← Chapters

နောက်တစ်ကြိမ်လား

Vol. 4 Ch. 39

နောက်တစ်ကြိမ်လား

Vol. 4 Ch. 39

တွမ့်မူဟုန်သည် ကိုယ့်ကိုယ်ကိုယ်သံသယဝင်လာတော့သည်။

သွေးပြောင်းလဲခြင်းဓားဖြင့် အခုတ်ခံရရုံမက ဝိညာဉ်စင်မြင့်၏ဖိနှိပ်မှုကြောင့် နတ်ဝိညာဉ်ပါ ချေမှုန်းခံထားရသည့်အတွက် ထိုပစ်မှတ်မှာ သေသည်ထက်ပင် ပို၍သေသင့်နေပြီဖြစ်၏။

အံ့ဖွယ်ဝိညာဉ်ဆေးလုံးများဖြင့် ပြန်လည်ရှင်သန်လာနိုင်ခြေကိုမူ....... မည်သို့မျှ မဖြစ်နိုင်....

ထိုသို့သော အခြေအနေမျိုးတွင် မဟာရွှေအင်မော်တယ်ပင် သူ့ကို အသက်ပြန်သွင်းနိုင်မည်မဟုတ်။

“မှန်ပါတယ်၊ ကျွန်တော်တို့လည်း မြင်လိုက်ရတာပဲ။”

အကြီးအကဲများသည် တွမ့်မူဟုန်အပေါ် သံသယမရှိကြချေ။

အကြောင်းမှာ ထိုစဉ်က အဝေးရောက် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကျန်းချန် မည်သို့သေဆုံးသွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။

“ဒါက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။”

“သူက အဲဒီတုန်းက သေချင်ယောင်ဆောင်ခဲ့တာများလား။”

“ငါတို့သာ အလောင်းကိုစစ်ဆေးခဲ့ရင်ကောင်းသား...”

အကြီးအကဲများက သူမှားသည်ဟု အပြစ်မဆိုကြသော်လည်း တွမ့်မူဟုန်မှာမူ မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိ၏ဂုဏ်သိက္ခာကို စိန်ခေါ်ခံနေရသကဲ့သို့ ခံစားရကာ အရှက်ရနေမိသည်။

ကိုယ့်ကိုယ်ကိုယ်ပင် သံသယဝင်လာမိသည်.......

ပစ်မှတ် အမှန်တကယ်သေဆုံးခြင်း ရှိ၊ မရှိ သေချာမစစ်ဆေးဘဲ ပေါ့ဆစွာဆုတ်ခွာခဲ့မိလေသလား။

အကယ်၍ သူသာ နောက်ဆုံးတစ်ချက် ထပ်မံနှိမ်နင်းခဲ့ပါက ယခုကဲ့သို့ပြဿနာများ ရှိလာတော့မည် မဟုတ်ချေ။

“သူအသက်ရှင်နေသေးတယ်ဆိုမှတော့ ဒီလူအိုကြီးကပဲ သူ့ကို နောက်တစ်ကြိမ် ထပ်သတ်ရတော့မှာပေါ့”

သူ၏မျက်နှာမှာ ဒေါသကြောင့်ပြာနှမ်းနေပြီး တစ်စုံတစ်ဦးကို ဝါးမျိုတော့မည့်အလား စိုက်ကြည့်နေသည်။

“သူ့ကို သတ်လို့မရဘူးဆိုတာ ငါမယုံဘူး”

“ဟင်....”

“နောက်တစ်ခေါက် ထပ်သွားဦးမလို့လား။”

ဤတစ်ကြိမ်တွင် တွမ့်မူဟုန်သည် သွေးပြောင်းလဲခြင်းဓားကိုပင် ယူဆောင်မသွားတော့ဘဲ တိုက်ရိုက် ပျံသန်းထွက်ခွာသွားလေသည်။

သူက အေးစက်သော စကားတစ်ခွန်းကိုသာ ချန်ရစ်ခဲ့သည်....................

