နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်
Vol. 4 Ch. 38
ကျန်းချန်သည် စိတ်ထဲမှ မကောင်းဆိုးဝါးဆန်သော အတွေးတစ်ခု တွေးတောမိသည်မှာ
"စနစ်က မျက်စိသုံးလုံးကျားကို နောက်တစ်ကြိမ် ထပ်ဆင့်ခေါ်လိုက်တာလား"
သို့သော်လည်း စနစ်၏အသိပေးချက်က ပေါ်ထွက်လာသည်။
'လက်ခံသူသည် နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်ကို ရရှိသွားပါပြီ။ နတ်ဘုရားအဆင့်အောက်ရှိ စင်မြင့်အားလုံးကို ဖိနှိပ်နိုင်သည်။ လက်ခံသူ၏ ကျင့်ကြံမှုသည် ဝိညာဉ်အခြေတည်အဆင့် ၄ သို့ တိုးတက်သွားသည်။’
‘ရေနှလုံးသား နည်းစနစ်သည် အဆင့် ၇ သို့ ရောက်ရှိသွားပါပြီ'
'ဝိညာဉ်စင်မြင့်ပုံရိပ်ယောင်ထုတ်လွှတ်ခြင်းကျင့်စဉ်၏ အဆင့် ၅ ကို အလိုအလျောက် နားလည်သဘောပေါက်သွားပြီဖြစ်သည်'
'မီးတောက်ချုပ်နှောင်ဓားသိုင်း၏ အဆင့် ၈ ကို အလိုအလျောက် တတ်မြောက်သွားပြီဖြစ်သည်'
'လက်ခံသူ အသက်ပြန်ရှင်ပါတော့မည်'
"အဟား"
ကျန်းချန်တစ်ယောက် အားရပါးရ အော်ဟစ်ရယ်မောပစ်ချင်စိတ် ပေါက်သွားသည်။
နောက်ဆုံးတော့ သူ၏အစွမ်းမှာ သိသိသာသာ ခုန်ပျံတိုးတက်သွားခဲ့ပြီ မဟုတ်ပါလား။
သူသည် ယခင်က ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၈ တွင်သာ ရှိခဲ့သော်လည်း ယခုအခါ အဆင့်ငယ် ၈ ဆင့်မျှ တစ်ဟုန်ထိုးတက်လှမ်းသွားခြင်းဖြစ်သည်။
ဝိညာဉ်အခြေတည်အဆင့်ရှိ အဆင့်ငယ်တစ်ခုတိုးတက်ရန် လိုအပ်သော ဝိညာဉ်စွမ်းအင်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်တစ်ခုလုံး (အဆင့် ၁ မှ ၁၀ ထိ) လိုအပ်သော စွမ်းအင်ထက်ပင် ပိုများသေးသည်။ ၎င်းသည် သူ့အတွက် နှစ်ပေါင်းများစွာ အားထုတ်မှုကို သက်သာစေခဲ့သည်။
သာမန်လူဆိုလျှင် ထိုဓားသိုင်းနှင့် ကျင့်စဉ်များကို တတ်မြောက်ရန် နှစ်ပေါင်းများစွာ ကျားကုတ်ကျားခဲ ကျင့်ကြံရမည်ဖြစ်သော်လည်း ယခုမူ ကျန်းချန်သည် ဝိညာဉ်အခြေတည်အဆင့်တွင် ရာစုနှစ်ပေါင်းများစွာနေထိုင်ခဲ့သကဲ့သို့ နတ်ဘုရားစွမ်းရည်များကို ကောင်းစွာ နားလည်သွားခဲ့ပြီဖြစ်သည်။
ဝိညာဉ်စင်မြင့်ပုံရိပ်ယောင်ထုတ်လွှတ်ခြင်းကျင့်စဉ်ဆိုသည်မှာ ပြီးခဲ့သည့်အကြိမ်က တွမ့်မူချီ ဖေးရှန်ဂိုဏ်းသို့ လာရောက်စဉ် အသုံးပြုခဲ့သော လျှို့ဝှက်ပညာရပ်ပင်ဖြစ်သည်။
ပထမအဆင့်- ဝိညာဉ်ကို စင်မြင့်တစ်ခုပေါ်၌တည်ရှိစေပြီး စွမ်းအားဖြည့်တင်းပေးသည်။
ဒုတိယအဆင့်- ဝိညာဉ်ကို ရုပ်ကလာပ်မှခွာ၍ မိုင်ပေါင်းထောင်ချီ ခရီးသွားစေနိုင်သည်။
တတိယအဆင့်- ဝိညာဉ်စင်မြင့်ကို အဝေးမှရန်သူများအားတိုက်ခိုက်ရန် လက်နက်သဖွယ် သုံးနိုင်သည် (တွမ့်မူချီမှာ ဤအဆင့်တွင်သာ ရှိသေးသည်)။
စတုတ္ထအဆင့် (ယခုကျန်းချန်ရောက်နေသောအဆင့်)- ဝိညာဉ်သည် ကိုယ်ပွားတစ်ခုအလား ကြီးမားလာပြီး တိုက်ခိုက်နိုင်စွမ်းမှာ ၁၀ ဆမက တိုးတက်လာသည်။
ထို့ပြင် သူ၏ဝိညာဉ်စင်မြင့်မှာ နတ်ဘုရားအဆင့်ဖြစ်သည်။
သာမန်အားဖြင့် တွမ့်မူချီ၏စင်မြင့်မှာ လူသားအဆင့် (အနိမ့်ဆုံး) သာဖြစ်ပြီး တွမ့်မူဟုန်၏စင်မြင့်မှာ မြင့်မြတ်အဆင့်ဖြစ်သည်။
ချင်လန်စီရင်စုတစ်ခုလုံးတွင် သူတော်စင်အဆင့်ပင်မရှိချေ။ ထို့ကြောင့် နတ်ဘုရားအဆင့်ဟူသည်မှာ မတွေးဝံ့စရာပင်။
အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက နယ်မြေပြင်ပရှိ မြင့်မြတ်နယ်မြေများမှ ဂိုဏ်းကြီးများမှာ ကျန်းချန်ကို တပည့်အဖြစ်ရရှိရန် အလုအယက် ဖြစ်ကြပေလိမ့်မည်။
ကျန်းချန်သည် သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း...
