နောက်ဆုံးမျှော်စင်နှင့် ပျောက်ဆုံးနေသော အလင်းချောင်း
Vol. 17 Ch. 205
စစ်မှန်နတ်ဘုရားဆယ်ပါး၏ နတ်ဘုရားနယ်ပယ်မျိုးစေ့များက မိစ္ဆာနတ်ဘုရားနှစ်ပါးအား ကြောက်မက်ဖွယ် ဖိနှိပ်ထား၏။
မာန်ကြွနေသော မိစ္ဆာနတ်ဘုရားနှစ်ပါး မာန်မကြွနိုင်တော့ပါ ။ ပြင်းထန်သော ဖိအားများ၏အောက်တွင် လုံးဝလှုပ်ရှား၍မရတော့ဘဲ အလွန်ထိတ်လန့်နေလေပြီ။
“မင်း...မင်းတို့... တကယ် အစွမ်းထက်တာပဲ။ ငါတို့နဲ့သာ ပူးပေါင်းမယ်ဆိုရင် နတ်ဘုရားအသစ်တွေရဲ့ အဆင့်အတန်းထဲမှာ မဟာအုပ်စိုးရှင်တွေနဲ့ တန်းတူနေရာ ရနိုင်တယ်”
ပါးနပ်သောဖုန်းခွေက အင်အားသုံး၍ မရနိုင်တော့ကြောင်း သိရှိသွားသည်နှင့် သွားဖြီးလေးနှင့် ဖျောင်းဖြရန်ကြိုးစားတော့သည်။
ထန်ကျွေကလည်း အထူအပိန်းမဟုတ်ပါ သူကလည်း ချက်ချင်း အလိုက်အထိုက် မြှောက်ပင့်၏။
“မင်းတို့ရဲ့ အနာဂတ်က တောက်ပနေတာပဲ၊ မဟာအုပ်စ်ုးရှင်တွေ ဖြစ်လာဖို့လည်း ကံပါပြီးသားပါ။ မင်းတို့ရဲ့ လူသားလောကကြီးပျက်သုဉ်းဖို့က ရှောင်လွှဲလို့မရတော့ဘူး။ ငါတို့ရဲ့ နတ်ဘုရားအသစ်တွေဘက်ကို ဘာလို့မကူးခဲ့တာလဲ”
"ပြီးတော့ မင်းတို့လို ပါရမီရှင်တွေသာ ငါတို့ဆီပူးပေါင်းလာရင် .."
သူတို့နှစ်ဦးသည် ရှေးဟောင်းနတ်ဘုရားများကို နတ်ဘုရားအသစ်များ၏ အားသာချက်များကို ရေပက်မဝင်အောင် ပြောဆိုကာ အသည်းအသန် စည်းရုံးကြသည်။
သေဘေးကနီးနေပြီမို့ အရှက်တရားဆိုသည်ကို လုံးဝအလေးမထားတော့ပေ။ သူတို့က ယခုအချိန်တွင် အသက်ဘေးမှလွတ်မြောက်ရန်သာ ကြိုးစားနေ၏။
"မင်းတို့ သေသေချာချာ စဥ်းစားစေချင်ပါတယ် ၊ ဒီလောကကြီးက ပျက်သုဥ်းတော့မှာ ၊ မင်းတို့ရဲ့ပါရမီက ထူးခြားပေမဲ့ ကယ်တင်ဖို့မဖြစ်နိုင်တော့ဘူး ၊ အချိန်မနှောင်းခင် အမှန်တရားကို လက်ခံပြီး သေချာဆုံးဖြတ်ပါ"
ရှေးဟောင်းနတ်ဘုရားများသည် ထိုစကားများကို ကြားရသောအခါ စိတ်နှလုံးထဲတွင် လေးလံသွားကြသည်။ နတ်ဘုရားနယ်ပယ်မျိုးစေ့များကို နိုးထစေနိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေသော ဝမ်းသာမှုများသည် မကောင်းဆိုးဝါးနတ်ဘုရားများ၏ စကားထဲက အမှန်တရားကို သတိပြုမိသွားချိန်တွင် ပျောက်ကွယ်သွားတော့သည်။
သူတို့သည် အစွမ်းအစသစ်များ ရရှိထားသော်လည်း လွှမ်းမိုးကြီးစိုးနေသော ကံကြမ္မာလှိုင်းလုံးကြီးရှေ့တွင် သေးငယ်သော လူသားလေးများသာ ဖြစ်ကြသည်။ ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားအသစ်များအကြားရှိ ကွာဟချက်မှာ မဟာအုပ်စိုးရှင်အနည်းငယ်ထပ်ပေါ်ပေါက်လာရုံနှင့် ဖြည့်ဆည်းနိုင်သော အရာမဟုတ်ပေ။
“မင်းတို့နှစ်ယောက်ကိုတော့ လက်ဖျားခါတယ် ၊လျှာအရိုးမရှိတိုင်း အကုန်ပြောနေတော့တာပဲ ၊ ကျားဖြန့်လို လိမ်တာတွေ၊ ပိရမစ်စနစ်နဲ့ ငွေရှာတဲ့အလုပ်တွေမှာ တော်တော် တော်မယ့်ပုံရှိတယ်”
နားညီးလာသော ကျိယွမ်က ၄င်းတို့၏ အရည်မရ အဖတ်မရစကားများကို နားမထောင်ချင်တော့ပါ။
“မင်းတို့ ကံမကောင်းတာက ငါက အဲဒီလိုလူမျိုးတွေကို တော်တော်လေး အမြင်ကပ်တာပဲ။ ကြာတယ် ...နားညီးတာတော်သင့်ပြီ ..သတ်လိုက်တော့”
ကျိယွမ်၏အမိန့်သံကြောင့် ရှေးဟောင်းနတ်ဘုရားများက တုန့်ဆိုင်းမနေတော့ဘဲ သူတို့၏စွမ်းအားများကို တအားကုန်ထုတ်လွှင့်လိုက်ကြသည်။ နတ်ဘုရားနယ်ပယ် ၁၀ ခုက မိစ္ဆာနတ်ဘုရားနှစ်ပါးကို စိစိညက်ညက်ကြေအောင် ချေမှုန်းပစ်လေ၏။
အဆင့် ၃ မိစ္ဆာရှိသောနတ်ဘုရားနှစ်ပါးသည် တုနန့ပြန်ရန်အသာထား ခုခံရန်ပင် အခွင့်အရေးမရခဲ့ကြပါ။
ကျိယွမ်က သူ၏အတွေ့အကြုံဘားတန်းတွင် ပြည့်လာသော မိစ္ဆာနတ်ဘုရားစွမ်းအားများကို ခံစားမိသောအခါ လက်ခုပ်တီးလိုက်ပြီး
“မဆိုးပါဘူး။ဒီနှစ်ကောင်က နားညည်းပေမဲ့ ငါ့ရဲအဖြူရောင်လမင်းဘွဲ့ထူးကို ခံထိုက်ရုံလောက်တော့ ရှိတယ်”
အမှန်တကယ်ပင် ရလဒ်ကောင်းခဲ့သည်။
အဆင့်သုံးရှိသော မိစ္ဆာနတ်ဘုရားနှစ်ပါး၏ နတ်စွမ်းအားများသည် နတ်ဘုရားများကို ပုံရိပ်ဖော်ရာတွင် သေချာပေါက်အထောက်အကူဖြစ်မည် မဟုတ်ပါလား။
