← Chapters

တပည့်သစ်များ ခေါ်ယူခြင်း

Vol. 4 Ch. 33

တပည့်သစ်များ ခေါ်ယူခြင်း

Vol. 4 Ch. 33

“ဟားဟားဟား... ကောင်လေး၊ မင်း နောင်တရစေရမယ်”

မျက်စိသုံးလုံးကျားသည် လွတ်လပ်ခွင့်ရသည်နှင့်တစ်ပြိုင်နက် ပြန်လည်မောက်မာလာတော့သည်။

“ငါ့ကို ဂိုဏ်းစောင့်နတ်သားရဲခန့်လိုက်တာ ကောင်းတဲ့အချက်လို့ မင်းထင်နေတာလား”

“ငါ ဒီမှာ သောင်းကျန်းပြမယ်.... စောင့်ကြည့်နေလိုက်”

ကျန်းချန်သည် ၎င်းအား ငကြောင်တစ်ကောင်ကိုကြည့်သကဲ့သို့ (ငကြောင်လေး...ငါ့ကြောင်လေး) ကြည့်ကာ အနီးအနားတွင် သူ့ဘာသာသူအပန်းဖြေနေရန် လွှတ်ထားလိုက်၏။

မည်သို့ပင်ဆိုစေကာမူ လိုအပ်သည့်အချိန်တွင် ဤတပည့်တစ်စုကို ကာကွယ်ပေးနိုင်ရန်သာ အရေးကြီးပေသည်။

တစ်ညတာကျင့်ကြံပြီးနောက် ကျန်းချန်သည် ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ၇ သို့ တက်လှမ်းနိုင်ခဲ့သည်။

အဆင့်တက်ခြင်းမှာ ဒုံးပျံစီးနေသကဲ့သို့ပင် မြန်ဆန်လှသည်။

စနစ်ကို စစ်ဆေးကြည့်ရာ အမှတ် ၃၂၀ ရထား၏။

အမှတ်များကို အလွန်တန်ဖိုးထားသူဖြစ်ရာ ကျန်းချန်သည် အမှတ်အရေအတွက်ကို အတိအကျ မှတ်မိနေသည်။

“ဘာဖြစ်တာလဲ.... စနစ်က ငါ့ကို အကြောင်းမကြားပါလား။”

မှတ်တမ်းများကိုနှိပ်ကြည့်လိုက်မှ အခြေအနေကို နားလည်သွားတော့သည်။

ယမန်နေ့ညက ကျိလင်းဟန်သည် မူလစုစည်းခြင်းအဆင့် ၈ မှ ၉ သို့ တက်လှမ်းနိုင်ခဲ့သဖြင့် အမှတ် ၃၀၀ ရရှိခဲ့၏။

လော့ယွမ်သည် အဆင့် ၆ မှ ၇ သို့ တက်လှမ်းနိုင်ခဲ့သဖြင့် အမှတ် ၂၀ ရရှိခဲ့သည်။

သို့ဆိုလျှင် မိမိဂိုဏ်းသားများ အဆင့်တက်ပါက အမှတ်များ ရရှိနိုင်သည်မဟုတ်ပါလား။

သို့သော် အမှတ်ကွာဟချက်မှာ အလွန်ကြီးမားနေသည်။ သူတို့နှစ်ဦးစလုံးသည် အဆင့်ငယ်တစ်ခုစီသာ တက်လှမ်းခဲ့ကြသော်လည်း ရရှိသည့်အမှတ်မှာ ၁၅ ဆမျှ ကွာခြားနေသည်။

ကျန်းချန် မေးစေ့ကို ပွတ်သပ်ရင်း သဘောပေါက်သွားသည်။

ကျိလင်းဟန်၏ပါရမီသည် လော့ယွမ်ထက် များစွာသာလွန်သဖြင့် စနစ်က သူမအား ပိုမိုတန်ဖိုးရှိသည်ဟု သတ်မှတ်ကာ ဆုလာဘ်ပိုပေးခြင်း ဖြစ်ပေလိမ့်မည်။

သူ၏ စိတ်ကူးများ နိုးကြားလာသည်။ အကယ်၍ သူ့တွင် ဤကဲ့သို့သော ဂိုဏ်းသားထောင်ချီရှိနေပါက ဘာမှမလုပ်ဘဲ အိပ်နေရင်းပင် အမှတ်အမြောက်အမြားရနိုင်မည် မဟုတ်ပေလော..........

