မြာပွေသူ ( ၁ )
Vol. 8 Ch. 102
ထိုအချိန်၌ ဆေးဆိုင်မှ ထွက်လာသော ရွှီချင်းသည် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးကို လျှောက်လာသည်။
လူဆိုးထိန်းဌာနကို အလုပ်နှင့်ပတ်သက်၍ သူ နေ့စဉ်တင်ပြရပြီး ရံဖန်ရံခါ ကင်းလှည့်ရပါသော်လည်း အမှန်စင်စစ် တာဝန်မရှိသောအချိန်များတွင် အများအားဖြင့် အားလပ်နေ၏။ ထို့ကြောင့် သူက ဆိပ်ကမ်းကိုပြန်ကာ ကျင့်ကြံရန် စီစဉ်ထားသည်။
သူက အကျင့်အတိုင်း လမ်းဘေးကို ကပ်၍ အမှောင်ရိပ်ခိုကာ တိတ်ဆိတ်စွာ ဆက်သွားနေသည်။
မုန်တိုင်းကြောင့် ကုန်တင်သင်္ဘောကြီးများနှင့် ဂိုဏ်းသားများ၏လှေကလေးများ ဆိပ်ကမ်းကို အချိန်မီ မဆိုက်ကပ်နိုင်ကြဘဲ ပင်လယ်ထဲ သောင်တင်နေသည်။
ယနေ့ မုန်တိုင်း ရပ်သွားပြီဖြစ်သည်။ မိုးရွာနေဆဲဖြစ်ပါသော်လည်း ဆိပ်ကမ်းကို လှေအမြောက်အမြား ဝင်လာနေ၏။
ရွှီချင်းက သူ၏ဆေးပညာအကြောင်းနှင့် ကျင့်ကြံခြင်းအကြောင်းကို တွေးတောရင်း လျှောက်နေသည်။
“ အဖြူရောင်ဆေးလုံးတစ်လုံးဖော်ဖို့ ဝိညာဉ်ကြေးပြားသုံးပြားကုန်ကျတယ်။ ဒါက အချိန်ကြာလာရင် အကျိုးအမြတ်အများကြီး ရနိုင်တဲ့ ရေရှည်စီးပွားရေးတစ်ခုပဲ ”
ရွှီချင်းက အဖြူရောင်ဆေးလုံးများကို ရောင်းချရာမှ ရလာသော ဝိညာဉ်ကျောက်တုံးများကို စမ်းကြည့်လိုက်သည်။
“ ကျင့်ကြံဖို့အတွက် အသုံးစရိတ်က ကြီးလွန်းတယ်။ ငါ့အရင်အမြန်နှုန်းကို ထိန်းထားချင်ရင် တစ်နေ့ကို ဝိညာဉ်ကျောက်တုံးတစ်တုံး လိုတယ်။ ပြီးတော့ လှေဆိုက်ကပ်ခလည်း ငါ ပေးရဦးမယ် ”
“ မှော်လှေကို ပြုပြင်စရိတ်ကတော့ အဲဒီထက်ပိုပြီးကုန်မယ် ”
ရွှီချင်း သက်ပြင်းချလိုက်ပြီး တစ်ဖက်လူ၏ စွမ်းဆောင်မှုရမှတ်များနှင့် ပစ္စည်းများကို သူ ရယူနိုင်ပါလျက် စောလျင်စွာ သတ်ပစ်ခဲ့မိသည်ကို တွေး၍ မချိတင်ကဲဖြစ်သွားရသည်။
တားမြစ်နယ်မြေထဲကို သွားရမလား၊ သို့မဟုတ် ရာဇဝတ်ကောင်များကို ပို၍ ဖမ်းရမလား သူ တွေးနေရသည်။ ထိုသို့မလုပ်ဘဲ ယခုအတိုင်း ဆက်သွားနေလျှင် သူ၏မှော်လှေကလေးကို သူ အဆင့်မြှင့်တင်နိုင်မည် မဟုတ်ပေ။
ပင်မမြို့ကြီးတစ်ခုလုံးတွင် ကုန်ပစ္စည်းတန်ကြေးက အလွန်မြင့်မားပါသော်လည်း ကျင့်ကြံခြင်းရင်းမြစ်များက ဈေးအကြီးဆုံး ဖြစ်နေဆဲပင်။ သာမန်လူများက ကုန်ပစ္စည်းများကို ဝယ်ယူခွင့်ရှိပါသော်လည်း ကျင့်ကြံခြင်းရင်းမြစ်များကို ဝယ်ယူခွင့်မရှိပေ။ ကျင့်ကြံခြင်းရင်းမြစ်များကို ဝယ်ယူခွင့်ရှိသော ဂိုဏ်းသားများသည်လည်း လက်လွတ်စပယ် မဝယ်နိုင်ကြပေ။
