တွမ့်မူမိသားစု၏ ပူးပေါင်းကြံစည်မှု
Vol. 4 Ch. 36
"ကောင်းပြီလေ၊ ဒါဆိုရင် မင်းပဲ အိမ်စောင့်ပြီးနေခဲ့တော့။"
ထိုသို့ပြောပြီးနောက် သူသည် ဝတ်ရုံစကိုဝေ့ယမ်းကာ ပျံသန်းထွက်ခွာသွားလေတော့သည်။
“သူက ဒီအတိုင်းကြီး ထွက်သွားတာလား... ဒီသခင်ကြီးကို အကူအညီမတောင်းဘူးလား...”
မျက်စိသုံးလုံးကျားမှာ မနေနိုင်တော့ဘဲ ထထိုင်ကာ အာရုံခံကြည့်မိသည်။ ကျန်းချန်သည် တောင်တံခါးဝမှ အမှန်တကယ် ပျံသန်းထွက်ခွာသွားခြင်းဖြစ်ပြီး ဟန်ဆောင်နေခြင်းမဟုတ်ပေ။
"ထူးဆန်းလိုက်တာ"
ရုတ်တရက် မျက်စိသုံးလုံးကျားက အမှန်တရားကို သဘောပေါက်သွားသည်။
"ဒီကောင်လေးက ငါ့ကို ခေါ်သွားဖို့မှ မလိုတာ......... ဆင့်ခေါ်အဆောင်သုံးလိုက်တာနဲ့ ငါမသွားချင်လည်း သွားရမှာပဲကို"
"တောက်"
ဤသည်ကို တွေးမိသည်နှင့် မျက်စိသုံးလုံးကျားမှာဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် အောင့်တက်လာရသည်။
ခန်းမအတွင်းရှိတပည့်များမှာမူ ဂိုဏ်းချုပ်၏ မဟာတန်ခိုးတော်ကို ချီးမွမ်းနေကြဆဲဖြစ်ပြီး ဂိုဏ်းချုပ်သည် ပြိုင်ဘက်ကင်းကြောင်း ပြောဆိုနေကြသည်။
"မင်းတို့က သူတကယ်ပဲ အဲ့ဒီလောက်စွမ်းတယ်လို့ ထင်နေကြတာလား"
"ငါ အမှန်အတိုင်း ပြောပြမယ်၊ သူက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ကျင့်ကြံသူသက်သက်ပဲ။"
မိမိအနေဖြင့် ဆင့်ခေါ်မှုကို မလွန်ဆန်နိုင်သော်လည်း၊ ထိုကောင်လေး၏ ဂုဏ်သတင်းကို ဖျက်ဆီးရန်နှင့် အခက်တွေ့အောင်လုပ်ရန် နည်းလမ်းရှာရမည်ဟု မျက်စိသုံးလုံးကျားက ကြံစည်လေသည်။
"ဒါ မဖြစ်နိုင်တာ"
ကျန်းချန်၏ ယုံကြည်ရဆုံးတပည့်ဖြစ်သူ ကျိလင်းဟန်က ချက်ချင်းပင် ပြန်လည်ချေပသည်။
"ဂိုဏ်းချုပ်က နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီ၊ သူ့ရဲ့ အစွမ်းက အတိုင်းအဆမရှိဘူး။ အနည်းဆုံး ကောင်းကင်ကံကြမ္မာအဆင့်မှာ ရှိနေတာ"
မျက်စိသုံးလုံးကျားက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"နှစ်ပေါင်းထောင်ချီ သက်တမ်း ဟုတ်လား...... သူက အသက် ၂၀ တောင် မပြည့်သေးဘူး။ အဲ့ဒါကို ငါ့လို မဟာသခင်ကြီးမျက်စိအောက်မှာ ဘယ်လို ဖုံးကွယ်ထားနိုင်မှာလဲ"
ဂိုဏ်းချုပ်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လာသောအခါ၊ တပည့်များမှာ ဤကျားကြီးအား ရိုသေလေးစားထိုက်သူဟု မထင်မှတ်ကြတော့ပေ။ လုယွမ်ကလည်း ရှေ့သို့တိုးကာ ပြန်ပြောလေသည်။
"ဂိုဏ်းချုပ်က ဂိုဏ်းကြီးလေးဂိုဏ်းကို တစ်ဆက်တည်း ချေမှုန်းခဲ့တာလေ"
"ဟုတ်တယ်၊ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ကျင့်ကြံသူက ဂိုဏ်းကြီးလေးဂိုဏ်းကို ဘယ်လိုလုပ် ချေမှုန်းနိုင်မှာလဲ"
"ရှင်းနေတာပဲ၊ မင်းက ကျားဦးနှောက်လေးနဲ့မို့ ဂိုဏ်းချုပ်ကိုမနာလိုဖြစ်ပြီး ကွယ်ရာမှာ အတင်းပြောနေတာ"
*ဘာ... ဘယ်လို..... ကျားဦးနှောက်လေး... ဟုတ်လား.....
