ငါ့ကို ကျားသခင်ကြီးလို့ခေါ်စမ်း
Vol. 4 Ch. 35
တွမ့်မူချီသည်လည်း မျက်စိသုံးလုံးကျားကို စိုက်ကြည့်လိုက်သည်။
မည်သို့ပင်ကြည့်စေကာမူ ဤသေးငယ်သောသတ္တဝါ၌ ထူးခြားမှုတစ်ခုမျှ မတွေ့ရချေ။ သူ မျက်နှာပျက်သွားသည်။
“ဂိုဏ်းချုပ်ကျန်း... မင်းက ငါ့ကိုစော်ကားနေတာလား... ငါတို့ တွမ့်မူမိသားစုနဲ့ လမ်းခွဲချင်တာလား”
“မြန်မြန် ရှင်းလိုက်စမ်း၊ အချိန်မဖြုန်းနဲ့”
ကျန်းချန် လက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါမှ မျက်စိသုံးလုံးကျားက သမ်းဝေလိုက်၏။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော စုပ်အားတစ်ခု ပေါ်ထွက်လာပြီး တွမ့်မူချီ၏ဝိညာဉ်စင်မြင့်မှာ ၎င်း၏ ပါးစပ်ထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။
“မဖြစ်နိုင်ဘူး...”
တွမ့်မူချီသည် မသေဆုံးမီ ခုခံရန်ကြိုးစားသေးသော်လည်း အချည်းနှီးသာ။
သူ၏ ဝိညာဉ်စင်မြင့်နှင့် ဝိညာဉ်ပုံရိပ်တို့မှာ စုပ်ယူခံလိုက်ရပြီး မျက်စိသုံးလုံးကျားက ထိုဝိညာဉ်စင်မြင့်ကိုပါ ဝါးစားပစ်လိုက်သည်။
*ဂျွတ်... ဂျွတ်...*
ခန်းမအတွင်းရှိ တွမ့်မူချီ၏ပုံရိပ်မှာ ချက်ချင်းပင် အဆပေါင်းများစွာ မှိန်ဖျော့သွားပြီး ပျောက်ကွယ်တော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။
“မိစ္ဆာကောင်... ငါ မင်းကို အလွတ်မပေးဘူး”
မျက်စိသုံးလုံးကျားလည်း ဒေါသထွက်သွားသည်။
*ကျန်းချန် သူ့ကို မလေးစားတာက ထားလိုက်ပါဦး၊ ဒီလူက ဘယ်သူမို့လို့လဲ..........*
သူ၏ တတိယမျက်လုံးမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုဝိညာဉ်ပုံရိပ်မှာ စူးရှစွာအော်ဟစ်ရင်း ပျောက်ကွယ်သွားတော့သည်။
ထိုအလင်းတန်းသည် မိုင်ပေါင်းသောင်းနှင့်ချီ၍ဝေးကွာသော တွမ့်မူမိသားစုခန်းမအထိ ပျံသန်းသွားကာ တွမ့်မူချီ၏မူလခန္ဓာကိုယ်ကို ချက်ချင်းပေါက်ကွဲပျက်စီးစေခဲ့သည်။ အရိုးပင်မကျန်ခဲ့ချေ။
၎င်းသည် တွမ့်မူမိသားစုမှအကြီးအကဲများကို အကြီးအကျယ်တုန်လှုပ်သွားစေသည်။
ဝိညာဉ်စင်မြင့် ပျက်စီးသွားခြင်းကိုအသာထား... ဤသို့ မိုင်ပေါင်းများစွာဝေးကွာသောနေရာမှ မူလခန္ဓာကိုယ်ကို တိုက်ရိုက်ဖျက်ဆီးနိုင်ခြင်းမှာ သူတို့၏အသိပညာထက် များစွာသာလွန်နေသည်။
“ဒါ... ဒါ ဘယ်လို မိစ္ဆာမျိုးလဲ”
“ဒါ အနည်းဆုံးတော့ ကောင်းကင်ကံကြမ္မာအဆင့်ရဲ့အစွမ်းပဲ ဖြစ်ရမယ်”
“ကျီယွဲ့ဂိုဏ်းပျက်စီးတုန်းက ကျားပုံရိပ်တစ်ခုကို တစ်ယောက်ယောက် မြင်ခဲ့တယ်လို့ ကြားတယ်၊ အဲဒါ ဒါပဲ ဖြစ်ရမယ်”
“ကျန်းချန်က ဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးနိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး၊ သူ့မှာ ဒီလို အကူအညီ ရှိနေတာကိုး”
ဖေးရှန်ဂိုဏ်းရှိ တပည့်များမှာလည်း မှင်တက်နေကြသည်။
*တွမ့်မူချီ သေပြီလား...ထိုကဲ့သို့သော ကျွမ်းကျင်သူကို ဤကျားကလေးက အလွယ်တကူ ရှင်းပစ်လိုက်သည်လား... *
၎င်းသည် အမှန်တကယ်မယုံနိုင်စရာပင်။
မျက်စိသုံးလုံးကျားမှာ ဂိုဏ်းစောင့်နတ်သားရဲဖြစ်ကြောင်း သိထားကြသော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
ယမန်နေ့က ၎င်းအား ပွတ်သပ်ချော့မြူခဲ့ကြသော အမျိုးသမီးတပည့်များမှာ ယခုအခါ ချွေးစေးများ ထွက်နေကြတော့သည်။ ငရဲတံခါးဝသို့ ရောက်သွားခဲ့သကဲ့သို့ ခံစားနေရသည်။
“ဒါ... ဒါ...”
