အခန်း (၂၀၂)
Vol. 18 Ch. 202
မဟာရွှယ်နိုင်ငံ၏ ဝန်ကြီးဟောင်းများသည် အပေါ်ယံတွင် ဧကရာဇ်၏ သစ္စာခံများဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် ကြီးမြတ်တဲ့ မိသားစုကြီးများနှင့် ပတ်သက်ဆက်နွှယ်နေသူများဖြစ်ပြီး လင်းပိုင်ဖန် အပေါ်တွင် အငြိုးအတေးကြီးစွာ ရှိနေကြသူများ ဖြစ်ကြသည်။
ယခုကဲ့သို့ ရှားပါးသော အခွင့်အရေး ရလာသည်နှင့်အမျှ ၎င်းတို့သည် ချက်ချင်းပင် အခွင့်ကောင်း ယူလိုက်ကြလေတော့သည်။ မဟာရွှယ်နိုင်ငံ၏ ဘက်စုံအင်အားသည် မဟာရှထက် များစွာသာလွန်နေပြီး ၎င်းတို့၏ ဧကရာဇ်သည်လည်း အင်အားကြီးမားရုံသာမက အလွန်အမင်း မောက်မာထောင်လွှားသူလည်း ဖြစ်သည်။ အကယ်၍ မဟာရွှယ်သာ လှုပ်ရှားလိုက်ပါက လင်းပိုင်ဖန် အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာမည်မှာ အသေအချာပင်။
ဖြစ်နိုင်သည်မှာ ၎င်းတို့သည် မဟာရှနိုင်ငံကိုပင် သိမ်းပိုက်နိုင်လောက်သည်။ ထိုအချိန်ကျလျှင် မဟာရှ၏ အရင်းအမြစ်အားလုံးသည် ၎င်းတို့ မိသားစုများလက်ထဲသို့ အလိုအလျောက် ရောက်ရှိလာမည် ဖြစ်သည်။
"ဟားဟား တကယ်ကို ပါးနပ်တဲ့ အကြံပဲ"
ထိုအတွေးတွေနဲ့တင် ၎င်းတို့မှာ မရယ်ဘဲ မနေနိုင်ကြတော့ချေ။ မဟာရွှယ်ဧကရာဇ်သည်လည်း အောက်တွင်ရှိသော အာဏာမက်မောသည့် မှူးမတ်များကို အေးစက်စွာ ကြည့်နေမိခဲ့သည်။ ၎င်းတို့ ဘာတွေ တွေးနေသည်ကို သူ ကောင်းကောင်းသိသည်။ မဟာရှဧကရာဇ်နှင့် ကြီးမြတ်တဲ့ မိသားစုတွေအကြား ပဋိပက္ခမှာ လူတိုင်းသိသည့် ကိစ္စပင် ဖြစ်သည်။
သို့သော်လည်း သူကိုယ်တိုင်ပင် အနည်းငယ် လက်တွန့်နေမိသည်။ ပထမအချက်အနေဖြင့် မဟာရွှယ်နိုင်ငံ၏ နိုင်ငံရေးအာဏာ တစ်ခုလုံးကို ဤမိသားစုများက ထိန်းချုပ်ထားသည်။ ၎င်းတို့၏ ထောက်ခံမှုမပါလျှင် နန်းတွင်းသည် ချက်ချင်းပြိုလဲကာ တိုင်းပြည် ပရမ်းပတာ ဖြစ်သွားနိုင်သည်။ ဒုတိယအချက်မှာ သူ နန်းတက်နိုင်ခဲ့ခြင်းမှာလည်း ဤမိသားစုများ၏ အကူအညီကြောင့်ပင် ဖြစ်သည်။ အစောပိုင်းက ဧကရာဇ်ဟောင်းကို နန်းချ၍ သူ နန်းတက်နိုင်ခဲ့သည်မှာ ၎င်းတို့၏ အကူအညီဖြင့် ရခဲ့သည် ဖြစ်တဲ့အတွက် ကျေးဇူးဆပ်သည့်အနေဖြင့် အခွင့်အရေးအချို့ကို ပြန်ပေးထားရသည်။ တတိယအချက်မှာ ယခုအခါ သူကိုယ်တိုင်လည်း မဟာရှအပေါ် အငြိုးထားနေမိသည်။