“ငါ တွမ့်မူဟုန် သေစေချင်တဲ့ ဘယ်သူမဆို နောက်တစ်နေ့ရဲ့ နေရောင်ခြည်ကို မမြင်ဖူးသေးဘူး”

ကျန်းချန်အနေဖြင့် မကြာမီလေးတင် သူ့ကိုသတ်ခဲ့သူက ယခုလိုရန်ငြိုးဖွဲ့နေလိမ့်မည်ဟု သိနိုင်မည်မဟုတ်ပေ။

ချီရီဂိုဏ်း၏ မိုင်ရှစ်ထောင်အကွာအဝေး ရောက်သောအခါ နောက်တစ်ကြိမ် တိုက်ခိုက်ခံရပြန်သည်။

ဤတစ်ကြိမ်တွင် တွမ့်မူဟုန်သည် သူ့ကို ကြားဖြတ်တိုက်ခိုက်ရန် အလွန်လျင်မြန်စွာ ရောက်ရှိလာခြင်းဖြစ်ပြီး နှစ်ဖက်လုံး ထိပ်တိုက်တိုးမိကြလေ၏။

သွေးပြောင်းလဲခြင်းဓားကို ယူဆောင်မလာသော်လည်း နှစ်ဦးဆုံတွေ့သည်နှင့်တစ်ပြိုင်နက် တွမ့်မူဟုန်သည် တွမ့်မူမိသားစု၏ အမြင့်ဆုံးသတ်ကွင်းဖြစ်သော မီးတောက်ချုပ်နှောင်ဓားကွက်ကို ထုတ်သုံးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ထိုနေရာတစ်ဝိုက်မှာ မှောင်အတိကျသွားလေသည်။

တစ္ဆေဝိညာဉ်အငွေ့အသက်များ ဖုံးလွှမ်းသွားပြီး ကိုယ်တွင်းမှ အေးစက်လှသော အအေးဓာတ်များ စိမ့်ထွက်လာကာ ဝိညာဉ်မီးလျှံကို ငြှိမ်းသတ်ရန် နတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်ဝင်ရောက်လာသည်။

ဤဓားသိုင်းသည် ချီရီဂိုဏ်း၏ နေမီးတောက်ဓားသိုင်းကို တန်ပြန်ရန်အတွက် တွမ့်မူမိသားစုမှ အထူးထုတ်ဖော်ထားခြင်းဖြစ်သည်။

သို့သော် ယခု၏ ကျန်းချန်မှာ လွန်ခဲ့သောတစ်နာရီက ကျန်းချန် မဟုတ်တော့ပေ။

ဝိညာဉ်အခြေတည်အဆင့် ၆ ကို ရောက်ရှိနေပြီဖြစ်ရာ တွမ့်မူဟုန်၏ အဆင့် ၅ ထက် တစ်ဆင့် မြင့်နေလေပြီ။

ပို၍အရေးကြီးသည်မှာ တွမ့်မူဟုန်၏ ဤဓားသိုင်းပညာကို သူ အလွန်ရင်းနှီးနေခြင်းဖြစ်သည်။ အလွန့်အလွန် ရင်းနှီးနေသည်....................

မကြာသေးမီက စနစ်မှပေးအပ်ခဲ့သော ပြန်လည်ရှင်သန်ခြင်း ဆုလာဘ်များထဲတွင် မီးတောက်ချုပ်နှောင်ဓားကွက်မှာလည်း တစ်ခုအပါအဝင် ဖြစ်နေသည်မဟုတ်ပါလား။

ထို့နောက် သူ၏ဝိညာဉ်ဓားကို ကျွမ်းကျင်စွာထုတ်ယူ၍ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

ခဏချင်းမှာပင် ထိုနေရာတစ်ခုလုံးသည် ပို၍ အေးစက်ခြောက်ခြားဖွယ်ကောင်းသော တစ္ဆေဘုံကဲ့သို့ ဖြစ်သွားလေ၏။

အမှန်အတိုင်းဆိုရသော် တွမ့်မူဟုန်ကိုယ်တိုင်ပင် သရဲမြင်နေရသကဲ့သို့ ခံစားနေရသည်။

တစ်ချက်တည်းဖြင့် အလွယ်တကူ အဆုံးသတ်နိုင်မည်ဟု သူထင်မှတ်ခဲ့သော်လည်း ရလဒ်မှာ...........

ကျန်းချန်သည် မတုန်မလှုပ် ခုခံနိုင်ရုံသာမက တွမ့်မူမိသားစု၏ ကိုယ်ပိုင်ဓားသိုင်းကိုပင် ပြန်လည် အသုံးပြုနေခြင်း ဖြစ်သည်။

ထိုဓားသိုင်းကို အသုံးပြုရုံသာမက ဓားသိုင်းအဆင့်အတန်းမှာလည်း သူ့ထက်နိမ့်ကျမနေပေ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...................