ခုနကတင် သူတို့က ကျားသခင်ကြီးလို့ ခေါ်နေကြတာ မဟုတ်လား......
အမှန်တရားလေး နည်းနည်းပြောပြမိတာနဲ့ အဆင့်အတန်းက ချက်ချင်းနိမ့်ကျသွားရတာလား....
ငါ့ကို လေးစားသမှုတွေက ဘယ်ရောက်ကုန်ပြီလဲ....
ပြီးတော့... ငါက အဲ့ဒီကောင်လေးကို မနာလိုဖြစ်ရမယ် ဟုတ်လား....
ငါ့လို ခန့်ညားထည်ဝါလှတဲ့ မိစ္ဆာဘုရင်တစ်ပါးက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို မနာလို ဖြစ်ရမယ်တဲ့လား.....*
မျက်စိသုံးလုံးကျားမှာ ဒေါသထွက်လွန်းသဖြင့် ထိုင်ခုံပေါ်မှခုန်ဆင်းကာ အားလုံးကို သတ်ပစ်ချင်စိတ် ပေါက်သွားလေ၏။
ဒါမျိုး မိမိလက်မခံ...
ဂိုဏ်း၏ အစောင့်အရှောက်နတ်သားရဲဖြစ်နေသည့် ကန့်သတ်ချက်သာမရှိလျှင် ဤတပည့်များကို တိုက်ခိုက်မိပေတော့မည်။
"ငါ အမှန်အတိုင်း ပြောပြမယ်၊ အဲ့ဒီ ဂိုဏ်းလေးဂိုဏ်းကို ဒီကျားသခင်ကြီးက ချေမှုန်းခဲ့တာ..."
"အဲ့ဒီကောင်လေးက ဘာမှမလုပ်ခဲ့ဘူး။ သူက ဆင့်ခေါ်အဆောင်လေးပဲ သုံးခဲ့တာ"
"မင်းတို့က သူတကယ်ပဲတော်တယ်လို့ ထင်နေတာလား... ငါသာမရှိရင် သူက ဟိုးအရင်ကတည်းက အပိုင်းပိုင်းခုတ်ခံထားရပြီ..."
ကျား၏ပုံစံမှာ လိမ်ညာနေပုံမပေါ်သဖြင့် တပည့်များမှာ မယုံမရဲ ဖြစ်လာကြသည်။
ပြန်စဉ်းစားကြည့်လျှင် ကျီယွဲ့ဂိုဏ်းပျက်စီးစဉ်က ကောင်းကင်ယံတွင် ဧရာမကျားမိစ္ဆာအရိပ်ကြီး ပေါ်ပေါက်ခဲ့သည်ဟူသော ကောလာဟလများ ရှိခဲ့သည်။
ထို့အပြင် ဂိုဏ်းချုပ်ကလည်း မိမိကိုယ်ကိုယ် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ရှိသူဟုသာ အမြဲဆိုခဲ့သည်။
ဒါက တကယ်ပဲ ဖြစ်နိုင်မလား.......
