← Chapters

အခန်း (၂၀၅)

Vol. 18 Ch. 205

အခန်း (၂၀၅)

Vol. 18 Ch. 205

ထို့နောက် လင်းပိုင်ဖန်သည် ထိုသူသုံးဦးကို မဟာရှစစ်တက္ကသိုလ်သို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာခဲ့သည်။

ဒုတိယကျောင်းအုပ်ကြီး ချောင်ချောင်သည် လင်းပိုင်ဖန် ရောက်ရှိလာကြောင်း သိရှိသောအခါ နည်းပြတွေနှင့် ကျောင်းသားတွေကို ဦးဆောင်၍ အဝင်ဝတွင် ကြိုဆိုလေသည်။

"အရှင်မင်းကြီးကို ကြိုဆိုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"အားလုံးပဲ ထကြပါ"

လင်းပိုင်ဖန်က လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ခေါင်းညိတ်ပြကာ…

"ကောင်းတယ်၊ လေ့ကျင့်ရေးဆင်းပြီးနောက်မှာ လူတိုင်းရဲ့ စိတ်ဓာတ်တွေက ပြောင်းလဲသွားပြီပဲ။ ဝန်ကြီးချောင်၊ မောင်မင်းရဲ့ ကြိုးပမ်းမှုတွေက တကယ်ကို ကြီးမားလှတယ်။ နောက်မှ မောင်မင်းကို ငါကိုယ်တော် ကောင်းကောင်း ဆုချီးမြှင့်မယ်"

ချောင်ချောင်က ဝမ်းသာအားရဖြင့် -"အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့်ပါပဲ။ အရှင်မင်းကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်မျိုးတို့ တက္ကသိုလ်ဟာ အခုလို ဖွံ့ဖြိုးတိုးတက်လာရတာပါ"

လင်းပိုင်ဖန်က ဝမ်းသာပီတိဖြစ်ကာ-"ဒါက မြှောက်ပင့်နေမှန်း သိပေမဲ့ ငါကိုယ်တော် အရမ်းသဘောကျတယ်၊ ဟားဟား…"

ရယ်မောပြီးနောက် လင်းပိုင်ဖန်၏ မျက်နှာက တည်ကြည်သွားကာ-"ငါကိုယ်တော် ဒီကိုလာရတဲ့ အကြောင်းရင်း အဓိက နှစ်ချက်ရှိတယ်။ ပထမက မဟာရှစစ်တက္ကသိုလ် ဘယ်လောက်အထိ တိုးတက်နေပြီလဲဆိုတာ ကြည့်ဖို့ပဲ၊ ကြည့်ရတာ တော်တော်လေး အခြေအနေ ကောင်းနေပုံရတယ်။ ဒုတိယအချက်ကတော့"

သူသည် လက်ဟန်ပြကာ အဝါရောင်ကောင်းကင်ဂိုဏ်းမှ စစ်သူကြီးသုံးဦးကို ခေါ်လိုက်သည်။

"ဒီလူသုံးဦးကို တက္ကသိုလ်ထဲ ဝင်ခွင့်ပေးစေချင်တယ်၊ မောင်မင်းရဲ့ လမ်းညွှန်မှုအောက်မှာ စစ်ပညာနဲ့ စစ်သည်တွေကို ဘယ်လိုဦးဆောင်ရမလဲဆိုတာ သင်ယူဖို့ပဲ"

ချောင်ချောင်က သဘာဝအတိုင်း ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ထိုသူစိမ်းသုံးဦးကို စပ်စုသောမျက်လုံးများဖြင့် ကြည့်ကာ-"ဒီသူရဲကောင်း သုံးယောက်က ဘယ်သူတွေလဲဆိုတာ သိပါရစေလားခင်ဗျာ"

လင်းပိုင်ဖန်က ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

"ဒီသုံးယောက်က သူတို့ကိုယ်သူတို့ ကောင်းကင်စစ်သူကြီး၊ မြေပြင်စစ်သူကြီး နဲ့ လူသားစစ်သူကြီး လို့ ခေါ်ကြတယ်။ ဟုတ်တယ်၊ သူတို့က အဝါရောင်ကောင်းကင်ဂိုဏ်းကို တည်ထောင်ခဲ့သူ သုံးယောက်ပဲ၊ အခုတော့ မဟာရှနိုင်ငံဆီကို သစ္စာခံဝင်ရောက်လာကြပြီ"

