← Chapters

အခန်း (၂၀၃)

Vol. 18 Ch. 203

အခန်း (၂၀၃)

Vol. 18 Ch. 203

အဆုံးတွင် ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့သော်လည်း မဟာရွှယ်နိုင်ငံသည် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည်။ ဤသတင်းကို ကြားသိရသောအခါ မဟာရွှယ်နိုင်ငံ၏ ဧကရာဇ်သည် အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ ဤကပ်ဘေးနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေပြီး အရေခွံဆုတ်ကာ တစ်စစီဖြစ်အောင် သတ်ပစ်မည်ဟု မိမိကိုယ်ကိုယ် ကျိန်ဆိုခဲ့သည်။

တစ်ဖက်တွင်လည်း တရားခံအစစ်ဖြစ်သော လူသားစစ်သူကြီးသည် အရှေ့ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ သူသည် လူလိမ် တစ်ဦးကဲ့သို့ စစ်သည်အုပ်စု တစ်စု၏ ရှေ့တွင်ရပ်ကာ ဗုံအသေးလေးကို တီးခတ်ရင်း ဂါထာများ ရွတ်ဖတ်နေလေသည် "အပြာရောင် ကောင်းကင်က သေဆုံးသွားပြီ။ အဝါရောင်ကောင်းကင်က မကြာခင် ထွက်ပေါ်လာတော့မည်။ ငါတို့အားလုံး အဝါရောင်ကောင်းကင်နတ်မင်း၏ ရင်ခွင်ထဲသို့ ခိုလှုံကြစို့။ နတ်မင်းက ငါတို့ကို ကောင်းချီးပေးလိမ့်မယ်"

အောက်က စစ်သည်များသည် တဖြည်းဖြည်း မိန်းမောသွားကြပြီးနောက် "အပြာရောင်ကောင်းကင်က သေဆုံးသွားပြီ။ အဝါရောင်ကောင်းကင်က မကြာခင် ထွက်ပေါ်လာတော့မည်" ဟု လိုက်လံအော်ဟစ်ခဲ့ကြသည်။ ထိုနေ့မှာပင် ထိုစစ်သည်များသည် ပုန်ကန်မှုများကို စတင်ပြုလုပ်ခဲ့ကြတော့သည်။

မဟာရွှယ် နန်းတော်တွင်လည်း နောက်ထပ် စစ်သည်တစ်ဦးသည် အပြေးအလွှား ရောက်ရှိလာပြန်သည်။ ထိုစစ်သည်ကို မြင်လိုက်ရသောအခါ မဟာရွှယ် ဧကရာဇ်၏ စိတ်အခြေအနေသည် ပိုမိုဆိုးရွားသွားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "နောက်ထပ် တပ်မတော်တစ်ခု ပုန်ကန်ပြန်ပြီလို့ လာပြောတာတော့ မဟုတ်ဘူးမလား"

"အရှင်မင်းကြီးက အမျှော်အမြင်ရှိလှပါတယ်။ အရှေ့ဘက်ခံတပ်မှ စစ်သည် နှစ်သိန်းက အဝါရောင်ကောင်းကင်ဂိုဏ်း၏ လှည့်စားမှုကို ခံလိုက်ရပြီး၊ အခုဆိုရင် တိုင်းပြည်ကို ပြန်လည် တိုက်ခိုက်နေကြပါပြီ"

"ဖူး…" မဟာရွှယ်ဧကရာဇ်သည် ဒေါသကြောင့် သွေးများပင် အန်ထွက်သွားခဲ့သည်။ "ယုတ်မာလှတဲ့ အဝါရောင်ကောင်းကင်ဂိုဏ်း။ ငါကိုယ်တော်ရဲ့ တပ်မတော်တွေကို ဖျက်ဆီးနေကြတာပဲ။ တစ်နေ့ကျရင် ငါကိုယ်တော် မင်းတို့ကို အမြစ်ကပါ မကျန်အောင် အကုန်လုံး ရှင်းပစ်မယ်"