"ဟို... တကယ်ပဲ ခင်ဗျားက အဲ့ဒီဂိုဏ်းလေးဂိုဏ်းကို ချေမှုန်းခဲ့တာလား"
မျက်စိသုံးလုံးကျားက လည်ပင်းကိုမော့ကာ ကြွားဝါလိုက်သည်။
"ဒါပေါ့"
ကျိလင်းဟန်မှာ စိုးရိမ်တကြီးဖြစ်လာ၏။
"ဒါဆို... ဒါဆို... ရှင်က ဘာလို့ ဂိုဏ်းချုပ်ကို သွားမကူညီတာလဲ"
မျက်စိသုံးလုံးကျားက တစ်ချက်မဲ့လိုက်ပြီး ထိုင်ခုံနောက်မှီပေါ်သို့ သက်တောင့်သက်သာ ပြန်မှီချလိုက်သည်။
"ငါက ဘာလို့ သွားရမှာလဲ... သူကတော့ လူကြားထဲကြွားလုံးထုတ်ပြီး ငါကတော့ ပင်ပန်းခံရမယ် ဟုတ်လား.... အိပ်မက်မက်နေလိုက်"
ကျိလင်းဟန်က တပည့်များကို မျက်ရိပ်ပြလိုက်ရာ သူတို့သည် လက်ဖက်ရည် တည်ခင်းခြင်း၊ သစ်သီးများ ဆက်သခြင်းနှင့် ယပ်ခပ်ပေးခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ကြတော့သည်။
"ကျားသခင်ကြီးက တကယ်ကို အစွမ်းထက်တာပဲ။ အဲ့ဒီ ချီရီဂိုဏ်းကို ချေမှုန်းဖို့ဆိုတာ ကျားသခင်ကြီးအတွက် ဘာမှမခက်ခဲပါဘူးနော်"
"ဟမ်..."
"ဒါဆို သခင်ကြီးအနေနဲ့ နောက်တစ်ကြိမ်လောက် လက်စွမ်းပြပါဦးလား"
မျက်စိသုံးလုံးကျားမှာ တပည့်များ၏ပြုစုမှုကိုခံယူရင်း အလွန်ဇိမ်ကျနေသော်လည်း ကျန်းချန်ကို ကူညီရန်မူ...
"မဖြစ်နိုင်တာ"
"ကျားသခင်ကြီးက နတ်ဘုရားလို အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းပဲ။ နာမည်ကြီးအောင် မလုပ်ချင်ဘူးလား"
"မလုပ်ချင်ဘူး။"
နှုတ်မှ ငြင်းဆန်နေသော်လည်း လက်တွေ့တွင်မူ မျက်စိသုံးလုံးကျားသည် မြှောက်ပင့်ခံရသည်ကို အလွန်သဘောကျနေပြီး တပည့်များက ပို၍ချီးမွမ်းကြရန်သာ မျှော်လင့်နေသည်။
ကောင်းကင်မိစ္ဆာနယ်မြေတွင် မိစ္ဆာဘုရင်တစ်ပါးဖြစ်ခဲ့စဉ်က မည်သူကမျှ သူ့ကို ဤသို့မမြှောက်ပင့်ခဲ့ဖူးပေ။
မိစ္ဆာလေးများမှာ သူမိစ္ဆာဘုရင်ဖြစ်နေခြင်းမှာ သဘာဝကျသည်ဟုသာ မှတ်ယူထားကြ၏။ ယခုအခါ မိစ္ဆာဘုရင် ၁၂ ပါးအနက် အောက်ဆုံးသို့ ကျဆင်းသွားရခြင်းမှာ ကျားမျိုးနွယ်စုအတွက် အရှက်ရစရာပင်။
တပည့်များက ကျားသခင်ကြီးကို ဝိုင်းဝန်းဖျောင်းဖျနေစဉ် ကျန်းချန်သည် ဖေးရှန်ဂိုဏ်းမှ ထွက်ခွာခဲ့ပြီး ဖြစ်သည်။
လမ်းတစ်လျှောက်တွင် သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်းမရှိဘဲ ချီရီဂိုဏ်းဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွား၏။
ထို့ကြောင့် လမ်းခရီးတွင် သူ့ကိုမြင်တွေ့သူ အမြောက်အမြား ရှိခဲ့သည်။ ယခုအချိန်တွင် ကျန်းချန်သည် ချင်လန်စီရင်စု၌ ရေပန်းအစားဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်။
မကြာမီမှာပင် သူသည် ချီရီဂိုဏ်းသို့ တစ်ဦးတည်းသွားနေသည်ဟူသော သတင်းမှာ ပျံ့နှံ့သွားတော့သည်။
"ကျန်းချန်က ဘာလုပ်မလို့လဲ"
"သူက ချီရီဂိုဏ်းကိုပါ ဖျက်ဆီးပစ်ဖို့ ကြံနေတာလား"
"သူ ရူးနေတာလား... တစ်ယောက်တည်းနဲ့ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မင်းတို့ အရင်ကလည်း ကျီယွဲ့ဂိုဏ်းနဲ့ မြင့်မြတ်ရေခဲဂိုဏ်းတုန်းကလည်း အဲ့ဒီအတိုင်း ပြောခဲ့တာပဲလေ..."