ထို့နောက် သူသည် အားလုံးကို အမြန်ဆုံးစုဝေးစေလိုက်သည်။

“ကဲ... အခု ငါတို့မှာ ဂိုဏ်းစောင့်နတ်သားရဲရှိပြီဆိုတော့ တပည့်သစ်တွေခေါ်ပြီး ဂိုဏ်းကိုချဲ့ထွင်ဖို့ စဉ်းစားရမယ်။”

ယခင်ကမူ သူသည် လုံလောက်သောဘေးကင်းမှုမရှိသေးဟု စိုးရိမ်ခဲ့သည်။

လူအများအပြားခေါ်ယူလိုက်ပါက သူတို့အား မကာကွယ်ပေးနိုင်ဘဲ ဒုက္ခပေးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်ခဲ့ခြင်းဖြစ်သည်။

ယခုမူ ထိုသို့စိုးရိမ်ရန်မလိုတော့သဖြင့် လုပ်ငန်းစဉ်ကိုစတင်နိုင်လေပြီ။

“ဂိုဏ်းချုပ်က လူသစ်တွေခေါ်ချင်တာလား။ သတ်မှတ်ချက်တွေ ရှိပါသလား.....”

“ငါ့ရဲ့ သတ်မှတ်ချက်က သိပ်မမြင့်ပါဘူး။ တပည့်သစ်တွေဟာ အစစ်အမှန်တပည့်တစ်ယောက်ရဲ့ မွေးရာပါပါရမီမျိုးရှိဖို့ပဲလိုတယ်။”

ကျန်းချန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

သို့သော် ကျိလင်းဟန်မှလွဲ၍ ကျန်တပည့်များမှာ ရင်ဝကို မြှားဖြင့်အပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သတ်မှတ်ချက်က မမြင့်ဘူးတဲ့လား.........

သူတို့ကိုယ်တိုင်ပင် ယခင်က အစစ်အမှန်တပည့်များ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။

ကျန်းချန်က ထိုအဆင့်ကို လမ်းဘေးမှ အမှိုက်သရိုက်ကဲ့သို့ ပြောဆိုခြင်းမှာ အမှန်တကယ်ပင် စိတ်ထိခိုက်စရာဖြစ်သည်။

လော့ယွမ် ရင်ဘတ်ဖိကာ ခါးသီးစွာပြုံးလိုက်၏။

“အစစ်အမှန်တပည့်တွေကို စုဆောင်းဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူးလို့ ထင်ပါတယ်”

သူကျောင်းတော်သို့ စတင်ဝင်ရောက်စဉ်က အခြေအနေကို ပြန်လည်အမှတ်ရမိသည်။

ထိုစဉ်က ဖေးရှန်ဂိုဏ်းသို့ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လူငယ်ပေါင်းသောင်းနှင့်ချီ စုဝေးခဲ့ကြသော်လည်း နောက်ဆုံးတွင် ၁၀၅ ဦးသာ အောင်မြင်ခဲ့သည်။

ထိုအထဲတွင် ၉၀ ဦးမှာ သာမန်ပါရမီသာရှိသဖြင့် အပြင်စည်းတပည့်များသာ ဖြစ်လာကြ၏။

ကျန် ၁၃ ဦးမှာ ပါရမီကောင်းမွန်သဖြင့် အတွင်းစည်းတပည့်များအဖြစ် ရွေးချယ်ခံရကာ အခြားသူများ၏ အားကျမှုကိုရရှိခဲ့ကြသည်။

ထိုနှစ်တွင် အစစ်အမှန်တပည့်ဟူ၍ နှစ်ဦးသာရှိခဲ့ပြီး သူသည် ထိုအထဲမှတစ်ဦးဖြစ်သည်။

ထိုနှစ်သည် တပည့်များ၏အရည်အသွေးကောင်းမွန်သော နှစ်တစ်နှစ်ပင်ဖြစ်၏။

တစ်ခါတစ်ရံတွင် အစစ်အမှန်တပည့် တစ်ဦးမျှပင် ထွက်ပေါ်မလာခြင်းမှာ သာမန်ပင်။

ပါရမီရှင်များမှာ ရှားပါးလွန်းသဖြင့်သာ ပါရမီရှင်ဟုခေါ်တွင်ခြင်းဖြစ်သည်။

“ငါတို့ ဖေးရှန်ဂိုဏ်းရဲ့ မူဝါဒက အရေအတွက်ထက် အရည်အသွေးကိုဦးစားပေးတာပဲ။”

