အခန်း (၂၀၄)
Vol. 18 Ch. 204
ကောင်းကင်စစ်သူကြီးက မျက်မှောင်ကြုတ်လျက်- "တတိယညီ... မင်း တစ်ခုခုတော့ မှားနေပြီ။ မင်းက အမြဲတမ်း အချိန်အဆရှိရှိနဲ့ အလုပ်လုပ်တတ်တာ၊ တစ်ခုခု မလုပ်ခင် အရင်အစီအစဉ် ချတတ်တာ မဟုတ်လား။ ဒီနေရာကို မရင်းနှီးဘူးဆိုရင် မင်း ဘာလို့ ဒီကို လာခဲ့တာလဲ" ဟု မေးလိုက်သည်။
မြေပြင်စစ်သူကြီးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် တတိယညီ... ပညာရှိဆိုတာ အန္တရာယ်ရှိတဲ့ တံတိုင်းအောက်မှာ မရပ်ဘူးတဲ့။ ဒါက မင်းရဲ့ ပုံစံနဲ့ လုံးဝ မတူဘူး" ဟု ဆိုလိုက်သည်။
လူသားစစ်သူကြီး၏ မျက်လုံးများ ပြူးကျယ်သွားကာ "အစ်ကိုကြီးတို့ ပြောတာ ဟုတ်တယ်...။ ကျွန်တော် ဘာလို့ ဒီကို ရောက်လာတာလဲ"
ဤညီအစ်ကို သုံးယောက်၏ အကြီးမားဆုံး အရည်အချင်းမှာ သူတို့၏ ထူးခြားသော အတတ်ပညာ သို့မဟုတ် ခွန်အား မဟုတ်ဘဲ အရာရာကို အလွန်အမင်း သတိကြီးစွာ ချဉ်းကပ်တတ်ခြင်း ဖြစ်သည်။ အခြေအနေ တစ်ခုခု မဟန်တော့သည်နှင့် သူတို့သည် မဆိုင်းမတွပဲ ချက်ချင်း ဆုတ်ခွာတတ်ကြသည်။ ထွက်ပြေးသည့် အခါတွင်ပင် သူတို့အတွက် အသာစီးရဆုံးနှင့် အန္တရာယ်အကင်းဆုံး လမ်းကြောင်းကိုသာ ရွေးချယ်လေ့ရှိသည်။ ထို့ကြောင့် အကြိမ်ကြိမ် အမြစ်ပြတ် ချေမှုန်းခံရသော်လည်း သူတို့မှာ အသက်ရှင် ကျန်ရစ်နေခြင်း ဖြစ်သည်။
သို့သော် ယခုမူ ညီအငယ်ဆုံးဖြစ်သူမှာ အလွန်စိမ်းလှသော နေရာသို့ ထွက်ပြေးရန် ရွေးချယ်ခဲ့သည်မှာ ရှင်းလင်းစွာပင် ပုံမှန်မဟုတ်ပေ။ သူတို့ သုံးယောက်စလုံး၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုက ဝင်လာလေသည်။
လူသားစစ်သူကြီးသည် လွန်ခဲ့သော အဖြစ်အပျက်များကို ဂရုတစိုက် ပြန်စဉ်းစားကြည့်ပြီးနောက် သူ၏ ဦးခေါင်းကို ရိုက်လိုက်ကာ ရင်ဘတ်ထဲမှ အရာတစ်ခုကို အလျင်အမြန် ဆွဲထုတ်လိုက်ရင်း "အာ... ကျွန်တော် မှတ်မိပြီ။ ဒီအရာပဲ၊ ဒီအရာက ကျွန်တော်တို့ကို ဒီကို ခေါ်လာတာ" ဟု အလန့်တကြား အော်လိုက်သည်။
သူတို့ရှေ့ရှိ ရင်းနှီးနေသော စည်အသေးလေးကို ကြည့်ပြီး ကျန်စစ်သူကြီး နှစ်ဦးမှာ ဆွံ့အသွားကြသည်။
"ဒါ... ဒါက မဟာရှ နိုင်ငံက ငါတို့ကို ပေးထားတဲ့ စည် မဟုတ်လား။ ဒါက လူတွေရဲ့ စိတ်နှလုံးကို လှည့်စားတဲ့နေရာမှာ အထူး ထိရောက်တာလေ"
"တတိယညီ... မင်း ဒါကို ဘာလို့ ကိုယ်နဲ့မကွာ ဆောင်ထားရတာလဲ"