ထို့နောက်တွင် ထိုဂိုဏ်းသည် နေရာအနှံ့ရှိ စစ်သည်များကို ဆက်လက် လှည့်စားပြီး မီးလောင်ရာလေပင့်ကာ ပုန်ကန်ရန် လှုံ့ဆော်ခဲ့ရာ မဟာရွှယ်နိုင်ငံ၏ တပ်မတော်အတွင်းတွင် ပုန်ကန်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ယခင်က သာမန်အရပ်သားများသာ လမ်းမှားခဲ့ခြင်းဖြစ်ပြီး စစ်တပ်က သစ္စာရှိနေသရွေ့ ပရမ်းပတာ မဖြစ်နိုင်ခဲ့သော်လည်း ယခုအခါ စစ်တပ်ကပါ ကူးစက်ခံလိုက်ရသဖြင့် မဟာရွှယ်နိုင်ငံသည် လုံးဝ ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။

မဟာရှနိုင်ငံ နန်းတော်အတွင်း၌မူ ပိုင်ဇူက ဝမ်းသာအားရဖြင့်- "အခုဆိုရင် အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ နှောင့်ယှက်မှုတွေကြောင့် မဟာရွှယ်ရဲ့ တပ်မတော်တွေ အကုန်လုံး ပုန်ကန်ပြီး နန်းတော်ကို ပြန်တိုက်နေကြပြီ။ မဟာရွှယ်နန်းတော်က ပုန်ကန်မှုကို နှိမ်နင်းဖို့ တပ်တွေ စေလွှတ်နေရပြီ"

"အခုအထိ မဟာရွှယ်တပ်သား လေးသိန်းလောက် သေဆုံးပြီး၊ တစ်သန်းကျော် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ သူတို့က ရန်သူ့လက်မှာ သေတာမဟုတ်ဘဲ ကိုယ့်လူအချင်းချင်း ပြန်သတ်ရင်း သေကြတာ၊ ဟားဟား….။ မဟာရွှယ်ဘုရင်တော့ အခုဆို ဒေါသထွက်လွန်းလို့ သွေးတွေ အန်နေလောက်ပြီ"

"အဲဒါတော့ သေချာတာပေါ့၊ ဘယ်သူက ဒေါသမထွက်ဘဲ နေမလဲ" လင်းပိုင်ဖန်က ပြုံးရင်း ပြောလိုက်သည်။

ပိုင်ဇူက ဆက်လက်၍ ပျော်ရွှင်စွာဖြင့်- "ပုန်ကန်မှုကို မြန်မြန်ဆန်ဆန် နှိမ်နင်းနိုင်ဖို့ သူတို့တွေက ကြာပွတ်နဲ့ရိုက်တာတွေ၊ တုတ်နဲ့ရိုက်တာတွေ အစရှိတဲ့ ပြင်းထန်တဲ့ အပြစ်ဒဏ်တွေကို သုံးနေကြတယ်။ အပြုစားခံထားရတဲ့ စစ်သည်တွေကို အသိပြန်ဝင်လာအောင် သေလုမတတ် ရိုက်နှက်ခိုင်းတာတွေရောပဲ။ အဲဒီလို ရိုက်နှက်လို့ သေသွားတဲ့ စစ်သည်တော်တွေက သောင်းနဲ့ချီရှိပြီး။ ရာနဲ့ချီတဲ့ စစ်သည်တွေကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် တာဝန်ပြန်မထမ်းဆောင်နိုင်တော့ဘူး။ ဒါကြောင့် စစ်သည်တွေရဲ့ ရင်ထဲမှာ မကျေနပ်ချက်တွေ ပြည့်နေကြပြီ"

"ပရမ်းပတာဖြစ်နေတဲ့ အချိန်မှာ တင်းကျပ်တဲ့ ဥပဒေတွေက လိုအပ်တာပဲလေ။ မဟာရွှယ်ဧကရာဇ်ရဲ့ လုပ်ရပ်က အကြောင်းမဲ့တော့ မဟုတ်ဘူး။ ဒါပေမဲ့ လူ့နှလုံးသားဆိုတာက…" လင်းပိုင်ဖန်က ခေါင်းခါရင်း ပြုံးလိုက်သည်။ "လူ့နှလုံးသားဆိုတာ ထူးဆန်းတယ် ခံနိုင်ရည်ရှိသလို၊ ပြောင်းလဲဖို့လည်း လွယ်တယ်။ ပုံမှန်အချိန်မှာ ဘာမှမဖြစ်ပေမဲ့ အာဏာကို လက်လွှတ်ရတဲ့အချိန်မှာတော့ အကျိုးဆက်က ခန့်မှန်းရခက်လိမ့်မယ်။ ဒါက အနာဂတ်မှာ ငါတို့တွေ အသုံးချနိုင်တဲ့အရာပဲ"