အကယ်၍ သူသာ စစ်မှန်နတ်ဘုရားအဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်မည့် နည်းလမ်းကို ရှာတွေ့ပါက ပို၍ အစွမ်းထက်သော နတ်ဘုရားများကို ဆင့်ခေါ်နိုင်တော့မည် ဖြစ်သည်။အရေးကြီးဆုံးအချက်မှာ ဤအရာက သူ့ကို အဆင့် (၈၉) နတ်ဘုရားအဖြစ်မှ အဆင့် (၉၀) သို့ တက်လှမ်းရန် အထောက်အကူ ဖြစ်စေခြင်းပင် ။
ယခင်ကသတ်ဖြတ်ခဲ့သော သာမန်မိစ္ဆာနတ်ဘုရားများနှင့် ယခုအဆင့်သုံးမိစ္ဆာနတ်ဘုရားနှစ်ပါးထံမှ ရရှိသော အတွေ့အကြုံရမှတ်များဖြင့် သူသည် တော်တော်လေးခရီးရောက်နေပြီဟုပင် ဆိုရမည်။ ထိုအရာများကြောင့် သူသာ စစ်မှန်နတ်ဘုရားအဖြစ် တက်လှမ်းနိုင်သည်နှင့် သူ၏အဆင့်များမှာ ချက်ချင်းထိုးတက်သွားပေလိမ့်မည် ။
“မင်းတို့နှစ်ယောက် သေရတာ မနှမြောပါနဲ့၊ ဒါက မျှော်လင့်မထားတဲ့ ဆုလာဘ်တစ်ခုပဲ။ ကဲ....တစ်ယောက်ယောက် ငါ့ရဲ့မျှော်လင့်ခြင်းလမင်းလေးတွေကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်ပါဦး”
ကျိယွမ်က စိတ်ကောင်းဝင်နေသဖြင့် သဘောကောင်းနေတော့သည်။
ရှေးဟောင်းနတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။
ပုံမှန်ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိသွားသော်လည်း ရင်သားအရွယ်အစားကို ရည်ရွယ်ချက်ရှိရှိ သေးငယ်အောင် လုပ်ထားသော အမြွှာညီမက ခပ်တိုးတိုး သတိပေး၏။
“နတ်ဘုရားအရှင်၊ ဒါက မြင့်မြတ်တဲ့ ဘိုးဘွားနယ်မြေလေ။ ဒီနေရာမှာ သူတို့ကို မြှုပ်နှံလို့ မရပါဘူး”
အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာကိုမဆို ရမ်းသမ်းပြီး တူးဆွလိုက်ပါက ရုပ်သေးနတ်ဘုရားတစ်ပါးပါးကို နှောင့်ယှက်မိသလို ဖြစ်သွားနိုင်သောကြောင့်ပင် ။ ထိုအခါ သူတို့ကိုယ်တိုင်ပင် အသုဘများဖြစ်သွားနိုင်၏။
ကျိယွမ်က သက်ပြင်းချလိုက်ပြီး အလွန်စိတ်မကောင်းဖြစ်သွားဟန် ရေရွတ်လိုက်သည်။
“မြှုပ်နှံလို့ မရရုံတင်မကဘူး၊ သူတို့အတွက် နာရေးထမင်းဝိုင်းတောင် လုပ်ပေးလို့ မရဘူးပဲ။ သနားစရာကောင်းတဲ့ ငါ့ရဲ့မျှော်လင့်ခြင်းလမင်းလေးတွေပါလား ၊ သေရတာ သိပ်ရက်စက်လွန်းတယ်”
ယခင်ကဆိုလျှင် သူ၏မျှော်လင့်ခြင်းလမင်းများသေဆုံးသောအခါ အနည်းဆုံးတော့ ခမ်းနားသောစားတော်ပွဲကြီး ကျင်းပပေးနိုင်ခဲ့သည်။ သို့သော် ယခုအခါမှာတော့ နတ်ဘုရားများစွန့်ပစ်ထားသည့်နေရာတွင် သေဆုံးခဲ့ရသဖြင့် စားတော်ပွဲများလည်း မရှိသလို သင်္ဂြိုဟ်ပေးခြင်းလည်း မရှိတော့ပေ။
“မြှုပ်နှံလို့ မရမှတော့... ငါတို့...”
ကျိယွမ်၏ မျက်လုံးများက သံသေတ္တာတစ်ခုပေါ်သို့ ကျရောက်သွားသည်။ ထိုသေတ္တာက အန္တရာယ်မရှိကြောင်း မြင်သောအခါ သူသည် အလောင်းနှစ်ခုကို အလွန်သံယောဇဉ်ကြီးဟန်ဖြင့် ကြည့်လိုက်၏။
“အမှိုက်ပုံးထဲပဲ ထည့်ရတော့မှာပေါ့”
သာသာလေး ကန်လိုက်ရုံဖြင့် မိစ္ဆာနတ်ဘုရား နှစ်ပါး၏ အလောင်းများသည် အမှိုက်ပုံးထဲသို့ ရောက်ရှိသွားတော့သည်။
“ချင်းရွှေကျေးရွာကို ပြန်ရောက်တဲ့အခါ သူတို့အတွက် စားတော်ပွဲကျင်းပပေးရမယ်”
“အမိန့်အတိုင်းပါခင်ဗျာ”
ချန်ရှီဖန်က ချက်ချင်းထောက်ခံလိုက်သည်။ သူသည် အဆိုပါ ထမင်းပွဲများကို ပြင်ဆင်ရာတွင် ကျွမ်းကျင်သော စားဖိုမှုးမဟုတ်ပါလား။သူ၏အစွမ်းကိုပြသရန် အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ ။
သူစိမ်းဖြစ်သော ရှေးဟောင်းနတ်ဘုရားများကတော့ ကျိယွမ်၏ သဘာဝမကျသည့်စကားများနှင့် လုပ်ရပ်များကို နားမလည်နိုင်ဘဲ ရှိနေကြ၏။
သူတို့က အမှိုက်ပုံးထဲတွင် ခြေနှစ်ချောင်းထောင်နေသော မိစ္ဆာနတ်ဘုရားများ၏အလောင်းများကို တစ်လှည့် ကျိယွမ်ကိုတစ်လှည့်ကြည့်ကာ ခေါင်းကုတ်မိကြသည်။
ရန်သူကိုသတ်ပြီးရင် ကိုယ့်လမ်းကိုဆက်သွားရုံပဲလေ ၊ ဘယ်သူက အလောင်းတွေကို ဂရုစိုက်နေမှာလဲ။
သတ်ထားသမျှတိုင်းကိုသာ မြှုပ်ပေးနေရရင် ငါတို့ကျင့်ကြံချိန်တောင်ရမှာမဟုတ်ဘူး ။ ဒါမျိုး ဘယ်သူမှလည်းမလုပ်ဘူး ။
"နတ်ဘုရားတို့က ကျွန်တော်တို့ ချင်းရွှေရွာနတ်ဘုရားရဲ့အကြာင်းကို နားမလည်သေးဘူးထင်တယ် "
"ကျွန်တော်ပြောပြမယ်..."
