← Chapters

ဖွံ့ဖြိုးမှုနောက်ကျနေသော အမြွှာညီအစ်မ

Vol. 17 Ch. 204

ဖွံ့ဖြိုးမှုနောက်ကျနေသော အမြွှာညီအစ်မ

Vol. 17 Ch. 204

မိစ္ဆာနတ်ဘုရားများဖြစ်သော ဖုန်းခွေနှင့် ထန်ကျွေတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဘိုးဘွားနယ်မြေ၏ခုနစ်ခုမြောက်အလွှာသို့ ဆင်းသက်သွားကြသည်။ သူတို့နှစ်ဦးသည် ဘိုးဘေးတို့၏ နယ်မြေအတွင်း သတိကြီးစွာသွားလာနေရင်း တစ်ဦးနှင့်တစ်ဦး စိတ်ချင်းဆက်သွယ်ကာ စကားပြောလာကြ၏။

" ပထမအဆင့်နဲ့ ဒုတိယအဆင့်ပဲရှိတဲ့နတ်ဘုရားလေးတွေကိုဖမ်းဖို့ ငါတို့ကို လွှတ်လိုက်တာလား"

ဖုန်းခွေက နှာခေါင်းရှုံ့ရင်း မထီမဲ့မြင်ရှုံ့ချလိုက်သည်။

"အော့ကျီက ဒီလောက်ရိုးရှင်းတဲ့ အလုပ်လေးကိုတောင် မလုပ်နိုင်ဘူး ၊ သူက အသုံးမကျတဲ့ ရှေးဟောင်းနတ်ဘုရားတွေကို စုဆောင်းထားတာကိုး"

(အော့ကျိသည် မောက်မာအရှင်၏ နာမည်ဖြစ်သည်)

ထန်ကျွေက မကျေမနပ်ဖြစ်နေပြီး မောက်မာအရှင်ကိုပါ ထည့်၍လှောင်ပြောင်လိုက်သည်။ သူတို့လို နတ်ဘုရားအသစ်များ၏ အမြင်တွင် ခွေးသည် ခွေးသာဖြစ်ပြီး အစေခံသည် အစေခံပင်။

သူတို့နှစ်ယောက်သည် အထက်လူများ၏ညွှန်ကြားချက်အရ မောက်မာအရှင်၏လက်အောက်တွင် အလုပ်လုပ်နေကြသော်လည်း သူ့အပေါ်တွင် အနည်းငယ်မျှ ရိုသေမှုမရှိကြချေ။

"ဒီကိစ္စကို အမြန်အဆုံးသတ်ဖို့ အဲဒီရှေးဟောင်းနတ်ဘုရားတွေကို မြန်မြန်ဖမ်းကြရအောင်။ ဘာပဲပြောပြော ဒီနေရာက ငါ့ကို ကျောချမ်းစေတယ်၊ ဒီမှာ ဆက်မနေချင်တော့ဘူး"

ဖုန်းခွေက ခပ်သွက်သွက်ပြောလိုက်သည်။

"သဘောတူတယ်၊ မြန်မြန်ပြီးလေ ကောင်းလေပဲ"

ထန်ကျွေကလည်း ပြန်ပြောလိုက်ပြီး အရှိန်မြှင့်ကာ ပျံသန်းသွားကြ၏။

ထိုအချိန်တွက် ခုနစ်ခုမြောက်အလွှာတွင်ရှိသော မြင့်မားသည့်အဆောက်အအုံကြီးတစ်ခု၏ ရှေ့တွင် မောက်မာမဟာအုပ်စိုးရှင်သည် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ရပ်နေ၏။

"ဒီမျှော်စင်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေပါလိမ့်"

သူက တိတ်ဆိတ်စွာ တွေးတောနေမိသည်။

သူသည် တစ်ချိန်က ယခုမျှော်စင်ထဲသို့ မတော်တဆ ဝင်ရောက်နိုင်ခဲ့သဖြင့် စစ်မှန်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည်ဘိုးဘွားနယ်မြေမျှော်စင်များ၏ လျှို့ဝှက်ချက်များကို ဆက်တိုက်လေ့လာနေခဲ့သည်။