ပိုင်ဇူသည် သူမရှေ့က လူကို အားကျကြည်ညိုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ စာတစ်စောင်နှင့် ဗုံအသေးလေး အနည်းငယ်ဖြင့် မဟာရွှယ်နိုင်ငံ တစ်ခုလုံးကို ဖရိုဖရဲဖြစ်စေပြီး၊ စစ်သည်တော်တွေနှင့် စစ်သူကြီးများကို ဆုံးရှုံးစေခဲ့သည်။ သူမ ရွေးချယ်ထားသောသူသည် တကယ်ပင် တော်လွန်းလှပေသည်။ သူမ၏ ကလဲ့စားချေမှုအတွက်လည်း မျှော်လင့်ချက်က ရှိလာပြီဖြစ်သည်။

"အရှင်မင်းကြီး… မဟာရွှယ်ရဲ့ အခြေအနေက နောက် ဘယ်လိုဆက်ဖြစ်မယ်လို့ ထင်ပါသလဲ"

လင်းပိုင်ဖန်က ခဏလောက် စဉ်းစားပြီး "ဒီပရမ်းပတာဖြစ်မှုက သိပ်မကြာလောက်ဘူး။ မကြာခင် ပြီးဆုံးသွားလိမ့်မယ်" ဟု ပြောလိုက်သည်။

"ဘာလို့လဲ အရှင်မင်းကြီး" ပိုင်ဇူက နားမလည်စွာ မေးလိုက်သည်။ "အဝါရောင်ကောင်းကင်ဂိုဏ်းက တိတ်တဆိတ် ဆက်ပြီး လှုံ့ဆော်နေလို့ ရတာပဲလေ။ သူတို့ကိုယ်သူတို့ မဖော်ထုတ်သရွေ့ မဟာရွှယ်ကို ဆက်တိုက် ထိခိုက်အောင် လုပ်လို့ရမှာပဲလေ။ ဘာလို့ အရှင်မင်းကြီးက မကြာခင် ပြီးဆုံးတော့မယ်လို့ အပိုင်ပြောတာလဲ"

"ဘာလို့လဲဆိုတော့ အဝါရောင့ကောင်းကင်ဂိုဏ်းဟာ လူထုရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားလို့ပဲ။ သူတို့က နိုင်ငံပေါင်းစုံမှာ သည်းမခံနိုင်လောက်အောင် ဖျက်ဆီးခဲ့ကြတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေရဲ့ နန်းတော်တွေဟာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး၊ ပြင်းပြင်းထန်ထန် နှိမ်နင်းကြတော့မှာ။ မဟာနိုင်ငံကြီး တစ်နိုင်ငံက အလေးအနက်ထားပြီး လှုပ်ရှားပြီဆိုရင် တကယ့်ကို ကြောက်စရာကောင်းတယ်။ ပြီးတော့ ဟိုစစ်သူကြီး သုံးယောက်ကလွဲရင် ကျန်တဲ့ အဝါရောင်ကောင်းကင်ဂိုဏ်းသားတွေက အုပ်စုကွဲနေတဲ့ လူအုပ်စုသာသာပဲ၊ ဘာမှ ကြောက်စရာမရှိဘူး။ အဲဒီ စစ်သူကြီး သုံးယောက်ကို ဖမ်းမိတာနဲ့ စစ်ပွဲက ပြီးဆုံးသွားမှာပဲ"

"အဲဒီ သုံးယောက်က ပုန်းအောင်းတာ ကျွမ်းကျင်ပေမဲ့ လောကကြီးမှာ တော်တဲ့သူတွေ အများကြီးရှိတယ်။ သူတို့ကို ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ရှိတယ်။ စောင့်ကြည့်ကြတာပေါ့"