ကျူးရှိကျုံးက ကျိယွမ်၏ ချင်ရွှေကျေးရွာမှ သူရဲကောင်းဆန်သော လုပ်ရပ်များကို အားရပါးရဖောက်သည်ချကာ ရှင်းပြလိုက်သည်။ သူကဲ့သို့သော သာမန်ရွာသားလေးက စစ်မှန်နတ်ဘုရားများကိုပင် ရင်ဘောင်တန်းပြီး စကားပြောနိုင်လိမ့်မည်ဟု အိမ်မက်ပင်မမက်ဖူးခဲ့ပါ ။
အေးလေ...ငါ့အိမ်က ခွေးဝဲစားတောင် နတ်ခွေးဖြစ်သွားသေးတာ ၊ ဒါလေးက မထူးဆန်းတော့ပါဘူး ။
သူ၏စကားများကိုနားထောင်ပြီးမှသာ ရှေးဟောင်းနတ်ဘုရားများသည် ထိုကဲ့သို့ ထူးဆန်းသော လုပ်ရပ်များမှာ ကျိယွမ်အတွက် ပုံမှန်သာဖြစ်ကြောင်း နားလည်သွားကြသည်။
သူက ဒီလိုကိုး တော်တော်ထူးဆန်းတဲ့အမူအကျင့်ပဲ။
သို့သော် တစ်စုံတစ်ရာ ထုတ်ဖော်ဝေဖန်ခြင်းတော့သူတို့က မလုပ်ခဲ့ကြပါ ။
“ကဲ၊ သွားကြစို့။ အချိန်ရှိတုန်း မြန်မြန်လေး သွားရအောင်”
ကျိယွမ်က အဖွဲ့ကို ဦးဆောင်ကာ ဘိုးဘွားနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ဆက်လက် ဝင်သွားလိုက်သည်။
ထိုအချိန်တွင် ချင်ရွှေကျေးရွာ၌ ရှန်လဲ့မဟာအုပ်စိုးရှင်သည် ကြယ်အပြည့်ရှိသော ကောင်းကင်ယံကို ကြည့်ကာ စိတ်မအေးဖြစ်နေသည်။
သူသည် အစေခံမလေး ရှောင်ရွှယ်ကို သိုလှောင်အိတ်တစ်ခု ပေးလိုက်၏။
“ဒီအိတ်ထဲမှာ ငါပိုင်ဆိုင်သမျှ အားလုံးရှိတယ်။ ကျိယွမ်ဆိုတဲ့ကောင် ပြန်လာရင် ဒါကို သူ့ကိုပေးလိုက်ပါ”
အဘိုးအိုရှန်လဲ့၏ လေသံက ယခင်အချိန်များထက် လေးလံနေပြီး သိသိသာသာ နွမ်းလျနေသည် ။
ရှောင်ရွှယ်မှာ အိတ်ကိုလက်ခံလိုက်သော်လည်း ဇဝေဇဝါ ဖြစ်သွား၏။သူမက လက်ထဲမှ အိတ်ကိုတစ်လှည့် မဟာအုပ်စိုးရှင်ရှန်လဲ့ကိုတစ်လှည့်ကြည့်ကာ ကြောင်တောင်တောင်ဖြစ်သွားသည်။
"အရှင်ရှန်လဲ့...ဒီအိတ်ကို ဘာလို့ ..."
သူမ၏ စကားမဆုံးခင်မှာပင် ရှန်လဲ့က လက်ကာပြလိုက်သည်။
“ဟွန်း....အဲဒီကလေးက ဒီအိတ်ထဲမှာ ရှိတာတွေကိုသာ မြင်သွားရင် မျက်လုံးပြူးသွားပြီး ငါ့ကို ဆရာအဖြစ်လက်ခံဖို့ တောင်းပန်မှာ သေချာတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက အဲဒါကို မြင်ရဖို့ ငါရှိနေမှာ မဟုတ်တော့ဘူး”
အမြဲတမ်းလိုလို မာကျောနေတတ်သော ရှန်လဲ့၏ အသံမှာ ယခုအချိန်တွင် သိသိသာသာ လျော့ရဲနေခဲ့သည်။
“ကျိယွမ်ကို ပြောလိုက်ပါ၊ သူ အမြဲသတ်ချင်နေတဲ့ ကျန်းဖုန်းကို ငါကိုယ်တိုင် သတ်ပေးခဲ့မယ်လို့”
အဘိုးအိုရှန်လဲ့က ချင်းရွှေရွာနှင့်နတ်ကွန်းကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီး..
“ငါ... အခု သွားတော့မယ်”
ထိုသို့ပြောပြီးနောက် ရှန်လဲ့သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
သို့သော် သူ၏အသံမှာ ကောင်းကင်ယံ၌ ဟိန်းထွက်ကာ ကျန်ရစ်နေခဲ့လေ၏။
“မြေမှုန့်က မြေမှုန့်သို့ ၊ ပြာမှုန့်က ပြာအဖြစ်သို့ပဲ။ ငါ့ဘဝက တန်ဖိုးရှိခဲ့ပါတယ်”
“ငါက တကယ့်ကိုအဆင်ခြင်မဲ့သူရဲကောင်းပဲဟေ့”
ရှောင်ရွှယ်သည် လက်ထဲတွင်သိုလှောင်အ်တ်ကိုတိတ်ဆိတ်စွာကိုင်ထားရင်းမှ ရှန်လဲ့၏အလင်းတန်းပျောက်ကွယ်သွားသည်အထိ ငေးမောနေခဲ့မိသည်။
"သခင်ကြီးပြန်လာတဲ့အချိန်ထိတောင် မစောင့်သွားဘူးကိုး..."
ရှန်လဲ့သည် ကျန်းဖုန်းကို ရှာဖွေနှိမ်နင်းရန် စောစီးစွာ ထွက်ခွာသွားခြင်းပင်။ အခြားမဟာအုပ်စိုးရှင်များ၏ အာရုံစိုက်မှုကို မခံရစေရန်နှင့် ကျန်းဖုန်းကိုယ်တိုင် သတိမမူမိစေရန် သူသည် ပေါ်ပေါ်ထင်ထင် မသွားဘဲ တိတ်တဆိတ်သွားရန်လိုအပ်၏။ ထိုနည်းက အချိန်ပိုကြာနိုင်သော်လည်း သူ့တွင်ရွေးချယ်စရာမရှိပါ။
ရှောင်ရွှယ်သည် သက်ပြင်းရှည်ကြီးတစ်ခုချကာ မြေပြင်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွား၏။ သူ့တွင်ရင်ဖွင့်စရာ ချီချီကလည်းမရှိသဖြင့် ကျိယွမ်တို့ပြန်လာသည့်အချိန်ထိ စောင့်ရုံသာရှိတော့သည်။
ဘိုးဘွားနယ်မြေထဲမှာတော့ ကျိယွမ်တို့အဖွဲ့သည် အခြားမျှော်စင်တစ်ခုပေါ်မှ တလွှားလွှားခုန်ချလာကြ၏။ ယခုမျှော်စင်မှ သူတို့သည် ဆုလဒ်များစွာ ရရှိခဲ့ကြသည်။
အဖွဲ့တစ်ခုလုံး၏ စိတ်ဓာတ်များမှာ အလွန်တက်ကြွနေပြီး အချို့က ရတနာများကို ခဏခဏပြန်စစ်ဆေးပြီး ဂုဏ်ယူနေကြ၏။သာမန်လူသားများဖြစ်သော ရွာသားများပင် မြောက်ကြွမြောက်ကြွ ရှိနေ၏။
သို့သော် ကျိယွမ်ကတော့ အလွန့်အလွန်ကို စိတ်ပျက်နေသည်။ သူ့အား စစ်မှန်နတ်ဘုရားဖြစ်လာစေမည့် နည်းလမ်းကို ယခုအချိန်ထိ ရှာမတွေ့သေးပေ။
ပါရမီရှင်ဆိုတဲ့သူက ဘယ်လိုများအဆင့်တတ်သွားပါလိမ့် ၊ ခုချိန်ထိတော့ ကလေးကစားစရာနဲ့ အားဆေးတွေပဲ ရသေးတယ်။
ထိုအချိန်တွင် အမြွှာညီမလေးက သူမ၏အစ်မထံသို့ လျှို့ဝှက်သတင်း ပေးပို့လိုက်သည်။
“အစ်မ၊ ခုနက တစ်ယောက်ယောက်က ငါတို့ကို ချင်ရွှေကျေးရွာသားတွေ ဖြစ်ချင်လားလို့ လာမေးတယ်။ အစ်မ ဘယ်လိုထင်လဲ”
