← Chapters

ငါဘယ်လိုသေသွားတာလဲ

Vol. 4 Ch. 37

ငါဘယ်လိုသေသွားတာလဲ

Vol. 4 Ch. 37

"ပြီးခဲ့တဲ့အကြိမ်က စတုတ္ထခေါင်းဆောင် အသတ်ခံရတုန်းက အဲ့ဒီကျားမိစ္ဆာက ကျန်းချန်ရဲ့ အမိန့်ကိုပဲ နားထောင်တာကို အားလုံး မြင်ခဲ့ကြတာပဲ။"

"တကယ်တော့ ကျန်းချန်ကိုယ်တိုင်က အင်အားနည်းပြီး ဘာမှမဟုတ်တဲ့ အကောင်ပါ။"

တွမ့်မူဟုန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲပေါ်သွားပြီး သူ၏လက်ဖြင့် လည်ပင်းလှီးသည့် ပုံစံမျိုး ပြုလုပ်လိုက်သည်။

"အခု ကျားမိစ္ဆာမရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျန်းချန်ကိုသာ အပြတ်ရှင်းလိုက်ရင်..."

တွမ့်မူကျယ်က လက်ဝါးချင်းပြင်းပြင်း ရိုက်လိုက်ပြီး အကျယ်ကြီး ပြောလိုက်သည်။

"ဒါဆိုရင် အဲ့ဒီကျားမိစ္ဆာမှာ သခင်မရှိတော့ဘူးပေါ့"

"အတိအကျပဲ"

တွမ့်မူဟုန်က ယုံကြည်မှုအပြည့်ဖြင့်ဆိုသည်။ အခြားအကြီးအကဲများလည်း စိတ်လှုပ်ရှားသွားကြတော့သည်။

"အကယ်၍ ကျန်းချန်နဲ့ ကျားမိစ္ဆာသာ အသက်ချင်းချည်နှောင်ထားတဲ့ သေဖော်သေဖက် စာချုပ်မျိုးဆိုရင် ကျန်းချန်သေတာနဲ့ ကျားမိစ္ဆာလည်း လောကစည်းမျဉ်းတွေအရ ပျောက်ကွယ်သွားလိမ့်မယ်။"

"အကယ်၍ သူတို့က သခင်နဲ့ ကျွန်စာချုပ်ဆိုရင်လည်း ကျန်းချန်သေပြီးတာနဲ့ ကျားမိစ္ဆာက လွတ်လပ်သွားမှာပဲ။ သူက ချင်လန်စီရင်စုမှာ ဆက်နေမှာ မဟုတ်တော့ဘူး။"

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ အကြီးမားဆုံး ခေါင်းခဲစရာဖြစ်တဲ့ ဖေးရှန်ဂိုဏ်းကို အမြစ်ပြတ် ရှင်းနိုင်ပြီ"

"အချိန်မဆွဲကြနဲ့တော့၊ အဲ့ဒီကောင်လေးကို သွားရှင်းကြစို့"

အားလုံးတက်ကြွနေစဉ် တွမ့်မူမိသားစု၏ တတိယမြောက်ခေါင်းဆောင် တွမ့်မူရန်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။

"သူ့နားမှာ ကျားမိစ္ဆာလည်း မရှိဘဲနဲ့ ကျန်းချန်က ဘယ်လိုသတ္တိတွေနဲ့ ချီရီဂိုဏ်းဆီကို တစ်ယောက်တည်း သွားနေရတာလဲ"

"ဒါက..."

"သူ့မှာ ချီရီဂိုဏ်းထဲက လူယုံတွေ ဒါမှမဟုတ် ချုံခိုတိုက်ခိုက်ဖို့ လူတွေ ရှိနေတာများလား"

အကြီးအကဲများ၏ မျက်နှာများ တောင့်တင်းသွားကြသည်။

အမှန်ပင်၊ ကျားမိစ္ဆာရဲ့ အကူအညီမပါဘဲ ထိုသို့သွားခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးနေခြင်း မဟုတ်ပါလား....................

"တွေဝေမနေနဲ့တော့"

တွမ့်မူဟုန်က စားပွဲကို နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သည်။

"ကျားမိစ္ဆာ အဲ့ဒီမှာ မရှိတာ အမှန်တရားပဲ... ကျန်းချန် အင်အားနည်းတာလည်း အမှန်တရားပဲ..."