လူသားစစ်သူကြီးက နောင်တကြီးစွာဖြင့်- "ဒါက အရမ်းထိရောက်လွန်းလို့ ကျွန်တော် ဆောင်ထားတာပေါ့။ ဒီအရာရှိရင် နောင်တစ်ချိန်မှာ အင်အား ပြန်တည်ဆောက်လို့ ရမယ်လေ။ ဒါပေမဲ့ ဒါက မှော်ဝင်စည် ဖြစ်နေမယ်လို့ ဘယ်သူ သိမှာလဲ။ သူက လူတိုင်းကို မိန်းမောသွားအောင် လုပ်နိုင်တဲ့ အစွမ်းရှိပုံပဲ၊ ကျွန်တော်တောင် မသိလိုက်ဘဲ အဲဒီအထဲ ကျသွားတာ။ စည်ရဲ့ လမ်းညွှန်မှုနောက်ကို လိုက်ရင်းနဲ့ ဒီကို ရောက်လာတာပဲ"
ကျန်စစ်သူကြီး နှစ်ဦးမှာ ထိတ်လန့်သွားကြပြီး- "ဒါကတော့..."
သူတို့ သုံးယောက်မှာ အခြားသူတွေကို လှည့်စားသည့်နေရာတွင် အတော်ဆုံး ဖြစ်သော်လည်း ယနေ့တွင်မူ စည်ငယ်လေး တစ်ခု၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်သည်။
"ဒီစည်မှာ ပြဿနာ ရှိတယ်။ တစ်ယောက်ယောက်က ငါတို့ကို ဒီကို မျှားခေါ်လိုက်တာပဲ"
"ဒီမှာ ကြာကြာ မနေသင့်တော့ဘူး၊ မြန်မြန် ထွက်ပြေးကြစို့"
ထိုအချိန်မှာပင် လေကိုခွဲ၍ ရောက်ရှိလာသော လူသုံးယောက်၏ အသံကို ကြားလိုက်ရသည်။ သူတို့သည် သုံးဖွဲ့ခွဲကာ ထွက်ပြေးမည့် လမ်းကြောင်းများကို ပိတ်ဆို့ထားလိုက်သည်။
"စစ်သူကြီးတို့... ဘယ်ကို ပြေးကြမလို့လဲ"
"မဟာရှကို အလည်ရောက်လာမှတော့ ဘာလို့ အစောကြီး ပြန်ချင်နေရတာလဲ။ ခဏလောက် နေပါဦး"
"အရှင်မင်းကြီးက ဖိတ်ကြားလိုက်ပါတယ်။ လိမ္မာပါးနပ်စွာနဲ့ပဲ ကျွန်တော်တို့နဲ့ အတူ လိုက်ခဲ့ပါ"
သူတို့ရှေ့မှ လူသုံးယောက်ကို မြင်လိုက်ရသောအခါ စစ်သူကြီးများ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ထပ်မံ ဖြစ်ပေါ်လာလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသုံးယောက်ကို သူတို့ သိနေသောကြောင့် ဖြစ်သည်။ သူတို့မှာ လက်ဗလာဆရာကြီး၊ အရက်ဓားအင်မော်တယ် နှင့် ပိုင်ဇူ ဟု ခေါ်သော လုပ်ကြံသတ်ဖြတ်သူတို့ ဖြစ်သည်။ သူတို့ အားလုံးမှာ မဟာရှ၏ အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။
ယခုမူ သူတို့သည် မဟာရှ၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်မိနေပြီ ဖြစ်ကြောင်း ကောင်းကောင်း သိသွားခဲ့ကြသည်။ တစ်ယောက်ယောက်က သူတို့ကို မှော်စည်ဖြင့် ဤနေရာသို့ မျှားခေါ်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မဟာရှ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။
