမူ ယခုနေရာ၏ မူလအစမှာ လျှို့ဝှက်ဆန်းကြယ်နေသည်ကတော့ အမှန်ပင်။

"မင်းတို့ ရှေးဟောင်းနတ်ဘုရားတွေဆိုတော့ ငါမေးပါဦးမယ် ၊ ဒီဘိုးဘွားနယ်မြေက လူသားလောကထဲကို ဘယ်အချိန်မှာ ကျဆင်းလာခဲ့သလဲဆိုတာ သိကြလား"

ကျိယွမ်က မူလရည်ကြည်ပုလင်းများကို သွားရည်တမြားမြားကျနေသော နတ်ဘုရားအုပ်စုကို မေးမြန်းလိုက်၏။

ဝမ်စုန်းက ရိုသေစွာဖြေသည်။

"နတ်ဘုရားအရှင်... ဘိုးဘွားနယ်မြေဟာ ကမ္ဘာဦးအစကတည်းက လူသားလောကထဲကို ကျဆင်းလာခဲ့တာလို့ ဆိုကြပါတယ်"

"အဲဒီလောက်တောင် ကြာပြီလား"

ကျိယွမ်က အံ့အားသင့်သွားပြီးနောက် သူ၏အကြည့်က ပုလင်းများပေါ်သို့ ကျရောက်သွားသည်။

"ဒါဆို ဒီမူလရည်ကြည်တွေက ထုတ်လုပ်မှုသက်တမ်းကုန်နေပြီလား မသိဘူး ၊ ကလေးအားတိုးဆေးဆိုတာ သက်တမ်းကုန်ရင် မသောက်သင့်တော့ဘူး"

"အမ်..."

ရှေးဟောင်းနတ်ဘုရားများမှာ ကျိယွမ်ကိုတစ်လှည့် ပုလင်းများက်ုတစ်လှည့်ကြည့်ကာ နားမလည်နိုင်​ဖြစ်သွားကြသည်။

ဘိုးဘွားနယ်မြေကျဆင်းလာတာ ကြာပြီးဆိုတာနဲ့ ဆေးရည်သက်တမ်းက ဘာဆိုင်လို့လဲ။

ကလေးအားတိုးဆေးက ဘာကိုပြောတာပါလိမ့် ၊ ထမင်းရည်လား ...။

"ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုရဲ့ ကလေးတွေက မွေးကတည်းက အရမ်းသန်မာကြတာလား"

ကျိယွမ်က ကလေးနို့မှုန့်နှင့် ဆင်တူနေသည့် မူလရည်ကြည်ကိုကြည့်ကာ စိတ်ဝင်တစား မေးလိုက်ပြန်သည်။

"သာမန် မျိုးနွယ်စုဝင်တွေက အ​​ခြေတည်အဆင့်မှာ မွေးဖွားလာကြတာပါ။ ဒါဟာ လူသားလောကမှာတော့ ပျမ်းမျှအဆင့်လို့ သတ်မှတ်နိုင်ပါတယ်"

ယခုအခါမှာလည်း ဝမ်စုန်းကပဲ ထပ်မံရှင်းပြ၏။သူက အခြားသူများထက် ပို၍ဗဟုသုတရှိကြောင်းကို သက်သေပြချင်နေပုံရသည်။

"အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှာ မွေးတာလား။ ဒါဆိုရင် ဒီကလေးအားတိုးဆေးက မင်းတို့အတွက် မဟုတ်ဘူးပဲ"

ကျိယွမ်က ထိုသို့တွေးတောလိုက်သည်။

ရှေးဟောင်းနတ်ဘုရားများ၏ ပြောကြားချက်အရ ထိုဆေးများသည် လူသားလောက၏ ပြင်ပမှ လာသည်ဟု ဆိုသော်လည်း ကျိယွမ်ရရှိသော သတင်းအချက်အလက်များက ထိုသို့မဟုတ်ဟု ဖော်ပြနေသည်။

သူတို့၏ ကလေးများသည် အခြေတည်ဆောက်ခြင်းအဆင့်မှာသာ မွေးဖွားခြင်း ဖြစ်သဖြင့် ဤမူလရည်ကြည်၏ ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ရှေးဟောင်းနတ်ဘုရားများ၏ ကလေးများက ထိုဆေးများကို မသောက်နိုင်သောအခါ ထိုဆေးများက လူသားလောက ပြင်ပမှ လာသည်ဟု အရှက်ပြေပြောကာ ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်၏။

"ဒါဆို လူသားမျိုးနွယ်စုတိုင်းဟာ မတူညီတဲ့ အစမှတ်တွေကနေ စတင်ကြတာများလား"

ကျိယွမ်က တီးတိုးရေရွတ်လိုက်သည်။

ကန်းလန်လောကတွင်ဆိုလျှင် လူတိုင်းသည် သာမန်လူသားများအဖြစ်သာ မွေးဖွားကြသည်။ ဖန်ထုန်လောကတွင်မူ လူသားများသည် အခြေတည်အဆင့်များအဖြစ် စတင်မွေးဖွားကြ၏။ သို့သော် ဤဘိုးဘွားနယ်မြေတွင်မူ အစမှတ်မှာ ယင်နတ်ဘုရားအဆင့်ပင် ဖြစ်နိုင်ပေသည်။

ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

မွေးကတည်းက ယင်နတ်ဘုရားတွေဖြစ်နေတာကြီးကတော့ လွန်တာပေါ့ ။

"ထားတော့....ဟယ်ယောင် ဆေးဝါးစက်ရုံ အမှတ် (၆) ဆီကို ရွှေ့မယ် ၊ စစ်မှန် နတ်ဘုရားတွေ ဖြစ်လာဖို့ လမ်းကြောင်းပေါ်ကို သွားကြမယ်"