ယခုအချိန်၌ သူသည် အမှန်တရားကို ဖော်ထုတ်နိုင်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်ဟု ခံစားရ၏။ မိစ္ဆာနတ်ဘုရားအသစ်များသည် လူ့လောကတွင် အဆင့်တက်ရန် မလိုသဖြင့် ယခုနယ်မြေ၏လျှို့ဝှက်ချက်ကို ဂရုမစိုက်ကြသော်လည်း မောက်မာအရှင်အတွက်တော့ ဤအရာသည် အလွန်အရေးကြီးလေသည်။

ထို့ကြောင့် သူက ယခုနေရာ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန်အမြဲကြိုးစားနေခဲ့၏။

ထိုအခါ သူ၏ လုပ်ဆောင်ချက်များက နတ်ဘုရားအသစ်များကြားတွင် မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သူတို့အမြင်တွင် အော့ကျီ၏ လုပ်ရပ်မှ ရရှိမည့်အကျိုးအမြတ်ထက် ရင်းနှီးမြှုပ်နှံမှုက ပိုမိုများပြားနေသောကြောင့်ပင်။

ထိုအခိုက် ရုတ်တရက် အိုမင်းရင့်ရော်သော အသံတစ်ခုက မောက်မာအရှင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"မကြာခင်လေးကတင် ရှေးဟောင်းမဟာအုပ်စိုးရှင်သုံးပါး တောင်ပိုင်းမြို့တော်ကို ဆင်းသက်လာကြပြီ။"

"ဘာ"

မောက်မာအရှင်၏ မျက်နှာအမူအရာမှာ ထိုသတင်းကြောင့် ချက်ချင်း ပြောင်းလဲသွားသည်။

"သူတို့က မင်းအတွက် လာတာလည်း ဖြစ်နိုင်တယ်"

အိုမင်းသောအသံက ဆက်ပြောခဲ့သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖုန်းပိုင်မဟာအုပ်စိုးရှင်"

ထိုစကားနှင့်အတူ မောက်မာအရှင်၏ မျက်နှာတွင် ခံစားချက်ပေါင်းစုံ ဖြတ်သန်းသွားသည်။

"ဒီနေရာကနေ ရစရာ ဘာမှမရှိတော့ဘူး။ လူ့လောကကို ငါတို့ သိမ်းပိုက်ပြီးရင် မင်း အေးအေးဆေးဆေး ဆက်လေ့လာလို့ရတယ်။ အခုတော့ ငါတို့ မင်းကို မကူညီနိုင်ဘူး။ မင်း ဆုတ်ခွာသင့်တယ်၊ မဟုတ်ရင် အသက်ဆုံးရှုံးသွားလိမ့်မယ်"

ဖုန်းပိုင်မဟာအုပ်စိုးရှင်၏ လေသံက တည်ငြိမ်နေသော်လည်း မောက်မာအရှင်ကိုယခုနေရာတွင် ဆက်နေရန် ခွင့်မပြုကြောင်း ဆိုလိုနေသည်။

"နားလည်ပါပြီ။"

မောက်မာအရှင်က မျှော်စင်ကြီးကို နှမြောတသ ကြည့်မိ၏။

နောက်ထပ် သုံးလလောက်သာ အချိန်ရလျှင် သူသည် မျှော်စင်၏ အလယ်ဗဟိုသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်နေသည်။ သို့သော် ရှေးဟောင်းနတ်ဘုရားများက သူ့ကို အချိန်မပေးသကဲ့သို့ နတ်ဘုရားအသစ်များကလည်း အခွင့်အရေး မပေးခဲ့ကြချေ။

သူသည် မျှော်စင်ကြီးကို နောက်ဆုံးအကြိမ် ကြည့်ရှုပြီးနောက် "သွားကြစို့" ဟု အမိန့်ပေးလိုက်သည်။

အကယ်၍ ထိုမဟာအုပ်စိုးရှင်သုံးပါးကသာ သူ့ကို လိုက်နေသည်ဆိုလျှင် ဤနေရာတွင် ဆက်နေခြင်းက အလွန်အန္တရာယ်များသည် မဟုတ်ပါလား ။ ထို့ကြောင့် သူသည် နောက်တစ်ကြိမ် ပြန်လာရန်ကိုသာ မျှော်လင့်လျက် ထွက်ခွာရန် ရွေးချယ်လိုက်ရသည်။

"အမိန့်အတိုင်းပါ"