အစ်မဖြစ်သူ အံ့အားသင့်သွားသည်။ ချင်းရွှေရွာနတ်ဘုရား ကျိယွမ်၏နောက်ကိုလိုက်ပြီး ဘိုးဘွားနယ်မြေထဲမှ ရရှိသည့် အကျိုးအမြတ်များမှာ မှန်းဆ၍မရနိုင်လောက်အောင်ပင် ။ အတိတ်ကဆိုလျှင် နှစ်ပေါင်းတစ်သောင်းကြာလျှင်တောင် မဟာအုပ်စိုးရှင်ဖြစ်လာရန် မသေချာသေးဟု မိမိကိုယ်ကိုယ်ထင်ခဲ့သော်လည်း ယခုမူ သူမသည် မဟာအုပ်စိုးရှင်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ အချိန်အနည်းငယ် ထပ်ပေးပါက သူမသည် မဟာအုပ်စိုးရှင်အဆင့်သို့ သေချာပေါက် ရောက်ရှိပေတော့မည်။
"ပြောရရင် ချင်းရွှေရွာနတ်ဘုရားက ငါတို့ကို အများကြီး ပေးထားတာ၊ ဒီအကြွေးက နှစ်ပေါင်းတစ်ထောင်ပေးရင်တောင် ဆပ်လို့ကုန်မှာ မဟုတ်ဘူး”
အစ်မဖြစ်သူက သက်ပြင်းချလိုက်သည်။
“ဒါဆို ငါတို့က အမြဲတမ်းရွာသားတွေ ဖြစ်လာပြီး သူ့ကို ထာဝရ အလုပ်အကျွေးပြုရမှာလား” ာ
ညီမဖြစ်သူက ဘဝင်မကျသလိုမေးသည်။ထိုဘဝမျိုးကိုတော့ သူမကလက်မခံချင်ပေ ။
“မဟုတ်ဘူး”
အစ်မဖြစ်သူက ခေါင်းခါပြကာ ငြင်းပယ်လိုက်သည်။
“ကျေးဇူးဆပ်ဖို့ဆိုတာ တစ်စုံတစ်ယောက်ရဲ့ အစေခံဖြစ်လာဖို့မှ မဟုတ်တာ။ သူပေးတဲ့အကျိုးအမြတ်တွေက ကြီးမားတာမှန်တယ်၊ ဒါပေမဲ့ တစ်ဦးတစ်ယောက်တည်းကို အလုပ်အကျွေးပြုဖို့ ငါ့ရဲ့လွတ်လပ်မှုကို အဆုံးရှုံးမခံနိုင်ဘူး”
အစ်မဖြစ်သူက ရှေးဟောင်းနတ်ဘုရား အများစု၏ အတွေးကို ရိုးသားစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ဘီလီယံချီ ချမ်းသာပြီးသား သူဌေးတစ်ဦးကို အခြားသူဌေးကြီးတစ်ဦးက ဆယ်ဘီလီယံအထိ ချမ်းသာသွားအောင် ကူညီပေးလိုက်သည့်အခြေအနေနှင့်တူ၏။ထိုသို့ ကူညီပေးခဲ့လျှင်ပင် ပိုချမ်းသာလာသောသူဌေးသည် သူ၏လွတ်လပ်မှုကို စွန့်လွှတ်ပြီး ကူညီပေးသူ၏အစေခံဖြစ်လာရန် လိုလားမည်မဟုတ်ပေ ။ သူဌေးဖြစ်ခြင်း၏အရသာကို သူဌေးဖြစ်နေသူများကသာ သိ၏။ ထိုဘဝကို စွန့်လွှတ်ရန် မည်သည့်သူဌေးကမှ ဆန္ဒမရှိကြပါ။
“နားလည်ပါပြီ”
ညီမဖြစ်သူက အကြံအိုက်သလို သက်ပြင်းချလိုက်သည်။
“ဒါတွေကို အခု ဘာလို့ စဉ်းစားနေမှာလဲ။ ငါတို့ရဲ့ အဓိကရန်သူက မိစ္ဆာနတ်ဘုရားတွေပဲလေ။ အကယ်၍ ပျိယွမ်က သူတို့ကို လူသားလောကထဲကနေ မောင်းထုတ်နိုင်မယ်ဆိုရင်တော့ သူ့ကို အလုပ်အကျွေးပြုဖို့ ငါ ဝန်မလေးပါဘူး”
အစ်မဖြစ်သူက ပွင့်လင်းစွာ ဖွင့်ဟလိုက်သည်။
တစ်စုံတစ်ဦးကို အလုပ်အကျွေးပြုခြင်းသည် ကန့်သတ်ချက်များလွန်းလှ၏။ အကယ်၍ ကျိယွမ်က သူတို့ကို သစ္စာဖောက်လျှင်ပင် သူတို့က လိုက်ပါဆောင်ရွက်ရတော့မည် ဖြစ်ရာ ၎င်းကို သူမ လက်မခံနိုင်ပေ။ သူမသည် ကျိယွမ်ကို အလွန်ကျေးဇူးတင်သော်လည်း အရာအားလုံးကို စွန့်လွှတ်ရန်တော့ မလုံလောက်သေးပေ။
ညီအစ်မနှစ်ဦး၏စကားဝိုင်းကို သတိထားမိသောကြောင့် မှဲ့ကြီးနှင့်အတူ အခြားသူများကလည်း မေးဆတ်ပြပြီး ဘာတွေတိုင်ပင်နေသလဲဟု စပ်စုလာကြသည်။ ညီမဖြစ်သူက အစ်မ၏သဘောထားနှင့်အယူအဆကို အခြားသူများအား ပြန်လည်ပြောပြလိုက်ရာ ချင်းရွှေရွာသားဖြစ်ရန် စိတ်ကူးမှာ မှေးမှိန်သွားတော့သည်။ ဝမ်စုန်းမှလွဲ၍ အခြားရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်ကို နှစ်ပေါင်းတစ်ထောင်သာ အလုပ်အကျွေးပြုရန် ဆုံးဖြတ်လိုက်ကြ၏။
ဤသို့ဖြင့်အဖွဲ့သည် အတွေးကိုယ်စီဖြင့်တိတ်ဆိတ်စွာ ကျိယွမ်နောက်မှ လေထဲတွင် လိုက်ပါလာကြသည်။
“ဒါက သတ္တမအလွှာမှာ ရှိတဲ့ တစ်ခုတည်းသော မျှော်စင်လား”
အသက်ရှူကြိမ် တစ်ရာခန့် ကြာပြီးနောက် သူတို့အဖွဲ့သည် နောက်ဆုံးမျှော်စင်ရှေ့တွင် ရပ်လိုက်ကြသည်။ ထူးခြားသည်မှာ သတ္တမအလွှာသည် ကြီးမားကျယ်ပြန့်သော်လည်း ဤမျှော်စင်တစ်ခုတည်းသာ ရှိ၏။
“ဒီမှာ မိစ္ဆာနတ်ဘုရားရဲ့ အငွေ့အသက် ရှိနေတယ်... ခေတ်သစ်နတ်ဘုရားတစ်ပါး ဒီကို ရောက်ခဲ့တာပဲ”
ဝမ်စုန်းက လေးနက်သော အမူအရာဖြင့် သတိပေးသလို ပြောလိုက်သည်။
“မဟာအုပ်စိုးရှင်တစ်ပါးရောက်ခဲ့တဲ့ပုံပဲ... မောက်မာအရှင် များလား”
အစ်မဖြစ်သူ၏ မျက်နှာကလည်း တည်ကြည်သွားခဲ့သည်။
မောက်မာအရှင်ဟူသောအမည်ကို ကြားလိုက်ရချိန်တွင် အားလုံး၏နှလုံးသားများလေးလံလာကြသည်။ မောက်မာအရှင်သာမန်မဟာအုပ်စိုးရှင်တစ်ပါးမဟုတ်ပေ။
ဤနေရာသို့ရောက်လာသော ရှေးဟောင်းနတ်ဘုရားများက သူတို့၏ နတ်ဘုရားနယ်ပယ်မျိုးစေ့များကို နိုးထစေခဲ့သော်လည်း သူတို့၏ နယ်ပယ်များသည် သန္ဓေတည်အဆငိ့သာရှိသေးပြီး မောက်မာအရှင်လို အပြည့်အဝဖြစ်ပေါ်နေသော နတ်ဘုရားနယ်ပယ်ကိုတော့ မယှဉ်နိုင်သေးပေ။
“နေဦး...အငွေ့အသက်ပဲရတာဆိုတော့ သူတို့ ထွက်သွားကြပြီထင်တယ် ၊ အလောတကြီး ထွက်သွားတဲ့ပုံပဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား”