အဖြစ်အပျက်များက လင်းပိုင်ဖန် ပြောသည့်အတိုင်း ဖြစ်လာခဲ့သည်။ အဝါရောင်ကောင်းကင်ဂိုဏ်းနောက်ကွယ်က စစ်သူကြီး သုံးယောက်ကို အမြစ်ဖြတ်ချေမှုန်းရန် မဟာရွှယ်ဧကရာဇ်သည် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ နာမည်ကြီး နတ်မုဆိုးများကို ငှားရမ်း၍ ထိုစစ်သူကြီး သုံးယောက်၏ ခြေရာကို လိုက်ခိုင်းခဲ့သည်။

မကြာမီပင် လူသားစစ်သူကြီး ပုန်းအောင်းနေသည့် နေရာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထို့နောက် မဟာရွှယ်ဧကရာဇ် ကိုယ်တိုင် တပ်များကို ဦးဆောင်ကာ လိုက်လံသတ်ဖြတ်ခဲ့သည်။ မိမိက မယှဉ်နိုင်မှန်း သိသောအခါ လူသားစစ်သူကြီးသည် မဟာကျူးနိုင်ငံဘက်သို့ ထွက်ပြေးခဲ့သော်လည်း မဟာရွှယ်ဧကရာဇ်က ကလဲ့စားချေရန်အတွက် မရပ်မနား လိုက်လံတိုက်ခိုက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မဟာကျူး နိုင်ငံ နှင့် မဟာရှီ နိုင်ငံတို့ကလည်း ကျန်ရှိသော စစ်သူကြီး နှစ်ဦးကို ရှာဖွေတွေ့ရှိရန် ကြိုးစားခဲ့ကြပြီး၊ ကျွမ်းကျင်သူများကို စေလွှတ်ကာ လိုက်လံဖမ်းဆီးစေခဲ့သည်။ ထိုအချိန်တွင် ထိုစစ်သူကြီး သုံးယောက်မှာ လူတိုင်း ဝိုင်းဝန်းရိုက်နှက်တာကို ခံနေရသည့် လမ်းဘေးက ကြွက်များကဲ့သို့ ဖြစ်နေတော့သည်။

သို့သော်လည်း သူတို့သည် ထွက်ပြေးသည့်အတတ်တွင် အလွန်ကျွမ်းကျင်လှသည်။ ကျွမ်းကျင်သူများစွာက လိုက်လံဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားကာ ခြေရာဖျောက်နိုင်ခဲ့ကြသည်။ သို့ရာတွင် ထိုစစ်သူကြီး သုံးယောက် ဒုက္ခမပေးနိုင်တော့သည့်အခါ အဝါရောင်ကောင်းကင်ဂိုဏ်းသည်လည်း အင်အားပျော့သွားပြီး နိုင်ငံအသီးသီး၏ တပ်မတော်များက အမြန်ဆုံး နှိမ်နင်းနိုင်ခဲ့ကြသည်။

ထိုအချိန်တွင် အဝါရောင်ကောင်းကင်ဂိုဏ်းမှ စစ်သူကြီး သုံးဦးသည် တောင်ကြားတစ်ခုအတွင်းသို့ ထွက်ပြေးလွတ်မြောက်လာကြသည်။

"ဒုတိယညီနဲ့ တတိယညီ။ ငါတို့ ပြေးလာတာ သုံးရက်ရှိပြီ။ သူတို့ရဲ့ အရိပ်အယောင်တောင် မတွေ့တော့ဘူး။ အခုလောက်ဆို ဘေးကင်းလောက်ပါပြီ၊ ခဏနားကြရအောင်" ကောင်းကင်စစ်သူကြီးက ပြောလိုက်သည်။

"အစ်ကိုကြီး ပြောတာမှန်တယ်။ ခဏလောက် နားသင့်ပြီ။ တောက်… ဒီလောက်ရက်အကြာကြီး ပြေးနေရတော့ ငါ့ဒဏ်ရာက ပိုဆိုးလာပြီ" မြေပြင်စစ်သူကြီး၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူ၏ ရင်ဘတ်ကို ဖိထားသည် ထိုနေရာတွင် ပတ်တီးစတစ်ခု ပတ်ထားသော်လည်း သွေးများ စိမ့်ထွက်နေဆဲဖြစ်သည်။

