အခန်း (၂၀၆)
Vol. 18 Ch. 206
ဤခေတ်ကာလတွင် ကုန်စည်ပို့ဆောင်ရေးအတွက် သင်္ဘောကြီးများသည် အရေးပါဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။ မြစ်ပေါ်တွင် သင်္ဘောများ များပြားလေလေ၊ ထိုနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖော်ပြလေလေပင် ဖြစ်သည်။
စီးပွားရေး အဆင့်မြင့်မားသော မင်းဆက်များနှင့် အင်ပါယာကြီးများသည် အနည်းဆုံး ခန့်မှန်းခြေအားဖြင့် သင်္ဘောအစင်းရေ တစ်ထောင်ကျော်ကို အသုံးပြုကြသည်။ အချို့မှာ ပင်လယ်နှင့် နီးစပ်သဖြင့် ရေကြောင်းကုန်သွယ်ရေးကို ဖော်ဆောင်ကြပြီး သင်္ဘောကြီးပေါင်း ၃,၀၀၀ ကျော်အထိ ပိုင်ဆိုင်ကြသည်။
ယခုအချိန်တွင် မဟာရှနိုင်ငံ၌ သင်္ဘောအစင်း ၂၀ စီးသာ ရှိသေးသဖြင့် ၎င်းတို့နှင့် ယှဉ်လျှင် ဘာမှမဟုတ်သေးသော်လည်း၊ ဤသည်မှာ အလွန်ကောင်းမွန်သော အစပျိုးမှုတစ်ခုပင် ဖြစ်သည်။ လင်းပိုင်ဖန်သည် နိုင်ငံ၏ ရေကြောင်းလမ်းများပေါ်တွင် ထောင်နှင့်ချီသော သင်္ဘောများ သွားလာနေမည့် မဟာရှနိုင်ငံ၏ သာယာဝပြောမှုကို စိတ်ကူးယဉ်နေမိသည်။
စိတ်က သိပ်မရှည်နိုင်တော့ဘဲ လင်းပိုင်ဖန်က- "ဝန်ကြီး၊ ငါတို့ရဲ့ သင်္ဘောကြီး ထုတ်လုပ်နိုင်စွမ်းက တစ်နှစ်ကို ဘယ်လောက်လဲ။ ဒီနှစ်ထဲမှာ အစင်းရေ ဘယ်လောက်ထုတ်လွှတ်နိုင်မလဲ" ဟု မေးမြန်းလိုက်သည်။
ဟီရှန်းက ခဏမျှ စဉ်းစားပြီးနောက် ဦးညွှတ်ကာ- "အရှင်မင်းကြီးကို လျှောက်တင်ရရင်၊ ကျွန်တော်မျိုးတို့ သင်္ဘောကျင်းတွေ တော်တော်များများကို တည်ထောင်ပြီးပါပြီ။ လက်ရှိ တိုးတက်မှုနှုန်းအရဆိုရင် တစ်နှစ်ကို သင်္ဘောကြီး အစင်း ၈၀ ခန့် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီနှစ်က အစပြုတဲ့နှစ်ဖြစ်လို့ မဟာရှနိုင်ငံအတွက် အစင်း ၅၀ လောက် စတင်အသုံးပြုနိုင်မှာပါ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ကာ- "တစ်နှစ်ကို အစင်း ၈၀ ဆိုတာ နည်းလွန်းသေးတယ်။ သင်္ဘောတစ်ထောင်ဖြစ်ဖို့ ၁၂ နှစ်ကျော်တောင် ကြာဦးမယ်။ ဒါကြောင့် ငါတို့ရဲ့ လုပ်ငန်းပမာဏကို ထပ်တိုးချဲ့ပြီး တစ်နှစ်ကို သင်္ဘောအစင်း ၂၀၀ ထွက်နိုင်အောင် ကြိုးစားပါ" ဟု မိန့်ကြားလိုက်သည်။
ဟီရှန်းမှာ ဖိအားများစွာ ခံစားလိုက်ရသည်။ တစ်နှစ်လျှင် သင်္ဘောအစင်း ၂၀၀ ထုတ်လုပ်ခြင်းမှာ အင်ပါယာကြီးများတွင်ပင် မကြားဖူးသော ကိစ္စဖြစ်သည်။ ‘ကျွန်တော်မျိုးတို့က နိုင်ငံငယ်လေးပဲ ရှိသေးတာ၊ ဒါကို တကယ် လုပ်နိုင်ပါ့မလား’ဟု တွေးမိလိုက်သော်လည်း အရှင်မင်းကြီး၏ အမိန့်ဖြစ်၍ မဖြစ်ဖြစ်အောင် ကြိုးစားရပေမည်။ အရှင်မင်းကြီး၏ အမိန့်ကို မနာခံပါက ရာထူးပြုတ်နိုင်သည် မဟုတ်ပါလော။