သူ၏အနီးမှ နတ်ဘုရားအသစ်များက ပြန်လည်ဖြေကြားပြီး သူ့အနားသို့ စုရုံးလာကြသည်။

ထိုအချိန်တွင် နတ်ဘုရားအသစ်တစ်ပါးက သတိပေး၏။

"မဟာအုပ်စိုးရှင်အော့ကျီ ၊ ဖုန်းခွေနဲ့ ထန်ကျွေတို့ ပြန်မလာသေးဘူး"

အော့ကျီက မျက်လုံးကို ကျဉ်းလိုက်ကာ ပြတ်သားစွာပြောလိုက်သည်။

"သူတို့ကို ငါ အကြောင်းကြားပြီးပြီ။ သူတို့က ရန်သူတချို့နဲ့ တွေ့နေလို့ အဲဒါကို ရှင်းပြီးမှ လိုက်ခဲ့မယ် ပြောတယ်။ ငါတို့ အရင်သွားနှင့်မယ်"

အော့ကျီ၏ လေသံမှာ ပြတ်သားလွန်းလှသဖြင့် မည်သူမျှ ငြင်းဆန်ခြင်း မပြုရဲကြချေ။ သူတို့သည် ကွယ်ရာတွင် အော့ကျီအား အတင်းပြောချင် ပြောကြမည် ဖြစ်သော်လည်း ရှေ့မှောက်တွင်မူ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ငြိမ်သက်နေကြရသည်။

"ငါ့နောက်က လိုက်ခဲ့။"

ထိုအချိန်၌ မျှော်စင်တစ်ခုအတွင်းသို့ရောက်နေသော ကျိယွမ်သည် အခြားဂိုဒေါင်တစ်ခုကို ဖွင့်လိုက်သည်။သူတို့သည် ဘိုးဘေးနယ်မြေအတွင်း နေရာတိုင်းကို စေ့စေ့စပ်စပ် ရှာဖွေ သိမ်းပိုက်နေခဲ့သည်။ ဟယ်ယောင်းဆေးဝါးစက်ရုံမှာကဲ့သို့ အမြောက်အမြား မရရှိသော်လည်း အခြားနေရာများမှ ရရှိမှုများကလည်း မနည်းလှပေ။

သူ့နောက်မှ လိုက်ပါလာသော ရှေးဟောင်းနတ်ဘုရားများကတော့ သားရွှေအိုးထမ်းလာသလို အချိန်ပြည့်ပြုံးရွှင်နေကြတော့သည်။ အမြွှာညီအစ်မထဲမှ အစ်မဖြစ်သူမှာ နတ်ဘုရားလမ်းစဉ်၏တတိယခြေလှမ်းသို့ပင် ရောက်ရှိသွားခဲ့သဖြင့် သူတို့ကြားတွင် အင်အားအကောင်းဆုံး ဖြစ်လာ၏။ ညီမဖြစ်သူမှာလည်း ဒုတိယခြေလှမ်း၏ အဆုံးပိုင်းသို့ ရောက်နေသဖြင့် တတိယခြေလှမ်းနှင့် မဝေးတော့ချေ။

မျက်ခုံးရှည်သူတော်စင်ပင် ဒုတိယခြေလှမ်းသို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ကျိယွမ်နောက်မှပါလာသော သူများထဲတွင် ရှေးဟောင်းနတ်ဘုရားများမှာ အလွန်အင်အားကြီးလာသော်လည်း ချင်းရွှေရွာသားများကတော့ ထူးခြားသော တိုးတက်မှုမျိုး မရှိကြချေ။

ထို့ကြောင့် ရွာလူကြီးယွီလီမှစ၍ ကျန်သောသူများအားလုံး မပျော်ရွှင်ကြပါ ။ သူတို့က ရတနာများရထားသော်လည်း အသုံးမဝင်ဖြစ်နေကြ၏။

ကျိယွမ်ကလည်း သူတို့၏အခြေအနေများကိုမြင်ပါသည်။သို့သော် သူ၏အမြင်တွင်မူ ၄င်းတို့သည် ကလေးငယ်များသာ ဖြစ်ကြသဖြင့် ဤနေရာတွင် သူတို့နှင့် သင့်တော်သော အရာများမရှိခြင်းဟုသာ တွေးထားသည်။ရွာသားများ၏ တိုးတက်မှုက သိသိသာသာ နောက်ကျနေခြင်းပင်။