ချီရွှဲ့ထုံဂိုဏ်းသားများအတွက် တစ်ရက်ကို ဝိညာဉ်ကြေးပြားသုံးဆယ်ဆိုသော ပမာဏက မများပေ။ သူတို့ တစ်ယောက်နှင့်တစ်ယောက် အဓမ္မလုယက်ကာ သတ်ဖြတ်နေကြသည်မှာ ကျင့်ကြံခြင်းရင်းမြစ်များကြောင့် ဖြစ်သည်။
သူတို့အနေဖြင့် ကျင့်ကြံခြင်းရင်းမြစ်များ ရချင်ပါက တာဝန်များ လက်ခံ၍ ပြီးမြောက်အောင် ဆောင်ရွက်၍ ဖြစ်စေ၊ တခြားလူများကို ချောင်းမြောင်းလုပ်ကြံ၍ ဖြစ်စေ ဆောင်ရွက်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိပေ။
ဤကိစ္စနှင့်စပ်လျဉ်း၍ အဓိကဂိုဏ္းသားတံဆိပ်ပြားများရှိကြပြီး ဂိုဏ်းမှအကျိုးအမြတ်များကို မရရှိပါသော်လည်း တောင်ပေါ်တွင် နေထိုင်ခွင့်ရှိသော အဓိကဂိုဏ်းသားများသည်သာ များစွာ ကောင်းမွန်သော အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ခွင့်ရကြသည်။
ရွှီချင်းသည် ဤအချိန်လေးအတွင်း ချီရွှဲ့ထုံဂိုဏ်းအကြောင်းကို များစွာ ကြားသိခဲ့ရသည်။
တောင်ထိပ်အသီးသီးမှ ဝင်ခွင့်တံဆိပ်ပြားများနှင့် ဂိုဏ်းကို ဝင်ခဲ့ကြသော အဓိကဂိုဏ္းသားများအကြောင်းကိုလည်း သူ နားလည်ခဲ့ရသည်။
ဥပမာအနေဖြင့် သတ္တမမြောက်တောင်ထိပ်တွင် ခရမ်းရောင်ဝင်ခွင့်တံဆိပ်ပြားများ ရှိကြသည်။
ထိုဝင်ခွင့်တံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားသမျှ ဂိုဏ်းကို ဝင်ရောက်ပြီးနောက် တောင်ပေါ်တွင် နေထိုင်ခွင့်ရှိသည်။ ထိုအဓိကဂိုဏ္းသားများ၏ ဝတ်ရုံများက အရောင်ဖျော့ဖျော့ ဖြစ်ပြီး ယခင်က လမ်းပေါ်တွင် တွေ့ခဲ့သည့် ခရမ်းရောင်ဖျော့ဖျော့ ဝတ်ရုံဝတ်လူနှင့် ဆေးဆိုင်အဝတွင် တွေ့ခဲ့သော လိမ္မော်ရောင်ဝတ်ရုံဝတ် မိန်းကလေးတို့ကဲ့သို့ ဝတ်ရုံများ ဖြစ်သည်။
သူတို့က များသောအားဖြင့် တောင်ထိပ်အသီးသီး၏ အဓိကဂိုဏ္းသား ဖြစ်ကြသည်။ မည်သည့်ပစ္စည်းကိုမဆို သူတို့ ဝယ်ယူသည့်အခါ သာမန်ဂိုဏ်းသားများပေးရသည့်ဈေးထက် ငါးဆယ်ရာခိုင်နှုန်းလျော့၍ ဝယ်ယူနိုင်သည်။ သို့သော်လည်း သူတို့ကို ပစ္စည်းများ တစ်ဆင့် ရောင်းချခြင်းဖြင့် အကျိုးအမြတ်ရှာဖွေခြင်းကို ဂိုဏ်းမှ တားမြစ်ထားသည်။ ထိုသို့ရောင်းချသည်ကို တွေ့ရှိပါက သူတို့ပုံရိပ်များကိုလည်း ထိပါးလာမည်ဖြစ်၍ ထိုသို့အန္တရာယ်ကို ရင်းသည်မှာ ရှားသည်။