"ငါတို့ကို စည်လည်း မငှားဘူး ငါတို့ လူတွေကိုလည်း သတ်သေးတယ် ဒါ ငါကိုယ်တော်ကို မထေမဲ့မြင် လုပ်တာပဲ မဟုတ်လား"
သူသည် နိုင်ငံတစ်ခု၏ ဧကရာဇ်ဖြစ်ရုံသာမက ကောင်းကင်အဆင့် အဆင့်နီးပါးရှိသော သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်ရာ ထိုသို့သော စော်ကားမှုကို သည်းခံမည်မဟုတ်ပေ။ အခြေအနေအရ ဤအခွင့်အရေးကို ဘာကြောင့် မယူရမည်နည်း။ အကယ်၍ မဟာရှ ပြိုလဲသွားပါက သူလည်း အကျိုးအမြတ် ရနိုင်ပေသည်။ သူကိုယ်တိုင်သည်လည်း မဟာရှ၏ အရင်းအမြစ်များကို မက်မောနေသူဖြစ်သည်။
"မဟာရှကိစ္စကို ခဏဖယ်ထားလိုက်စမ်းပါဦး။ အရင်ဆုံး အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးကြစို့။ အမတ်မင်းတို့မှာ အကြံကောင်းရှိရင် လွတ်လွတ်လပ်လပ် ပြောကြပါ" ဟု မဟာရွှယ်ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒါကတော့" ဝန်ကြီးများမှာ ချက်ချင်းပင် ခေါင်းခဲသွားကြသည်။
အဝါရောင်ကောင်းကင်ဂိုဏ်းသည် အမှန်တကယ်ပင် ကိုင်တွယ်ရခက်သော အုပ်စုဖြစ်သည်။ ၎င်းတို့တွင် သာမန်ပြည်သူများကို ယုံကြည်လာအောင် လှည့်စားသိမ်းသွင်းနိုင်သည့် မှော်အတတ်တစ်ခု ရှိနေသည်။ တိုက်ခိုက်သည့်အခါတိုင်းတွင်လည်း ကျိုင်းကောင်အုပ်များကဲ့သို့ပင် မီးရှို့၊ သတ်ဖြတ်၊ လုယက်ကာ မကောင်းမှုမှန်သမျှ ကျူးလွန်ကြသည်။ ထို့ပြင် ၎င်းတို့သည် ခုတ်လေ ပေါက်လေဖြစ်သော မြက်ပင်များကဲ့သို့ပင် အဆက်မပြတ် ပေါ်ထွက်လာတတ်သဖြင့် ကာကွယ်ရန် အလွန်ခက်ခဲသည်။
စစ်သူကြီးသုံးဦးကို ရှာဖွေပြီး နှိမ်နင်းရန် ကြံစည်ခဲ့သော်လည်း ထိုသုံးဦးမှာ ပုန်းအောင်းရာတွင် အလွန်တော်လှရာ အန္တရာယ် အရိပ်ယောင် အနည်းငယ် မြင်သည်နှင့် ဆုတ်ခွာသွားကြသဖြင့် ယနေ့တိုင် ပုန်းအောင်းရာနေရာကို ရှာမတွေ့သေးပေ။ ထို့ကြောင့် ယခုအချိန်အထိ အဝါရောင်ကောင်းကင်ဂိုဏ်း၏ ဘေးရန်ကို မဖြေရှင်းနိုင်သေးခြင်း ဖြစ်သည်။
"ကျွန်တော်မျိုးတို့ အရည်အချင်းမရှိတဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းကြီး" ဟု အရာရှိများက တညီတညွတ်တည်း ပြောလိုက်ကြသည်။
မဟာရွှယ်ဧကရာဇ်မှာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည် - "ဟူး…."