"ဒီတစ်ခါတော့ ကောင်းတာလေးတွေ တွေ့ဖို့ မျှော်လင့်ရတာပဲ"

ကျိယွမ်က ထိုသို့ပြောရင်း ဂိုဒေါင်တံခါးကို ဖွင့်လိုက်သည်။

သို့သော် တံခါးပွင့်သွားသောအခါ ကျိယွမ်သည် သိသိသာသာစိတ်ပျက်သွားခဲ့သည်။ ဂိုဒေါင်မှာ အတော်လေး ပျက်စီးနေပြီး ထူးဆန်းသော သတ္တုစပ်များမှာလည်း ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေ၏။

"ဟိုမှာ မပျက်စီးသေးတဲ့ သေတ္တာတစ်လုံးရှိတယ်"

အမြွှာညီမလေးက ဖန်သေတ္တာတစ်လုံးကို ညွှန်ပြလိုက်သည်။

ကျိယွမ်က သေတ္တာအနားသို့ အမြန်သွားကာ ဖွင့်ကြည့်လိုက်သောအခါ ဆေးပုလင်း ရာပေါင်းများစွာကို တွေ့လိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားများ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ခန္ဓာကိုယ်များပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်လာကြပါ၏။

"ဒါက..."

"နတ်ဘုရားနယ်ပယ် ဆေးရည်တွေပဲ"

"နတ်..နတ်ဘုရားနယ်ပယ်လား..."

"ဒီဆေးသောက်ရင် နတ်ဘုရားနယ်ပယ်ကို ပိုင်ဆိုင်မှာလား "

"ဒါကြီးက.."

ရှေးဟောင်းနတ်ဘုရားများအားလုံးတည်ငြိမ်မှုများကို ဆုံးရှုံးသွားပြီး ဆေးရည်ပုလင်းများကို ဝင်းဝင်းတောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။ ဤဆေးရည်သည် ရတနာထဲက ရတနာတစ်ခုပင် ။ နတ်ဘုရားနယ်ပယ်မျိုးစေ့ကို ဖန်တီးရာတွင် ကူညီပေးနိုင်သော ရတနာဆေးရည် မဟုတ်ပါလား။

ကျိယွမ်၏ မျက်လုံးများက ဆေးပုလင်းများကို စစ်ဆေးကြည့်လိုက်သည်။

[နတ်ဘုရားနယ်ပယ် ဆေးရည် (သို့မဟုတ်) သန်စွမ်းကျန်းမာစေသော ဖွံ့ဖြိုးမှုအားဆေး။ ကလေးတစ်ယောက် ဖွံ့ဖြိုးမှု နောက်ကျနေလျှင် ဘာလုပ်ရမလဲ။ ဤအားဆေးကို တိုက်ကျွေးပါ။ သတိပြုရန်- ဤအားဆေးတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိပါသည်။]

ကျိယွမ်သည် သူ၏မျက်လုံးများမှပြသော အချက်အလက်များကို မြင်သောအခါ အံ့အားသင့်သွားရသည်။ ရှေးဟောင်းနတ်ဘုရားများအတွက် ရတနာဆိုသော ဤဆေးရည်မှာ အမှန်စင်စစ် ဖွံ့ဖြိုးမှု နောက်ကျသော ကလေးများအတွက် အားဆေးဖြစ်နေ၏။

"မင်းတို့အားလုံးက ဖွံ့ဖြိုးမှု နောက်ကျနေတာပဲ"

ကျိယွမ်က သူ၏ ရွာသားများနှင့် ရှေးဟောင်းနတ်ဘုရားများကို လှည့်ကြည့်ကာ မှတ်ချက်ချသည်။

ကျိယွမ်မှအပ ကျန်သူအားလုံးမှာ ရှေးခေတ်လက်ကျန် ရှေးဟောင်းနတ်ဘုရားစစ်စစ်များ ဖြစ်ကြ၏။ အမြွှာညီအစ်မများကို ကြည့်လျှင်ပင် သူတို့သည် ငယ်ရွယ်လှပသော်လည်း အမှန်တကယ်မှာတော့ သူတို့၏အသက်မှာ ထောင်နှင့်ချီ၍ ရှိနေကြပြီ ဖြစ်သည်။