လော့ယွမ်မှာ စကားပင် ထစ်နေတော့သည်။
တံတွေးကို ခက်ခဲစွာမျိုချလိုက်ရင်း
“ဂိုဏ်းချုပ်... သူက ဘယ်လိုဖြစ်ပြီး ဒီလောက် အစွမ်းထက်နေတာလဲ”
ဟု မေးလိုက်သည်။
ဝိညာဉ်အခြေတည်အဆင့် ကျွမ်းကျင်သူကို အလွယ်တကူရှင်းပစ်လိုက်ခြင်းမှာ စိတ်ကူး၍ပင် မရနိုင်ချေ။ ကျန်းချန်က လက်ကို နောက်ပစ်ကာ တည်ငြိမ်စွာဖြေလိုက်သည်။
“ဒီလောက်အစွမ်းမှမရှိရင် ငါ့ရဲ့ ဂိုဏ်းစောင့်နတ်သားရဲဖြစ်ဖို့ တန်ပါ့မလား”
ခေတ္တမျှအံ့အားသင့်သွားပြီးနောက် တပည့်များမှာ အလွန်ဝမ်းသာသွားကြသည်။
ဤကဲ့သို့ အစွမ်းထက်သောနတ်သားရဲရှိနေသဖြင့် သူတို့၏ဘေးကင်းမှုမှာ အဆပေါင်းများစွာ တိုးတက်သွားပြီဖြစ်သည်။ ချီရီဂိုဏ်းကိုလည်း စိုးရိမ်နေစရာမလိုတော့ပေ။
“ကျားအစ်ကိုကြီး... အစ်ကို့ရဲ့ တကယ့်အစွမ်းက ဘယ်လောက်တောင်ရှိတာလဲ”
တပည့်များက အစ်ကိုကြီးဟုပင် ပြောင်းလဲခေါ်ဆိုလာကြသည်။
သို့သော် မျက်စိသုံးလုံးကျားမှာ မကျေနပ်သေးဘဲ
“ငါ့ကို ကျားသခင်ကြီးလို့ ခေါ်စမ်း”
ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့... ကျားသခင်ကြီးက တကယ်ကိုအံ့ဩစရာပဲ။ ဂိုဏ်းချုပ်နဲ့ ဘယ်လိုသိခဲ့တာလဲ”
ဤမေးခွန်းကိုမူ မျက်စိသုံးလုံးကျားက ဖြေဆိုရန် ငြင်းဆန်လိုက်သည်။
အားလုံးက ကျားသခင်ကြီးကို မြှောက်ပင့်ပြောဆိုနေကြစဉ် ကျန်းချန်သည် သူ၏သမီးတော်လေး ဆာလောင်နေသည်ကို မေ့မထားပေ။
တောင်နောက်ဘက်ရှိ ဝိညာဉ်သွေးကြောထံသို့သွားကာ ဝိညာဉ်ကျောက်တုံးများပါရှိသော လက်စွပ်နှစ်ကွင်းကို ပေးအပ်လိုက်သည်။
အဝါလေးသည် ဝိညာဉ်ကျောက်တုံးများကို မြင်သည်နှင့် မျက်နှာဝင်းပသွားကာ ကျန်းချန်၏ပါးကို နမ်းလိုက်လေ၏။
ကျန်းချန်က စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့်ပြောသည်...