"အားလုံးကို နှုတ်ခွန်းဆက်ပါတယ်" ဟု စစ်သူကြီးသုံးဦးက ညီညာစွာ နှုတ်ဆက်လိုက်ကြသည်။

ချောင်ချောင်သည် ထိုစကားကို ကြားသောအခါ ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုတို့ ရောထွေးသွားသည်။ သူသည် စစ်မြေပြင်သို့ ကိုယ်တိုင်မရောက်ဖူးသော်လည်း ထိုသူတို့၏ မကောင်းသတင်းကျော်ဇောမှုကိုတော့ နားထဲတွင် ကြားဖူးနားဝရှိနေသည်။ ၎င်းတို့သည် အဝါရောင်ကောင်းကင်ဂိုဏ်းကို တည်ထောင်ကာ သန်းနှင့်ချီသော သာမန်လူထုနှင့် စစ်တပ်များကို လှည့်ဖြားသိမ်းသွင်းခဲ့ပြီး မဟာရွှယ်၊ မဟာကျူး နှင့် မဟာရှီ နိုင်ငံများကို အကြီးအကျယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သဖြင့် ထိုနိုင်ငံများ စုပေါင်းကာ အမြစ်ပြတ်ချေမှုန်းခဲ့ရခြင်းဖြစ်သည်။

အဝါရောင်ကောင်းကင်ဂိုဏ်း ပျက်စီးသွားသော်လည်း ထိုသုံးဦး၏ နာမည်ဆိုးကတော့ အဝေးသို့ ပျံ့နှံ့နေဆဲပင်။ ၎င်းတို့မှာ ငိုနေသော ကလေးငယ်များကိုပင် တိတ်သွားစေနိုင်လောက်သည့် နာမည်ကျော် မိစ္ဆာကြီးများပင် ဖြစ်ကြသည်။

‘အရှင်မင်းကြီးက ဒီလို ကြောက်စရာကောင်းတဲ့ လူတွေကို ငါ့ကို သင်ခိုင်းနေတာလား’ သူ ဒါကို မလုပ်နိုင်ပေ။

"အရှင်မင်းကြီး၊ ဒါက"

လင်းပိုင်ဖန်က ချောင်ချောင်၏ ပုခုံးကို ပုတ်ကာ-"ဝန်ကြီး၊ ဒီသုံးယောက်က အခု မောင်မင်းရဲ့ တာဝန်ပဲ။ သူတို့ အမြန်ဆုံး ကျောင်းဆင်းပြီး မဟာရှကို အကျိုးပြုနိုင်အောင် မောင်မင်း ကောင်းကောင်း သင်ပေးရမယ်"

ချောင်ချောင်မှာ တကယ်ကို ငိုချင်သွားသည်။

"အရှင်မင်းကြီး၊ တခြားတစ်ယောက်ယောက်ကို တာဝန်ပေးလို့ မရဘူးလား။ ကျွန်တော်မျိုး သူတို့ကို သင်ပေးလို့ မရနိုင်ပါဘူး"

လင်းပိုင်ဖန်က ခေါင်းခါကာ-"မရဘူး၊ မောင်မင်းက ငါကိုယ်တော် အယုံကြည်ရဆုံးလူပဲ။ မောင်မင်း သင်ပေးမှပဲ ငါကိုယ်တော် စိတ်ချနိုင်မယ်"

ချောင်ချောင်မှာ ပို၍ပင် ငိုချင်သွားတော့သည်၊ သူသည် ဤကဲ့သို့ ယုံကြည်မှုကို မလိုချင်ပေ။ ထိုအချိန်တွင် လင်းပိုင်ဖန်က လှည့်လိုက်ပြီး စစ်သူကြီးသုံးဦးကို တင်းမာစွာ ပြောလိုက်သည်။

"မောင်မင်းတို့ ဒီမှာ ခေတ္တနေပြီး ကြိုးကြိုးစားစား သင်ယူရမယ်။ သင်ယူမှုတွေ ပြီးဆုံးသွားရင် မောင်မင်းတို့ကို စစ်တပ်ဦးဆောင်ဖို့ စစ်သူကြီးအဖြစ် ငါကိုယ်တော် ခန့်အပ်ပေးမယ်"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး" ဟု ထိုသုံးဦးက ဦးညွှတ်ကာ ဖြေကြားလိုက်သည်။

