မျက်စိသုံးလုံးကျား၏ တွက်ချက်မှု
Vol. 4 Ch. 31
ဖေးထုံကျိုးသည် မိမိ၏စွမ်းအားများကို လေဟာနယ်ထဲသို့သာ အလဟဿ ထုတ်လွှတ်နေမိကြောင်း သတိပြုမိသွား၏။
သို့သော်လည်း ဂုဏ်သရေရှိ အကြီးအကဲတစ်ဦးဖြစ်သည့်အားလျော်စွာ အရှက်ရမှုကို ဖုံးကွယ်နိုင်စွမ်းမှာ အထူးကောင်းမွန်လှပေသည်။
ပရမ်းပတာတိုက်ခိုက်မှုများကို ထပ်မံပြုလုပ်ပြီးနောက် သူသည် ခန်းမအမိုးပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့သည်။
"ဒီလူအိုကြီးရဲ့ တိုက်ခိုက်မှုအောက်မှာ အဲ့ဒီရန်သူတွေဟာ မြေအောက်ကို ထွက်ပြေးသွားကြပြီ"
"သူတို့က ဒီလူအိုကြီးကို တောင်ပေါ်ကနေမျှားထုတ်ပြီး မင်းတို့ကို အပြတ်ရှင်းဖို့ ကြံစည်နေမှာကို စိုးရိမ်လို့သာပေါ့............. မဟုတ်ရင်တော့ သူတို့နောက်ကို ငရဲပြည်အထိ လိုက်သတ်မိမှာအမှန်ပဲ"
မီးလျှံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် လူအများမဟုတ်ကြ။
သူသည် ယခုလေးတင်ပြုလုပ်ခဲ့သောအမှားကို ဖုံးကွယ်ရန်အတွက် ဤသို့ပြောဆိုနေခြင်းဖြစ်ကြောင်း သူတို့ မသိဘဲမနေပေ။
အမှန်စင်စစ် အခြားရန်သူဟူ၍ မရှိတော့ဘဲ ထိုအဖိုးကြီး အနားယူသင့်ပြီဟုသာ သူတို့ စိတ်ထဲတွင် ကျိန်ဆဲနေကြသော်လည်း ပါးစပ်မှမူ လိုက်လျောညီထွေပြောဆိုရလေသည်။
"မှန်ပါတယ်... မှန်ပါတယ်... အကြီးအကဲရဲ့ မြော်မြင်နိုင်စွမ်းကတော့ အပြစ်ပြောစရာ မရှိအောင်ကို ထူးချွန်ပါတယ်"
"တကယ်ကို ပင်ပန်းခံပြီး ကြိုးစားပေးတာပဲ"
"ကျွန်တော်တို့ မီးလျှံကောင်းကင်ဂိုဏ်းဟာ ချီရီဂိုဏ်းရဲ့ စောင့်ရှောက်မှုကို ရရှိထားတာ တကယ်ကို ကံကောင်းလှပါတယ်..."
ဗုံးကြဲခံထားရသကဲ့သို့ပျက်စီးနေသော တောင်ထိပ်များကိုကြည့်ပြီး လူတိုင်း ရင်ထုမနာဖြစ်နေကြရသည်။
ထိုတောင်ထိပ်များသည် ပင်မတောင်ထိပ်ကိုဝန်းရံထားပြီး ခန်းမဆောင်များ သို့မဟုတ် ဝိညာဉ်အစီအရင်များ၏ အချက်အချာကျသောနေရာများ ဖြစ်ကြသည်။
ယခု အားလုံးပျက်စီးသွားပြီဖြစ်ရာ ပြန်လည်တည်ဆောက်ရန်အတွက် အချိန်နှင့် လုပ်အား မည်မျှပေးရမည်ကိုပင် မခန့်မှန်းနိုင်တော့ပေ။
ထိုအချိန်တွင် ကျန်းချန် အသက်ပြန်ရှင်လာသည်.....................