“သမီးလေး... သမီးက တကယ်ကို ရည်မှန်းချက်မရှိတာပဲ၊ ကမ္ဘာဦး အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီးတော့”
“ဒီလောက် ဝိညာဉ်ကျောက်တုံးလေးက ဘာမှုစရာလဲ။ နောင်ကျရင် ဒီထက်မက အများကြီးရဦးမှာ။ ဖေဖေ့နောက်ကိုလိုက်ခဲ့ရင် နေ့တိုင်း အကောင်းဆုံးတွေပဲ စားရမယ်”
“ဝါး... တကယ်လား... မေမေက အကောင်းဆုံးပဲ”
ကောင်မလေးမှာ စိတ်လှုပ်ရှားစွာဖြင့် ကခုန်နေတော့သည်။
“အဲဒီလောက်ကောင်းနေရင် ဖေဖေလို့ ပြောင်းခေါ်ပါလား။”
“မေမေက အဓိပ္ပာယ်မရှိတာတွေ ပြောပြန်ပြီ...”
ကျန်းချန် အံကြိတ်လိုက်မိသည်။ ဤကောင်မလေးသည် အားလုံးကောင်းသော်လည်း ဤအချက်တစ်ခုကိုမူ ပြင်မရပေ။
ခန်းမသို့ ပြန်ရောက်သောအခါ မျက်စိသုံးလုံးကျားသည် ဂိုဏ်းချုပ်ထိုင်ခုံပေါ်တွင် မောက်မာစွာ ထိုင်နေသည်ကို တွေ့ရသည်။
ဘေးတွင် အမျိုးသမီးတပည့်များက သစ်သီးများကျွေးနေကြပြီး အမျိုးသားတပည့်များက ယပ်ခတ်ပေးနေကြသည်။ ချီးမွမ်းသံများလည်း ဆူညံနေသည်။
“ကျားသခင်ကြီး... တကယ်ကို အစွမ်းထက်တာပဲ”
“ကျားသခင်ကြီးက ကောင်းကင်ကံကြမ္မာအဆင့်လား”
“ကျားသခင်ကြီးက ဒီမှာ သုံးနှစ်နေပေးမယ်ဆိုတာ တကယ့်ကိုဂုဏ်ယူစရာပဲ...”
လူတိုင်းက ထိုသို့မြှောက်ပင့်နေကြခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
ယခင်ဂိုဏ်းချုပ်မှာ ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သာဖြစ်ရာ ဝိညာဉ်အခြေတည်အဆင့်ကို အလွယ်တကူသတ်နိုင်သောနတ်သားရဲပေါ်လာခြင်းက သူတို့၏ အသိဉာဏ်ကိုကျော်လွန်နေသည်။
ကျန်းချန်သည် ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ စိတ်တိုသွားသည်။
*ငါ့ထိုင်ခုံမှာ ထိုင်နေတာလား... ငါ့လူတွေကို ခိုင်းစားနေတာလား...*
သူ အပြေးသွားကာ ကျားကိုဆွဲမ၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ဒါ မင်းထိုင်ရမယ့်နေရာလား... စည်းကမ်းလုံးဝမရှိပါလား”
မျက်စိသုံးလုံးကျား ဒေါသထွက်သွားသည်။
“မင်း... သေချင်နေတာလား”
မိစ္ဆာဘုရင်အရှိန်အဝါများ ထွက်ပေါ်လာသည်။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ကာ “မင်း နောက်တစ်ခါ အချုပ်ခံချင်သေးတာလား” ဟု ဆိုသည်။
အဝါလေး၏ ခြိမ်းခြောက်မှုက အကျိုးသက်ရောက်ဆဲ...