ထိုသူများကိုမှ ရှေးဟောင်းမခေါ်လျှင် မည်သူတို့ကို ရှေးဟောင်းခေါ်တော့မည်နည်း။ ဟောင်းလ်ုက်သည်မှ ပထမကမ္ဘာစစ်လက်ကျန် တင့်ကားများထက်ပင် အိုနေကြလေပြီ။

ရှေးဟောင်းနတ်ဘုရားများကတော့ ကျိယွမ် ပြောလိုသည်ကို နားမလည်နိုင်သဖြင့် ကြောင်ကြောင်လေး ကြည့်နေကြသည်။

"နတ်ဘုရားအရှင်၊ ကျွန်မက ဘယ်နေရာမှာ ဖွံ့ဖြိုးမှု နောက်ကျနေလို့လဲ"

အမြွှာညီမလေးက သူမ၏ဖွံ့ထွားသောရင်ဘတ်ကိုအနည်ငယ်မော့ကာ မခံချင်သလိုမေးလိုက်သည်။ အစ်မဖြစ်သူမှာမူ တည်ငြိမ်နေ၏။သို့သော် သူမသည်လည်း ထိုစကားကိုလက်မခံနိုင်ပါ ။ ပြောရလျှင် သူမ၏ခန္ဓာကိုယ်အချိုးအစားမှာ ညီမဖြစ်သူထက်ပင် ပိုမိုဖွံ့ဖြိုးနေသည် မဟုတ်ပါလား။

"အခုအရွယ်ကြီးထိ မဟာအုပ်စိုးရှင်မဖြစ်သေးတာက ဖွံ့ဖြိုးမှု နောက်ကျတာပဲ မဟုတ်လား"

ကျိယွမ်က ခေါင်းခါကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အဲဒါနဲ့ ဘာဆိုင်လို့လဲ"

ညီမဖြစ်သူက သိပ်တော့မကျေနပ်သေးပုံရ၏။

"ကျွန်မက မဟာအုပ်စိုးရှင်မဟုတ်ပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်မှန်နတ်ဘုရား ဖြစ်လာတာပါ "

အစ်မဖြစ်သူကလည်း ထောက်ခံသလိုခေါင်းညိတ်၏။

"ဖွံ့ဖြိုးတယ်ဆိုရင်လည်း ပြီးတာပဲ"

ကျိယွမ်က သူမ၏စကားကို ထပ်မံမတုန့်ပြန်တော့ဘဲ ဆေးပုလင်းကိုလှုပ်ပြကာ အားလုံးကို မေးလိုက်သည်။

"ဒီဆေးက ဖွံ့ဖြိုးမှု နောက်ကျတဲ့သူတွေအတွက်ပဲ။ မင်းတို့ထဲက ဘယ်သူက ဖွံ့ဖြိုးမှု နောက်ကျတာလဲ"

တစ်ခုခုဆို ​ရှေ့ဆုံးကအဖြေပေးတတ်သော ဝမ်စုန့်သည် ယခုအခါပို၍ပင် သွက်လက်နေ၏။သူက လျှင်မြန်စွာ အော်လိုက်သည်။

"နတ်ဘုရားအရှင်၊ ကျွန်တော်က ဖွံ့ဖြိုးမှု တော်တော်လေးကို နောက်ကျနေတာပါ"

သူကအော်ဟစ်ရုံသာမက ရှေ့ဆုံးကိုပါ တိုးထွက်လာ၏။

"အေး... မင်းက တကယ့်ကို နောက်ကျနေတာ။ ဒီမှာ တစ်ပုလင်း ယူလိုက်"

ကျိယွမ်က ပုလင်းတစ်လုံးကို လှစ်ခနဲ ပစ်ပေးလိုက်သည်။

ဝမ်စုန်းသည် ပုလင်းကို အခြားသူများလုမည့်စိုးသည့်အလား နတ်ဘုရားစွမ်းရည်များပင်ထုတ်သုံးကာ အမြန်ဖမ်းယူလိုက်၏။

အခြားသူများက ပိုလွန်းတယ်ဟူသော အကြည့်ဖြင့် ဝမ်စုန်းအား မျက်စောင်းထိုးမိကြသည်။

သူကတော့အခြားသူများကို ဂရုမစိုက်ပါ ဆေးပုလင်းကို တယုတယကိုင်ထားပြီး

ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အရာကဲ့သို့ မြတ်နိုးစွာစိုက်ကြည့်နေ၏။