တွမ့်မူမိသားစုတွင် ဓားသိုင်းပေါင်းများစွာ ရှိသော်လည်း ဤ မီးတောက်ချုပ်နှောင်ဓားကွက်ကို တိုက်ရိုက်မျိုးဆက်များကိုသာ သင်ကြားပေးခြင်းဖြစ်သည်။

မိသားစုခွဲများမှ အကြီးအကဲအချို့ပင်လျှင် သင်ယူခွင့်မရရှိကြချေ။

ထို့အပြင် တိုက်ရိုက်မျိုးဆက်များထဲတွင်ပင် ဤဓားသိုင်းကို အဆင့် ၆ အထိ လေ့ကျင့်နိုင်သူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။

သို့သော် ယခု သူ၏ရှေ့မှ ကျန်းချန်မှာမူ အဆင့် ၈ အထိပင် တတ်မြောက်ထားပြီး သူနှင့် အဆင့်ချင်းတူနေလေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူ၏ အံ့ဩမှုများမှာ ထိုမျှနှင့်မပြီးသေးပေ။

တစ်ဖက်လူ အသုံးပြုနေသော ကျင့်စဉ်မှာလည်း တွမ့်မူမိသားစု၏ ရေနှလုံးသား နည်းစနစ်ဖြစ်နေကြောင်း သူ ရှာဖွေတွေ့ရှိသွားပြန်သည်။

အမှန်စင်စစ် တွမ့်မူမိသားစု၏ကျင့်စဉ်ကိုမကျင့်ကြံဘဲ မီးတောက်ချုပ်နှောင်ဓားကွက်ကို အသုံးမပြုနိုင်ချေ။

တစ်ဖက်လူ၏ ကျင့်စဉ်အဆင့် မိမိနှင့်ထပ်တူကျနေခြင်းမှာ မယုံနိုင်လောက်အောင်ပင်။

အခြားတစ်ဖက်တွင် ကျန်းချန်သည်လည်း မည်သို့ဖြစ်ပျက်နေသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

*ဩော်... စနစ်က ဒီတစ်ခါ ငါ့အတွက် မိတ္တူကူးပေးလိုက်တဲ့သူက ဒီလူကြီးဆီကကိုး။*

ထပ်တူကျနေသော ပညာရပ်များကြောင့် ကိုယ်ပွားပုံရိပ်နှင့် တိုက်ခိုက်နေရသည်ဟုပင် သူ ထင်မှတ်သွားသည်။

ကံကောင်းသည်မှာ စနစ်ကသူ့ကိုပေးထားသော ဝိညာဉ်အခြေတည်အဆင့် ၆ မှာ တစ်ဖက်လူထက် အဆင့်ငယ်တစ်ဆင့် ပိုမြင့်နေသဖြင့် အသာစီးရနေခြင်းဖြစ်သည်။

တွမ့်မူဟုန်မှာ တိုက်ခိုက်ရင်းနှင့် ပို၍ထိတ်လန့်လာမိသည်။

*ဒီလူက ဘယ်သူလဲ။ ငါတို့ တွမ့်မူမိသားစုရဲ့ စိတ်ကျင့်စဉ်နဲ့ ဓားသိုင်းတွေကို သူ ဘယ်လိုလုပ် သင်ယူခဲ့တာလဲ။

ဒီအဆင့်ထိရောက်ဖို့ဆိုရင် အနည်းဆုံး နှစ်ပေါင်းရာချီလေ့ကျင့်ရမှာ။ သူက လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက တွမ့်မူမိသားစုထဲကို သူလျှိုအဖြစ်ဝင်ခဲ့တာလား။

သူ့နောက်ကွယ်မှာ တခြားအင်အားစုတွေ ရှိနေသလား။ ဒီနှစ်ရာချီအတွင်းမှာ တွမ့်မူမိသားစုဆီက သတင်းအချက်အလက်တွေနဲ့ ရင်းမြစ်တွေကို သူတို့ ဘယ်လောက်တောင် ခိုးယူသွားကြပြီလဲ။

တွမ့်မူမိသားစုကိုထိခိုက်စေမယ့် ဘယ်လို မကောင်းတဲ့ကိစ္စတွေကိုများ သူတို့ လျှို့ဝှက် လုပ်ဆောင်ခဲ့ကြသလဲ။*