လော့ယွမ်၏ ပါရမီသည်ပင် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း (သူသည် အစစ်အမှန်တပည့် ဖြစ်ခဲ့သည်မဟုတ်ပါလား) သူ၏ အဆင့်တက်မှုမှာ အမှတ် ၂၀ သာ ရရှိစေသည်။

သာမန် အတွင်းစည်းတပည့် သို့မဟုတ် အပြင်စည်းတပည့်များဆိုလျှင် အဆင့်ငယ်တစ်ခုတက်လျှင်ပင် အမှတ် ၁ မှတ် ရရှိရန် မသေချာပေ။

ထိုကဲ့သို့သောသူများကို အမြောက်အမြားခေါ်ယူခြင်းမှာ အဓိပ္ပာယ်မရှိသည့်အပြင် အရင်းအနှီးစိုက်ထုတ်မှုနှင့် အကျိုးအမြတ်ရရှိမှု မမျှတဘဲ ဖြစ်လာနိုင်သည်။

တပည့်များကိုပြုစုပျိုးထောင်ရာတွင်လည်း ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများ ကုန်ကျမည် မဟုတ်ပါလား။

ဖေးရှန်ဂိုဏ်းမှ တပည့်သစ်များခေါ်ယူနေသည်ဟူသော သတင်းသည် ချင်လန်စီရင်စုတစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားသည်။

ပုံမှန်အားဖြင့် လူအင်အားနည်းပါက သတင်းပျံ့ရန် ခက်ခဲသော်လည်း ယခုအခါ ဤဂိုဏ်းမှာ အလွန်ပင် ကျော်ကြားနေသည်။

ဂိုဏ်းလေးဂိုဏ်းကို ချေမှုန်းနိုင်ခဲ့ခြင်းကြောင့် သူတို့၏ အပြုအမူတိုင်းမှာ လူအများ၏အာရုံစိုက်မှုကို ခံနေရ၏။

ဖေးရှန်ဂိုဏ်းသည် ယခုအခါ အင်အားတောင့်တင်းလာပြီး နှစ်ရက်အတွင်း ဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့ကာ ချင်လန်စီရင်စု၏ တတိယမြောက် အင်အားအကြီးဆုံးအဖွဲ့အဖြစ် တိတ်တဆိတ် ရပ်တည်လာခဲ့သည်။

သစ်ပင်ကြီးလျှင် အရိပ်ကောင်းသည် မဟုတ်ပါလား။

ထို့အပြင် ဂိုဏ်းတွင်လူနည်းသဖြင့် လူသစ်များအနေဖြင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ပိုမိုရရှိနိုင်မည်ဟုလည်း လူအများက တွေးတောနေကြသည်။

သို့သော် ခေါ်ယူသည့်စံနှုန်းများကို မြင်တွေ့ရသောအခါ လူအများ၏ မျှော်လင့်ချက်များ ပျောက်ဆုံးသွားကြသည်။

ဤခေါ်ယူမှုမှာ အစစ်အမှန်တပည့်အဆင့်ရှိသူများအတွက်သာ ကန့်သတ်ထားခြင်းဖြစ်သည်။

“ဒီဂိုဏ်းက ရူးသွားပြီလား...”

“ဒါ တပည့်ခေါ်တဲ့ နည်းလမ်းလား...”

“အစစ်အမှန်တပည့်တွေကိုပဲ လက်ခံမယ်တဲ့လား.... အဲဒီလိုလူမျိုးတွေက လမ်းဘေးမှာ အလွယ်တကူ တွေ့နိုင်မယ်လို့ သူတို့ ထင်နေတာလား...”