"ချီရီဂိုဏ်းက အဲ့ဒီဂိုဏ်းတွေထက် ဆယ်ဆမက ပိုအင်အားကြီးတာ။ အဆင့်ချင်း မတူဘူး"
"ငါ့အမြင်တော့ သူက ငြိမ်းချမ်းရေး သွားဆွေးနွေးတာထင်တယ်"
ဂိုဏ်းလေးဂိုဏ်းကို ချေမှုန်းခဲ့သည့် ပြောင်မြောက်သော မှတ်တမ်းရှိသော်လည်း ကျန်းချန်သည် စစ်တိုက်ရန်မဟုတ်ဘဲ အလျှော့ပေးရန်သွားခြင်းဖြစ်သည်ဟုသာ လူတိုင်းက ယုံကြည်နေကြသည်။
လူတစ်ယောက်တည်းက ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သည်ဟူသောအချက်ကို လက်ခံရန် အလွန်ခက်ခဲနေသောကြောင့်ပင်။
သို့သော်လည်း ဝေးကွာသောနေရာရှိ တွမ့်မူမိသားစုတွင်မူ ထင်မြင်ချက်မတူပေ။
"ချီရီဂိုဏ်းတော့ သွားပြီ။"
"အဲ့ဒီ မျက်စိသုံးလုံးကျားရှေ့မှာတော့ ချီရီဂိုဏ်းက သွေးပင်လယ်ဝေတော့မှာပဲ။"
တွမ့်မူမိသားစု၏ အကြီးအကဲများမှာ အရေးကြီးကိစ္စများကို ဆွေးနွေးရန် ထပ်မံစုဝေးကြပြန်သည်။
ပြင်ပကမ္ဘာမှ လူများနှင့်မတူဘဲ သူတို့သည် ကျန်းချန်တွင် မျက်စိသုံးလုံးကျားဟူသော ဖျက်အားပြင်း ဝှက်ဖဲတစ်ခု ရှိနေသည်ကို သိကြသည်။
ထိုကျားမိစ္ဆာရှေ့တွင် ဝိညာဉ်အခြေတည်အဆင့် ၃ ရှိသော တွမ့်မူချီပင်လျှင် စကားတစ်လုံးမျှ မဟနိုင်ဘဲ ချေမှုန်းခံခဲ့ရသည်။
ဤကျားမိစ္ဆာသည် ချင်လန်စီရင်စုအတွက် အလွန့်အလွန်အင်အားကြီးမားလွန်းသူဖြစ်ရာ ချီရီဂိုဏ်းလည်း တားဆီးနိုင်မည်မဟုတ်ပေ။
မိသားစုအကြီးအကဲ တွမ့်မူဟုန်က အားရပါးရရယ်မောလိုက်သည်။
"ဟားဟားဟား... ချီရီဂိုဏ်းပျက်စီးသွားရင် ငါတို့ တွမ့်မူမိသားစုက..."
သူသည် ရန်ဘက်ဖြစ်သော ချီရီဂိုဏ်းပျက်စီးသွားပြီးနောက် မိမိတို့မိသားစုသာ အင်အားအကြီးဆုံး ဖြစ်လာတော့မည်ဟုပြောရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရယ်မောရင်း သူ ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းမှာ တစ်ခုခုကို တွေးမိသွားသောကြောင့် ဖြစ်သည်။
ချီရီဂိုဏ်း ပျက်စီးသွားလျှင်ပင် တွမ့်မူမိသားစုက အင်အားအကြီးဆုံး ဖြစ်လာမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကျားမိစ္ဆာမှာ သူတို့ပိုင်သည်မဟုတ်ဘဲ ဖေးရှန်ဂိုဏ်းကိုသာ ပို၍အင်အားကြီးမားစေမည်။ ထို့အပြင် တွမ့်မူချီက ဖေးရှန်ဂိုဏ်းကို စော်ကားခဲ့ဖူးရာ နောင်တွင် တွမ့်မူမိသားစုပါ ချေမှုန်းခံရနိုင်ခြေရှိသည်။
သို့ဆိုလျှင် သူက ဘာကို ဝမ်းသာနေရသနည်း.........