"ရန်သူက ဘယ်ရောက်သွားတာလဲ”
ပုံမှန်ဆိုလျှင် ပြန်လည်ရှင်သန်ပြီးနောက် ရန်သူကိုသတ်ရမည်ဖြစ်သော်လည်း ရန်သူမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
"စနစ်ကတော့ ရန်သူကို ငါ့အတွက် စောင့်ခိုင်းမထားဘူးပဲ။ တကယ်တော့ အဲ့ဒီကောင်က ငါ့ကို တစ်ခါသတ်ပေးခဲ့လို့ ကျေးဇူးတင်ရမှာ။ မဟုတ်ရင် ဒီလောက်အစွမ်းတွေ ဘယ်ကရမှာလဲ"
သူသည် တွေးတောရင်း ကျေနပ်သွားကာ ချီရီဂိုဏ်းထံသို့ ဆက်လက်ပျံသန်းခဲ့သည်။ သူ၏ အရှိန်မှာ ယခင်ထက် ဆယ်ဆမက မြန်ဆန်နေတော့သည်။
တစ်ဖက်တွင်မူ... ကျန်းချန်ကိုသတ်ပြီးနောက် တွမ့်မူဟုန်သည် မိသားစုထံ အမြန်ဆုံးပြန်လာခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင် ပြန်လာပြီ"
"ဂုဏ်ယူပါတယ် ခေါင်းဆောင်ကြီး... ရန်သူကြီးကို ရှင်းလင်းနိုင်ခဲ့ပြီ"
အကြီးအကဲများက သူ့ကို သူရဲကောင်းတစ်ဦးအလား ကြိုဆိုကြသည်။
တွမ့်မူဟုန်သည် ဘိုးဘွားစင်မြင့်ရှေ့သို့သွားကာ သူ၏ကျောဘက်မှ သွေးရောင်ဓားမြှောင်လေးကို ထုတ်ယူ၍ ကျောက်စိမ်းစင်ပေါ်သို့ တင်လိုက်၏။
၎င်းမှာ တွမ့်မူမိသားစု၏ အဖိုးတန်ရတနာ သွေးပြောင်းလဲခြင်းဓားဖြစ်သည်။ ၎င်းသည် အဆင့် ၇ ဝိညာဉ်လက်နက်ဖြစ်ပြီး အသုံးပြုလေလေ ပျက်စီးလေလေ ဖြစ်သောကြောင့် အရေးကြီးမှသာ သုံးစွဲခြင်းဖြစ်သည်။
"အဲ့ဒီကောင် ဒီလောက်အင်အားနည်းမှန်းသိရင် ဒီရတနာကိုသုံးမိမှာ မဟုတ်ဘူး။ နှမြောစရာပဲ။"
အကြီးအကဲတစ်ဦးက ဆိုသည်။
"ဟုတ်တယ်၊ အဲ့ဒီကျားမိစ္ဆာသာ ဘေးမှာမရှိရင် သူက ဘာမှမဟုတ်တဲ့ အကောင်ပဲ"
လူတိုင်းက ကျန်းချန်ကို သတ်လိုက်ရသည်မှာ အားစိုက်ထုတ်မှု များလွန်းသည်ဟု ထင်နေကြသည်။
တွမ့်မူဟုန်ကိုယ်တိုင်လည်း ထိုသို့ပင် ခံစားနေရသည်။
ထိုစဉ် အမျိုးသားတစ်ဦး အလောတကြီး ပြေးဝင်လာသည်။
"မျိုးနွယ်စုခေါင်းဆောင်... အကြီးအကဲတို့... ဟို... ကျန်းချန်က မသေသေးဘူး။ သူ အသက်ရှင်နေတုန်းပဲ"
"မင်း ဘာပြောလိုက်တာလဲ"
တွမ့်မူဟုန် နားကြားမှားသည်ဟု ထင်သွားသည်။
"မင်း လျှောက်ပြောနေတာလား"
သို့သော်လည်း ခဏအကြာတွင် ကင်းထောက်များပို့လိုက်သော ပုံရိပ်ယောင်ကျောက်တုံးမှတစ်ဆင့် ကောင်းကင်ယံတွင် ဝင့်ကြွားစွာပျံသန်းနေသော ကျန်းချန်ကို မြင်လိုက်ရသောအခါ အားလုံးမှာ ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားကြတော့သည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါကိုယ်တိုင် သူ့ကိုသတ်ခဲ့တာလေ..... သူ သေသွားတာကို ငါ အသေအချာ အတည်ပြုခဲ့တာပါ"