ကျိယွမ်သည် ခုံပေါ်မှ မူလရည်ကြည်များကို သိမ်းဆည်းကာ ထုံးစံအတိုင်း ပြတင်းပေါက်မှခုန်ချလိုက်၏။

အခြားသူများကလည်း တုန့်ဆိုင်းမနေဘဲ တစ်ယောက်ပြီးတစ်ယောက်လိုက်လာကြသည်။

ကျိယွမ်သည် သူ၏ ခရီးစဉ်ကို အရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်၏။ လူနေရပ်ကွက်တွင် ကောင်းမွန်သည့် ပစ္စည်းများ သိပ်မရှိတော့သဖြင့် ကုန်ပစ္စည်းများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်သည့် စက်မှုဇုန်သို့ သွားရန် လိုအပ်လာသည်။ အကယ်၍သာ ဂိုဒေါင်တစ်ခုကိုသာ တွေ့ရှိခဲ့လျှင် ကြီးမားသော ကံထူးမှုကြီးကို ကြုံတွေ့နိုင်မည်ဟု သူယူဆသည်။

...................

ထိုအချိန်တွင် ဘိုးဘွားနယ်မြေ၏ အခြားတစ်နေရာ၌...

လူထွားကြီးသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေ၏။

"ကံကြမ္မာက ငါ့ဘက်မှာ ရှိနေပြီ"

"ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ"

သူသည် သံသေတ္တာတစ်ခုအတွင်းမှ ကွဲအက်နေသော မူလရည်ကြည် ပုလင်းနှစ်ပုလင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူသည် ဆေးရည်များကို လျင်မြန်စွာ သောက်သုံးလိုက်ရာ ခဏအတွင်းမှာပင် နတ်ဘုရားဝင်ပေါက် အသစ်နှစ်ခုကို ရရှိသွားခဲ့သည်။

"ဒီတစ်ခေါက် ရလိုက်တာက အရင်က ရခဲ့သမျှ အားလုံးထက် ပိုတန်တယ်"

လူထွားကြီးမှာ ဝမ်းသာလွန်း၍ ဒဏ်ရာများကိုပင် မေ့သွားသည်။

ပထမ၌ သူသည် ကြောက်လန့်တကြား ထွက်ပြေးသွားသော မြွေအိုကြီးတို့နောက်သို့လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။ မြွေအိုကြီးက သူ၏ နတ်ဘုရားဝင်ပေါက်များကိုပင် လောင်ကျွမ်းစေပြီး ထိတ်လန့်စွာ ထွက်ပြေးသွားသဖြင့် သူလည်း ဇဝေဇဝါ ဖြစ်ခဲ့ရ၏။သို့သော်လည်း သူကိုယ်တိုင်ကမူ ထိုသို့မလုပ်ရဲခဲ့ပေ။ထို့ကြောင့် သူက တစ်ယောက်တည်းဖြစ်ကာ နောက်ကျကျန်နေခဲ့ခြင်းပင်။

ယင်နတ်ဘုရား အဆင့်တွင် ပထမအဆင့်နှင့် သတ္တမအဆင့်ကြား၌ အရှိန်နှင့် ခွန်အားမှာ သိသိသာသာ ကွာခြားမှု မရှိလှပေ။ အဓိက ကွာခြားချက်မှာ နတ်ဘုရားဝင်ပေါက် အရေအတွက်နှင့် နတ်ဘုရားစွမ်းအင် အသုံးပြုနိုင်မှုတို့တွင်သာ မူတည်၏။

မဟာအုပ်စိုးရှင်ကတော့ ထိုသို့မဟုတ်တော့ပေ ။ သူတို့၌ နတ်ဘုရားနယ်ပယ်ပိုင်ဆိုင်နေပြီဖြစ်ကာ သူ၏ နတ်ဘုရားနယ်ပယ်ကို အသုံးပြု၍ ပထမအဆင့် ယင်နတ်ဘုရားကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

တစ်ယောက်တည်းဖြစ်နေသော လူထွားကြီးသည် အန္တရာယ်များသောဘိုးဘွားနယ်မြေအတွင်းသို့ တုန်တုန်ရင်ရင်ဖြင့် ဝင်ရောက်လာရင်းမှ ရုပ်သေးနတ်ဘုရား တစ်ပါးကို မတော်တဆ နှိုးမိခဲ့ပြီး ပြင်းထန်စွာတိုက်ခိုက်ကာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့၏။

သို့သော် မူလရည်ကြည် နှစ်ပုလင်း ရရှိလိုက်ခြင်းက သူ၏ ပေးဆပ်မှုအားလုံးအတွက် ထိုက်တန်သွားစေခဲ့သည်။

"ဟိုကောင်လေးရဲ့ ကံကြမ္မာဟောတဲ့ ပညာက တကယ်ကို တစ်ခုခုပဲ"

သူသည် သက်သောင့်သက်သာ လဲလျောင်းရင်းမှ တိုးပွားလာသောခွန်အားကို ခံစားရင်းစိတ်အေးလက်အေး ရှိနေသည်။ သူ၏ အဆင့်တွင် နတ်ဘုရားဝင်ပေါက် တစ်ခုပွင့်ရန် နှစ်ပေါင်း တစ်ထောင်နီးပါး ကြိုးစားရလေ့ရှိ၏။ ယခုမူ နှစ်ခုကို ဆက်တိုက် ရရှိလိုက်ခြင်းက သူ့အတွက်တုနှိုင်းမဲ့သော ကံကောင်းခြင်းပင်။

"ယန်ရှီး၊ ဝမ်စုန်းနဲ့ တခြားသူတွေကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး။ ငါ့မှာ ဒါတွေရှိတယ်လို့ သူတို့ကို ကြွားရဦးမယ်"