ပိုင်ဇူးက ထက်မြက်သော ဓားကို ကိုင်ဆောင်ထားရင်း အေးစက်စွာ ပြောလိုက်သည်။ "စစ်သူကြီး သုံးယောက်... ကျွန်မတို့ကို လက်နက်သုံးအောင် မလုပ်ပါနဲ့"
စစ်သူကြီး သုံးယောက်သည် သူတို့ရှေ့ရှိ ရုပ်ရည်မှာ လှပသော်လည်း အေးစက်လှသော အမျိုးသမီးနှင့် အခြား ပညာရှင် နှစ်ဦးကို ကြည့်လိုက်ကြသည်။ သူတို့ သက်ပြင်းချကာ ခေါင်းငိုက်စိုက်ချလျက် ခုခံမှုကို စွန့်လွှတ်လိုက်ပြီး မဟာရှ၏ မြို့တော်သို့ လိုက်ပါလာခဲ့ကြသည်။
သုံးရက်အကြာတွင် သူတို့သည် မြို့တော်ရှိ နန်းတော်အတွင်း၌ လင်းပိုင်ဖန်နှင့် တွေ့ဆုံခဲ့ကြသည်။
"စစ်သူကြီးတို့... ခင်ဗျားတို့ရဲ့ နာမည်ကျော်ကြားမှုကို ငါကိုယ်တော် ကြားနေရတာ ကြာပါပြီ"
လင်းပိုင်ဖန်က ပြုံးကာ- "ခင်ဗျားတို့က အဝါရောင်ကောင်းကင်ဂိုဏ်းကို တည်ထောင်ပြီး လူပေါင်း သန်းနဲ့ချီကို လှည့်စားခဲ့တယ်၊ အိမ်နီးချင်း နိုင်ငံတွေကိုလည်း ဆူပူအောင် လုပ်ခဲ့တယ်။ ခင်ဗျားတို့ရဲ့ စွမ်းရည်က တကယ့်ကို အံ့မခန်းပဲ၊ ငါကိုယ်တော်တောင် မချီးကျူးဘဲ မနေနိုင်ဘူး"
ကောင်းကင်စစ်သူကြီးက ခါးသီးစွာဖြင့် "အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို မြှောက်ပင့်နေပါပြီ။ ကျွန်တော်မျိုးတို့ ဘယ်လောက်ပဲ တော်နေပါစေ အရှင်မင်းကြီးရဲ့ လက်ဖဝါးထဲမှာပဲ ကစားခံနေရတာ မဟုတ်လား"
ကျန်စစ်သူကြီး နှစ်ဦးကလည်း ခါးသီးစွာဖြင့် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ သူတို့၏ ဂိုဏ်းမှာ တကယ်ပင် ကြီးမားသော အင်အားစု ဖြစ်လာခဲ့သော်လည်း မဟာရှထံတွင် တစ်ခါမျှ အသာစီး မရခဲ့ဘဲ မဟာရွှယ် နိုင်ငံကို တိုက်ခိုက်ရန်အတွက်သာ အသုံးချခံခဲ့ရသည်။ ယခုအခါ ပြိုင်ဘက်၏ လက်ထဲသို့ ကျရောက်သွားခြင်းက သူတို့အတွက် ကြီးမားသော ရိုက်ခတ်မှု ဖြစ်ခဲ့သည်။
"ကျွန်တော်မျိုးတို့ကို ခေါ်ယူရတဲ့ အရှင်မင်းကြီးရဲ့ အမိန့်က ဘာများပါလဲ" ဟု ကောင်းကင်စစ်သူကြီးက မေးမြန်းလိုက်သည်။
လင်းပိုင်ဖန်က လိုရင်းကို တိုက်ရိုက်ပြောလိုက်သည် "ငါကိုယ်တော် စစ်သူကြီးတို့ သုံးယောက်ကို အရမ်း အထင်ကြီးတယ်။ ခင်ဗျားတို့ မဟာရှအတွက် အမှုထမ်းပြီး ငါကိုယ်တော်အတွက် အလုပ်လုပ်ပေးနိုင်မလား။ ခင်ဗျားတို့ ဘယ်လို ထင်သလဲ"