"ဟင်... သူ... သူက ဘယ်လိုလုပ် မသေသေးတာလဲ"
ကျန်းချန် ပျံသန်းလာသည်ကို မီးလျှံကောင်းကင်ဂိုဏ်းချုပ် ရှထိုက်က အရင်ဆုံးမြင်လိုက်ရသည်။
"ဘာ"
ဖေးထုံကျိုး ရုတ်တရက်လှည့်ကြည့်လိုက်ပြီး ရှုံ့မဲ့သွား၏။
သူ လေဟာနယ်ကို အကြိမ်ပေါင်းများစွာတိုက်ခိုက်နေခဲ့သော်လည်း အစောပိုင်းက သူကိုယ်တိုင် သတ်လိုက်သောသူမှာ မသေဘဲရှိနေသည်ဖြစ်ရာ မျက်နှာလုံးဝပျက်ရလေပြီ။
"စလိုက်ရအောင်။"
မျက်စိသုံးလုံးကျားက ပျင်းရိစွာပြောလိုက်သည်။ မိမိအား အတင်းအကျပ်ခိုင်းစေနေသကဲ့သို့ ခံစားနေရသော်လည်း မည်သို့မျှ ခုခံနိုင်စွမ်းမရှိသဖြင့် အရှုံးပေးလိုက်ရ၏။
"သူတို့ကို အပြတ်ရှင်းလိုက်တော့။"
ကျန်းချန်ကလည်း သက်ပြင်းချရင်း ၎င်း၏အခြေအနေကို စာနာဟန်ပြလိုက်သည်။
မျက်စိသုံးလုံးကျားသည် အမိန့်ကိုလက်ခံလိုက်ပြီး ဝိညာဉ်စွမ်းအင်လှိုင်းများကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်လိုက်သည်။
လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏....................
ဝိညာဉ်အခြေတည်အဆင့် ၄ ရှိသော ဖေးထုံကျိုးသည်ပင် အခြားသူများနည်းတူ သူ၏ ဝိညာဉ်၊ သွေးကြောများနှင့် ဝိညာဉ်ပင်လယ်တို့ တစ်စစီချေမှုန်းခံလိုက်ရသည်။ ညည်းညူသံပင်မထွက်နိုင်ဘဲ အားလုံးပြီးဆုံးသွားခဲ့သည်.........................
ထို့နောက် ကျန်းချန်က ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဆရာကြီး၊ ပင်ပန်းသွားပါပြီ။"
"အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း ဒီလိုမဖြစ်စေချင်ပါဘူး..."
မျက်စိသုံးလုံးကျားသည် ဒေါသတကြီးဟိန်းဟောက်လာနိုင်သော်လည်း ၎င်းသည် ကျန်းချန်အား ရန်မပြုနိုင်သဖြင့် ကြောက်စရာမရှိပေ။
သို့သော် အံ့သြစရာကောင်းသည်မှာ ဤတစ်ကြိမ်တွင် ကျားကြီးသည် ဒေါသမထွက်ပေ။
၎င်းသည် သက်ပြင်းတစ်ချက်ချကာ ကျန်းချန်၏ရှေ့သို့ ဖြည်းညင်းစွာ ပျံသန်းလာခဲ့သည်။
"ညီလေး.............. ငါ့ကို အမှန်အတိုင်းပြောစမ်း၊ မင်းမှာ ဆင့်ခေါ်အဆောင် ဘယ်နှစ်ခုတောင်ရှိတာလဲ........"
"ပြီးတော့ တခြား မိစ္ဆာတစ်ကောင်ကို ပြောင်းပြီးခေါ်လို့မရဘူးလား............... ဘာလို့ အမြဲတမ်း ငါပဲဖြစ်နေရတာလဲ...................."
၎င်းသည် စိတ်ပျက်အားလျော့စွာ မေးမြန်းနေခြင်းဖြစ်သည်။
*နဂါးဘုရင်က မသန်မာဘူးလား................*
*မျောက်ဘုရင်ကရော မထက်မြက်ဘူးလား..............*
*ပြီးတော့ ယုန်ဘုရင်မဆိုရင်လည်း လှတာပဲ မဟုတ်လား...............*
*မေတ္တာကို ခွဲဝေပေးစမ်းပါ...*
အဘယ်ကြောင့် အမြဲတမ်း သူပဲဖြစ်နေသည်ကို ကျန်းချန်မည်သို့သိမည်နည်း။
၎င်းမှာ စနစ်၏စီစဉ်မှုသာဖြစ်သည့်အတွက် ရမ်းသန်း၍ပြန်ပြောလိုက်သည်။
"ခင်ဗျားက ကျွန်တော့်လိုပဲ ရုပ်ချောနေလို့ ဖြစ်မှာပေါ့၊ ဒါကို ဆွဲဆောင်မှုချင်းတူတယ်လို့ ခေါ်တာလေ......"