ယခုအချိန်တွင် သူ၏ အတွေးထဲ၌ သိကျွမ်းသူများကို တွေ့ရှိပါက ကြွားဝါရန်သာ ရှိတော့သည်။ ရှေးဟောင်းနတ်ဘုရားများအတွက် သူတို့၏ ရွယ်တူများရှေ့တွင် ကြွားဝါရခြင်းမှာ ရှည်လျားလှသော သက်တမ်းအတွင်း ပျော်ရွှင်မှုတစ်မျိုးဖြစ်သည်။

နှစ်နာရီ ကြာပြီးနောက်...။

ကျိယွမ်သည် အခြားသော မျှော်စင်တစ်ခုအတွင်းသို့ ဦးဆောင် ဝင်ရောက်ခဲ့ပြန်သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏ နောက်မှ ရှေးဟောင်းနတ်ဘုရားများမှာမူ မျက်လုံးများ တောက်ပနေကြ၏။

သူတို့သည် ချမ်းသာနေကြပြီ ဖြစ်သည်။

တကယ်ကို ချမ်းသာနေကြပြီဖြစ်၏။

ယခုအချိန်တွင် သူတို့သည် အကျိုးအမြတ်များဖြင့် ပြည့်လျှံနေသော သူဌေးကြီးများကဲ့သို့ ခံစားနေရသည်။ ရတနာ အများစုကို ကျိယွမ်က သိမ်းဆည်းထားသော်လည်း သူတို့ ရရှိထားသော ဝေစုမှာပင် ယခင်က ရရှိခဲ့သမျှ အားလုံးထက် အဆတစ်ရာမက ပိုမိုများပြားလှသည်။

အဓိကအချက်မှာ ထိုရတနာများကို မည်သည့်အန္တရာယ်မှမရှိဘဲ ဟိုခုန်ဒီခုန်လုပ်ရုံဖြင့် ရရှိနိုင်ခဲ့ခြင်းပင်။

ယခုမျှော်စင်အတွင်းသို့ ဝင်ရောက်သောအခါ ကျိယွမ်က အနည်းငယ်ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။

"ဒီမှာ လေထုအရည်အသွေးက သိပ်မကောင်းဘူး။ အားလုံးပဲ နှာခေါင်းစည်း တပ်ထားကြပါ၊ မဟုတ်ရင် ဖျားနာလိမ့်မယ်"

ကျိယွမ်က ချက်ချင်းအကြံပေးလိုက်သည်။

သူ၏ မျက်လုံးများက လေထုထဲတွင် ရှေးဟောင်းနတ်ဘုရားများကိုပင် ဖျားနာစေနိုင်သည့်အမှုန်အမွှားလေးများရှိနေသည်ကို မြင်တွေ့ခဲ့ရ၏။ ရွာသားများသည် သူတို့၏သည် ချီစွမ်းအင်များကို အသုံးပြု၍ နှာခေါင်းနှင့် နားများကို လျင်မြန်စွာ ဖုံးအုပ်လိုက်ကြသည်။

သူတို့သည် ကျိယွမ်၏ ထူးဆန်းသော စကားပြောပုံများကို နားလည်နေကြပြီဖြစ်သောကြောင့် တုန့်ဆိုင်းခြင်းမရှိကြပေ။

ထိုအချိန်တွင် ကျိယွမ်သည် ယန်ရှီးကိုထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

ယန်ရှီးမှာ ဇဝေဇဝါ ဖြစ်သွား၏။

"နတ်ဘုရားအရှင်... ဘာဖြစ်လို့လဲခင်ဗျာ"

"မင်းရဲ့ အကြိုက်က တော်တော်ထူးဆန်းတာပဲ"

ကျိယွမ်က ယန်ရှီး၏မျက်နှာပေါ်မှ ရွှေရောင်ပုဝါကို ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

ယန်ရှီးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွား၏။

သူက နှာခေါင်းကိုပိတ်ရန် ထိုပုဝါစကိုအသုံးပြုလိုက်ခြင်းပင်။ ထူးထူးခြားခြားလည်း ဘာမှမလုပ်ခဲ့ပါ။

အခြားသူများကလည်း ကျိယွမ် ဘာကို ဆိုလိုသည်ကို နားမလည်သဖြင့် ထိုရွှေရောင်ပဝါကို သေသေချာချာ ကြည့်မိကြကုန်၏။

ဘာမှလည်းမထူးဆန်းပါဘူး။

"မင်းက အတွင်းခံဘောင်းဘီကို ခေါင်းပေါ်စွပ်ထားတာလေ။ မင်းက ဖောက်ပြန်နေတဲ့ စူပါဟီးရိုးလား။ မဟုတ်ဘူး... ဒါက ဆွဲဆောင်မှုရှိတဲ့ ပုံစံဆိုတော့ မင်းက ပိုပြီးတော့တောင် ဖောက်ပြန်နေသေးတယ်"

ကျိယွမ်က လက်ကာပြရင်း ပြောလိုက်သည်။ အကယ်၍ ယန်ရှီးသာ ဤပစ္စည်းကို ခေတ်သစ်ကမ္ဘာတွင် ဝတ်ဆင်ထားပါက သူသည် ကာမစိတ်ဖောက်ပြန်သူဟု သေချာပေါက် သတ်မှတ်ခံရပေလိမ့်မည်။

"အတွင်းခံ ၊ ဆွဲဆောင်မှုရှိတာ"

ယန်ရှီးသည် နားမလည်စွာဖြင့် သူ၏ ခေါင်းပေါ်မှ နူးညံ့လှသော ရွှေရောင်ပုဝါကိုပြန်ဖြုတ်ကာ ကိုင်ကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေ၏။

ဒါက တကယ်ပဲ... အတွင်းခံလား။

အခြားသော ရှေးဟောင်းနတ်ဘုရားများသည် အစပိုင်းတွင် မထူးဆန်းဟုတွေးမိသော်လည်း ကျိယွမ်၏ စကားအပြီးတွင် သူတို့လည်း ပုဝါအား သေသေချာချာကြည့်ကာ ထိုသို့ပင် မြင်လာကြတော့သည်။

ယန်ရှီး၏ ခေါင်းစွပ်ပုဝါမှာ ကြိုးသေးသေးလေးများပါသောအတွင်းခံနှင့် အလွန်တူနေသည် မဟုတ်ပါလား။

"ခွီး..."