ရှေးဟောင်းနတ်ဘုရား မျှော်စင်ကိုသေချာစစ်ဆေးရင်းမှ မှတ်ချက်ချလိုက်၏။
အခြေအနေမှာ ထူးဆန်းနေသော်လည်း ကျိယွမ်ကတော့ ထိုကိစ္စကို လုံးဝဂရုမစိုက်ပေ။ သူ၏ အာရုံမှာ နောက်ဆုံးမျှော်စင်ပေါ်တွင်သာ ရှိနေသည်။
သူက မျှော်စင်ကို သေသေချာချာ လိုက်လံ ကြည့်နေပြီး သူ၏မျက်လုံးများကိုသုံးကာ သတင်းအချက်အလက်များကို ဖော်ထုတ်နေခဲ့သည်။အတန်ကြာသောပြီးနောက် အချက်အလက်တော်တော်များများရရှိသွားကာ စိတ်ပျက်လက်ပျက်ခေါင်းခါလိုက်သည်။
“ငါ့ရဲ့မျှော်လင့်ခြင်းလမင်းလေးရယ်၊မင်းတို့ဘဝကလည်း အရမ်းသနားဖို့ကောင်းတာပဲ”
သူက ရုတ်တရက်ကြီး စိတ်မကောင်းသလို ညည်းညူးလိုက်သည်။
“ဟင်၊ ဘာဖြစ်လို့လဲ နတ်ဘုရားအရှင်”
ညီမဖြစ်သူက နားမလည်စွာ မေးလိုက်ပြီး ကျိယွမ်အား အကံခတ်နေ၏။ယခုမျှော်စင်က ထူးဆန်းနေသဖြင့် အားလုံးက အနည်းငယ်စိုးရိမ်နေကြသည်။
“ဒီတံခါးကို ဖွင့်ဖို့ဆိုရင် ငါတို့ တစ်ခုခုကို... မီးရှို့ရမယ်”
ကျိယွမ်က ရှင်းပြသည်။
“ပြီးတော့ ငါတို့ မီးရှို့လို့ရတာဆိုလို့ သနားစရာကောင်းတဲ့ ငါ့ရဲ့မျှော်လင့်ခြင်းလမင်းလေးတွေပဲ ရှိတယ်လေ”
“အဲဒီတော့...အမှိုက်ပုံးထဲက ငါ့ရဲ့မျှော်လင့်ခြင်းလမင်းလေးတွေကို သွားပြန်ယူကြရအောင်။ ဘာမှ အလဟဿ မဖြစ်စေရဘူး”
ရှေးဟောင်းနတ်ဘုရားများသည် အနည်းငယ် ကြောင်သွားကြသော်လည်း ကျိယွမ်၏ ချင်ရွှေကျေးရွာမှ အလေ့အထများကို သိထားသဖြင့် ဤသည်မှာလည်း ထူးခြားသည်ဟု မထင်ကြတော့ပေ။
မကြာမီပင် နတ်ဘုရားများသည် ဖုန်းခွေနှင့် ထန်ကျွေတို့၏ အလောင်းများကို အမှိုက်ပုံးထဲမှ ပြန်ဆယ်ယူလာကြသည်။ ကျိယွမ်သည် မျှော်စင်တံခါးဝတွင် ပြင်းထန်စွာတောက်လောင်နေသော မီးလျှံများကို ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကအလောင်းနှစ်ခုပေါ်သို့ ကျရောက်သွား၏။
“ငါက နှလုံးသားမရှိလို့ မင်းတို့ကို ငြိမ်းငြိမ်းချမ်းချမ်း မနားစေချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေအရ ခေတ်သစ်မှာ မြှုပ်နှံလို့မရဘူး၊ မီးပဲ သင်္ဂြိုဟ်ရမယ်တဲ့။"
" ငါ တောင်းပန်ပါတယ်။ မင်းတို့ ကောင်းကောင်းအနားယူနိုင်ပါစေ။ ချင်းရွှေရွာကို ပြန်ရောက်ရင် မင်းတို့အတွက် သုံးရက်တိုင်တိုင် ထမင်းကျွေးပွဲ ကျင်းပပေးပါ့မယ်”
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် အလောင်းနှစ်ခုကို မီးတောက်ထဲသို့ ဖုန်းခနဲ ဖုန်းခနဲ ဂိုးသွင်းသလို ကန်သွင်းလိုက်သည်။
၎င်းကို ကြည့်နေသော ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်ကို ပို၍ ကြောက်ရွံ့လာကြသည်။
သူက ပါးစပ်က ဘုရား ဘုရား..လက်က ကားယားကားယားသမားပဲ ။ သတိကြီးကြီးထားရမယ်။
သူသည် အလွန်ရက်စက်တတ်သူ ဖြစ်ကြောင်း သံသယဝင်စရာမလိုတော့ပါ ။
ကျိယွမ်ကတော့ သူတို့အတွေးများကို မသိပါ ။ တံခါးဝမှမီးတောက်များကိုသာ စောင့်ကြည့်နေ၏။ အသက်ရှူကြိမ်ဆယ်ကြိမ်ခန့်အကြာတွင် မျှော်စင်တံခါးမှာ ဂျိမ်းခနဲ ဟုသည့် ကျယ်လောင်သောအသံကြီးနှင့်အတူ ပွင့်သွားခဲ့သည်။
ပွင့်ပြီလား ...မျှော်လင့်ခြင်းလမင်းတွေက ငါ့ကိုစိတ်မပျက်စေဘူးပဲ။
သို့သော် အထဲမှမြင်ကွင်းကိုမြင်သောအခါ သူ၏မျက်လုံးများပြူးကျယ်သွားသည်။
“ငါတို့ ရုပ်သေးနတ်ဘုရားတွေရဲ့ အသိုက်ထဲ ရောက်သွားတာလား”
မျှော်စင်အတွင်းတွင် မဟာအုပ်စိုးရှင်အဆင့် ရုပ်သေးနတ်ဘုရားများ အမြောက်အမြား ရှိနေသည်မဟုတ်ပါလား။သာမန်နတ်ဘုရားအစစ်ဟူ၍ တစ်ပါးမှမရှိပါ ။ မည်သည့်နေရာကိုကြည့်ကြည့် မဟာအုပ်စိုးရှင်အဆင့်များချည်းပင် ။
“ဒီမျှော်စင်ကတော့ နည်းနည်း ခက်ခဲလိမ့်မယ်”
ကျိယွမ်က သေသေချာချာစစ်ဆေးနေရင်းမှ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
ရှေးဟောင်းနတ်ဘုရားများ ကျောစိမ့်သွားကြ၏။ မျှော်စင်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော်လည်း ကျိယွမ်သည် တစ်ခါမျှ တုံ့ဆိုင်းခြင်း မရှိခဲ့ဖူးပေ။ ယခုမျှော်စင်အလှည့်မှာတော့ သူက သိသိသာသာ တုံ့ဆိုင်းနေခဲ့သည်။
ဤအရာသည် အမှန်တကယ်ပင် အန္တရာယ်ကြီးမားကြောင်း သက်သေပြနေ၏။
“နတ်ဘုရားအရှင်၊ ကျွန်တော်တို့ ထွက်သွားကြမလား”
“ဟုတ်တယ်၊ ကျွန်တော်တို့ အများကြီး ရခဲ့ပြီးပြီပဲ ၊ ဒီတစ်ခုကို လက်လွှတ်ရလို့ ဘာမှမဖြစ်ပါဘူး”
“ဘိုးဘွားနယ်မြေက ပြောင်သလောက် ရှိနေပြီ။ အကုန်လုံးယူတာက မသင့်တော်ဘူးမှတ်လား ၊ ဒီတစ်ခုကိုတော့ နောင်လာနောင်သားလေးတွေအတွက် ချန်ထားခဲ့ကြရအောင်”
"ဟုတ်တယ် ၊ ငါတို့အနေနဲ့တစ်ကိုယ်ကောင်းမဆန်သင့်ဘူး ၊ အရမ်းရှက်စရာဖြစ်သွားမယ် .."