သူတို့ သုံးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဤသို့ အကြောင်းပြချက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကောင်းကင်စစ်သူကြီးက "ကျွန်တော်မျိုးတို့က အခု နာမည်ပျက်နေပြီး နိုင်ငံအသီးသီးက လိုက်လံ ဖမ်းဆီးနေတာပါ။ ကျွန်တော်မျိုးတို့ကို ခိုလှုံခွင့် ပေးခြင်းအားဖြင့် အိမ်နီးချင်း နိုင်ငံတွေကို ရန်စမိမှာကို အရှင်မင်းကြီး မကြောက်ဘူးလား" ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည် "မကြောက်ပါဘူး။ ရန်စမိလည်း စမိတာပေါ့၊ သူတို့တွေ ငါကိုယ်တော်ကို ဘာလုပ်နိုင်မှာလဲ။ မဟာရှ နိုင်ငံက တည်ထောင်ကတည်းက ဘယ်သူ့ကိုမှ မကြောက်ခဲ့ဘူး"
မြေပြင်စစ်သူကြီးက "ဒါပေမဲ့ ကျွန်တော်မျိုးတို့က သိုင်းပညာအဆင့်အပြင် လူတွေကို လှည့်စားတဲ့ အတတ်ပဲ သိတာပါ။ အရှင်မင်းကြီးကို ဘယ်လိုမျိုး ကူညီနိုင်မလဲဆိုတာ မသေချာပါဘူး" ဟု ဆိုလိုက်သည်။
လင်းပိုင်ဖန်က ရယ်မောကာ- "ငါကိုယ်တော် အလိုအပ်ဆုံးက ခင်ဗျားတို့ရဲ့ အဲဒီ အတတ်ပညာပဲ"
သုံးယောက်စလုံး ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။ လင်းပိုင်ဖန်က ရှင်းပြလိုက်သည်။ "အဓိက ပြဿနာက ခင်ဗျားတို့ အဲဒါကို ဘယ်လို သုံးရမလဲဆိုတာ မသိတာပဲ။ ဒီ လှည့်စားခြင်း အတတ်က လမ်းဘေးအတတ်ပညာလို့ ယူဆနိုင်ပေမဲ့ ကောင်းကောင်း အသုံးချတတ်ရင် နိုင်ငံနဲ့ စစ်တပ်ကို အားကောင်းစေနိုင်တယ်။ ခင်ဗျားတို့လို ပါရမီရှင်တွေက တကယ် ရှားပါးတယ်၊ ဒါကြောင့် ငါကိုယ်တော် ခင်ဗျားတို့ကို ငါကိုယ်တော်ဘက်ဘက်ပါအောင် ကြိုးစားနေတာပေါ့"
စစ်သူကြီး သုံးယောက်မှာ ထပ်မံ၍ ဆွံ့အသွားကြသည်။ လှည့်စားခြင်း အတတ်က နိုင်ငံနှင့် စစ်တပ်ကို မည်သို့ အားကောင်းစေနိုင်မည်ကို သူတို့ လုံးဝ နားမလည်နိုင်ပေ။ နိုင်ငံကို ဘေးဒုက္ခ မပေးလျှင်ပင် တော်လှပြီဟု ထင်နေကြသည်။
မြေပြင်စစ်သူကြီးက မကျေမနပ်ဖြစ်သည့် လေသံဖြင့် "အရှင်မင်းကြီး... တကယ်လို့ ကျွန်တော်မျိုးတို့ ငြင်းရင်ရော" ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က အပြုံးဖြင့်- "ခင်ဗျားတို့ သဘောမတူရင် နန်းတော်ထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး"
သူတို့ သုံးယောက်စလုံး နှလုံးသားထဲထိ အေးစက်သွားကြသည်။ ဤနေရာသို့ ရောက်လာကတည်းက သူတို့တွင် ရွေးချယ်စရာ မရှိတော့မှန်း သိလိုက်ကြသည်။