"မှန်လှပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်" ဟု ဟီရှန်းက ခိုင်မာသော အမူအရာဖြင့် ကတိပြုလိုက်သည်။
"ကောင်းပြီ။ ဝန်ကြီးရဲ့ အရည်အချင်းကို ငါကိုယ်တော် အပြည့်အဝ ယုံကြည်တယ်။ ဒီနှစ်မှာ အစင်း ၈၀ ပြည့်အောင် အထူးကြိုးစားပါ။ သင်္ဘောကျင်းက လူတွေကိုလည်း ပြောလိုက်၊ ဒီပစ်မှတ်ကို ပြည့်မီရင် ငါကိုယ်တော် ထိုက်ထိုက်တန်တန် ဆုချမယ်" ဟု လင်းပိုင်ဖန်က ကျယ်လောင်စွာ မိန့်ကြားလိုက်သည်။
ဒီလိုဖြင့် တစ်လခွဲလောက်က ငြိမ်းချမ်းစွာ ကုန်ဆုံးသွားပြီးနောက် သတင်းကောင်းတစ်ခု ထပ်မံရောက်ရှိလာသည်။ ဆောင်းဦးရိတ်သိမ်းချိန်တွင် မဟာရှနိုင်ငံ၌ ကောက်ပဲသီးနှံများ အထွက်နှုန်းက ထပ်မံ တိုးတက်လာခဲ့သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဒီနှစ်မှာ ကောက်ပဲသီးနှံတွေ ထူးထူးခြားခြားကို အထွက်နှုန်း ကောင်းပါတယ်။ အထွက်နှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆကျော်ပိုများပြီး လူဦးရေ ၂၅ သန်းစာအတွက် လုံလောက်နေပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေကို ကျွေးမွေးဖို့ ပိုလျှံနေပါတယ်" ဟု ဟီရှန်းက စိတ်လှုပ်ရှားစွာ အစီရင်ခံလိုက်သည်။
လင်းပိုင်ဖန်မှာ အလွန်ဝမ်းသာသွားပြီး "ကောင်းတယ်၊ အလွန်ကောင်းတယ်။ ဝန်ကြီး၊ မောင်မင်း နောက်ထပ် အောင်မြင်မှုတစ်ခု ရပြန်ပြီ။ ဟားဟား…"
ဟီရှန်းက ရိုသေစွာဖြင့် "ဒါတွေအားလုံးဟာ အရှင်မင်းကြီးရဲ့ ဘုန်းကံကြောင့်ပါပဲ၊ ကျွန်တော်မျိုးရဲ့ အောင်မြင်မှုလို့ မသတ်မှတ်ရဲပါဘူး" ဟု ပြန်ပြောသည်။
လင်းပိုင်ဖန်က ပြုံး၍ "ရသင့်တဲ့ ဆုလာဒ်တွေက မောင်မင်းအတွက်ပဲ။ ငါကိုယ်တော်က မောင်မင်းရဲ့ အောင်မြင်မှုကို လုမယူပါဘူး။ ဒါပေမဲ့ ဒီအောင်မြင်မှုကို မှတ်တမ်းတင်ထားပြီး နှစ်ကုန်မှပဲ အားလုံးပေါင်းပြီး ဆုချီးမြှင့်တော့မယ်" ဟု ဆိုလိုက်ရာ ဟီရှန်းမှာ အလွန်ပင် ဝမ်းမြောက်နေတော့သည်။
ထိုစဉ် လင်းပိုင်ဖန်၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒင်! ကစားသမား၏ နိုင်ငံအင်အား ကြီးထွားလာသဖြင့် သင်၏ ခွန်အားလည်း တိုးမြင့်လာပြီဖြစ်ရာ ဓားနတ်ဆိုးနယ်ပယ်ကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်သည်”