ရွာလူကြီးယွီလီက မှဲ့ကြီးကို "အံမယ်."ဟူသော အကြည့်ဖြင့်ကြည့်လိုက်၏ ။
ခုနကတော့ သူတို့ပဲအလုအယက်ကောက်နေကြပြီးတော့ အခုမှ သူတော်ကောင်းလိုလို ဘာလိုလို စကားတွေ ။
ယွိလီနှင့်တကွ ချင်းရွှေရွာသားများကတော့ မည်သည်စောဒကစကားများ မတတ်ကြပါ ။ သူတို့က ကျိယွမ်အားယုံကြည်၏ ။ သူတို့နတ်ဘုရား၏ ဆုံးဖြတ်ချက်အတိုင်းသာ အကြွင်းမရှိလုပ်ဆောင်မည်ဖြစ်သည်။
ငါတိူ့ရဲ့နတ်ဘုရားက စကားပေါက်ကရတွေပြောတတ်ပေမဲ့ ငါ့ကိုကိုအန္တရာယ်ဖြစ်အောင်ဘယ်တော့မှ မလုပ်ဘူး ။
သူတို့ယုံကြည်ပါသည်။
“မပြန်ဘူး"
ကျိယွမ်က ရှေးဟောင်းနတ်ဘုရားများ၏ ကန့်ကွက်စကားများကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
သူသည် ယခုအချိန်ထိ စစ်မှန်နတ်ဘုရားအဖြစ် မရောက်ရှိသေးပေ။ သူ၏ ဗီဇစိတ်အရ ယခုခရီး၏အောင်မြင်မှုသော့ချက်မှာ ဤမျှော်စင်ထဲတွင် ရှိနေနိုင်သည်ဟု အလိုလိုခံစားနေရသည်။
“ရအောင်တက်မယ် ...ဒါပေမဲ့ အချိန်ကိုတွက်ရရင် အပေါ်ဆုံးကို ရောက်ဖို့ နှစ်နာရီလောက် အနည်းဆုံးကြာနိုင်တယ် ၊ အဲဒီထက်တောင် ပိုသွားနိုင်တယ်”
ကျိယွမ်၏ ခန့်မှန်းချက်ကိုကြားသောအခါ ဝမ်စုန်း မျက်လုံးပြူးသွားခဲ့သည်။
“နှစ်နာရီတောင်လား။ အဲဒီလောက် ကြာတာလား”
ယခင်မျှော်စင်များတွင် ကျိယွမ်သည် အပေါက်ဝ၌ ခေတ္တမျှသာ ရပ်ကြည့်ပြီး တစ်နာရီအတွင်းတက်နိုင်ခဲ့သည်များချည်းပင်။
သို့သော် ယခုတော့ နှစ်နာရီကြာမည်ဟု ပြောလာသဖြင့် သေချာပေါက် လွယ်ကူမနေမှန်း သိသာ၏။
"ဝမ်စုန်း ..မင်းက ဘာတွေအံ့သြနေတာလဲ ၊ အရင်ကဆို ပထမအလွှာက မျှော်စင်လေးတောင် ဒုတိယထပ်ကိုရောက်ဖို့ ၇ ရက်လောက်ကြိုးစားရတယ် ၊ အဲဒါတောင် မရောက်ဘူး "
"အခုက သတ္တမအလွှာကအခက်ဆုံးမျှော်စင်ကြီးကိုတောင် နှစ်နာရီကြာတာ ၊ ဒါကို ဘယ်လိုလုပ်ပြီးကြာတယ်ဆိုနိုင်မလဲ"
"ငါတို့ဘာသာဆို ၂ နာရီ မပြောနဲ့ နှစ် ၂၀၀ ကြာတောင် မတတ်နိုင်ဘူး "
အခြားသူများက မူလတွင်ထိန်လန့်နေသော်လည်း ကျိယွမ်က ၂ နာရီသာကြာမည်ဆိုသောအခါ စိတ်သက်သာရာ ရသွားကြသည်။
"ဟုတ်သား ..အရင်မျှော်စင်တွေက အရမ်းလွယ်နေတော့ အခြေအနေမှန်ကို ငါမေ့သွားတာ"
ကျိယွမ်ကတော့ သူတို့အားတစ်စုံတစ်ရာမှတ်ချက်မပေးခဲ့ပါ ။
“သွားကြစို့”
သူက စတင်ပြီးဦးဆောင်လိုက်သည်နှင့် ကျန်သောသူအားလုံးက နောက်ဆုံးမျှော်စင်ထဲသို့ လိုက်ပါသွားကြတော့သည်။
ပြောရလျှင် ယခုမျှော်စင်မှာ အခြားမျှော်စင်များနှင့် သိသိသာသာ ကွဲပြားနေသည်။ အခြားမျှော်စင်များမှာ ကောင်းမွန်စွာ ရှိနေသော်လည်း ဤတစ်ခုမှာမူ ပျက်စီးယိုယွင်းနေ၏။ အပျက်အစီးများ၊ ကွဲအက်နေသော ဦးထုပ်ဆောင်းများ၊ ပါးလွှာသော သံအပ်များနှင့် အမျိုးမျိုးသော ရတနာများကလည်း မလိုချင်မှအဆုံး နေရာအနှံ့ ပျံ့ကျဲနေသည်။
“ဒီမှာ ဘာကိုမှ မထိနဲ့၊ အရမ်းအန္တရာယ်များတယ်”
ကျိယွမ်က နောက်လိုက်များ၏ လောဘကိုသတိပြုမိပြီး အမြန်သတိပေးလိုက်သည်။
ခုနကတော့ နောင်လာနောင်သားတွေအတွက် ချန်မယ်ဆိုပြီး အခုတော့ လက်တပြင်ပြင်လုပ်နေကြတယ် ။
ထိုအခါမှ ရှေးဟောင်းနတ်ဘုရားများမှာ ရင်ထဲမှ လောဘစိတ်ကိုဘရိတ်အုပ်လိုက်ကြပြီး မည်သည့်အရာကိုမျှ မထိရဲကြပေ။ ကျိယွမ်က အန္တရာယ်ရှိသည်ဟု ဆိုလျှင် သေချာပေါက် အန္တရာယ်ရှိနေမည်မှာ သံသယရှိစရာမလိုပေ။
ကျိယွမ်၏ မျက်ခုံးများမှာ အဆက်မပြတ် လှုပ်ယမ်းနေ၏ ။ အတိတ်ကဆိုလျှင် နေရာတစ်နေရာရွေးရန် အသက်ရှူအကြိမ် ဆယ်ကြိမ်သာ ကြာသော်လည်း ယခုမူ တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာမြင့်သွားသည်။
“ငါ့နောက်က လိုက်ခဲ့ကြ”
အချိန်တစ်ခုကြာပြီးမှ ကျိယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးဖွင့်ကာ ပြောလိုက်သည်။
ထို့နောက် သူတို့အဖွဲ့သည် မျှော်စင်ပေါ်တွင် ထုံစံအတိုင်း တောင်ခုန်မြောက်ခုန်လုပ်ကာ အပေါ်ဆုံးသို့တက်ရန် ကြိုးစားကြတော့သည်။
အန္တရာယ်များသော်လည်း နောက်ဆုံးမှာတော့ သူတို့အားလုံးအပေါ်သို့ အောင်မြင်စွာရောက်ရှိခဲ့သည်။
ရောက်ပြီ ။
ဘယ်လိုရတနာတွေများရှိမလဲ ။
အားလုံး၏စိတ်ဓာတ်များတက်ကြွလာ၏။
အဆင့်မြင့်ဆုံးမျှော်စင်မှာ အဆင့်မြင့်ဆုံးရတနာရှိမှာပဲ။
သို့သော်သူတို့၏အတွေးများအားလုံးမှားယွင်နေကြောင်း ချက်ချင်းသိလိုက်ကြရ၏။
မျှော်စင်၏ အမြင့်ဆုံးအဆင့်မှာ မည်သည့်ရတနာမှမရှိပါ ။ ကြမ်းပြင်တစ်ခုလုံး ဗလာဖြစ်နေပြီး အလယ်နေရာတွင် တောက်ပနေသော သံချောင်းလေးတစ်ခုသာ ရှိလေသည်။
သောက်ခွေး..ဘာလဲဟ ။