ကောင်းကင်အထိ လက်လှမ်းမှီနိုင်သော အစွမ်းရှိသော်လည်း ဤပုန်းလျှိုးကွယ်လျှိုး သွားလာနေသော ကြွက်များရှေ့တွင် သူသည်လည်း ဘာမှမတတ်နိုင်ပေ။ ထိုစဉ် စစ်သည်တစ်ဦးသည် အလန့်တကြား ပြေးဝင်လာလေသည်။
"အစီရင်ခံစာပါ၊ အရေးကြီးသတင်းပါ"
မဟာရွှယ်ဧကရာဇ်၏ အကြည့်များမှာ စူးရှသွားပြီး - "ဘာကိစ္စလဲ"
"အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ တောင်ပိုင်းတပ်မတော်က စစ်သည် တစ်သိန်း ပုန်ကန်သွားပြီး၊ အခြားစစ်တပ်အင်အား နှစ်သိန်းနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ အခြေအနေက အတော်လေး ဆိုးရွားနေပြီး စစ်သူကြီး ဝမ်ပု က စစ်ကူတောင်းခံနေပါတယ်"
မဟာရွှယ်ဧကရာဇ်မှာ တုန်လှုပ်သွားပြီး - "တောင်ပိုင်းတပ်မတော်က ဘာလို့ ပုန်ကန်ရတာလဲ၊ ငါကိုယ်တော်က သူတို့ကို ကောင်းကောင်း မဆက်ဆံလို့လား"
"အစီရင်ခံပါတယ် အရှင်မင်းကြီး၊ သူတို့အားလုံး အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ မှော်အတတ်နဲ့ လှည့်စားခံလိုက်ရလို့ စစ်မိန့်ကို ဖီဆန်တာဖြစ်ပါတယ်"
မဟာရွှယ်ဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်သွားပြီး - " အဝါရောင်ကောင်းကင်ဂိုဏ်းက တစ်ဖန် ပြန်လာပြန်ပြီလား။ ပြည်သူတွေကို ဒုက္ခပေးတာ မလုံလောက်သေးလို့ ခု ငါကိုယ်တော်ရဲ့ စစ်တပ်ကိုပါ ဖျက်ဆီးနေပြီလား။ ငါတို့ သူတို့နဲ့ အသေအကြေ တိုက်ခိုက်မှ ရတော့မယ်။ ဗိုလ်ချုပ် လင်း ခုချက်ချင်း စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး ပုန်ကန်မှုကို သွားရောက်နှိမ်နင်းဖို့ ငါကိုယ်တော် အမိန့်ပေးလိုက်တယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ဗိုလ်ချုပ်လင်းမှာ ဦးညွှတ်ပြီး ချက်ချင်းပင် ထွက်ခွာသွားသည်။
မကြာမီတွင် ဗိုလ်ချုပ်လင်းသည် စစ်သည်နှစ်သိန်းကို ဦးဆောင်ကာ ပုန်ကန်မှုကို သွားရောက်နှိမ်နင်းခဲ့သည်။ ပြင်းထန်လှသော သတ်ဖြတ်မှုများအပြီးတွင် ပုန်ကန်သူများကို နှိမ်နင်းနိုင်ခဲ့သော်လည်း ကြီးမားသော ပေးဆပ်မှုများလည်း ရှိခဲ့သည်။ ဤတိုက်ပွဲတွင် စစ်သည် ၆၀,၀၀၀ သေဆုံးပြီး ၂၀၀,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ရာ ဆုံးရှုံးမှုမှာ အလွန်ကြီးမားခဲ့သည်။
မဟာရွှယ်ဧကရာဇ်ကို အမျက်အထွက်ဆုံး ဖြစ်စေသည့် အချက်မှာ ထိုစစ်သည်များသည် ရန်သူ့လက်တွင် သေဆုံးခြင်းမဟုတ်ဘဲ မိမိတို့အချင်းချင်း သတ်ဖြတ်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ပြီး၊ တရားခံအစစ်ဖြစ်သော အဝါရောင်ကောင်းကင်ဂိုဏ်းမှာမူ ထိခိုက်မှုမရှိဘဲ လွတ်မြောက်နေခြင်းပင် ဖြစ်ချေသည်။
"ယုတ်မာလှတဲ့ အဝါရောင်ကောင်းကင်ဂိုဏ်း မင်းတို့ ငါ့လက်ထဲ မမိစေနဲ့"
ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် လူသားစစ်သူကြီးသည် အရိပ်ထဲမှပင် ကြည့်နေခဲ့သည်။ ပုန်ကန်မှုမှာ နှိမ်နင်းခံလိုက်ရသော်လည်း သူကတော့ အလွန်ကို ကျေနပ်နေသည်။ လက်ထဲရှိ စည်ငယ်လေးကို ကြည့်ကာ မြတ်နိုးစွာဖြင့် ပြောလိုက်သည် - "ဒါက တကယ်ကို တန်ဖိုးရှိတဲ့ ရတနာပဲ"
ယခင်ကလည်း စစ်သည်များကို သိမ်းသွင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် စစ်သည်များသည် စစ်သင်တန်းများ တက်ထားကြပြီး စိတ်ဓာတ် ခိုင်မာကြသူများ ဖြစ်သည်။ ၎င်းတို့၏ လှည့်စားသည့် နည်းလမ်းများမှာ စစ်သည်များအပေါ် မထိရောက်ခဲ့ပေ။ သို့သော် ယခု ဤစည်လေးနှင့်ဆိုလျှင် မတူတော့ပေ။
"အသာလေး စည်ကို နှစ်ချက် သုံးချက်လောက် တီးလိုက်ရုံနဲ့ စိတ်ဓာတ်အခိုင်မာဆုံး စစ်သည်တွေတောင် ငါတို့နောက်ကို လိုက်လာတော့တာပဲ ဟားဟား…။ ဒီနတ်ဘုရားစည် ရှိနေသမျှ ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဘာပူစရာ ရှိတော့မလဲ"
သူသည် အားရပါးရ ရယ်မောလိုက်သည်။ အရင်က လုပ်ခဲ့သည်မှာ သူ၏ စမ်းသပ်မှုမျှသာ ရှိသေးသည်။ ဤစည်လေး ရှိနေသမျှ သူလိုချင်သလောက် စစ်သည်များကို သိမ်းသွင်းနိုင်ပေသည်။
"မဟာရွှယ်မှာ စစ်သည်က သုံးသန်းရှိတယ်။ ငါတို့တွေ လောစရာမလိုသေးဘူး။ အေးအေးဆေးဆေး လုပ်ရှားရုံပဲ"
လူသားစစ်သူကြီးသည် စည်ကို ခါးကြားတွင် ထိုးထည့်လိုက်ပြီး မြို့ထဲရှိ အစိုးရရုံးထဲသို့ ဝင့်ကြွားစွာ ဝင်သွားလိုက်သည်။ သူ့ကို မြင်သည်နှင့် အရာရှိက အလွန်ရိုသေစွာ ကြိုဆိုလိုက်သည်။ တံခါးကို ပိတ်လိုက်ပြီးနောက် လက်အုပ်ချီ ဦးညွှတ်ကာ - "စစ်သူကြီး"
"အင်း" လူသားစစ်သူကြီးက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် စစ်တပ်ကိုသာမက ဒေသခံအရာရှိအချို့ကိုလည်း သိမ်းသွင်းထားပြီး ဖြစ်သည်။
"မဟာရွှယ် စစ်တပ်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"
"စစ်သူကြီးကို အစီရင်ခံပါတယ်။ ပုန်ကန်သူတွေကို နှိမ်နင်းပြီးပါပြီ။ ဒါပေမဲ့ ပုန်ကန်မှု ဖြစ်ပွားခဲ့တာကြောင့် မြို့အနှံ့မှာ စစ်ဥပဒေ ထုတ်ပြန်ထားပါတယ်။ စစ်သူကြီးအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်တာ အကောင်းဆုံးပါပဲ"
"ငါ သိပါတယ်။ ဒါပေမဲ့ အဲဒီစစ်သားလေးတွေနဲ့ ငါ့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ"
"စစ်သူကြီး ပြောတာ မှန်ပါတယ်။ အဝါရောင်ကောင်းကင်နတ်ဘုရားရဲ့ စောင့်ရှောက်မှုနဲ့ဆိုရင် စစ်သည် ထောင်သောင်းချီ ရှိနေပါစေ စစ်သူကြီးရဲ့ ခရီးကို တားဆီးနိုင်မှာ မဟုတ်ပါဘူး" ဟု မြို့ဝန်က မြှောက်ပင့်ပြောဆိုလိုက်သည်။
"ကောင်းပြီ၊ ဟားဟား…." လူသားစစ်သူကြီးက ဂုဏ်ယူစွာ ရယ်လိုက်သည်။
ရယ်သံများ စဲသွားပြီးနောက် မျက်နှာမှာ တည်ကြည်သွားပြီး - "ငါ့အတွက် မြန်ဆန်တဲ့ မြင်းတစ်ကောင်နဲ့ ခရီးသွားလာခွင့် လက်မှတ်တစ်ခု ချက်ချင်းပြင်ဆင်ပေး၊ ငါ မြို့ကနေ ထွက်ပြီး 'အနောက်ဘက်ဂိတ်' ကို သွားရမယ်"