"သူ့မှာ ဘာအစီအစဉ်တွေပဲရှိရှိ ငါ ဂရုမစိုက်ဘူး။ ဓားတစ်ချက်တည်းနဲ့ သူ့ကို အဆုံးစီရင်လိုက်ရင် အားလုံး ပြီးသွားမှာပဲ"

ထိုသို့ပြောပြီးနောက် သူသည် လူတိုင်းကိုဝေ့ကြည့်ကာ သူ၏ဓားကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

"ဒီတိုက်ပွဲအတွက် ငါတစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်လိုက်ပြီ"

"အစ်ကိုကြီး၊ ကျွန်တော်တို့လည်း လိုက်ခဲ့ပါရစေ"

တွမ့်မူဟုန်က လက်ကာ၍ ငြင်းလိုက်သည်။

"ဒီအလုပ်က လျှို့ဝှက်လုပ်ရမှာ။ လူနည်းလေ ကောင်းလေပဲ။ လုံးဝ သတင်းမပေါက်ကြားစေနဲ့။ မဟုတ်လို့ အဲ့ဒီကျားမိစ္ဆာသာ သိသွားရင်..."

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူတို့ကိုမြင်သွားပြီး ကျန်းချန်သေပြီးနောက် ကျားမိစ္ဆာက လွတ်လပ်သွားလျှင်တောင် လက်စားချေဖို့ လာနိုင်သည်မဟုတ်ပါလား...

*မြောင်... မြောင်... မြောင်*

အကယ်၍ မျက်စိသုံးလုံးကျားသာ သူတို့ရဲ့ ပူးပေါင်းကြံစည်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သိသွားရင် သူတို့ပုခုံးကို ပုတ်ပြီး ပြောပေလိမ့်မည်...

"ညီအစ်ကိုတို့... ရဲရဲဝံ့ဝံ့သာ လုပ်လိုက်စမ်းပါ"

"မင်းတို့သာ တကယ်အောင်မြင်ခဲ့ရင် ငါ မင်းတို့ကို အကြွေးတင်သွားပြီလို့တောင် မှတ်ယူလိုက်ဦးမယ် ဟုတ်ပြီလား"

၎င်းသည် ကျန်းချန်ကို အမြန်ဆုံးသေစေချင်နေသူဖြစ်သည်။ သို့မှသာ မိစ္ဆာလောကသို့ အေးအေးဆေးဆေး ပြန်နိုင်ပေမည်။

......................................................................................................................

ထိုအချိန်တွင် ကျန်းချန်သည် လမ်းခရီး၌ ပျံသန်းနေရင်း ချင်လန်စီရင်စုမှာ အလွန်ကျယ်ပြောလွန်းလှသည်ဟု ညည်းညူနေမိသည်။

ဖေးရှန်ဂိုဏ်းနှင့် ချီရီဂိုဏ်းမှာ မိုင်ပေါင်းတစ်သိန်းခန့်ကွာဝေးရာ ခရီးမှာ အလွန်ပင်ပန်းလှသည်။

ခရီးတစ်ဝက်သို့ ရောက်သောအခါ အောက်ဘက်တောင်တန်းများထဲမှ ကြယ်တံခွန်ကဲ့သို့ နီရဲသော အလင်းတန်းတစ်ခု ရုတ်တရက် တိုက်ခိုက်လာသည်။

၎င်းမှာ မျက်စိတစ်မှိတ်အတွင်းပင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။

ကျန်းချန်မှာ တုံ့ပြန်ရန်အချိန်မရလိုက်ဘဲ အတိအကျထိမှန်ခံလိုက်ရသည်။

တစ်ပြိုင်နက်တည်းမှာပင် သူ၏အမြင်အာရုံများ ဝေဝါးသွားပြီး ဦးခေါင်းအတွင်း၌လည်း တဝီဝီ မြည်ဟည်းသွားတော့သည်။