လင်းပိုင်ဖန်က လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေရင်း- "ဘယ်လိုလဲ စစ်သူကြီးတို့... ငါကိုယ်တော်အတွက် အမှုထမ်းဖို့ အဆင်သင့်ပဲလား" ဟု မေးလိုက်သည်။
"ကျွန်တော်မျိုးတို့ စဉ်းစားနေဖို့တောင် လိုဦးမှာလား"
ကောင်းကင်စစ်သူကြီးက စိတ်ပျက်လက်ပျက်ဖြင့် "ကျွန်တော်မျိုးတို့ သဘောမတူရင် ဒီကနေ ထွက်မသွားနိုင်ဘူး မဟုတ်လား။ ကျွန်တော်မျိုးတို့ ညီအစ်ကို သုံးယောက်လုံးက အသက်ကို နှမြောတတ်ကြတယ်၊ နာခံဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူး" ဟု ဆိုလိုက်သည်။
ကျန်စစ်သူကြီး နှစ်ဦးကလည်း ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ သူတို့ သုံးယောက်စလုံး အရိုအသေပေးကာ "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
"ကောင်းပြီ…"
လင်းပိုင်ဖန်က ဝမ်းသာအားရဖြင့်- "စစ်သူကြီး သုံးယောက်ရဲ့ အကူအညီနဲ့ဆိုရင် ငါကိုယ်တော်တို့ မဟာရှနိုင်ငံဟာ အတောင်ပံ တပ်ပေးလိုက်တဲ့ ကျားလို ဖြစ်လာတော့မယ်။ ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ ငါကိုယ်တော့်ကို မလိမ်ညာဖို့လည်း မျှော်လင့်တယ်။ မဟာရှ နယ်မြေထဲမှာ မကောင်းတာတွေ လုပ်ဖို့ ကြိုးစားရင်တော့ ငါကိုယ်တော်က လုံးဝ အညှာတာမရှိ ကွပ်မျက်ပစ်ရလိမ့်မယ်"
စစ်သူကြီး သုံးယောက်မှာ လန့်ဖျန့်သွားပြီး "မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး…." ဟု လက်ခါကာ ငြင်းလိုက်ကြသည်။
"ကောင်းပြီ... ဒီနေ့ကစပြီး ငါတို့က တစ်ဖက်တည်းသားတွေပဲ။ ခင်ဗျားတို့ ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေ ရစေရမယ်။ တစ်ချိန်တည်းမှာပဲ တခြားနိုင်ငံတွေ ပြဿနာ မရှာနိုင်အောင် ခင်ဗျားတို့ရဲ့ လုံခြုံရေးကို ငါကိုယ်တော် တာဝန်ယူပေးမယ်၊ ဒီမှာပဲ အေးအေးဆေးဆေး နေကြပါ"
ထိုအခါမှသာ စစ်သူကြီး သုံးယောက်မှာ စိတ်အနည်းငယ် အေးသွားကြသည်။
"ကျွန်တော်မျိုးတို့ကို ဘယ်လို အသုံးချချင်လဲဆိုတာ မေးပါရစေ" ဟု ကောင်းကင်စစ်သူကြီးက မေးလိုက်သည်။
"ခင်ဗျားတို့ ဘာလုပ်ချင်လဲ" ဟု လင်းပိုင်ဖန်က ပြန်မေးလိုက်သည်။