တွမ့်မူမိသားစုခန်းမအတွင်းမှနေ၍ ဤတိုက်ပွဲကို အဝေးမှကြည့်ရှုနေကြသော အကြီးအကဲများသည်လည်း ထပ်တူထပ်မျှပင် တွေးတောနေကြသည်။

“ဒါ... သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။”

“ဒီဓားသိုင်း... ဒီကျင့်စဉ်... ငါတို့ တွမ့်မူမိသားစုထဲမှာ သစ္စာဖောက်များ ရှိနေတာလား။”

“အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်ယောက်က သစ္စာဖောက်လိုက်တာ ဖြစ်ရမယ်၊ မဟုတ်ရင် နောက်ဆုံးအဆင့်တွေ ပေါက်ကြားစရာ အကြောင်းမရှိဘူး။”

“မှန်တယ်၊ အတွင်းလူရဲ့ အကူအညီမပါဘဲ ဒါမျိုးက ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။”

“ငါ အခုမှ သတိရတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာက ပဉ္စမအကြီးအကဲ သေဆုံးသွားတာဟာ တစ်စုံတစ်ယောက်က နောက်ကွယ်က ကြိုးကိုင်ခဲ့တာလား။”

“ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ဆယ်က ငါ့မြစ် တွမ့်မူကျီယွဲ့ လျှို့ဝှက်ပျောက်ဆုံးသွားတာလည်း...”

ခဏချင်းမှာပင် ခန်းမအတွင်းရှိအကြီးအကဲများသည် တစ်ဦးကိုတစ်ဦးသံသယဝင်ကာ မယုံမကြည် ဖြစ်လာကြတော့သည်။

*ရှူး*

တွမ့်မူဟုန်သည် နောက်ဆုံးတွင် ဆက်လက်တောင့်မခံနိုင်တော့သည့်အတွက် ဒဏ်ရာရမည့်အရေးကို ဂရုမစိုက်တော့ဘဲ နောက်သို့ ရုတ်တရက် ဆုတ်ခွာလိုက်သည်။

“နေဦး....... မင်း ငါတို့ရဲ့ ကျင့်စဉ်နဲ့ ဓားသိုင်းကို ဘယ်တုန်းက ခိုးယူခဲ့တာလဲ။”

သူ၏ တင်းမာလှသော စစ်မေးသံကို ကြားသောအခါ ကျန်းချန်က လှောင်ပြုံးပြုံးလိုက်သည်။

*အဖိုးကြီး၊ မင်းက ပြီးခဲ့တဲ့အကြိမ်က ငါ့ကို သတ်ခဲ့တဲ့သူ မဟုတ်လား။ ဒါကြောင့်လည်း အခုလို တိုက်ဆိုင်နေတာပေါ့။ ပြီးတော့ မင်းက ဘာမှမသိသလိုနဲ့ တရားသဖြင့် လုပ်နေတဲ့ပုံစံမျိုး လာဖမ်းနေသေးတယ်။*

“ဟက်... ကျုပ်ကလည်း အဲဒီမေးခွန်းကိုပဲမေးချင်နေတာ။ ခင်ဗျားကရော ဒါတွေကို ဘယ်သူ့ဆီက ခိုးသင်ထားတာလဲ။”

သူသည် အဖိုးကြီးကို ဒေါသထွက်စေရန် တမင်တကာ ပြောင်းပြန်စွပ်စွဲလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း တွမ့်မူဟုန်မှာ ဒေါသကြောင့် ရှုံ့မဲ့သွားလေသည်။

“ငါက ခိုးသင်တယ် ဟုတ်လား။ ဒါတွေက ငါ့မိသားစုရဲ့ ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့ အခြေခံကျင့်စဉ်တွေကွ။ ငါက ဘာလို့ ခိုးဖို့ လိုမှာလဲ။”

ကျန်းချန်က မထီမဲ့မြင် ပြန်ပြောလိုက်သည်။

“ခင်ဗျားတို့ မိသားစုရဲ့ အခြေခံကျင့်စဉ် ဟုတ်လား။ အဲဒါက လက်ဆင့်ကမ်းလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ။”

“နှစ်ပေါင်း တစ်သောင်းလေးထောင်ရှိပြီ။ ငါတို့ ဘိုးဘေးတွေရဲ့ ဉာဏ်အလင်းနဲ့ ဖန်တီးထားတဲ့ ပညာရပ်တွေက အလွန်ကျယ်ဝန်းနက်နဲပြီး ပြင်ပလူကို ဘယ်တော့မှမသင်ပေးဘူး။ မင်းကတော့...”