"ဒါ...ဒါကို တကယ်ပဲ ကျွန်တော့်ကို ပေးတာလား"

ဝမ်စုန်းသည် မယုံကြည်နိုင်လောက်အောင် ပင် ဖြစ်နေသည်။

"မင်းပဲ ဖွံ့ဖြိုးမှု နောက်ကျနေတယ်ဆို ၊ ကဲ... သောက်လိုက်တော့၊ အချိန်မဖြုန်းနဲ့"

ကျိယွမ်က အရေးမကြီးသလို လက်ဟန်ပြလ်ုက်သည်။

ဝမ်စုန်းသည် တွန့်ဆုတ်မနေတော့ဘဲ ပုလင်းခွံကိုပါ ဝါးစားကာ မျိုချလိုက်၏။

ထိုအခါ အခြားသော ရှေးဟောင်းနတ်ဘုရားများကလည်း အပြိုင်အဆိုင် အော်ဟစ်ကြပါတော့သည်။

"အရှင်...ကျွန်မလည်း ဖွံ့ဖြိုးမှု နောက်ကျနေတာပါ"

"ကျွန်တော်လည်း တော်တော်လေးနောက်ကျနေပါတယ်"

သူတို့သည် ရတနာဆေးရည် ရရှိရန်အတွက် သူတို့ကိုယ်သူတို့ ဖွံ့ဖြိုးမှု နောက်ကျကြောင်း အလုအယက် ဝန်ခံကြတော့သည်။

ငြိမ်နေသော အစ်မဖြစ်သူမှာလည်း မနေနိုင်တော့ပါ ။ မာနကို ဘေးဖယ်ကာ ကမန်းကတမ်းလ်ုက်အော်ဟစ်မိသည်။

"နတ်ဘုရားအရှင်၊ ကျွန်မလည်း အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး"

ကျိယွမ်သည် သူတို့ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"မင်းတို့က ကိုယ့်အားနည်းချက်ကို ကိုယ်သိလို့ တော်သေးတာပေါ့။ အဲဒါဆိုလည်း. ဒီအားဆေးတွေကို သောက်ကြ"

သူက လက်ကိုဝှေ့ယမ်းကာ ဆေးရည်များ ကို ဝေပေးလေ၏။

အမြွှာညီမလေးသည် အခြားသူများ ရတနာဆေးရည်ပုလင်းများရနေကြသည်ကို ကြည့်ရင်းမှ နောင်တကြီးစွာရနေသည်။

သူက ဖွံ့ဖြိုးတယ်ဆိုတော့ ဟိုဟာပြောတယ်လို့ ထင်မိတာပေါ့ ၊ဒီဟာကို ပြောမှန်းသိရင် ငါကအဲဒီလို ပြောမလား ။

နောက်ဆုံးမှာတော့ သူမလည်း မနေနိုင်တော့ပါ ။ ကြိုက်မရှက် ငတ်မရှက်ဟု ဆိုကြ၏ ။ သူမက ကြိုက်လည်းကြိုက်သလို ငတ်လည်းငတ်နေသည်မဟုတ်ပါလား ။ ရှက်နေ၍ ဘာရနိုင်မည်နည်း ။

"နတ်...နတ်ဘုရားအရှင်၊ ကျွန်မလည်း တကယ်တော့ နည်းနည်း ဖွံ့ဖြိုးမှု နောက်ကျနေတာပါ"

"ဟေ..."

ကျိယွမ်က သူမကို ကြည့်ပြီး "ခုနကတင် မင်းကိုယ်မင်း ဖွံ့ဖြိုးတယ် ပြောနေတာ မဟုတ်လား"

သူ၏အကြည့်က သူမ၏ရင်ဘတ်ဆီသို့ ကြည့်နေသဖြင့် ဘာကိုဆိုလိုသည်ကို နားလည်၏။

ညီမဖြစ်သူမှာ ပို၍ရှက်ရွံ့သွားသော်လည်း လက်မလျှော့ပါ ။

"အဲဒါက ဟန်ဆောင်တာပါ၊ ကျွန်မက ဖွံ့ဖြိုးမှု နောက်ကျတာကို လက်မခံနိုင်လို့ လိမ်ပြောမိတာပါအရှင် "