သူ၏ သိစိတ်ပင်လယ်နှင့် ဝိညာဉ် တိုက်ခိုက်ခံလိုက်ရခြင်းပင်။

တွမ့်မူဟုန်သည် ဤနေရာတွင် နာရီဝက်ခန့်ကြိုတင်၍ ချုံခိုစောင့်နေခဲ့ခြင်းဖြစ်သည်။

သူသည် လူသူကင်းမဲ့သော ဤနေရာကို ရွေးချယ်ခဲ့ပြီး သူ၏ပုံစံကိုလည်း ဖုံးကွယ်ထားခဲ့သည်။

မတိုက်ခိုက်မီ သူ၏အရှိန်အဝါကို လုံးဝဖုံးကွယ်ထားရာ ကျန်းချန်မှာ သူ့ကို ကျောက်တုံးတစ်တုံးဟုပင် ထင်မှတ်သွားနိုင်သည်။

သူ၏တိုက်ခိုက်မှုမှာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှသည်။

ပထမဆုံး တိုက်ကွက်မှာပင် တွမ့်မူမိသားစု၏ အဖိုးတန်ရတနာ သွေးပြောင်းလဲခြင်းဓားကို အသုံးပြုကာ ဝိညာဉ်အခြေတည်အဆင့် ၅ ၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ကျန်းချန်၏အဆင့်နှင့် တွမ့်မူဟုန်၏အဆင့်မှာ ကွာခြားလွန်းလှသဖြင့် ကျန်းချန်၏ နှလုံးသားမှာ ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရသည်။

တစ်ကိုယ်လုံးရှိ သွေးကြောများနှင့် ဝိညာဉ်စီးဆင်းရာ လမ်းကြောင်းများအားလုံး ပျက်စီးသွားပြီး သူ၏ ဝိညာဉ်မှာလည်း အမှုန့်အဖြစ် ကြိတ်ချေခံလိုက်ရကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

အသံတစ်ချက် မထွက်လိုက်ပေ..................

.............................................................................................................................

"အောင်မြင်ပြီ"

"ကောင်းတယ်... မျိုးနွယ်စုခေါင်းဆောင်က တကယ်ကို အစွမ်းထက်တာပဲ"

ဝေးကွာလှသော တွမ့်မူမိသားစု၏ ခန်းမဆောင်အတွင်း၌ အကြီးအကဲများမှာ ဝမ်းသာအားရ ခုန်ပေါက်နေကြသည်။

ကျန်းချန် သေဆုံးသွားပြီဖြစ်ရာ ဖေးရှန်ဂိုဏ်းမှာလည်း စိုးရိမ်စရာ မဟုတ်တော့ပေ။

တွမ့်မူဟုန်သည်လည်း အလွန်တည်ငြိမ်နေသည်။ သူသည် ကျန်းချန်ကို သတ်ပြီးနောက် အလောင်းကိုပင် ကြည့်မနေတော့ဘဲ ချက်ချင်းပင် တောတောင်များထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချက်တည်းသတ်ပြီး ဝေးဝေးသို့ထွက်ပြေးခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

"ဟင်... ငါ ဘယ်လိုသေသွားတာလဲ"

ယခုအခါ ဝိညာဉ်ဘဝသို့ ရောက်နေသော အစ်ကိုကြီးချန်သည် သူ၏ ရုပ်အလောင်းကိုကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေသည်။

သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ဘေးပတ်ဝန်းကျင်တွင် သူ့ကိုမြင်သူ ရှိ၊ မရှိ ကြည့်ခြင်းဖြစ်၏။

သူကဲ့သို့ ဝင့်ကြွားလှသော ဟန်ဆောင်ခြင်းဘုရင်တစ်ယောက်အဖို့ အကြောင်းပြချက်မရှိဘဲ သေနေသည်ကို တစ်စုံတစ်ယောက်မြင်သွားပါက အလွန်အရှက်ရစရာပင်။

ဘေးတွင် မည်သူမျှမရှိသည်ကိုတွေ့မှ သူ စိတ်အေးသွားရသည်။

ပြန်လည်ရှင်သန်နိုင်သောအစွမ်းရှိသဖြင့် သေခြင်းမှာ သူ့အတွက် သိပ်ကိစ္စမရှိလှသော်လည်း မည်သူက သတ်သွားသည်ကိုမူ လုံးဝမသိလိုက်ချေ။

"ဒင်... လက်ခံသူ အသတ်ခံလိုက်ရပါပြီ။ ရန်သူ၏ အင်အားကို တိုင်းတာနေပါသည်..."

စနစ်သည်လည်း သူ၏ လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လည်ရှင်သန်ခြင်းအစီအစဉ်ကို စတင်လိုက်လေတော့သည်။

All Chapters