မျက်စိသုံးလုံးကျားသည် ဝိညာဉ်စွမ်းအင်များစုပ်ယူခံရပြီး ချည်နှောင်ခံရသည့်အဖြစ်မျိုးကို ထပ်မံမကြုံတွေ့လိုတော့ပေ။
“မဟုတ်ပါဘူး... အစ်ကိုကြီးရယ်၊ စနေတာပါ။ ကျောင်းတော်ကြီးက တိတ်ဆိတ်နေလို့ ပျော်စရာဖြစ်အောင် လုပ်နေတာပါ။”
တပည့်များမှာ ထပ်မံအံ့အားသင့်သွားကြပြန်သည်။
ကျားသခင်ကြီးသာ စိတ်ဆိုး၍သောင်းကျန်းပါက ဂိုဏ်းတွင် အုတ်တစ်ချပ်မျှ ကျန်တော့မည်မဟုတ်ဟု သူတို့ စိုးရိမ်ခဲ့ကြသည်။
သို့သော် ဂိုဏ်းချုပ်ရှေ့တွင်မူ ၎င်းမှာ ကြောင်လေးတစ်ကောင်ကဲ့သို့ ယဉ်ပါးနေလေ၏။
ဂိုဏ်းချုပ်သည်သာ ပို၍အစွမ်းထက်သူဖြစ်ကြောင်း သူတို့ယုံကြည်သွားကြပြီး ကျန်းချန်အပေါ် လေးစားမှုမှာ ဒီရေကဲ့သို့ တိုးပွားလာတော့သည်။
“ကဲ... အရေးကြီးတဲ့ ကိစ္စ ဆွေးနွေးရအောင်”
“တွမ့်မူမိသားစုကို ခဏထားလိုက်ဦး၊ အရင်ဆုံး ချီရီဂိုဏ်းကို ဖြေရှင်းရမယ်”
ဤခြိမ်းခြောက်မှုကို မဖယ်ရှားပါက တပည့်သစ်များ လာရောက်ဝံ့ကြမည်မဟုတ်ပေ။
“ဂိုဏ်းချုပ်အနေနဲ့ သူတို့ရဲ့တိုက်ခိုက်မှုကို ဘယ်လိုရင်ဆိုင်ဖို့ အစီအစဉ်ရှိပါသလဲ”
ယခုအခါ အားလုံးမှာ ယုံကြည်ချက်အပြည့်ရှိနေကြပြီဖြစ်သည်။ ကျန်းချန်က မတ်တပ်ရပ်ကာ လက်ဝှေ့ယမ်းလိုက်သည်။
“ရင်ဆိုင်မယ်... ငါက ဘာလို့ခုခံနေရမှာလဲ... ငါတို့က အရင်သွားတိုက်မှာပေါ့”
“ဗျာ... ဂိုဏ်းချုပ်က သူတို့ဆီသွားတိုက်မလို့လား”
“ဒါပေါ့... သူတို့ အမြဲသောင်းကျန်းမနေနိုင်အောင် အခုပဲ ချီရီဂိုဏ်းကို သွားဖျက်ဆီးပစ်မယ်”
တပည့်များမှာ စိတ်လှုပ်ရှားသွားကြသည်။
“ဟုတ်တယ်... ကျွန်တော်တို့ အရင်တိုက်စစ်ဆင်သင့်တယ်”
“မင်းတို့နဲ့သွားမယ်လို့ ဘယ်တုန်းကပြောလို့လဲ”
မျက်စိသုံးလုံးကျားက မြေပြင်ပေါ်တွင် ပျင်းရိစွာလဲလျောင်းရင်း ပြောလိုက်သည်။
“ကောင်လေး... ငါက ဂိုဏ်းစောင့်နတ်သားရဲလုပ်ဖို့ပဲ သဘောတူထားတာ၊ မင်းရဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူးနော်။”
ဂိုဏ်းစောင့်နတ်သားရဲ၏တာဝန်မှာ ဂိုဏ်းကိုစောင့်ရှောက်ရန်သာဖြစ်သည်။
ရန်သူကျူးကျော်လာပါက ခုခံပေးရမည်ဖြစ်သော်လည်း အပြင်ထွက်၍တိုက်ခိုက်ပေးရန် တာဝန်မရှိပေ။
ကျန်းချန်မှာလည်း ၎င်းကိုခေါ်ဆောင်သွားရန် အစီအစဉ်မရှိပေ။
ယနေ့အတွက် သူ၏ ပြန်လည်ရှင်သန်ခြင်းအခွင့်အရေးများကို မသုံးရသေးချေ။ အကယ်၍ ကျားကိုခေါ်သွားပါက သူ အသတ်ခံရမည်မဟုတ်တော့ရာ စနစ်၏ဆုလာဘ်များကို ဆုံးရှုံးသွားလိမ့်မည် မဟုတ်ပါလား.....