ထောင်ချောက်မိခြင်း
Vol. 4 Ch. 32
တပည့်တစ်ဦးမှာ အစ်ကိုကြီးချန်၏ ခြေသလုံးကိုပြေးဖက်လေသည်။
"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်... အမှန်တော့ ကျွန်တော် ဂိုဏ်းချုပ်ကို အထင်ကြီးလေးစားနေခဲ့တာ ကြာပါပြီ..."
ယင်ရှောင်ရွှယ်က ထိုတပည့်၏ မျက်နှာကိုကန်ကျောက်၍ ဖယ်ရှားလိုက်ပြီး.......
"ဖယ်စမ်း... ဂိုဏ်းချုပ်က ငါ့လူဟဲ့..." ဟု ဟောက်လိုက်သည်။
"အဟမ်း..."
သူတို့နှစ်ဦးကို တိတ်ဆိတ်စွာကြည့်နေသည့် ကျိလင်းဟန်က ချောင်းတစ်ချက်ဟန့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။
"မောင်လေးလန်နဲ့ ညီမလေးယင်... အချို့စကားတွေကို ပေါ့ပေါ့တန်တန် မပြောသင့်ဘူးနော်။"
သူမ၏အသံမှာ နူးညံ့နေဆဲဖြစ်သော်လည်း တည်ငြိမ်လွန်းသောမျက်ဝန်းများမှာ အဓိပ္ပာယ်ဖော်မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသဖြင့် အစ်ကိုကြီးချန်ပင်လျှင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
တပည့်အားလုံးကြက်သီးထသွားကာ ယင်ရှောင်ရွှယ်မှာလည်း ကျန်းချန်၏လည်ပင်းကိုဖက်ထားရာမှ အလျင်အမြန်ပင် ပြန်လွှတ်ပေးလိုက်သည်။
သူ၏ကိုယ်ပေါ်မှ အသာအယာဆင်းလိုက်ပြီး
"ဟီး... အစ်မကြီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါနော်..."
စနောက်သည်ကိုဖယ်လိုက်လျှင် တပည့်များ၏ ဂိုဏ်းချုပ်အပေါ် ကြည်ညိုလေးစားမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသည်မှာ အမှန်ပင်။
သူ၏ခွန်အားက သူတို့၏စိတ်ကူးထက်ပင် ကျော်လွန်နေခဲ့ချေပြီ။
ထို့အပြင် သူသည် ဂိုဏ်းဖျက်ဆီးခံခဲ့ရသည့်အတွက် ကူညီလက်စားချေပေးခဲ့သည့်အပြင် ဝိညာဉ်လက်နက်များကိုလည်းပေးသနားခဲ့ရာ ဤကဲ့သို့သောခေါင်းဆောင်အသစ်ကို မချစ်ဘဲ မနေနိုင်ပေ။
သူသည် တပည့်များကို ကျင့်ကြံရန်ပြောဆိုတော့မည့်ဆဲဆဲတွင် အားဟွမ်က တစ်စုံတစ်ခုကို ဂုဏ်ယူစွာဖြင့်သတင်းပေးရန် ပျော်ရွှင်စွာပြေးလာကြောင်း တွေ့လိုက်ရသည်။
"မေမေ... မေမေ... ဒီကြောင်လေးက အထဲကိုခိုးဝင်လာလို့ သမီးဖမ်းထားလိုက်တယ်........."
သူမ၏ ကျစ်ဆံမြီးလေးနှစ်ဖက်မှာလှုပ်ခါနေပြီး 'သမီးကို မြန်မြန်ချီးကျူးပါဦး' ဟူသော အမူအရာဖြင့် မျက်နှာလေးမှာ နီမြန်းနေလေသည်။
"အေးပါ... သမီးလေးက တော်လိုက်တာ၊ သိပ်တော်တဲ့ ကလေးလေး..."
ကျန်းချန်၏စကားပင်မဆုံးသေးမီ သူ၏ပါးစပ်မှာအံ့ဩလွန်း၍ အဟောင်းသားဖြစ်သွားရသည်။
အားဟွမ်က လည်ပင်းမှကိုင်မြှောက်ထားသည့် ရုန်းကန်နေသောသတ္တဝါလေးမှာ ကြောင်ကလေးတစ်ကောင်မဟုတ်ဘဲ မျက်စိသုံးလုံးကျားဖြစ်နေလေသည်။
ယခုအခါတွင် အကောင်ငယ်လေးပုံစံဖြစ်နေသော်လည်း ၎င်းမှာ မိစ္ဆာဘုရင်တစ်ပါး မဟုတ်ပေလော.....