"ဒီမှာဆိုရင် မောင်မင်းတို့က ကျောင်းသားတွေပဲ၊ စည်းကမ်းအားလုံးကို လိုက်နာရမယ်။ ငါကိုယ်တော်ရဲ့ နားထဲကို မောင်မင်းတို့ရဲ့ ဆိုးသွမ်းမှုတွေ ဒါမှမဟုတ် စည်းကမ်းမဲ့မှု သတင်းတစ်ချက်ရောက်လာတာနဲ့ မောင်မင်းတို့ရဲ့ နိဂုံးက တကယ်ကို မှတ်လောက်သားလောက် ဖြစ်သွားစေရမယ်လို့ ငါကိုယ်တော် ကတိပေးတယ်"

ထိုသုံးဦးမှာ တုန်တုန်ရင်ရင်ဖြင့်- "ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

ချောင်ချောင်နှင့် စကားအနည်းငယ် ထပ်မံပြောဆိုကာ ကျောင်းသားများကို အားပေးစကားပြောပြီးနောက် လင်းပိုင်ဖန်သည် လက်ခါကာ ထွက်ခွာသွားခဲ့သည်။

လမ်းခရီးတွင် ပိုင်ဇူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အရှင်မင်းကြီး၊ သူတို့ သုံးယောက်ကို ဘာလို့ လက်ခံလိုက်တာလဲ။ သူတို့ရဲ့ အထောက်အထားတွေက အရမ်းကို အထိခိုက်လွယ်ပြီး မဟာရှအတွက် ဒုက္ခတွေ အများကြီး သယ်ဆောင်လာနိုင်ပါတယ်"

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး-"တကယ်တော့ ဒါက ဒုက္ခတွေ အများကြီး သယ်လာမှာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ကောင်းကောင်း အသုံးချတတ်ရင် ဒါက ကြီးမားတဲ့ အကူအညီလည်း ဖြစ်နိုင်တယ်။ တခြားတစ်ဖက်ကနေ စဉ်းစားကြည့်ပါဦး၊ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ မဟုတ်လား"

"သူတို့က တဇွတ်ထိုးလုပ်ပြီး အမိန့်မနာခံမှာကိုပဲ ကျွန်မ စိုးရိမ်နေတာပါ"

"ဒါကြောင့်လည်း ငါကိုယ်တော်က သူတို့ကို ချောင်ချောင် လက်ထဲ ထည့်ပေးခဲ့တာပေါ့"

လင်းပိုင်ဖန်က ရယ်မောရင်း-"ချောင်ချောင်က လူတွေကို နားလည်ပြီး ကောင်းကောင်း အသုံးချတတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ ဘယ်လောက်ပဲ ကိုင်တွယ်ရခက်တဲ့ လူဖြစ်ဖြစ် သူ့လက်ထဲရောက်ရင်တော့ ငြိမ်သွားမှာပဲ"

"အရှင်မင်းကြီး၊ သူတို့ သင်တန်းဆင်းသွားရင် တကယ်ပဲ စစ်သူကြီး ခန့်မှာလား"

လင်းပိုင်ဖန်က ခေါင်းညိတ်ကာ-"ဒါပေါ့၊ ဧကရာဇ်တစ်ပါးရဲ့ စကားက တည်ရမယ်"

"ဒါပေမဲ့ သူတို့က အစဉ်အဆက် ပြစ်မှု ကျူးလွန်လာသူတွေလေ။ သူတို့သာ စစ်တပ်ကြီးကို အုပ်ချုပ်ခွင့်ရသွားရင် ပုန်ကန်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်လာမှာကို မကြောက်ဘူးလား"

လင်းပိုင်ဖန်က ရယ်မောကာ-"လုံးဝ မစိုးရိမ်ဘူး"

"အရှင်မင်းကြီး၊ ဘာလို့လဲ"

"အရင်က ပုန်ကန်ချင်တဲ့ ညီအစ်ကို နှစ်ယောက် ရှိခဲ့ဖူးတာပဲလေ၊ အခုတော့ သူတို့က အရိုးစုတွေပဲ ကျန်တော့တယ်"

လင်းပိုင်ဖန်က ယုံကြည်မှုအပြည့်ဖြင့် လက်မောင်းကို ဆန့်တန်းကာ ကြွေးကြော်လိုက်သည်။

"ဒါ ငါကိုယ်တော်ရဲ့ နိုင်ငံပဲ။ မဟာရှနိုင်ငံအတွင်းမှာ ရှိနေသရွေ့ ဘယ်သူပဲဖြစ်ဖြစ် ငါကိုယ်တော်ရဲ့ အာဏာစက်ကို နည်းနည်းလေးတောင်မှ လှုပ်ခါနိုင်မှာ မဟုတ်ဘူး"