“တွမ့်မူမိသားစုနဲ့ ချီရီဂိုဏ်းတောင် အဲဒီလောက် သတ်မှတ်ချက်မမြင့်ဘူး။”

ပြင်ပလောကတွင် ဝေဖန်ဆွေးနွေးမှုများဖြင့်ဆူညံနေစဉ် အခြားသောသတင်းကြီးတစ်ခု ထပ်မံပျံ့နှံ့လာပြန်သည်။

ဖေးထုံကျိုး အသတ်ခံရခြင်းနှင့် လက်အောက်ခံဂိုဏ်းလေးခု ဖျက်ဆီးခံရခြင်းတို့ကြောင့် ချီရီဂိုဏ်းမှာ အလွန်အမျက်ထွက်နေပြီဖြစ်သည်။

သူတို့က ဖေးရှန်ဂိုဏ်းချုပ်ကျန်းချန်အား သုံးရက်အတွင်း တပည့်အားလုံးကိုခေါ်ဆောင်၍ ချီရီဂိုဏ်းသို့ လာရောက်ကာ ဒူးထောက်တောင်းပန်ပြီး အညံ့ခံရန် တောင်းဆိုလိုက်၏။

သို့မဟုတ်ပါက ချီရီဂိုဏ်းသည် အင်အားအလုံးအရင်းဖြင့်လာရောက်ကာ ဖေးရှန်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု ကြုံးဝါးလေသည်။

ထို့ကြောင့် ပြင်ပလောကရှိလူများက ဖေးရှန်ဂိုဏ်း၏အခြေအနေမှာ ပိုမိုဆိုးရွားသွားပြီဟု သတ်မှတ်လိုက်ကြသည်။

ဖေးရှန်ဂိုဏ်းသည် ဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ချီရီဂိုဏ်းသည်လည်း ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိသည်။

ထို့အပြင် ချီရီဂိုဏ်းတွင် လူဦးရေ ၃၀,၀၀၀ ကျော်ရှိပြီး ချင်လန်စီရင်စု၌ နှစ်ပေါင်းသောင်းချီ၍ အင်အားအကြီးဆုံးအဖြစ် ရပ်တည်လာခဲ့ရာ ၎င်းတို့၏ခွန်အားမှာ အလွန်ပင်နက်ရှိုင်းလှသည်။

လူ ၂၀ ကျော်သာရှိသော ဖေးရှန်ဂိုဏ်းက ၎င်းတို့ကိုယှဉ်ပြိုင်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြချေ။

“ကျန်းချန်ရဲ့ နောက်ကွယ်က အင်အားစု ထွက်မလာရင်တော့ ဒီတစ်ခါ သူတို့ ပြာဖြစ်သွားတော့မှာပဲ။”

“တပည့်ခေါ်ဖို့ကိစ္စကတော့ ဘယ်သူက အခုလိုအချိန်မှာ သွားရဲမှာလဲ”

“ဟုတ်တယ်၊ ဂိုဏ်းထဲဝင်ပြီးမှ ဂိုဏ်းကအဖျက်ဆီးခံရရင် သူတို့လည်း မြေမြုပ်ခံရမှာမဟုတ်လား။”

ဂိုဏ်းအတွင်းသို့လည်း ချီရီဂိုဏ်း၏ရာဇသံ ရောက်ရှိလာသည်။

“ဂိုဏ်းချုပ်၊ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ”

“ချီရီဂိုဏ်းက အခုလိုနှောင့်ယှက်နေရင် ကျွန်တော်တို့ တပည့်သစ်ခေါ်ယူနိုင်မှာ မဟုတ်ဘူး။”

“အခု တပည့်ခေါ်ဖို့ မစဉ်းစားနဲ့ဦး... ရန်သူကို ဘယ်လိုတားဆီးရမလဲဆိုတာက အရေးကြီးဆုံးပဲ”

တပည့်များမှာ အချင်းချင်း ဝိုင်းဝန်းဆွေးနွေးနေကြပြီးနောက် ဂိုဏ်းချုပ်ထံသို့ လှည့်ကြည့်လိုက်ကြသည်။

“ဂိုဏ်းချုပ်၊ အမိန့်ပေးပါ... ကျွန်တော်တို့ ဘယ်လိုခုခံရမလဲ...”

လူတိုင်း၏ မျက်နှာပေါ်ရှိ ပြတ်သားမှုကို မြင်တွေ့ရသောအခါ ကျန်းချန်မှာ အနည်းငယ် အံ့အားသင့်သွားသလို ရယ်လည်းရယ်ချင်မိသွားသည်။

“မင်းတို့ရဲ့ အခုလက်ရှိ အစွမ်းနဲ့ဆိုရင် ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကတောင် မင်းတို့ကို အပြတ်ရှင်းပစ်နိုင်တယ်။ ဘာကိုခုခံမှာလဲ.... မင်းတို့က သွားပြီးအသေခံချင်လို့လား...”