ဤနယ်ပယ်သည် ကောင်းကင်ဓားနယ်ပယ်ထက်တောင် မနိမ့်ကျဘဲ၊ ဓားအပေါ် အစွဲအလမ်းကြီးသော စိတ်စွမ်းအားကို ဆိုလိုခြင်းဖြစ်သည်။ ဤနယ်ပယ်သို့ ရောက်ရှိပါက လက်ထဲမှဓားသည် ငရဲမှဓားကဲ့သို့ စွမ်းအား ၃၀ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး၊ ရန်သူ့ဓား၏ စွမ်းအားကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်သည်။
လင်းပိုင်ဖန်သည် မျက်စိကို မှိတ်လိုက်ကာ ထိုဓားပညာကို စုပ်ယူလိုက်သည်။ သူသည် ကောင်းကင်ဓားနယ်ပယ်နှင့် မိစ္ဆာဓားနယ်ပယ် နှစ်ခုစလုံးကို တစ်ပြိုင်နက် အသုံးပြုပါက ဓားစွမ်းအား ၆၀ ရာခိုင်နှုန်းအထိ တိုးလာမည်ကို တွေးမိပြီး အလွန်ကျေနပ်သွားသည်။
ထို့နောက် သူသည် အင်ပါယာ မြေပုံကို စစ်ဆေးကြည့်လိုက်သည်။
နယ်မြေဧရိယာ - ၁.၅၄ သန်း စတုရန်းမိုင်
ပြည်တွင်းအရင်းအမြစ် - ၅၂၂ သန်း (ရွှေတွင်း ၃ ခု၊ ငွေတွင်း ၄ ခု စသဖြင့်…. )
လူဦးရေ - ၁၅.၂၄ သန်း ( လူချမ်းသာ ၃%၊ သာမန်လူတန်းစား ၆၅%၊ ဆင်းရဲသား ၃၂%)
စစ်အင်အား - ၁.၂ သန်း ( ချီဖွဲ့တည်ခြင်းအဆင့် ၁၄ ဦး )
စုစုပေါင်း နိုင်ငံတော်စွမ်းအား - ၃၀၅၀ ( မင်းဆက်တစ်ပိုင်းအဆင့် )
အထူးခြားဆုံးမှာ ဆင်းရဲသားဦးရေသည် ၆၀ ရာခိုင်နှုန်းကျော်မှ ၃၂ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး၊ သာမန်လူတန်းစား ၆၅ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းပင် ဖြစ်သည်။ လူဦးရေ ၅ သန်းခန့်မှာ ဆင်းရဲတွင်းမှ လွတ်ကင်းသွားကြပြီ ဖြစ်သည်။ ဤအောင်မြင်မှုကြောင့် နိုင်ငံစွမ်းအားမှာ ၃၀၀၀ အထက်သို့ ကျော်လွန်သွားခြင်း ဖြစ်သည်။
လင်းပိုင်ဖန်က "အင်ပါယာမြေပုံရေ၊ အခု ငါ့ရဲ့ မဟာရှနိုင်ငံက နိုင်ငံငယ်တွေထဲမှာ အားအကောင်းဆုံးဖြစ်နေပြီ။ မင်းဆက် တစ်ခုအဖြစ် တည်ထောင်ဖို့ ဘာတွေ လိုအပ်သေးလဲ" ဟု မေးလိုက်သည်။
အင်ပါယာ မြေပုံမှ အောက်ပါအချက်များကို ဖြေကြားပေးလိုက်သည်။
၁။ နယ်မြေဧရိယာ စတုရန်းမိုင် ၂ သန်း ကျော်ရမည်။
၂။ ပြည်တွင်းအရင်းအမြစ် သန်း ၄၀၀ ကျော်ရမည်။
၃။ စစ်အင်အား ၂ သန်းကျော်နှင့် ချီဖွဲ့တည်ခြင်းအဆင့် ၂၀ ရှိရမည်။
၄။ အရေးကြီးဆုံးမှာ ကောင်းကင်အဆင့် တစ်ဦး ရှိရမည် ဖြစ်သည်။
လင်းပိုင်ဖန်မှာ စဉ်းစားခန်း ဝင်သွားခဲ့သည်။ နယ်မြေချဲ့ထွင်ရန်နှင့် ရွှေ၊ ငွေ၊ ရှာရန်မှာ သူ့အတွက် မခက်ခဲသော်လည်း ကောင်းကင်အဆင့်တစ်ဦး ရရှိရန်မှာ အလွန်ခက်ခဲလှသည်။ သူသည် သူ၏တပည့် ဓားအဖိုးအို အပေါ်ကိုသာ မျှော်လင့်ချက် ထားလိုက်ရတော့သည်။
"ဟူး၊ ငါ အစွမ်းကုန် ကြိုးစားကြည့်ရမှာပဲ" ဟု သက်ပြင်းချရင်း ရေရွတ်လိုက်သည်။