စကားနှင့်အတူ သူမ၏ ခန္ဓာကိုယ်ကို ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကလေးမလေးပုံစံသို့ ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။

ကျိယွမ်၏ မျက်လုံးများ ပြူးသွားကာ ခေါင်းခါ၏။

"နင်က ကျူးရှိကျုံးထက်တောင် အရှက်မရှိတာပဲ"

သူသည် စိတ်ပျက်လက်ပျက်ပုံဖြင့် ညီမဖြစ်သူကို ရတနာဆေးရည်ကို ပစ်ပေးလိုက်သည်။

သူသည် ဤဂိမ်းဖန်တီးသူများက သူ့ကို ဉာဏ်ရည်နိမ့်သော ဇာတ်ကောင်များနှင့်သာ တွဲပေးထားသည်ကို တွေးမိသောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်နေမိလေ၏။

ထိုအချိန်တွင် မျှော်စင်အပြင်ဘက်သို့ ရောင်လာကြသော ဖုန်းခွေနှင့် ထန်ကျွေတို့ကတော့ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ကြည့်နေကြသည်။

"ဒီရှေးဟောင်းနတ်ဘုရားတွေက မျှော်စင်ထဲကို တကယ်ဝင်နိုင်ကြတာလား"

"သူတို့ ကံကောင်းနေတာပဲ ဖြစ်မှာပါ"

သူတို့၏ အထူးဝတ်စုံများမှာ ဘိုးဘွားနယ်မြေအတွင်း လုံခြုံစွာသွားလာနိုင်စေသော်လည်း မျှော်စင်များထဲကိုတော့ အလွယ်တကူ မဝင်ရဲကြပါ။

အထူးဝတ်စုံနှင့်ဆိုလျှင်ပင် အလွန်အန္တရာယ်များနေဆဲပင်။

"ဒါပေမဲ့ သူတို့ရဲ့ ကံကောင်းမှုက အခုပဲ ကုန်ဆုံးသွားတော့မှာ"

ဖုန်းခွေက မျှော်စင်ပေါ်မှ ခုန်ချလာသော အဖွဲ့ကို အထင်သေးစွာကြည့်ရင်း လောဘဇောဖြင့် ပြောလိုက်သည်။

စကားဆုံးသည်နှင့် သူတို့နှစ်ဦးသည် အရိပ်ထဲမှ လှစ်ခနဲထွက်လာပြီး ကျိယွမ်တို့အဖွဲ့ကို ပိတ်ဆို့လိုက်၏။

"မင်းတို့ မျှော်စင်ထဲကနေ အများကြီး ရခဲ့ပုံပဲ။ အဲဒါတွေကို အကုန် ငါ့လက်ထဲ အပ်လိုက်စမ်း"

ဖုန်းခွေက မာထန်စွာ အမိန့်ပေးလိုက်သည်။ရှေးဟောင်းနတ်ဘုရားများမှာ သူ့အတွက် ကြက်ကလေးငှက်ကလေးများထက် မပိုပေ။

"မိစ္ဆာနတ်ဘုရားတွေလား"

"တတိယ​အဆင့်ကြီး"

ရုတ်တရက်ဘွားခနဲပေါ်လာသော တတိယအဆင့်မိစ္ဆာနတ်ဘုရားနှစ်ပါးကြောင့် ရှေးဟောင်းနတ်ဘုရားများ ထိတ်လန့်သွားကြသည်။ သို့သော် သူတို့သည် ယခုလေးတင် နတ်ဘုရားနယ်ပယ်ဆေးရည်သောက်ထားသဖြင့် နတ်ဘုရားနယ်ပယ်မျိုးစေ့များ နိုးထနေသည်ကို သတိရလိုက်မှ ပုံမှန်ပြန်ဖြစ်သွား၏။

အရင်လိုမှတ်လို့ လန့်သွားတာပဲ။

တော်တော်လှန့်တဲ့ကောင်တွေ။

ကျိယွမ်က မိစ္ဆာနတ်ဘုရားနှစ်ပါးကို ကြည့်ကာ ပေါ့ပေါ့ပါးပါးမေးလိုက်၏။

"မင်းတို့ ဝတ်စုံတွေက နည်းနည်းစိတ်ဝင်စားဖို့ကောင်းသားပဲ။ နေစမ်းပါဦး ...မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ"