*ဒုက္ခပဲ... ဒီကောင်ကို ဘာလို့ဒီအထိခေါ်လာရတာလဲ...*
၎င်း၏ ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်ဖော်လိုက်လျှင် တစ်ဂိုဏ်းလုံးတွင် ကျန်းချန်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ပေတော့မည်။
မိဘများက မိမိကလေး မီးနှင့်ဆော့ကစားနေသည်ကိုမြင်လျှင် တားဆီးသကဲ့သို့ သူကလည်း
"သတိထား... အဲဒီအန္တရာယ်ရှိတဲ့အကောင်ကို ချလိုက်စမ်း"
ဟု အော်ပြောတော့မည့်အချိန်တွင် မျက်စိသုံးလုံးကျား၏ ကိုယ်ပေါ်၌ မူလစွမ်းအင် တစ်စက်မျှမရှိသည်ကို သတိပြုမိသွား၏။
မျက်စိသုံးလုံးကျားမှာ မကြာသေးမီက ကျိန်စာသင့်ထားသကဲ့သို့ ကံဆိုးမိုးမှောင်ကျနေပုံရသည်။
ဖေးရှန်ဂိုဏ်းအတွင်းသို့ခိုးဝင်ရန် ကြိုးစားနေစဉ်မှာပင် အားဟွမ်က မိသွားခြင်းဖြစ်သည်။
၎င်း၏မူလစွမ်းအင်များမှာ ချက်ချင်းဆိုသလို ကုန်ခန်းသွားသော်လည်း အားကောင်းသော ဝိညာဉ်စွမ်းအားရှိနေသေးသဖြင့် ဒုက္ခပေးနိုင်စွမ်း ရှိနေသေးသည်။
သို့သော် အားဟွမ်က ၎င်း၏လည်ပင်းကိုကိုင်လိုက်သည်နှင့် ထိုဝိညာဉ်စွမ်းအားပါ ပိတ်လှောင်ခံလိုက်ရ၏။
မြင့်မြတ်လှသော မိစ္ဆာဘုရင်တစ်ပါးမှာ ဤကမ္ဘာဦးနှလုံးသားအပိုင်းအစ၏စွမ်းအားကို အနည်းငယ်မျှပင်မခုခံနိုင်ခဲ့ပေ။
ကျားဘုရင်ကြီးမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ရှာဘဲ အားဟွမ်၏လက်ထဲတွင် အန္တရာယ်မရှိသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေရှာတော့သည်။
အခြေအနေကိုမသိကြသော အမျိုးသမီးတပည့်များမှာ ထိုကျားလေး၏အသွင်အပြင်ကို မြင်သည်နှင့် စိတ်ဝင်စားသွားကြသည်။
"အိုး... ချစ်စရာကောင်းလိုက်တဲ့ ကြောင်လေး..."
"ဟေး... ဒါပေမဲ့ ဒါက ကျားလေးနဲ့ တူမနေဘူးလား"
"ဟုတ်တယ်... မျက်စိသုံးလုံးတောင်ပါတာပဲ၊ မိစ္ဆာသားရဲတစ်ကောင် ဖြစ်မယ်ထင်တယ်"
"မိစ္ဆာသားရဲဆိုပေမယ့် သူ့မှာ ဘာစွမ်းအားမှမရှိဘူး"
စက္ကန့်ပိုင်းအတွင်းမှာပင် မျက်စိသုံးလုံးကျားမှာ အမျိုးသမီးတပည့် ခုနစ်ဦး ရှစ်ဦးခန့်၏ ထိတွေ့ပွတ်သပ်ခြင်းကို ခံနေရတော့သည်။
ခန့်ညားသောမိစ္ဆာဘုရင်တစ်ပါးအဖို့ မည်မျှအရှက်ရစရာ ကောင်းလိုက်သနည်း။
သို့သော်လည်း သူများအိမ် ရောက်နေလျှင် ခေါင်းငုံ့ရမည်ဟူသော စကားအတိုင်း ကျန်းချန်၏ စူးစိုက်ကြည့်နေသော အကြည့်အောက်တွင် ငြိမ်နေရုံမှတစ်ပါးအခြားမရှိပေ။
အစ်ကိုကြီးချန်မှာ ထိုသတ္တဝါ၏စိတ်ထဲတွင် မည်သို့ကြံစည်နေကြောင်း ချက်ချင်းသိလိုက်လေသည်။ မကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်မည်မှာ မလွဲဧကန်ပင်။
သူ ၎င်းကို မည်သို့ကိုင်တွယ်သင့်သနည်း။
သတ်ပစ်ရမည်လော....................