"ဟိဟိ..."

အမြွှာညီမငယ်မှာ သေသေချာချာကြည့်မိပြီးနောက် မနေနိုင်တော့ဘဲ တခွီးခွီးဖြစ်သွားလေသည်။

နတ်ဘုရားတစ်ပါးက အမျိုးသမီးအတွင်းခံကို ခေါင်းစွပ်လုပ်ပြီး စွပ်ထားတာလား။

ဘယ်လိုတောင်မှလဲ။

အခြားသော ရှေးဟောင်းနတ်ဘုရားများမှာလည်း မနေနိုင်တော့ဘဲ လိုက်၍ ဟားတိုက်ရယ်မောကြတော့၏။

"ဒါက တကယ်ကြီး အတွင်းခံ ဖြစ်နေတာပဲ"

"ယန်ရှီးနတ်ဘုရား. မင်းအကြိုက်က ဆန်းကြယ်လှချည်းလား "

"နင်တို့ညီအစ်မလည်း အတွင်းခံတွေ သေချာသိမ်းထားဦး ၊ ဒီကောင် မလွယ်ဘူး "

"ဟားဟား ဟားဟား"

ရှေးဟောင်းနတ်ဘုရားများနှင့် ရွာသားများမှာ ပြောလေရယ်မိလေဖြစ်ကာ ရယ်ကျောမဖြတ်နိုင်ဖြစ်နေ၏။

ယန်ရှီးနတ်ဘုရားမှာ မျက်နှာတစ်ခုလုံးနီရဲသွားပြီး ရွှေရောင်ပုဝါကို အမြန်ချွတ်လိုက်သည်။ သူသည် ၎င်းကို လွှင့်ပစ်ရန် စဉ်းစားသော်လည်း နှမြောသဖြင့် သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

ငါမှမသိတာကို ၊ ပုဝါပဲထင်တာပေါ့ ။

ယခုတော့ သူ၏ ဂုဏ်သိက္ခာမှာ မြေစာပင် ဖြစ်သွားရလေပြီ။

"ဆက်သွားကြစို့။ ဒါက ဟယ်ယောင် ဆေးဝါးစက်ရုံ အမှတ် (၆) ။ ဒီမှာ ကောင်းတာလေးတွေ တွေ့ဖို့ မျှော်လင့်ရတာပဲ"

ကျိယွမ်က ရယ်နေသူများကို ဟန့်တားကာ ရှေ့သို့ ဦးဆောင်သွားခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် ဟယ်ယောင် ဆေးဝါးစက်ရုံ အမှတ် (၆) ၏ ရုံးခွဲသို့ ရောက်ရှိသွားခဲ့ကြ၏။

"ဟယ်ယောင် ဆေးဝါးစက်ရုံတဲ့လား"

ရှေးဟောင်းနတ်ဘုရားများမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ယခင်လောက်တော့ အံ့ဩမနေကြတော့ပေ။

ထူးခြားသည်မှာ ယခုမျှော်စင်က အခြားမျှော်စင်များနှင့် ကွဲပြားသည်။ အခြားမျှော်စင်များမှာ အထက်သို့ တက်ရသော်လည်း ဤတစ်ခုမှာမူ အောက်ဘက်သို့ ဆင်းသွားရခြင်း ဖြစ်၏။

သူတို့ အောက်သို့ ဆင်းလာနေရင်းမှ ကျိယွမ်၏ စိတ်ဝင်စားမှုမှာ ပို၍ တိုးလာခဲ့သည်။

"ဒါဟာ ဆေးဝါးစက်ရုံ ဖြစ်နေတာ မဆန်းပါဘူး။ ဒီမှာရှိတဲ့ ရုပ်သေးနတ်ဘုရားတွေတောင် နတ်ဘုရားလမ်းစဉ်ရဲ့ ဆဋ္ဌမအဆင့်မှာ ရှိနေတာပဲ"

ကျိယွမ်သည် မျှော်စင်အတွင်းတွင် ပုန်းအောင်းနေသော မဟာအုပ်စိုးရှင်အဆင့်ရှိ ရုပ်သေးနတ်ဘုရား အနည်းဆုံး ခုနစ်ပါးကို တွေ့လိုက်ရသည်။ သူတို့ အောက်သို့ ပိုဆင်းလေ ရုပ်သေးနတ်ဘုရား အရေအတွက်မှာ ပိုများလေပင်။

"ဘိုးဘွားနယ်မြေက ဘာလို့ ဒီလောက်ကြာကြာ တည်တံ့နေသလဲဆိုတာ မဆန်းတော့ပါဘူး"

ကျိယွမ်က တီးတိုးရေရွတ်လိုက်သည်။

ဤနေရာမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။ အစောပိုင်းကဆိုလျှင် ကျိယွမ်သည် သတ္တုစပ်ဖြင့် ပြုလုပ်ထားသော အမှိုက်ပုံးတစ်ခုကို တွေ့ရှိခဲ့ရာ ထိုအမှိုက်ပုံးတစ်ခုထဲမှာပင် သတ္တမအဆင့်ရှိသော မဟာအုပ်စိုးရှင်သုံးပါး ရှိနေသည်ကို တွေ့ခဲ့ရသည်။