နားဖါကလော်တံကို သေချာသိမ်းထားတာလား။
နတ်ဘုရားများနှင့်ရွာသားအားလုံး စိတ်ပျက်သွားကြသည်။ ဤမျှ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော်လည်း ဘာမှ ထူးထူးခြားခြား မရှိနေပေ။
သို့သော် ကျိယွမ်၏ မျက်လုံးများမှာ ထိုတောက်ပနေသော သံချောင်းပေါ်တွင်သာ စွဲမြဲနေသည်။ သူ၏ စိတ်ထဲတွင် သတင်းအချက်အလက်များ ပြည့်နှက်လာ၏။
[ပျောက်ဆုံးနေသော အလင်းချောင်း ၊ အထူးဖန်တီးမှု တစ်ခု။ ဤပစ္စည်းသည် သင့်အား အတိတ်သို့ ပြန်သွားစေပြီး လွန်ခဲ့သော ကာလများ၏ အဖြစ်အပျက်များကို ကြည့်ရှုခွင့် ပေးနိုင်သည်။
မှတ်ချက် ၁ - ဤပစ္စည်းကို အသုံးပြုခြင်းသည် သမိုင်းကို ပြောင်းလဲစေမည် မဟုတ်ဘဲ ကြည့်ရှုရန်အတွက်သာ ဖြစ်သည်။
မှတ်ချက် ၂ - အသုံးပြုရန် (၃) ကြိမ်သာ ကျန်တော့သည်။
မှတ်ချက် ၃ - မြင်ကွင်းတစ်ခုကို ရွေးချယ်ပြီးပါက ပြောင်းလဲ၍ မရနိုင်ပါ။
ဤနေရာ၏ ပျက်စီးယိုယွင်းမှုမှာ ဤပစ္စည်းကို အသုံးပြုခဲ့မှုနှင့် ဆက်စပ်နေနိုင်သည်။]
ကျိယွမ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
“အချိန်ခရီးသွားတာလား”
ဤသည်မှာ ပထမဆုံးအဖြစ် အချိန်ကာလနှင့် ဆက်စပ်သည့် ရတနာကို တွေ့ဆုံမှုပင် ဖြစ်သည်။ ယခင်က အချိန်ကို ဖြတ်သန်းခဲ့ဖူးပြီး သမိုင်းကိုပင် ပြောင်းလဲခဲ့ဖူးသော်လည်း ၎င်းမှာ ဂိမ်း၏ ဆုလာဘ်သာ ဖြစ်သည်။ ယခုမူ ဤအရာသည် ဂိမ်းမှပေးသောဆုလာဘ်မဟုတ်ဘဲ ဂိမ်းထဲက ပစ္စည်းတစ်ခု ဖြစ်နေသဖြင့် သူ အံ့သြမဆုံး ဖြစ်နေတော့သည်။
ပျောက်ဆုံးနေသော အလင်းချောင်းသည် ဂိမ်း၏ ဆုလာဘ်များကဲ့သို့ အစွမ်းမထက်ပေ။ အတိတ်ကို ကြည့်ရှုရုံသာ တတ်နိုင်ပြီး အတိတ်မှ အရာများကို ထိတွေ့ဆက်ဆံ၍ မရပေ။
သို့သော်ငြားလည်း ဤသည်မှာ အံ့မခန်းသော ရှေးဟောင်းပစ္စည်းတစ်ခုပင်မဟုတ်ပါလား ။
သူသည် ပျောက်ဆုံးနေသော အလင်းချောင်းကို စစ်ဆေးလိုက်ပြီးနောက် မျှော်စင်၏ နေရာအနှံ့ကို ကြည့်လိုက်သည်။
သတင်းအချက်အလက်များစွာ သူ၏စိတ်ထဲသို့ စီးဝင်လာပြန်သည်။
နောက်ဆုံးတွင် တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် ကျိယွမ် တော်တော်များများနားလည်သွားခဲ့လေပြီ။
“အဲဒါက ရှေးဟောင်းကာလရဲ့ အငွေ့အသက်တွေကို ဒီနေရာကို သယ်ဆောင်လာခဲ့တာပဲ။ အဲဒီအငွေ့အသက်တွေကြောင့် မောက်မာအရှင်က စစ်မှန်နတ်ဘုရားအဖြစ် တက်လှမ်းနိုင်ခဲ့တာကိုး”
ရှေးဟောင်းကာလတွင် ကောင်းကင်တိုင်လုံးကြီး မကျိုးပျက်သေးချိန်၌ မည်သူမဆို အထူးရတနာများ မလိုဘဲ နတ်ဘုရားအဖြစ် တက်လှမ်းနိုင်ခဲ့ကြသည်။ ပျောက်ဆုံးနေသော အလင်းချောင်းသည် ၎င်း၏ ထူးခြားသော သဘောသဘာဝကြောင့် ရှေးဟောင်းအတိတ်သို့ ပြတင်းပေါက်တစ်ခု ဖွင့်ပေးခဲ့ပြီး မောက်မာအရှင်က ထိုအငွေ့အသက်ကို အသုံးပြုကာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်မှာတော့ ထိုအငွေ့အသက်မှာ ကုန်ခမ်းသွားပြီ ဖြစ်၏။ ယခုအခါ စစ်မှန်နတ်ဘုရားအဖြစ် တက်လှမ်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ပျောက်ဆုံးနေသော အလင်းချောင်းကို အသုံးပြုပြီး ရှေးဟောင်းကာလသို့ ခရီးသွားရန်သာရှိတော့သည်။
ထိုရှေးဟောင်းကာလတွင် သူတို့သည် စစ်မှန်နတ်ဘုရားများ ဖြစ်လာနိုင်လိမ့်မည်။
သို့သော် အတိတ်သို့ပြန်ရောက်သွားလျှင်ပင် သူတို့သည် ကြည့်ရှုသူများသာ ဖြစ်ကြပြီး သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် ထိတွေ့၍ မရသလို သက်ရှိသက်မဲ့များကိုလည်း ထိတွေ့မရနိုင်ပေ ။ ထိုနေရာ၌ သူတို့သည် သမိုင်းကို လာရောက်ကြည့်ရှုသည့် ခရီးသွားများသာ ဖြစ်နေလိမ့်မည်။
ကံကောင်းသည်မှာ သူတို့သည် ထိုရှေးဟောင်းအငွေ့အသက်ကို အသုံးပြုကာ နတ်ဘုရားအဖြစ် တက်လှမ်းနိုင်မည့်အခွင့်အရေးရှိခြင်းပင်။
“ဒါဆို ဒါက နည်းပညာချို့ယွင်းချက် တစ်ခုလား”
ကျိယွမ်က ပျောက်ဆုံးနေသော အလင်းချောင်းကို ကိုင်ကာ ဖြစ်နိုင်ချေအားလုံးကို တွေးနေမိသည်။
အချို့သူများအတွက်မူ ပျောက်ဆုံးနေသော အလင်းချောင်းသည် ရှေးဟောင်းသမိုင်းကို လေ့လာစူးစမ်းသည့် ကိရိယာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျိယွမ်အတွက်မူ ၎င်းသည် စစ်မှန်နတ်ဘုရားအဖြစ် တက်လှမ်းမည့် တစ်ခုတည်းသော မျှော်လင့်ချက်ဟု ဆိုရပေမည်။
ကျိယွမ်က ဆုံးဖြတ်ချက်ချကာ အလင်းချောင်းကို စိတ်စွမ်းအင်ပို့လိုက်၏။
လာစမ်း..။
ကြုံးဝါးသံနှင့်အတူ သူ၏လက်ထဲမှအလင်းချောင်းကို အသက်သွင်းလိုက်သည်။
သို့သော်.....