မျက်စိသုံးလုံးကျားသည် သူ၏တိုက်ပွဲကြီးလေးခုတွင် အားတက်သရောကူညီပေးခဲ့သည်ကို ပြန်တွေးမိလျှင် သူ မရက်စက်နိုင်ပြန်ပေ။
သို့သော် ဒီအတိုင်းလွှတ်ထားရန်ကလည်း မဖြစ်နိုင်။
"အားလုံး သတိထားကြဦး... အဲဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ မိစ္ဆာသားရဲတစ်ကောင်ပဲ"
အမျိုးသမီးတပည့်များက ၎င်းကို တစ်ကိုယ်လုံးနှံ့အောင် ကိုင်တွယ်နေကြသည်ကိုကြည့်ပြီး သူ မရယ်ဘဲ မနေနိုင်တော့ပေ။
ကျား၏ တင်ပါးကို မထိရဟူသော စကားကို သူတို့မကြားဖူးကြလေသလော။ (ကျားဖင်နှိုက်မယ့်အဖွဲ့တွေ..........)
ဤအတိုင်းဆက်သွားလျှင် မျက်စိသုံးလုံးကျားမှာ ရူးသွပ်သွားပေတော့မည်။ အားဟွမ်က ၎င်းကို ချုပ်ကိုင်ထားသည် ဆိုသော်ငြားလည်း...
"ဟင်... ဂိုဏ်းချုပ်က ဒီမိစ္ဆာသားရဲကို သိနေတာလား"
ယင်ရှောင်ရွှယ်က သူမ၏လက်ကလေးကို ပြန်ရုတ်သိမ်းလိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"သိတာပေါ့... အဲဒါက ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်လာဖို့ရှိတဲ့ မယဉ်ပါးသေးတဲ့ အကောင်လေးပဲ၊ တော်တော်လေးတော့ ကြမ်းတမ်းတယ်.........."
ကျန်းချန်၏ မိတ်ဆက်စကားက မျက်စိသုံးလုံးကျားကို ဒေါသထွက်သွားစေသည်။
"မင်းသာ အိမ်မွေးတိရစ္ဆာန်................. မင်းတို့တစ်မိသားစုလုံး အိမ်မွေးတိရစ္ဆာန်တွေ............."
၎င်းက ကျယ်လောင်စွာ ဆဲရေးလိုက်သည်။
အမျိုးသမီးတပည့်များမှာ ထပ်မံအံ့ဩသွားကြပြန်သည်။
"ဟယ်... သူ တကယ် စကားပြောတတ်တာပဲ"
"ဒါပေမဲ့ သူ့အသံကြီးက အဘိုးကြီးသံကြီး၊ နားထောင်လို့ သိပ်မကောင်းဘူး"
"နည်းနည်း ရန်လိုတာက ပြဿနာမရှိပါဘူး၊ ကျွန်မက တိရစ္ဆာန်လေးတွေကို ယဉ်ပါးအောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်"
အကြီးဆုံးအစ်မကြီးဖြစ်သော ကျိလင်းဟန်က ဂိုဏ်းချုပ်၏အခက်အခဲကို ဖြေရှင်းပေးရန် ပထမဦးဆုံး ရှေ့ထွက်လာခဲ့သည်။
သူမ၏ သိုလှောင်လက်စွပ်ကို အသာအယာပွတ်လိုက်ရာ ငွေရောင်လှောင်အိမ်တစ်ခု ထွက်ပေါ်လာ၏။
မျက်စိသုံးလုံးကျား - ................
အစ်ကိုကြီးချန် - .....................