ဤသည်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်သော အခြေအနေပင်။ကျိယွမ်ပင်လျှင် ထိုရုပ်သေးနတ်ဘုရားများကို ရန်မစရဲပါ။

လူသားလောက၏ အင်အားအကောင်းဆုံး ဟူသော ပုဂ္ဂိုလ်များစု၍ ဤနေရာကို အလုံးအရင်းနှင့် တိုက်ခိုက်ခဲ့လျှင်ပင် အောင်နိုင်လိမ့်မည် မဟုတ်ဟု သူ တွေးမိသည်။

ထို့ကြောင့်လည်း မျှော်စင်များစွာမှာ ရတနာများနှင့်အတူ ယခုချိန်ထိ မပျက်မစီးဘဲ ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေကာမူ ယခုခရီးစဉ်မှာ အလွန်ပင် ထိုက်တန်လှပေ၏။ အကယ်၍ သူ၏ နောက်လိုက်များသာ ဤရတနာအားလုံးကို အသုံးပြုနိုင်ခဲ့လျှင် သူတို့ မည်မျှအထိ သန်မာလာမည်နည်း။ တွေးကြည့်ရုံနှင့်ပင် ရင်ခုန်စရာ ကောင်းလှသည်။

ရှေးဟောင်းနတ်ဘုရားများကလည်း ကျိယွမ်နောက်မှ လိုက်ပါလာရင်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ တစ်လမ်းလုံးတွင် ကျိယွမ်မှာ တည်ငြိမ်နေခဲ့ပြီး မည်သည့်ရတနာကိုမျှ အထင်ကြီးဟန် မရှိခဲ့သော်လည်း ယခုမျှော်စင်ထဲ၌ သူ၏ အမူအရာပင် ပြောင်းလဲသွားခဲ့သည်ကို သူတို့မြင်နေရသည်။

"ဒီတံခါးက နည်းနည်းလေး လေးတယ်၊ ရှေးဟောင်းနတ်ဘုရား တချို့လောက် ဒါကို ဖွင့်ဖို့ ကူညီပေးကြပါဦး"

ကျိယွမ်က အထူးသတ္တုစပ်ဖြင့် ပြုလုပ်ထားသော တံခါးကြီးတစ်ခုဆီသို့ ရောက်သောခါ ပြောလိုက်သည်။

"ကျွန်တော် လုပ်ပါရစေ"

မှဲ့ကြီးက ရှေ့သို့ တက်လာကာ တံခါးကို အားကုန်သုံး၍ ဆွဲဖွင့်လိုက်၏။ တောင်များကိုပင် ပြိုလဲစေနိုင်သော သူ၏ ခွန်အားနှင့်ပင် တံခါးမှာ အနည်းငယ်မျှ မလှုပ်ပေ။

"လေးယောက်လောက် လုပ်ကြ"

ကျိယွမ်က တံခါး၏ အလေးချိန်ကို အံ့ဩတကြီးဖြစ်နေရင်းမှ အကြံပြုလိုက်သည်။ သူသည် ကျွမ်းကျင်သောသူခိုးတစ်ဦး ဖြစ်သော်လည်း ဤတံခါးကိုမူ မဖွင့်နိုင်ပေ။

အခြားသော ရှေးဟောင်းနတ်ဘုရား သုံးဦးက ချက်ချင်း ရှေ့သို့ တက်လာကာ လေးဦးပေါင်း အားစိုက်၍ တွန်းဖွင့်လိုက်ကြသည်။

"၁..၂...၃ တွန်း..."

"တွန်းကြဟေ့"

ဝုန်း...။

သတ္တုတံခါးကြီးမှာ နောက်ဆုံးတွင် ပွင့်ထွက်သွားခဲ့၏။ ထို့နောက် တံခါးအတွင်းဘက်သို့ မြင်လိုက်ရသောအခါ ရှေးဟောင်းနတ်ဘုရားများ၏ အသက်ရှူသံများမှာ မြန်ဆန်လာကြသည်။

"နတ်ဘုရားဝင်ပေါက်ဖွင့် မူလရည်ကြည်"

"အကိုက်အခဲ ပျောက်ဆေး"

"သန့်စင်သော ဝိညာဉ်မှုန့်တွေ"

ထိုအခန်းထဲတွင် ဖန်ပုလင်းများဖြင့် ထည့်ထားသော မရေမတွက်နိုင်သည့် ရတနာများ ပြည့်နှက်နေ၏။

၎င်းတို့မှာ များပြားလွန်းလှ၍ ပုလင်းတန်းကြီးများက အဆုံးမရှိသကဲ့သို့ပင် ရှည်လျားလှသည်။

ရှေးဟောင်းနတ်ဘုရားများအားလုံး စကားဆက်မပြောနိုင်ဖြစ်ကာ နှလုံးသားများပင် တုန်လှုပ်သွားရ၏။

ဤနေရာရှိ မူလရည်ကြည်များမှာ လူသားလောက တစ်ခုလုံးကို တစ်လုံးစီပေးဝေပြီးနောက်၌ပင် ပိုလျှံနေဦးမည်မဟုတ်ပါလား။

ထို့အပြင် ကျင့်စဉ်တိုးတက်စေရန်နှင့် ကုသရန်အတွက် အခြားရှားပါးရတနာများစွာလည်း ရှိနေသေး၏။

ကျိယွမ်က သဘောကျစွာ ပြုံးလိုက်သည်။

"ဒီလိုမျိုး ဂိမ်းထဲမှာ ဟက်ခ်ဆော့နည်း (Cheat) ကမှ ငါ့ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတာ"

သူသည် မူလရည်ကြည်နှင့် အခြားရတနာများကို ကောက်ယူလိုက်၏။

"မင်းတို့ တစ်ယောက်ချင်းစီက မူလရည်ကြည် ဆယ်ပုလင်းစီနဲ့ တခြားရတနာ နှစ်ခုစီ ယူကြပါ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဆယ်....ဆယ်ပုလင်းလား..."