ထို့နောက် အဝါရောင်ကောင်းကင်ဂိုဏ်းမှ စစ်သူကြီးသုံးဦးတို့သည် စစ်ပညာနှင့် စစ်ဗျူဟာများကို သင်ယူရန် စစ်တက္ကသိုလ်တွင် ခေတ္တနေထိုင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် မဟာရှက သူတို့ကို လက်ခံလိုက်သည့်သတင်းသည် တစ်ပြည်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

" မိုက်မဲလှတဲ့ ဧကရာဇ်က ရူးသွားပြီလား၊ အဲဒီလူသုံးယောက်ကို လက်ခံရဲသေးတယ်"

“သူတို့က အဝါရောင်ကောင်းကင် ဘေးဒုက္ခရဲ့ တရားခံတွေပဲ၊ ရှုပ်ထွေးမှုတွေရဲ့ ရင်းမြစ်ပဲ။ အဲ့ဒီ မိုက်မဲလှတဲ့ ဧကရာဇ်က သူတို့ကို လက်ခံထားလို့ သူ့ရဲ့ မဟာရှနိုင်ငံ ပရမ်းပတာ ဖြစ်သွားမှာကို မကြောက်ဘူးလား"

"တခြားဟာ ထားလိုက်ဦး၊ အိမ်နီးချင်းနိုင်ငံတွေက အဲဒီသုံးယောက်ကို လွှတ်ပေးမှာ မဟုတ်ဘူး။ အဲဒီ ဧကရာဇ်က တခြားနိုင်ငံတွေကို ရန်စမိမှာ မစိုးရိမ်ဘူးလား"

"ငါ အခု သူ့ကို နားမလည်နိုင်တော့ဘူး။ မဟာရှက အခုမှ အခြေအနေ ကောင်းနေတာကို ဘာလို့ အကြောင်းမရှိ ပြဿနာရှာနေတာလဲ"

" ငါ ထင်တာတော့ အဲဒီ ဧကရာဇ်က သူ့ရဲ့ မိုက်မဲတဲ့ အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီ ထင်တယ်"

"ငါလည်း အဲဒါကို အပြည့်အဝ ထောက်ခံတယ်"

လူတိုင်းက ထိုအကြောင်းကို တသီတတန်းကြီး ဆွေးနွေးနေကြသည်။ အိမ်နီးချင်းနိုင်ငံများသည်လည်း အလွန်အမင်း ဒေါသထွက်နေကြပြီး လင်းပိုင်ဖန်ထံသို့ ကန့်ကွက်လွှာများ ပေးပို့ကာ ထိုလူသုံးဦးကို အပ်နှံရန် တောင်းဆိုကြသည်။

ထိုတောင်းဆိုမှုကို လင်းပိုင်ဖန်က စကားတစ်ခွန်းတည်းဖြင့် တုံ့ပြန်ခဲ့သည်။

"ထွက်သွားစမ်း"

"မဟာရှဧကရာဇ်၊ မင်း အဲဒီသုံးယောက်ကို ခိုလှုံခွင့်ပေးတာက ကြီးမားတဲ့ တားမြစ်ချက်ကို ချိုးဖောက်လိုက်တာပဲ၊ ဒါဟာ လူထုရဲ့ ဒေါသကို ဆွပေးလိုက်တာပဲ။ ငါတို့နိုင်ငံတွေ စုပေါင်းပြီး မင်းကို တိုက်ခိုက်မှာကို မကြောက်ဘူးလား" ဟု သံတမန်တစ်ဦးက မောက်မာစွာ ပြောဆိုလိုက်သည်။

လင်းပိုင်ဖန်က အေးစက်စွာ ရယ်မောလျက်-"လာလေ၊ တိုက်ချင်ရင် လာတိုက်လိုက်၊ စကားတွေ အများကြီး ပြောမနေနဲ့"

နိုင်ငံအသီးသီးမှ သံတမန်များက အလွန်အမင်း ဒေါသထွက်သွားသော်လည်း ဘာမှ မတတ်နိုင်ခဲ့ကြပေ။ ယခုအခါ ၎င်းတို့၏ နိုင်ငံများသည် အဝါရောင်ကောင်းကင်ဂိုဏ်းကြောင့် ပျက်စီးခဲ့ရပြီး ပြန်လည် ထူထောင်ရေး ကာလဖြစ်နေသဖြင့် စစ်ပွဲကြီးတစ်ခုအတွက် အင်အား မစုစည်းနိုင်သေးပေ။ စစ်ပွဲကြီးတစ်ခု စတင်လိုက်သည်နှင့် အနိုင်အရှုံးကို ပဓာန မထားရင်တောင်မှ ၎င်းတို့၏ နိုင်ငံအင်အားမှာ အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။ ၎င်းတို့အနေဖြင့် လောင်းကြေး မထပ်ရဲကြပေ။