"ဘာကွ...မင်းလို သာမန်လူသားတစ်ယောက်က ငါတို့ကို အခုလိုပြောရဲတယ်ပေါ့လေ"

ထန်ကျွေက ကျိယွမ်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့လိုတတိယအဆင့်ခေတ်သစ်နတ်ဘုရားတစ်ပါးကို သာမန်လူသားလေးက မခန့်လေးစားမေးခွန်းထုတ်နေခြင်းက သေလမ်းရှာနေခြင်းပင်။

"ဘာကွ ..မင်းကရော ဘာကောင်မို့ ဒီလောက် မာန်တက်နေတာလဲ"

"ရိုရိုသေသေ ပြောစမ်း"

"နတ်ဘုရားအရှင်ကို ဒီလိုပြန်ပြောတာက သေချင်နေပြီထင်တယ်"

"ဒီကောင်က အရိုက်ခံချင်လို့ တမင်လိုက်လာတာလား"

ရှေးဟောင်းနတ်ဘုရားများက ဒေါသတကြီးအော်ဟစ်ကာ ကျိယွမ်၏ ရှေ့သို့ တန်းစီထွက်လာပြီး သူတို့၏ အင်အားများကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။

ကျိယွမ်က ခေတ်သစ်နတ်ဘုရားနှစ်ပါးကို အဖတ်မတန်သလိုကြည့်ကာ အမိန့်ပေးလိုက်၏။

"ဖွံ့ဖြိုးမှု နောက်ကျတဲ့ အစေခံနှစ်ယောက်က များလှချည်လား။ သူတို့ကို သတ်လိုက် ၊ ငါ အဲဒီမိစ္ဆာနတ်ဘုရားတွေရဲ့ အင်အားကို လိုချင်တယ်"

သူ၏စကားဆုံးသည်နှင့် နတ်ဘုရား ၁၀ ပါးစလုံးသည် မိစ္ဆာနတ်ဘုရားနှစ်ပါးကို အုပ်လိုက်ကြီးဝိုင်းအုံတိုက်ခိုက်ကြသည်။

"မင်းတို့အဆင့်လေးတွေနဲ့.."

ဖုန်းခွေနှင့် ထန်ကျွေတို့က ဟာသတစ်ခုလို အားရပါးရ ရယ်မောရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူတို့၏ မျက်နှာများ တောင့်တင်းသွားတော့သည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ ထုထည်ကြီးမားလာပြီး သူတို့၏ အင်အားများမှာလည်း ထိန်းချုပ်ခြင်း ခံလိုက်ရသည် မဟုတ်ပါလား။

"ဒါက... နတ်ဘုရားနယ်ပယ်မျိုးစေ့ပဲ"

"ဘာတွေဖြစ်ကုန်.."

ဖုန်းခွေမှာ အလွန်အံ့အားသင့်ကာ တုန်လှုပ်သွားသည်။

သူတို့လို ခေတ်သစ်နတ်ဘုရားများကြားတွင်ပင် မဟာအုပ်စိုးရှင်များကသာပိုင်ဆိုင်နိုင်သော နတ်ဘုရားနယ်ပယ်မျိုးစေ့မျိုးကို ဤနေရာတွင် ရှိနေသော ရှေးဟောင်းနတ်ဘုရားအားလုံးက ပိုင်ဆိုင်ထားကြသည်မှာ ယုံနိုင်စရာမရှိပေ။

ဘယ်လိုဖြစ်နိုင်မှာလဲ။

ဒါကြီးက အဓိပ္ပါယ်မရှိဘူး။

မောက်မာလှသော မိစ္ဆာနတ်ဘုရားနှစ်ပါးမှာ အသစ်စက်စက် နတ်ဘုရားနယ်ပယ် ၁၀ ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရကာ သူတို့၏ မာနများလည်း ကြေမွသွားခဲ့ရသည်။

ကျိယွမ်က သဘောကျသလို ရယ်မောကာ "ဖွံ့ဖြိုးမှု အားဆေးက တကယ်ကို ထိရောက်တာပဲ။ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မင်းတို့နှစ်ယောက်က အပြည့်အဝ ဖွံ့ဖြိုးပြီးတဲ့သူတွေကို ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ ၊ ဒါကိုများ လေက ကျယ်နေသေးတယ်"

All Chapters