ရှေးဟောင်းနတ်ဘုရားများ၏ မျက်လုံးများမှာ ကျေးဇူးတင်လွန်းသဖြင့် နီမြန်းလာကြ၏။ ဝမ်စုန်းမှာ အတွင်းခံကိစ္စ၏အရှက်တရားများကိုပင် မေ့သွားကာ မျက်ရည်များ ဝဲလာပြီး

"နတ်ဘုရားအရှင်... ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော့်ရဲ့ တစ်သက်တာလုံး သင့်နောက်ကို လိုက်ပါတော့မယ်"

ဝမ်စုန်းသည် သူ၏ ဘဝတစ်ခုလုံးကို ကျိယွမ်ထံ ပုံအပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ဒီလိုခေါင်းဆောင်နောက်ကို မလိုက်လို့ ဘယ်လိုခေါင်းဆောင်နောက်ကို လိုက်ရမှာလဲ ။

"ကောင်းပြီလေ"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

အခြားသော ရှေးဟောင်းနတ်ဘုရားများမှာလည်း ကျေးဇူးတင် စိတ်လှုပ်ရှားနေကြသော်လည်း ဝမ်စုန်းကဲ့သို့ တစ်ဘဝလုံး၏ လွတ်လပ်မှုကိုမူ ပေးအပ်ရန်တော့ ဝန်လေးနေကြ၏။ သူတို့အားလုံးသည် မိမိတို့ ဝေစုရရှိသော မူလရည်ကြည်နှင့် ရတနာများကိုသိမ်းဆည်းလိုက်ကြသည်။သို့သော် မည်သူမျှ သတ်မှတ်ထားသည်ထက် ပို၍ မယူရဲကြပါ။

မူလရည်ကြည်များကို ရရှိပြီးနောက် ရှေးဟောင်းနတ်ဘုရားများသည် မစောင့်ဆိုင်းနိုင်တော့ဘဲ ပုလင်းများကိုဖွင့်ကာ တဂွပ်ဂွပ်သောက်ကြတော့သည်။

ချက်ချင်းဆိုသလိုပင် သူတို့၏ နတ်ဘုရားဝင်ပေါက်များမှာ တစ်ခုပြီးတစ်ခု ပွင့်လာကြ၏။

ရွှင်ပျော်ပျော်သူတော်စင်သည်လည်း ဒုတိယအဆင့် ယင်နတ်ဘုရား အဖြစ်သို့ တိုးတက်သွားခဲ့သည်။

"ငါ နောက်ဆုံးတော့ ဒုတိယအဆင့်ကို ရောက်သွားပြီ"

ရှေးဟောင်းနတ်ဘုရား တစ်ဦးက ဆေးပုလင်းအခွံကို ဆုပ်ကိုင်ထားရင်းမှ ဝမ်းသာအားရ အော်ဟစ်လိုက်၏။

"ငါ ဒုတိယအဆင့်ရဲ့ နောက်ဆုံးပိုင်းကို ရောက်သွားလိမ့်မယ်လို့ မထင်ထားဘူး၊ တတိယအဆင့်ကိုတောင် ရောက်သွားနိုင်တယ်"

အမြွှာအစ်မကြီးက နှုတ်ခမ်းဖျားပေါ်မှ ဆေးရည်ကို လျာဖြင့်သပ်ရင်း အံ့ဩစွာ ပြောသည်။

သူတို့အားလုံးမှာ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနှင့် ပြည့်လျှံနေကြ၏။ ဤသည်မှာ တစ်လလျှင် ငါးထောင်သာ ရသော အလုပ်သမားတစ်ဦးက နှစ်ပေါင်း တစ်ရာစာ လစာကို တစ်ရက်တည်း ရရှိလိုက်သကဲ့သို့ပင် ဖြစ်ပေသည်။

ထိုအချိန်တွင် စစ်မှန်နတ်ဘုရားအဆင့်သို့ မရောက်သေးသော ကျောက်ကျွန်းနှင့် အခြားရွာသားများမှာမူ မူလရည်ကြည် ပုလင်းများကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်းမှ မနာလိုဖြစ်နေကြ၏။

ကံမကောင်းစွာဖြင့် သူတို့သည် စစ်မှန်နတ်ဘုရား ဖြစ်လာမှသာ ဤရတနာများကို အသုံးပြုနိုင်မည် ဖြစ်သည်။

တောက်...ငါ့အဖြစ်က မြင်သာမြင် မကြင်ရဖြစ်နေတယ် ။

ကျောက်ကျွန်းမှာ အလွန်ပင် စိတ်မရှည်နိုင်တော့သလို ခံစားနေရပြီး စစ်မှန်နတ်ဘုရားအဆင့်သို့ အမြန်ဆုံး တက်လှမ်းလိုစိတ်များ တဟူန်းဟုန်းတောက်လောင်နေ၏။

"ကောင်းပြီ... အခု အားလုံးကအဆင့်တက်သွားကြပြီဆိုတော့ တခြားဂိုဒေါင်တွေကို ဆက်ပြီး ရှာဖွေကြရအောင်"

ကျိယွမ်က လက်ဝေ့ယမ်း၍ ပြောလိုက်ရင်းမှရတနာသေတ္တာများကို သူ၏ သိုလှောင်အိတ်ထဲသို့ စတင်သိမ်းဆည်းလိုက်၏။