လော့ယွမ်နှင့် ယင်းရှောင်ရွှယ်တို့ မကျေမနပ်ဖြစ်သွားကြသည်။

“ဂိုဏ်းချုပ်၊ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို အဲဒီလောက်အထိ နှိမ့်ချလိုက်တာလား”

“ဂိုဏ်းချုပ်အနေနဲ့ ကျွန်မတို့ကို အနည်းဆုံးတော့ အားပေးစကား ပြောသင့်တာပေါ့။ ဘယ်လိုဖြစ်ပြီး မြေနိမ့်ရာလှံစိုက်ရတာလဲ”

ကျိလင်းဟန်မှာ စီနီယာဖြစ်သည့်အတိုင်း ပိုမိုတည်ငြိမ်လှသည်။

သူမက “ဒါဆို ကျွန်မတို့ အရင်တစ်ခါလိုပဲ ဆုတ်ခွာကြမလား” ဟု မေးမြန်းလိုက်သည်။

“မဟုတ်ဘူး။”

ကျန်းချန်က ခေါင်းယမ်းလိုက်သည်။

“ငါ မင်းတို့ကို ပြောဖို့မေ့နေတာ တစ်ခုရှိတယ်။ အရင်တစ်ခါ ကျီယွဲ့ဂိုဏ်းနဲ့ ဂိုဏ်းလေးဂိုဏ်းက ဖေးရှန်ဂိုဏ်းကို လာတိုက်ခိုက်တာဟာ နောက်ကွယ်ကနေ ချီရီဂိုဏ်းက ကြိုးကိုင်ထားတာပဲ။”

“ဘာ”

“အဲဒါ သူတို့လက်ချက်လား”

“ထင်သားပဲ.... အဲဒီဂိုဏ်းလေးဂိုဏ်းက ဘာလို့ ရုတ်တရက် အင်အားစုမိသွားကြတာလဲလို့။”

“ချီရီဂိုဏ်းကို အပြတ်ရှင်းရမယ်”

ထိုအခါမှသာ အားလုံးက အမှန်တရားကိုသိရှိသွားကြပြီး ချီရီဂိုဏ်းကို သက်ဆုံးထိမုန်းတီးသွားကြတော့သည်။

ကျန်းချန်သည် သူ၏ဂိုဏ်းချုပ်ပုံရိပ်ကို ခိုင်မာစေရန်အတွက် စစ်ကြေညာစာတမ်းကိုပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ခန်းမအပြင်ဘက်မှ အေးစက်သောလှောင်ရယ်သံတစ်ခုက ကြားဖြတ်နှောင့်ယှက်လိုက်သည်။

“မင်းတို့တွေက တကယ်ကို မိုက်မဲတာပဲ... အမြစ်ပြတ်ချေမှုန်းခံရတော့မယ့် အခြေအနေရောက်နေတာတောင် နောက်ကွယ်ကကြိုးကိုင်သူကို မသိကြသေးဘူး...”

အဖြူရောင်ကျောက်စိမ်းစင်မြင့်တစ်ခု၏ ထူးဆန်းသော ပုံရိပ်ယောင်တစ်ခုသည် ခန်းမတံခါးမှတစ်ဆင့် ဖြည်းညှင်းစွာ လွင့်မျောဝင်ရောက်လာသည်။

စင်မြင့်မှာ သုံးပေခန့်မြင့်မားပြီး အေးစက်သော အငွေ့အသက်များ ဝန်းရံနေသည်။

စင်မြင့်၏အလယ်ဗဟိုတွင် အပြာနုရောင် ဝတ်ဆင်ထားသည့် သေးငယ်သော လူပုံရိပ်တစ်ခု တင်ပျဉ်ခွေထိုင်နေပြီး မြင့်မြတ်သန့်စင်သော အရှိန်အဝါများကို ထုတ်လွှင့်နေ၏။

ထိုပုံရိပ်ကိုမြင်သည်နှင့် ကျိလင်းဟန်၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။

“အဲဒါ တွမ့်မူမိသားစုရဲ့ စတုတ္ထမြောက် မိသားစုခေါင်းဆောင် တွမ့်မူချီပဲ။ သူက ဝိညာဉ်အခြေတည်အဆင့်ဖြစ်ပြီး သူ့ရဲ့ဝိညာဉ်ပုံရိပ်ကို ဒီကိုလွှတ်လိုက်တာပဲ။”

All Chapters