“ကောင်းပြီ၊ ကောင်းပြီ၊ ကျုပ် ဘာဖြစ်ခဲ့လဲဆိုတာသိပြီ။”

ကျန်းချန်က စိတ်မရှည်သကဲ့သို့ လက်ယမ်းပြလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်က ကျုပ်တို့ဖေးရှန်ဂိုဏ်းရဲ့ကျင့်စဉ်တွေ ခိုးခံခဲ့ရဖူးတယ်။ ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေက သူခိုးတွေ ဖြစ်နေတာကိုး။”

“ခင်ဗျားတို့ ဘိုးဘေးတွေက သူခိုးတွေပဲဖြစ်မယ်ထင်တယ်...”

ကျန်းချန်သည် တွမ့်မူဟုန်ကဲ့သို့သောလူမျိုးကို မည်သို့ကိုင်တွယ်ရမည့်အကြောင်း ကောင်းစွာနားလည်ထား၏။

“မင်း... မင်း”

လူယုတ်မာကို လူယုတ်မာနည်းဖြင့်သာ နှိမ်နင်းရမည်ဖြစ်ရာ တွမ့်မူဟုန်မှာ ဒေါသကြောင့် မေ့လဲမတတ် ဖြစ်သွားပြီး မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့သွားလေသည်။

မိမိ၏ ဘိုးဘေးများ၏ဂုဏ်သိက္ခာကိုပင် စော်ကားခံလိုက်ရသဖြင့် သူ မည်သို့ သည်းခံနိုင်တော့မည်နည်း။

ခန်းမအတွင်းရှိ တွမ့်မူမိသားစုအကြီးအကဲများသည်လည်း ပို၍ပင် ဒေါသထွက်နေကြပြီး ကျန်းချန်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်သည့်ဆန္ဒများဖြင့် ကြိမ်းမောင်းနေကြသည်။

“သေစမ်း”

တွမ့်မူဟုန်သည် အတော်ကြာအောင် အောင့်ထားသော်လည်း ဒေါသက ရင်ထဲမှာ ပြည့်လျှံနေသဖြင့် စကားကောင်းကောင်းမပြောနိုင်တော့ချေ။

နောက်ဆုံးတွင် သူသည် ရှေ့သို့တိုးကာ ပြန်လည်တိုက်ခိုက်လေတော့သည်။

ဤတစ်ကြိမ်တွင်မူ သူ စတင်တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် မိမိ၏ ဝိညာဉ်စင်မြင့်ကို ဆင့်ခေါ်လိုက်သည်။

“အကိုကြီးရဲ့ ဝိညာဉ်စင်မြင့်က မြင့်မြတ်အဆင့်ပဲ”

“ဝိညာဉ်စင်မြင့်ဆိုတာ ခိုးလို့ရတဲ့ အရာမဟုတ်ဘူး။ ဒီကောင်တော့ သေမှာ သေချာသွားပြီ...”

“မိသားစုခေါင်းဆောင်ရဲ့ ဝိညာဉ်စင်မြင့်ပုံရိပ်ယောင်ထုတ်လွှတ်ခြင်းကျင့်စဉ်ကလည်း အဆင့် ၄ ကို ရောက်နေပြီ”

အစိမ်းရောင်သန်းနေသော လေးထောင့်ပုံစံ ဝိညာဉ်စင်မြင့်တစ်ခုသည် သူ၏ ဦးခေါင်းထက်တွင် ပျံဝဲလာပြီး ကျောက်စိမ်းကဲ့သို့တောက်ပနေကာ နတ်ဘုံမှ အရာဝတ္ထုတစ်ခုအလား မြူခိုးများဖြင့် ဝန်းရံထားသည်။

ထိုမြူခိုးများကြားမှ အလင်းတန်းများဖြာထွက်နေပြီး အဝေးမှကြည့်ရုံမျှဖြင့်ပင် နတ်ဝိညာဉ်မှာယိမ်းယိုင်ကာ ထိုထဲသို့ စုပ်ယူခြင်းခံရတော့မည့်အလား ခံစားရစေသည်။

ထိုဝိညာဉ်စင်မြင့်၏အထက်တွင် တွမ့်မူဟုန်၏နတ်ဝိညာဉ်သည် ဒေါသတကြီးဖြင့် ဂါထာမန္တန်များကို ရွတ်ဆိုနေလေတော့သည်။

All Chapters