နောက်ဆုံးတွင် သူတို့သည် အရှက်တကွဲဖြင့် ပြန်သွားကြရသည်။ မဟာရွှယ်နိုင်ငံမှ သံတမန်တစ်ဦးသာ ပြန်မလာနိုင်ခဲ့ပေ၊ အကြောင်းမှာ သူသည် လင်းပိုင်ဖန်၏ ကွပ်မျက်ခြင်းကို ထပ်မံ ခံလိုက်ရသောကြောင့် ဖြစ်သည်။ ထိုသတင်းကို ကြားသောအခါ မဟာရွှယ်ဧကရာဇ်သည် အလွန်အမင်း ဒေါသထွက်သွားကာ လင်းပိုင်ဖန်၏ အသက်ကို ယူရန် မဟာရှသို့ စစ်ချီချင်စိတ်ပင် ပေါက်သွားခဲ့တော့သည်။

ထို့နောက် နိုင်ငံအားလုံးသည် ပြစ်ဒဏ်တစ်ခုအနေဖြင့် မဟာရှနိုင်ငံနှင့် သံတမန်ရေးရာနှင့် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

လင်းပိုင်ဖန်ကတော့ ဂရုမစိုက်ဘဲ -"ကြီးမြတ်တဲ့ မျိုးနွယ်စုတွေရဲ့ ပိတ်ဆို့မှုကိုတောင် ငါ ဂရုမစိုက်တာ၊ မင်းတို့ရဲ့ ပိတ်ဆို့မှုက ငါ့အတွက် ဘာထူးမှာလဲ"

နန်းတော်အတွင်း နေ့ရက်များ ကုန်လွန်သွားစေရင်း သူသည် အင်ပါယာ မြေပုံမှတစ်ဆင့် အဝါရောင်ကောင်းကင်ဂိုဏ်းမှ စစ်သူကြီးသုံးဦးကို စောင့်ကြည့်နေကာ စည်းကမ်းမဖောက်ဖျက်စေရန် ထိန်းကျောင်းနေသလို၊ မိမိနိုင်ငံ တဖြည်းဖြည်း အင်အားတောင့်တင်းလာသည်ကို ကြည့်ကာ ကျေနပ်နေမိသည်။

ထိုအချိန်တွင် ဟီရှန်းသည် ဝမ်းသာအားရဖြစ်နေသော မျက်နှာဖြင့် ပြေးဝင်လာသည်။

"အရှင်မင်းကြီး၊ ကျွန်တော့်မျိုးမှာ သတင်းကောင်းတစ်ခု ရှိပါတယ်"

"ဘာသတင်းကောင်းလဲ"

ဟီရှန်းက ကျယ်လောင်စွာဖြင့်-"အရှင်မင်းကြီးကို တင်ပြပါတယ်။ သုံးလကြာ မမောမပန်း ကြိုးစားခဲ့ပြီးနောက်မှာ အခု သင်္ဘောကျင်းကနေ သင်္ဘောကြီး အစီး ၂၀ တည်ဆောက်ပြီးစီးပါပြီ၊ မကြာခင်မှာ စမ်းသပ် ရေချတော့မှာ ဖြစ်ပါတယ်"

လင်းပိုင်ဖန်က တဟားဟား ရယ်မောလိုက်ကာ-"ဝန်ကြီး၊ ဒါ တကယ်ကို သတင်းကောင်းပဲ။ ချက်ချင်းပဲ သွားကြည့်ကြရအောင်"

" ကျွန်တော်မျိုး လမ်းပြပါ့မယ်"

တစ်နာရီခန့်အကြာတွင် လင်းပိုင်ဖန်သည် သင်္ဘောကျင်းသို့ ရောက်ရှိလာသည်။ ယခုအခါ လင်းပိုင်ဖန်၏ အဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သင်္ဘောကျင်းသည် သိသိသာသာ ဖွံ့ဖြိုးလာပြီး အလုပ်သမား ၂၀,၀၀၀ ကျော် ခန့်ထားကာ သင်္ဘောကြီး ၅၀ စီးကို တစ်ပြိုင်နက် တည်ဆောက်နိုင်ပြီဖြစ်သည်။ လက်ရှိတွင် သင်္ဘောအကြီး အစီး ၂၀ ကို တည်ဆောက်ပြီးစီးကာ ရေချရန်အတွက် ကွင်းပြင်တွင် စီတန်းထားသည်။