"ဒုတိယညီ ထိုင်လိုက်ပါဦး ငါ့ရဲ့ စွမ်းအင်တွေနဲ့ မင်းရဲ့ ဒဏ်ရာကို ကုပေးမယ်" ကောင်းကင်စစ်သူကြီးက သူ့ညီကို ထိုင်ခိုင်းလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" မြေပြင်စစ်သူကြီးက အားနည်းစွာ ခေါင်းညိတ်ပြလိုက်သည်။

အနီးအနားတွင် ကင်းစောင့်နေသော လူသားစစ်သူကြီးက ဒေါသတကြီးဖြင့် အံကြိတ်ရင်း- "မူလက ကျွန်တော်တို့မှာ နောက်လိုက် သန်းနဲ့ချီရှိခဲ့တာ၊ စစ်တပ်ထဲမှာတောင် ကျွန်တော်တို့လူတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကြီးက အောင်မြင်တော့မယ့်ဆဲဆဲမှာ အခုတော့ အကုန်လုံး ပျက်စီးသွားပြီ။ ကျွန်တော်တကယ် မကျေနပ်ဘူး"

"တကယ်တော့ ရှုံးနိမ့်တယ်ဆိုတာ ပုံမှန်ပါပဲ။ ငါတို့က သိုင်းလောကက လူတွေကို လျှော့တွက်ခဲ့မိတာပဲ" ကောင်းကင်စစ်သူကြီးက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ ပြီးခဲ့သည့်ရက်တွေအတွင်း သူ ပြန်လည်စဉ်းစားမိသည်မှာ သူသည် အလွန်အမင်း မာန်တက်ခဲ့မိပြီး သူတို့၏ လှည့်စားတတ်သော မှော်အတတ်များဖြင့် ကမ္ဘာကြီးကို စိုးမိုးနိုင်မည်ဟု ထင်ခဲ့မိခြင်းပင်။ တကယ်တော့ သူတို့ထက် တော်တဲ့၊ တက်တဲ့ သူတွေက အမြဲရှိနေတတ်သည်ကို သတိမမူမိခဲ့ပေ။

မဟာရှနိုင်ငံက သူတို့၏ လှည့်စားမှု နည်းလမ်းများကို အလွယ်တကူ ဖြေဖျောက်နိုင်ခဲ့ရုံသာမက နတ်မုဆိုးများကလည်း သူတို့နောက်ကို လွယ်လွယ်ကူကူ လိုက်နိုင်ခဲ့ကာ သူတို့၏ အစီအစဉ်များကို ဖျက်ဆီးပြီး ကမ္ဘာ့အဆုံးအထိ ထွက်ပြေးစေခဲ့သည်။ ကျန်သည့် စစ်သူကြီး နှစ်ဦးလည်း လက်ရှိအခြေအနေကို လက်ခံလိုက်ကာ သက်ပြင်းချလိုက်ကြသည်။

အခြေအနေက အနည်းငယ် တိတ်ဆိတ်နေစဉ် ကောင်းကင်စစ်သူကြီးက စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒါနဲ့ ငါတို့ ဘယ်ကို ရောက်နေတာလဲ ဒီနေရာက အရမ်းစိမ်းနေသလိုပဲ"

"မသိဘူး ကျွန်တော်လည်း ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး" မြေပြင်စစ်သူကြီးက ခေါင်းလှည့်ကြည့်လိုက်ပြီး "တတိယညီ မင်းပဲ လမ်းပြလာတာဆိုတော့ ငါတို့ ဘယ်မှာလဲဆိုတာ သိမှာပေါ့"

လူသားစစ်သူကြီးလည်း ကြောင်တောင်တောင်ဖြင့် "ကျွန်တော်လည်း မသိဘူး"

"မသိဘဲနဲ့ ဘာလို့ ဒီကို ပြေးလာတာလဲ"

လူသားစစ်သူကြီးက မျက်မှောင်ကြုတ်ရင်း- "ဘာလို့လဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ဒီနေရာက ဘေးကင်းမယ်လို့ ခံစားရလို့ ဒီကို ပြေးလာခဲ့တာ"

All Chapters