လူသားစစ်သူကြီးက မျှော်လင့်ချက်အပြည့်ဖြင့် "တကယ်တော့ အရင်က ကျွန်တော်မျိုးတို့ ညီအစ်ကို သုံးယောက်ရဲ့ ရည်မှန်းချက်က စစ်သူကြီး ဖြစ်ဖို့ပါ။ စစ်မြေပြင်မှာ စစ်တပ်ကြီးတွေကို ဦးဆောင်ပြီး အောင်မြင်မှုတွေ ရယူပြီး နာမည်ကျော်ကြားချင်ခဲ့တာပါ"
လင်းပိုင်ဖန်က ရယ်မောလိုက်ကာ- "ဒါကြောင့်လည်း ခင်ဗျားတို့ သုံးယောက်က ကိုယ့်ကိုယ်ကိုယ် စစ်သူကြီးလို့ ခေါ်နေကြတာကိုး"
"ဒါပေမဲ့ နောက်ပိုင်းမှာ မှော်အတတ်နဲ့ လူတွေကို လှည့်စားပြီးတဲ့နောက် ကျွန်တော်မျိုးတို့ အတွေးတွေက ပြောင်းသွားခဲ့တယ်၊ ရည်မှန်းချက်တွေ ကြီးထွားလာတယ်။ စစ်သူကြီး မဟုတ်ဘဲ ဧကရာဇ် ဖြစ်ချင်လာခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ သိမှာလဲ" မြေပြင်စစ်သူကြီးက သက်ပြင်းချလိုက်ကာ "ကျွန်တော်မျိုးတို့ရဲ့ ရှုံးမဲ့ နိမိတ်က ပြိုကျနေတဲ့ တောင်လို မြန်ဆန်လွန်းလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ၊ ဧကရာဇ် အိပ်မက်တွေလည်း အလဟဿ ဖြစ်ကုန်တာပေါ့"
ကောင်းကင်စစ်သူကြီးကလည်း စိတ်ဓာတ်ကျစွာဖြင့် "အခုတော့ ကျွန်တော်မျိုးတို့ ကိုယ့်အရည်အချင်းကိုယ် သိသွားပါပြီ၊ အသက်ရှင်ဖို့ပဲ မျှော်လင့်ပါတော့တယ်။ အရှင်မင်းကြီး ခိုင်းတာ အကုန်လုပ်ပါ့မယ်"
လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ကာ- "ခင်ဗျားတို့ရဲ့ ဧကရာဇ် ဖြစ်ချင်တဲ့ ဆန္ဒကိုတော့ ငါကိုယ်တော် မဖြည့်ဆည်းပေးနိုင်ဘူး။ ဒါပေမဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်မယ့် စစ်သူကြီး ဖြစ်ချင်တယ်ဆိုရင်တော့ ငါကိုယ်တော် လုပ်ပေးနိုင်တယ်"
"တကယ်လား…!!" စစ်သူကြီး သုံးယောက်စလုံး အံ့အားသင့်ကာ အော်လိုက်ကြသည်။
"ငါကိုယ်တော်က ဘယ်တော့မှ နောက်ပြောင်လေ့မရှိဘူး၊ ခင်ဗျားတို့ကို ဘာလို့ လိမ်ရမှာလဲ" ဟု လင်းပိုင်ဖန်က ပြုံးလျက် ဆိုလိုက်သည်။
"ကျွန်တော်မျိုးတို့ကို အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" သူတို့ သုံးယောက်လုံး အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။
"ဒါပေမဲ့ ခင်ဗျားတို့ စစ်သူကြီး မဖြစ်ခင်မှာ မဟာရှ စစ်တက္ကသိုလ်ကို အရင်သွားပြီး စစ်တပ်ကို ဘယ်လို ဦးဆောင်ရမလဲဆိုတာ သင်ယူရမယ်။ အဲဒီနောက်မှ စစ်သူကြီး ဖြစ်နိုင်မယ်" ဟု လင်းပိုင်ဖန်က ထပ်ပြောလိုက်သည်။
"မဟာရှ စစ်တက္ကသိုလ်? ဟုတ်လား" စစ်သူကြီး သုံးယောက်သည် တစ်ယောက်ကိုတစ်ဦး အံသြစွာ ကြည့်နေခဲ့ကြသည်။