ထိုစကားကြောင့် မျက်စိသုံးလုံးကျားမှာ ဆွံ့အသွားပြီး ကျန်းချန်အား အသေအချာကြည့်လိုက်သည်။
၎င်းသည် လူသားဖြစ်စေ၊ မိစ္ဆာဖြစ်စေ မည်သူမျှအပြစ်မဆိုနိုင်အောင် ချောမောသူဖြစ်ကြောင်း ဝန်ခံလိုက်ရ၏။
သို့သော် စရိုက်ချင်းတူသည်ဆိုသည်မှာမူ အရှက်မရှိခြင်းတစ်ခုသာ တူညီကြောင်း သေချာသိလိုက်ပေသည်။
"မင်း အမြင်ရှိတာကိုတော့ ငါလက်ခံပါတယ်၊ ဒါပေမဲ့ ရုပ်ချောတဲ့ မိစ္ဆာတွေဟာ ပိုပြီး အလုပ်များတတ်တယ်ဆိုတာ မင်းသိမှာပါ။ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်..." (ယုန်မလေးတွေ စောင့်နေကြတယ်............)
"နောက်ဆိုရင် အရေးမကြီးရင် ငါ့ကိုမခေါ်ပါနဲ့တော့..."
မိစ္ဆာများသည် ကြမ်းတမ်းပြီး တိုက်ခိုက်လိုစိတ်ရှိသူများဖြစ်သော်လည်း ယခုမူ မိစ္ဆာဘုရင်တစ်ပါးက လူသားတစ်ဦးအား အေးအေးဆေးဆေးနေရန် တောင်းပန်နေခြင်းမှာ အလွန်ထူးဆန်းလှပေသည်။
"ဒါက ကျွန်တော့်ဆန္ဒနဲ့မဆိုင်ဘူးဗျ၊ တားဆီးလို့မရတဲ့ ကိစ္စမို့လို့ပါ..."
ကျန်းချန်စကားမဆုံးခင်မှာပင် မျက်စိသုံးလုံးကျားသည် ခေါင်းခါရင်းထွက်ခွာသွားလေတော့သည်။
မီးလျှံကောင်းကင်ဂိုဏ်းမှပစ္စည်းများကို သိမ်းကျုံးယူပြီးနောက်တွင် သူ၏အမှတ်များမှာ ၆,၆၀၀ သို့ ရောက်ရှိသွားသည်။ သူ၏အောင်မြင်မှုကို ကျေနပ်စွာဖြင့် တည်နေရာရွှေ့ပြောင်းခြင်းစနစ်ကို နှိပ်လိုက်ရာ ရုတ်တရက်ပျောက်ကွယ်သွားလေတော့သည်။
အဝေးမှချောင်းကြည့်နေသော မျက်စိသုံးလုံးကျားမှာ အံ့သြလွန်း၍ မျက်လုံးပြူးသွား၏။
သူသည် ကျန်းချန်ကို နောက်ယောင်ခံလိုက်ရန် ကြံစည်ထားသော်လည်း ယခုမူ ဘယ်လိုမှမရှာနိုင်တော့ပေ။
သို့သော် မိစ္ဆာဘုရင်တစ်ပါးဖြစ်သည့်အားလျော်စွာ သူ၏ဝိညာဉ်အာရုံကိုဖြန့်ကျက်လိုက်လျှင် ချင်လန်စီရင်စုတစ်ခုလုံးရှိ သက်ရှိများအားလုံး ၎င်း၏အာရုံထဲသို့ရောက်ရှိလာခဲ့သည်။
"တွေ့ပြီ"
"မင်းအဖိုး လာခဲ့မယ်...... စောင့်နေလိုက်"
မျက်စိသုံးလုံးကျားသည် ကျန်းချန်ကိုရှာတွေ့သွားသဖြင့် ယုတ်မာစွာပြုံးလိုက်သည်။
ကျန်းချန် ဖေးရှန်ဂိုဏ်းသို့ပြန်လည်ရောက်ရှိချိန်တွင် သူ့တပည့်များ၏ ချီးမွမ်းခန်းများကို သာယာစွာ နားထောင်နေလေတော့သည်။
"အံ့သြစရာပဲ................ ဂိုဏ်းချုပ်က တစ်ရက်တည်းနဲ့ ဂိုဏ်းသုံးဂိုဏ်းကို အမြစ်ဖြတ်နိုင်ခဲ့တာလား......"
"ဒါက ဘယ်လို စွမ်းအားမျိုးလဲ..... ကျွန်တော်တို့ ဂိုဏ်းချုပ်ရှိနေသရွေ့ ကျွန်တော်တို့ဂိုဏ်း ကြီးပွားတိုးတက်ဖို့ မပူရတော့ဘူး...."