*ဟေး... မင်းက လှောင်အိမ်ကြီးကို ဘာလို့ ဆောင်ထားရတာလဲ*
"ငါ မင်းတို့ကို ရိုက်နှက်မိတော့မယ်"
မျက်စိသုံးလုံးကျားမှာ စိတ်ဓာတ်ကျနေလေပြီ။
၎င်းသာ လှောင်အိမ်ထဲထည့်ခံလိုက်ရလျှင် ၎င်း၏ တစ်သက်တာ ဂုဏ်သိက္ခာအားလုံး ပျက်စီးသွားပေတော့မည်။
ဤအတိုင်းသာဆက်သွားပါက နောင်တွင် ထိုအကောင်လွတ်မြောက်သွားလျှင် ပြန်လည်လက်စားချေမည်ကို ကျန်းချန်သိနေသည်။
"ကဲပါ... တော်ကြပါတော့၊ ငါ သူ့ကို စကားပြောလိုက်ပါ့မယ်"
"ဟမ့်............ မင်းကလား"
အားဟွမ်က ဖမ်းထားသော်လည်း မျက်စိသုံးလုံးကျားမှာ မိစ္ဆာဘုရင်တစ်ပါး၏ မာန်မာနကို ပြသနေဆဲ ဖြစ်သည်။
"ကျုပ်မျက်နှာကို နည်းနည်းထောက်ထားစမ်းပါဦး"
"မင်းမျက်နှာက ထောက်ထားစရာလိုလို့လား..."
၎င်းက လှောင်ပြောင်လိုက်သည်။ ၎င်းသည် ကျန်းချန်ကဲ့သို့သော ကျင့်ကြံခြင်းအဆင့်နိမ့်သူကို အထင်အမြင်သေးနေဆဲဖြစ်သည်။
"ဒါဆို မင်းကအညံ့မခံချင်ဘူးပေါ့"
"ဖယ်စမ်း... မိစ္ဆာဆိုတာ အသတ်ခံရရင်ခံရမယ်၊ အရှက်အကွဲတော့မခံနိုင်ဘူး"
"ကောင်းပြီလေ... ဒီလောက်တောင်သစ္စာရှိနေမှတော့ အတင်းအကျပ်မလုပ်တော့ပါဘူး"
ကျန်းချန်က လက်ဝှေ့ယမ်းလိုက်ပြီး
"အားဟွမ်... သူ့ကို လည်ပင်းညှစ်ပြီး သတ်လိုက်တော့၊ ငါတို့ သူ့ကိုအရှက်မခွဲတော့ဘူး"
စကား၏ပထမအပိုင်းကို ကြားသောအခါ မျက်စိသုံးလုံးကျားက ကျန်းချန်ကို ကိုယ်ချင်းစာတရားရှိသွားပြီဟု ထင်မှတ်ခဲ့သော်လည်း ဒုတိယပိုင်းကို ကြားလိုက်ရချိန်တွင်မူ ၎င်းမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
၎င်းတွင် ကျန်းချန်ကဲ့သို့ ပြန်လည်ရှင်သန်နိုင်စွမ်းမရှိရာ အမှန်တကယ်သေမည်ဖြစ်၏....
"မဟုတ်ဘူး... မဟုတ်ဘူး... ညီအစ်ကို............... ငါတို့ အေးအေးဆေးဆေး ဆွေးနွေးကြရအောင်လေ..."
လူတိုင်းမှာ မျက်နှာကို လက်ဖြင့်အုပ်လိုက်ကြသည်။
ဤကျားမိစ္ဆာမှာ မျက်နှာအပြောင်းအလဲ မြန်လွန်းလှသည် မဟုတ်ပါလား။
"မင်းပဲပြောတော့... ဘာလုပ်ဖို့လိုတာလဲ"
ကျန်းချန်က စိတ်ထဲကနေ ရယ်မောလိုက်သည်။ ဤသည်မှာ မမျှော်လင့်ဘဲ ရလိုက်သည့် အခွင့်အရေးပင်။
ပြင်ပတွင်ဆိုလျှင် သူသည် မျက်စိသုံးလုံးကျားကို အညံ့ခံခိုင်းနိုင်ရန် မဖြစ်နိုင်ပေ။
" ရိုးရိုးလေးပါ..."