အဓိကဂိုဏ္းသားများနှင့် သာမန်ဂိုဏ္းသားများအကြား ကွာခြားချက်က တရားမမျှတပါသော်လည်း ယင်းသည် လူသားများ၏ ကံကြမ္မာဖြစ်သည်။ အနက်ရောင်တာအိုဝတ်ရုံများကိုတော့ အခြေတည်အဆင့်နှင့်အထက် ကျင့်ကြံသူများက ဝတ်ဆင်ကြသည်။ သူတို့က အဓိကဂိုဏ္းသားများထက် သာလွန်နေပြီဖြစ်ပြီး ချီရွှဲ့ထုံဂိုဏ်းမှ အကျိုးအမြတ်ကို ရယူပိုင်ဆိုင်ခွင့် ရှိလာပြီဖြစ်သည်။
“ ငါ တတ်နိုင်သလောက် မြန်မြန် ပိုက်ဆံရမယ့်နည်းကို စဉ်းစားရမယ် ”
ရွှီချင်း တီးတိုးရေရွတ်နေစဉ် အဝေးတစ်နေရာမှ ဆူဆူညံညံအသံများကြောင့် သူ၏အတွေးစများ ပြတ်သွားရသည်။
ထိုဆူဆူညံညံအသံကြားရာကို သူ လှမ်းကြည့်လိုက်ရာ မနီးမဝေးတစ်နေရာရှိ ဆိပ်ကမ်းပေါ်တွင် တစ်ခုခုကို စောင့်မျှော်နေကြဟန်ရှိသည့် ဂိုဏ်းသားများစွာကို မြင်လိုက်ရသည်။
ဆိပ်ကမ်းရှိ မှော်လှေများထဲမှ ဂိုဏ်းသားများသည်ပင် တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်လာကြသည်။
သူ၏နောက်မှလည်း တရွှီရွှီမြည်သံများ လွင့်ပျံလာပြီး အနိမ့်ဆုံး ဂိုဏ်းသားတစ်ရာကျော် အရပ်မျက်နှာအနှံ့မှ အလျင်အမြန် စုဝေးလာကြသည်။
သူတို့၏မျက်နှာများတွင် စိတ်အားထက်သန်ခြင်းများဖြင့် ပြည့်နှက်နေပြီး အဝေးရှိ ဆိပ်ကမ်းကို ကြည့်နေကြသည်။
ရွှီချင်း တအံ့တသြဖြစ်သွားရပြီး ဆိပ်ကမ်းကို လှမ်းကြည့်လိုက်သည်။ မကြာခင် မျက်စိတစ်ဆုံးတွင် သင်္ဘောကြီးတစ်စင်း တဖြည်းဖြည်း ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုသင်္ဘောကြီးက အနိမ့်ဆုံး ပေတစ်ထောင့်ခုနစ်ရာမှ တစ်ထောင့်ရှစ်ရာအထိ ရှည်လျားသည်။ ကိုယ်ထည်တစ်ခုလုံး ရွှေအစစ်ဖြစ်ပြီး အလွန် အဖိုးတန်သည်။ ဆည်းဆာနေရောင်ခြည်အောက်တွင် ခံ့ညားထည်ဝါသောအလင်းတန်းများ ပြိုးပြိုးပြက်ပြက်ဝင်းလက်နေသည်။
သင်္ဘောထိပ်ဦး၌ လူသားမျက်နှာနှင့် ဧရာမပင့်ကူရုပ်တုကြီး ရှိသည်။
လူသားမျက်နှာ၌ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော မျက်လုံးတစ်လုံးသာ ရှိပြီး ၎င်းက အလွန် ထည်ဝါသည်။
အဝေးမှကြည့်ပါက သင်္ဘောကြီးသည် ပင်လယ်ပြင်ကို ဖြတ်ကူးနေသော ဧရာမသတ္တဝါကြီးတစ်ကောင်နှင့် ဆင်တူသည်။
သင်္ဘောကြီးပေါ်၌ လွန်စွာ အဖိုးတန်သော ခန်းဆောင်တစ်ဆောင်ပင် ရှိသည်။ ဖောင်းကြွရုပ်ပုံများ ထွင်းထုထားသော လှေကားထစ်များကြားတွင် အစောင့်အကြပ်များစွာကို မြင်နိုင်သည်။
ထိုအချိန်၌ သင်္ဘောကြီး တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အော်ဟစ်သံများ ဟိန်းခနဲ ထွက်လာသည်။
“ မင်းသားသုံး ”