"စစ်သူကြီး အဲဒီ အနောက်ဘက်ဂိတ်ကို ဘာသွားလုပ်မှာလဲ" ဟု မြို့ဝန်က နားမလည်စွာ မေးလိုက်သည်။
" မဟာရွှယ်ဧကရာဇ်အတွက် အံ့သြစရာတစ်ခု သွားပြီး ပြင်ဆင်မလို့ပေါ့။ ဟားဟား…." လူသားစစ်သူကြီးက နောက်တစ်ကြိမ် ထပ်မံရယ်မောလိုက်သည်။
နောက်တစ်နေ့တွင် လူသားစစ်သူကြီးသည် မြန်ဆန်လှတဲ့ မြင်းတစ်ကောင်ဖြင့် မြို့ပြင်သို့ ထွက်ခွာသွားခဲ့သည်။ သုံးရက်အကြာတွင် သူသည် မဟာရွှယ်နိုင်ငံ၏ အနောက်ဘက်စွန်းတွင်ရှိပြီး စစ်သည် ၃၀၀,၀၀၀ ခန့် တပ်စွဲထားသည့် 'အနောက်ဘက်ဂိတ်' သို့ ရောက်ရှိလာခဲ့သည်။ သူသည် မဟာရွှယ်ဧကရာဇ်အတွက် နောက်ထပ် အံ့သြစရာတစ်ခု ဖန်တီးရန် ထိုနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့ကြောင့် နှစ်ရက်အကြာတွင် စစ်သည်တစ်ဦးသည် မဟာရွှယ်နန်းတော်အတွင်းသို့ အပြေးအလွှား ဝင်လာခဲ့ပြန်သည်။
"အစီရင်ခံစာပါ အရေးပေါ်သတင်းပါ"
ထိုအချိန်တွင် မဟာရွှယ်ဧကရာဇ်သည် ယခင်ပုန်ကန်မှုကြောင့် ဒေါသက မပြေသေးချေ။ သတင်းပို့သူ ပြေးဝင်လာသည်ကို မြင်သောအခါ စိတ်မရှည်စွာဖြင့် - "ဘာဖြစ်တာလဲ မြန်မြန်ပြောစမ်း"
"အရှင်မင်းကြီး အနောက်ပိုင်းတပ်မတော်က စစ်သည် ၁၅၀,၀၀၀ ပုန်ကန်နေပါတယ်။ သူတို့ဟာ အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ လှည့်စားမှုအောက် ရောက်သွားတယ်လို့ ယူဆရပြီး၊ အခု တခြားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။ သူတို့ဟာ အနောက်ဘက်ဂိတ်ကို ဖောက်ထွက်ပြီး တိုင်းပြည်အတွင်းပိုင်းကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ အခြေအနေက အလွန်စိုးရိမ်ရပြီး စစ်သူကြီး ကျောက်ရှူပေါင်က စစ်ကူတောင်းနေပါတယ်"
"ဘာ အနောက်ပိုင်းတပ်မတော်ပါ ကမောက်ကမ ဖြစ်နေပြီလား။ အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ လက်ချက်ပဲလား" မဟာရွှယ်ဧကရာဇ်မှာ တစ်ဖန် ထိတ်လန့်သွားပြန်သည်။
"မှန်ပါတယ် အရှင်မင်းကြီး။ အခြေအနေက အရေးကြီးနေပါတယ်"
" ငါ့ချီးလိုပဲ အဝါရောင်ကောင်းကင်ဂိုဏ်း၊ ငါ့တောင်ပိုင်းတပ်ကို ဒုက္ခပေးပြီး၊ အခု အနောက်ပိုင်းတပ်ကိုပါ စတင်နေပြီပေါ့"
မဟာရွှယ်ဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည် - "ဗိုလ်ချုပ် ဟွမ်၊ မောင်မင်း ခုချက်ချင်း စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး ပုန်ကန်မှုကို သွားရောက်နှိမ်နင်းပါ"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ဗိုလ်ချုပ်တစ်ဦးမှာ ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
မကြာမီတွင်ပင် သူသည် စစ်သည်နှစ်သိန်းကို အနောက်ဘက်ဂိတ်သို့ ဦးဆောင်ခေါ်သွားပြီး ဒေသခံ တပ်များနှင့် ပူးပေါင်းကာ ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့သော်လည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။ ဤတိုက်ပွဲတွင် စစ်သည် ၅၀,၀၀၀ သေဆုံးပြီး ၁၅၀,၀၀၀ ဒဏ်ရာရရှိခဲ့သည်။