“ဘာလားဟ ... ဒါကို အသက်သွင်းလို့ မရပါလား”
ကျိယွမ် မျက်လုံးပြူးသွားလေပြီ။
ပျောက်ဆုံးနေသော အလင်းချောင်းမှာ လက်ဖဝါးပေါ်တွက် လုံးဝငြိမ်သက်နေပြီး အလုပ်မလုပ်ပေ။
“ဒီလို ရတနာမျိုးက လူတိုင်း အသုံးပြုလို့ရတာ မဟုတ်တာ သေချာပါတယ်”
ကျိယွမ်က ထိုသော့ခတ်မှုကို မည်သို့ဖွင့်ရမည်ကို အသည်းအသန်စဉ်းစားရတော့သည်။
၎င်းမှာ ဘိုးဘွားနယ်မြေရှိ မူလနေထိုင်သူများသာ အသုံးပြုနိုင်သည့် အရာများဖြစ်နေမလား။
ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။
“တစ်ခါတလေကျရင် ကံကောင်းဖို့က အဓိကပဲ”
သူသည် သူ၏ သိုလှောင်အိတ်ထဲမှ သွေးရောင်ရှိသော ကျောက်စိမ်းရွက်လေးကို ထုတ်ယူလိုက်သည်။ ထိုအရွက်မှာ မိန်းကလေးငယ်လေးတစ်ဦးက ပေးခဲ့ခြင်းဖြစ်ပြီး လူသားလောကတွင် သူ၏ကံကြမ္မာကို မြှင့်တင်ပေးမည်ဟု ဆိုသည်။
ကျောက်စိမ်းရွက်ကို ဝတ်ဆင်ပြီးနောက် ကျိယွမ်သည် ပျောက်ဆုံးနေသော အလင်းချောင်းကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်၏။
ပွင့်စမ်းကွာ..။
ဤတစ်ကြိမ်မှာတော့ စက်ရုပ်ဆန်သော အသံတစ်ခု သူ၏စိတ်ထဲတွင် ဟိန်းထွက်လာ၏။
“သတ်မှတ်ချက်များ ပြည့်မီပါပြီ။ အခုပဲ ခရီးစဉ်ကို စတင်လိုပါသလား”
"အတိတ်ခရီးစဉ်သည် ယခုအချိန်မှစ၍ တစ်နာရီ၏ လေးပုံတစ်ပုံအတွင်း စတင်ပါမည်”
“သတ်မှတ်ချက် ပြည့်မီသွားတာလား”
ကျိယွမ် အံ့သြသွားပြီး သွေးရောင်ကျောက်စိမ်းရွက်ကို သေသေချာချာကြည့်မိသွားသည်။ ကျောက်စိမ်းရွက်ပေးခဲ့သော မိန်းကလေးမှာ ဘိုးဘွားနယ်မြေ မူလနေထိုင်သူများ၏ မျိုးဆက် ဖြစ်နေနိုင်သလား။
ထို့ကြောင့်ပင် သူသည် သတ်မှတ်ချက်များနှင့် ကိုက်ညီသွားခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း အသက်သွင်းပြီးသည်နှင့် ပျောက်ဆုံးနေသော အလင်းချောင်းကို ပိတ်၍မရတော့သည့်ပုံရှိ၏။
ဆိုလိုသည်မှာ နောက်ထပ် ၁၅ မိနစ်အတွင်း သူသည် အတိတ်သို့ ခရီးစတင်ရတော့မည် ဖြစ်သည်။
“မဆိုးပါဘူး”
ကျိယွမ်က သူ၏ကံကောင်းမှုအတွက် ပြုံးလိုက်မိသည်။
ဘိုးဘွားနယ်မြေသို့ လာခဲ့သည့် ဤခရီးမှာ အလွန်တန်ဖိုးရှိလှသည်မဟုတ်ပါလား။
သူသည် နဂါးနိုင်သူတော်စင် ၊ ကျားနိုင်သူတော်စင်နှင့် ရွာသားရှစ်ယောက်ကို
ကြည့်လိုက်သည်။
“ဒါက ငါ အလဟဿ အဖြစ်မခံနိုင်တဲ့ အခွင့်အရေးပဲ”
ရှေးဟောင်းကာလသို့ရောက်လျှင် စစ်မှန်နတ်ဘုရားများအဖြစ် အားလုံးတက်လှမ်းနိုင်မည် ဖြစ်သည်။ ယခုအချိန်တွင် မိစ္ဆာနတ်ဘုရားစွမ်းအားများကို အသုံးပြုကာ အစွမ်းထက်သော နတိဘုရားပုံရိပ်များကိုဖန်တီးပြီး ထိုရွာသားရှစ်ယောက်ကို အဆင့်မြှင့်ပေးရတော့မည့် အချီန်ပင်။
ထို့နောက် သူတို့အားလုံးသည် ရှေးဟောင်းကာလသို့ အတူတကွသွားကာ နတ်ဘုရားအဖြစ် တက်လှမ်းကြရမည် ။
“ဒီမှာ ခဏစောင့်ကြဦး။ ငါ နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်ပြီးရင် ပြန်လာခဲ့မယ်”
ကျိယွမ်က ကောကါကာငင်ကာ ပြောလိုက်သည်။
ရွာလူကြီးယွိလွီ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ကျူးရှိကျုံးမှာမူ အလွန်ဝမ်းသာသွားပြီး " ဟားဟားဟား၊ ငါ့အချိန် ရောက်လာပြီဟေ့” ဟု အားရဝမ်းသာ ထအော်လိုက်သည်။
ကျန်သောရွာသားများမှာလည်း မျှော်လင့်ချက်များဖြင့် တောက်ပလာကြ၏။
ယခုအချိန်မျိုးတွင် သူတို့နတ်ဘုရားအရှင်က ပုံရိပ်ဖော်မည့် နည်းစနစ်များကို မည်သူ့အား ပေးမည်နည်းဆိုသည်မှာ ခန့်မှန်းနေစရာပင် မလိုတော့ပါ။
ငါတို့ကို မပေးလို့ ဘယ်သူ့ပေးရမှာလဲ။
နတ်ဘုရားမဟုတ်တာဆိုလို့ ငါတို့ပဲရှိတော့တာ။
သို့သော် ရှေးဟောင်းနတ်ဘုရားများမှာတော့ ကြောင်တောင်တောင် ဖြစ်နေကြသည်။
“သူက ဘာလို့ အခုမှထပြီး နတ်ဘုရားပုံရိပ်ဖော်ဖို့ ကြိုးစားနေတာလဲ”
သူတို့ မည်သို့မှ နားမလည်နိုင်ကြပေ။
အန္တရာယ်အလွန်များသော ဘိုးဘွားနယ်မြေတွင် နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်ရန် ကြိုးစားခြင်းမှာ အဆင်အခြင်မဲ့ရာ ရောက်လှသည်။
အခုအချိန်မှာ သာမန် သို့မဟုတ် ရှားပါးအဆင့်နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်နိုင်ခြင်းက ဘာထူးမှာလဲဟု သူတို့ တွေးနေကြတော့သည်။
------------------
စာစဥ်အရမ်းကြာသွားတာတောင်းပန်ပါတယ်ခင်ဗျာ ၊ နောက်စာစဥ်တွေ ပုံမှန်ပြန်ထွက်ပါမယ်ခင်မျ