“ မင်းသားသုံး ပြန်ရောက်ပြီဟေ့ ”
လူအုပ်ကြီး ချက်ချင်း ဆူဆူညံညံဖြစ်သွားသည်။
“ မင်းသားသုံးလား ”
ရွှီချင်းက ဆိပ်ကမ်းကို တဖြည်းဖြည်း ဆိုက်ကပ်လာသော အဖိုးတန်သင်္ဘောကြီးကို သတိကြီးကြီးထား၍ ကြည့်လိုက်သည်။ သင်္ဘောကြီး နီးကပ်လာသည်နှင့်အမျှ ငါးညှီနံ့များ ဘေးပတ်ဝန်းကျင်ကို ရိုက်ခတ်လာသည်။
သင်္ဘောမှ လူ၏စိတ်ကို တုန်ရီသွားစေနိုင်သည့် ပြင်းထန်သော ဖိအားတစ်ရပ် လွင့်ပျံလာသည်။
၎င်းကို ရွှီချင်း ခံစားမိပြီးနောက် မျက်လုံးများ မှေးသွားသည်။
ထိုဖိအား၏ပြင်းအားက သူ့ကို အန္တရာယ်အငွေ့အသက်များ ပေးနေသည်။ ၎င်းက တားမြစ်နယ်မြေတောနက်ကြီးထဲတွင် ကြောက်မက်ဖွယ်သတ္တဝါကြီးများကို သူ ကြုံတွေ့ခဲ့ရစဉ်အချိန်ကနှင့် ဆင်တူသည်။
အထူးသဖြင့် ထိုသင်္ဘောကြီး နီးကပ်လာသည့်အခါ သူ ပို၍ ခံစားလာရသည်။ ထိုအဖိုးတန်သင်္ဘောကြီးပေါ်၌ ခန်းဆောင်နှင့် အစောင့်အကြပ်များအပြင် အေးစက်စက်ဝင်းလက်နေသော ဆူးချွန်အမြောက်အမြားလည်း ရှိသည်။
ဆူးချွန်တစ်ချောင်းစီက ဆယ်ပေကျော် ရှည်လျားပြီး ကမ္ပည်းစာများ ရှုပ်ယှက်ခတ်စွာ ထွင်းထားလေရာ ကြောက်မက်တုန်လှုပ်ဖွယ်ကောင်းကြောင်း လှစ်ဟပြနေတော့သည်။
ထိုသင်္ဘောကြီးက ပြီးခဲ့သည့် ရက်များအတွင်း ရွှီချင်း မြင်ခဲ့ရသည့် သင်္ဘောများအနက် ကြောက်စရာအကောင်းဆုံး သင်္ဘောကြီးဖြစ်သည်။
ထိုသင်္ဘောကြီးတစ်ခုတည်းသည်ပင် ရွှီချင်းကို တုန်လှုပ်ချောက်ချားသွားစေနိုင်ပြီး ယင်းအတွက်ကြောင့် သတ္တမမြောက်တောင်ထိပ်၏ မှော်လှေများနှင့် ပတ်သက်၍ သူ နက်နက်ရှိုင်းရှိုင်း နားလည်လာရသည်။ သူ တုန်ရီနေစဉ် ဘေးပတ်ဝန်းကျင်မှ ရိုသေလေးစားသောအသံများ ဟိန်းထွက်လာသည်။ သင်္ဘာကြီးပေါ်ရှိ အဆောင်ထဲမှ လူအမြောက်အမြား အပြင်ထွက်လာကြသည်ကို သူ မြင်လိုက်ရသည်။
ထိပ်ဆုံးမှ ဦးဆောင်လာသူသည် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ဖြစ်သည်။
သူ ဝတ်ထားသည့် ခရမ်းရောင်ဝတ်ရုံက ယခင်က ရွှီချင်း မြင်ခဲ့ဖူးသည့် ခရမ်းရောင်ရင့်ရင့်ဝတ်ရုံမဟုတ်ဘဲ နက်မှောင်နေသည့် ခရမ်းရောင်ဝတ်ရုံဖြစ်သည်။
ထိုလူငယ်လေး ဝတ်ထားသည့် နက်မှောင်ပြီး သန့်စင်သော ခရမ်းရောင်ဝတ်ရုံကို သူ မြင်သောအခါ ထိုလူ၏အဆင့်အတန်းကို ခန့်မှန်းမိသွားပြီး ရွှီချင်း တည်ကြည်လေးနက်သွားသည်။ ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့်ကို ရောက်နေမည်မှာ သေချာလှသည်။