"ကျန်းချန်က ဘယ်လို အခွင့်အရေးတွေ ရခဲ့လို့ ဒီလောက် အစွမ်းထက်တဲ့ ကျားမိစ္ဆာကို ခိုင်းစေနိုင်နေတာလဲ....."
"ဒါကိုသာ ကြိုသိရင် ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ကိုယ်တိုင် သွားပြီး မိတ်ဖွဲ့ခဲ့သင့်တာ။"
"ဟုတ်တယ်၊ ဖေးရှန်ဂိုဏ်း ထွန်းကားလာတာကို တားလို့ မရတော့ဘူး။ အစောကြီးကတည်းက မိတ်ဆွေဖြစ်ခဲ့ရင် ငါတို့လည်း အကျိုးအမြတ် ခွဲဝေခံစားနိုင်မှာ"
"နှမြောစရာပဲ..."
တွမ့်မူမိသားစုအကြီးအကဲများမှာ နောင်တရနေကြသည်။
သူတို့သည် ဖေးရှန်ဂိုဏ်းကိုလည်း စိတ်ထဲမှအပြစ်တင်နေကြသည်။
*မင်းတို့မှာ ဒီလောက် အားကိုးရတဲ့ အစောင့်အရှောက်ရှိရင်လည်း စောစောကတည်းက ပြောပါလား။ စောစောပြောရင် ငါတို့လည်း တွမ့်မူချီကိုလွှတ်ပြီး အာဏာပြခိုင်းမှာမဟုတ်ဘူး*
"ဟွန်း..."
တွမ့်မူဟုန်က နှာခေါင်းရှုံ့ကာ စားပွဲကို အားပြင်းပြင်းရိုက်ချလိုက်သည်။
"ပြီးတာတွေပြီးခဲ့ပြီ... နောက်ပြန်လှည့်လို့ မရတော့ဘူး"
"ဒါပေမဲ့ ဒီတစ်ခေါက်ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ်ပြောင်းလဲဖို့ ငါတို့မှာ အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး"
"အာ... အစ်ကိုကြီးက အဲ့ဒီကျားမိစ္ဆာကို အနိုင်တိုက်နိုင်လို့လား"
တွမ့်မူမိသားစု၏ ဒုတိယခေါင်းဆောင် တွမ့်မူကျယ်က နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
ထိုကျားမိစ္ဆာသည် အနည်းဆုံး ကောင်းကင်ကံကြမ္မာအဆင့်တွင် ရှိနေသည်။
တွမ့်မူမိသားစုဝင် သောင်းနှင့်ချီ၍ စုပေါင်းတိုက်ခိုက်လျှင်ပင် သွားကြားညှပ်ရုံသာရှိပေမည်။ သာလွန်အင်အားရှေ့တွင် မည်သည့်နည်းပရိယာယ်မျှ အသုံးမဝင်ပေ။
အကြီးအကဲများ၏ သံသယမျက်လုံးများကိုကြည့်ကာ တွမ့်မူဟုန်က ဂုဏ်ယူစွာပြုံးလိုက်သည်။
"ဒီတစ်ခေါက်မှာ ကျန်းချန်နဲ့အတူ အဲ့ဒီကျားမိစ္ဆာပါမသွားတာကို မင်းတို့ သတိမထားမိကြဘူးလား"
"ငါတို့ရဲ့ ကင်းထောက်တွေဆီက သတင်းအရတော့ အဲ့ဒီကျားမိစ္ဆာဟာ ဖေးရှန်ဂိုဏ်းထဲမှာပဲ ရှိနေသေးပြီး ဘယ်မှမသွားသေးဘူး"