နောက်ထပ် နာရီအနည်းငယ်အတွင်း သူတို့သည် နောက်ထပ် ဂိုဒေါင်ငါးခုကို ဖွင့်နိုင်ခဲ့သည်။ ၎င်းတို့ထဲမှ နှစ်ခုမှာ ပျက်စီးနေသော်လည်း ကျန်သုံးခုမှာ မူလရည်ကြည်များကဲ့သို့ပင် အဖိုးတန်သော ရတနာများဖြင့် ပြည့်နှက်နေ၏။

ရှေးဟောင်းနတ်ဘုရားများမှာ အံ့အားသင့်မှုများစွာကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီး ဖြစ်သဖြင့် အရေထူလာကာ ယခုအခါတွင်မူ အနည်းငယ် ပို၍ တည်ငြိမ်လာကြသည်။

"ဟယ်ယောင် ဆေးဝါးစက်ရုံက သိပ်မကောင်းပါဘူး၊ ဒီမှာရှိတဲ့ အရာအားလုံးက ကလေးတွေအတွက်ပဲ။ လူကြီးတွေအတွက် ဘာမှမရှိဘူးလား"

ကျိယွမ်က မကျေမနပ် ညည်းတွားလိုက်၏။

ယခုအချိန်တွင် သူတို့သည် ဘိုးဘွားနယ်မြေ၏ စတုတ္ထအလွှာသို့ပင် ရောက်ရှိနေပြီ ဖြစ်ပြီး မျှော်စင်ပေါင်း ၇၀ ကျော်ကို ရှာဖွေခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသော သုံးလွှာသာ ရှာဖွေရန် ကျန်ရှိတော့သည်။

ထိုအချိန်တွင် ဘိုးဘွားနယ်မြေ၏ သတ္တမအလွှာ၌ဖြစ်သည်။

သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးသည် အရည်ကဲ့သို့ ချောမွေ့နေသည့် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းဝတ်စုံမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေ၏။

ဤဝတ်စုံမှာ ဘိုးဘွားနယ်မြေမှ တူးဖော်ရရှိထားခြင်း ဖြစ်ပြီး ၎င်းကို ဝတ်ဆင်ထားသူမှာ မောက်မာ မဟာအုပ်စိုးရှင်ပင် ဖြစ်သည်။ ယခုအကြိမ်မှာ သူသည် သတ္တမအလွှာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းလည်း ဖြစ်၏။

ပထမအကြိမ်တွင် သူသည် စိတ်ဝိညာဥ်အဆင့်ဖြင့် ဝင်ရောက်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် စစ်မှန်နတ်ဘုရား ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဘိုးဘွားနယ်မြေသို့ထပ်မဝင်တော့ဘဲ ယခု မဟာအုပ်စိုးရှင်ဖြစ်လာသောအခါ၌ပင် ဤနေရာသို့ ပြန်လာရန် ကြောက်ရွံ့နေခဲ့သေးသည်။

နှစ်ပေါင်းများစွာကြာအောင် သူသည် ဘိုးဘွားနယ်မြေကို လေ့လာခဲ့ပြီးနောက် လျှို့ဝှက်ချက် အချို့ကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုအချက်အလက် အများစုမှာ နတ်ဘုရားစစ်ပွဲ မတိုင်မီက ရှေးဟောင်းနတ်ဘုရားများ၏ သုတေသနများအပေါ် အခြေခံထားခြင်းလည်းဖြစ်သည်။

ယခု သူဝတ်ဆင်ထားသော အရည်ဝတ်စုံမှာ သတ္တမအလွှာတွင် အသက်ရှင်သန်နိုင်ခြေကို များစွာ မြှင့်တင်ပေးထားသော အထူးဝတ်စုံဖြစ်သည်။

မောက်မာမဟုအုပ်စိုးရှင်က မြွေအိုကြီးကို ကြမ်းတမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းတို့ရဲ့သစ္စဖောက်မှုကို သိသွားကြတာလား"

မြွေအိုကြီးအပါအဝင် ရှေးဟောင်းနတ်ဘုရားများမှာ ကြောက်လန့်တကြား တုန်လှုပ်နေကြသည်။ ယခုအချိန်၌ သူတို့သည်လည်း အရည်ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း မောက်မာအရှင်၏ ဝတ်စုံလောက် မကောင်းမွန်ကြပေ။

"ဟုတ်ကဲ့... အဲဒီလူသစ်က ကျွန်တော်တို့ကို ချက်ချင်း ဖော်ထုတ်လိုက်တာပါ။ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို မဟာအုပ်စိုးရှင်တစ်ပါးက သိသွားပြီလို့ ထင်ပါတယ်"

မြွေအိုကြီးက ကြောက်လန့်နေသော်လည်း အရှိကို အရှိအတိုင်း တင်ပြသည်။

မောက်မာအရှင်က မျက်လုံးများကို မှေးလိုက်ကာ

"မင်း သူတို့ကို မသတ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ ငါ မင်းကို အပြစ်မတင်ပါဘူး"

မြွေအိုကြီးမှာ ထိုစကားကြောင့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မောက်မာအရှင်မှာ ရက်စက်သလို ခန့်မှန်းရလည်းခက်သူ တစ်ဦးဖြစ်သဖြင့် သူတို့ ကြောက်ရွံ့နေခဲ့ကြခြင်းပင်။

ထိုသူက ဘာလုပ်မည်ကို မည်သူမှမတွေးနိုင်ကြပေ။သူက ရယ်​ရယ်မောမော ပုခုံးဖတ်နေရင်းမှ ထသတ်ချင်လည်း သတ်ပစ်တတ်သူဖြစ်သည်။