ထိုသင်္ဘောများသည် အလျား ပေ ၈၀၀ ခန့်၊ အနံ ပေ ၂၀၀ ခန့် နှင့် အမြင့် ပေ ၄၀၀ ခန့် ရှိသည်။ ခေတ်သစ် သံမဏိ သင်္ဘောများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ဤခေတ်ကာလတွင်မူ ၎င်းတို့မှာ အလွန်ကြီးမားသော အရွယ်အစားများ ဖြစ်ကြသည်။ ဤသင်္ဘောများကို အဓိကအားဖြင့် ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုမည်ဖြစ်သည်။

"ကောင်းတယ်၊ ဒီသင်္ဘောတွေက တကယ်ကို ကောင်းကောင်း တည်ဆောက်ထားတာပဲ၊ ကြီးလည်းကြီးတယ်၊ ခိုင်လည်းခိုင်တယ်။ ဘယ်တော့ ရေချမှာလဲ" လင်းပိုင်ဖန်က သင်္ဘောကိုယ်ထည်ကို ပုတ်ကာ ဝမ်းသာစွာ မေးလိုက်သည်။

"အရှင်မင်းကြီး၊ သင်္ဘောတွေက ပြီးပါပြီ၊ ဘယ်အချိန်မဆို ရေချလို့ ရပါတယ်။ ဒါပေမဲ့ ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးဖို့အတွက် မင်္ဂလာရှိတဲ့ နေ့ရက်တစ်ရက်ကို ရွေးပြီးမှ ရေချစေချင်ပါတယ်" ဟု ဟီရှန်းက ပြုံးလျက် ပြန်လန်ဖြေကြားလိုက်သည်။

လင်းပိုင်ဖန်က အသံ ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်- "အလွန်ကောင်းတယ်၊ နောက် သုံးရက်နေရင် မင်္ဂလာရှိတဲ့နေ့ ရောက်ပြီ။ အဲဒီကျရင် ရေချကြတာပေါ့။ အဲဒီအချိန်ကျရင် ငါကိုယ်တော်ကိုယ်တိုင် အခမ်းအနားကို ကြီးကြပ်ပြီး ငါတို့ မဟာရှရဲ့ ပင်လယ်ရေကြောင်း ခေတ်ကြီးကို ဖွင့်လှစ်ပေးမယ်"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

ဤသို့ဖြင့် လူတိုင်းသည် ရေချပွဲအခမ်းအနားအတွက် အပြင်းအထန် ပြင်ဆင်ကြတော့သည်။ သုံးရက်အကြာတွင် အခမ်းအနားကို တရားဝင် စတင်ခဲ့ပြီး လူအုပ်ကြီး စုရုံးလာကြသည်။ လင်းပိုင်ဖန်က အခမ်းအနားကို ဦးဆောင်ကျင်းပပေးခဲ့ပြီး မဟာရှနိုင်ငံမှ တည်ဆောက်ထားသော သင်္ဘောကြီးများ တစ်စီးပြီးတစ်စီး ပြည်သူများ၏ စုပေါင်းအားဖြင့် ရေထဲသို့ ဆင်းသက်ကာ မြစ်ပြင်ပေါ်တွင် တည်ငြိမ်စွာ မျောပါနေသည်ကို ကြည့်ရင်း လင်းပိုင်ဖန်သည် အလွန်ပင် ပျော်ရွှင်နေမိသည်။

ဤသင်္ဘော အစီး ၂၀ သည် မဟာရှအတွက် အစပြုမှုသာ ဖြစ်သော်လည်း ၎င်းသည် ကြီးမားသော အစပြုမှုတစ်ခု ဖြစ်သည်။ ယခုအခါ မဟာရှတွင် ကိုယ်ပိုင်သင်္ဘောအုပ်စု ရှိနေပြီဟု ပြောလို့ရသည်။

မဟာရှနိုင်ငံ၏ ကြီးကျယ်သော ရေကြောင်းခရီးစဉ် ခေတ်ကြီးက စတင်တော့မည် ဖြစ်သည်။

All Chapters