မျက်စိသုံးလုံးကျားက သူ၏စကားကို ဖြတ်ပြောလိုက်သည်။
"ငါ အရင်ဆုံး ပြောထားမယ်... အိမ်မွေးတိရစ္ဆာန်လုပ်ဖို့နဲ့ စီးတော်ယာဉ်လုပ်ဖို့ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး"
"အဲဒါမျိုးဆိုရင်တော့ ငါသေတာကမှ မြတ်ဦးမယ်"
ပြောပြီးသည်နှင့် ၎င်းမှာ မျက်လုံးများကိုမှိတ်လိုက်ကာ ရဲရင့်ပြတ်သားသောအသွင်ကို ဖော်ဆောင်လိုက်သည်။
အစ်ကိုကြီးချန်က ၎င်းကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သော်လည်း ဟန်ဆောင်နေခြင်း ဟုတ်မဟုတ်ကိုမူ မသိနိုင်ပေ။ အရေးမကြီးပေ..................
အမှန်အတိုင်းပြောရလျှင် သူသည် စနစ်ကိုအားကိုးနေသူဖြစ်ရာ အိမ်မွေးတိရစ္ဆာန် မလိုအပ်လှပေ။
"ဂိုဏ်းစောင့်နတ်သားရဲအဖြစ် သုံးနှစ်လောက်လုပ်ပေးပါ"
*ပြီးပြီလား... ဒါပဲလား*
မျက်စိသုံးလုံးကျားမှာ ကျန်းချန်က တစ်စုံတစ်ခု အကြီးအကျယ် တောင်းဆိုတော့မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
"မင်း သေချာလား"
*သုံးနှစ်တည်းလား*
နှစ်ပေါင်းသောင်းချီ၍ အသက်ရှင်ခဲ့သူအဖို့ သုံးနှစ်ဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာ.........
မိစ္ဆာနယ်မြေသို့ သုံးနှစ်၊ နှစ်သုံးဆယ် မပြန်ရလျှင်လည်း ၎င်းအတွက် ထိခိုက်မှုမရှိပေ။
ဂိုဏ်းစောင့်နတ်သားရဲဆိုသည်မှာလည်း ကျွန်ပဋိညာဉ်ကို လက်မှတ်ထိုးရန်မလိုဘဲ ရန်သူများ လာရောက်တိုက်ခိုက်ချိန်တွင်သာ ကာကွယ်ပေးရုံသာဖြစ်သည်။
"ဘာလဲ... သတ်မှတ်ချက်က တောင်းဆိုတာနည်းနေသေးလို့လား.... ဒါဆိုထပ်ဖြည့်မယ်လေ"
"မဟုတ်ပါဘူး... ဒီလောက် ခက်ခဲတဲ့ သတ်မှတ်ချက်တွေကို ငါကပဲ မတတ်သာလို့ သဘောတူလိုက်ရတာပါ"
နှစ်ဦးနှစ်ဖက် သဘောတူညီမှုရသွားကြသည်။
ကျန်းချန်က ဤကဲ့သို့ လွယ်ကူသောသတ်မှတ်ချက်ကိုပေးရခြင်းမှာ အကြောင်းရှိ၏။
သူကိုယ်တိုင်မှာ မည်သည့်အရာကိုမျှ ကြောက်စရာမလိုသော်လည်း ဂိုဏ်း၏အင်အားမှာ အလွန်အားနည်းနေဆဲဖြစ်သည်။
အမြဲတမ်း အားဟွမ်ကိုသာ အားကိုးနေ၍မရနိုင်။ ထို့ကြောင့် ဤကျားမှာ ဂိုဏ်းအတွက် လုံခြုံရေး အကာအကွယ်တစ်ခု ဖြစ်လာပေမည်။
သုံးနှစ်ဟုသတ်မှတ်ရခြင်းမှာလည်း ကျန်းချန်၏ တိုးတက်မှုနှုန်းအရ သုံးနှစ်အကြာတွင် သူသည် မျက်စိသုံးလုံးကျား၏ အကူအညီကို လိုအပ်တော့မည်မဟုတ်သောကြောင့်ဖြစ်သည်။
သဘောတူညီမှုရရှိသွားသည်နှင့် အားဟွမ်က ချုပ်နှောင်ထားမှုကို လွှတ်ပေးလိုက်ရာ မျက်စိသုံးလုံးကျားမှာ ၎င်း၏ မူလစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများကို ပြန်လည်ရရှိသွားတော့သည်။ (သနားစရာကျားလေး..............)