"မင်းတို့ ငါ့ကို မကြောက်ကြပါနဲ့။ ငါတို့အားလုံးဟာ ရှေးဟောင်းနတ်ဘုရားတွေ ဖြစ်တဲ့အတွက် တစ်ဦးကိုတစ်ဦး စောင့်ရှောက်သင့်တယ်။ ငါဟာ နတ်ဘုရားအသစ်တွေ ကြားထဲမှာ တစ်ယောက်တည်း ရုန်းကန်နေရတာ။ ငါ့ကို ကူညီဖို့ ယုံကြည်ရတဲ့ လူတွေ လိုအပ်တယ်။ မင်းတို့က ငါ့လိုပဲ ရှေးဟောင်းနတ်ဘုရားတွေ ဖြစ်တဲ့အတွက် ငါ မင်းတို့ကို ယုံကြည်တယ်"

အမြဲတမ်မောက်မာနေတတ်သော မောက်မာအုပ်စိုးရှင်က ထူးထူးခြားခြား လေသံပြော့ဖြင့် ပြောလိုက်သည်။

မြွေအိုကြီး၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားပြီး တန်ဖိုးထားခံရသည်ဟု ခံစားလိုက်ရသည်။

"ကျွန်တော်တို့ အရှင့်အတွက် အစွမ်းကုန် အလုပ်အကျွေး ပြုပါ့မယ်"

အခြားသော ရှေးဟောင်းနတ်ဘုရားများကလည်း ထပ်တူ ပြောဆိုလိုက်ကြ၏။

"ကောင်းပြီ... ငါ့မှာ မင်းတို့အတွက် အလုပ်တစ်ခု ရှိတယ်"

မောက်မာအရှင်က နွေးထွေးစွာ ပြောသည်။

"ကျေးဇူးပြုပြီး မိန့်ကြားပါ အရှင်"

မြွေအိုကြီးက အမှားကို ပြန်လည်ပြင်ဆင်ခွင့် ရရန် မျှော်လင့်လျက် ချက်ချင်း ပြန်ပြောလိုက်၏။

"ဒီမျှော်စင်ရဲ့ ဘေးတံခါးကို ဖွင့်ဖို့အတွက် စစ်မှန်နတ်ဘုရားအချို့ကို လောင်ကျွမ်းစေဖို့ လိုအပ်တယ်။ ငါ့မှာ လူနည်းနည်း လိုနေသေးတော့ မင်းတို့ အထဲကို ဝင်ပေးရမယ်"

မောက်မာအရှင်က ညင်သာစွာ ပြောလိုက်သည်။

မြွေအိုကြီး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး သေမင်း၏ အရိပ်အယောင်ကို ခံစားလိုက်ရတော့သည်။

ငါတို့ကို အသေခံခိုင်းနေတာပဲ။

"ခင်ဗျား..."

သူသည် ဒေါသတကြီးဆဲဆိုပြီး ရုတ်တရက်ထွက်ပြေးရန် ကြိုးစားသော်လည်း မောက်မာအရှင်၏ နတ်ဘုရားနယ်ပယ်ဖိနှိပ်မှုအောက်တွင် လှုပ်မရ ဖြစ်သွားခဲ့သည်။

ထိုအခိုက် အရည်ဝတ်စုံ ဝတ်ဆင်ထားသော မိစ္ဆာနတ်ဘုရားနှစ်ဦးက ရှေ့သို့ တက်လာပြီး မြွေအိုကြီးနှင့်တကွ ရှေးဟောင်းနတ်ဘုရားများကို မျှော်စင်ရှေ့ရှိ ကြောက်မက်ဖွယ် မီးဖိုကြီးအတွင်းသို့ ပစ်ထည့်လိုက်ကြ၏။

ထိုမီးဖိုမှာ စစ်မှန်နတ်ဘုရားများကိုပင် ချက်ချင်း ပြာဖြစ်စေနိုင်လောက်အောင် ပြင်းထန်လှပေသည်။

မောက်မာအရှင်သည် မြွေအိုကြီးနှင့်အတူ အခြားသူများကို အသက်ရှင်ခွင့် မပေးခဲ့ပေ။ရှေးဟောင်းနတ်ဘုရားများ မသိရှိသည်မှာ မောက်မာအရှင်သည် တစ်ချိန်က ရှေးဟောင်းနတ်ဘုရား တစ်ဦးဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ၌မူ ရှေးဟောင်းနတ်ဘုရားများအပေါ် အနှိပ်စက်ဆုံးသူ ဖြစ်နေခြင်းပင်။

မိစ္ဆာနတ်ဘုရားများအပေါ် သူ၏ သစ္စာရှိမှုကို ပြသရန်အတွက် သူသည် မျိုးနွယ်တူရှေးဟောင်းနတ်ဘုရားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ပြနေ၏။

"ဖုန်းခွေ၊ တန်ကျွေ... မင်းတို့နှစ်ယောက် ကျန်တဲ့ ရှေးဟောင်းနတ်ဘုရားတွေကို ဒီကိုခေါ်လာခဲ့ကြ။ ဒီတံခါးကို ဖွင့်ဖို့ နတ်ဘုရားကိုယ်ထည်တွေ ထပ်လိုသေးတယ်"

မောက်မာအရှင်က အမိန့်ပေးလိုက်သည်။

သူ၏အသံဆုံးသည်နှင့် တတိယအဆင့်တွင် ရှိသော မိစ္ဆာနတ်ဘုရားနှစ်ဦး ပေါ်လာ၏။ သူတို့လို တတိယအဆင့်နတ်ဘုရားများရှေ့တွင် ပထမနှင့်ဒုတိယအဆင့်သာရှိသော ရှေးဟောင်းနတ်ဘုရားများမှာ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး မရှိပေ။

"အမိန့်အတိုင်းပါအရှင်"

မိစ္ဆာနတ်ဘုရားနှစ်ဦးမှာ ဦးညွှတ်ကာ ပျောက်ကွယ်သွားကြတော့သည်။

All Chapters