ထိုသတင်း နန်းတွင်းသို့ ရောက်လာသောအခါ မဟာရွှယ်နိုင်ငံ၏ ဧကရာဇ်မှာ နောက်တစ်ကြိမ် အကြီးအကျယ် ဒေါသထွက်ကာ အဝါရောင်ကောင်းကင်ဂိုဏ်းဝင်များကို အမြစ်ပြတ်ချေမှုန်းရန် အမိန့်ထုတ်လိုက်သည်။
ထိုအချိန်တွင် လူသားစစ်သူကြီးသည် နောက်ထပ်နေရာတစ်ခုသို့ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
"တောင်ပိုင်းတပ်နဲ့ အနောက်ပိုင်းတပ်တွေ ကမောက်ကမ ဖြစ်နေပြီဆိုတော့ မြောက်ပိုင်းတပ်မတော်ကလည်း ဒီလိုမဖြစ်ဘဲ နေရမှာမဟုတ်ဘူးလေ။ ဟီးဟီး…"
မှောင်မိုက်သော ညဉ့်ဦးယံတွင် လူသားစစ်သူကြီးသည် မြောက်ပိုင်းတပ်စခန်းထဲသို့ တိတ်တဆိတ် ခိုးဝင်သွားသည်။ သူသည် စည်ငယ်လေးကို တီးလိုက်သောအခါ စစ်သည်များ တဖြည်းဖြည်းနှင့် မိန်းမောသွားကြပြီး - "အပြာရောင်ဘကောင်းကင်ကြီး သေဆုံးသွားပြီ အဝါရောင်ကောင်းကင်က မကြာခင် ပေါ်ထွန်းလာတော့မယ်" ဟု တီးတိုးရွတ်ဆိုလိုက်ကြသည်။
ထို့နောက် ၎င်းတို့သည် လက်ရှိလက်နက်များကို ကိုင်ဆောင်ကာ အော်ဟစ်လျက် စခန်းပြင်သို့ ပြေးထွက်လာကြသည်။ ထိုအချိန်တွင် အခြားစစ်သည်များမှာ အိပ်မောကျနေဆဲဖြစ်ပြီး မိမိတို့ ရဲဘော်ရဲဘက်များက မိမိတို့ကို ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ကြချေ။
မဟာရွှယ်နန်းတော်အတွင်းသို့ စစ်သည်တစ်ဦး အပြေးအလွှား ဝင်ရောက်လာခဲ့ပြန်သည်။
"အစီရင်ခံစာပါ အရေးကြီးသတင်းပါ"
မဟာရွှယ်ဧကရာဇ်၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားနေရပြီဖြစ်သည် - "ဘာကိစ္စလဲ မြန်မြန်ပြော"
"အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ မြောက်ပိုင်းတပ်မတော်က စစ်သည် နှစ်သိန်းဟာ အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ လှည့်စားမှုအောက် ရောက်သွားပါတယ်။ သူတို့ဟာ စစ်မိန့်ကို ဖီဆန်ပြီး တခြားစစ်သည်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် အခုဆို လူပေါင်း လေးသောင်း သေဆုံးသွားပါပြီ။ ဒါ့အပြင် သူတို့ဟာ စစ်တပ်အင်အားအလုံးအရင်းနဲ့ တောင်ဘက်ကို ချီတက်လာပြီး လုယက်မီးရှို့ကာ 'ကွမ်းကျုံး' ဒေသအနီးကို ရောက်ရှိနေပါပြီ"
"တောက်… ဒီအဝါရောင်ကောင်းကင်ဂိုဏ်းက ငါ့စစ်တပ်ကို ထပ်ပြီး ဘေးဒုက္ခ ပေးပြန်ပြီ"
မဟာရွှယ်ဧကရာဇ်မှာ မုန်တိုင်းအလား ဒေါသတွေ ပေါက်ကွဲသွားပြီး - "ဗိုလ်ချုပ် လျို ၊ မောင်မင်းကို စစ်သည် သုံးသိန်း ဦးဆောင်ပြီး ပုန်ကန်မှုကို သွားနှိမ်နင်းဖို့ ငါကိုယ်တော် အမိန့်ပေးတယ်။ သူတို့ကို 'ကွမ်းကျုံး' ထဲ အဝင်မခံစေနဲ့"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" နောက်ထပ် ဗိုလ်ချုပ်တစ်ဦးမှာ အမိန့်ခံယူကာ ထွက်ခွာသွားတော့သည်။